ကျောက်ဆည်မြို့၏အလှ
ကျောက်ဆည်မြို့၏ အလှအပတို့တွင် ရွှေသာလျောင်းတောင်ကြီးက အကောင်းဆုံးနေရာယူထားသကဲ့သို့ ရှိပါသည်။ ဗုဒ္ဓဘာသာတို့၏ အထွတ်အမြတ် ကိုးကွယ်ရာ ဘုရားစေတီများနှင့် ဇရပ်၊ တန်ဆောင်း၊ စောင်း တန်းအသွယ်သွယ်တို့က တင့်တယ်ခမ်းနားစွာ တည်ရှိပါသည်။
နော်ရထာမင်း၏ ကောင်းမှုတော် စေတီကြီးက တောင်ထိပ်တွင် တည်ရှိပြီး၊ လျောင်းတော်မူ ရုပ်ပွားတော် ကြီး ကျိန်းဝပ်စံနေတော်မူရာ အုတ်တန်ဆောင်းတော်ကြီးက တောင်ခုလပ်နေရာတွင်ရှိ၍ နာမည်ကျော် ကျောက်သေတ္တာကြီးကတော့ ကျောက်ဆည်မြို့ဘက် အစွန်းဆုံးနေရာတွင် တည်ရှိပါသည်။ ဈေးထဲမှနေပြီး မော်ကြည့်လိုက်လျှင် ကျောက်သေတ္တာကြီးမှာ တောင်အစွန်း၌ တဲတဲကလေးချိတ်နေသလို မြင်ရသည်။ ကြည့်ရင်းပင် ပြိုပြီး လိမ့်ကျလာမလိုလို ထင်ရသည်။ ကျောက်လုံးကြီး ထိပ်ပိုင်းတွင် အဖုံး သဖွယ် ကျောက် ပြားကြီး ရှိနေသည့်အတွက် သေတ္တာကြီးနှင့် အလွန်တူပါသည်။
ယခုအခါ စေတနာရှင်များက ကျောက်သေတ္တာပေါ်တွင် စေတီငယ်တွေ တည်ထားသောကြောင့် ကျောက် သေတ္တာကြီး၏ မူလ သဘာဝအလှကို အတော်ကြည့်ယူမှ ပေါ်လာပါတော့သည်။
ကျောက်ဆည်မြို့၏ အထူးခြားဆုံးသော ဌာနတစ်ခုမှာ “ဝေဘူချောင်”ဖြစ်ပါသည်။ မြန်မာပြည်လုံး ထင်ရှား ကျော်ကြားလျက်ရှိသော ဝေဘူဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူပါသည်။ ရွှေသာလျောင်း တောင်၏ ဘယ်ဘက် တောင်ကြောတစ်ခုလုံးမှာ ဝေဘူချောင်၏ ဇရပ်၊ တန်ဆောင်း၊ ကျောင်းကန် တို့ဖြင့် ဖွေးဖွေးဖြူ လျက်ရှိနေပါသည်။
ဝေဘူဆရာတော် ဘုရားကြီးအား ကြည်ညိုသဒ္ဓါ ရိုသေစွာနှင့် ကိုးကွယ်ဆည်းကပ်ကြကုန်သော တပည့်၊ ဒါယကာ၊ ဒါယိကာမ အပေါင်းတို့ ကောင်းမှုကုသိုလ် အများအပြားထဲမှ အထူးခြားဆုံးသော အလှူကုသိုလ် တစ်ခုမှာ ဆရာတော်ဘုရားကြီး ဝတ်ရုံတော်မူရန် လှူဒါန်းထားသော (ကြာသင်္ကန်း)တော်ဖြစ်ပါသည်။
ရှမ်းပြည်တောင်ပိုင်းမှ ဒါယိကာမများ ထူးခြားစွာ ကပ်လှူထားသော ကြာသင်္ကန်းတော် အစစ်ဖြစ်ပါ၏။ ရက် လုပ်သော ချည်မှာ ပိုးချည်၊ ဝါချည်များ မဟုတ်ပါ။ တကယ့် ပဒုမ္မာကြာမှ ရယူသည့် ကြာချည်မျှင်များနှင့် ခက်ခက်ခဲခဲ ရက်လုပ်လှူဒါန်းထားသော ပဒုမ္မာကြာသင်္ကန်းအစစ်ဖြစ်ပါသည်။
ထူးခြားသော ပါရမီရှင် ပုဂ္ဂုလ်ထူး ပုဂ္ဂိုလ်မြတ်အား ထူးခြားမွန်မြတ်သော အလှူဖြင့် ပူဇော်လှူဒါန်းသူတို့၏ ကုသိုလ်ကို သဒ္ဓါစိတ်ထူးခြားစွာဖြင့် သာဓုခေါ်ထိုက်လှပါသည်။
ကျောက်ဆည်မြို့မှတစ်ဆင့် သွားရသော ထူးခြားသည့် “ဓာတ်တော်တောင်စခန်း” တစ်ခုလည်း ရှိပါသေး သည်။ သရီရဓာတ်တော်များ ကိန်းဝပ်ရာ လိုဏ်ဂူကြီးသည် တောင်ခါးပန်းတွင် တည်ရှိ၍ လိုဏ်ဂူဝတွင် စရည်းပင်ကြီး ပေါက်ရောက်လျက် အလွန် ကြည်ညိုဖွယ်ရာတွေ့မြင်ရပါမည်။ တောင်ခြေတွင် သပြေပင် ခြေမှ ရေထွက်ရာကို “သပြေရေထွက်၊ ကတိုးရေထွက်” ဟူ၍ အံ့သြဖွယ်ရာ ရေထွက်နေသော နေရာများ လည်း ထူးခြားစွာ တည်ရှိနေပါသည်။ ဘုရားပွဲတော်အခါများတွင် လှည်းများနှင့် တပျော်တပါး သွားရောက် ဖူးကြရပါသည်။
ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်နှင့် မလှမ်းမကမ်း၌ တည်ရှိသော “မင်းမွေးတောင်” ကလည်း ရှေး ယခင်က ရာဇဝင်နှင့် ရှိ၍ ဥတေနမင်းကို မွေးသောတောင်ဟုပြောကြပါသည်။ ကောသမ္ဗီပြည်က ငှက်စွန် ကြီး ချီယူလာသော ကိုယ်ဝန်ဆောင် မိဖုရားကြီးသည် ဤမင်းမွေးတောင်သို့ ရောက်လာပြီး ရသေ့ကြီး အစောင့်အရှောက်နှင့် ဥတေနမင်းသားကို ဖွားကြောင်း၊ ဥတေနမင်းသားမှာ ဆင်များကို အလွန်နိုင်နင်း ကြောင်း၊ စောင်းတီးလည်း အလွန်ကောင်းသည်။ ဆင်များကို လာစေလိုလျှင် သွားစေ လိုလျှင် သူ၏စောင်း သံဖြင့် အချက်ပြကြောင်းအဆိုရှိ၏။
၎င်းမင်းမွေးတောင်ကြီး၏ သဘာ၀ အနေအထားကို ကြည့်ရှုရသည်မှာ ဆင်ကြီးတစ်ကောင် ဝပ်နေသည် နှင့် အလွန်တူ၏။ ဆင်ဦးကင်းနေရာ၊ ခြေလေးဖက် ကွေးနေဟန်များ သဏ္ဍာန် ပေါ်နေပေသည်။
ရှေးသရောအခါ ဗာရာဏသီခေတ်ကဆိုလျှင် ဤမင်းမွေးတောင်တစ်ဝိုက်မှာ စိမ့်ကြီး၊ မြိုင်ကြီး၊ ရိပ်ကြီး၊ တောတောင်နေရောင် မခသောတောကြီးမြိုင်လယ်ဖြစ်ဖွယ်ရှိပေသည်။
ဒါကြောင့်သာ ကောသမ္ဗီမိဖုရားကြီး ကမ္ဗလာနီစောင်ကြီး ခြုံပြီး ကိုယ်ဝန်ဆောင်ပီပီ နေစာလှုံနေသည်ကို သားတစ် မှတ်ပြီး ငှက်ဆင်ကြီးက သုတ်ချီယူလာခြင်းဖြစ်သည်။ ဤမင်းမွေးတောင်ရောက်မှ အသားတစ် မဟ်ုတ်မှန်းသိပြီး ချပစ်ခဲ့မည်။
မသေမပျောက် သစ်ပင်ခွကြားမှာ တင်နေရစ်တဲ့ မိဖုရားကို ရသေ့ကြီးက တွေ့ပြီး ကယ်ဆယ် စောင့်ရှောက် ထားခြင်းဖြစ်သည်။ ကောသမ္ဗီပြည် ဆိုတာလည်း အိန္ဒိယပြည် မြောက်ပိုင်းဆီမှာ ရှိ လေတော့ ဖြစ်နိုင်သည်ဟု ဆိုကြပြန်သည်။ ရှေးစကားကို ယုံကြည်လေးစားခြင်းမရှိသော ခုခေတ် လူများ အဖို့တော့ မယုံရင် ပုံပြင်ပဲဆိုကြရော့မည်။
ဘာပဲဖြစ်ဖြစ် ရှေးအစဉ်အလာအရကတော့ ကျောက်ဆည်နယ်က ဆင်ရုပ်ချိုးတဲ့ နေရာမှာဖြင့် အင်မတန် လက်ရာမြောက်ခဲ့ပါသည်။ “ဆင်ပွဲတော်” ဆိုသည်မှာလည်း အစဉ်အလာ လုပ်ခဲ့ကြပါသည်။
ရှေးအခါက ဆင်လည်း အင်မတန်မှ ပေါခဲ့တဲ့ နေရာဒေသဖြစ်ပါလိမ့်မည်။ ဆင်တွေနေနိုင်အောင်လည်း တောတောင်စိမ့်စမ်းကြီးပါလိမ့်မည်။
ယခု မျက်မြင်ရှုခင်းမှာတော့ မင်းမွေးတောင်မှာ သစ်ပင်ကြီး၊ ဝါးပင်ကြီး များ မရှိတော့သလို တွေ့မြင် နေရပါသည်။ ရှေးခေတ်နှင့်မတူ လူနေများလာသဖြင့် တောတွေရှင်းလင်းပြီး လယ်ယာစိုက်ခင်းတွေ ဖန်တီးကုန်ကြသည်နှင့် တူပါသည်။ ” မြန်မာအစ ကျောက်ဆည်က… “လို့ ယူဆ သူများအဖို့လည်း တစ်နည်း အားဖြင့် ဥတေနမင်းတို့ သားအမိက အစပြုပြီး ကျောက်ဆည်မှာ လာရောက် နေထိုင်ခဲ့ကြလို့ မြန်မာ တွေ အခြေစိုက်မိကြတာများ ဖြစ်ကောင်း ဖြစ်ဖွယ်ဟု ယူဆရလေမလား။
ဤသည် တွင် ကျောက်ဆည် ရာဇဝင်ခင်းနေ၍ မဖြစ်သေး၊ စာရေးသူတို့ ပင်းယမြို့ဟောင်းနေရာသို့ သွား ကြရ ပါဦးမည်။
ပင်းယသည် လည်းကောင်း၊ တံတားဦးသည် လည်းကောင်း၊ အင်းဝမြို့ဟောင်းသည် လည်းကောင်း တစ်ဆက်တစ်စပ်တည်းပင် ဖြစ်နေပါသည်။ ခါတိုင်းဆိုလျှင် အင်းဝမြို့ဟောင်းကို သွားပါက အမရပူရ ကား လမ်းအတိုင်း စစ်ကိုင်းတံတားကြီးအထိ လာရသည်။ တံတားကြီးအနီးရှိ သပြေတန်း ခံတပ်ဟောင်း နေရာ မရောက်မီ တစ်ခေါ်လောက်၌ အင်းဝဘက်ကူးသော ကူးတို့ဆိပ်သွား လမ်းခွဲရှိပါသည်။ မြစ်ငယ်မြစ် ၏ သောင်ပြင်ကြီးကို လှည်း၊ သို့မဟုတ် ၈ျစ်ကား၊ ဒေါ့ဂျစ်ကား စသည်တို့နှင့် သွားရပြီးမြစ်ကို ဖောင် ကူးတို့နှင့် ကားပါတင်ပြီး ကူးရမည်။ လူချည်း ကူးချင်လည်းကူးပြီး အင်းဝဘက်ဆိပ်ရောက်ခါမှ မြင်းလှည်း ငှား၍ သွား လိုရာ သွားနိုင်ပါသည်။
သို့သော် အလွန်ဆင်းရဲ ပင်ပန်းစွာ သဲထဲ ဖုတ်ထဲ ကုန်းရုန်းသွားရသည်။ နေကလည်း ပူလှသည်။ အညာနေ ဟာ အသားအရေထဲ ထိုးဖောက်ပူသည် မဟုတ်ပါလား။
ရတနာပုံ မင်းနေပြည်ဟောင်းကြီးကနေပြီး အမရပူရ မင်းနေပြည်ဟောင်းကြီးကိုဖြတ်၍ အင်း၀ နေပြည် တော်ဟောင်းကြီးသို့ တကူးတတန် လာရောက် လေ့လာလိုသူတို့အဖို့ အင်း၀ ကူးတို့ဆိပ်အကူးမှာဖြင့် ချာ တူးလန် လွန်း လှပါသည်။
အာဖရိက တောကြီးမျက်မည်းထဲ သွားရောက်လေ့လာရသည်ထက်ပင် လက်ဝင်ပြီး ပင်ပန်း ဆင်းရဲ လှဦးမည် ထင်သည်။
ဒါကြောင့် ယခုအခေါက် စာရေးသူတို့မှာ မန္တလေး-အမရပူရလမ်းဘက်မှ အင်းဝသို့ မလာတော့ဘဲ ကျောက်ဆည် မှ တစ်ဆင့် အင်းဝမြို့၏ ကျောဘက်သို့ ကားလမ်းနှင့် ဖြောင့်ဖြောင့်တန်းတန်း ဝင်ရောက်ကြ ပါတော့ မည်။
ေျကာက်ဆည်မှ တံတားဦးအထိ မိုင် ၂၀ ခန့် ကားလမ်းဟောင်းရှိပါသည်။ ဤကားလမ်းမှနေ၍ သွားပါ လျှင် မြစ်ငယ်မြစ်မှ ကူးတို့ မကူးရတော့ဘဲ အင်းဝမြို့ထဲ ဒုတ်ဒုတ်ထိ တန်းရောက်ပါသည်။
သို့ကြောင့် ၎င်းလမ်းမှ သွားလိုခြင်းဖြစ်ပါသည်။ ဒါပေမဲ့ အရင်တုန်းက ဒီလမ်းကိုမသွားရဲကြပါ။ သောင်းကျန်း ဆရာ တို့ အလွန် အန္တရာယ်ပေးသောလမ်းဖြစ်ပါသည်။ ခုတော့ ဒီနယ်နှင့်ဒီလမ်းမှာ ဘာမှ စိုးရိမ်စရာ မရှိတော့ကြောင်း၊ ကျောက်ဆည်မြို့ခံလူများ ပြောစကားအရ စိတ်ချလက်ချ ထွက်လာ ခဲ့ကြခြင်း ဖြစ်ပါသည်။
ထွက်လာသည်ဆိုလျှင်ပဲ ကျောက်ဆည်-တံတားဦး ကားလမ်းမှာ ဖြူးနေအောင် သာယာလှပါသည်။ ကား လမ်း ဝဲယာ တစ်လျှောက်မှာလည်း စိမ်းလန်းစိုပြည်နေသော စိုက်ခင်းများ၊ ကိုင်းခင်းများ၊ ဥယျာဉ်ကြီး များနှင့် ရွာငယ်ကလေးများကို မပြတ်ရအောင် တစ်ခုပြီးတစ်ခု ဖြတ်ကျော်လာခဲ့ကြရပါသည်။ ကျောက်ဆည် ၏ ကျောဘက်နှင့် ပင်းယ၊ တံတားဦး၊ အင်းဝမြို့ဟောင်းများ၏ ကျောဘက်သည် တစ်ဆက် တစ်စပ်တည်း တည်ရှိနေသည်ကို တွေ့မြင်နေရပါသည်။