ကျွန်းဦးတည့်သံလျှက်ခုံ

ကုန်းဘောင်ဆက် စတင်ခြင်း

အင်း ဟင်္သာဆင်းဟူသော အဆိုမှာ အင်းဝပြည်ကြီး ပျက်စီး၍ ဟံသာဝတီ မွန်မင်းတို့ စိုးမိုးခြင်းကို ပြ ဆိုခြင်း ဖြစ်ပါသည်။

(ဟင်္သာမုဆိုး လေးနှင့်ခွင်း)ဆိုသည်ကတော့ အင်းဝကို လာရောက်အုပ်စိုးသူ ဟံသာဝတီ ဦးစီးဦးဆောင်ပြု ကာ တွန်းလှန်တိုက်ခိုက်ဖြိုဖျက်လျက် ကုန်းဘောင်မင်းဆက်ကို စတင် တည်ထောင်ခဲ့သည်ကို ရည်ညွှန်း ဆိုလိုခြင်းဖြစ်ပါသည်။

အင်း၀ မပျက်မီ … ဟံသာဝတီရောက်မင်း နန်းမကျမီကပင် မုဆိုးဘိုရွာတွင် ဦးအောင်ဇေယျသည် ရွာ၏ အကြီးအကဲ ပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါပြီ။

ဦးအောင်ဇေယျသည် ပုဂံမင်းမျိုး မိုးညှင်းမင်းတရားအဆက်မိုဆိုးဘိုရွာသားဖြစ်ပြီး သူ၏ ဆွေမျိုးစုတွင် အကြီးအကဲ သြဇာအာဏာ ရှိသည်။

သတင်းထင်ပေါ်ခဲ့၍ အင်း၀ ပျက်ပြီးသောအခါ (၁၁၁၄)ခုနှစ်တွင် မုဆိုးဘိုရွာကို ထန်းလုံးတပ် ပတ်လည်ဝိုင်း ၍ အခိုင်အလုံနေသည်။ ဟံသာဝတီမင်းနှင့် ကွေ့ရုဏ္ဏအိမ်တို့က သစ္စာပေးပါးလာသည်ကို မခံဘဲ သူ၏ဆွေမျိုး အသိုက်အဝန်းကြီးထဲတွင် မင်းအဖြစ်ကို ခံယူလျက် ၁၁၁၅ ခုနှစ်။ ပထမဝါဆိုလပြည့် ကျော် ၆ ရက်နေ့၌ မုဆိုးဘိုကို မြို့တည်၍ “ရတနာသိင်္ခ ကုန်းဘောင်ပြည်ကြီး” ဟု သမုတ်လျက် ထီးနန်း စိုက် လိုက်သည်။ ထို့ကြောင့် (ဥသြအော်မြည် ကုန်းဘောင်တည်)ဟူသော သက္ကရာဇ် အမှတ်အသား နှင့်တကွ ကုန်းဘောင်မင်းဆက်ကို စတင်ခဲ့လေသည်။

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် ရွှေဘိုမြို့တွင် စံနေ၍ ထီးနန်းသက် ၈ နှစ်၊ သက်တော် ၄၅ နှစ် တွင် အနိစ္စရောက်တော်မူသည်။

သားတော် သမီးတော်တို့မှာ မဟာမင်္ဂလာ ရတနာဓိပတိ သီရိရာဇာစန္ဒာဒေဝီခေါ် မိဖုရားခေါင်ကြီးတွင်ဖွား မြင်တော်မူသော သားတော်သီရိသုဓမ္မရာဇာ အိမ်ရှေ့စံ၊ ခမည်းတော် ရိုက်ရာခံ မင်းဖြစ်သူ နောင်တော် ကြီး ၁။ ညီတော် သီရိဓမ္မရာဇာ မြေဒူးမြို့၊ စလင်းမြို့ကို စား၍ နောင်တော် အရိုက်အရာခံ မင်း အဖြစ် ရောက်တော် မူသော ဆင်ဖြူရှင်ခံ မြေဒူးမင်း ၂။ ညီတော် ငယ်ကလွန် ၃။ နှမတော် သီရိမဟာ မင်္ဂလာဒေဝီ ကန္နီမြို့စား ၄။ မောင်တော် သုဓမ္မရာဇာ အမြင့်မြို့ တလုပ်မြို့ကို စားသူ အမြင့်မင်းသား ၅။ နှမတော် သီရိမဟာ ရတနာ ဒေဝီ မင်းခင်းမြို့စား ၆။ မောင်တော် သတိုးမင်းလှရွှေတောင်ခေါ် သတိုးမင်းစော အမည်ဖြင့် ဗဒုံမြို့ မြဝတီမြို့ စားပြီးလဆင် နောင်တော်၏ အရိုက်အရာ မင်းဖြစ်တော်မူသော ဗဒုံမင်းသား (အမရပူရမြို့တည် မင်းတရား) ၇။ နှမတော် သီရိမလ္လာရတနာဒေဝီ-အုန်းတော အောင်သာရွာနှင့် စကုမြို့စား ၈။ မောင်တော် သတိုးမင်းလှ မင်းရဲကျော်စွာ ပခန်းမြို့၊ ကလေးမြို့စား ပခန်းမင်းသား ၉။ ညီတော် သတိုးမင်းလှ မင်းရဲကျော်ထင် ပင်းတလဲမြို့၊ မြင်းစိုင်းမြို့တို့ကို စားသူ ပင်းတလဲ မင်းသား ၁၀။ စုစုပေါင်း သားတော် သမီး တော် (၁၀)ပါး ဖြစ်ပါသည်။

အလောင်းမင်းတရားကြီး နတ်ရွာစံလျှင် သားတော် အကြီးဆုံး နောင်တော်ကြီး (၁၁၂၂ နှစ်) နန်းတက် သည်။ စစ်ကိုင်းမြို့ကို ပြန်လည် ထူထောင်သောကြောင့် “စစ်ကိုင်းမင်း”ဟု ခေါ်၍ နန္ဒာကန်တွင်း၌ စေတိတည်သည်ကြောင့် ကန်တွင်းစည်းခုံ ဒါယကာ ဟုလည်း ခေါ်သည်။ စစ်ကိုင်းနှင့် ရွှေဘိုမြို့များတွင် တစ်လှည့်စီ စံတော်မူသည်။ နန်းစံသက် ၃ နှစ်၊ သက်တော် ၂၉ နှစ်တွင် အနိစ္စရောက်ရသည်။

နောင်တော်ကြီးမင်း နတ်ရွာစံသောအခါ ညီတော် အိမ်ရှေ့စံမြေဒူးမင်း နန်းတက်ပါသည်။ ၁၁၂၅ ခုနှစ် နတ် တော်လပြည့်ကျော် ၁၀ ရက်နေ့တွင် မြေဒူးမင်း နန်းတက်သောအခါ သားတော် စဉ့်ကူးမင်းအား အိမ်ရှေ့ နှင်းအပ်ပါသည်။

ခမည်းတော် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက သားတော်များအား အကြီးဆုံး နောင်တော်ကြီး မှ အစပြုပြီး ညီတော် အစဉ်အတိုင်း မင်းပြုရမည်ဟု မှာကြားခဲ့သော်လည်း မြေဒူးမင်းသည် ခမည်းတော် အမိန့် ကိုမနာခံဘဲ မိမိ သားတော်ကိုသာ နန်းရံ အိမ်ရှေ့နှင်းခဲ့လေသည်။

နောင်တော်ကြီးတွင် သားတော် “ဖောင်းကားစား မောင်မောင်” ရှိသည်။ နောင်တော်ကြီးသည် ခမည်းတော် အမိန့်ကို နာခံသောအားဖြင့်မိမိ သားတော်ကို နန်းရံမထားဘဲ ညီတော် မြေဒူးမင်းကိုသာ နန်းရံ ထားခဲ့သည်။ ယခု မြေဒူးမင်းကမူ သူ၏သားတော် စဉ့်ကူးမင်းကို နန်းရံထားလေသောကြောင့် ဖောင်းကားစား မောင်မောင်က မကျေမနပ် ဖြစ်၍ အရေးအခင်းပေါ်လာခဲ့ရခြင်းဖြစ်ပါသည်။

မြေဒူးမင်းသည် ထီးနန်းရသည့်နှစ်မှာပင် ပျက်စိးတိမ်မြုပ်နေသော အင်းဝမြို့ကို အသစ်တစ်ဖန် ပြန်လည် ထူထောင်ကာ “ရတနာပူရ” ဟု သမုတ်သည်။ တတိယ အင်းဝမြို့ကို တည်ထောင်သော မင်းဖြစ်၍ “ရတနာ ပူရ အင်း၀ တတိယမြို့တည်မင်း” ဟု ရာဇဝင် ထိုးခဲ့ခြင်းဖြစ်ပါသည်။ ဆင်ဖြူရှင်ဘွဲ့ကိုလည်း ခံတော် မူရပါ သည်။ ဆင်ဖြူရှင်မြေဒူးမင်းသည် နန်းစံနှစ် ၁၃ နှစ်၊ သက်တော် ၄၀ တွင် အနိစ္စ ရောက်ပါသည်။

၁၁၃၈ ခုနှစ်တွင် မြေဒူးမင်း၏ သားတော် အိမ်ရှေ့စံ စဉ့်ကူးမင်း နန်းတက်ပါသည်။ တကယ်တမ်း နန်းဆက် ခံရမည့် ဘဒွေးတော် အမြင့်မင်းကို အဆုံးစီရင်ပစ်လိုက်သည်။ ဘဒွေးတော်အမြင့်မင်းကို အဆုံးစီရင်ပစ် လိုက်သည်။ ဘဒွေးတော်အငယ် ဗဒုံမင်းအား စစ်ကိုင်း ပို့၍ အနိမ့်အကျ ထားသည်။ နောင်တော်ကြီးမင်း ၏ သားဖောင်းကားစား မောင်မောင် ကိုလည်း ဖောင်းကားရွာသို့ အနိမ့် အကျပို့ထားလေသည်။

အသက်ငယ်ရွယ်သူ ဖြစ်သောကြောင့် အုပ်ချုပ်မှု မကျွမ်းကျင်သည့်ပြင် အပျော်အပါး အမေ့အလျော့ နေမှု များသည်။ သို့ကြောင့် ၁၁၄၃ ခုနှစ်တွင် စဉ့်ကူးမင်းသည် မင်းမိဖုရားစုံစွာနှင့် အညာသီဟတောသို့ ဘုရားဖူး ထွက်တော်မူခိုက် ဖောင်းကားစား မောင်မောင်သည် နန်းတော်ကို ဝင်ပြီး ညဉ့်တွင်းချင်း မှူးမတ် တို့အား ဓားကွပ်၍ သစ္စာရေတိုက်ပြီး အုပ်စိုးလေသည်။

ထိုသတင်းကို ကြားသိရသူ စစ်ကိုင်းနေ ဗဒုံမင်းသည် ညီတော် သားတော်တို့နှင့် တိုင်ပင်ပြီး လူသူ လက်နက်စုရုံးစေပြီးလျှင် နန်းတော်သို့ဝင်၍ တိုက်ခိုက်လေသည်။ သည်တွင် ဖောင်းကားစားကို ဖမ်းမိပြီး ထုံးစံနှင့် အညီ စီရင်ဖျောက်ဖျက်လိုက်တော့သည်။

အညာသီဟတောတွင် သောင်တင်နေသော စဉ့်ကူးမင်းသည် ဖောင်းကားစား မောင်မောင် အင်းဝနန်းကို စီး မိကြောင်း ကြားသိတော်မူရာ တပ်တော်များ စေလွှတ် လုပ်ကြံစေသော်လည်း အရေးရှုံးနိမ့်ကြသည်။ ဗိုလ်မှူး တပ်မှူးတို့လည်း စဉ့်ကူးမင်းကို ရှောင်ခွာသွားကြလေသည်။ သို့ကြောင့် ကြွင်းသမျှ အခြွေအရံတို့ နှင့် ဧရာဝတီမြစ်ကို စုန်ဆင်း ပြန်လာခဲ့သောအခါ အင်း၀ အရောက်၌ ဗဒုံမင်းက ဖမ်း၍ ထုံးစံနှင့်အညီ စီရင် ကွပ်မျက်လိုက်သည်။ စဉ့်ကူးမင်း နန်းသက် ၆ နှစ်၊ သက်တော် ၂၆ နှစ် အနိစ္စရောက်ရသည်။ ဖောင်းကား စား မောင်မောင်၏ နန်းစံသက်မှာ ခုနှစ်ရက်မျှသာ ရှိသည်။ ၁၁၄၄ ခုနှစ်တွင် အလောင်း မင်းတရားကြီး၏ စတုတ္ထသားတော်ဖြစ်သော ဗဒုံမင်းခေါ် (ဘိုးတော်ဘုရား)အင်းဝ၌ နန်း တက်သည်။ ၁၁၄၄ ခုနှစ်မှာပင် အင်း၀ ထီးနန်းမှတစ်ဆင့် အမရပူရမြို့သစ်ကို စတင်တည်ထောင်သည်။ ၁၁၄၅ နှစ်တွင် အမရပူရမြို့သစ်သို့ ပြောင်းရွှေ့စံနေသည်။

ဘိုးတော်ဘုရား (ဗဒုံမင်း)သည် သားတော်ကြီး ရွှေတောင်မင်းသားကို အိမ်ရှေ့နှင်းတော်မူသည်။

၁၁၇၀ ပြည့်နှစ်တွင် အိမ်ရှေ့မင်းကြီး အနိစ္စရောက်သောကြောင့် အိမ်ရှေ့မင်းကြီး သားတော်ဖြစ်သူ မြေး တော်စစ်ကိုင်းမင်းအား ဘိုးတော်ဘုရားက အိမ်ရှေ့အရာ နှင်းအပ်တော်မူပါသည်။

၁၁၈၁ ခုနှစ်တွင် ဘိုးတော်မင်းတရားကြီး နတ်ရွာစံသည်။ နန်းစံနှစ် ၃၇ နှစ် ၄လ၊ သက်တော် ၇၅ တွင် အနိစ္စ ရောက်ပါသည်။ ဘိုးတော်နတ်ရွာစံသော ၁၁၈၁ နှစ်မှာပင် မြေးတော် အိမ်ရှေ့ စစ်ကိုင်းမင်း နန်းတက် ပါသည်။

နန်းတက်ပြီးနောက် ၁၁၈၃ နှစ်တွင် အင်းဝမြို့ကို ပြန်လည်တည်၍ စံနေတော်မူခြင်းကြောင့် (ရတနာပူရ အင်းဝစတုတ္ထမြို့တည်နန်းတည်၊ ဖန်နန်းရှင်) မင်းတရားဟူသော ဘွဲ့မည်များနှင့် ရာဇဝင် ထင်ရှားခဲ့ ပါသည်။

အင်းဝခေတ် ၄ ကြိမ်မြောက် ဖွံ့ဖြိုးစည်ပင်လာသည်နှင့်အမျှ ဘကြီးတော် လက်ထက် အရှုပ်အထွေးထွေး ဖြစ်နေသော နန်းမတော်မယ်နု၊ စလင်းမင်းသားကြီး ဦးအို၊ သာယာဝတီမင်း၊ စကြာမင်းကလေးခေါ် ညောင်ရမ်း မင်းသားလေးနှင့် ပထမံ ဆရာ ဦးအောင်တို့ တစ်စခန်းထကြရဦးမည် ဖြစ်ပါသည်။

ပုဂံပျက်ပြီးနောက် ဆက်တိုက် ထီးနန်းမြို့ပြ တည်ထောင်ခဲ့သောပင်းယမြို့သည် မင်း ခြောက်ဆက်တွင် ပျက်စီး တိမ်ကောသွားခဲ့သော်လည်း အင်းဝပြည်ကြီးကား မြန်မာရာဇဝင် တစ်လျှောက်၌ ပျောက်ပျက်တိမ် ကောခြင်း မရှိခဲ့ဘဲ တက်လိုက် ကျလိုက်နှင့်ပင် ခေတ်လေးကြိမ်တိုင်တိုင် ကြီးကျယ်စည်ကားလာခဲ့ပါသည်။

မြန်မာရာဇဝင်၏ နောက်ဆုံးအဆက်ဖြစ်သော ကုန်းဘောင်မင်းဆက်၌ပင် ဤအင်းဝမြို့ကြီးသည် ဆင်ဖြူရှင် မြေဒူးမင်း လက်ထက် တစ်ကြိမ်၊ သားတော် စဉ့်ကူးမင်း လက်ထက် တစ်ကြိမ်၊ ဘိုးတော် ဗဒုံမင်း လက်ထက် တစ်ကြိမ်နှင့် ဘကြီးတော်ခေါ် ဖန်နန်းရှင်မင်းလက်ထက် တစ်ကြိမ်၊ မင်းနေပြည်တော် ကြီး သုံး လေးကြိမ် ဆက်လက်တည်ရှိခဲ့ရာမှ ဘကြီးတော် ဖန်နန်းရှင်မင်း လက်ထက်တွင်မူကား နောက်ဆုံးပိတ် အိတ်နှင့်လွယ်ဆိုသော စကားပုံကဲ့သို့ အစည်ကားဖွံ့ဖြိုးဆုံး၏ အထွတ်အထိပ်သို့ ရောက်ခဲ့ ရပါသည်။

နောက်ဆုံးပိတ် လက်ကျန် အမှတ်အသားများအဖြစ် အင်း၀ နန်းတော်ရာ၊ မျှော်စင်ဟောင်း၊ နန်းမတော် မယ်နု အုတ်ကျောင်းကြီးနှင့် စလင်းမင်းသားကြီး ဦးအိုတို့၏ အဓိကရ အုတ်တံတားကြီးများသည် ယနေ့ ထက်တိုင် ထင်ရှားနေပါသေးသည်။

အင်းဝမြို့ခေတ်မှာ ရာဇဝင်တစ်လျှောက် အရှည်ဆုံး ဖြစ်လိမ့်မည်ဟု ဆိုချင်ပါသည်။ ဖြစ်ဖျားခံရာ ပုဂံခေတ် နှင့် တစ်ဆက်တည်း ပင်းယမှ အင်းဝသို့ စီးဆင်းခဲ့သော ယဉ်ကျေးမှု ရေစီးချောင်းကြီးသည် အင်း၀ ၌ အကြန့်ကြာဆုံး ဖြစ်သောကြောင့် ပုဂံခေတ်မှ ယဉ်ကျေးမှု အခြေခံ အမွေအနှစ်များကနေပြီး ဥဒေါင်းမြီး ကသည့်နှယ် အသါယ်သွယ် အခန်းခန်း ပွင့်လန်းစည်ပင်၍ လာခဲ့ရခြင်းလည်း မည်ပါသည်။

လူစွမ်းကောင်းများ မွေးထုတ်ခဲ့ရာ၊ ပညာရှိ သုခမိန်များ ပေါ်ထွန်းခဲ့ရာ၊ ဘာသာတရား ကိုင်းရှိုင်းရာ၊ သာသနာ ရောင် ထွန်းပြောင် ထိန်လင်းရာ၊ မြန်မာစာပေနှင့် ကဗျာ၊ ဂီတပန်တျာတို့ ကွန့်မြူးရာ၊ သုခုမပညာ အရပ်ရပ်တို့၏ အဆောက်အအုံ ပန္နက်ချရာ ဌာနကြီး အဖြစ်နှင့် နှစ်ပေါင်းအဓွန့်ရှည်စွာ တည်တံ့လာခဲ့ခြင်း ဖြစ်ပါသည်။

ယနေ့ မြင်ရချက်ကား ပြောမယုံ ကြုံဖူးမှသိ ဆိုသော စကားပမာ ရွာငယ်ဇနပုဒ် အဖြစ်နှင့် တောချုံပိတ် ပေါင်းများ ဖုံးလွှမ်းထားရာ မြို့ပျက်ကြီး၏ လက်ရာခြေရာ ကောက်ရုံမျှကလေးပင် ရေးရေးထင်ရစ်ရှာ ပါ တော့သည်။

စာရေးသူအနေနှင့် ဤ ကျွန်းဦးတည့် သန်လျက်ခုံ ဆောင်းပါး၏ ဦးတည်ချက်မှာ ပင်းယမှ အင်းဝအထိ သိ မှတ်ဖွယ် အတိတ်ရာဇဝင်နှင့် ယနေ့ ကိုယ်တွေ့မျက်မြင် ဖြစ်ရပ်တို့ကို တင်ပြ ရေးသား နေခြင်း ဖြစ်ပါသည်။

ပင်းယနှင့် အင်းဝမြို့ဟောင်းများ ရေးသားခဲ့ရာတွင် ပင်းယ မြို့၏ ဖြစ်ပေါ်လာပုံ၊ အုပ်စိုးသည့် မင်းဆက် များအကြောင်း ရေးပြရာ၌ မင်းက ခြောက်ဆက်တွင် ပြတ်၍ ပင်းယပါ ပျက်လေသောကြောင့် တိုတိုနှင့် ကိစ္စပြီးခဲ့သော်လည်း အင်းဝပြည်ကြီးမှာ ရာဇဝင်လာက အဓွန့်ရှည်ကြာခဲ့၍ မင်းဆက်များ အတိုချုံး၍ ရေးရ သည်ပင် အတော်ကလေး ရှည်လာခဲ့ရပါသည်။