ကျွန်းဦးတည့်သံလျှက်ခုံ

တမာနယ်မြေမှ ရှုခင်းထွေထွေ

မြို့အစွန် ပြောင်းပြာရပ်ကွက်ကမူ သာသာယာယာနှင့် တမာတောက ကျောက်လမ်း တစ်ဘက်တစ်ချက် တွင် မင်းမူနေသောကြောင့် တမာပန်းနံ့ တသင်းသင်းနှင့် နေခင်းထိုင်ခင်း သာယာသော ကျယ်ပြန့်သည့် ရပ်ကွက်ဖြစ်ပါသည်။ စစ်တပ် အဆောက်အဦတွေကလည်း မျှော်မဆုံး ကြည့်မဆုံးနိုင်အောင် မျက်စိ ပသာဒ ကို ဆောင်လျက် ရှိကြပါသည်။ စစ်တပ်များ အနီးမှ ဖြတ်လာရသော လမ်းကျယ်ကြီးနှင့် တမာပင်တန်းကြီး မှာ အလွန်ပူလောင်သော အရပ်တွင် အရိပ်အာဝါသ ကောင်းလျက် မျက်စိ ကြည်အေး စေ အောင် ဖန်တီး ထားသကဲ့သို့ ရှိပေသည်။

ဤတမာနှင့် ပတ်သက်၍လည်း နယ်ချဲ့တို့ခေတ်က ရရှိလိုက်သော အမွေကလေးကို ပြေး၍ သတိရမိလေ သည်။ ဟိုခေတ်ကသင်္ဘော၊ မီးရထားဘက်တွင် အိန္ဒိယတိုင်းသားတွေ ကြီးစိုးသကဲ့သို့ P.W.D ခေါ် လမ်း ဘက်ဆိုင်ရာ မှာတော့ ပန်ချာပီ ကုလားကြီးတို့ စိုးမိုးခဲ့ရသည်။ ပန်ချာပီကြီးများကို “လမ်းဗိုလ်ကြီး”ဟု တော လက်ကျေးရွာတို့က ခေါ်ကြရသည်။ အချို့များ “လမ်းဗိုလ်သခင်”တဲ့။ “ပန်းညိုပင်စိုက်မလား၊ လမ်းဗိုလ် သခင် ကြိုက်မလား” ဆိုတဲ့ သံချပ်များပင် ပေါ်ခဲ့ရဖူးသည်။ အဲဒီလမ်းဗိုလ်သခင်ကြီးများက သူတို့ ဖောက်လုပ်ထားသော လမ်းဘေးတွင် သစ်ပင်စိုက်ခဲ့ရာ၌ ရာသီဥတုချင်းတူသော အင်္ဂလားနယ်က တမာပင် မျိုးစေ့မှာယူပြီး စိုက်ခဲ့သည်။ အညာရပ်များက ဒီအပင်ကို “ကုလားတမာ”ဟုခေါ်သည်။ မြန်မာ တမာ ကတော့ အရွက်နုတို့ကို စားရသော တမာမျိုးဖြစ်သည်။

ပူအိုက်သော မြင်းခြံနယ်မှာသာမက ရွှေဘို၊ မုံရွာ၊ ရေဦးကားလမ်းတစ်လျှောက်မှာလည်း သွားလေသူတို့ လက်ရာ ကုလားတမာပင်များတန်းစီကျန်ရစ်ခဲ့ပါတော့သည်။

မြင်းခြံမြို့မှ ထွက်လာပြီးနောက် နွားထိုးကြီးမြို့ အရောက် မရပ်မနား ကားမောင်းခဲ့ကြသည်။ တောင်စား မြောက်စားနှင့် ထမင်းများပင် ဆာကြရမှန်းမသိတော့တကား။ သို့သော် နွားထိုးကြီးမြို့ ရောက်လျှင် စားချင် ကြလေပြီ။

ဝဲလောင် အထွက်က ဝယ်စားလာသော အညာမုန့်ပျားသလက်တို့ကလည်း ကျေညက်စ ပြုလေပြီ။ မြင်းခြံ မြို့ထဲတုန်းက စားကြဖို့ ပြောရာ “မဆာသေး” ဆိုသော အဖော်များသည် နွားထိုးကြီးက အညာထမင်းကို ချင်ခြင်းဖြစ်ကြဟန်တူလေသည်။

“နွားထိုးကြီး”ဆိုသော အမည်မှာ မြန်မာပြည်တစ်ခွင်၌ အတော်ပင် ထင်ရှားခဲ့သော အညာမြို့ အမည် တစ်ခုပင်။ အညာသားလား၊ အညာက လာတယ်ဆိုလျှင် နွားထိုးကြီးကလားဟု အမေးခံရမြဲဖြစ်၏။ အညာ ၏ ဂုဏ်ပါဝါကို အတော်ဆောင်သော မြို့ပေတည်း။

နွားထိုးကြီးမြို့မှာ ဆီပေါ၊ ထန်းလျက်ပေါ၊ ပဲပေါသော အညာကုန်ကူးသန်းရောင်းဝယ် တင်ပို့ရာ အချက် အချာ ဌာနတစ်ခုဖြစ်သည့် အားလျော်စွာ ဆီနိုင်နိုင် ထည့်ချက်နိုင်သော မြို့ဖြစ်၍ ထမင်းဆိုင်များ၌ စိတ်တိုင်း ကျစားနိုင်ကြမည် ထင်သည်ဟု အဆိုပြုကြသည်။

ဟုတ်ပါသည်၊ ရွှေဖရုံသီးဝင်းဝင်း ကို ဆီနိုင်းချင်းနှင့် ချက်ထားပြီး၊ ပဲကြီးအိုးကပ်ကလည်း အိအိစက်စက်၊ ငါးပိ ချက် နှင့် တို့စရာများ၊ ခရမ်းချဉ်သီးနီနီနှင့် အအီပြေအောင် ချက်ထားသော ချဉ်ရည်ဟင်းများသည် ကြက် သားဆီပြန် ဟင်းခွက် အား မျက်နှာကလေးငယ်၍ နေရှာစေပါသည်။

ဒါကြောင့် ကြက်သားဟင်းကလေး သနားစရာဟုဆိုကာ ဝိုင်းနှိုက်လိုက်ကြသောကြောင့် ပန်းကန် ထောင့်က ကပ်နေသော တောင်ပံရိုးအဖတ်ကလေးပင် မကြွင်းမကျန်ရအောင် စောင်မကြည့်ရှု လိုက်ကြ ပြန်ရာ တက် တက်စင် ပြောင်သလင်းခါသွားရှာလေသတည်း။

နွားထိုးကြီးတွင် ထမင်းများ စားသောက်ပြီးနောက် ယနေ့ကျောက်ဆည် အရောက်သွားကြရပါမည်။

များမကြာမီ မြစ်သားမြို့ကို ဖြတ်ကျော်ခဲ့ရသည်။ မြစ်သားမှာ ရေမြေ အလွန်ကောင်းသောနယ်ဖြစ်၍ လူစားသုံး သည့် သစ်သီးသီးနှံများ ရောင်းချတင်ပို့ရန် မကုန်နိုင်၊ မခန်းနိုင် ထွက်သောဌာနဖြစ်ပါသည်။ ငရုတ် ကြက်သွန်ခင်းကြီးများသည် လည်းကောင်း၊ ငှက်ပျောခြံကြီးများသည်လည်းကောင်း၊ မျှော်မဆုံးနိုင် အောင် ရှိသောကြောင့် မီးရထားလမ်း၊ ကားလမ်းတို့မှ ထွက်ကုန်ပစ္စည်းများမည်မျှ သယ်ယူသွားစေကာမူ တောင်သူ ယာသမားတို့၏ ကာယစွမ်းအားဖြင့် ထွက်ပေါ်လာသော ကုန်ပစ္စည်းများက မဖြုံပါ။ မြန်မာပြည် တစ်နံ တစ်လျား၌ မြစ်သားထွက်ကြက်သွန်ဥနီကြီးများသည် ရောင်းပန်း များစွာလှသည်။ စားလို့ချိုသည်။ အခြား နယ် ကထွက်သော ကြက်သွန်နီမှာ မြစ်သားနယ်က လာသလောက် မကောင်းဟု နာမည်ရခဲ့လေ သည်။

ရှေးခေတ်ကဆိုလျှင် ကြက်သွန်နီဥကြီး ခွက်တစ်ဆယ်လျှင် တစ်ကျပ်လောက်ရှိသည်။ ယခုခေတ်ကတော့ တစ်ပိဿာ လက်လီဈေးသုံးကျပ် ထက်မနည်း၊ အလွန်ပေါလှပါမှ နှစ်ကျပ်အောက် မကျသေးပါ။ ဒီမျှ ဈေး တက် နေသော်ငြားလည်း ကြက်သွန် စိုက်ပျိုးထားသော လုပ်သားတို့မှာ အခြားသော စားဝတ်နေမှု စရိတ်များ ကြီးမြင့်ေနေသည့်အတွက် ဘဲစား ဘဲချေမျှ ဖြစ်နေကြကြောင်း သိရပေသည်။

လှောင်သူများ၊ ဈေးကစားသူများ၊ ခေါင်းပုံဖြတ် အမြတ်ရကြသလောက် တကယ်တမ်းကြက်သွန်ထုတ်လုပ် စိုက်ပျိုးသူ ကာယလုပ်သားတို့၌ မျောက်လောင်းမျှသာပါပဲ။

ငှက်ပျောဆိုလည်း ဒီအတိုင်းပါပဲ။

ရှေးက ဖီးကြမ်းငှက်ပျောတစ်ဖီး လက်လီသုံးပြား၊ လေးပြားရောင်းဈေးရှိ၍ ယနေ့ ဖီးကြမ်းငှက်ပျောတစ်ဖီး တစ်ကျပ်ကျော်စေကာမူ ငှက်ပျောစိုက်သမားကဖြင့် ကြက်သွန်လုပ်သားကဲ့သို့ပင် ဖြစ်နေပါသည်။

မြစ်သား လွန်လာလျှင် ရေဝန်းလမ်းဆုံသို့ ရောက်ခဲ့ပါသည်။ ရန်ကုန်-မန္တလေးသွား ကားလမ်းကြီးကို ဖြူးခနဲ တွေ့ရပြီး၊ လမ်းချင်းပေါင်းမိသောအခါ ကျောက်ဆည်ဘက်သို့ ဆက်ခဲ့ပါသည်။ တစ်ဘက်က ကျန်ရစ်သော မြို့က ကူမဲ ခေါ်ပါသည်။ မြစ်သား၊ ကူမဲ၊ ကျောက်ဆည်စသည်နယ်တို့မှာ လယ်တွင်း ကိုးခရိုင်၌ အလွန်ရေ မြေကောင်းသော ဌာနဖြစ်သည်။

သီးနှံအများနှင့် ဆန်စပါးများထွက်ရာ ဌာနကြီးပေ။ ရှေးပဝေသဏီက ဤဌာနကြီးအား မြန်မာ့ဆန်စပါး ထွက်ရှိရာ (ကျီ)ဟုခေါ်ကြပါသည်။ ယခု အခေါ်တော့ (ဆန်ဂိုဒေါင်ကြီး)ဆို ကြပါစို့။ မြေသြဇာ ကောင်းသော်လည်း ရေရှိမှ စိုက်ပျိုးမှ အောင်မြင်နိုင်သည်။ ဒီနယ်တစ်ဝိုက်၌ ” မြစ်ငယ်”၊ “ဇော်ဂျီ”၊ “စမုံ”၊ “ဆင်သေ”၊ “ပန်းလောင်” စသည့် ထိုထိုသော သဘာဝကပေးထားသည့် မြစ်များ၊ ချောင်း များက ရှမ်းရိုးမ တောင်ကြီး ကို မြစ်ဖျားခံ စီးဆင်းလာရာတွင်၊ မြန်မာဘုရင်နော်ရထာမင်းက စိုက်ပျိုးလုပ်ကိုင်စားသူ တောင်သူလယ်သမား လုပ်သားပြည်သူတို့ ရေဒုက္ခ အခက်အခဲ မရှိစေရန် တာတမံ ကြီးများ၊ တူးမြောင်း များ အသွယ်သွယ် အခန်းခန်း စီတန်းဖောက်လုပ် ပြုပြင်ပေးခဲ့တဲ့အတွက် မြေသြဇာ ထက်သန်တဲ့ နေရာမှာ ရေကလည်း ၁၂ ရာသီ အမြဲရနေကြတဲ့အတွက် သီးနှံများနှင့် ဆန်စပါးများ အားရ လောက်ဖွယ် ထွက်ရှိ ခဲ့ခြင်းဖြစ်ပါတယ်။

နော်ရထာမင်း လက်ထက်ကစပြီး ဒီလယ်တွင်း ကိုးခရိုင်နယ်မှာ တစ်သီးစာက နှစ်သီးစား၊ သုံးသီးစားရပြီး၊ သီးထပ်သီးညှပ်ဆိုတဲ့ စိုက်ပျိုးမှုတွေနှင့် ထာဝရ အကျိုးခံစားခဲ့ ကြသူများ ဖြစ်ခဲ့ကြပါတယ်။ ခုခေတ် တဖွဖွ တိုက်တွန်း နှိုးဆော် နေရတဲ့ နှစ်သီးစားတို့ သီးထပ်သီးညှပ်တို့ဆို တဲ့ လုပ်ရပ်များဟာ ကိုးခရိုင် နယ်သား တို့အဖို့တော့ အဆန်းတကျယ်မဟုတ်ကြပါ။ အစဉ်အလာ ရိုးရာလုပ် ရပ်တစ်ခုကဲ့သို့ လုပ်ကိုင်ခဲ့ကြသူများ ဖြစ် ပါတယ်။

ဒါတွေဟာ နောင် အနှစ်တစ်ထောင်မက ကမ္ဘာတည်သရွေ့ တိုင်းသူပြည်သားများ အကျိုးကျေးဇူး ခံစား သွား နိုင်အောင် ကြိုတင် မျှော်မြင်ကြံဆ လုပ် ကိုင်ပေးသွားတဲ့ မြန်မာဘုရင် နော်ရထာမင်းကောင်းမှုလို့ပဲ ဆိုထိုက် ပါတယ်။ ယနေ့ ကိုးခရိုင်နယ်က လူတွေ အားနော်ရထာမင်းက ထမင်းကျွေးထားခဲ့တာပဲလို့လည်း ယူဆ နိုင်ပါသည်။

နယ်ချဲ့ခေတ် အစိုးရများကလည်း ကိုးခရိုင် အဝင်အပါ ရှေးလက်ရာ တာတမံ ဆည်မြောင်းများကို ဆက် လက် စောင့်ထိန်း ပြုပြင်ခဲ့ကြရတယ်။ တိုးတက်ပြုလုပ်သင့်တာလည်း လုပ်ခဲ့ကြရတယ်။ လွတ်လပ်တဲ့ ပြည်ထောင်စု ဖြစ်လာတဲ့အခါမှာတော့သာပြီး ပိုင်ပိုင်နိုင်နိုင် ချဲ့ထွင်လုပ်ကိုင်နိုင်ခဲ့ကြတယ်။

တော်လှန်ရေးအစိုးရခေတ်မှာတော့ အထူးပြောစရာမလို၊ ပိုပိုမိုမိုပြီး ဦးစားပေးပြီး တောင်သူလယ်သမား ဦးကြီးတို့အတွက် အလေးအနက်ထားခဲ့သည့် အားလျော်စွာ တာတမံ ဆည်မြောင်းအဟောင်းများသာမက အသစ် အသစ် ဖြစ်သော ဆည်မြောင်းတာတမံ ကြီးများကိုပါ အားသွန်ခွန်စိုက် တိုးချဲ့တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ၊ တည်ဆောက်လတ္တံ့တွေဟာ ပြည်နယ်အနှံ့အပြား တွေ့မြင်ကြားသိနေရပြီးဖြစ်ရာ၊ မြန်မာ နိုင်ငံကြီး တစ်ဝှန်းလုံးမှာ လယ်တွင်းကိုးခရိုင်လို ရေမြေကောင်းပြီး တစ်တန်းတစားတည်း စိုက်ပျိုး လုပ်ကိုင် နိုင်ကြတော့မည်ဖြစ်ပါသည်။ တစ်ပြည်လုံး ဆန်ရေစပါး ပေါများကြွယ်ဝသော တိုင်းနယ် တွေချည်း ဖြစ်လာကြတော့မည်။ လူတွေရဲ့ လုပ်အား၊ ဝီရိယ၊ ဇွဲနှင့် လက်မှုလယ်ယာကနေပြီး စက်မှု လယ်ယာ တွေ ဖြစ်လာဖို့ပဲ လိုပါတော့သည်။

ကျောက်ဆည် နားတော့ နီးလာလေပြီ။

ရှမ်းရိုးမတောင်တန်းကြီးကို ကျောထောက်နောက်ခံထားပြီး စိမ်းလန်းသော လယ်ပြင်များက ကားလမ်း တစ်လျှောက် တွင် ကောက်ပင်နံ့ သင်းကြိုင်လျက် ရှိကြသည်။ မြန်မာပြည် အထက်ပိုင်းရှိ မော်တော်ကား လမ်းသည် ဤနေရာ တစ်လျှောက်၌ ပန်းချီကားပမာ အသာယာ ဆုံးဖြစ်ပါသည်။ တနင်္သာရီတိုင်းအဝင် မုပ္ပလင်က စ၍ မုတ္တမအဆုံး ဖောက်လုပ်ထားသော ကားလမ်းသည် လည်း တစ်ဘက်မှ တနင်္သာရီ ရိုးမ တောင်တန်းကြီး နောက်ခံထား၍ စိမ်းစိုသော လယ်ကွင်းများတွင် မေးတင် ဖောက်လုပ် ထားသောကြောင့် အလွန် လှပသာယာသည်။ သဘာ၀ သာယာမှု ရှုမြင်ကွင်းများမှာ သနင်္သာရီ ကားလမ်းနှင့် ကျောက်ဆည်-မန္တလေးကားလမ်းတို့ တူညီသကဲ့သို့ ပန်းချီဆန်ကြလေသည်။

ကျောက်ဆည်မြို့ထဲ ဝင်မိလျှင်တော့ ဖုန်တသောသောထ၍ နေပါတော့သည်။ လမ်းကကျဉ်းကျဉ်း၊ ဘတ်စ် ကားတွေရော၊ နွားလှည်းတွေရော၊ မြင်းလှည်းပါနှော၍ ဆိုက်ကားရော၊ ဆိုင်ကယ်ရော ဗရပွပေါလေတော့ ဖုန်မှုန့် တွေက တသောသော ထတာဟာ အဆန်းမဟုတ်တော့ပါ။ မြို့လယ်ကို ဖြတ်စီးသော ဇော်ဂျီ ချောင်း နှင့် ဈေးနားက ချောင်းတစ်ခုမှာလည်း ရေတွေ မနည်းပါ။ ရေပေါသော်လည်း ဖုန်လမ်းကို ရေမဖျန်း နိုင်လေ တော့ ကားတစ်စီး ပြေးရင်း ဖုန်တွေ ဖွေးဖွေးလှုပ်ရင်းနဲ့ပဲ စားစရာ ဈေးဆိုင်တွေ အိမ်တွေ ထဲ ဖုန်သဲနှင့် ကျုံး ပက်ခံရသလို ဖြစ်နေပေသည်။ မြို့ပြဆိုင်ရာ၌ သာယာသန့်ရှင်းအောင် ပြုပြင် နိုင်ကာမှ တော်ရုံကျပေမည်။

ပေယျာလကန်ထားလျှင် ရောဂါဥပဒ်လည်း များလာမည်။ ကျန်းမာရေးဌာနက ဆေးပေးလို့ လောက် နိုင်မည် မဟုတ်ပါတကား။

ကျောက်ဆည်မြို့ဟာ ရှေးအခါကတော့ စိမ်းစိမ်းစိုစိုနဲ့ အတော့်ကို သာယာခဲ့ဖူးပါသည်။ ကားတွေ လှည်း တွေ ယခုလို မများလို့လားမသိ၊ ဖုန်လည်း ဒီလောက်မရှိပါ။ ခုတော့ လူနေကလည်းများ အသွား အလာ ကလည်း ထူပြောပြီး ညှဉ်းဆိုးဆိုးကြီး ဖြစ်နေသလို သက်ကြီးအိုမြို့တစ်မြို့ ဖြစ်နေရှာလေပြီ။

စာရေးသူတို့ ကားကလေးသည် ဇော်ဂျီချောင်းနံဘေး မေးတင်ဆောက်လုပ်ထားသော တစ်ထပ်တိုက် ကလေး ၏ အတွင်းသို့ ဝင်ခဲ့လေသည်။ တိုက်ရှင်မှာ ဒေါ်မမကြီးဖြစ်ပါသည်။ ကျောက်ဆည်မြို့တွင် ကျောက်သေတ္တာကြီး ကို လူတိုင်းသိသလို ဒေါ်မမကြီးကိုလည်း လူတိုင်းသိပါသည်။ ရပ်ရွာအကျိုးဆောင် သယ်ပိုးသူ၊ အယုတ်အလတ်၊ အမြတ်မရွေး၊ လူတန်းစားမရွေး လူမှုကိစ္စ၊ ရပ်ရွာကိစ္စ ဆောင်ရွက်ပေးလေ့ရှိ သူ ဖြစ်သောကြောင့် ဒေါ်မမကြီးအား လူသိများရခြင်းပေ။

သူ၏ခင်ပွန်းသည် ဦးထွန်းတင်မှာ အစိုးရအရာရှိ ဝန်ထောက်တစ်ဦးဖြစ်၍ စစ်ကြီးဖြစ်ခါနီးကလေး၌ ကွယ်လွန်ခဲ့ရာ သားသမီး(၈)ယောက်ကို မုဆိုးမ အဖြစ်နှင့် ထိန်းသိမ်းစောင့်ရှောက်ပညာသင်ပေး မွေးမြူ ပြုစု နိုင်စွမ်းရှိခဲ့သူဖြစ်သည်။ ယခုအခါမှာတော့ သားသမီးတွေက အလုပ်အကိုင် ရာထူးဌာနတွေနှင့် အတောင် အလက် စုံကုန်ကြလေပြီ။ တည်တည်ငြိမ်ငြိမ် သူ့အိုး သူ့အိမ်နှင့် ရပ်မှုရွာရေး အလေးပေးနေသူ ဖြစ်ပါသည်။ ထို့ကြောင့် ကျောက်ဆည်မှာ ဒေါ်မမကြီးနှင့် ကျောက်သေတ္တာကို လူတိုင်း သိမြင် နေကြပါသည်။

ယင်း ဒေါ်မမကြီးမှာ စာရေးသူနှင့် ဆွေမျိုးမကင်း၊ ညီအစ်မဝမ်းကွဲတော်ပါသည်။ စကု-စလင်းမှ သူကောင်း ကြီးမျိုးရိုးက ဆင်းသက်လာသူ ပဋိကတ်တော်အုပ် မိုင်းခိုင်မြို့စား အတွင်းဝန်မင်း ဦးယံ၏ နှမအရင်းမှ ဆင်းသက် ခဲ့သော မြစ် ဖြစ်၍ စာရေးသူက မိုင်းခိုင်းမင်းမှ တိုက်ရိုက်ဆင်းသက်ခဲ့သော မြစ်ဖြစ်ပါသည်။ “မြစ်ဝမ်းကွဲညီအစ်မ” လို့ ခေါ်ရမလားမသိပါ။

သည်တစ်ခေါက် ကျောက်ဆည် ဒေါ်မမကြီးထံ ဝင်သည်ကတော့ အကြောင်းရှိပါသည်။ သူနှင့်အတူ ပင်းယ မြို့ဟောင်းသို့ သွားကြည့်ရန် ဖြစ်ပါသည်။

ပင်းယ မြို့တော်ဟောင်းကြီးသည် အင်းဝမြို့တော်ဟောင်းနှင့် တစ်စပ်တည်းလိုလို နီးစပ်ပါသည်။ တံတား ဦးမြို့မှာလည်း အင်းဝမြို့ဟောင်းအနီးတွင်ပင်ရှိပါသည်။ ဤတံတားဦးမြို့မှာလည်း လေ့လာစရာတွေရှိ သည်။ အင်းဝမြို့တော်ဟောင်းကြီးမှာ ဆိုလျှင်တော့ လေ့လာစရာတွေဟာ “ပြောမဆုံးပေါင် တောသုံးထောင်” ဆိုတဲ့ စကားလိုပါပဲ။

ပင်းယမြို့သည် ပုဂံခေတ်၏ နောက်မြီးနှင့် တစ်စပ်တည်းထင်ပေါ်လာသော မင်းနေပြည် မြို့ကြီးတစ်မြို့ ဖြစ်ခဲ့ဖူး ၍ ပုဂံခေတ်၏ အရိပ်အယောင် လက်ကြွင်းလက်ကျန်တွေ အထူး ပေါများခဲ့ဖူးပါသည်။