ကျွန်းဦးတည့်သံလျှက်ခုံ

မီးတောင်သုတေသန

တစ်ချိန်တုန်းက ငါတို့ မြန်မာပြည်၏ အလယ်ပိုင်းမှာ မီးတောင်ကြီးတစ်ခု ပြင်းပြင်းထန်ထန် ပေါက်ကွဲ ပေါ်ထွက် ခဲ့ဖူးသားပဲလို့ ဂုဏ်ယူချင်လည်း ဂုဏ်ယူနိုင်ပါ၏။ မြန်မာပြည်မှာ မီးတောင် ဟောင်းကြီး တစ်ခုအဖြစ် နှင့် ပုပ္ပားတောင်ကြီးတစ်ခုသာ ထီးထီးမတ်မတ်ကြီး ရှိခဲ့ပါသည်။ မုံရွာနယ်မှာရှိတဲ့ တွင်းတောင် လည်း မီးတောင်တစ်ခုလို့ ဆိုရသည် တိုင်အောင် ပုပ္ပားကဲ့သို့ မို့မို့ချွန်ချွန် ပုံသဏ္ဍာန် မပေါ် လာဘဲ ကျယ်ဝန်းသော ရေအိုင်ကြီးကဲ့သို့ ဖြစ်ပြီး တောင်နှုတ်ခမ်းသားတွေက သိပ်မမြင့်ဘဲ ကန်ပေါင်ရိုး ပမာ ဝိုင်းရံတည်ရှိနေပါ သည်။ ရေကတော့ ပင်လယ်ရေကဲ့သို့ ငန်ငြိငြိကြီးဖြစ်ရာ မြေအောက်က ပင်လယ် ရေကြောနှင့် ဆက်စပ်နေ ဟန်ရှိပါသည်။

ပုံသဏ္ဍာန်နှင့် အသွင်အမျိုးမျိုးရှိသော မီးတောင်ဟောင်းများမှာ အင်ဒိုနီးရှားပြည်၌ ပိုမိုများပါသည်။ စာရေး သူသည် ၁၉၅၈ ခုနှစ်က အင်ဒိုနီးရှားပြည်သို့ အလယ်သွားစဉ် အလွန် နာမည်ကျော်ကြားသော ဘာလီကျွန်း သို့ပါ သွားရောက်လေ့လာခဲ့ရပါသည်။

ရှေးတုန်းကတော့ အင်ဒိုနီးရှားကို ဂျာဗားကျွန်းလို့ သိမ်းကျုံးခေါ်လေ့ရှိသည်။ ဒပ်ချ်လူမျိုးများ လက်အောက် မှ လွတ်လပ်ရေးရသောအခါရောက်မှ “အင်ဒိုနီးရှား”ဟု အခေါ်သစ်ခဲ့သည်။ ဂျာဗားကျွန်း သည် မီးတောင်အေး၊ မီးတောင်ပူများ အလွန်ပေါများလှပါသည်။ လေကြောင်းခရီးမှသွားလျှင် ပို၍ ထင်ရှားစွာ တွေ့မြင်ရပါသည်။ စာရေးသူလည်း ဂျာဗားကျွန်းကြီး၏ မီးတောင်အမျိုးမျိုး ရှုခင်းကို ကြည့်ရှု လေ့လာ လိုသောကြောင့် ဂျာကာတာမြို့မှနေ၍ ဘာလီကျွန်းသွားရာတွင် အင်ဒိုနီးရှားပြည်တွင်းလေ ကြောင်း ခရီး နှင့် သွားခဲ့ပါသည်။

ဂရူးဒါးခေါ် ငှက်ဘီလူး လေယာဉ်သည် ဂျာကာတာမြို့မှနေ၍ ဂျုပ်ဂျကာတာခေါ် တစ်မြို့သို့ အကူးတွင်လည်းကောင်း၊ ဂျုပ်ဂျကာတာမှ ဘာလီကျွန်းသို့ အကူးတွင်လည်းကောင်း၊ ဂျာဗားကျွန်း၌ အထင်ကရမီးတောင်ကြီးများကို ကောင်းကင်မှနေ၍ မြင်ရသည်။ လေယာဉ်ကလည်း ထူးခြားသော မီးတောင်ကြီးများအပေါ်မှ ဝဲပျံပြသည်။ စာရေးသူနှင့်အတူ နိုင်ငံခြားက ကမ္ဘာလှည့် ခရီးသည်များက လေယာဉ်မှန်ပြတင်းမှ ငုံ့ကြည့်ကြရသည်။

အများအားဖြင့် ပုပ္ပားတောင်လို စူစူစုန့်စုန့်ကြီးတွင် ပေါက်ကွဲဟန်က ပုံစံအမျိုးမျိုးတွေ့ရပါသည်။ တချို့က လည်း မီးခိုးငွေ့ မသေသေး၊ မီးတောင်အေး ဆိုပေမဲ့ စိတ်မထင်တဲ့တစ်နေ့ ထ ပေါက်လိုက်ဦးမည် တကဲကဲ လို တွေ့ရသည်။ တချို့မှာလည်း မီးတောင်ကွဲခြမ်းကြီး တစ်တွင်းမှာ မုံရှာက တွင်းတောင်ကဲ့သို့ ပင်လယ်ရေ တွေ အင်းကြီးဖြစ်ဝင်နေသည်။ တချို့ကတော့ အခိုးအငွေ့ ဒေါသမာန်ဟုန် မကုန်သေးဘဲ မီးခိုး မည်းမည်း တွေ ထွက်ဆဲ၊ တချို့မှာလည်း တစ်ပိုင်းအေး တစ်ပိုင်း အုံနွေးနွေး အကင်းမသေသေးတဲ့ ကမ္ဘာ့ သွေးစုနာကြီး တစ်ခုလို မြုံနေတော့သည်။

အားလုံးခြုံ၍ဆိုရသော် ဂျာဗားကျွန်းပေါ်၌ ရှိသော မီးတောင်မြင့်မြင့်မည်းမည်းကြီးတွေသည် တိမ် ဂွမ်းစောင် ကြီးတွေ ခြုံပြီး ပွဲခင်းထဲ ငုတ်တုတ်ကြီးတွေ ထိုင်နေသော ပစ်တိုင်းထောင်ကြီးတွေအလား ဟိုနား ဒီနားတွင် မပြတ်တမ်း တွေ့မြင်နေရသည်။ တိမ်ဖြူတွေ လွှမ်းနေလျှင် မီးတောင်ရှိမှန်း မသိနိုင်၊ သို့ မို့ကြောင့် အင်ဒိုနီး ရှားပြည်တွင်းလေကြောင်းက ပေနှစ်သောင်းအထိ မြှင့်မောင်းရမည်ဟု ဥပဒေ ထုတ်ထား ရသည်ဟုဆိုသည်။

ဟုတ်ပေမည်၊ စာရေးသူတို့ မြန်မာပြည်အလယ်ပိုင်း တစ်ခုတည်းသာ ထီးထီးကြီး တည်ရှိနေတဲ့ မီးတောင် ဟောင်း ပုပ္ပားတောင်ကြီး ကို တောင် မှ မရှောင်နိုင်ဘဲ ဝင်တိုက်မိလို့ လေကြောင်းခရီးသည် အတော် များများ သေဆုံး သွားခဲ့ရဖူးခြင်းကို သတိရမိလေသည်။

သို့နှင့် ပုပ္ပားမြောက်စောင်း ကင်ပွန်းခြုံ၊ ကျောက်တံခါး စသော ရွာများ လွန်ခဲ့လျှင် ဆင်ခြေလျှောပမာ တဖြည်းဖြည်းနှင့် ကေ်ွးကွေးကောက်ကောက် ဖောက်လုပ်ထားသော ကားလမ်းသည်လည်း တောင်စွယ် တောင်ခါးပန်းတွေကို တစ်ခုနှင့်တစ်ခု လက်ဆင့်ကမ်း ဆက်စပ်ပြီးမြေကြီး မြေပြင် ဖြစ်ခါလုနီးသော အရပ်မှာ ဆိတ်ထိန်းရွာ ဟူ၍ရှိပါသည်။

ယင်း ဆိတ်ထိန်းရှာမှ ခရီးသွားများ ရပ်နားရာ ကားဆိပ်တွင် ကြက်သားကြော်၊ အမဲသားကြော်များကို ဗန်း ကြီးဗန်းငယ် နှင့် ကြော်ရောင်းနေကြသည်။ သည်မျှခေါင်သောနေရာက ရွာငယ်ကလေးမှာ ရန်ကုန် လေဟာ ပြင်ညဈေး စားစရာတန်းများ၌ပင် တွေ့မြင်ခဲ့သော မြန်မာအမဲကြော်၊ ကြက်ရင်အုပ်ကြော်များ အခါရာသီ မရွေး တရှဲရှဲ ကြော်ရောင်းနေကြသည်ကား ထူးခြားလှသည်ဟု မထင်ပါလေနှင့်၊ ဝယ်စားသူ များသောကြောင့် သာရောင်းအားကောင်းသည်ဟု ယူဆပါလေ။

သူ့ အဖက်က ထန်းရည်ချိုပင် ဖြစ်ပေ၏။ ထန်းရည်ချို ဆိုပေသိ သူ့နောက်မှာကား ထန်းရည်ခါးရှိ၏။ ထန်းရည်ခါး နှင့် ကြက်သားကြော်မှာ မြန်မာ့အစာ သက်သက်ပင်။ ရှေးအထက် ဦးမင်းကျော် တို့ လက်ထက် ဆီကပဲ ထိပ်တန်းက စွဲခဲ့သော သည်းခြေကြိုက် ဓာတ်စာ၊ ကာလသားတို့ လက်စွဲ ပေါ်ပြူလာ အာဟာရပေပဲ။

ပုပ္ပားတောင် မြောက်ဆွယ် ထန်းပင် ထန်းတောတွေ ကြား၌ ထန်းလက် တဲအိမ်ကလေးများကို ဆူးစည်းရိုး ကာ ထားသည့် ရွာပေါ်ကလေး “ဆိတ်ထိန်း” ရွာမှာ ရွာသာငယ်သည်၊ နှယ်နှယ် မမှတ်ပါလေနှင့်။ သူ၏ရွာ သက်သည် မငယ်ပါချေ၊ နှစ်ပေါင်းတစ်ထောင်ကျော်ပေတော့မည်။ ပုဂံပြည်ကြီး ကောင်းစားစဉ်ကလည်း သူ ရှိသည်။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးခေတ်၊ ကွန်မြူနစ်များ၊ ရဲဘော်ဖြူများ ခေတ်မှစ၍ ကျရာ ကဒုံးပေသရေ ဒူပေနာပေ ခံခဲ့သည်။ သည်ရွာကလေးမပျက်၊ သည့်ထက်လည်း မတိုးတက်၊ ထန်းရွက်မိုး ထန်းရွက်ကာလျက် ရှေးဟန်မပျက် တည်ရှိခဲ့သည်။

ဤရွာက မွေးလိုက်သော အမျိုးသမီးကြီး တစ်ဦးကား ထူးခြားလှ၏။

မြန်မာ့ရာဇဝင်တွင် ထိပ်တန်းက နေရာရခဲ့သော မိဖုရားကြီးဖွားစော၏ ဇာတိချက်ကြွေရာ ရွာကလေး ပါကလား။

ကလေးအရွယ် ငယ်စဉ်ကကပင် ထင်ရှားကျော်စောခဲ့သော ဆိတ်ထိန်းကမ်းဖြူရွာသူ ဖွားစောသည် ပုဂံရွှေ နန်းရှင် က မိဖုရားကြီးအရာ ချီးမြှင့် မြှောက်စားရာမှ အသိအလိမ္မာ ပညာဉာဏ်ရှိသူဖြစ်၍ နောက်ဘုရင် အဆက်ဆက် ကလည်း လေးစားပြီး အကြီးအကဲ တင်မြှောက်အရာပေးထားခဲ့ရသည်။ မွန်ဘုရင်မကြီး ရှင်စောပုတို့လို ကိုယ်တိုင် ဘုရင်မ မဟုတ်သော်လည်း ပုဂံပြည်ထီးနန်း နောက်ပိုင်းတွင် ရှင်ဘုရင်တွေကို ကြိုးကိုင်၍ လှုပ်နိုင်၊ ဖြုတ်နိုင်သော သတ္တိရှိခဲ့သူ အမျိုးသမီးကြီး တစ်ဦးဖြစ်ခဲ့ပါသည်။ သို့ရာတွင် သူ၏ ဇာတိ ဖြစ်သော ဤဆိတ်ထိန်းရွာကလေးကတော့ ပိုပြီး စည်ကားကြီးကျယ်မလာခဲ့ပေ။

အမျိုးသမီးဂုဏ်ရောင် ထွန်းပြောင်စိမ့်သောငှာ တစ်ဦးတလေကဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ဆိတ်ထိန်းရွာမှ ဖွားစော ၏ အထိမ်းအမှတ်ကလေး တစ်ခုခု ပြုစုလုပ်ကိုင်ထားမည်ဆိုလျှင် ခရီးသွားများလည်း လေ့လာနိုင် သည်။ ထန်းရည်ခါးနှင့် ကြက်သားကြော် စားကြရင်းလည်း အလည်အပတ် တစ်ခေါက် လောက် လာရောက် လေ့လာနိုင်ကြပေလိမ့်မည်ဟု စိတ်ကူးရင်း ရှေ့ခရီးသို့ ဆက်လက် ထွက်ခွာလာခဲ့ကြပါသည်။