ကျွန်းဦးတည့်သံလျှက်ခုံ

ပုပ္ပားနှင့်ဖူဂျီယာမ အလှ

ဆည်ကြီးတစ်ခုလုံး ရေများ ပြည့်နေသောအခါ ရေပြာစိမ်းလဲ့လဲ့နှင့် တစ်ဘက်မှ ညို့ညို့မှိုင်းမှိုင်း ပုပ္ပားတောင် စုန့်စုန့်ကြီးက ကြည်ပြာရောင် ကောင်းကင်သားကို နောက်ခံထား၍ တွေ့လိုက်ရသော ကြောင့် ရုတ်တရက်သော် ဂျပန်ပြည်က ဖူဂျီယာမတောင်ကြီးအား ဘွားခနဲသွား၍ သတိရစေပါသည်။

ကမ္ဘာပေါ်တွင် နာမည်ကျော် အလှအပ ရှုခင်းကြီးတစ်ခု ဖြစ်သော ဂျပန်ပြည်မှ ဖူဂျီယာမတောင်ကြီးနှင့် ဟာကူနီ ရေအိုင်ကြီး ကို စာရေးသူ ကမ္ဘာလှည့်သွားစဉ်တုန်းက ဂျပန်ပြည်ရောက်၍ သွားရောက် ကြည့် ခဲ့ရပါ သည်။

ဖူဂျီယာမတောင်ကြီး၏ ပုံသဏ္ဍာန်သည် မီးတောင်ဟောင်းဖြစ်၍ စုန့်စုန့်ပုံ့ပုံ့ကြီးနေသလို စာရေးသူတို့ မြန်မာ ပြည်က ပုပ္ပားတောင်ကြီးမှာလည်း ရှေးက မီးတောင် ဖြစ်ခဲ့ဖူး၍ စုန့်စုန့်ပုံ့ပုံ့ကြီး ရှိနေပါသည်။ ပုံသဏ္ဍာန် ချင်း တူသော်လည်း အမြင်ပမာဏကတော့ ဖူဂျီယာမက ပုပ္ပားတောင်ထက် ငါးဆလောက် ကြီး သလို၊ ဟာကူနီ အိုင်ကြီစးကလည်း ကြက်မောက်တောင် ဆည်ကြီးထက် ဆယ်ဆလောက် ကြီးပါ လိမ့်မည်။ ဖူဂျီယာမ တောင်ခြေရှိ အပျော်စီးနှင့် ခရီးသည်စီး ကူးတို့သင်္ဘောများ ခုတ်မောင်းနိုင်သော ဟာကူနီ အိုင်ကြီးမှာ သယံ ဇာတ ကမ္ဘာ့သဘာဝအတိုင်း သူ့ဘာသာ ဖြစ်နေသော်လည်း ပုပ္ပားတောင်ခြေ က ကြက်မောက်တောင်ဆည် အိုင်ကြီးမှာတော့ ငွေသိန်းပေါင်း ၃၅၀ အကုန်ခံပြီး လူတို့ လုပ်အားဖြင့် ဖန်ဆင်း ထားသော အိုင်ကြီးဖြစ်၍ ဂုဏ်ယူရန် ကောင်းပါလိမ့်မည်။

ယင်းသို့လျှင် ဂျပန်၏ ဖူဂျီယာမနှင့် ဟာကူနီရေအိုင် ရှုခင်းမျိုးဖြစ်သော ပုပ္ပားတောင်ကြီးနှင့် ကြက်မောက် တောင်ဆည် အိုင်ကြီး၏ ရှုခင်းအား ရှုမ၀ အားမရ မျက်စိ အရသာခံ၍ ကြည့်ရှုကြရသည်။ တောင်သူလယ် သမား တို့ အကျိုးစီးပွား ရေသွားမြောင်းများ အသွယ်သွယ်နှင့် ဆည်ရေသောက် လယ်ကွင်း ယာခင်း များသို့ ရေပို့ ရေေ၀ ကိစ္စတို့ကိုလည်း ရှင်းလင်း ပြောပြကြသောကြောင့် တောင်သူလယ်သမားတို့အတွက် အားတက် ဝမ်းသာ ဖွယ်ရာ သတင်းများ ကြားသိကြရပါသည်။

ပုပ္ပား တောင်စောင်း အဘက်ဘက်မှ သွယ်ဖြာ စီးကျသော ချောင်းရေများ အဟောသိကံ ဖြစ်ခဲ့လေသမျှ ယခုခေတ် ရောက်မှ အသုံးချတတ်ကြတော့သည်။

ပုပ္ပားတောင်မှ အရင်းခံ စီး၍ကျသမျှ နာမည်ကြီး ချောင်းကြီးများဖြစ်သော ပင်းချောင်း၊ ယင်းချောင်း၊ ဆင်ထဲဝချောင်း၊ ရန်ပယ်ချောင်း၊ ဒေါင်းနေချောင်း၊ ဝဲလောင်ချောင်း စသော မရေမတွက်နိုင်အောင် များပြား လှသော ချောင်းရေများကိုလည်း ဤကျောက်ပုံချောင်းကြီးမှ ကြက်မောက်တောင် ဆည်အိုင်ကြီး ဖြစ်လာရ သလို အလျှိုလျှိုဆည်အိုင်ကြီးတွေ ပေါ်လာကြဦးမည်ဆိုလျှင် မိုးခေါင်ရေရှားအရပ်မှ ဆင်းရဲသော တောင်သူလယ်သမားတို့ လောကနိဗ္ဗာန်သို့ အရှင်လတ်လတ် ရောက်သွားသလို ရှိကြပေမည် ဟု တွေးမိ လေသည်။

ပုပ္ပားတောင်သည် အရပ်လေးမျက်နှာမှနေ ကြည့်လျှင် ပုံသဏ္ဍာန်လေးမျိုးမြင်ရပေသည်။ တောင်ဘက်မှ နေကြည့် လဆင် ပုံ့ပုံ့ကြီး ခြေရင်း၌ တောင်ကလပ်စူစူနှင့် လျှောတောတောင် ခုံးခုံးကလေး တွယ်နေသည်ကို တွေ့ရ၍ အရှေ့ဘက်မှ ကြည့်သော်လည်းကောင်း၊ အနောက်ဘက်မှကြည့်သော် လည်းကောင်း မီးတောင် ဟောင်းပုံစံ မို့မို့စုန့်စုန့်ကြီး၏ တစ်ဘက်တစ်ချက်၌ တောင်ခြေ တောင်လက်များ ဖြာဆင်း ကျနေသည်ကို တစ်ပုံစီတွေ့ရပေမည်။ မြောက်ဘက်မှနေ ကြည့်ခဲ့သော်ကား တစ်မူ ခြားနေပါသည်။ မီးတောင် ပေါက်ကွဲ ထွက်မှု၏ ပြင်းထန်သော ဒဏ်ရာ ဒဏ်ချက်အတိုင်း တောင်ကြီး သုံးပိုင်းတစ်ပိုင်း နှစ်စိတ်နှစ်မြွာ အက်ကွဲထွက်ခြင်းကြောင့် ဟက်တက်နှစ်ခြမ်းကွဲပုံ ပုံစံကြီးအတိုင်း တွေ့မြင် ရပါမည်။

အလယ်တောင်ခေါင်း အတွင်းပိုင်းမှ ချော်ရည်ချော်မြှုပ်တို့ ပွင့်အန်ယိုစီးကျထားသော ပုံသဏ္ဍာန်အတိုင်း ဆိတ်ထိန်း အရပ်အထိ၊ မြေမို့မို့ လွင်လွင်ရှိ၍ တွန်းကန်ပွင့်ထွက် လွင့်စဉ်လာသော ကျောက်တုံး ကျောက်ခဲစကြီးများကလည်း ဖွာလန်ကြဲဆုတ် ကြဲပစ်ခတ်ထားသည့်အလား ပုပ္ပားမြောက်ဘက် တောင် စောင်းတစ်ခုလုံးမှာ နေရာအနှံ့အပြား တွေ့မြင်နေရပါသေးသည်။ ထို့ကြောင့် ပုပ္ပားတောင်ခြေ မြောက်ဘက် တစ်ဝိုက်မှာ မြေသြဇာ ပိုမို ခြောက်သွေ့ ညံ့ဖျင်းသဖြင့် ပြောင်းခင်း၊ လူးခင်းနှင့် ဝါခင်း လောက်သာ စိုက်ပျိုး၍ ရပါသည်။ ရေ ဆိုသည်မျာလည်း တောင်မကြီးကဲ့သို့ စမ်းရေ စိမ့်ရေ အလျှင်း မရှိသောကြောင့် ရေပို၍ ရျား ပါးပါသည်။ သည်တော့ တောင်ကွဲကြီး နှစ်ခုကြားမှ မိုးရေခံ တောင်ပေါ် ဆည်ကြီးများ ပေါ်လာအောင် ဖန် ဆင်းပေးနိုင်ကြဦးမည်ဆိုပါက အတိုင်းထက်အလွန် တံခွန်နှင့်ဘုရား ဆိုသလို တောင်ပေါ်မှာ ငါးမျှားပြီး လှေ များစီးနိုင်ကြပေဦးမည်။

နောက်တစ်နေ့ မနက်ပိုင်းမှာတော့ ကျောက်ပန်းတောင်းမှ ခရီးဆက်လက် ထွက်ခဲ့ကြပါသည်။ သွားရမည့် အစီအစဉ်မှာ ကျောက်ပန်းတောင်းမှနေ၍ ပုပ္ပားတောင်မကြီးပေါ် ဖြတ်ပြီး တောင်သာမြို့သို့လည်းကောင်း၊ တောင်သာလမ်းဆုံမှနေပြီး မြင်းခြံမြို့ဘက်သို့ ခွဲထွက်သော လမ်းအတိုင်း လိုက်သွားရန်၊ မြင်းခြံ နွားထိုးကြီး ထိုမှ တစ်ဆင့် မြစ်သား ရေဝန်းလမ်းဆုံတွင် ရန်ကုန်-မန္တလေး ကားလမ်းကြီးနှင့် သွားဆုံမိ သောအခါမှ မန္တ လေးဘက်သို့ ဆက်လက်သွားရန်ဖြစ်ပါသည်။

ကျောက်ပန်းတောင်းမှ ထွက်လာပြီး ပုပ္ပားတောင်မကြီးပေါ်သို့ မတက်ရသေးမီ ဆယ်ပေါက်ရွာသို့ အရင်ရောက်ပြီး ဆယ်ပေါက်ချောင်းကြီးရှိ သဲပြင်ကို ကျော်ဖြတ်လိုက်လျှင် ပုပ္ပားတောင် ရောက်ရန် တောင်စဉ် တောင်တန်း အမြင့်ပိုင်းသို့ တက်သွားရပါမည်။ သို့သော် ဆယ်ပေါက်စခန်းမှာ ဝင်ကြည့်စရာ နာမည်ကျော် စပျစ်ခြံကြီးက ရှိနေပါသည်။ ပြီးတော့ ဆယ်ပေါက်ရွာ ပတ်ဝန်းကျင်တစ်ဝိုက်ရှိ တောင်သူ လယ်သမား အလုပ်သမာ်းတို့၏ အိမ်သူဇနီးများအတွက် သားဖွားဆရာမ ဒေါ်သိန်းသိန်းအိမ်ရှိ အစိုးရ သားဖွား နှင့် ဆေးပေးရုံကိုလည်း ခေတ္တဝင်ရောက် နှုတ်ခွန်းဆက်ရပေဦးမည်။ သားဖွားဆရာမ ဒေါ်သိန်းသိန်း သည်ကား အခြားသူ မဟုတ်ပေ။

ယခင် ၁၉၅၀ ခုနှစ်ဆီက အမျိုးသမီးကလောင်အဖွဲ့ ပြဇာတ် (ပန်သစ္စာ)တွင် မင်းသား မောင်နန္ဒာ အဖြစ် ပါဝင်ကပြခဲ့သော ကလောင်ရှင် ” ရဝေသိန်း”ဖြစ်ပါသည်။ သူ့ကို (ခုနစ်ရာ့ခြောက်ဆယ်သိန်း)လို့လည်း ခေါ်ကြပါသည်။ သူသည် ယခုအခါ စာရေးဖို့ထက် တောလက်ကျေးရွာများရှိ ကိုယ်ဝန်ဆောင်များကို အကျိုးပြု လက်တွေ့လုပ်ငန်းတွင် အပင်ပန်းခံပြီး အကောင်အထည်ဖော်နေသူဖြစ်ပါသည်။ သူကိုယ်တိုင် ကလည်း သားကောင်းများ မိခင်တည်း။ ကျန်းမာသန်စွမ်းသော သူပိုင်ကလေး ရှစ်ယောက်တိတိ ရှိနေ သူပင်။

သိန်းသိန်း (ရဝေသိန်း)ထံမှ ထွက်ခဲ့ပြီး၊ ဆေးရုံဝင်း မျက်နှာချင်းဆိုင် လမ်းတစ်ဘက် မျက်စောင်းထိုး လောက်တွင် စပျစ်ခြံ တံခါးပေါက်သို့ ရောက်ခဲ့ကြသည်။ ကျယ်ဝန်းသော စပျစ်ခြံကြီးအတွင်း စနစ်တကျ စိုက်ပျိုး ထားသော စပျစ်ပင်များ၊ ကျွဲကောပင်များနှင့် ယိုးဒယား ဆီးချိုပင်များကိုလည်း မျှော်မဆုံး အားရစရာ တွေ့မြင်နေရပါ၏။ စပျစ်ပင်များမှာလည်း မျိုးကောင်းမျိုးသန့် အချိုမျိုး ရွှေဝါ၊ အညို၊ အနီမှ စပြီး စပျစ်ရည်ကျိုရမည့် အချဉ်မျိုးများပါ လှပစွာ အပြွတ် အခိုင်တွေ တွဲလောင်းကျ သီးမှည့်နေကြ သည်။ စပျစ်ခြံ အုပ်ချုပ်ကြီးကြပ်သူများထံမှ အချိုမျိုးဖြစ်သော ရွှေဝါနှင့် အညိုရောင် စပျစ်သီးများ တစ်မျိုး တစ်ပိဿာ စီ လမ်းတစ်လျှောက် စားသွားရန် ဝယ်ယူလာခဲ့ကြပါသည်။

ယခင်တုန်းကဖြင့် စပျစ်သီးဆိုသည်မှာ မြန်မာပြည်က ထွက်စကောင်းသော သစ်သီးမျိုး မဟုတ်သကဲ့သို့ နိုင်ငံခြားမှ တင်သွင်းဝယ်ယူစားသုံးခဲ့ကြရသည်။ ယခုတော့ ကိုယ့်နိုင်ငံထွက် သစ်သီးတစ်မျိုးအနေနှင့် မြိန်ရေရှက်ရေ စားသုံးနိုင်ကြလေပြီး။ ဤစပျစ်ခြံကြီးအတွင်း များပြားလှသော စပျစ်ခိုင် ပြွတ်ပြွတ် ခဲခဲ တွေကို လှည့်ပတ်ကြည့်ရှုနေစဉ်မှာပင် ဘဝမြင့် စိတ်ကြီးဝင်ချင်သလိုလို ရှိခဲ့ကြသည်။ ဂျာမနီပြည် ရိုင်းမြစ်ရိုးဝဲယာ တစ်လျှောက်မှ တောင်တန်းကြီးများပေါ်တွင် တစ်မျှော်တစ်ခေါ် စိုက်ပျိုးထားသော စပျစ် တောင်ရိုးကြီး ပေါ် ရောက်နေသလိုလို၊ ကာလီ ဖိုးနီးယားနယ်က ကြီးကျယ်လှသော စပျစ်တော ဥယျာဉ်ကြီး အတွင်း ရောက်လာသလိုလိုနှင့် နောက်မှ ဒါ … ငါတို့မြန်မာပြည် ဆယ်ပေါက်ရွာက စပျစ်ခြံ ပါကလား ဟု သတိရပါ တော့သည်။