ကျွန်းဦးတည့်သံလျှက်ခုံ

ပုပ္ပားတောင်ကလပ်ဝယ်

သို့နှင့်ဆယ်ပေါက်ချောင်းကို ဖြတ်ကာ ပုပ္ပားတောင်ပေါ်သို့ ကားကလေးတရိပ်ရိပ် တက်ခဲ့ပါသည်။ တပ်မတော် ၏ စစ်စခန်းကို ကျော်မိလျှင် တောင်ကလပ်သို့တက်သော လမ်းဆုံသို့ ရောက်ခဲ့ရာ၊ လွန်ခဲ့သော ၁၉၅၄ ခုနှစ်လောက်က စာရေးသူတို့နှင့် ကုသိုလ်ရှင်တစ်စု လမ်းဖောက်လုပ် လှူဒါန်း ခဲ့ရသည် ကို သတိရမိ ပါသည်။ ယခုတော့ တောင်ကလပ်သို့ သွားရာ လမ်းတစ်ခု ပုပ္ပားမြို့မှ တောင်ကလပ် အထိ တစ်ဘက်က လမ်းတစ်သွယ် တိုးတက်နေသည်။

ထိုမျှမက တောင်ကလပ်အနီးတွင် ဦးကုမာရ (ဦးဂျော်နီ) ကျောင်းတိုက်နှင့် ရွှေဂူကျောင်းတိုက် နှစ်ခုမှာ အဆောက်အဦများ တိုးပွားပြီး မြို့ငယ်ကလေး တစ်ခုပမာ ရှိခဲ့ပါပြီး။ ကျောင်းတိုက်များသာမက၊ တောင်ကလပ် ထိပ်ပေါ်မှာလည်း နေရာနှင့်မမျှအောင် အာရုံခံ အုတ်တန်ဆောင်းနှစ်ထပ်နှင့် ပြည့်ကျပ် နေတော့ရာ ရှေးအခါက နွယ်ရှင် နွယ်ငန်းများကို ဆွဲ၍ ခဲခဲယဉ်းယဉ်းတက်ရသော တောင်ကလပ် သည် စောင်းတန်း တွေ အသွယ်သွယ်နှင့် ရန်ကုန်မြို့လယ်က လေး/ငါးထပ် တိုက်ခေါင်မိုးကို တက်ရသလို လွယ်ကူ နေလေသည်။ ဝိဇ္ဇာဇော်ဂျီတွေ ဆေးကြိတ်လေ့ရှိသည်ဆိုသော တောင်ကလပ်တွင် စည်ကား လွန်း နေပြီဖြစ်၏။

ရှေးအခါကဆိုလျှင် တောင်ကလပ်ပေါ်မှာလည်း ကျောက်ပန်းတောင်းကဲ့သို့ ရေရှားခဲ့ဖူးသည်။ ယခုတော့ တောင်ကလပ် ၏ အထက်နားက “ရေငှန်း” ခေါ်သော ရေထွက်စမ်းမှ ပိုက်လုံးကြီးများနှင့် သွယ်ယူ ထားသဖြင့် မြို့ငယ်တစ်မြို့စာလောက် ရှိနေသော တောင်ကလပ်ခြေရင်းမှ ကျောင်းများ၊ တည်းခိုဇရပ် များတွင် ရေတွေ ဒလဟော ပေါချင်တိုင်း ပေါ၍နေပါပြီ။

သို့နှင့် တောင်ကလပ်လမ်းခွဲမှ ဆက်လက် တက်လာခဲ့လျှင် “ရေတင်ကွေ့”သို့ ရောက်ခဲ့သည်။ ဤရေတင် ကွေ့တွင်လည်း စိမ့်စမ်းရေထွက်ကြီးရှိပြီး ပိုက်လုံးကြီးနှင့် သွယ်ယူလျက် ကျောက်ပန်းတောင်းမြို့ဘက်သို့ ရေချ ပေးလျက်ရှိရာ ရှေးအခါက ထိန်ကန် ရေနီနီကို မဝတ၀သုံးကြရသော ကျောက်ပန်းတောင်းမြို့သည် ပုပ္ပား တောင်ကြီးမှ ချပေးသော စိမ့်စမ်းရေကြည်ကြည်ကို တအီတ၀ သုံးစွဲနေကြရပြီဖြစ်သောကြောင့် ဘယ် အိမ် ကို ကြည့်ကြည့် စပျစ်စင်နှင့် ပန်းဥယျာဉ်နှင့် ချည်းလိုလို စိမ်းစိုလှပနေကြပါတော့သည်။

ပုပ္ပားတောင်ကြီး၌ ရေထွက်စိမ့်စမ်းများသည် အနီးသို့ ကပ်သွားကြ့ည့်လျှင် ကြီးကြီးကျယ်ကျယ် ရေထွက် ပေါက်ရယ် လို့ မမြင်ရပါ။ သာမည ကျောက်တုံးကြီး တစ်တုံးအောက်မှ ထွက်လာသော ရေများသာ ဖြစ်ပြီး၊ ရှေးပဝေသဏီ ကတည်းက ယနေ့ကျအောင် မကုန်မခန်းနိုင်ထွက်နေသော ရေများဖြစ်ပါသည်။ ဘယ်ဆီက စ လာသော ရေများဟု မပြောနိုင်ကြပါ။ ယခု ရေတင်ကွေ့ဆိုသော နေရာအရပ်သို့ ရောက်သော အခါ ရှေး ဖြစ်ဟောင်းကလေးများ ပြန်လည် သတိရမိပါသေးသည်။ စာရေးသူတို့ ငယ်စဉ်က ပုပ္ပား တောင်တက်သော လမ်းသည် လှည်းလမ်းမျှသာရှိပါသေးသည်။ ကတ္တရာစေးလမ်းလည်းမရှိ၊ မော်တော်ကား လည်း မသုံးကြရ သေးသောအခါ ဖြစ်ပါသည်။ သို့ကြောင့် ကျောက်ပန်းတောင်းမှ ပုပ္ပားကို လှည်းဖြင့် တက်ကြရသည်။

မနက်အစောကြီးထ လှည်းမောင်းမှ ယခု ရေတင်ကွေ့ကို ၁၀ နာရီလောက် ရောက်သည်။ လှည်းစခန်း ချပြီး ရေတင်ကွေ့တွင် ထမင်းချက်ပြုတ်စားကြရမြဲဖြစ်သည်။ ထမင်းစားပြီး တစ်အောင့်တစ်နားနေပြီးမှ ဆက်၍ လှည်းမောင်းတက်ကြရာ၊ ညနေ ၄ နာရီလောက်မှ ပုပ္ပားမြို့ပေါ် ရောက်ကြရပါသည်။ ယခုတော့ ကား နှင့် ရှိတ်ခနဲ ရှိတ်ခနဲ မိနစ်ပိုင်းလောက်နှင့် ရောက်ကြ၍ ပုပ္ပားတောင်ပေါ်နှင့် ကျောက်ပန်းတောင်းမှာ အိမ်ဦး နှင့် ကြမ်းပြင်လို ဖြစ်နေပါပြီ။

သို့ကြောင့် ရှိတ်ခနဲဆို စာရေးသူတို့လည်း ပုပ္ပားမြို့မှ ကားဆိပ်ဈေးဆိုင်များသို့ ရောက်ခဲ့ကြသည်။ ၎င်းကား ဆိပ်၌ သစ်သီးဆိုင်၊ ပန်းဆိုင်၊ သစ်ပင်ပေါက်စမျိုးပင်ငယ်ဆိုင်၊ ထမင်း၊ လက်ဖက်ရည်ဆိုင်၊ ထီဆိုင် အစလို သေးသည်မရှိ ပြည့်စုံနေသည်။ နန်းကြီးမုန့်တီနှင့် ကြက်သားကြော်ဆိုင်ကလည်း နာမည် ရ၍ ရောက်လျှင် မစားဘဲ မနေနိုင်ကြ။ တောင်ပေါ်က ငှက်ပျောခိုင်များ၊ ပိန္နဲသိးများ ထမ်း ပြန်လာကြသူ ခြံသမား၊ အထမ်းသမား၊ အမျိုးသမီး၊ အမျိုးသားများကလည်း သည်ကားဆိပ်အနီးရှိ ဆိုင်ကြီးများမှာ ဖောက်သည် လာသွင်းကြသောကြောင့် ငှက်ပျောအဝယ်ဒိုင်ပမာ မြိုင်ဆိုင်စွာ စည်ကားနေပေသည်။

တစ်ဘက်သို့ လှမ်းကြည့်လျှင် မြေကျေးရှင်း ဧည့်ရိပ်သာနှင့် မျိုးပင်ဥယျာဉ်ကြီးကို တွေ့ရမည်။ တစ်ဘက်က လမ်းခွဲမျာ တောင်ကလပ်သို့သွားသော ကားလမ်းဖြစ်သည်။ အထက်သို့တက်သော လူသွားလမ်းအတိုင်း လိုက်ခဲ့သော် မင်းမဟာဂီရိမောင်တော် နှမတော်နတ်နန်းကြီးများနှင့် ကော်ဖီခြံများ၊ (နှမတော်ရေထွက်) (မောင်တော်ရေထွက်)ခေါ် ရေထွက်စမ်းများကို တွေ့ရပါသည်။ ရှေ့ဆက် တက်လျှင်တော့ ပုပ္ပားတောင်မ ကြီးအဆုံး ပေ ၄၈၀၀ မြင့်တဲ့ တောင်ထိပ်အထိ ရာက်ပြီး ရသေ့ကြီး ဦးခန္တီ တည်ခဲ့သော စေတီနှင့် ဖဆပလ ကောင်းစားစဉ်က ဖဆပလမင်းများ တည်ထားခဲ့သော စေတီများကို ဖူးရမည်။ “လေတွင်း”ခေါ် တောင်ခေါင်းမှ လေများပင့်တိုက်သည်ကိုလည်း တွေ့ရပါမည်။ ရှေးတုန်းကဖြင့် ပဝါ လွှင့်ပစ်လိုက်လျှင် အောက်မကျသွားဘဲ အပေါ်ကိုပဲ ဝဲပျံတက်လာသည်ဟုဆို၏။

အညာ တကောင်းပြည် က ကာယဗလ ပန်းပဲလုပ်သားကြီး ဦးတင့်တယ်နှင့် နှမငယ် ရွှေမျက်နှာတို့သည် ဤ ပုပ္ပားတောင်တွင် လွန်ခဲ့သော နှစ်ပေါင်း ကိုးရာကျော်က နတ်အဖြစ်နှင့် ရောက်လာရာတွင် ပုဂံဘုရင် သေဉ်လည် ကြောင်မင်း က မောင်ကြီးကို မင်းမဟာဂီရိ၊ နှမငယ်ကို ရွှေမျက်နှာ အမည်နှင့် နတ်နန်း တည်ဆောက်ပေး ခဲ့သည့် စကားထုံးပုံဟောင်းများရှိသည်။ သေဉ်လည်ကြောင်မင်းဟာ ရှင်ဘုရင် ရင့်မကြီး ပဲ၊ မြစ်ထဲက မျောလာတဲ့ စကားဝါပင်ဘကီးကို နတ်ရှင်ထုပြီး ပုပ္ပားတောင်ပေါ်မှာ နတ်ကွန်းနှင့် ပသ ထားသည်မှာ ထူးခြားချက်တစ်ခုခု ယုံကြည်လောက်အောင် တွေ့ရလို့သာ စရိတ်ကုန် လူပန်းခံပြီး ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ ယူဆဖွယ်ရှိပါသည်။

အကြောင်းမဲ့တော့ မဟုတ်တန်ရာပါ။ ပုဂံရာဇဝင်မှာလည်း အကြောင်းပြလျက်သားဖြစ်ပါသည်။ ပုပ္ပားတောင် ရေယဉ်စမ်းတွေနှင့် ပန်းမျိုးစုံလှသည်။ ဂမုံးအင်နှင့် သဇင်၊ သစ်ခွ၊ စကားဝါ၊ ကံ့ကော်၊ စွယ်တော်၊ မြတ်လေး တစ်တောင်လုံး မွှေးပြီး ဆေးဘက်ဝင် အပင်၊ အသီး၊ အမြစ်၊ အခေါက်က အစ ဆေးဘက် တွင် အသုံးဝင်သည့် ပစ္စည်းများထွက်ရှိသည်။ ပုဂံပြည် ကောင်းစားစဉ် အခါက ပန်းတော်ဆက် မောင်ဗျတ္တ တို့ ပန်းများ သယ်ယူပို့ဆောင်သော လုပ်ငန်းနှင့် အနော်ရထာမင်းထံမှာ အမှုထမ်းခဲ့ရသောကြောင့် ပုပ္ပားသူ မယ်ဝဏ္ဏနှင့် အကြောင်းပါပြီး “ရွှေဖျင်းကြီး၊ ရွှေဖျင်းကလေး” ဆိုတဲ့ သားနှစ်ယောက် ကိုပင် ဖွားမြောက်ခဲ့ရပေသေး၏။ ထိုသားကလေး နှစ်ယောက်မှာ မြန်မာပြည်တွင် အလွန် ထင်ရှားသော “တောင်ပြုံး မင်းညီနောင်နှစ်ပါး ” ဟု လူသိများခဲ့ကြလေသည်။

ရေယဉ်စမ်းတွေနှင့် ပန်းပေါင်းစုံပေါလှသော တောင်တောရဂုံစုံမြိုင်သာခေါင် ပုပ္ပားတောင်ကြီးသည် လူတို့ အား အများဆုံး အကျိုးပြုနေသည်။ ရေကြည် ရေအေး ပေးရုံမက ဆေးဝါးပစ္စည်းများ၊ စားသုံးရန် အသီးနှံ နှင့် ပန်းမန် အမွှေးအကြိုင်များအပြင် သယံဇာတ ကျောက်အလှများလည်း ထွက်ရှိပါသေး၏။ ပုပ္ပားတောင်၏ အရှေ့တောင်ဘက် အစွယ် တောင်နီတောင်တွင် “စေတီကျောက်” ခေါ် ကျောက်ဖြူ တစ်မျိုး ထွက်သည်။ ကျောက်ကို သွေးလိုက်လျှင် ဘုရားစေတီပုံကလေးထင်ရှားစွာပေါ်လာသည်။ လက်စွပ်၊ ရင်ထိုး၊ ဘယက်၊ ဆွဲကြိုး ပြုလုပ်ဝတ်ဆင်ကြရသည်။ တောင်မကြီးပေါ်တွင် ရရှိသော ကျောက်တစ်မျိုး မှာ စိန်နက်၊ သို့မဟုတ် ” အဖြိုင်နက်” ခေါ် ကျောက်နက်တစ်မျိုးဖြစ်သည်။ နက်ပင် နက် သော်လည်း ပြိုးပြိုး ပြက်ပြက် ရောင်စုံ ဖြာထွက်ပြီး လူတို့ ကြိုက်နှစ်သက်ကြပါသည်။ သို့ကြောင့် ပုပ္ပား တောင်မကြီးကား ဤမိုး ခေါင်ရေရှား ရပ်ဝန်းတစ်ဝိုက်မှာဖြင့် လူတို့အဖို့ အလွန်တရာ အကျိုးပြု နေပေသော တောင်ကြီး ဖြစ်ပါသည်။

ပုပ္ပားမြို့မ ကားဆိပ်ရှိ ဆိုင်တန်းများနှင့် တစ်ဘက်စွန်းကွေ့မှာတော့ ဦးဝိဇယ ၏ ဥယျာဉ်ခြံကြီးရှိပါသည်။ ကော်ဖီပင်၊ စပျစ်ပင်မှ စပြီး သီးပင် ပွင့်ပင် အစုံရှိ၍ “ပုပ္ပားကော်ဖီမှုန့်” ဆိုပြီး နာမည်ကြီးနေသော ကော်ဖီမှုန့် မှာ ဦးဝိဇယခြံမှ ထွက်သော ကော်ဖီမှုန့်ဖြစ်ပါသည်။

ဦးဝိဇယ ဆိုသောကြောင့် ဘုန်းကြီးလား၊ ဦးပဉ္စင်းလေးလားတော့ မထင်ပါလေနှင့်။ မြန်မာဘုရင်များ လက် ထက်က စပြီး မျိုးရိုးလိုက် ဆက်ခံလာခဲ့ကြသော ပုပ္ပားမြို့ သူကြီးမင်း ဦးစံဂုဏ်သည် သူ၏ သမီး များကို မြန်မာပီပီ နာမည်တွေ ပေးခဲ့သည်။ မဝံသာ၊ မကုမာ၊ မသိင်္ဂီ၊ မသော်တာဟူသော နာမည်တွေ ပေးခဲ့ သလို မြေးကိုလည်း ဝိဇယဟု နာမည်သခဲ့ခြင်းဖြစ်ပါသည်။

ယခုခေတ်မှာ ဥမ္မာ၊ မာလာ၊ နီလာ၊ သီတာ၊ မဉ္ဇူ၊ ဇေယျ၊ တေဇ၊ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၊ မဏိစည်သူ၊ သီရိဓမ္မာသောကမင်းကြီး စသည် မှည့်သလို … ခေတ်ကို ကြို၍ အသုံးချ သွားခဲ့ခြင်းပင်ဖြစ်၏။ ခုတော့ ဥိးဝိဇယသည် မြို့သူကြီးအရာ ဆက်ခံလာတော့ ငယ်နာမည်ပျောက်၊ ကြီး နာမည် ရောက်ခဲ့ရာ ဝိဇယ က နေပြီး ဦးခင်မောင်ရီ ဖြစ်ခဲ့ရလေသည်။

အဲဒီ ဦးခင်မောင်ရီ ကား အရင်တစ်ခါက ရေးခဲ့သော ” ဆယ်ပေါက် “က မီးဖွားဆရာမ (ရဝေသိန်း)၏ ခင်ပွန်း ဖြစ်သောကြောင့် သူလည်း ကိုယ်ပိုင် ကလေးရှစ်ယောက် ပိုင်ရှင် ပုပ္ပားမြို့ သူကြီးဟောင်း ဖြစ် သတည်း။

စာရေးသူတို့ ပုပ္ပားရောက်လေတိုင်း သူ့ခြံကို ဝင်၍ မွှေနှောက်မြဲဖြစ်လေသည်။ မမွှေလျှင်လည်း စိတ်မကျေ နပ်ပေ။ ရောက်မှဖြင့် လိုလေသေးမရှိရ၊ သူ့ခြံထဲက ထွက်သမျှ အသီးအပွင့်များကို ကားထဲတစ်ခုပြီးတစ်ခု စုပြုံ ထည့်သွင်းပေးလိုက်သည်ချည်းပဲ။

ယခုလည်း ထိုနည်းလည်းကောင်း … ကော်ဖီမှုန့်ရော၊ ငှက်ပျောသီးရော၊ သင်္ဘောသီးရော၊ ပိန္နဲသီးရော၊ စကားဝါ ပန်းထုပ်ရော၊ စတော်ဘယ်ရီခြင်းရော၊ ကတွတ်သီးတွေရော စုံလို့ … စုံလို့.

ဒါတွေ လမ်းတစ်လျှောက်လုံး ဝါစေ့ ဆိတ်စားသလို တကျိုးကျိုးတချွတ်ချွတ် ဝါးရင်း၊ ကားတွင်းက လူတစ် စုမှာ စူဇကာ ဇာတ် ခင်းလျက်နှင့် ပုပ္ပားတောင်ကြီး၏ မြောက်ဘက်ပိုင်းသို့ ရောက်လာခဲ့ကြပါတော့သည်။

ဤတွင် ယခင်အကြိမ်က ရေးခဲ့သည့်အတိုင်း ပုပ္ပားတောင်ကြီး၏ ဟက်တက်ကွဲ ဟောင်းလောင်းပေါက် တောင်ပါးဟက် ငရံ့တွင်းခေါ် အစိတ်အပိုင်းကြီး၏ ရှုမျှော်ခင်းကို ခေတ္တကားပေါ်က ရပ်ဆင်းကြည့်ရှုကြပါ သည်။

ရှေးအခါကတော့ တောင်ပါးဟက်လျှိုကြားထဲမှ သစ်ပင်ကြီး ဝါးပင်ကြီးများကြောင့် နေခြည်မထိုးနိုင်၊ တောင် ကမ်းပါးကြီး ပတ်လည်ဝိုင်းမိုးထားသောကြောင့်လည်း နေမွန်းတည့်မှသာ အလင်းရောင် မြင်ရ သည်။ မှောင် သော တောအုပ် တောင်ကြားကြီး ဖြစ်လင့်ကစား ယခုအခါ သစ်ပင်တွေကို အရမ်းမဲ့ ခုတ်ယူ သုံးစွဲ မှုများ ကြောင့် လာဟာဟင်းလင်း ကျိုးတိုးကျဲတဲ ဖြစ်နေသည်ကို တွေ့ရပါတော့သည်။

ယင်သို့ ငရံ့တွင်း ပါးဟက်ပုံကြီးကို ကြည့်မျှော်ကြပြီးနောက် ပုပ္ပားတောင်ကြီး၏ မြောက်ဘက်စူးစူးအတိုင်း ဖောက် ထားသော တောင်ပေါ်လမ်းမှာ ကွေ့ကာကောက်ကာ တဖြည်းဖြည်း နိမ့်ဆင်းလာပါသည်။ ရှေးသ ရောအခါ မီးတောင် ပေါက်ကွဲစဉ်က ချော်ရည်ချော်မြှုပ်များစုပုံ စီးဆင်းရာများ၊ ကျောက်တုံး ကျောက်ခဲ များ လွင့်စဉ်ထွက်ကျရာ မီးတောင် ပေါက်ကွဲခဲ့သော ပြင်းထန်သည့် ဒဏ်ရာဟောင်း အနေအထားများနှင့် ပထဝီ သဘာဝအခြေအရပ်ရပ်မှာ ပြက်ပြက်ထင်ထင် တွေ့မြင်နေရဆဲဖြစ်ပါသည်။