ဒဂုန်ခင်ခင်လေး၏ နိဒါန်းအမှာ
စာရေးသူမှာ အကျင့်ဆိုးတစ်ခု ရှိခဲ့ပါသည်။
ယင်းအကျင့်ဆိုးသည် စာရေးသူ စာ စ၍ရေးသော အသက်ဆယ့်သုံးနှစ် (၁၉၁၆ ခုနှစ်)က စ၍ ၁၉၃၄ ခုနှစ် အထိ မစွဲကပ်မဖြစ်ပေါ်ခဲ့သေးပါ။ ၁၉၃၅ ခုနှစ်လောက်မှ စပြီး ထိုအကျင့်ဆိုး ဖြစ်ပေါ်စွဲကပ်လာခဲ့ပါသည်။ အဲဒါ ယနေ့အထိပါပဲဟု ဝန်ခံရမည်ဖြစ်ပါသည်။
၎င်း အကျင့်ဆိုး ကို ဖွင့်ဟဝန်ခံရလျှင် ဤသို့ပါတည်း။
စာရေးသူသည် မိမိရေးသော စာမူကို အစအဆုံး အပြီးအစီး တစ်ခါတည်း ရေးသားပြီးမှ စာအုပ်ရိုက်ဖို့ စာစီဖို့ ပေးအပ်ခြင်း အလေ့အထ မရှိဘဲ ရေးပေးရင်း၊ စာစီရင်းနှင့်သာ ရေးလိုသော စာမူက ရေး၍ ပြီးဆုံးခဲ့ရခြင်း ဖြစ်ပါသည်။
ဤအကျင့်ဆိုး စလာပုံက ဤသို့ဖြစ်ပါသည်။
၁၉၃၅ ခုနှစ် နှစ်ဦး ဆီ လောက်က စ၍ ဒဂုန်မဂ္ဂဇင်းတွင် ” စာဆိုတော် ” အခန်းဆက် ဝတ္ထုရှည်ကြီး ကို ရေး ပေးပါသည်။
သည်တုန်းက စာမူကို အစအဆုံး ရေး မထားဘဲ မဂ္ဂဇင်းတစ်လစာ တစ်လစာသာ တစ်လတစ်ခါ ရေးပို့ပေး လိုက် ပါသည်။ ၎င်းပြင် ရိုးရိုးမဂ္ဂဇင်းဝတ္ထုက တစ်လ တစ်ပုဒ်နှင့် ” မှော်ဆရာ မှတ်တမ်း ” (ကိုကိုလေး) ဝတ္ထု ကတစ်လ တစ်ပုဒ်ကျကိုတော့ မဂ္ဂဇင်းဝတ္ထုများဖြစ်၍ တစ်ပုဒ်နှင့် အစ အဆုံး မရေးလို့က မဖြစ်သော ကြောင့် အစအဆုံး ရေးရပြီး “စာဆိုတော်” ဝတ္ထုရှည်ကြီးကိုတော့ အစအဆုံး ရေးထားရန် အပျင်းထူ ခဲ့ခြင်းဖြစ်ပါ သည်။
နောက် ၁၉၃၉ ခုနှစ်က စပြီး ရန်ကုန်မြို့ ၄၇ လမ်းတွင် ကိုယ်တိုင် ပုံနှိပ်တိုက်နှင့် စာအုပ်တိုက် ဖွင့်လှစ်၍ လုံးချင်း ဝတ္ထုများ ရေးသားပြီး တစ်လ နှစ်ပုဒ်ကျ ရိုက်နှိပ်ဖြန့်ချိ ထုတ်ဝေလာရာမှာတော့ အဲဒီအကျင့်ဆိုးက ပိုလို့ လွှမ်းမိုးခံခဲ့ရပြန်ပါသည်။
ထိုစဉ်က စာရေးသူ လုံးချင်းဝတ္ထုများ ရေးသားရာ၌ စာစီဆရာများ အနီးရှီ အလုပ်စားပွဲမှာ ထိုင်ပြီးလျှင် ရေး၍ပြီးသမျှ တစ်ရွက်ချင်း၊ တစ်ရွက်ချင်း ချပေးသည်။ စာစီဆရာများက အသင့်ယူ၍ စီရပါသည်။ စာတစ် ရွက်စီပြီးလျှင် နောက်စာတစ်ရွက်က ရေးပြီး အဆင့်သင့် ချပေးနိုင်၍ စာစီသူတို့က မစောင့်ရပါ။ ဤနည်းနှင့် တစ်နေ့လျှင် စာတစ်ဖောင် စာသာ ရေးပေးပါသည်။ ဒီလိုနှင့်ပဲ ၁၅ ရက်ရှိလျှင် ၁၅ ဖောင်ရှိ လုံးချင်းဝတ္ထု တစ်ပုဒ်ကို ရိုက်ပြီးခဲ့ရသည်။ တစ်လ နှစ်ပုဒ် ဆိုတော့ နားရက်မရှိပါ။
ထိုခေတ်ကား စစ်ကြိုခေတ်ဖြစ်၍ ပုံနှိပ်စက္ကူ တစ်ထုပ်လျှင် သုံးကျပ်လောက်သာ တန်ဖိုးရှိသည်။ ၁၅ ဖောင် ဝတ္ထုတစ်အုပ်၏ တန်ဖိုးမှာ ရှစ်ပဲ (သို့မဟုတ်) ဆယ့်နှစ်ပဲ ပဲ ရှိသည်။ ဒါတောင် အများစုကတော့ လေးပဲတန် ဝတ္ထုများသာ ထုတ်ဝေခြင်းက များပါသည်။
စာရေးသူသည် စာရေစးရာတွင် သည်နည်းသည်ဟန်နျင့် အကျင့်တန်လာခဲ့သော နှစ်ပရိစ္ဆေဒကလည်း မနည်းတော့ပါချေ။ ဤပုံစံနှင့်ပင် ရေးလာခဲ့သည်မှာ ၁၉၅၀ ခု၌ ” စာဆိုတော် ” တတိယတွဲ ဇာတ်သိမ်းပိုင်း၊ ၁၉၅၃ ခုနှစ်က ကမ္ဘာလှည့် ဆောင်းပါးရှည်ကြီးများ (ပ၊ ဒု၊ တ၊ စ တွဲအထိ) ရေးခဲ့ပြန်ပါသည်။
၁၉၅၅ လောက်မှာ ပြည်တွင်း ဆောင်းပါးရှည် ပ၊ ဒု၊ တ တွဲအထိ ရှည်ရှည်လျားလျား ရေးပြီးခဲ့ပါသည်။
၁၉၆၀ ခုနှစ်မှာတော့ “နှစ်ပေါင်း ၆၀” အတ္ထုပ္ပတ္တိကို ယုဝတီနေ့စဉ်သတင်းစာမှာ တစ်နှစ်တိတိ တစ်နေ့စာ တစ်နေ့စာ ရေးပေးသောနှုန်းနှင့်သာ ရေးလာခဲ့ပြန်တာပါပဲ။ ယခုလည်း ယုဝတီ ဂျာနယ်အတွက် ဤ “ကျွန်း ဦးတည့် သန်လျက်ခုံ” ဆောင်းပါးရှည်ကြီးကို ဤနည်း ဤဟန် ဤပုံစံအတိုင်း ၁၅ ရက်လျှင် တစ်ကြိမ်ကျ တစ်ကြိမ် ကျသာ ရေးပေးလာခဲ့သည်မှာ ခုဆို ၄ နှစ် ရှိလာခဲ့ပြီ။ ယခု ဒါတွေကို စုပေါင်းပြီးတော့ စာဖတ် ပရိ သတ် တို့၏ တောင်းဆိုချက်အရ စုပေါင်းရိုက်နှိပ်ဖြန့်ချိရခြင်းဖြစ်ပါသည်။
ဤ ကျွန်းဦးတည့် သန်လျက်ခုံ ဆောင်းပါးရှည်ကြီးကို ပထမတွဲနှင့် အဆုံးသတ်ထားပြီးလျှင် မင်းတုန်းမင်း တရားကြီး ရတနာပုံမြို့သစ် တည်သည်က စ၍ သီပေါမင်း လက်ထက် ထီးနန်းပျက်ပြီး အင်္ဂလိပ်နယ်ချဲ့ အစိုးရ လက်အောက် ကျရောက်ကာ လူမျိုးခြားအစိုးရ ဖဝါးအောက်တွင် ငြိုငြင်ဆင်းရဲစွာ နေထိုင်ကြ ရသော လူတန်းစား အသီးသီးတို့အား အပိုင်းအခြားပြုလျက် ” ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး” ဟူသော ဆောင်းပါးရှည် တစ်ခုကို ဆက်လက်ပြုစု တင်ပြဦးမည်ဟု ရည်သန်လျက်ရှိပါသည်။
၎င်း “ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး”တွင်မူ နောက်နောင်တုန်းက ရေးပါ့မယ်လို့ ကတိပေးပြီး ကြွေးတင် နေခဲ့သေးတဲ့ “ပင်းခင်ခင်”ကိုလည်း အဲဒီအထဲ ထိုးထည့်လိုက်ရန် ရည်ရွယ်ထားပါသည်။
ဤ အမှာစာ ကို ရေးနေချိန်မှာ စာရေးသူ၏ အသက်က ၆၉နှစ် ရှိနေပါပြီ။ နောက်ထပ်ပြီး ကျန်းကျန်း မာမာနှင့် အသက်ရှည်နေသေးလျှင်တော့ ရေးရန် ရည်ရွယ်ရိုးရင်း ရှိရာသော ထို “ရတနာပုံ၏ နိဒါန်း နှင့် နိဂုံး” ဆိုတဲ့ သမိုင်းတင် ဆောင်းပါးရှည်တစ်ခုကို စာရေးသူ၏ မူပိုင် အကျင့်ဆိုး ရေးနည်း စနစ်အတိုင်း ထပ်မံ၍ ရေးသား ပြုစုပါဦးအံ့သတေး။
ဒဂုန်ခင်ခင်လေး
၂၅-၈-၇၂