ကျွန်းဦးတည့်သံလျှက်ခုံ

အင်းဝမင်းဆက်

အင်းဝကို စတင်တည်ထောင်သူ သတိုးမင်းဖျားဟာလည်း တခြားသူဟုတ်ပါရိုးလား၊ ပင်းယမြို့ကို စတင် တည်ထောင်မင်းလုပ်ခဲ့တဲ့ သီဟသူမင်းနှင့် လင်းယဉ်ရွာသူ မုဆိုးမ ရတနာပုံဒေဝီတို့ရဲ့ မြစ် ဖြစ်ပါတယ်။

ရတနာပုံဒေဝီ၏သား၊ စစ်ကိုင်းအသင်္ခယာမင်းရဲ့သမီး၊ စိုးမင်းကိုယ်တော်ကြီးရဲ့သားဖြစ်ပါတယ်။

စိုးမင်းကိုယ်တော်ကြီးအား တကောင်းမင်းရိုးမှ ဆင်းသက်လာတဲ့ သတိုးမျိုးမင်းသားနှင့် စုံဖက်လို့ ဖွားမြင်တဲ့ သားဟာ သတိုးမင်းဖျားဖြစ်ပါတယ်။ မြန်မာထီးနန်းရှင်များဟာ တကောင်းမင်းရိုး သတိုးနွယ် များကို အလွန် မြက်နိုးလေ့ရှိပါတယ်။ သို့ကြောင့် သတိုးမင်းနွယ်များကို ကြိုကြိုကြားကြားက ရှာကြံပြီး ဖြစ်နိုင် သမျှ အမျိုး ဆက်လေ့ရှိကြပါတယ်။

ဒါကြောင့် အသင်္ခယာမင်းဟာ သမီးတော် စိုးမင်းကိုယ်တော်ကြီးအား သတိုးနွယ်မင်းသားနှင့် လက်ထပ် ထိမ်းမြား ခဲ့ သဖြင့် သားတော် သမီးတော်များ ထွန်းကားသောအခါ သားတော်ကြီးကို သတိုးမင်းဖျား ဟူသော အမည်ကိုပေးပြီး သတိုးအမည်ကို ပြန်လည် ဖော်ထုတ်ခဲ့ခြင်းဖြစ်ပါတယ်။ သတိုးမင်းဖျားအောက် နှမတော် နှစ်ယောက် ရှိပြီး အားလုံးမောင်နှမ သုံးယောက် ထွန်းကားပါတယ်။

သတိုးနွယ် မင်းသား ကွယ်လွန်သောအခါ စိုးမင်းကိုယ်တော်ကြီးမှာ ဒုတိယမြောက် မင်းပြောက်နှင့် ထိမ်းမြား ၍ မင်းပြောက်က စစ်ကိုင်းထီးနန်းကို ဆက်ခံရရှိပါတယ်။

ဆင်းရဲသားပြော ပြောရရင် … မင်းပြောက်ဟာ သတိုးမင်းဖျားရဲ့ ပထွေး တော်ပါတယ်။ ပထွေးတော်က သတိုးမင်းဖျား အား တကောင်းမြို့ကို မြို့စားပေး၍ အုပ်ချုပ်စေပါတယ်။

အဲဒီအချိန်မှာ ပင်းယ နရသူမင်းက စစ်ကိုင်းကို တိုက်ပေးပါလို့ ကိုးသိန်းသခင် သိုချည်ဘွားကို ပြောလို့ သိုချည်ဘွား အလုံးအရင်းနဲ့ ချီလာရာ သတိုးမင်းဖျားက တကောင်းမှ ခံတိုက်သော်လည်း မနိုင်ခဲ့လို့ သိုချည်ဘွားက ဖမ်းမိလိုက်ပါတယ်။

သို့သော် ပရိယာယ်ကောင်း၍ လွှတ်လိုက်သောအခါ ပထွေးရှိရာ စစ်ကိုင်းသို့ ရောက်လာပါတယ်။ ပထွေး တော်မင်းပြောက် က စစ်နိုင်အောင် မတိုက်ကောင်းလားလို့ အမျက်ရှပြီး သတိုးမင်းဖျားကို ကြခတ်ဝရာသို့ ပို့ ထားလိုက် တော့တယ်။

သိုချည်ဘွား စစ်တပ်က စစ်ကိုင်းရောက်လာ၍ ဝန်းရံလုပ်ကြံတဲ့အခါ မခံနိုင်ဘဲ ပျက်ပြန်တာကြောင့် ပထွေး မင်းပြောက် ဟာလည်း ကြခတ်ဝရာကိုပဲ ထွက်ပြေးခဲ့ရပြန်ပါတယ်။

ပင်းယနရသူမင်း ကိုလည်း သိုချည်ဘွားကပဲ တိုက်ခိုက်ပြီး ဆင်ဖြူတော် သုံးစီးနဲ့အတူ ရှမ်းပြည်ကို ယူသွား ခဲ့ပါတယ်။ သူ့လျှင်ဖျက်တော့ ကိုယ်ပင်ပျက်ဆိုသော စကားအတိုင်း ဖြစ်ရပေတယ်။

တကယ် ဆိုတော့ ပင်းယနရသူမင်းနဲ့ သတိုးမင်းဖျား မိခင်တို့မှာ ပင်းယတစ်စီးရှင် သီဟသူ၏ မြေးများပင် ဖြစ်ကြပါ လျက် ပင်းယနရသူက စစ်ကိုင်းကို ပျက်အောင် ကြံခြင်းကြောင့် သူပါ ပျက်ရရှာလေ သတည်း ပေါ့။

အဲ … သည်တွင် မနေသေးပါ၊ နရသူ မောပြည်ပါသွားလျှင် ကျန်ရစ်သော နောင်တော် မစွမ်းမသန် ဥဇနာ ပျောင်က ပင်းယထီးနန်းဆက်ခံ၍ သုံးလမျှကြာလျှင် ကြခတ်ဝရာမှာ ရှိနေတဲ့ သတိုးမင်းဖျားဟာ သူ့ရဲ့ ပထွေး စစ်ပြေး မင်းပြောက် ကို လုပ်ကြံပစ်လိုက်ပြီး လူသူဆင်မြင်း စုဆောင်းကာ ပင်းယသို့ စစ်ချီလာခဲ့ပါ တယ်။

ဥဇနာပျောင် ကို လုပ်ကြံပြီး မိဖုရားစောဥမ္မာနဲ့ ပင်းယတွင် တစ်လ မင်းပြုနေပြီးမှ အင်းဝမြို့ကို ပထမ စတင် တည်ထောင်ခြင်းဖြစ်ပါတယ်။ ဤတွင် သတိုးနွယ်သွေးဖြစ်သူ သတိုးမင်းဖျား၏ ထီးနန်းအနွယ် စတင် ခဲ့ခြင်း ဖြစ်ပါသည်။

သတိုးမင်းဖျား၏ ပထွေး မင်းပြောက်ဟာလည်း တခြားသူတော့ မဟုတ်ပါ၊ ပုဂံပြည်က တရုတ်ပြေး မင်း မိဖုရား ဖွားစော အစ်မတော် မြေးပါတည်း။ စစ်ကိုင်းအသင်္ခယာစောယွမ်းမင်း ကံကုန်လျှင် သားတော် ကျစွာမင်း နန်းတက်သည်။ ကျစွာ အနိစ္စရောက်လျှင် ညီတော် မင်းရဲကြီး နန်းဆက်ခံသည်။ မင်းရဲကြီး အနိစ္စ ရောက်ပြန်ရာ ညီတော် ဆင်ဖြူရှင်တရဖျားငယ် နန်းတက်သည်။ တရဖျား အနိစ္စရောက် သောအခါ မှ နွယ်တော် စိုးမင်းကိုယ်တော်ကြီး၏ ကြင်ရာတော် မင်းပြောက်က ထီးနန်းဆက်ခံခြင်းဖြစ်ပါသည်။

ပင်းယမှာ သူတို့ညီနောင် တစ်စု နန်းဆက်ခံကြသလို စစ်ကိုင်းမှာလည်း အသင်္ခယာမင်းကြီး၏ သားမြေး များ အစဉ်အလိုက် ဆက်ခံစိုးစံကြသည်ကို ပင်းယနရသူက စတင်ပြီး မလိုတမာပြုမှုကြောင့် နွားကွဲ ကျားကိုက် ခံရ ခြင်းပင်တည်း။

ပုဂံပျက်ပြီးချိန် မှ စ၍ အစိတ်စိတ်အမြွှာမြွာ ကွဲ၍၊ သူတလူ ငါတမင်းနှင့် ဆွေမျိုးချင်းချင်း စစ်ခင်း ခဲ့ကြသော ကိစ္စ၊ အားနည်းသူအား အားကြီးသူက လွှမ်းမိုးဝါးမျိုလိုသော ဆန္ဒနှင့် အားပြိုင်၍ နေကြရသည် မှာ နားရ သည်ပင် မရှိအောင် ဖြစ်ခဲ့ရလေသည်။

သို့နှင့် အင်းဝကို ပထမစတင်တည်ထောင် မင်းပြုခဲ့သူ သတိုးမင်းဖျား နန်းသက်လေးနှစ်နီးပါး ရှိသောအခါ အနိစ္စ ရောက်၍ ယောက်ဖတော် အမြင့်မင်း စော်ကဲမင်းဖြစ်ပါသည်။

မင်းကြီးစွာ စော်ကဲမှာလည်း ပုဂံမင်းမျိုး၏ သွေးနှင့် ပင်းယမင်းမျိုးတို့ သွေးမှ ဆင်းသက် ဖွားမြင်သူ ဖြစ်ပါသည်။

မင်းကြီးစွာစော်ကဲ၏ ခမည်းတော်မှာ “မင်းလျှင်စော”ဖြစ်၍ မင်းလျှင်စောသည် ပုဂံပြည်၏ နောက်ဆုံး ဘုရင် နန်းကျမင်းကျော်စွာ၏ သမီးတော်နှင့် တောင်တွင်း လူထွက်ကြီးတို့၏သားဖြစ်ပါသည်။

မင်းကြီးစွာ စော်ကဲ၏ မယ်တော်မှာ ပင်းယတစ်စီးရှင် သီဟသူ၏ သမီးတော် စောပုလဲနှင့် တောင်ထွင်း ပွင့်လှဦးတို့မှ ဖွားမြင်သော ရှင်မိမြတ်လှဖြစ်ပါသည်။

ထို့ကြောင့် မင်းကြီးစွာစော်ကဲသည် ပင်းယတစ်စီးရှင် သီဟသူနှင့် ပုဂံနန်းကျဘုရင် ကျော်စွာတို့၏ မြစ် ဖြစ် ပါသည်။ မင်းကြီးစွာစော်ကဲ၏ မိဖုရားများမှာ အင်း၀၀သတိုးမင်းဖျား၏ နှမ ၂ ယောက် သီဟိုဠ်ရောက် ကျောင်းဒါယိကာမ နှင့် ညီမတော် မြောက်ကျောင်းဒါယိကာမတို့ ဖြစ်သောကြောင့် သတိုးမင်းဖျား၏ အင်းဝထီးနန်း ကို ဆက်ခံနိုင်ခြင်းဖြစ်ပါသည်။

အင်းဝထီးနန်းကို ပင်ပင်ပန်းပန်း တည်ထောင်ခဲ့ရသော သတိုးမင်းဖျား ခမျာမှာ ထီးနန်းသက် ၄ နှစ်ပြည့် အောင်ပင် မခံစားရသော်လည်း ယောက်ဖတော် မင်းကြီးစွာမှာတော့ ထီးနန်းသက် ၃၃ နှစ်၊ အသက် ၇၀အရွယ် အထိ ဘုရင်အဖြစ် ကာလကြာရှည်စွာ ရပ်တည်နိုင်ခဲ့ပါသည်။ မင်းကြီးစွာစော်ကဲမှာ ရာဇဝင် တွင် အင်မတန် စနစ်ဇယားကျသော စည်းကမ်းရှိသော ဘုရင်တစ်ပါးဟု ကျော်စော ထင်ရှားခဲ့ပါသည်။ တစ်ဗိုလ် တစ်မင်း ခေတ်ကိုလည်း တည်ငြိမ်လာအောင် ဖန်တီးနိုင်စ ပြုလာပေသည်။

သတိုးမင်းဖျား၏ နှမတော်များ ဖြစ်သော မိဖုရားနှစ်ဦးတွင် သားတော် သမီးတော်များ မထွန်းကားခဲ့၍ သတိုး သွေးဆက် ပြတ်သွားခဲ့ရပြန်၏။

အခြားသော မိဖုရားများ ဖြစ်ကြသူ ရမည်းသင်းစား သီလဝ၏ နှမတော်မှ သားတော် ဆင်ဖြူရှင် တရဖျား ၁၊ နှမတော် စောခွေး ၂၊ ညီမတော် မင်းပျံ ၃၊ ညီမတော် စောဦး ၄၊ ညီမတော် မင်းစော်ကဲ ၅၊ သားတော် ၁၊ သူစုတော် ၄၊ ပေါင်း ၅ ပါးဖွားမြင်သည်။

ကန်စွန်းနိမ့် သူ အသည်သမီးကို မိဖုရားမြှောက်ရာမှ သားတော် ရှင်ဆွေမင်းခေါင် အမည်ခံသူ ၁၊ ညီတော် ရှင်သိဒ္ဓတ် သီရိဇေယျသူရ ၂၊ နှမတော် မင်းလှမြတ် (သူပဘာဒေဝီခံ၍ ရာဇဓိရာဇ်၏ မိဖုရားဖြစ်သွားသူ) ၃၊ သားတော် ၂၊ သမီးတော် ၁၊ ပေါင်း ၃ ပါးဖြစ်လေသည်။

တရုတ် အသည်သမီး ကိုယ်လုပ်တော်တွင် သားတော် ရာဇသူ ၁၊ နှမတော် မင်းကဲ ၂၊ သားတော် သမီးတော် နှစ်ပါး ဖွားမြင်လေသည်။

မိဖုရား ၃ ဦးမှ စုစုပေါင်း သားသမီး ၁၀ ပါး ထွန်းကားရစ်ရာ အကြီးဆုံးသားတော် အိမ်ရှေ့မင်း ဆင်ဖြူရှင် တရာ့ဖျားက ထီးမွေနန်းမွေ ဆက်ခံရလေသည်။

ဆင်ဖြူရှင် အမည်ခံရခြင်းမှာ ထိုမင်း ဖွားတော်မူသောနေ့၌ အောက်မတွင် ဆင်ဖြူတော်ကလေး မွေးသော ကြောင့် “ဆင်ဖြူရှင်” တွင်ခြင်းဖြစ်ပါသတဲ့။ အောက်မ ဆိုသော ဆင်မည်းမတွင် ဆင်ဖြူကလေး မွေးခြင်းမှာ ထူးခြားသည်ဆိုရန် ရှိပါသည်။ ဆင်ဖြူ ဆိုသည်မှာ တောတွင်း၌ ရှားရှားပါးပါး မွေးရခြင်း ဖြစ်ပါလျက်၊ မြို့ နေအလုပ်သမဆင်မည်းတစ်ကောင်က ဆင်ဖြူ မွေးပြလိုက်ခြင်းမှာ ဖြစ်တောင့် ဖြစ်ခဲပေမို့ တစ်ကြောင်း၊ ဆင်ဖြူ ကြိုက်လွန်း၍ ဆင်ဖြူသေကိုပင် ကျားကန် တက်စီးပြီး၊ တစ်စီးရှင်ခံသော အချိန်မျိုး ဖြစ်၍ ဆင်ဖြူရှင် ဘွဲ့ တင်လိုက်သည်မှာ ထိုက်တန်၍ တင်သည်ဟုပင် ဆိုရမည် ဖြစ်တော့၏။ ၎င်းဆင်ဖြူရှင် တရာ့ဖျားမင်း ၏ မိဖုရားခေါင်ကြီးမှာ ဦးကြီးတော် ရမည်းသင်းစား သီလဝ၏ သမီးတော် ပင် ဖြစ်၍ မောင်နှမဝမ်းကွဲပင် တော်လေသည်။

သားတော် သမီးတော်တို့မှာ သားတော်ကလေး ကျေးတောင်ညို ၁၊ သမီးတော် ၁၊ ပေါင်း ၂ ပါးဖြစ်ပါသည်။ ဆင်ဖြူရှင် တရာ့ဖျားမင်းသည် နန်းသက် မရှည်ရှာပါ။ ထီးနန်းဆက်ခံ၍ (၇)လ အရောက် အသက် ၃၂ နှစ် နှင့် ၇လတွင် သူ၏ အထိန်းတော် တကောင်းစား နောက်ဆံ လုပ်ကြံ၍ ကံတော် ကုန်ရရှာ လေသည်။

၎င်းနှစ် ၇၆၃ ခုတွင် ညီတော် ပထမ မင်းခေါင် မင်းအဖြစ် ဆက်ခံရလေသည်။ မိဖုရားမှာ ဆင်ဖြူရှင် တရာ့ ဖျား၏ နှမတော် စောခွေး ၁၊ ညီမတော် မင်းပျံ ၂ဖြစ်၍ အဖေတူ အမေကွဲ နှမများပင် တော်စပ်သည်။ ၎င်းမိဖုရားနှစ်ပါးမှာ သားတော် သမိးတော်မထွန်းကားလေ။ မောမင်းသမီးတော် ရှင်မိနောက် မှ သားတော် မင်းရဲကျော်စွာ ၁၊ နှမတော် ရခိုင်မိဖုရား ရွှေပြည်ချမ်းသာ ၂၊ မောင်တော် ဆင်ဖြူရှင် သီဟသူ ၃၊ ညီတော် မင်းသားညို ၄၊ (သားတော် ၃၊ သမီးတော် ၁)၊ ပေါင်း ၄ ပါးဖြစ်ပါသည်။

သိဃ်သူငယ် သမီးတော် ရှင်ဘို့မယ်မှ သားတော် သမီးတော် မမြင်၊ တောင်တွင်းမင်းသမီး ရှင်မိမြတ်နှင့် အတွင်းသင်းမှူး သမီး ကိုယ်လုပ်တော်တို့တွင်လည်း သားသမီး မဖွားမြင်ကြလေ။

ဘုရင်မင်းခေါင်သည် ထီးနန်းကို ၂၁ နှစ်စိုးစံ၍ သက်တော် ၅၀ တွင် အနိစ္စရောက်ပါသည်။

၇၈၄ ခုနှစ်တွင် သားတော် အိမ်ရှေ့မင်း သီဟသူ ထီးနန်းဆက်ခံပါသည်။ မိဖုရားမှာ မရီးတော်ဖူးသူ စောမင်း လှဖြစ်သည်။ သားတော် မင်းလှငယ် ၁၊ နှမတော် စောပြည့်ချမ်းသာ ၂၊ ပေါင်း ၂ ပါးဖြစ်သည်။

ခမည်းတော်၏ မိဖုရား ရှင်ဘို့မယ်ကိုလည်း မိဖုရားပြန်မြှောက်သည်။ တလိုင်းမင်း ရာဇာဓိရာဇ်၏ သမီးတော် ရှင်စောပုကိုလည်း မိဖုရားမြှောက်သည်။ ဆင်ဖြူရှင် သီဟသူသည် ထီးနန်း ၃ နှစ်သာ စံရပြီး သက်တော် ၃၁ နှစ်တွင် အောင်ပင်လယ် အရပ်၌ ရှမ်းတို့ လုပ်ကြံ၍ အနိစ္စရောက်ရလေသည်။

သက္ကရာဇ် ၇၈၇ တွင် သားတော် မင်းလှငယ် မင်းဖြစ်သည်။ သက်တော် ၉ နှစ်မျှရှိသူ ကလေးရွယ် ဖြစ်သည် ။ ထီးနန်းဆက်ခံ၍ ၃ လ ရှိသောအခါ မိဖုရားရှင်ဘို့မယ် ဆေးခတ်လုပ်ကြံ၍ အနိစ္စ ရောက်ရသည်။

သက္ကရာဇ် ၇၈၇ ခုတွင် ကျေးတောင်ညို မင်းဖြစ်သည်။ မိဖုရားမှာ ရှင်ဘို့မယ်ဖြစ်၍ သားတော် သမီးတော် မဖွားမြင်။ စော်ဘွားသမီး မိဖုရားတွင် သားတော် သောင်ငယ်ကို ဖွားမြင်သည်။ ကလေးကျေးတောင် ညိုမင်း လည်း သက်တော် ၄၀၊ ထီးနန်းသက် (၇)လ၊ ၄၁ နှစ် အဝင်။ ရခိုင်သို့ ထွက်ပြေးရင်း လမ်းခရီး၌ အနိစ္စ ရောက်ရှာလေသည်။

ဤတွင် သတိုးမင်းဖျားမှ စ၍ မင်းဆက် (၇)ဆက်မြောက်ရှိသောအခါ အင်း၀ မိုးညှင်းမင်းဆက်အသစ် ဖြစ်ပေါ် လာခဲ့ပြန်သည်။

အင်းဝခေတ်၏ ပထမပိုင်းတွင် တည်ငြိမ်မှု ရှိလာခဲ့သော မင်းကြီးစွာစော်ကဲ လက်ထက်တွင် တစ်ဗိုလ်တစ် မင်းတွေ သည် မင်းကြီးစွာကို လေးစားကိုင်းရှိုင်းလာသည်မှ အစပြုပြီး တိုင်းပြည်ကြီး တည်ငြိမ်ခဲ့ရာမှ ပထမ မင်းခေါင် လက်ထက်တွင်ကား ဆထက်ထမ်းပိုး တိုင်းပြည်တိုးတက်စည်ကားလာခဲ့သည်။

ပထမမင်းခေါင်၏ သားတော် မင်းရဲကျော်စွာသည် ” ရာဇဝင်ကျော် စစ်ဘုရင်သူရဲကောင်း ” တစ်ပါးဖြစ်ကြောင်း ယနေ့ထိ လူတိုင်း သိရှိခဲ့ပြီးဖြစ်ပါသည်။

ဘုရင်မင်းခေါင် လက်ထက် အင်းဝပြည်ကြီး ဘုန်းမီး နေလ၊ ကြက်ပျံမကျချိန်တွင် အောက်ပြည် ဟံသာဝတီ ပြည် မွန်တလိုင်းတို့ ရပ်ဌာနီကြီးတွင်လည်း မွန်ဘုရင် ရာဇဓိရာဇ်တို့နှင့် ဘုန်းမီး နေလ ထွန်းပ ယှဉ်ပြိုင်လျက်၊ ဘုရင်မင်းခေါင်နှင့် ရာဇဓိရာဇ်တို့ နှစ်ပြည်တစ်ပြည် ရွှေလမ်း ငွေလမ်း ဖောက်ထားပြီး တစ်ဦးနှင့် တစ်ဦး သမီးပေးလျက် သားမက် အပြန်အလှန်တော်ကာ ချစ်ကြည်လေးစားစွာ နေလာကြပါ သည်။

မွန်နှင့် မြန်မာသည် ညီအစ်ကိုချင်း ရင်းနှီးခဲ့ကြသည်။ မောရှမ်းပြည်နှင့်လည်း ညီရင်းအစ်ကိုကဲ့သို့ သွေး ဆက်လျက်ပင် ရှိခဲ့လေသည်။ ဘုရင်မင်းခေါင်၏ မိဖုရားတစ်ပါးဖြစ်သော ရှင်မိနောက်သည် မောမင်း (ရှမ်း) ၏ သမီးတော်ဖြစ်ပါသည်။

၎င်းရှင်မိနောက်မှမွေးဖွားသော သားတော်မှာ မင်းရဲကျော်စွာဖြစ်ပါသည်။ ဆယ့်သုံးနှစ်သားက ရဲသတ္တိစွမ်း ပကားဖြင့် ထူးချွန်စွာ စစ်ကစားနိုင်သော အင်း၀ အိမ်ရှေ့မင်းသားကလေး မင်းရဲကျော်စွာမှာ ရှမ်းမြန်မာ ကပြား တစ်ဦး ပါတည်း။

အင်းဝမှ ဘုရင်မင်းခေါင်နဲ့ သား မင်းရဲကျော်စွာတို့နှင့် စစ်ကစားဖက် ဖြစ်နေသော ရာဇဓိရာဇ်မွန်ဘုရင်ကြီး၏ သမီးတော် ရှင်စောပုသည်လည်း ဘုရင်မင်းခေါင်၏ မိဖုရားကြီးတစ်ပါး ဖြစ်ခဲ့၍ ဘုရင်မင်းခေါင်၏ သွေးရင်း ကလည်း မွန်ဘုရင်ကြီး၏ မိဖုရားပင်။ ယင်းသို့ အချင်းချင်း ချစ်ကြည်ခဲ့ရာမှ မင်းရဲကျော်စွာဟူသော သား မွေးဖွားလာမှ နှစ်ပြည်တစ်ပြည် စစ်ကစားပြီး၊ “ရာဇဓိရာဇ် အရေးတော်ပုံကြီး” တစ်ခု ရာဇဝင်မှတ်တမ်း တင် ရလောက်အောင် ထင်ရှားကြီးကျယ်လာခဲ့ရလေသည်။

သို့သော် မြန်မာသည် လည်းကောင်း၊ မွန်သည် လည်းကောင်း၊ ရှမ်းသည်လည်းကောင်း၊ ရခိုင်သည် လည်း ကောင်း တစ်ဦးနှင့်တစ်ဦးစစ်ထိုးသော်လည်း အမျိုးချင်း၊ ညီအစ်ကိုချင်း ရန်ဖြစ်သကဲ့သို့သာ ရန်ဖြစ်လို့သာ ဖြစ်ရသည်။ အချင်းချင်း အချစ်မပြယ်။ သံယောဇဉ်ကတော့ တွယ်လျက်သာပင် ဖြစ်တော့သည်။ တစ်ဦးကို တစ်ဦး ကရုဏာ မကင်းခဲ့ကြောင်း အထောက်အထားများစွာ ရှိခဲ့ပါသေးသည်။ တကယ်တော့ အဘက် ဘက် က ဆက်စပ်နေသော ဆွေမျိုးပေါက်ဖော်တွေပင် ဖြစ်ပါသည်။

ရှမ်းပြည်မှာနေလို့ ရှမ်းတွေဟုခေါ်ရသည်။ ရခိုင်ပြည်မှာနေလို့ ရခိုင်ခေါ်ရသည်။ မွန်တလိုင်း တိုင်းပြည်မှာ နေလို့ မွန်တွေဟုခေါ်ရသည်။

အထက်မှာနေ၍ အညာသား၊ အောက်ပြည်မှာနေ၍ အောက်သားဟု အရပ်ကို ခွဲခြားခေါ်သော်လည်း တစ်စု တစ်ရုံး တည်း ခေါ်ရလျှင် မြန်မာတွေပင်ဖြစ်ပါသည်။ ရေမြေဒေသအလိုက် အခေါ်အဝေါ် အသုံးအစွဲ အသွေး အရောင် နည်းနည်းစီ ခြားသွားရုံမှတစ်ပါး အားလုံး မြန်မာပြည်၏ မြန်မာလူမျိုး များသာ ဖြစ်ပါသည်။

ထို့ကြောင့် တစ်မင်းနှင့်တစ်မင်း စစ်ခင်းသော်လည်း အကြင်နာမပျက် ညီရင်းအစ်ကိုကဲ့သို့သွေးနှောပြီး သံယောဇဉ် ကြော အမျှင်တန်းလန်းက ရှိကြပါသည်။

စစ်နိုင်သူက စစ်ရှုံးသူအား ပြတ်ပြတ်သားသား ချေမငန်းခြင်းမရှိပါ။ မတော်တဆ စစ်ပွဲမျာကျ၍ သေဆုံးသည့် တိုင်အောင် စစ်နိုင်သူက သွေးမကင်းသောကြောင့် သားမယားများကို သုတ်သင်ရှင်းလင်း မပစ် ဘဲ နည်းအမျိုးမျိုးနှင့် စောင့်ရှောက်မစထားမြဲအလေ့ရှိခဲ့ကြပါသည်။

ဘုရင်မင်းခေါင် မင်းရဲကျော်စွာတို့နှင့် ဟံသာဝတီ မွန်ဘုရင်ရာဇာဓိရာဇ်ကို စစ်အင်ကျင်း နေငြားသော်လည်း တစ်ဦးနှင့်တစ်ဦး တရားမပျက်ကြဘဲ ခင်မင်ကြင်နာမှု တန်ဖိုးထားမှုကလေးများ ထင်ရှား တွေ့မြင်နိုင်ပါ သည်။

ဟံသာဝတီ မွန်တို့ပြည်နှင့် အင်းဝနေပြည်တော်ကြီးမှာ ယင်းအချိန်ကစ၍ သာယာစည်ကား ခမ်းနား ကြီးကျယ် သော မင်းနေပြည်တော်ကြီးများအဖြစ် ထီးပြိုင်နန်းပြိုင်လည်း ဖြစ်ခဲ့ကြ ပါသည်။

မြန်မာပြည်ကလေးသည် ကမ္ဘာမြေပုံမှာ ကြည့်လျှင် တိုင်းငယ် ပြည်ငယ် တစ်ခုသာဖြစ်လျက် အထက်နှင့် အောက် ထီးပြိုင် နန်းပြိုင်တွေ ရှိနေကြသလောဟု စောကြောပါက ထိုခေတ် ထိုသက္ကရာဇ် ဆီမှာတော့ မြန်မာ သာမက အနောက်တိုင်းခေါ်တဲ့ တိုင်းပြည်ကြီးများပင် မြို့စားကြီးများ၊ နယ်စားကြီးများ တစ်ဗိုလ် တစ်မင်း ရှိနေချိန်၊ အားနည်းသူကို အားကြီးသူက လွှမ်းမိုးနိုင်သော အချိန်အခါသမယဖြစ်ပါ သည်။

မြန်မာပြည်မှာလည်း ထိုနည်းလည်းကောင်း၊ ကိုယ့်နယ် ကိုယ်မင်းရှိကြရင်းမှာ ဘုန်းလက်ရုံးကြီးသူက လွှမ်း မိုးရမြဲဖြစ်ပါသည်။ နော်ရထာခေတ်၊ ကျန်စစ်သားခေတ်၊ ဘုရင့်နောင်ခေတ်၊ အလောင်းဘုရား ခေတ်များ သည် မြန်မာပြည်အတွက် အတိုးတက်ဆုံးခေတ်၊ မြန်မာတစ်ပြည်ထောင်လုံးကို မပြိုမကွဲ ရအောင် ခေါင်း ဆောင်စည်းလုံးနိုင်သော ခေတ်များဖြစ်ခဲ့ကြပါသည်။

ပုဂံ ပျက်၍ အစိတ်စိတ်အမြွှာမြွှာ ပြိုပျက်သွားသောအခါ ဖြာဖြာသော မြို့စား၊ နယ်စားတို့ အင်အား စုစည်းပြီး ကိုယ့်ထီးကိုယ့်နန်း ကလေးတွေ တည်ထောင်လာရာမှ အင်းဝဘုရင်မင်းခေါင် လက်ထက် မှာ အောက်နှင့် အထက် နှစ်ပိုင်းသာ ထီးပြိုင်နန်းပြိုင်ဖြစ်လာခဲ့ပါသည်။

ဤတွင်လည်း တစ်ဦးကိုတစ်ဦး ချစ်ကြည်နူးစွာ နေ ကြသည်ဆိုရာ၌ တစ်ဦးကို တစ်ဦးတော့ဖြင့် အလစ်မပေးကြဘဲ အမြဲချောင်းနေကြရသည်။ ဒါကတော့ နိုင်ငံရေးအရ မင်းတို့၏ ပရိယာယ်သာဖြစ်၍ ကိုယ်လစ် လျှင် ကိုယ်ခံရမည်ကို သိကြသောကြောင့် မပေါ့မလျော့ စစ်အားဖြည့်ထားရခြင်းဖြစ်ကြပါသည်။

ပထမ အင်းဝမင်းဆက် (၇)ဆက်မှ နောက်ပိုင်းတွင် မိဖုရားရှင်ဘို့မယ်ကလည်း ထက်ထက်မြက်မြက်နှင့် အကွက် ဝင်အောင် ပါဝင်ကပြ သွားလိုက်ရသေးသည်။ သို့နှင့် သတိုးမင်းဖျား၏ မင်းဆက် (၇)ဆက် ကုန်ဆုံးသွားသောအခါ အင်းဝ၌ မိုးညှင်းမင်းဆက်ဟူ၍ နောက်ဆက်တွဲ ပေါ်လာပြန်ပါသည်။

သက္ကရာဇ် ၇၈၈ ခုနှစ်တွင် မိုးညှင်းသတိုးသည် (သီရိသုဓမ္မရာဇာ)ဟူသော အမည်ကိုခံ၍ မင်းပြုတော်မူပါ သည်။

မိုးညှင်းမင်းတရား ၏ အဆက်အနွယ်အကြောင်းအရာများမှာ ပုဂံပြည် နရပတိစည်သူမင်း၏ သမီးတော် ကျောင်းတော်သည် နှင့် အနန္တ သူရိယ စုံဖက်ရာတွင် သိဒ္ဓိကာကို ဖွားမြင်သည်။

သားတော် သိဒ္ဓိကာမှဖွားမြင်သော ပေါက်မြိုင်မင်းပုလဲကို ပင်းယဆင်ဖြူငါးစီးရှင်မင်း၏ သမီးတော် ရွှေအိမ် သည်နှင့် စုံဖက်တော်မူသောအခါ စောတိကာကိုရသည်။ စောတိကာနှင့် ညောင်ရမ်းစောမွန်ကြီး သမီးတော် တို့စုံဖက်ရာ၌ မင်းနစီကိုမြင်သည်။ ယင်းနောက် ဥဒိန်ဟူသော အမည်တွင်ပြန်သည်။ မင်းခေါင်ကြီး အထွတ် အမြတ်သို့ ရောက်သောအခါ သတိုးအမည်နှင့် မိုးညှင်းကို ပေးတော်မူသောကြောင့် မိုးညှင်းသတိုး မှ မိုးညှင်း မင်းတရားကြီး အမည်ဖြင့် ထီးနန်း စိုးစံလေသည်။ သို့ကြောင့် အင်းဝမိုးညှင်း ဆက် ဆိုသည်မျာလည်း တစ်သီးတစ်ခြား မျိုးနွယ်မဟုတ်ဘဲ၊ ပုဂံမင်းဆက်နှင့် ပင်းယမင်းဆက်တို့မှ ဆင်းသက် ပေါက်ဖွားလာခဲ့သူပင် ဖြစ်ပါသည်။ သက္ကရာ်ဇ်ဖြိုသော မင်းလည်းဖြစ်သည်။

နန်းသက် ၁၃ နှစ်။ သက်တော် ၆၀ တွင် အနိစ္စရောက်သည်။ နောက် သားတော် မင်းရဲကျော်စွာ မင်းဖြစ် သည်။ နောက် ညီတော်သီဟသူမင်း စသည်တို့ဖြစ်၏။

အချုပ်ကို ဆိုရသော် အင်းဝမြို့သည် သတိုးမင်းဖျားမှ စ၍ ရွှေနန်းသခင် ဘုရင်နရပတိတိုင်အောင် မင်း ၁၄ ဆက်ရှိသောအခါ မင်းဆက်ပြတ်ပြီး၊ မိုးညှင်းစလုံ၏သား သိုဟန်ဘွားက သက္ကရာ်ဇ် ၈၈၈ ခုတွင် မင်းပြု သည်။ ဤသိုဟန်ဘွားမင်း လက်ထက်တွင် ရဟန်းရှင်လူတို့အား နှိပ်စက်ကလူပြုမှု အုပ်စိုးခြင်း ကြောင့် မင်းကြီး ရန်နောင်က ယိမ်းနွဲ့ပါး ဓားဖြင့် သုတ်သင် ဖယ်ရှားလိုက်ရသော ကိစ္စများ အုန်းပေါင် ခုံမှိုင်းကြီး ကို မင်းကြီးရန်နောင်က ချီပင့်၍ နန်းရသော အရေးကိစ္စများသည် အင်းဝပြည်ကြီး၌ ထင်ရှား ကျော်ကြား လှသော အရေးအခင်းကိစ္စများဖြစ်လေသည်။

ခုံမှိုင်းကြီးမှ သားတော် မိုးဗြဲနရပတိ၊ စစ်ကိုင်းစည်သူကျော်ထင် (နရပတိစည်သူ)၊ သတိုးမင်းစော (ဟံသာ ဝတီဆင်ဖြူများရှင် သမက်တော်) စသဖြင့် အင်းဝ၌ မင်းဆက်ပေါင်း ၁၉ ဆက်ရှိသောအခါ၊ ၉၅၅ ခုနှစ်မှ ၅ နှစ်တိုင်တိုင် မင်းဆက်ပြတ်လျက် တောချုံတစ်ဝက်ဖြစ်ရသည်ဟုဆိုပါသည်။

ဒုတိယအင်းဝ။ သက္ကရာဇ် ၉၅၉ ခုနှစ်တွင် အင်းဝ၌ ညောင်ရမ်းမင်းဆက် ဘုရင်များ စတင် ပေါ်ပေါက ်လာသည်။ ညောင်ရမ်း မင်းတရားကြီးသည် ဟံသာဝတီ ဆင်ဖြူများရှင် (ဘုရင့်နောင်) ၏သားတော် တစ်ပါးဖြစ် ပါသည်။

ညောင်ရမ်းမင်းတရားကြီး နန်းစံ(၈)နှစ်၊ သက်တော် (၅၀)တွင် နတ်ရွာစံသောအခါ သားတော် အနောက် ဘက်လွန်မင်း ထီးနန်း ဆက်ခံသည်။ အနောက်ဘက်လွန်မင်း သက်တော် (၅၁)အရောက် သားတော် မင်းရဲ ဒိဗ္ဗလုပ်ကြံ၍ အနိစ္စရောက်သည်။ မင်းရဲဒိဗ္ဗကို မှူးမတ်တို့က နန်းမှ ချ၍ သာလွန်မင်းတရားကြီးအား နန်း တင်သောအခါ ” ရတနာပူရ အင်းဝရွှေနန်း”ကို အသစ်တည်ထောင်စံမြန်းပါသည်။ သက်တော် (၆၄)နှစ်တွင် နတ်ပြည်စံ၍ သားတော် မင်းရဲရန္တမိတ် (ငါးထပ်ဒါယကာ) နန်းဆက်ခံသည်။ သက်တော် (၅၄)တွင် ညီတော် ပြည်ဘုရင် လုပ်ကြံ၍ ကံကုန်သည်။ ပြည်မင်းတရား ထီးနန်းစံ၍ သက်တော် (၅၃)နှစ်တွင် အနိစ္စရောက် သည်။ သားတော် အိမ်ရှေ့က (မဟာသီဟသူရဓမ္မရာဇာ) အမည်နှင့် ဆက်ခံသည်။ နန်းသက် (၆)လ၊ သက်တော် (၂၃)နှစ်တွင် အနိစ္စရောက်သည်။ ထိုအခါ ညီတော် မင်းရဲကျော်ထင် (အင်္ဂါမင်း) က ဆက်ခံသည်။ နန်းစံ (၂၆)နှစ် သက်တော် (၄၈)နှစ်တွင် နတ်ရွာစံသည်။

ထိုမှ သားတော် ဝမ်းဘဲအင်းစံ၊ စ်နေမင်း အရိုက်အရာ ဆက်ခံသည်။ နန်းသက် (၁၆)၊ သက်တော် (၄၂)တွင် ကွယ်လွန်သည်။ သားတော် တနင်္ဂနွေမင်း နန်းဆက်သည်။ နန်းသက် (၁၀)၊ သက်တော် (၄၅)တွင် အနိစ္စ ရောက်သည်။ ထို့နောက် သားတော် အိမ်ရှေ့မင်း နန်းဆက်ခံ၍ “လောကသရဖူ ဒါယကာမင်း” ခေါ်တွင် သည်။ နန်းသက် (၁၀)၊ သက်တော် (၃၈)တွင် နန်းကျ၍ ဟံသာဝတီသို့ ပါတော်မူ သဖြင့် ဟံသာဝတီ ရောက် မင်းတရားကြီးဟု ခေါ်တွင်ခဲ့ခြင်းဖြစ်ပါသည်။

ဤတွင် သက္ကရာဇ် ၁၁၃ ခု၌ (အင်း ဟင်္သာဆင်း)ဆိုသော အတိုင်း အင်းဝပြည်ကြီး ပျက်စိး၍ ဟံသာဝတီမှ မွန်တို့လက်အောက်ကျရောက်ရပြီး ဟင်္သာကို မုဆိုးက လေးနှင့်ခွင်းရဦးမည်ဖြစ်ပါသည်။