ပင်းယမြို့နေရာ
ရှေ့မလှမ်းမကမ်း၌ မြင်နေရသော ဘုရားပြို ဘုရားပျက်များကို ဒေါ်မမကြီးက ညွှန်ပြပါသည်။ အဲဒါ ပင်းယ မြို့ဟောင်းနေရာပါပဲဟုဆိုသည်။
ကားပေါ် မှ လှမ်းမြင်ရစဉ်၌ ရုတ်တရက်ဆိုလျှင် ပုဂံမြို့ပျက်ကြီးတစ်နေရာသို့ ရောက်လာလေသလားဟု အထင် မှား မိပါသည်။
ရှေးမြန်မာလုပ် အုတ်ပြားနီနီကြီးတွေနှင့် တည်ဆောက်ထားသော ကုလားကျောင်းခံ ဘုရားပျက်တွေ၊ ဘုရား ပြိုတွေ နေရာအနှံ့အပြားရှိနေပါသည်။ မဟာရံတံတိုင်းပျက် အုတ်ပုံတွေက ချင်းချင်း နီလျက် ရှိသည်။ ကုလားကျောင်းခံ အုတ်ရိုးစေတီများမှာ အပေါ်ပိုင်းမှ အထွတ်ကျိုးလျက် တချို့ပြိုကျနေသော အုတ်ရိုး စေတီ နေရာတွင် ထုံးဖြူဖြူ စေတိင်အသစ်နှင့် ဖြစ်နေသော်လည်း အောက်ခံ ကုလားကျောင်း အုတ်တိုက် ပျက်ကြီး များက တောင်ကမူကလေးများနှယ်ခံထားဆဲပင်ဖြစ်သည်။
အချို့များ ကုလားကျောင်း အုတ်တိုက်ပျက်ကြီးက အုတ်ပုံတောင်ကမူ တောင်ကတုံးများကို ဖြစ်ချင်သလို ဖြစ်၍၊ ပျက်ချင်သလို ပျက်နေကြပါသည်။ အားလုံးကိုခြုံ၍ ကြည့်လိုက်မည်ဆိုပါက ပုဂံမြို့က ဘုရားတွေ နှင့် ပုံစံအတူတူပဲဖြစ်နေပါသည်။
ပုဂံမြို့ရှိ ဓမ္မရံကြီးဘုရား၊ ထီးလိုမင်းလိုဘုရားစသည့်အင်္ဂတေမလွှမ်း၊ အုတ်ပြားနီနီတွေ သရိုးကိုင်ထားပုံမျိုး အတိုင်း တည်ရှိပါသည်။ ကုလားကျောင်းခံ လိုဏ်ဂူဘုရားများ၌ စေတီအထွတ်တင်ထားပါသည်။ တစ်မျှော် တစ်ခေါ် အပျက်အစီးတွေ ကြည့်ရင်း၊ ကြည့်ရင်း ရှေးဖြစ်ဟောင်းများအပေါ်၌ မြော် ခေါ် တွယ်တာခြင်း ကြောင့် နှမြောတသမဆုံးဖြစ်မိပါသည်။
ဘုရားဟောင်း၊ ကျောင်းဟောင်းများကို ထိန်းသိမ်းစောင့်ရှောက်လိုမှုမရှိဘဲ၊ ဘုရားသစ် ကျောင်းသစ် တွေကိုသာ တတ်နိုင်လျှင် တတ်နိုင်သလို အလှူဒါနပြုလေ့ရှိသော ကိုယ့်မြန်မာများ အယူအဆကို အား မလို အားမရဖြစ်မိခဲ့ရပါသည်။
ပုဂံမြို့ရှိ ရှေးဟောင်းဘုရားပုထိုး လက်ကျန်များကို ဆိုင်ရာအစိုးရတို့က ထိန်းသိမ်းစောင့်ရှောက်ထားသလို၊ ပင်းယမြို့ဟောင်း က ဘုရားပုထိုးများကို ထိန်းသိမ်းစောင့်ရှောက်မှုမရှိခဲ့၍သာ ဤမျှ ပျက်စိးကုန် ရလေ သလား ဟု စဉ်းစားမိပါသည်။
စင်စစ်အားဖြင့် ပင်းယမြို့သည် ပုဂံခေတ်ကပင် မြို့တည်ရှိ၍ ပုဂံခေတ် နောက်ပိုင်းဆီတွင် ပုဂံ၏ ယဉ်ကျေး မှုအတိုင်း ဆက်သွယ်တည်ရှိခဲ့သော ဘုရားပုထိုးများ၊ ထီးနန်းအသုံးအဆောင်များဖြစ်ပါသည်။ ယင်းသို့ ပုဂံ နှင့် ပင်းယ တစ်ဆက်တည်း ဆက်သွယ်နွယ်ယှက်ဖြစ်ထွန်းခဲ့သည့် ယဉ်ကျေးမှု အရပ်ရပ်မှာ ပုဂံ ၏ ယဉ်ကျေးမှုနှင့် မျဉ်းတစ်ပြေးတည်းဖြစ်ခဲ့ပါလျက် ပျက်ခြင်းမလှ ပျက်စိးခဲ့ရသည်မှာ နောက်လူတို့၏ ဥပေက္ခာ ဆန်မှုကြောင့်သာထိုမျှ အပျက်နာရသည်ဟု ဆိုချင်ပါတော့သည်။
ပင်းယမြို့၏ ရာဇဝင်ကလည်း တစ်ခန်းတစ်ကဏ္ဍရှိခဲ့ပါသည်။ ယဉ်ကျေးမှု အပြည့်အဝနှင့် ကြီးပွား ခဲ့ ရသော မင်းနေပြည် မြို့တော်ကြီးလည်းဖြစ်ခဲ့ပါသည်။
သက္ကရာဇ် ၆၄၈ ခုနှစ်တွင် ပုဂံပြည်၌ နရသီဟပတေ့မင်းကြီး နတ်ရွာစံလွန်တော်မူလျှင် သားတော် ဒလစား ကျော်စွာက ထီးနန်းဆက်ခံသိမ်းချုပ် မင်းလုပ်တော်မူရာ၊ ခမည်းတော် လက်ထက်က သူကောင်းပြုထား သော ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာ၍ သြဇာအာဏာ ကြီးမားလှသူ “အသင်္ခယာ၊ ရာဇသင်္ကြံ၊ သီဟသူ” ဆို သော ရှမ်းညီနောင်သုံးဦးရှိလေသည်။
၎င်းတို့ သုံးဦး တွင် အသင်္ခယာအား မြင်စိုင်းမြို့၊ ရာဇသင်္ကြံအား မက္ခရာမြို့၊ သီဟသူအား ပင်လယ်မြို့ များကို ပေးပြီးလျှင် မြို့စားချီးမြှောက်သူကောင်းပြုတော်မူထားပြန်ပါသည်။
၎င်းပုဂံပြည် ဘုရင်ကျော်စွာသည် မင်းအဖြစ်ကိုရ၍ ကာလရှည်ကြာလျှင် မိဖုရားစောကို အတိုင်အပင်မရှိ မေ့လျော့ နေတော်မူသဖြင့် မိဖုရားစောက စိတ်နာ၍ ရှမ်းညီနောင်သုံးဦးတို့နှင့် တစ်စိတ်တစ်ဝမ်းတည်း တိုင် ပင်ပြီး၊ မြင်စိုင်းအရပ်တွင် ဘုရားဂူကျောင်းကြီးကျယ်စွာ စီရင်စေသည်။ ပြီးလျှင် မိဖုရားစောသည် မင်းကြီး (ဘုရင်ကျော်စွာ)အား စိတ်နှလုံးနှစ်သက်ပျော်ရွှငဖွယ် သာယာလှသည့် လယ်တွင်း တစ်ဆယ့် တစ်ရွာ ကို ကြည့်ရှုတော်မူရန် ထွက်ချီပါဟု လှည့်ပတ် လျှောက်ထားသည်။ မင်းကြီးယုံကြည်တော်မူ၍ စစ်အင်္ဂါလေးပါး နှင့် ချီတက်တော်မူသည်။
သာလျောင်း ဘုရားတောင်ထိပ်သို့ ရောက်သောအခါ ရှုမျှော်တော်မူလျှင် မြင်စိုင်းအရပ်၌ ဂူကျောင်းတို့ကို မြင်၍ အဘယ်နည်းဟု မေးသောအခါ မိဖုရားစောက “အရှင်မင်းကြီး၏ ကျွန်တော်မျိုး ရှမ်းညီနောင် သုံးဦး တို့ ကောင်းမှုဖြစ်ပါသည်။ ကြွတော်မူ၍ သာဓ ခေါ်တော်မူပါ” ဟု လျှောက်ထားသည်။
ဘုရင်ကျော်စွာ ယုံကြည်တော်မူ၍ ကြွတော်မူသဖြင့် မြင်စိုင်းသို့ ရောက်လျှင် ရှမ်းညီနောင်သုံးဦးက မင်းကြီးကို ဖမ်း၍ အတင်းအဓမ္မခေါင်းရိတ်လျက် သင်္ကန်းဝတ်စေပြီး ထိုကျောင်းတွင် အစောင့် အရှောက် နှင့် ထားလေ၏။
ထိုအခါမှစ၍ ပုဂံမင်းဆက်ပြတ်ကာ ရှမ်းညီနောင်သုံးဦးအလုံးအရင်းများစွာနှင့် အသင်္ခယာက မြင်စိုင်း၊ ရာဇသင်္ကြံက မက္ခရာ၊ သီဟသူက ပင်လယ်မြို့များ ထပ်မံ တည်ထောင်ပြီး တစ်ဆယ့်လေးနှစ်တိုင်တိုင် ညီညွတ်စွာ မင်းလုပ်ခဲ့ကြသည်။
ထို့နောက် ညီအလတ် ရာဇသင်္ကြံကံကုန်သည်။ ကျန်ညီနောင်နှစ်ဦးအချင်းဖြစ်ပွားသည်။ ညီငယ် သီဟသူ က နောင်ကြီး အသင်္ခယာကို အဆိပ်ခတ် လုပ်ကြံပြီးနောက် တစ်ဦးတည်း ဘုရင်အဖြစ်ခံယူရန် ဝိဇယပူရ ဘွဲ့ချီ သောပင်းယမြို့ကို တည်တော်မူသည်။ ပြီးလျှင် နန်းဖွင့်အပ်သော အစီအရင်ကို မသိသောကြောင့် ပုဂံပြည် မိဖုရားစောကို ပင့်၍ မိဖုရားအစီအရင်ဖြင့် တစ်ပြိုင်နက် (သီရိတြိဘဝနာဓိတြာ ပဝရသီဟသူရ ဓမ္မရာဇာ) ဘွဲ့ကိုခံ၍ ဘိသိက်မြှောက်ပြီးလျှင် မင်းကျင့်တရားနှင့် ညီညွတ်စွာ တိုင်းပြည် သာယာဝပြောအောင် အုပ်ချုပ်တော်မူလေသည်။
ပင်းယမြို့ကို တည်စဉ် ရွှေစည်းခုံ ဘုရားရှင်မြေကို တူးရာ ရွှေအဆင်းကဲ့သို့ရှိသော အရိုး၊ အခက်၊ အရွက် နှင့် တကွ ရွှေပန်းပင် တစ်ပင်မြေတွင်းမှ ရရှိ၍ “ပန်းရ”ဟုခေါ်တွင်သည်။ နောက်မှ ရွေ့လျောသဖြင့် “ပင်းယ”ဟူ၍ အမည်တွင်လေသတည်း။
ယင်း သီဟသူ စတင် တည်ထောင်ခဲ့သော ပင်းယမြို့သည် သက္ကရာဇ် ၇၂၆ ခုနှစ်၊ ဥဇနာပျောင်မင်း လက်ထက်အထိ နှစ်ပေါင်းခုနှစ်ဆယ်နီးပါးရှိသည်။ ဥဇနာပျောင်မင်းကို သတိုးမင်းဖျားက လုပ်ကြံ၍ ကံကုန် ပြီးနောက် ပင်းယမင်းဆက် ပြတ်ခဲ့လေသည်။ သတိုးမင်းဖျားသည် အင်းဝမြို့ကို တည်သောကြောင့် မင်းနေ ပြည်ပင်းယမြို့မှာ တဖြည်းဖြည်း တိမ်ကောလာခဲ့ခြင်းဖြစ်လေသည်။
ပင်းယမြို့ကို စတင်တည်ထောင်သူ ဘုရင်သီဟသူသည် ပင်းယမြို့နှင့် ဆယ်မိုင်ခန့်ကွာဝေးသော လင်းယဉ် ရွာသူမကလေးလေး တစ်ယောက်အမေကို နှစ်သက်မြတ်နိုး၍ ကောက်ယူတော်မူပြီး “ရတနာပုံဒေဝီ” ဟူ သော ဘွဲ့တံဆိပ်နှင့် မိဖုရားမြှောက်ခဲ့ဖူးသော ဘုရင်ဖြစ်သဖြင့် ရှေးခေတ်က စာဆိုသူ ပညာရှင် တို့၏ အိမ် ထောင်ရေးစံပြတေးထပ်များရေးစပ်ခံခဲ့ရသော ဘုရင်လည်း ဖြစ်ခဲ့ပါသည်။
ယင်းသို့ ရွှေထီးရွှေနန်း ရွှေကြငှန်းနှင့် လျှမ်းလျှမ်းတောက်ခဲ့သော မင်းနေပြည် ပင်းယမြို့ကြီးမှာ ယခုအခါ ရွာနေရာ ပင် လက်ညှိုးညွှန်စရာမကျန် ဘုရားပြိုင်၊ ဘုရားပျက်နှင့် အုတ်ပုံနီနီများ၊ မြင်မကောင်းအောင် ပြန့် ကျံနေသော ရှုမြင်ကွင်း တစ်ခုမျှသာ ဖြစ်နေပါတော့သည်။
ဤနေရာသည် တစ်ချိန်တစ်ခါတုန်းက ရွှေရောင်ဝင်းဝင်းနှင့် မင်း၊ မင်းများစံရာ ရွှေဘုံရွှေနန်း အဆောင်ဆောင် အခန်းခန်းတွင် စုလစ်မွန်းချွန် တံခွန်မှန်ကင်း ရွှေထီးတဝင်းဝင်း ရှိခဲ့ဖူးသည်ဟုဆိုလျှင် ဒဏ္ဍာရီ ပုံပြင်သာ ထင်မှတ်ကြပေလိမ့်မည်။
ရာဇဝင်မော်ကွန်းကင်းမဲ့၍ မည်သူမျှ လှည့်မကြည့်ချင်သည့် အုတ်ပုံပျက်နီနီတို့သာ ပါတကား။
ပင်းယခေတ်၏ ယဉ်ကျေးမှု ထီးသုံးနန်းသုံး၊ ခမ်းနားပုံ၊ အနှုန်းအဖွဲ့များကို မျက်ဝါးထင်ထင် သိမြင်လေ့လာ နိုင်ရန် သက္ကရာဇ် ၆၇၄ ခုနှစ်ပင်းယ သီဟသူမင်း လက်ထက်က စာဆိုခဲ့သော … အောက်ပါ တျာဘွဲ့သီချင်း တစ်ပုဒ်ဖြင့် အကဲဖြတ်နိုင်ပါလိမ့်မည်။
ပင်းယခေတ် တျာဘွဲ့သီချင်း။ ။ ခါးပတ်တော်မှာ ရွေခြည်စုံ၊ မှိုင်းလုံး ရွှေဝတ်လုံ၊ မလုံသာ ချမ်းအေးမြ၊ မိုး သောက်က ရောင်ပြူလာတယ်ကို၊ ထိပ်ပန်းပန်ငယ်၊ မြင်းခင်းကြွပါလို့လေး၊ အလှငယ် လာမည့်လမ်းငယ်ကို၊ မျှော်ယောင်တမ်း လို့လေး၊ ယမန် ယမန်လည်တွင်၊ မြင်ပါလိုက်ကဲ့မယ့်ထိပ်တင်၊ မြင်းတဲ့မြင်းဖြူသျှောင်တွင် လေတင့်ဆုံး၊ နားမှာသာ ပန်းကြက်ရုံးငယ်နှင့်လေး …။
သျှောင်လုံးနားတွင် အပြည့်သာဆင် …၊ မြင်ပင် မြင်လိုက်ပါစလေး …၊ ရွှေနန်း ငွေနန်းသူ … ငယ်မူ ငယ်ရာ သားနှင့်၊ သနားချစ်စရာလေတည့်၊ သနားချစ်စရာ …။
ပင်းယမြို့ဟောင်းဟာ ပုဂံခေတ်မှ တိုက်ရိုက်ဆက်နွယ်လာသော ဘုရင်နန်းစိုက်ရာ မြို့တော်ဖြစ်ခဲ့တဲ့ အတိုင်း ပုဂံခေတ်ရဲ့ လက်ငုတ်လက်စတွေ အများအပြား ပြုံဆင်းရပ်တည်လာခဲ့တဲ့ မြို့တော်ကြီးဖြစ်ခဲ့ သည့်အားလျော်စွာ ယနေ့ တွေ့မြင်နေရသေးတဲ့ ဘုရားပုထိုး အပြိုအပျက်လက်ကျန် အနည်းငယ်တို့ကို ကြည့်ရှုရခြင်းအားဖြင့် ပုဂံ၏ ပုံစံတွေအများကြီး ရှိနေပါသည်။
ပုဂံ၏ ယဉ်ကျေးမှုတွေကို ပင်းယက ပခုံးပြောင်းယူလိုက်ခြင်းပင်ဖြစ်ပါမည်။ ပုဂံ၏ ဘာသာရေး၊ ပုဂံ၏ နန်း တွင်းယဉ်ကျေးမှု၊ ပုဂံ၏ ဆင်ယင်ထုံးဖွဲ့မှု၊ ပုဂံ၏ စာပေ၊ ပုဂံ၏ ဂီတ ကဗျာ၊ ပုဂံ၏ ပန်တျာ၊ ပုဂံ၏ လူမှု ဆက်ဆံရေးအဖြာဖြာသည်။ ဤပင်းယခေတ်မှာ လာရောက်စုရုံး အခြေခံလျက် တစ်ဆင့်တက်၍ အခက် အလက် ဆက်လက် ဝေဆာ ရှင်သန်ဖွံ့ဖြိုးလာခဲ့ရမည်မှာ မလွဲမသွေ ဖြစ်ပါလေသည်။
ပင်းယတွင် ချအပ်ခဲ့သော မြန်မာ့ယဉ်ကျေးမှု အုတ်မြစ် အခြေခံတို့သည် ပထမ အင်းဝခေတ်က ဆက်ခံ၍ တစ်ရှိန်ထိုး ဝေဖြိုးမောက်ကြွ တောက်ပဝင်းထိန်ခဲ့ရပြန်လေသည်။
သီဟသူမင်း ပင်းယမြို့ကို မတည်မီက အင်းဝမြို့ကို တည်ကြည့်သေးသည်။ ၄ ကြိမ်တိုင်တိုင် ပျက်ခဲ့ရ သည်ဟုဆို၏။ ပထမ အကြိမ် ရေကြီးသည်၊ လိပ်သတ၁တဝါများ အိမ်တိုင်းတက်လာသည်။ ဒုတိယ အကြိမ် မှာ ငါးကြီးတွေ အိမ်တိုင်းတက်၍ ပျက်ရပြန်သည်ဆို၏။
ထိုခေတ်က လူများ ငါးကို ဟင်းချက်မစား ကြရော့လား မေးစရာ။ ယခု ခေတ်များ ငါးတို့ လိပ်တို့ အိမ်ပေါ် တက်လာလျှင် ဈေးဖိုးသက်သာ လို့ ဝမ်းမြောက်ဝမ်းသာ ဖမ်းဖမ်း ချက်စားလိုက်ကြမယ့် ဖြစ်ခြင်း။ ငါးတက် လို့ မြို့ပျက်ရတယ်များ ရှိသေးတော်လို့ … သရော်ချင်လည်း သရော်ကြပါလေဦးမည်။
တတိယနှင့် စတုတ္တအကြိမ်မှာလည်း လူများ နာဖျား သေပျောက်ရှိကြသောကြောင့် မနေဝံ့၍ မြို့ပျက်ရသည်။ ၄ ကြိမ်တည်၍ ပျက်ရသောကြောင့် အင်းဝမြို့ကို မြို့တည်ခြင်းမှ ရပ်ဆိုင်းပြီး နေရာရွှေ့ ပြောင်းကာ ပင်းယမြို့ကို တည်ရခြင်းဖြစ်ပါသည်။
ပင်းယမြို့နေရာကို တူးဆွရာ ရွှေပန်းပင် ရရှိသောကြောင့် နိမိတ်ကောင်းသည်ဟု နှစ်သက်ကြသည်။ မြို့တည်ပြီး ၂ နှစ်ခန့် ရှိသောအခါ စမုံမြစ်တွင် ဆင်ဖြူမ အသေတစ်စီးမျောလာသည်ကို ဆယ်ယူပြီး ကျား ကန် မ ထူ၍ ရတနာက တင်ပြီး၊ ဘုရင် သီဟသူ တက်စီးကာ တစ်စီးရှင်အမည် ခံယူသောကြောင့် ” တစ်စီး ရှင် သီဟသူ” ဟု ရာဇဝင် တွင်ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာရှင်ဘုရင်များသည် ဆင်ဖြူတော်ကို အလွန်စုံမက် နှစ်သက်ကြသည်။ ဆင်ဖြူရှင်ဘွဲ့ခံရမှ ဘုန်းကံကြီးမားတန်ခိုးထွားသည်ဟု အယူအစွဲ ရှိကြသည်။ ဒါကြောင့် ဆင်ဖြူ အရှင်မရလျှင် ဆင်ဖြူ အသေကိုပဲ စုံစုံမက်မက် တက်စီးပြီး ဆင်ဖြူရှင် ဘွဲ့နှင့် အလားတူ တစ်စီးရှင် ဘွဲ့ခံယူခြင်းဖြစ်ရပါမည်။
တစ်စီးရှင် သီဟသူ၏ တောင်နန်း မိဖုရားကြီးမှာ မိဖုရားဖွားစော၏ စောနန်းနှင့် တရုတ်ပြေးမင်း၏ သမီး မိစောဦးဖြစ်သည်။ ယင်း မိစောဦးသည် နန်းကျဘုရင် ကျော်စွာ၏ မိဖုရားဖြစ်ခဲ့ဖူးသည်။ ၎င်းမိစောဦးကို တစ်စီးရှင် သီဟသူမင်းက “ဖွားစော” ဟူသော အမည်ကိုပေး၍ တောင်နန်း မိဖုရား မြှောက်ခြင်း ဖြစ်ပါသည်။ သို့ကြောင့် “ဖွားစော” ဟူသော အမည်သည်လည်း ထိုခေတ်က အမွန်အမြတ် ထားသော အမည်တစ်ခု ဖြစ် ခဲ့ရမည်ဖြစ်ပါသည်။ သို့ကြောင့် “ဖွားစော”ဟူသော အမည်သည်လည်း ထိုခေတ်က အမွန်အမြတ် ထားသော အမည်တစ်ခုဖြစ်ခဲ့ရမည်ဖြစ်ပါသည်။ ဖွားစောကြီးနှင့် ဖွားစောကလေးလည်း ခဏခဏ မှားတတ်ကြသည်။
ဖွားစောကလေးနှင့် တစ်စီးရှင်တို့မှ သားတော် သုံးပါး ဖွားမြင်လေသည်။ ပထမသားတော် ခုနှစ်ကျောင်း ဒါယကာ ဥဇနာ၊ ဒုတိယသားတော် ငါးစီးရှင်ကျော်စွာ၊ တတိယသားတော် နော်ရထာတို့ ဖြစ်ကြသည်။
မြောက်ဘက် လင်းယဉ်ရွာသူ မုဆိုးမ ကလေးတစ်ယောက်မိခင်ကို ကောက်ယူ၍ ရတနာပုံဒေဝီဟု မြောက် နန်းမိဖုရားမြှောက်ရာမှာ သားတော်တစ်ပါးနှင့် သမီးတော်တစ်ပါးဖွားမြင်သည်။ သားတော်မှာ စစ်ကိုင်းမြို့ တည်”အသင်္ခယာ စောယွမ်း”ဖြစ်၍၊ သမီးတော်မှာ “စောပုလဲ” ဖြစ်သည်။ နောက် တောင်တွင်း သီဟပတေ့ ၏ မိဖုရားဖြစ်သွားသည်။
ပင်းယမြို့တည် တစ်စီးရှင် သီဟသူ၏ အရေးပါသော ချစ်သော မိဖုရားတို့မှာ အပျိုမဟုတ်ကြပေ။ မိဖုရားကြီး မိစောဦးမှာ အပျိုမဟုတ်သော်လည်း တရုတ်ပြေးမင်း၏သမီးတော် ကျော်စွာ ဘုရင်၏ မိဖုရား ဟောင်းဖြစ်၍ မင်းရိုးရာမပျက် ဆောင်နှင်းခဲ့ခြင်းဖြစ်၏။ မြောက်နန်းမိဖုရား ရတနာပုံဒေဝီမှာ မုဆိုးမ၊ အရပ် သူကလေးမျှနှင့် ကံကောင်းထောက်မသွားခြင်းဖြစ်သည်။ ဘုရင်ကိုလည်း “အဆင့်အတန်းမခွဲ၊ လူတန်းစား မရွေး၊ အချစ်ကို အရေးပေးသောဘုရင် ” ဟု စာဆိုရှင်ပညာရှိများက ဥဒါန်းတင် ရေးသား ခဲ့ ကြပေသည်။
ယင်းပင်းယမြို့တည် တစ်စီးရှင် သီဟသူဘုရင်သည် နန်းသက် ၂၂ နှစ်၊ သက်တော် ၅၅ နှစ်တွင် အနိစ္စ ရောက် သွားလေသည်။ တစ်စီးရှင်သီဟသူ၏ သားတော် ဥဇနာ ထီးနန်း ဆက်ခံရသည်။
ဥဇနာ ထီးနန်းစံ၍ ဆယ်နှစ်ရှိသောအခါ ညီတော် ကျော်စွာကို နန်းလွဲှပေးရသည်။ ထိုညီတော် ကျော်စွာကား ဆင်ဖြူ ငါးစီးရသူဖြစ်၏။ ဆင်ဖြူတစ်စီးရှိလျှင်ပင် အင်မတန် ဘုန်းကြီးသည်ဟု ယူဆခဲ့ရာ၊ ယခု ဆင်ဖြူငါးစီး ပိုင်ရှင်ကြီး ဖြစ်သောကြောင့် ဘုန်းတော်ကြီးသည်ဟု ယူဆခဲ့ရာ၊ ယခု ဆင်ဖြူငါးစီး ပိုင်ရှင်ကြီး ဖြစ်သောကြောင့် ဘုန်းတော်ဒဏ် မခံဝံ့၍ နောင်တော်ကြီးက ထီးနန်း လွဲှအပ် လိုက်ရလေခြင်း ပင် ဖြစ်သည်။
ငါးစီးရှင် နန်းစံ၍ ၉ နှစ်ရှိလျှင် အနိစ္စရောက်သည်။ သားတော်ကျော်စွာ ထီးနန်း ဆက်ခံရသည်။ အဖေလည်း ကျော်စွာ၊ သားတော်လည်း ကျော်စွာ၊ နာမည်ချင်းတူကြ၍ တစ်ခါတစ်ခါ မှားစရာပင်ဖြစ်၏။ သားတော် ကျော်စွာ နန်းစံ၍ ၁၀ နှစ်ရှိလျှင် အနိစ္စရောက်ပြန်သည်။
ဤအခါ ၎င်း၏ညီတော် နရသူ ထီးနန်းဆက်ခံပြန်သည်။ နန်းစံ၍ ၃ နှစ် ရှိသောအခါ မောရှမ်းတို့ ဖမ်းယူ သဖြင့် နန်းကျရရှာသည်။
နရသူ နန်းကျသောအခါ အစ်ကိုအကြီးဆုံး ဥဇနာပျောင်က နန်းဆက်ပြန်သည်။ ဥဇနာပျောင်မှာ အစ်ကို အကြီးဆုံးဖြစ်၍ ရှေးဦးစွာ နန်းမွေရထိုက်သော်လည်း ခြေတစ်ဖက် မသန်သောကြောင့် နန်းဆက်မခံရခြင်း ဖြစ်သည်။ ယခု ညီတွေ မရှိမှ သူ၏အလှည့်အကြုံရခြင်းဖြစ်သည်။ သို့ပေမင့် ကံမကောင်းရှာပါ။ ထီးနန်းစံရ ၍ သုံးလမျှသာရှိပါသေး၏။ သတိုးမင်းဖျားက သူ့အား နန်းမှချလိုက်ပြီး ပင်းယမြို့ကြီးကို သိမ်းယူခြင်းခံရပါ သည်။
ပင်းယမြို့တည် တစ်စီးရှင် သီဟသူ၏ သားမြေး မင်းဆက်သည် ခြောက်ဆက်မြောက်၊ ဥဇနာပျောင်မင်း လက်ထက်တွင် စခန်းသိမ်းခဲ့ရပြီး ပင်းယမြို့ကြီးလည်း ပျက်ခဲ့ရတော့သည်။
သတိုးမင်းဖျားသည် ပင်းယမြို့ကို ရရှိသိမ်းပိုက်ပြီးနောက်၊ ပင်းယမြို့မှာ တစ်လသာစံနေပြီး ဆက်လက် မနေဘဲ အင်းဝမြို့ကို တည်ထောင်ခဲ့လေသည်။
တစ်စီးရှင် ၄ ကြိမ် တည်၍ မရခဲ့သောအင်းဝမြို့ကို သတိုးမင်းဖျားတည်သောအခါ အောင်မြင်ခဲ့သည်။
ပင်းယ တစ်စီးရှင်၏ သားတော်တစ်ပါး ကျန်သေးသည်။ သူသည်ကား လင်းယဉ်ရါာသူ မုဆိုးမ ရတနာဒေဝီ နှင့် တစ်စီးရှင်တို့မှ မွေးဖွားသော အသင်္ခယာစောယွမ်းခေါ် မင်းသားပင်။
တစ်စီးရှင်၏ မိဖုရားကြီး သားတော်သုံးပါးအနက် ငါးစီးရှင်ကျော်စွာက ပင်းယမြို့ကို ထီးနန်းဆက်ခံချိန်တွင် အသင်္ခယာ စောယွမ်းက စစ်ကိုင်းမြို့သစ်ကို တည်ထောင် မင်းပြုနေပြီးဖြစ်သည်။
စစ်ကိုင်း အသင်္ခယာ စောယွမ်းသည် နန်းစံသက် ၈ နှစ်တွင် အနိစ္စရောက်သည်။ ကျန်ရစ်ခဲ့သော သားတော်သုံးပါး၊ သမီးတော် တစ်ပါးဖြစ်သည်။
သားသုံးပါးမှာ ၁။ ကျစွာ။ ၂။ မင်းရဲကြီး၊ ၃။ တရာ့ဖျား၊ ၄။ သမီးတော် စိုးမင်းကိုယ်တော်ကြီးတို့ဖြစ်သည်။
စစ်ကိုင်းမင်းဆက်သည် ပင်းယ မင်းဆက်ထက် တစ်မင်းသာသာသည်။ ပင်းယက မင်းခြောက်ဆက်နှင့် ပျက်သည်။ စစ်ကိုင်းက ခုနစ်ဆက်နှင့် ပျက်ခဲ့သည်။ စစ်ကိုင်း ပျက်ရသည်မှာလည်း သတိုးမင်းဖျား၏ လက် ချက်ပင်ဖြစ်၏။
သတိုးမင်းဖျားသည် စစ်ကိုင်း၊ ပင်းယ။ အင်း၀ သုံးပြည်ကို အုပ်ချုပ်မင်းပြုခဲ့သည်။ သူတို့ တစ်ဆွေတစ်မျိုး အနွယ်တစ်သိုက်ထဲမှာ ဗိုလ်ကျလာခဲ့သူလည်းဖြစ်၏။ ကြံရည်၊ ဖန်ရည်၊ ဉာဏ်ရည် အမျိုးမျိုးသုံး၍ လက်ရုံး ရည် တိုက်ပွဲ၊ နှလုံးရည် တိုက်ပွဲမျိုးကလေးတွေနှင့် တွန်းထိုးရုန်းကန် တက်လာရသူဖြစ်လေသည်။ သို့သော် သတိုးမင်းဖျား၏ အင်း၀ မင်းဆက်သည်လည်း ၇ ဆက်နှင့်ပင် စခန်း သိမ်းသွားရချေသည်။ အင်းဝ၌ မိုးညှင်း မင်းဆက်ဟူ၍ တစ်ဆက်တံခွန်ထူခဲ့ပြန်လေသည်။ ၎င်း မိုးညှင်း မင်းဆက်က ၁၃ ဆက်ဖြာခဲ့ပါသည်။
ယင်းသတိုးမင်းဖျား၏ ပထမ အင်းဝမင်းဆက်နှင့် မိုးညှင်းမင်းဆက်တို့၏ အဖြစ်အပျက်ကလည်း စိတ် ဝင်စားဖွယ် အသွယ်သွယ်နှင့်ပဲဖြစ်ပါသည်။ ဒါတွေကို အသေးစိတ် မရေးနိုင်သော်လည်း “ကျွန်းဦးတည့် သန်လျက်ခုံ” ခရီးတွင် အင်းဝ၏ စိတ်ဝင်စားဖွယ် အသွယ်သွယ်ကိုတော့ တတ်နိုင် သလောက် ရေးသား တင်ပြသွားရ ဦးမည်သာဖြစ်ပါသည်။
စာရေးသူတို့ ကားသည် ပင်းယမြို့ဟောင်းကြီးကို ကျော်ဖြတ်ကာ ဆက်လက်မောင်းနှင်လာခဲ့ပါသည်။
မကြာမတင်ပင် ရေမြေတစ်စပ်တည်းသို့ တည်ရှိသော အင်းဝမြို့အဝင် မရောက်မီ ရှေးဦးစွာ တွေ့ရသော မြို့မှာ တံတားဦးမြို့ဖြစ်ပါသည်။
ယင်းတံတားဦးမြို့မှာတော့ လက်ရှိ မြို့အင်္ဂါနှင့် အစုံအလင်ရှိပါသည်။ ရုံးနှင့် ဂါတ်နှင့်၊ ဆေးရုံနှင့် ကျောင်း နှင့်၊ ဈေးရုံနှင့် ပြည်သူ့ဆိုင်နှင့်၊ ဘူတာရုံနှင့် ပ-လ-က၊ ပ-ရ-လ၊ က-လ-သ-ဖ၊ လ-အ-က၊ န-လ-က၊ လ-လ-သ-သ စသော ဆိုရှယ်လစ်ခေတ်၏ မရှိမဖြစ်သော ဌာနဆိုင်ရာအသီးသီး ပြည့်ပြည့်၀၀ စုံညီ လှ ပါသည်။ မြို့ မယ်မှာရှိသော တံတားဦး မင်္ဂလာစေတီကြီးကလည်း ကြည်ညိုစဖွယ် သပ္ပာယ်ပါဘိချင်း။
တံတားဦးမြို့ကတော့ ပင်းယ အင်း၀ တို့လောက် ရှေးကျခဲ့သော မြို့ မဟုတ်ပေမင့် တံတားဦး မင်္ဂလာ စေတီ ကို အကြောင်းပြုလို့ တစ်ကြောင်း၊ ကုန်းဘောင်ခေတ်၌ အင်းဝနေပြည်တော် ပြန်လည် စည်ကားပြီး နန်းမတော် မယ်နု အုတ်ကျောင်းကြီးနှင့် ပူးတွဲထင်ရှားခဲ့တဲ့ မင်းသားကြီး ဦးအိုရဲ့ အုတ်တံတားကြီး အဆုံး မှာ တံတားဦးမြို့ တည်ရှိနေတဲ့အတွက် ထင်ရှား ကျော်ကြားလာရခြင်းဖြစ်ပါသည်။ ယနေ့ခေတ်မှာတော့ ပင်းယ၊ အင်း၀ တို့က ဇနပုဒ်ဖြစ်ပြီး တံတားဦး က စည်ကားတဲ့မြို့ဖြစ်လို့နေပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ တူမများဖြစ်တဲ့ တံတားဦးမြို့ ကုန်သွယ်ရေး မန်နေဂျာ မောင်သိန်းအေး၊ ဇနီး နုနု၊ အစ်မ ဒေါ်မြင့်မြင့်တို့ကလည်း တံတားဦးမြို့ တစ်ဝိုက် လိုက်လံပြသခြင်း ကျွေးမွေး ပြုစုခြင်း များကြောင့် ကျေးဇူးတင်ရပါသည်။
သို့နှင့် ကြွင်းကျန်နေသေးတဲ့ အင်းဝကို ပထမစတင်တည်ထောင်တဲ့ မင်းဆက်ကို ရေးရပါဦးမည်။