မြင်းခြံသို့ခရီးဆက်ခဲ့ရာတွင်
ဆိတ်ထိန်းမှ ရှေ့သို့ ဆက်လက် ထွက်ခွာလာခဲ့ရာ၌ များမကြာမီ ဝဲလောင်သို့ ဖြတ်ကျော်မိကြပါသည်။ ဝဲလောင်သည် မြို့ငယ်လေး တစ်မြို့လို ဖြစ်သည့်အလျောက် ကားဆိပ်မှာ စည်စည်ကားကား ရှိပါသည်။ စာသင်ကျောင်း၊ ရဲဌာန စသော မြို့အင်္ဂါရပ်များနှင့် ပြည့်စုံသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ဆေးရွက်များ လှိုင်လှိုင် ထွက်ရာ အရပ်လည်းဖြစ်သည်။
ဝဲလောင်မှ အထွက်တွင် နာမည်ကျော် ဝဲလောင်ချောင်းကြီးကို တွေ့ရသည်။ ကျယ်သော သဲချောင်းကြီးကို ခိုင်ခံ့သော သံတံတားကြီးဖြင့် ဖြတ်ကူးထား၍ ကားများ သဲထဲတွင် မရုန်းရတော့ဘဲ သက်တောင့် သက်သာ နှင့် တံတားပေါ်မှ ဖြတ်မောင်းလာနိုင်ကြပါသည်။
ဝဲလောင်ချောင်းကြီးမှာ ကွေ့ကောက်ဝိုက်လည် စီးဆင်းသော ချောင်းကြီးတစ်ခုဖြစ်သည့်အားလျော်စွာ မျှော်မဆုံးနိုင်သော ထန်းပင်ထန်းတောများ အကြားတွင် သဲတွေ ဖွေးဖွေးဖြူလျက် ကားလမ်းနှင့် အဆက် မပြတ် ပူးချည်ခွာချည် တွေ့မြင်သွားရလေသည်။ မိုးတွင်းဆိုလျှင် တောင်ကျရေတွေ ဒလဟော စိးဆင်းတတ်၍ ကြောက်စရာ ကောင်းသလောက်၊ ရေစစ် ရေကျသွားသောအခါ ချစ်စရာ အလွန်ကောင်း သော သဲချောင်းကြီးပေတကား။ ဤနည်းသူ၊ နယ်သား လယ်ယာကိုင်းကျွန်းလုပ်ငန်းရှင်များအား သည် ချောင်းကြီး က အထူး အကျိုးပြုထားလေသည်။ ဆေးရွက်ကြီးပင်တွေသည် ဤချောင်းကြီးက ပို့ပေး သော မြေသြဇာအားဖြင့် ကြီးထွားသန်မာလှပေ၏။
ပဲအျိုးမျိုးနှင့် ဝါဂွမ်း၊ နှမ်း၊ ပြောင်း စသည်တို့မှာလည်း ထန်းပင်၊ ထန်းတောကြီးတွေနှင့် အပြိုင်၊ နင်လား ငါလား လူ့အကျိုးစီးပွားကို ပြုလျက် ရှိကြလေသည်။
တောင်သာမြို့ရှိ ဈေးနေ့များကြုံလျှင် အညာတစ်ခွင်၏ မြန်မာ့လယ်ယာကိုင်းကျွန်းသမားတို့၏ ပုံသဏ္ဍာန်၊ မြန်မာ ပီပီသသ ဝတ်စားဆင်ယင်ထားကြသော အမျိုးသားကြီးများနှင့် အမျိုးသမီးကြီးများကို တွေ့ရတတ် သည်။ ဈေးပတ်လည်တွင် နွားနံ့၊ နွားချေးနံ့၊ ဆေးရွက်ကြီးနံ့၊ ပဲကြီးနံ့၊ မြေပဲနံ့၊ နှမ်းဖက်နံ့၊ ဆီချေးနံ့၊ ဖုန်နံ့ တို့ သည် တမာပန်းနံ့တို့နှင့် ယှဉ်၍ စင်ပြိုင်နွဲှနေကြသဖြင့် တို့မြန်မာတို့၏ အညာမြေ မြန်မာ့မြေနံ့စစ်စစ်ကို ခံစား တွေ့ထိနိုင်ကြပါလိမ့်မည်။
တောင်သာမြို့ရောက်လျှင် ကားလမ်း နှစ်ခွဆုံကို တွေ့ရမည်။ လက်ယာဘက်လိုက်လျှင် မိတ္ထီလာ သို့ ရောက်၍ လက်ဝဲဘက်သွားလျှင် မြင်းခြံကို ရောက်ပါသည်။ စာရေးသူတို့သည် မြင်းခြံသွားမည် ဖြစ်၍ လက်ဝဲဘက်သို့ ကားမောင်းခဲ့ကြသည်။
တောင်သာမြို့ကို မိုးထားသော တောင်သာ တောင်တန်းကြီး ၂ လုံးမှာ ထုံးကျောက်တောင် ဖြစ်၍ သစ်ပင် ကြီး ဝါးပင်ကြီးများ ထူထူထဲထဲ မရှိလှသော်လည်း ပင်ပု ပင်ပြတ်ကလေးများနှင့် စိမ်းစိမ်းစိုစို ရှိသင့် သလောက် ရှိသည်။ အတော်မြင့်သော တောင်ထိပ်များတွင် ဘုရားစေတီများလည်း ရှိနေသဖြင့် ” တောင်ထိပ်မှန်လျှင် ဘုရားစေတီရှိရမည် “ဆိုသော ဗုဒ္ဓဘာသာ မြန်မာတို့၏ စေတနာ သဒ္ဓါတရားကို ဖော်ပြနေသည့် သာဓကများကို တွေ့ရပေမည်။
တောင်ခြေ ရေကန်ငယ်နှင့် တမာလမ်းကို လွန်ခဲ့လျှင် တောင်သာတောင်၏ တောင်လက်မောင်းဖြစ်သော တောင်တန်း တောင်ကြားအနည်းငယ်ကို ကျော်ဖြတ်ရင်း ကားမောင်းခဲ့သည်။ တောင်တန်းနှင့် လျှိုကြားကို ဖြတ်ကျော်မိသောအခါ တောင်၏ တစ်ဘက်သို့ ရောက်လာသောကြောင့် လည်ပြန် ကြည့်လိုက်လျှင် တောင်သာမြို့နှင့် တောင်သာတောင်ကြီးသည် ကား၏ နောက်ပိုင်းတွင် ကျန်ရစ်ခဲ့လေသည်။ ကားကလေး ကားပြေးမြဲပြေး၍ တောင်သာနှင့် ဝေးလာခဲ့လေပြီ။
ကုန်းကြောတစ်လျှောက် ဖြစ်၍ ဖောက်လုပ်ထားသော ကတ္တရာလမ်းမှာ မာကျောပြန့်ပြူးနေသည်။ ရန်ကုန ်ရှိ အကောင်းဆုံး လမ်းတစ်ခုဖြစ်သော ဦးဝိစာရ လမ်းကဲ့သို့ ညက်ညော၍ ကားအပြေး ညင်သာလှ သည်။
မြင်းခြံမြို့နှင့်လည်း တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ။ တောင်သာတောင်ကြီးနှင့်လည်း တဖြည်းဖြည်း ဝေးလာ သည်။ ရှေးအခါက ဧရာဝတီ မြစ်အတွင်းမှနေပြီး စာပို့သင်္ဘောကြီးစီး၍ အထက်သို့ ဆန်တက် ခဲ့သော အခါ “တောင်သာ တောင်နှစ်လုံးတစ်လုံးတည်းထပ်သွားလျှင် မြင်းခြံရောက်သည်” ဟု ဆိုစမှတ်ရှိသည်။ စာရေး သူငယ်စဉ်က ဧရာဝတီ သင်္ဘောများနှင့် ခဏခဏ ခရီးသွားခဲ့ရဖူးသည်။ ရန်ကုန်-မန္တလေးသွား စာပို့သင်္ဘောကြီးများမှာ အလွန်သန့်ရှင်းပြီး ခမ်းနားပြောင်လက်လှပါသည်။ စာပို့ သင်္ဘောကြီး တွေ၏ အမည် နာမများမှာလည်းနိုင်ငံနားနီးချင်းအမည်တွေ ဖြစ်ပါသည်။
မှတ်မိသလောက်ဆိုရင် စာပို့သင်္ဘောကြီးတွေ၏ အမည်များသည် ဆိုင်းယန်း၊ နီပေါ၊ စီလုံ၊ အာဆန်၊ ဂျပန်၊ ဂျာဗား ဟူ၍လည်းကောင်း … ကုန်သင်္ဘောကြီး တစ်ခု၏ အမည်ဆိုလျှင် ” မင်းတုန်း “ဟုခေါ်၍၊ ပြည်-မန္တလေးကူးတို့များမှာလည်း မင်းကြီး၊ မင်းကလေး၊ မင်းသား၊ မင်းသမီး စသည့် အမည်များ ရေးထားသည် ကို မှတ်သားမိသည်။ သင်္ဘောအကြီးအသေး အရွယ်အစားစား ဧရာဝတီဖြစ်ထဲမှာ လှုပ်ရှား သွားလာ နေသမျှ အားလုံး သန့်ရှင်းသည်။ ပြောင်လက် အရောင်ထွက်နေအောင် တိုက်ချွတ်ဆေးကြော ထားကြရသည်။ သင်္ဘောဆေးသုတ်သော အလုပ်မှာ ဘယ်အခါမှ အရောင်မညိူးရန် အမြဲတမ်း စောင့် သုတ်နေသလားမှတ် ထင်ရသည်။
သို့သော် သင်္ဘော အလုပ်သမားများသည် အိန္ဒိယတိုင်းသားခေါ်တောလူမျိုးများသာဖြစ်၍ မြန်မာ အမျိုးသား များက အောက်ကျသည်ဟု မည်သူမှ မလုပ်လိုကြပါ။ လုပ်လိုသူ ရှိလျှင်လည်း သူတို့က လက်မခံ၊ ကုလားချင်းသာ ဝံသာနုကြသည်။ သို့ကြောင့် မြန်မာဆိုလျှင် သင်္ဘောပေါ်မှာ သင်္ဘော စာရေးကြီး လောက်ပဲ ပါပါသည်။ ကျန်တာတွေက ခေါ်တောကုလားများ၊ စားပွဲထိုးနှင့် ဘွိုင်အလုပ်က မဒရာစီ ကုလားများသာ တည်း။
မျက်နှာဖြူ ကုလားဖြူများကမူ စက်ဆရာ၊ အင်ဂျင်နီယာ၊ ကပ္ပတိန်ကြီးများ အဖြစ်နှင့်သာ “ရှိုး” အပြည့် လခကြီးစားများအဖြစ် လုပ်ကိုင်ကြပါသည်။ ဒါကတော့ မဆန်းပါ။ သူတို့၏ ကိုလိုနီ နိုင်ငံတွေအပေါ် တွင် မျက်နှာဖြူ တွေကသာ နေရာကောင်းမှာနေ၍ ထမင်းဦးပေါင်းသား ခူးစားနေကြခြင်း၊ မလိုင်ဖတ် ခပ် စား နေခြင်း၊ ရေပေါ်ဆီ ကော်ယူနေကြခြင်းဖြစ်ပါသည်။
သင်္ဘောဘက်ဆိုင်ရာ ရေကြောင်းလုပ်ငန်းတွေသာမက၊ မီးရထားဘက်မှာဆိုလျှင်လည်း အိန္ဒိယသားများ ချည်းကြီးစိုး လုပ်ကိုင်လျက်ရှိပါသည်။ ယခုခေတ်လို လေကြောင်းဌာနများရှိခဲ့လျှင်လည်း သူတို့ပဲ အောက် ခြေသိမ်း ကစပြီး အထက်ကျအောင် ကြီးစိုးကြဦးမည်သာဖြစ်ပါသတည်း။
ယခုတော့ ကိုလိုနီနယ်ချဲ့လောင်းရိပ်အောက်မှ လွတ်မြောက်ပြီး လွတ်လပ်သော နိုင်ငံတစ်ခုအဖြစ် ရောက်ရှိ ခဲ့သဖြင့် နေရာတိုင်းမှာ တို့မြန်မာ အမျိုးသားများသာလျှင် အောက်ခြေသိမ်းမှစပြီး၊ အထက် အကြီးကြီးများ အထိ ကိုယ့်အားကိုယ်ကိုး စနစ်နှင့် လုပ်ကိုင်နိုင်ကြပြီဖြစ်၍ ဝမ်းမြောက် အားတက်စရာ အလွန်ကောင်းလှပါ သည်။ သို့ရာတွင် အဘက်ဘက်၌ စနစ်ဇယားနှင့် စည်းကမ်းသေဝပ်မှု သန့်ရှင်းမှုများ ကိုတော့ ကြိုးစားကြရန် အတော် ကျန်ရှိနေသေးသည်ဟု ထင်မြင်သဘောရရှိပေသည်။
မြင်းခြံမြို့သို့ ကားကလေး ဝင်မိသောအခါ ရှေးဦးစွာ စွန်းလွန်းဆရာတော် ဘုရားကြီး၏ မပုပ်မသိုး ထူးခြား စွာ တည်ရှိနေသော ရုပ်အလောင်းတော်ကို ဝင်ရောက် ဖူးမြော် ကန်တော့ရပါမည်။ ယခင်ကတည်း မြင်းခြံမြို့ ကို ဝင်ရောက်မိတိုင်း ဖူးမြော်ခဲ့မြဲဖြစ်ပါသည်။
ဆရာတော် ဘုရားကြီး၏ ရုပ်အလောင်းတော်မှာ မှန်သေတ္တာမှန်ခေါင်းစသည်နှင့် ထည့်ထားခြင်းမဟုတ်ဘဲ လေဟာပြင် ထဲမှာပင် ပြင်ဆင်ပြသထားသော်လည်း ပျက်စီးယိုယွင်းခြင်းမရှိဘဲ နေသည်မှာ ထူးဆန်း အံ့သြ ဖွယ်ရာတစ်ခုဖြစ်ပါသည်။
ရှေးနှစ်ပေါင်းများစွာက အီဂျစ်လူမျိုးတို့ စီမံထားခဲ့သော အလောင်းခြောက်များကို နိုင်ငံခြား ပြတိုက်ကြီး များ၌ အထူးသဖြင့် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ပြတိုက်များနှင့် အမေရိကန်ပြည်၊ နယူးယောက် မြို့ရှိ သဘာဝသမိုင်း ပြတိုက်တို့တွင် အီဂျစ်ပြည်မှ အလောင်းခြောက်များ အတော်များများ တွေ့မြင်ခဲ့ဖူးပါ သည်။ ထိုအလောင်းခြောက်များသည် နှစ်ပေါင်း လေး/ငါးထောင်က ဆေးစွမ်းကောင်းများနှင့် ကြာရှည်ခံ အောင် စီမံပြုပြင်ထားခဲ့ခြင်းဖြစ်၍ ယခုအခါတိုင် မပျက်မစီး တည်ရှိခြင်းဖြစ်သော်လည်း၊ စာရေးသူတို့၏ မြန်မာပြည် စွန်းလွန်းဆရာတော် ဘုရား၏ ရုပ်ကလာပ်မှာ ဘာဆေးနှင့်မှ ပြုပြင်စီမံရခြင်း မဟုတ်ဘဲ ပကတိ အားဖြင့် ယနေ့ထိ၁၅ နှစ်၊ နှစ် ၂၀ ခန့် မပျက်မစီး မယိုမယွင်းတည်ရှိနေခြင်းကား ထူးခြားချက်ကြီး တစ်ရပ် ပင်ဖြစ်ပါတော့သည်။
စွန်းလွန်းဆရာတော်၏ အလောင်းတော်ကို ဖူးမြော်ကန်တော့ပြီးနောက် မြင်းခြံမြို့တွင်းမှ ဖြတ်၍ ကားမောင်း လာခဲ့ကြသည်။ မြို့တွင်းမှာတော့ သင်္ဘောဆိပ်မြို့ကြီးတစ်မြို့ဖြစ်သည့်အားလျော်စွာ တိုက်တာ အိမ်ရာ အမြောက်အမြားနှင့် စည်ကားလှသော မြို့ကြီး ဖြစ်ပြီး၊ မီးအကြိမ်ကြိမ် လောင်ကွမ်းခံ လိုက်ရသော ဒဏ်ရာဒဏ်ချက်ကလည်း အကြိမ်ပေါင်း မနည်းလှပါချေ။