ကျွန်းဦးတည့်သံလျှက်ခုံ

မင်းသားကြီး ဦးအို၏ အုတ်တံတား

စာရေးသူတို့သည် တံတားဦးမြို့မှနေ၍ အင်းဝသို့ ကားဖြင့် ဆက်မောင်းလာခဲ့ကြပါသည်။ ကားမောင်းလာ သော လမ်းမှာ ကတ္တရာခင်းလမ်းမဟုတ်ပါ။ မြေနီ မြင်းလှည်းလမ်း သက်သက်လည်းမဟုတ်ပါ။ ခန့်မှန်းခြေ ပေ ၅၀ ကျော်ကျယ်ဝန်းသော အုတ်ခင်းထားသည့် လမ်းကျယ်ဖြစ်ပါသည်။ ဤလမ်းပေါ်မှာ ကား များလည်း မောင်းပါသည်။ လော်လီကားတွေလည်းလာသည်။ မြင်းလှည်းတွေလည်း ခွာသံ တခွပ်ခွပ်နှင့် မောင်းလျက်။ နွားဆွဲသော လှည်းများကလည်း ကုန်စည်ပစ္စည်း အများအပြား ဝန်တင်သယ်ယူကာ တအီအီ မောင်းနှင်နေကြပါသည်။

သည် အုတ်ခင်းထားသော လမ်းမှာ သည်မျှ လေးလံစွာသော လှည်း၊ ရထား၊ ကားများ နှစ်ပရိစ္ဆေဒ ကြာ ရှည်စွာ မောင်းနှင်အသုံးပြုနေသောကြောင့် အုတ်လမ်းသည် ချိုင့်ခွက်များနှင့် ပျက်စီးယိုယွင်းနေပါသည်။ အလွန်တရာ ထုထည်ကောင်းသော အုတ်လွှာများကြေင့်သာ သည်မျှ ပျက်စီးခြင်းဖြစ်မည်။ သို့မဟုတ်ပါက ဖုတ်တောလမ်း၊ ရွှံ့ဗွက်လမ်းသာတွေ့ရတော့မည်။ လမ်းကြီးကလည်း အရှည်ကြီး။ အင်းဝမြို့ အဝင်ပေါက်အထိ ပေါက်သည်။ အုတ်လမ်း၏ တစ်ဘက်တစ်ချက်တွင် အုတ်တိုင်ကြီးများ၊ အုတ်လက်ရန်း ကြီးများမှာ လမ်းတစ်လျှောက်လုံး ဝဲ ယာ နှစ်ဘက်အပြည့်ရှိသည်။ အချို့နေရာတွင် ပြိုပျက် ကျိုးပဲ့ နေကြပါသည်။ တချို့မှာလည်း လမ်းဘေးရှိ တဲများမှ ဝါးများ ထောင်ထားသည်။ အိမ်မိုးဝါးကပ်များ ပြုလုပ်ခြင်း၊ အိမ်ထရံအတွက် ရက်ခြင်း၊ ဖျာ၊ ရိုင် စသော အသုံးဆောင်များပြုလုပ် အသက်မွေးသူ ရွာသား များ၏ လိုရာသုံး မီးဖို ဖိုခနောက်မှ စ၍ ဝါးခွဲ၊ ထင်းခွဲ၊ ထုရိုက် ပုတ်ခတ်၊ ဖျက်ဆီးမှုတို့ကြောင့် အုတ်ရိုးပေါင် များ ကစဉ့်ကလျား ဖြစ်ကုန်ကြပါပြီ။

ဤသို့ အခြင်းအရာများဖြင့် ပြီးသော အုတ်လမ်းကြီးသည်ကား အခြားမဟုတ်ပါ။ ဘကြီးတော်ခေတ်က လွန် စွာ နာမည်ကြီးခဲ့သော မင်းသားကြီး ဦးအို၏ အုတ်တံတားကြီးဖြစ်ပါသည်။

ဦးအို ၏ အုတ်တံတားကြီး ဆိုသည်ကား နန်းမတော် မယ်နု၏ အုတ်ကျောင်းကြီးနှင့် တစ်ပြိုင်တည်း တည် ဆောက်ခဲ့သော နာမည်ကျော်ကြားသည့် တံတားကြီးဖြစ်ပါသည်။ အမရပူရမြို့ တောင်သမန်အင်းမှ ဦးပိန် တံတား နာမည်ကြီးသလို၊ ဦးအို၏ အုတ်တံတားကြီးသည်လည်း နာမည်ထင်ရှားခဲ့ပါသည်။ ဦးပိန်တံတား သည် သစ်သားဖြင့် ဆောက်လုပ်ခဲ့သည်ပင် ဤမျှ ခိုင်ခံ့နေသေးလျှင် အင်းဝမှ ဦးအို၏ အုတ်တံတားကြီးက ဘာပြုလို့ ခံနိုင်ရည် မရှိရမှာလဲဆိုပြီး ရွာသားတွေ အနိုင်ကျင့်ချင်တိုင်းကျင့်၊ ကားတွေ၊ ရထားတွေ၊ လှည်းတွေ သွားချင်တိုင်း သွားနေကြတာ နှစ်ပေါင်း တစ်ရာ့ငါးဆယ် ကျော်ခဲ့ပါပြီ။ သူ့ခမျာ အင်မတန် ထုကြီး ထည်ကြီးမို့သာပါ။ နို့မဟုတ် ခနေ အမှုန့်တောင် ရှာမရတော့ဘူးပေါ့။

ဘာပဲဖြစ်ဖြစ် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အင်းဝက ဦးအို၏ အုတ်တံတားကြီးကို အမှုန့်ဖြစ် မသွားမီ ပြန်လည်သိမ်းဆည်းစောင့်ရှောက်ကြဖို့၊ သမိုင်းဝင် ပစ္စည်းလက်ရာကြီးတစ်ခုပြထားနိုင်ဖို့ တော် ပါပြီ။ မြန်မာလူမျိုးတွေဟာ ရှေးဟောင်းလက်ရာပစ္စည်းများ မထိန်းသိမ်း မစောင့်ရှောက်တတ်တဲ့ လူရိုင်း တွေပဲလို့ ကမ္ဘာ့ခရီးသည်တွေ စိတ်ထဲက ကဲ့ရဲ့အထင်သေးသွားမှာလည်း မခံချင်စိတ် ဖြစ်မိကြမယ် ဆိုရင် သာပြီး ကောင်းပါသည်။

နန်းမတော်ကြီး မယ်နု အုတ်ကျောင်းကြီးကို စောင့်ရှောက်သလို စောင့်ရှောက်ထားဖို့ ကောင်းပါသည်။ ယခု ပုဂံမင်း လက်ထက်က ဦးပိန်တံတားကို စောင့်ရှောက် ပြုပြင်နိုင်လျှင် ဘကြီးတော် လက်ထက်က အင်း၀ ဦးအို၏ အုတ်တံတားကိုလည်း စောင့်ရှောက်ရန် အထူးသင့်တော်ပါသည်။ အီဂျစ်ပြည် ကိုင်ရိုမြို့က ပိရမစ်ကြီး များကို လူထုလုပ်အားသုံး၍ တည်ဆောက်ထားခဲ့သလို အင်းဝက ဦးအို၏ အုတ်တံတား ကြီး မှာလည်း သေသေချာချာ ကြည့်ရင် အထိကရ လူထု၏ လုပ်အားလက်ရာများကို တွေ့ရပြီး လူထုကြီး၏ လုပ်အား တန်ဖိုး ကို ခန့်မှန်းနိုင်ကြပါလိမ့်မည်။

အီဂျစ်က ပိရမစ်ကြီးများမှာ လူထု ကျေးကျွန်တွေကို အနိုင်အထက် ရိုက်နှက် အာဏာသုံးပြီး တည်ဆောက် ခဲ့ သေးသော်လည်း၊ အင်းဝက ဦးအို၏ အုတ်တံတားကြီးမှာတော့ ကုသိုလ်ကောင်းမှုအဖြစ် မောင်နှမ နှစ်ယောက် တံတားခင်းခြင်း၊ ကျောင်းဆောက်ခြင်း ပြုကြတဲ့အတွက် လူထုကို ရိုက်နှက်နှိပ်စက် ခိုင်းခဲ့ခြင်း မဟုတ်ဘဲ၊ ကံကျွေးလက်ခပေး၍ ကုသိုလ်ရေး တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ လူသွားလမ်း တံတားခင်း ခြင်းကြောင့် ယနေ့ စာရေးသူတို့ ကားကလေးပါ ဦးအို၏ တံတာိးပေါ်မှ မောင်းနှင် လာခဲ့ရပါ သေး တကားဟု တံတားရှင် ဦးအိုအား သာဓုခေါ်ခဲ့မိပေသေး၏။

ဦးအို၏ တံတားကြီး ပျက်စီးနေသည်ကို ကြည့်ရင်း … သင်္ခါရကို မတွေးနိုင်သေးဘဲ အီတလီပြည်က အုတ် တံတားကြီးကို လည်းကောင်း၊ ပီဆာ မျှော်စင်ကြီးကို လည်းကောင်း ဘွားခနဲ အလားတူ သတိရ လိုက်မိသေး၏။ ပီဆာမျှော်စင်ကြီးကား စောင်းစောင်းရွဲ့ရွဲ့ကြီးနှင့် ကမ္ဘာကျော်နေသေး၏။ ဒီ အင်းဝက အုတ် မျှော်စင်ကြီး မှာလည်း စောင်းစောင်းရွဲ့ရွဲ့ကြီးပင် တောတွေချုံတွေကြားထဲမှာ မနည်းကြီး ကြည့်ယူရပါသည်။

မြင်ကွင်းကလေးမှာ လှပသပ်ရပ်လာရန် တောချုံတွေ သတ်သင်ရှင်းလင်းပြီး ခြံစည်းရိုးကလေးခတ်၊ မြက်ခင်းစိမ်း ကလေး ပတ်လည်ဝိုင်းပြီး တိုင်းရင်းသားရော နိုင်ငံခြား လေ့လာသူတွေပါ ကြည့်စရာ တစ်ခု အနေ နှင့် သေသေသပ်သပ် လုပ်ထားလျှင် အင်မတန်မှ ကောင်းမွန်သင့်မြတ်လှမှာပဲလို့ စိတ်ထဲက တွေးရင်း အုတ်တံတျား အဆုံးသို့ ရောက်ခဲ့ကြပါတော့သည်။

အင်းဝက ဦးအို၏ အုတ်တံတားကြီး အဆုံးသို့ ရောက်ပြီးနောက် အလွန်တရာမှ အကျည်းတန် အရုပ်ဆိုး လေရှာသော အင်းဝကူးတို့ဆိပ်ကို လျှောက်ပြီး ကြည့်ကြပါသည်။ ဧရာဝတီမြစ်ကို ဖြတ်ကူးထား သော အင်း၀ တံတားထိပ်ရှိ သပြေတန်းခံတပ်ကနေပြီး သဲသောင်ပြင်ကြီးဖြစ်တဲ့ သဲလမ်းမှ ဖုတ်တထောင်း ထောင်းထ အောင် နွားလှည်းများ၊ ဒေါ့ဂျစ်၊ လော်ရီ စသည့်ကားများနှင့် မောင်းလာပြီး မြစ်ငယ်မြစ် ကူးတို့ ဆိပ် သို့ ဆင်းကြရသည်။

ဒုဋ္ဌဝတီခေါ် မြစ်ငယ်မြစ်သည် အင်းဝနှင့် သပြေတန်းခံတပ်အကြားမှနေပြီး ဧရာဝတီမြစ်ကြီးအတွင်းသို့ စီးဆင်း၍ မြစ်ချင်းပေါင်းဆုံသောနေရာရာလည်းဖြစ်ပါသည်။

ကူးတို့ဆိပ်မှာ လှေဖောင်တစ်ခုရှိပါသည်။ လူနှင့် ကားဖြတ်ကူးပို့ဆောင်နေပါသည်။ မြစ်ရေနည်းချိန် ဆိုလျှင် ရေအပြန့် ကျဉ်းပါသည်။ မြစ်ရေတိုးချိန်ဆိုလျှင် ရေအပြန့် ကျယ်ပါသည်။

ဒုဋ္ဌဝတီ မြစ်ငယ်မြစ်ရေသည် မိုးတွင်းအခါ ရေများများ စီးဆင်းချိန်၌ ဖြောင့်ဖြောင့်မဆင်းဘဲ၊ ကမ်းပါး များကို ကွေ့ဝိုက်တိုက်စားပြီး စီးဆင်းသောကြောင့် အင်းဝမြို့ဘက်၌ အတော်တိုက်စားထားသဖြင့် ကမ်းပါး စောက်ကြီးများ ဖြစ်လျက်ရှိပါသည်။ အချို့ အစွန်အဖျားကျသောတဲများ အိမ်များပင် ရေတိုက်စား ၍ ကမ်းပါပြိုရာပါသွားရန် တဲတဲကလေးကျန်ပါတော့သည်။

ဤနည်းအတိုင်းသာ ဆိုပါလျှင် အင်းဝမြို့ဟောင်းမှာ ဒဋ္ဌဝတီမြစ်ရေတိုက်စား၍ တစ်စတစ်စ ကွယ်ပျောက် သွားမည်ကိုပင် စိုးရိမ်ဖွယ်ရာဖြစ်နေပါပြီ။ တစ်ဘက်ကမ်းမှ ပေါ်ထွက်နေသော သောင်ပြင်ကြီးက ကိုင်းသမား တို့အတွက် သီးနှံစိုက်ပျိုးချက် ကောင်းသော်ငြားလည်း အင်းဝဘက်မှာချည်း ရေဖိ စားသွားပြန်လျှင် ရာဇဝင်ကျော် အင်းဝမြို့ဟောင်းကြီးရေအောက် ရောက်သွားမည်ကိုတော့ မလိုလား နိုင်အောင် ဖြစ်မိကြပေလိမ့်မည်။

အင်းဝဘက်က ကူးတို့ဆိပ် အတက်မှာလည်း ကမ်းပါးစောက်က နက်သောကြောင့် တမော့ကြီး ကုန်းရုန်း တက်ကြရပါသည်။ သဲ၊ နုံး၊ ဖုတ်တို့ကလည်း နေပူရှိန်ကြောင့် ခြစ်ခြစ်တောက်ပူလျက်`ရှိသည်။ ဖုတ် ထူသော လမ်းပေါ်၌ခြေမျက်စိမြုပ်အောင် နင်းရ၊ ရုန်းကြရပါသည်။ ကားဆိုလျှင်လည်း ဟောဟဲ မြည် အောင် စက်သံဗိန်းမောင်းရိုက်၍ တက်ရပါသည်။ မြင်းလှည်း၊ နွားလှည်းများဆိုလျှင်လည်း မြင်းနှင့် နွားသတ္တ ဝါခမျာများ လျှာအလျားသား ထွက်အောင် ရုန်းရရှာပါသည်။

သတ္တဝါတို့မည်သည် ဖြစ်လေရာ ဘဝတွင် ပျော်ရွှင်တစ်လှည့် ငိုတစ်လှည့်၊ မဲ့တဲ့အခါမဲ့၊ ပြုံးတဲ့အခါ ပြုံးပြီး သု၊ ဒုက္ခတာဝန်တို့ကို ကုန်းရင်း ရုန်းရင်းကပဲ သေပွဲဝင်ကြရတယ်။ အချိန်တန်တော့ သေကြရမှာ မလွဲှတဲ့ တရားပေကိုး။ ဘဝကို ရုန်းရင်းကန်ရင်းနဲ့ပဲ အိုမယ်၊ နားမယ်၊ သေမယ်ဆိုတဲ့ တရားပေကိုး။ ဘဝကို ရုန်းရင်း ကန်ရင်းနဲ့ပဲ အိုမယ်၊ နာမယ်၊ သေမယ်ဆိုတဲ့ တရားတွေဟာ ရှောင်လွဲှပြေးပုန်းလို့ ရနိုင်တဲ့ ကိစ္စတွေ မဟုတ် ပါလား။ ဒါကြောင့် တိရစ္ဆာန်ပဲဖြစ်ဖြစ်၊ လူပဲ ဖြစ်ဖြစ် ဘဝရဲ့ တာဝန်ကို မရုန်းချင် မကန်ချင်လို့ မရ၊ သုခ၊ ဒုက္ခတွေ ကြားထဲကပဲ အိုရ၊ နာရ၊ သေကြရမှာပါကလား … လို့ တရားကျချင်စရာ မြင်ကွင်း ပါပဲ။ လူတွေ တိရစ္ဆာန်တွေ ရုန်းကန်နေရတဲ့ အင်းဝကူးတို့ဆိပ် မြင်ကွင်းဟာ နိဗ္ဗန်မရသေးသမျှ ဘ၀ ရဲ့ ဝဋ်ဒုက္ခ ရုန်းကန်ရမှုတွေ အတွက် သင်ခန်းစာ ဥပမာ တစ်ရပ်လိုပဲ တွေ့မြင်ခဲ့ရခြင်းဖြစ်ပါသည်။

အင်းဝကူးတို့ဆိပ် ကြည့်ရှုကြပြီးနောက် အင်းဝမြို့ဟောင်း ချုံပိတ်ပေါင်းတို့ကို လိုက်လံကြည့်ရှုရန် ထွက်လာ ခဲ့ကြပါသည်။

အင်းဝမြို့ကြီးကို စတင် တည်ထောင်ခဲ့သူ သတိုးမင်းဖျားသည် တစ်ဘက်တွင် ဧရာဝတီ၊ တစ်ဘက်တွင် ဒုဋ္ဌဝတီ မြစ်နှင့် တစ်ဘက်သော နှစ်နေရာက ချောင်းများဆုံရာတွင် ကွက်လပ်၌ မြို့တည်ထားခြင်းဖြစ်၍ ကျုံး၊ မြောင်း စသည်များကိုလည်း မြို့ပတ်လည်တွင် ဝန်းရံထားပြန်ပါသည်။ ရေယဉ်ဝိုင်းနေသောမြို့၏ ရေ တံတိုင်းကြီး များဟုလည်း ဆိုနိုင်ပါသည်။

မြို့၏ အနေအထားမှာ နန်းတော်ရာ အတွင်းမြို့ရိုးကို လေးထောင့်စတုရန်း တည်ဆောက်ခဲ့သော်လည်း အပြင်မြို့ရိုး မှာတော့ လေးထောင့်ကျကျ မထားဘဲ၊ သုံးထောင့်ချိုး ပုံသဏ္ဍာန်ကိုပင် မြို့ရိုးကို မန္တလေး ရတနာပုံ မြို့ရိုးကဲ့သို့ မျဉ်းတစ်ပြေးတည်း ဖြောင့်ဖြောင့်တန်းတန်းမဟုတ်ဘဲ၊ ခိုနန်းချိုးထောင့်တွန့် တွေနှင့် တစ်မျိုးတစ်ဖုံ တည်ဆောက်ထားသည်။ မြို့ရိုးအင်္ဂါများဖြစ်သော ပစ္စင်၊ ရင်တား၊ သူရဲပြေး၊ သူရဲခို၊ ပြအိုး၊ တံခါးစသည်များအပြင် ထောင့်ချိုးတွေ အကွေ့တွေ ဖန်တီးထားပြီးမှ မြို့တံခါး ၁၆ ရပ်ထက်မနည်း ထားရှိသည်ဟု ဆိုပါသည်။

အတွင်းနန်းမြို့ရိုးမှာတော့ တံခါးပေါက် ၉ ပေါက်ရှိ၍၊ အပေါက်တံခါး ၉ ခုကို ပါဠိလို (နဝ)ဟု ခေါ်သဖြင့် အပေါက် ၉ ခုဟုလိုအပ်သော နဝကို အခြေပြုဟန် ရပါသည်။ အချို့ အမှတ်အသားများမှာ အင်း ၉ အင်းကို ဖို့၍ တည်သောမြို့ဖြစ်သောကြောင့် “အင်းဝ” ဖြစ်လာကြောင်း အဆိုရှိပါသေးသည်။ တံခါးပေါက် အ၀ ၉ ခု ရှိ၍ အဝ၊ နဝမှာလည်း နီးစပ်သယောင် ဖြစ်နေပြန်ပါသည်။

အရောင် တလျှမ်းလျှမ်းဖြင့် ရွှေနန်းရွှေဘုံ အလုံးစုံတို့သည် ရာဇဝင်အစဉ်အလာအရ ရှည်လျားစွာသော ခေတ်အချိန်များကနေပြီး ကုန်းဘောင်ခေတ်၏ နောက်ဆုံးအချိန်အထိ ကြီးကျယ်ခမ်းနားခဲ့သော်လည်း ယနေ့ မြင်ရပုံမှာမူ ဘယ်သူမျှ ယုံနိုင်စရာ မရှိတော့သော တော ချုံပိတ်ပေါင်းများအောက်၌ ပျောက်ပျက် နေ လေပြီ။ နန်းတော်ရာများသည် လည်းကောင်း၊ မြို့ရိုးနှစ်ထပ်သည် လည်းကောင်း၊ ကျုံး၊ မြောင်း၊ ပြအိုးတို့ သည်လည်းကောင်း၊ မြို့လမ်းမကြီးများ၊ ကျောင်းကန်ဘုရားများ စသော အရင်က အမှတ် လက္ခဏာ များ ပျောက်ကွယ်နေကြပါပြီ။ အစီအရီနှင့် တည်ထားကိုးကွယ်ခဲ့ကြသော ဘုရားစေတီ များ၊ ကျောင်းများက အရပ်ရှစ်မျက်နှာလက်ညိုးထိုးမလွဲ တည်ရှိခဲ့ဖူးသော်လည်း ယနေ့ အုတ်ပုံများ၊ ချုံနွယ်များ သာရှိ၍ အင်းဝမြို့ကြီး၏ ရုပ်လုံးက လုံး၀ ပျောက်ကွယ်နေပါသည်။

နန်းတော်ရာဟောင်း ရှိခဲ့ဖူးသောနေရာ အမှန်းအဆအဖြစ်နှင့် အုတ်မျှော်စင်ကြီးတစ်ခု ကျန်ရှိနေသေး၏။ ၎င်းမျှော်စင်ကြီးမှာ ပြိုတော့မလို လဲတော့မလို ယိုင်ယိုင်ကြီးဖြစ်နေရှာသည်။ သူ့အတွင်း ဝင်ကြည့်နိုင်ဖို့ မဆိုထားနှင့်၊ အနားကပ်ဖို့ပင် အတော် အကျပ်အတည်းဖြစ်ကြရ၏။ သူ့အနားပတ်လည်တွင် ချုံတွေ ဖုံးလွှမ်းနေပြီး အနားကို ကပ်သွားရန် လူသွားလမ်းပင် မရှိ၊ ယာခင်းများ ပတ်လည်ဝိုင်းနေပါ၏။ အဝေးကနေ ကြည့်မှ နည်းနည်းပါးပါး မြင်ရသေး၊ အနားရောက်လေ ချုံတွေ သစ်ပင်တွေက ကွယ်နေလေ၊ ဓားတစ်လက် နှင့်လမ်းရှင်းခုတ်ထွင် သွားရမည်ကလည်း ယာခင်းရှင်များကို စော်ကားရာ ကျနေမည်။ ပေါင်း ပင်မြက်ပင်တွေကလည်း အာဖရိက တောကြီးမျက်မည်းလို ကင်းကြီး၊ မြွေကြီးများ ထွက်မလား၊ ဖွတ်ကြီး များ ထွက်လာမလားဟု ကျောတွန့်မိကြသည်။ ဆင်တွေ ကျားတွေတော့ မရှိနိုင်ကြောင်း သိရ ပါသည်။

နောက်ပြီး “ဆရာယုဒသန်၏ အမှတ်အသား ကျောက်တုံးကြီး” စာထွင်းထားသော နေရာကိုလည်း အဝေးကနေ၍သာ လှမ်းမျှော်ကြည့်ရပါသည်။ ယာခင်းအလယ်မှာ တောတွေ ချုံတွေ ရံဝိုင်းနေပါသည်။ ဤနေရာကား “ထောင်” ဟု သိမှတ်ရ”သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့သည်၊ စိတ်က ရည်သည်”… ဟူသော မဲဇာတောင်ခြေ ရတုကဲ့သို့ပင်တည်း။

အနီးကပ် နိုင်သောအခါ မျှော်စင်ကြီးကို မြင်သာသော လှည်းလမ်းဘေး သစ်ပင်ချုံရိပ် တစ်ခုမှာ အသာ ထိုင် ပြီး အင်းဝပြည်ကြီး စည်ပင်ဝပြောခဲ့သော ခေတ်ဟောင်းကို ပြန်ပြောင်းတွေးဆလျက် စိတ်ကူး အိပ်မက် လိုက် မိပေသေး၏။

မျှော်စင်ကြီးနားမှာ ဖုံးလွှမ်းရှုပ်ထွေးကာဆီးနေကြတဲ့ တောချုံပိတ်ပေါင်းတွေကို ရှင်းလင်းပစ်ပြီး မျှော်စင်ကြီး၏ ပတ်ဝန်းကျင် လေးမျက်နှာကို မြက်ခင်းစိမ်းစိမ်းကလေး ခြံရံထား၊ သစ်သားတိုင် ဖြူဖြူ ကလေး တွေစိုက်ပြီး သံကြိုးဝင်းထရံ အဖြစ်ဝိုင်းထား၊ လူသွားလမ်းကလေးကို ကျောက်ခင်းထားရရင် အင်မတန် ကြည့်ပျော်ရှုပျော် ဖြစ်သွားမှာပဲ ရယ်လို့။ အနို့ပြီး နိုင်ငံခြား အနောက်တိုင်းပြည်တွေမှာလို၊ အီတလီ ပြည် ရောမမြို့မှာလို၊ အင်္ဂလန်ပြည် လန်ဒန်မြို့က တားဝါးအော့ဖ်လန်ဒန်လို၊ ပြင်သစ်ပြည် ပဲရစ်မြို့ တို့လို ရှေးရာဇဝင် အထိမ်းအမှတ်နေရာများ၊ အတိတ်ဖြစ်ရပ်များကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ သူ့လက်ရာခြေရာမပျက် ထိန်းသိမ်းစောင့်ရှောက်ပြသထားသလို ဖြစ်စေချင်လိုက်ပါဘိ။

သည်အင်းဝ၏ အတိတ်အရိပ်ဆို၍ သည်ဦးအို၏ အုတ်တံတာ၊ နန်းမတော်ကြီး ဒေါ်ဒေါ်နု၏ အုတ် ကျောင်းကြီး၊ သည် မျှော်စင်ကြီးနှင့် သည်ယုဒသန် ကျောက်တုံးကြီးများသာ အမွေအစရှာ၍ ရပါ တော့သည်။ ဒါကလေးများပါ ပျောက်ကွယ်မသွားအောင်တော့ ပြုစုယုယနိုင်ကြပါစေတော့လို့ စိတ်ကူးရင်း အုတ် ကျောင်းကြီးဘက် ခရီးဆက်ခဲ့ကြပါသည်။

မဟာဇေယျ ပထမအမည် သမုတ်ခဲ့သော အင်းဝမှ ဦးအို၏ အုတ်တံတားကြီးကို ဦးအိုတံတားဟုသာ အခေါ် များခဲ့ကြသလို ဘကြီးတော် ဖန်နန်းရှင်ဘုရင်၏ မိဖုရားခေါင်ကြီး၏ ကောင်းမှု အုတ်ကျောင်းကြီး ကား “မယ် နုအုတ်ကျောင်း” ဟုသာ အခေါ်များခဲ့သည်။

စင်စစ်အားဖြင့် ဟိုအချိန် ဟိုအခါကမူ ဘယ်သူမှ “မယ်နု” ဟု ခေါ်ဝံ့သူမရှိပါ။ အကယ်၍ ခေါ်မိလျှင်လည်း လျှာ အလှီးခံရမည်သာဖြစ်ပါသည်။

မိမိထက် တစ်နေ့တစ်ရက် တစ်မနက် ကြီးသူများအား ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုထုံးတမ်း စဉ်လာအရ အစ်ကို တန်သည်၊ အစ်မတန်သည် ယဉ်ကျေးဖွယ်ရာသာလျှင် ခေါ်ဆိုခဲ့ကြရိုးထုံးတမ်းစဉ်လာ ရှိပါသည်။

အကယ်၍ အရပ်ခေါ် ခေါ်စေဦးတော့၊ မိဖုရားကြီး အုတ်ကျောင်းဟုခေါ်ခြင်းက ခံသာပါလေဦးမည်။ ယနေ့ အတိုင်း တွက်ကြည့်လျှင် မိဖုရားကြီး၏ သက်တမ်းနှစ်ရာနီးပါးရှိတော့မည် ထင်သည်။ ယနေ့ ကလေး သူငယ်များက အစ ” မယ်နုအုတ်ကျောင်း”ဟု ခေါ်ရိုးခေါ်စဉ်ကဲ့သို့ ခေါ်ဝေါ်သုံးနန်းနေခြင်းမှာတော့ ဂါရ၀ နှင့် ချင့်ချိန်ကြည့်လျှင် အလွန် ရိုင်းစိုင်းရာ ကျနေမည်မှန်၏။

သို့သော် ကလေးသူငယ်များသာမက လူကြီးပညာရှိများ ဆိုသူကလည်း “မယ်နု” ဟုသာ ပြီးစလွယ်ခေါ်နေ ကြသည်။ မယ်နုတင်မကသေး။ မင်းတုန်းမင်းကြီးကိုလည်း “မင်းတုန်း” ဟုသာခေါ်ဝေါ်ရေးသားသည်။ သီပေါမင်းကိုလည်း “သီပေါ”က ဘယ်သို့ဘယ်ညာဟု ရေးကြ ပြောကြ၏။ ဤမျှမက မန္တလေး မဟာမြတ်မု နိဘုရားကြီးကိုပင် “မဟာမုနိ”ဟု ခပ်ရိုင်းရိုင်းခေါ်ကြ သုံးနှုန်းကြသည်မှာ ရိုး၍ပင် နေလေပြီ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ရှေးရိုးအစဉ်အလာ ယဉ်ကျေးမှု အသုံးများကွယ်ပျောက်ပြီး နှုတ်ကြမ်း၊ လျှာကြမ်း၊ စရိုက် ကြမ်းများက ဖုံးလွှမ်းထားကြပြီဖြစ်၍ မိမိတို့အမှား မိမိတို့ ချို့ယွင်းမှု လူစဉ်မမီမှုကိုပင် ပြန်ပြီး မမြင်နိုင် မသုံး သပ်နိုင်အောင် နစ်မွန်းနေကြရှာတော့သည်။

“မယ်နုအုတ်ကျောင်း”ဆိုမှလည်း သိကြတော့မလို ရှိပေသည်။ မိဖုရားကြီးအုတ်ကျောင်းဆိုလျှင်လည်း ဘယ် မိဖုရားကြီး၏ အုတ်ကျောင်းမှန်း ကွဲပြားနားလည်မည်မဟုတ်။ မြန်မာရှင်ဘုရင်၏ မိဖုရားကြီးတွေက ဆောက်လုပ်လှူဒါန်းခဲ့ကြသော အုတ်ကျောင်းတွေ၊ ကျွန်းသစ်ကျောင်းတွေက မရေမတွက်နိုင်အောင် ရှိနေ သေးသည်။

သို့ကြောင့် မိဖုရားကြီး ဒေါ်ဒေါ်နု၏ အုတ်ကျောင်းဆိုလျှင် နားခံပျော်ဖွယ် ရှိလေမလား။ ဒေါ်ဒေါ်နု ဆိုသည် ပင် ထီးသုံးနန်းသုံးယဉ်ကျေးသော အသုံးအနှုန်း မဟုတ်သေး၊ အရပ်သုံး အရပ်ခေါ်မျှသာ ရှိပါသေး၏။ သို့သော် မယ်နုနှင့်စာလျှင် ဒေါ်ဒေါ်နုက နားခံသာလေဦးမလားမသိ။

မိဖုရားကြီး ဒေါ်ဒေါ်နုတို့ ဘုန်းတန်ခိုး ကြီးစဉ်ကဆိုလျှင် “နု” ဆိုသော စကားကို မသုံးရဟု တားမြစ် ဖူးသည် ဟု အဆိုရှိခဲ့၏။ မန်ကျည်းရွက်နုသည်၊ တမာရွက် နုသည် စသဖြင့် “သစ်ရွက် နုသည် လကိုပင် ထည့်မသုံးရ၊ (နု) အစား (ထွတ်)သည်ဟု သုံးရသည်။ စစ်ကိုင်းမှ ထွက်သော အနုဆုပ်ခေါ်သော မုန့်တစ်မျိုး အား ဇေယျာဆုပ်ဟုခေါ်ရသည်။ လူတို့ ပါးစပ်ဖျား၌ (နု)ဆိုသော စကားကို မသုံးရတဲ့။

အဲဒီတော့ ရုပ်သေးစင်တော်ကြီးက သဘင်ပညာရှင်တို့က ပြက်လုံးထုတ်ပြီး ဘုရင်ကြီး သိအောင် ပြု လုပ်ကြ ရကြောင်း။

ရုပ်သေးစင်တော်ကြီး၌ ဘုန်းကြီးနှင့် ဖိုးသူတော်ထွက်ခန်း၌ ဖိုးသူတော်က စာအံသည်။

” ယေနဘဂဝါ၊ တေ “ထွတ်” ပသင်္ခါမိ ဟူ၍ သည်တော့ ဘုန်းကြီးက “ဟဲ့ သူတော်၊ ယေနဘဂဝါတေ “နု” ပသင်္ခါမိပါဟဲ့” ဟု ထောက်ပြသည်။

ဖိုးသူတော်က “ကိုယ်တော် ဘာသိလို့တုံး၊ အမိန့်တော် ထုတ်ထားတာက “နု”လို့ မသုံးရဘူးတဲ့၊ ဒါကြောင့် “နု” အစား “ထွတ်” လို့ သုံးရတာပ “လို့ ပြန်ပြောတော့ ဘုန်းတော်ကြီးက “ခက်ပါဘိ သူတော်ရယ်၊ ဒါဖြင့်ရင် ပိဋကတ်သုံးပုံထဲမှာရှိတဲ့ “နု”တွေ အကုန်ပြင်ပစ်ရတော့မှာပဲ”လို့ ညည်းပြသတဲ့။

အနုပညာဇာတ်သဘင် ပျော်တော်ဆက်များဟာ ဒါလောက်ကြောက်ရွံ့ရိုသေရတဲ့ အထဲကပဲ သူတို့ အရွဲ့ တိုက်ချင်ရင်လည်း တုံးတိုက်တိုက် ကျား ကိုက်ကိုက် ရွဲ့ပြလိုက်သေးတယ်။

ဘုန်းကြီးက စာသင်ပြရင်း “ဟဲ့ သူတော်၊ ဘုရားကို ပါဠိလို ဘယ်လို ခေါ်သတုံး” ဟု မေးဟန်၊ သူတော်က …

” ဗုဒ္ဓပေါ့ ဘုရာ့ “

” မုနိကောဟဲ့ “

“မုနိက မိနုပေါ့ ဘုရာ့ ” လို့ ပြက်လုံးထုတ်လိုက်သေးသည်ဟု အဆိုအမှတ်များရှိခဲ့ဖူးပါသည်။

အဲဒီခေတ်တုန်းက အဲသလောက် တန်ခိုးထွားခဲ့သော မိဖုရားကြီးသာ ယခု သူသူ ငါငါ ကလေးလူကြီးအားလုံးက “မယ်နု၊ မယ်နု” ဟု ခေါ်နေသုံးနေကြတာ ကြားရလျှင် ဘယ်လောက်များ ဆတ်ဆတ် တုန်အောင် နာကြည်းရှာမလဲလို့ တွေးပြီး သနားနေရပါသေး၏။

ဒေါ်ဒေါ်နု၏ အုတ်ကျောင်းကြီးသို့ ရောက်ကြပါပြီ။ အရင့်အရင် လာစဉ်တုန်းကကဲ့သို့ ဘယ်ဟာမှ အပျက်အစီး မရှိဘဲ အရင်အတိုင်းပဲ တွေ့ရပါသည်။ ကျောင်းအောက်ထပ်မှ လင်းနို့တွေလည်း အရင် အတိုင်း ပဲ တွေ့ရပါသည်။ အပြောင်းအလဲ အသန့်အရှင်း မရှိလှပါ။

ကျောင်းတော်ကြီး ခိုင်ခံ့သည်မှာ တအံ့တသြ ဖြစ်စရာ၊ ထုပ်လျောက်ဒိုင်းမြားမပါ၊ အုတ်ပေါင်းကူး မုခ်လျောက် များနှင့်သာ ပြီး၏။ အင်္ဂတေရွတ်ကလည်း ပုဂံခေတ်မှ တည်သော သဗ္ဗညုဘုရား၊ ဂေါတော့ ပလ္လင် ဘုရားများက အင်္ဂတေသရွတ်မျိုးမီးပါး၊ ခိုင်ခံ့ကျစ်လျစ်လှပါသည်။

အုတ်ကျောင်း ပေါင်းကူးပေါက်များသည် ကျောင်း၏ အောက်ထပ်၌လည်းကောင်း၊ အထက်ထပ်၌ လည်းကောင်း စနစ်တကျ ညီညီညာညာနှင့် အချိုးအစား ကျနလှပါသည်။ အရှေ့မှ အနောက်သို့လည်း ကောင်း၊ မြောက်မှ တောင်သို့ လည်းကောင်း၊ တစ်ဘက်မှ တစ်ဘက်သို့ ရှုမျှော်လိုက်တိုင်း မုခ်ပေါက်များ တစ်ပြေးတည်း တညီတညွတ်တည်း ဖြောင့်ဖြောင့်ဖြူးဖြူး တွေ့မြင်နေရပုံမှာ ပုဂံမှ အာနန္ဒာ ဘုရား အတွင်း ရှိ မုခ်ကူးများကဲ့သို့ပင် လှပစွာ တွေ့မြင်နေရပါသည်။

ကျောင်းအောက်ထပ်မှာ ဖုန်များ အမှိုက်သရိုက်နဲ့ မြက်ပင်များရှုပ်ထွေးပြီး လင်းနို့ချေးနံ့ကလည်း စူးစူးရှရှ ရှိလှ၍ ဝင်ကြည့်လိုသူတို့မြွေ၊ ကင်း ကြောက်ရမှုကြောင့် မဝင်ဝံ့ခဲ့ကြပါ။ ရှင်းရှင်းသန့်သန့် ကလေးဆိုလျှင် အင်မတန် ပင် ကြည့်လို့ကောင်းတဲ့ နေရာမျိုးပါ။ ရှေးအခါကဆိုလျှင် စာသင်သားများ နမော ဗုဒ္ဓါရ သိဒ္ဓါ၊ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ အေ၊ အဲ က အစ … ဧဝံမေသုတံ ဧကံသမယံတွေ ရွတ်ဖတ်ကျက်ဆိုနေတဲ့ နေရာပေ တကား။ ဆရာတော်ကြီး ဦးပုတ် သီတင်းသုံးသည့် ကျောင်းတော်ကြီးပါပေ။

အပေါ်ထပ် ကြမ်းပြင်မှာတော့ ဖြင့် သင်္ဘောကုန်းပေါင်လောက် ထူထဲသော ကျွန်းသားပျဉ်ကြီးတွေကို စီခင်းထားသည်။ တစ်ကျောင်းလုံး ပျဉ်ဆိုလို့ ကြမ်းခင်းသာရှိပါ၏။ ကျောင်းဦး၌ ဘုရားစင်ရှိသည်။ ရာဇပလ္လင် ပေါ်တွင် ဘုရားဆင်းတုတော်တင်၍ ကိုးကွယ်ခြင်း ဖြစ်ပါမည်။ ရှေးခေတ် ကျောင်း တော်ကြီးများ၌ ရှိသော ဘုရားဆောင်များမှာ ပလ္လင်တကဲကြီးကြီးတွေနှင့် ထားရှိမြဲဖြစ်ပါသည်။

ဒါကို နောက်သား နောင်လာတို့က ဦးအိုနှင့် ဒေါ်ဒေါ်နုတို့ တစ်ဉာဏ်တည်း တစ်ကျိတ်တည်း နန်းတော်ကြီး ကျိတ်ဆောက်သယောင်ယောင် ပြောကြသည်။ နန်းကို လုယူပြီး ဘုရင်လုပ်နိုင်စေကာမူ ဤအုတ်ကျောင်း ကြီးမှာ ရှင်ဘုရင်တို့ သုံးနိုင်လောက်သော နန်းတော်ဆောင်မျိုးကဲ့သို့ ကျယ်ကျယ် ဝန်းဝန်း ရှိလှသည်မဟုတ်၊ ဘုန်းတော်ကြီးကျောင်း အတွက်သာ ဖြစ်သည်ဟု တွက်ဆ သိရှိနိုင်ပါလိမ့်မည်။ အုတ်ကျောင်းတော်ကြီး ခိုင်ခံ့မှုကြောင့် ယခုခေတ်အထိ ကြည့်ကြရ၊ မြင်ကြရခြင်း ဖြစ်ပါသည်။

အင်းဝပျက်ကတည်းက အထိန်း အကွပ် အစောင့်အရှောက်မရှိ ပေါက်လွှတ်ပဲစား မြင်း၊ နွား၊ ဆိတ်၊ ဝက် တို့ကျောင်းတော်ကြီးတစ်ဝိုက် နွား စာကျက်မြက်ခင်းပြင် ဖြစ်လာခဲ့သည်။ ကျောင်းထဲတွင် လင်းနို့၊ မြေကြွက်၊ မြွေ၊ ကင်းတို့၏ ပျော်စံရာ ဗိမာန် ကြီးအဖြစ် နှစ်ရှည်လများ ရွေ့လျားခဲ့ရသည်။ အုတ်ကျောင်းတော်ကြီး ပတ်လည်တွင် ကျောင်း၊ အရံအတား၊ တံတိုင်း၊ မီးတားများ၊ တံခါးများလည်း ရှိသည့်နေရာ မှ ရှိ၍၊ ပျက်သည့်နေရာမှာ ပျက်ပြိုလျက်ပင်။

အုတ် ကျောင်းတော်ကြီးပေါ်တွင် သီတင်း နေထိုင်မည့် ပုဂ္ဂိုလ်မရှိ။ ငုံးတိတိ ပစ်စလက်ခတ် ထားခဲ့ သော်လည်း အနီးပတ်ဝန်းကျင်၌ ဘုန်းတော်ကြီး ကျောင်းများ ရှိသည်။ ဘုန်းတော်ကြီး၊ ကိုရင်၊ ကျောင်းသား များ အပြည့် ရှိကြသော်လည်း ယင်း အုတ်ကျောင်းတော်ကြီးမှာတော့ အစဉ်အလာအတိုင်း သီတင်းသုံး နေထိုင်မည့် ပုဂ္ဂိုလ်တို့ ဗလာကျ လာခဲ့ရသည်မှာ ရတနာပုံနှင့် အမရပူရ တစ်ခေတ်လုံးလိုပင် ဖြစ်ခဲ့ပုံရလေသည်။

အင်းဝပြည်ကြီး ကောင်းစားစဉ်က

ကြီးတော်ဘုရား လက်ထက်၌ အင်းဝပြည်ကြီး၏ နောက်ဆုံးခေတ်ဖြစ်ခဲ့သလို အစည်ကား အကြီး အကျယ် ဆုံးလည်း ဖြစ်ခဲ့ပါသည်။ ကြီးကျယ်ခမ်းနားသော ဖန်နန်းတော်ကြီးနှင့်တကွ မိုးထိုးမြင့်မား သော ကျောင်းကန် ဘုရား အဆောက်အဦပေါင်း မြောက်မြားစွာရှိခဲ့သည်။ အင်းဝခေတ် အဆက်ဆက်မှ နောက်ဆုံးခေတ် အထိ တည်ရှိခဲ့သော ထိုအဆောက်အဦများတွင် ပန်းဆယ်ပါးဟု ဆိုအပ်သော ပန်းပု၊ ပန်းတဉ်း၊ ပန်းရန်၊ ပန်းတမော့ စသော လက်ရာမွန်များနှင့် တည်ဆောက်ခဲ့ခြင်းဖြစ်ရာ၊ ရှေးဟောင်း လက်ရာ မွန်တို့နှင့် ဝေဆာလျှံညီး ရှုမငြီးတင့်တယ်ဖွယ်ရာ ရှိခဲ့သည်။ သိမ်းကျုံး၍ ပြောရပါမူ အင်းဝပြည်၏ လက်ရာ မြောက်ကျောင်းကန်ဘုရားနှင့် ဇရပ်တန်ဆောင်း စသောဘုံဗိမာန်တွေသည် ဤအင်းဝမှာ စု၍ သာ နေခဲ့ပေ သည်။

လောကီ လောကုတ္တရာကြောင်းနှင့် နာမည်သတင်း ကျော်စောခြင်းနှင့် ပြည့်စုံခဲ့သော ပညာကျော် တော်ဝင် ကဝိရှင်ကြီးများလည်း မရေမတွက်နိုင်အောင် အင်းဝက ထွန်းကားနိုင်ခဲ့ပါသည်။

အင်း၀ မိုးညှင်းမင်းတရားကြီး လက်ထက် အလွန်ထင်ရှားကျော်ကြားခဲ့သော ဘားမဲ့ဆရာတော်၊ ဘားတမော့ ဆရာတော်ကြီးများ၏ လောကီ ဆေးဝါး၊ အင်းအိုင် လက်ဖွဲ့၊ မန္တန်များအကြောင်း၊ ဓမ္မစေတီ၊ ဓမ္မပါလ (ဓမ္မညာ) စသောမွန်ရဟန်းတော် နှစ်ပါးနှင့်ဘုရင်မကြီး ရှင်စောပုတို့အကြောင်းများကို ပြန်လည် တွေးခေါ် မိလျှင် အလွန်ပင် စိတ်ဝင်စားဖွယ်ရာကောင်းသော ဖြစ်ရပ်ဌာနကြီး တစ်ခုလည်း ဖြစ်ခဲ့ပါသည်။

၎င်းပြင် ကဝိတံခွန် ပညာမွန်နှင့် ထူးချွန်ပြောင်မြောက်တော်မူခဲ့ကြသော ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာ သီလဝံသ၊ ရှင်ဥတ္တမကျော်၊ ရှင်အုန်းညိုအစ ယနေ့တိုင် ပညာတန်ဆောင် ဆီမီးထိန်ညီး ဝင်းပြောင်ဆဲ ဖြစ်သော ဆရာတော် ပညာကျော်များ ကြီးပွားထွန်းကားတော်မူခဲ့ရာ အရပ်အဖြစ်နှင့်လည်း စိတ်ထဲတွင် နှစ်သိမ့် ကြည်နူးစဖွယ်ပါတကား။

ရုပ်ဝတ္ထု ဟုဆိုအပ်သော အင်းဝ၏ ရှေးခေတ်အဆက်ဆက်က ကျောင်းတော်ကြီးများ၊ ဇရပ်တန်ဆောင် များနှင့် နန်းတော် အိမ်တော်ကြီးများသည် ယခုအခါ၌ အစကောက်လို့ မရလောက်အောင်၊ ခြေရာလက်ရာ ပျောက်သွား စေကာမူ၊ လူတို့၏ ဟဒယနှလုံးသားတွင် စွဲထင်ကျန်ရစ်ခဲ့သော အင်းဝ၏ စာပေ ရသတို့ မှာတော့ စာရေးသူတို့၏ ယနေ့ခေတ် ယနေ့အချိန်အထိ မတိမ်ကော မပျောက်ကွယ်ဘဲ အသည်းနှလုံးဝယ် အမြစ် တွယ်၍ နေခဲ့ရပါသည်။

အင်းဝမှာ ရှေးခေတ်ကျန် ဘုံဗိမာန်တွေ ပျောက်ပျက်ကုန်သော်လည်း ရှင်မဟာသီလဝံသ၏ ပျို့၊ လင်္ကာ၊ မော်ကွန်း စသော စာပေတွေ မပျောက်၊ ရှင်မဟာရဋ္ဌသာရ စာပေတွေလည်း မပျောက်ရုံမက စုလည်း ထုံးတုံ့ မထုံးတုံ့၊ ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့နှင့် ရွှေရင်ဖုံးတုံ့ မဖုံးတုံ့တုံ့ ယနေ့ခေတ်အထိ ဆိုကြတုန်း ရေးကြတုန်း သုံးကြ တုန်း။

ဝန်ကြီး ပဒေသရာဇာ၏ ပျို့ကဗျာသီချင်းတွေ မပျောက်တောက်ပဝင်းထိန် ရောင်ရှိန်လျှမ်းလျှမ်း လက်နေဆဲ ပင် ဖြစ်ပါသည်။

ဘားကရာ ကျောင်းတိုက်ကြီး၊ ဘားမဲ့ ကျောင်းတိုက်ကြီး၊ လေးထပ်ကျောင်းတိုက်ကြီးနှင့် ရတနာဗိမာန် ကျောင်းတော်ကြီး စသော အဓိကရ ကျောင်းတော်ကြီးတွေ ပျက်စီး ကွယ်ပျောက်သော်လည်း ဘားမဲ့ ဆရာ တော်ကြီး၏ ဆေးဝါး၊ မန္တန်၊ အင်းအိုင်စသော လောကီအတတ်ပညာများ လုံး၀ ကွယ်ပျောက် မသွားသေး ပေ။ ဘားမဲ့ ဆရာတော်ကြီးကား လူစင်စစ်က ကိုယ်ပျောက်နိုင်သော ဆေးစွမ်းကောင်း များကိုပင် စီရင် ဖန်တီးတော်မူနိုင်ခဲ့သည်။

ယခု သိပ္ပံပညာခေတ်တွင်ပင် ကိုယ်ပျောက်နိုင်သောနည်း မရကြသေးဘဲရှိရာ လကမ္ဘာကို သွားနိုင်တာက တစ်မျိုး၊ ကိုယ်ပျောက်အောင် မလုပ်နိုင်သေးတာက တစ်မျိုး။ ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာသီလဝံသတို့၏ ကျောင်းတော်ရာ များ မရှိတော့သော်လည်း ထိုပုဂ္ဂိုလ်တို့၏ ပျို့ကဗျာစာပေ အစောင် စောင်တို့ မကွယ်ပျောက် မပျက်စီး။ နန်းတော်ကြီးတွေ၊ အိမ်တော်ကြီးတွေ ပျက်စီးကုန်သော်လည်း ဝန်ကြီး ပဒေသရာဇာ ၏ ပျို့၊ ကဗျာ၊ လင်္ကာများ၊ ကြိုးသီချင်း၊ ဘွဲ့သီချင်းနှင့် တျာချင်းတို့ မပျောက်၊ ထန်းတက် သမား၊ လှေသမားတို့ တျာချင်းများ ခုမှပိုပြီးတောင် ခေတ်စားနေလိုက်သေးတော့၏။

မိဖုရားကြီး ရှင်မင်းမှစ၍ မြဝတီမင်းကြီး ဦးစ၊ ပြင်စည်မင်းသားကြီးတို့ သီချင်းတွေ တေးထပ် တွေဟာလည်း ယနေ့ ဂီတသမားတို့ ပါးစပ်ဖျား၌ ဝဲပျံနေဆဲ၊ နှလုံးသားမှ ပါးစပ်ဖျားသို့ တိုက်ရိုက်ရွတ်ဆို ဆင်းသက်နေကြဆဲ၊ မညှိုးမနွမ်း ပွင့်စ ပန်းကဲ့သို့ လန်းဆန်းရှင်သန်နေဆဲဖြစ်ပါသည်။ ရုပ်ဝတ္ထုတွေ ပျက်ကုန်ကြစေကာမူ ဟဒယဝတ္ထု နှလုံးသားတွင် စွဲထင်နေရစ်မူတို့က ဘယ်ခါမှ မပျက်ပြယ်သယောင် ခိုင်မြဲစွာ ရပ်တည်နေနိုင်သည်မှာ အံ့တစ်ပါးဖြစ်ပါပေသည်။

အဆောက်အအုံများနှင့်အတူ စာဆိုအကျော် တွေ၏ ကျမ်းဂန်၊ စာပေ၊ ဂီတ၊ ကဗျာ၊ ရသတို့က ဘယ်တော့ မှ မသေမပျောက်၊ အညွန့်အညှောက် တလူလူနှင့် ရှင်သန်၍ နေကြတုန်းပင်ရှိလေသည်။

ဆိုးတဲ့ဘက်၊ မိုက်တဲ့ဘက်က ထင်ရှားခဲ့သော သူခိုးကြီးငတက်ပြားတို့လည်း ဤအင်းဝပြည်ကြီးတွင် ကျော် စောထင်ရှားခဲ့၏။ “မရှိခဏဘုရား” ၏ ဘုရားဒကာမှာ သူခိုးကြီး ငတက်ပြား ဖြစ်ပါသည်။

မင်းကြီး မဟာဗန္ဓုလ ထွန်းကားချိန် မတိုင်မီကပင် ဆယ့်သုံးနှစ်သားနှင့် စစ်ကစားနိုင်တဲ့ စစ်ဘုရင်အဖြစ် တိုက်ပွဲကြီးတွေ ဝင်ခဲ့သူ “မင်းရဲကျော်စွာ” သည်လည်း ဤအင်းဝပြည်ဘုရင်မင်းခေါင်၏ သား၊ သတ္တိသွေး ထက်မြက် လှသော မင်းသားတစ်ပါးဖြစ်ပါသည်။

ယင်းသို့လျှင် အံ့မခန်း လက်ရာမြောက် အဆောက်အဦတို့ အလယ်တွင် လက်ရုံးရည်၊ နှလုံးရည် ပြည့်၀ သောပုဂ္ဂိုလ်များနှင့်အတူ ကျမ်းဂန်စာပေ၊ ကဗျာ၊ ဂီတ၊ ရသစုံတို့ဖြင့် ထုံမွမ်းကြိုင်လှိုင်ခဲ့သော အင်း၀ ပြည်ကြီး မှာ ပျက်စီးတိမ်ကော ဇနပုဒ်တောရွာကလေးဘဝသို့ ကျရောက်နေရပါသည်။ ယနေ့ မျက် မြင်သဏ္ဍာန်နှင့် ယခင်ရှေးအခါက ကြီးကျယ်ခမ်းနားခြင်း အတိတ်ကို ဆောင်နေရလျှင် ယုံနိုင်ဖွယ်ပင် မရှိ တော့ပါ။ ကလေးသူငယ်တို့အား ပြောပြသော ဒဏ္ဍာရီပုံပြင် တစ်ခုသဖွယ်သာလို့ ထင်ကောင်း ထင်မှတ်ကြ ပါတော့မည်။

ပထမ သရေခေတ္တရာ၊ ဒုတိယ ပုဂံခေတ်တို့က လက်ရာ အကြွင်းအကျန်တွေနှင့်စာလျှင် တတိယ အင်း၀ ခေတ်က အကြွင်းအကျန် လက်ရာမွန်များ အတွေ့ရ အလွန်နည်းပါးလှပါတော့သည်။ ယခုလက်ရှိ တွေ့မြင် နေရသော နန်းတော်ရာ၊ မျှော်စင်၊ အုတ်ကျောင်းတော်ကြီးနှင့် ဦးအို အုတ်တံတားနှင့် ယုဒသန် ကျောက်တုံး အမှတ်အသားတို့သာ တွေ့ရမြင်ရခြင်းဖြစ်ပါသည်။

တစ်ခု တည်းသာ ကျန်ရှိတော့သော ဒေါ်ဒေါ်နု၏ အုတ်ကျောင်းတော်ကြီး၏ယခုအခြေအနေမှာတော့ ဖုန် အမှိုက်သရိုက်နှင့် လင်းနို့ချေးများ ပေကျံနံစော်နေသည်မှအပ အုတ်ကျောင်းကြီးမှာ အတော်ခိုင်ခံ့ပါသေး သည်။

သည့်ထက် သန့်ရှင်းစင်ကြယ်စွာထားပြီး ပြုပြင်ထိန်းသိမ်းသွားမည်ဆိုက ပြိုပျက်ပဲ့ရွဲ့ခြင်းမရှိ၊ ပကတိ အကောင်းအတိုင်း နေသွားဦးမည့် ဟန်အနေအထားမှာ ရှိနေပါသည်။ စာရေးသူတို့သည် အုတ် ကျောင်းတော်ကြီးအား ထက်အောက်ဝန်းကျင် အနှံ့အပြားကို အားပါးတရ ကြည့်ရှုလေ့လာကြပြီး နောက် ကျောင်းကြီးပေါ်မှ ဆင်းလာကြပြီး အနောက်ဘက်မှ ဘုန်းကြီးကျောင်းဝိုင်းတစ်ခုကို ဖြတ်ကာ ဧရာဝတီ မြစ်ကမ်းစ သောင်စပ်သို့ ရောက်လာခဲ့ကြပါသည်။ အရင်က ဆိုလျှင် သည်နေရာသည် နန်းတော် မြို့ရိုး အပြင်တံခါးဝက သဲသောင်ခုံပင်ဖြစ်ပါသည်။

ဒေါ်ဒေါ်နု အုတ်ကျောင်းကြီးအနီးရှိ မြို့တံခါးမှာ “တကောင်းတံခါး”ဟု ခေါ်သည်။ ရှေးကတော့ လေသာ တံခါးဟုခေါ်ကြောင်း မှတ်သားသိရှိရပါသည်။ ယခုတော့ တံခါးလည်းမရှိ၊ မြို့ရိုးလည်းမရှိတော့ဘဲ ဘုန်းကြီး ကျောင်းဝိုင်း အထိမ်းအမှတ် ခြံစည်းရိုးသစ်ပင်ချုံနွယ်တို့ဖြင့်သာပြီးပါသည်။

ကျွန်းဦးတည့် သန်လျက်ခုံဆိုသည့်အတိုင်း ကျွန်းဦးရှိ အမြင့်အမြတ်ဆုံးနေရာ ဟူ၍လည်း မှတ်ယူစရာ ဖြစ် ပါသည်။ သဲခုံသောင်နုသည် ယခုမျက်မြင်အားဖြင့်တော့ ပဲခင်း ပြောင်းခင်းအဖြစ်နှင့်တွေ့နေရပါသည်။ ဒါ လည်း တစ်နည်းတော့ ကောင်းသည်လို့ ဆိုရမည်ပေါ့။ အလုပ်သမား တောင်သူလယ်သမားတို့၏ လုပ်အားကို တန်ဖိုးထားရမည့် အချိန်အခါ ဖြစ်သောကြောင့် အင်းဝမြို့၏ အကောင်းဆုံး အမြတ်ဆုံးဖြစ်တဲ့ ကျွန်းဦးတည့် သန်လျက်ခုံမှာ လယ်ယာကိုင်းကျွန်းသီးနှံများ ပေါက်ရောက်ရာ ဌာနကြီးတစ်ခုအဖြစ် ပြောင်း လဲနေခြင်းသည်ပင် မင်္ဂလာတစ်ခုဟု ဆိုရတော့မည်သာတည်း။

လေသာ တံခါးပေါက်၀ ဖြစ်ဟန်ရှိသော နေရာဟောင်း၊ ကျောင်းခြံစည်းရိုး အပြင်ဘက်ရှိ ပဲခင်းကြီးထိပ်တွင် အလွန်ကြီးမားသော လက်ပံပင်ကြီး တစ်ပင်ကိုလည်း တွေ့ရပါသည်။ ယင်းလက်ပံပင် ကြီး၏ ပင်စည်းလုံးပတ်မှာ အတော်ပင် ကြီးမားတုတ်ခိုင်လှသည်။ အနည်းဆုံး ဤအပင်၏ သက်တမ်းမှာ နှစ် နှစ်ရာ လောက်တော့ရှိမည်ထင်၏။

ကျောင်းအစ်မ မိဖုရားကြီး ဒေါ်ဒေါ်နုကိုများ ဤအပင်ကြီး မီလိုက်လေမည်လား မပြောတတ်ပါ။ သို့မဟုတ် မိဖုရားကြီး အမိန့်နှင့်ပင် စိုက်ခဲ့သော လက်ပံပင်ကြီးပေလား။ အပွင့်ကလည်း ထူးခြားပါဘိသည်။ အဝါနု ရောင် အပွင့်များဖြစ်၏။ လက်ပံပွင့်အရောင်သည် အများအားဖြင့် နီနီရဲရဲဖြစ်၏။ ယခုတော့ လုံးလုံးမနီဘဲ၊ အဝါရောင် သက်သက်ပဲဖြစ်ပါသည်။ အရောင်ထူးခြားလို့များ မိဖုရားကြီးက မြင့်မြတ်တဲ့နေရာမှာ လာပြီး စိုက်ပျိုးစေသည်လားဟု စဉ်းစားချင်လာပါသည်။ သို့သော် အတူပါလာသော ဒေါ်မမကြီးကတော့ ကြွေကျ နေသော လက်ပံပွင့်ဝါဝါ အစိုအခြောက်တွေ တွေ့သမျှကို လိုက်ကောက်ပြီး လျှော်ကြိုးနှင့် သီလျက်၊ အိမ် ရောက်လျှင် ပုန်းရည်ကြီးနှင့် ချဉ်ရည်ကျိုချက်ရမည်ဟု ဆိုနေပါသည်။

သြော် … ကျွန်းဦးတည့် သန်လျက်ခုံ တည်းဟူသော အမြင့်မြတ်ဆုံးနေရာ အင်းဝမြို့ လေသာတံခါး အထွက်က ရတဲ့ လက်ပံပွင့်ချဉ်ရည်ဟာ အတော်ကို စားလို့များ ကောင်းနေမလား။ အုန်းပေါင်ခုံမှိုင်းကြီးတို့ ရှမ်းပြည်က ထွက်တဲ့ ပဲအုပ်ကို ငရုတ်စပ်စပ် ထောင်းကလေးနှင့် ရောလွေးလိုက်ရလျှင် အင်မတန် တည့် သည့်ဟင်းစပ်တစ်ခွက်ပဲဟု ရှေးအညာ ဟင်းထမင်းများကို တွေးကြည့်လိုက်မိပါသေး၏။

အင်းဝပြည်ကြီး၏ နန်းဦးလေသာ တံခါးထိပ်ရှိ ကျွန်းဦးသန်လျက်ခုံဖြစ်သည့် သဲခုံသောင်နုပေါ်တွင် စိုက်ပျိုး ထားသော ပဲခင်း၊ ပြောင်းခင်း အတွင်းမှနေပြီး ဧရာဝတီမြစ်ကြီးကို ရှုမျှော်လိုက်သောအခါ … ဤမှာဘက် ဟု ဆိုအပ်သော ဒုဋ္ဌဝတီမြစ်နှင့် ဧရာဝတီမြစ်ရေချင်း နှီးနှောရောစပ်ရာ မြစ်ဝ၌ အလိုက်သင့် တည်ရှိနေ သောသပြေတန်းခံတပ်ဟောင်းကြီးကို လည်းကောင်း၊ ရွှေကြက်ယက်ဘုရား၊ ရွှေကြက်ကျ ဘုရား နှစ်ဆူ တည်ရာ ကြက်ညီနောင် ကုန်းတော်ညို့ညို့ကိုလည်းကောင်း၊ အနောက်ဘက် မင်းဝံ တောင်တန်း စိမ်းလန်း လန်းကြီးပေါ်တွင် ဖြူဖြူဖွေးဖွေး ဗျိုင်းကလေးတွေ တစ်အုပ် တစ်သင်းလိုက် နားနေ ကြသလို ထိုထိုသော ထုံးဖြူဖြူဖွေးနေသော စေတီအဆူဆူ၊ ဂူပုထိုး အမျိုးမျိုးများအား လှပ ကြည်နူး ဖွယ်ရာ တွေ့မြင်ဖူးမြော်နေရ ပါသည်။

ဧရာဝတီမြစ်နဒီကို နီနီရဲရဲနှင့် တစ်ဘက်နှင့်တစ်ဘက် အရောက်တံတားဖောက်ထားသော အင်းဝတံတား ကြီးကလည်း ခေတ်အမြင်နှင့် အင်မတန်မှ ပေါ်လွင်လျက် ရှိပါတော့သည်။ နဒီရေဖလာမှာ လှေနာဝါတွေ၊ သင်္ဘောတွေကလည်း ပေါလောပေါလောနှင့် မျောပြီး ခရီးကို စုန်ဆန် သွားလာနေကြပါသည်။ တစ်ခါတစ်ခါ လည်းအထက်အညာက ချလာသည့် စဉ့်အိုးဖောင်ကြီးများ၊ သစ်ဖောင် ဝါးဖောင်ကြီးများက တံတားနီနီအောက်တွင် တစ်ယောက်ဝင် တစ်ယောက်ထွက် အဆက်ပြတ်သည်ပင် မရှိပါလေ၊ သာယာ သော ရှုခင်းပါပေတကား။

တကယ်လို့များ ဤနေရာက အင်းဝမြို့ကြီး မပျက်မစီး၊ ဇနပုဒ်လည်း မဖြစ်ဘူးဆိုလျှင် ရွှေရောင် လျှမ်းလျှမ်း နှင့် ဘုံနန်းပြာသာဒ် ကျောင်းကန်ဘုရားတွေနှင့် ဘယ်လောက် ကျက်သရေရှိလိုက်မလဲ။

ဒါကြောင့်လည်း မြဝတီမင်းကြီး ဦးစဟာ အင်းဝမြို့ဘွဲ့တွေ အများအပြား ရေးသားစပ်ဆိုတော်မူသွားပေ တာပဲ။ ဒီအထဲက နှစ်ပုဒ်၊ သုံးပုဒ် ထုတ်နုတ်ပြရမည်ဆိုလျှင် …

အင်းဝမြို့ဘွဲ့ ပတ်ပျိုး။ ။ ဟံသာငယ် ရာဇာ၊ ရွှေဟင်္သာ ငှက်မင်းတို့ပျော်စံရာ၊ ခိုနန်းငယ်မြို့တာ၊ သေချာ ငယ်အထား၊ ခြင်္သေ့ထိုင်ကျုံးနှင့်တံခါး၊ သိင်္ဂီငယ် ရွှေသား၊ ဖလားတည်သောဟန်၊ မယွင်းခုပုံသဏ္ဍာန်၊ ဘုန်း မောင်နှံငယ်လေ၊ တူစံပျော်ရွှင်၊ မြန်းမယ်လို့လေး၊ ကြငှန်းတည်၊ ရွှေပြည်ရွှေ၀ နန်းငယ်တည့်လေး၊ ဝေယံတွင်းငယ်က၊ နတ်မင်းငယ်စီမံ၊ ဆင်းတဲ့ဆင်းလာဖန်၊ ကိုးအင်းငယ် ကိုးကန်၊ ခြံရံပေါ်ထွန်း၊ အောင်ဘုံ သန်လျက်စွန်း။ ယမုံငယ်လေ သီတာဝန်း၊ တိုင်းရွှေဝကျွန်း၊ လှိုင်ကြူချိုခွန်း၊ ဗျာရငယ်တပေါင်၊ မင်းဝံညွန့်တောင်၊ တစ်သွယ် ဘုန်းနေရောင်၊ နှစ်သွယ် ဘုန်းရွှေဆောင်၊ ဆောင်နှင့်သာ ရွှေဘုံဆောင်၊ တောင်ခိုး ငယ်မြန်း၊ မြနန်းတည်၊ ရွှေပြည်ကျုံ့ချဉ်း၊ ကုန်းညွှတ်ရုန်း၊ ရန်လုံးငြိမ်း၊ ဘုန်းနေသလို၊ ရွှေကိုယ်ရံ သန်း၊ သွန်းဘိသိက်ဖျန်း။

၎င်းပတ်ပျိုးမျာ အင်းဝမြို့ရဲ့အင်္ဂါများပါ ထည့်သွင်းစပ်ဆိုထားပါတယ်။ အပြင်မြို့ရိုးဟာ ဖြောင့်ဖြောင့် အလုပ် ဘဲ တစ်မူဆန်းပြီး မြို့ရိုးရော ကျုံးပါ ခိုနန်းချိုး ထောင့်တွန့်တွေဖော်ပြီး တည်ခဲ့ခြင်း ကိုလည်းကောင်း၊ ပုံသဏ္ဍာန်အားဖြင့် ခြင်္သေံထိုင်နေဟန် မြင်နိုင်ခြင်း၊ ဧရာဝတီ၊ ဒုဋ္ဌဝတီ၊ စမုံ၊ ပန်းလောင် စတဲ့ မြစ်များ၊ ချောင်း များလေးမျက်နှာရံဝန်းနေတဲ့အသွင် ရွှေဖလားကို ရေပေါ်တင်ထားသလို ရှိကြောင်း၊ အင်း ကိုးအင်း၊ ကန် ကိုးကန်ကို ဖို့တည်ထားကြောင်း၊ အောင်မြေသန်လျက်စွန်းပေါ်၌လည်း တည်ရှိကြောင်း များ ပါရှိပါသည်။

နောက်နှစ်ပုဒ်မှာလည်း မြဝတီမင်းကြီး၏ လက်ရာ ရတနာပူရ အင်းဝမြို့တော်ဘွဲ့များဖြစ်ပါသည်။ ကြုံတုန်း ထပ်မံ၍ ဖော်ပြရပါဦးမည်။

မြဝတီမင်းကြီး ရေးသားသော ရတနာပူရ အင်းဝမြို့ဘွဲ့။

မင်းဝံတောင်ညွန့် မြတ်ရွှေဘုံ၊ မြရည်လှက်ကူး၊ ကျွန်းဦးတည့်သန်လျက်ခုံ၊ စမုံငယ်လေ ပန်းလောင်၊ သီတာ ငယ်ဝန်းမြောင်၊ နဖားတောင်၊ ပန်းလောင်ခွေ၍ ရစ်ပါလို့လေး၊ တောင်ခုနစ်ကယ်နှင့် မြစ်ခုနစ်သွယ်၊ မြင်းမိုရ် ထိပ်စွန်း၊ နတ်နန်းဝေယံနှယ်၊ သာကျယ်လေ၊ ပျော်ဖွယ်လေ ရှုမငြီး၊ ရွှေဘုန်းတော်ဝေဆာ၊ ပဒေသာလို ရာမက သိးပါလို့လေး၊ အံ့မပြီးနိုင်လို့၊ ပြည်ကြီးငယ်ဖွယ်၊ စုံစွာဖြိုးလှလေ၊ ရာမင်းနတ်ကယ်မို့၊ မြတ်ကျက်သရေ ဝေေ၀တိုးရလေ။

နောက်တစ်ပိုဒ်မှာလည်း မြဝတီမင်းကြီး ဦးစ ရေး ရတနာပူရ အင်းဝမြို့တော်ဘွဲ့ ဖြစ်ပါသည်။

” လေးမည်သာလှ မြတ်ရွှေတောင်။ စောင့်နေရံထား၊သိကြားတည်သည့်ယောင်။ နန်းဆောင်ဆောင်ငယ် လေ ညီးလက်လက်။ ပြန့်ဖြိုး ငယ်ယူခါ၊ မှုံပန်းငယ်ဖြာ၊ များစွာစွယ်ချင်း ယှက်သည်နှင့်လေး။ ကျွန်းသန်လျက်ကယ်နှင့်၊ ကြက်ယက်ကယ် မောင်မယ်၊ မင်းဝံယှက်သန်း၊ မြမန်းတောင်ညွန့်ဝယ်။ သီတာကျယ်ငယ်လေ၊ ညိုရစ်ဝန်း၊ ရတနာပူရ၊ ပြည်မ ရွှေဥသျှောင်ငယ်လေ၊ လေးကျွန်းငယ် တန်ဆောင်၊ ပြောင်ပြောင်နေသို့ ထွန်းပါလို့လေး။ မြတ်စွာရွှေခွန်း၊ သိုက်ညွှန်းငယ် အောင်မြေ၊ သပြေကျုံးရလေး။ စက်ရဟတ်ကယ်နှင့်၊ မန္ဓာတ်ကယ်တူစွာ၊ ပမာနှုန်းရလေး။ “

ယင်းသို့လျှင် ပညာရှိ ကဝိထိပ်သီး မြဝတီမင်းကြီး ရေးစပ်ခဲ့သော ဘွဲ့ချင်းများအတိုင်း အင်းဝမြို့တော်ကြီး သာယာစည်ကားပုံ၊ ကြီးကျယ်ခမ်းနားပုံ သိုက်ညွှန်းစကားနှင့် မြို့တော်ကြီး၏ ဂုဏ်ဒြပ်အတ္ထုပ္ပတ္တိများကို နှုတ်တစ်ရာ စာတစ်လုံးဆိုသလို သိမ်းကျုံးပါဝင်ရန် စပ်ဆိုဖန်တီးခဲ့သလောက် အဓိပ္ပာယ်ပေါက်နေပါသည်။

တစ်ခု ထူးခြားသည်မှာတော့ ဝန်ကြီးပဒေသရာဇာတို့၊ မြဝတီမင်းကြီးတို့ လက်ထက်ကထက် ယနေ့ ရှုခင်း တစ်ခုတိုးနေတာက “အင်းဝတံတားကြီး” ပါပဲ။ ဧရာဝတီမြစ်ကို တစ်ဘက်နှင့် တစ်ဘက် ဖြတ်ကူးပေးထား၍ မီးရထား၊ မော်တော်ကားနှင့် ခြေလျင် လူသားများပါ သွားလာကူးသန်းနေကြတဲ့ အဲဒီ အင်းဝတံတားကြီးဟာ လည်း စာဖွဲ့လောက်တဲ့ တံတားကြီးပေပေါ့။

မြဝတီမင်းကြီးတို့ လက်ထက်ကသာ အင်းဝတံတားကြီးရှိခဲ့မယ်ဆိုရင် အင်းဝမြို့ဘွဲ့ချင်းထဲမှာ ပါရမှာပင် တည်း။

သို့ပင်တည်း အင်းဝတံတားကြီး မပေါ်လာမီ နှစ်ပေါင်းများစွာက လူအများ သီဆိုလေ့ရှိတဲ့ သီချင်းတပေါင် တစ်ခုဟာ ရှိနေပါသေး၏။

ထို တပေါင်သီချင်းကား … ” ရွှေကြက်ယက် မိကျောင်းပေါ်၊ မရာကျော် ကိုက်တဲ့မိကျောင်း”လို့ ဆိုကြပါ သည်။ ၎င်းသီချင်းသည် စာရေးသူ ၄၊ ၅ နှစ်သမီးလောက်ကပင် လူကြီးများ သီဆိုကြသည်ကို ကြားနေခဲ့ရပါ သည်။ ယခု စာရေးသူ၏ အသက်ပင် (၇၀)ပတ်ဝန်းကျင်တွင် ရှိနေပါပြီ။ စာရေးသူ မမွေးမီ ဘယ် ရာစုနှစ်ဆီ ကပေါ်နေသောသီချင်းဟုမည်သူ ခန့်မှန်းနိုင်ပါမည်နည်း။

၎င်း သီချင်းမှာ အင်းဝတံတားကြီး တည်ဆောက်သောအချိန်တွင်ပို၍ ခေတ်စားပြီး ဆန်းသစ် လာပြန်သည်ကို တွေ့ရပါသည်။

၁၉၃၅-၃၆ ခုနှစ်လောက်တွင် အင်းဝတံတား တည်ဆောက်ပြီးခဲ့သည်ထင်၏။ အလွန်ရှင်းလင်းနေသော ဧရာဝတီမြစ်ကြီး အလယ်တွင် နီနီရဲရဲ တံတားကြီးက ဖြတ်ကူးထားသဖြင့် ကြည့်ရသည်မှာ သတ္တဝါကြီးတစ် ကောင်မြစ်ကို ကန့်လန့်ဖြတ် ပေါ်နေသလိုလို ထင်ရပါသည်။ တံတားတစ်ဘက်မှာ စစ်ကိုင်းဘက်တွင်ရှိ၍ တစ်ဘက်သော တံတားထိပ်မှာ ရွှေကြက်ယက်ဘုရားနှင့် သပြေတန်းခံတပ်၏ အလယ်ကြား တွင် တည်ရှိပါ သည်။

ဤတွင် ရွှေကြက်ယက် မိကျောင်းပေါ်သော သီချင်းနှင့် အံဝင်ခွင်ကျ ဖြစ်နေပါသည်။ ဧရာဝတီမြစ်နံဘေး ရွှေကြက်ယက်ကမ်းစမှ စစ်ကိုင်းဘက်သို့ ကန့်လန့်ဖြတ်ကူးထားသော အင်းဝတံတား နီနီရဲရဲကြီးမှာ ရုတ်တ ရက် ဧရာဝတီမြစ်ထဲမှာ မိကျောင်းကြီး ကန့်လန့်ပေါ်နေသယောင် ဖြစ်နေပါသည်။

ဤမျှမက သီချင်း၏ နောက်တစ်ပိုဒ်ဖြစ်သော (မရာကျော်ကိုက်တဲ့မိကျောင်း)မှာလည်း တစ်နည်းအားဖြင့် ဆက်နွယ်နေပြန်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က အင်္ဂလန်နိုင်ငံကို အုပ်စိုးသူသည် ဝိတိုရိယ ဘုရင်မကြီးဖြစ်ပါသည်။ ၎င်းဘုရင်မ လက်ထက်မှာပဲ မြန်မာပြည်အောက်ပိုင်း ရေး-မြိတ်-ထားဝယ်ထိ သိမ်းယူခြင်း၊ ဒုတိယရန်ကုန်မှ ပြည်-သရက်အထိ အလယ်ပိုင်းကို သိမ်းယူခြင်း၊ တတိယ အထက်မြန်မာပြည် မန္တလေး အထိ အလုံးစုံ သိမ်း ယူလိုက်ခြင်းဖြစ်၍ မြန်မာတစ်ပြည်လုံး စုံးစုံးမြှုပ် သူ့ကျွန်ဖြစ်ခဲ့ရသည်မှာ အနှစ်တစ်ရာ လောက်ရှိခဲ့ပြီ။

သို့ကြောင့် ဝိတိုရိယဘုရင်မကို မရာကျော်လို့ ဆိုလိုရင်းရှိခဲ့သည်။ ၁၉၂၀ ခုနှစ် သပိတ်ကြီးမှအစ ဂျီစီဘီအေ၊ မန္တလေး ကွန်ဖရင့်ကြီး အပြီးအထိ မြန်မာတို့ နိုင်ငံရေး မျိုးချစ်စိတ်ဓာတ်များ နှိုးဆွတက်ကြွချိန် ၁၉၃၅ ခုနှစ်လောက်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေး မရမနေ တောင်းဆိုလာခဲ့၏။ ဟုမ္မရူးခေါ် ကိုယ်ပိုင်အုပ် ချုပ်မှုရရှိရန် ကြိုးစားပြီး ဝံသာနုတရားတွေ လှိုင်လှိုင်ကြီး ဟောနေချိန်ဖြစ်သည်။ ထောင်ကျခံ တိုက်ပွဲဝင်ကြ သည်။

ထိုအချိန်နှင့် ကိုက်၍ အင်းဝတံတားကြီး ပေါ်လာသောအခါ မရာကျော်ကိုက်တဲ့ မိကျောင်း (သို့မဟုတ်) (ကိုက်မယ့်မိကျောင်း)ဟု တပ်အပ်စွဲကြတော့သည်။ နှစ်တစ်ရာကျော်ဝိတိုရိယဘုရင်မ၏ လက်အောက်ခံ ကျွန် ဘဝမှ ရုန်းကန်ထကြတော့မည် အတိတ်နိမိတ်ဆိုပြီး အတော်စိတ်ဝင်စားခဲ့ကြသည်ကို တွေ့မြင်ကြား သိခဲ့ ရပါသည်။

ဟုတ်တော့လည်း အဟုတ်သားပါပဲ။ အဲဒီ တပေါင်းသီချင်းအတိုင်း မြန်မာပြည်ကြီး လွတ်လပ်၍ ပြည်ထောင်စု မြန်မာနိုင်ငံကြီး ဖြစ်လာတဲ့ ယနေ့အထိဆိုလျှင် ၂၅ နှစ်ပင် ရှိခဲ့ပါပြီကော။

ဒီသီချင်း ကို ဟိုအချိန်တုန်းက မည်သူ ရေးစပ်ခဲ့လေသနည်း။ အလိုလိုပေါ်ရင် တပေါင်လို့ခေါ်သည်။ လွန်ခဲ့ တဲ့ နှစ်တစ်ရာ လောက်ကဆိုရင် စစ်ကိုင်းနဲ့ ရွှေကြက်ယက် တစ်ဘက်ကမ်းနှင့် တစ်ဘက်ကမ်းကို မည်သူ ကကော တံတားကြီးဆောက်ဖို့ စိတ်ကူးပေါက်ပါဦးမည်နည်း။

ရွှေကြက်ယက်မှာ မိကျောင်းပေါ်ပြီးသည့်နောက် မရာကျော်၏ အင်ပါယာကြီး ပျက်စီးလိမ့်မည်လို့ကော ဘယ်ဗေဒင်ကမှ အဟောမထွက်ခဲ့ဖူးပါတကားလို့ စဉ်းစားစရာပင် ဖြစ်ပါသည်။

သို့ကြောင့်လည်း အင်းဝတံတားကြီးကို ကြည့်ရင်း နောက်ကြောင်းပြန် စဉ်းစားလို့ အတော်ကောင်းနေပါ သည်။ အတိတ်ဖြစ်စဉ်များဟာလည်း တကယ် မှတ်မှတ်ထင်ထင်ထားပြီး စဉ်းစားလျှင် ကောင်းသော အတွေ့ အကြုံကိုဖြစ်စေ၊ မကောင်းသော အတွေ့အကြုံကို ဖြစ်စေ၊ ရာဇဝင်အခြေခံ၊ သမိုင်း အခြေခံ ကလေး တွေ ဖြစ်နေတတ်ပြန်ပါသည်။

အင်းဝတံတားကြီး ဖွင့်ပွဲလုပ်စဉ်အခါက စာရေးသူ မန္တလေးမှာ ရှိနေခိုက်နှင့် ကြုံသောကြောင့် သွားခဲ့ရပါ သေး၏။ ထိုစဉ်က ရွှေကြက်ယက် မိကျောင်းပေါ်သောကိန်းနှင့် အင်းဝတံတားကြီး ဖွင့်ပွဲမှာ အထက်မြန်မာ နိုင်ငံ၏ အုတ်အော်သောင်းတင်း ပွဲကြီးပွဲကောင်း တစ်ခုလည်း ဖြစ်ခဲ့ပါသည်။

အောက်ရပ်ကလူတွေလည်း လာကြသည်။ အညာပိုင်းကလည်း လာကြသည်။ ရှမ်းပြည်တောင်ပိုင်း၊ မြောက် ပိုင်းစသော တောင်ပေါ်ပိုင်းကလည်း လာကြပါသည်။

မန္တလေးတစ်မြို့လုံးလည်း ဤပွဲအတွက် လှုပ်လှုပ်ရွရွ ဖြစ်နေကြပါသည်။ အင်းဝဘက်နှင့် စစ်ကိုင်းဘက်၏ မြစ်ကမ်းနားတစ်လျှောက်မှာလည်း မဏ္ဍပ်ကနားကြီးတွေ ထိုးလို့၊ အစိုးရပိုင်ဆိုင်ရာ ဧရာမ ပါဝါ တန်ခိုးရှင်ကြီးများ “ရှိုး”အပြည့်နှင့် ရှိကြပါသည်။

တံတားကြီးပေါ်ကို မီးရထားခုတ်မောင်း၍ ဖွင့်ပါမည်။ တွဲတွေပေါ်မှာ ဆိုင်ရာ နယ်ရှင်၊ ပယ်ရှင်၊ တန်ခိုးရှင် များ၊ မင်းခစားကြီးများက စတိုင်ပွပွ ဘိုင်ကျကျနှင့် ထိုင်လိုက်ကြရမည်။ မီးရထားခေါင်းတွဲကြီးမျာလည်း ပန်းတွေ မန်တွေ အလံတွေ ဆွဲဆင်ပြီး အလှအပ လုပ်ထားပါသည်။

မြစ်ရေ ကျနေချိန် နွေဦးအစ ဖြစ်နေသောကြောင့်လည်း ရွှေကြက်ယက် အင်းဝဆိပ်ကမ်းခြေတစ်လျှောက် သဲသောင်ကြီး ပေါ်ထွန်းနေလေရာ၊ တံတားကြီး၏ အုတ်တိုင်ကြီး သုံးခုသည် သဲသောင်ပေါ်တွင် ရှိနေပါသည်။ သောင်ပြင် တစ်ခုလုံးလည်း ပရိသတ်တွေ ဖွေးဖွေးလှုပ်ရှိနေကြပါသည်။

ကိုယ့်အစုနှင့်ကိုယ် စားသောက်ဖွယ်ရာ အစုံအလင် ပါကြသည်။ တံတားအောက် အရိပ်ကောင်းရာ၌ စတည်းချသူချ၊ ကိုယ့်ဖျာကိုယ်မိုးပြီး သောင်ပြင်မှာ ထမင်းဟင်း အပျော်ထမင်းချက်စားသူကစား၊ မြစ်ထဲ ဆင်း ရေချိုးသူတွေကချိုး၊ ဟိုဘက်ကမ်းမှ ဒီဘက်ကမ်းသို့လည်းကောင်း၊ ဒီဘက်ကမ်းမှ ဟိုဘက်ကမ်း သို့လည်းကောင်း၊ အလကားမတ်တင်း အငြိမ်မနေဘဲ ငှက်သမ္ဗန်တွေနှင့် ကူးချည်သန်းချည် လုပ်နေသူ တွေက လည်းကောင်း မြစ်ပြင်တစ်ခုလုံး မွမွကျဲ၊ သဲသဲလှုပ်နေကြပါသည်။

ဘုရားပွဲကြီးများပမာ စားစရာ ရောင်းသော ဈေးသည်တွေကလည်း ပွဲဈေးတန်းကြီးအလား စည်ကားလှပါ ၏။

မီးရထားနှင့်လာသူ၊ ကိုယ်ပိုင်ကားနှင့်လာသူ၊ ဘတ်စ်ကားနှင့်လာသူ၊ ဘိုင်စကယ်နှင့်လာသူ၊ ပျော်ပျော် ပါးပါး နွားလှည်းနှင့်လာသူတွေ သာမက ရွာနီးချုပ်စပ်တစ်လျှောက်ကဆိုလျှင် ခြေလျင် လာရောက်ကြ သော ပရိ သတ်များကလည်း ဒုနှင့်ဒေး ဖြစ်ပါသည်။

စာရေးသူတို့ မန္တလေးမှ မနက်အစောကြီး နွားလှည်းနှင့်တပျော်တပါး လာခဲ့ကြပါသည်။ လှည်းခကလည်း ပေါလိုက်သည့်ဖြစ်ချင်း၊ မနက် ၅ နာရီက ညနေ ၆ နာရီအထိ တစ်ကျပ်သာ ပေးရပါသည်။ နွားကလေး တွေကလည်း ကြော့ကြော့မော့မော့၊ လှည်းဆရာကြီးကလည်း အမောင်းတော်လှသည်။ လှည်းပေါင်းမိုး ပေါ် မှာ နေပူသက်သာအောင် ကန့်လန့်ကာအနီကြီး အုပ်ပေးထားသေး၏။ အောက်မှ နွားစာ ကောက်ရိုး ခြောက် မြက်ခြောက်တွေ ထု တစ်ပေလောက် ခံထားပြီးမှ အပေါ်က သင်ဖြူးချောချော ခင်းပေးထားသော ကြောင့် လှည်းပေါ် ထိုင်လိုက်ရသည်မှာ ဆိုဖာပေါ် ထိုင်လိုက်ရသလို ငြိမ့်ညောင်းလှပါ၏။

စာရေးသူနှင့် မောင်ငယ်၊ ယောက်မငယ်၊ တပည့်သူငယ်လေးနှစ်ယောက်၊ လှည်းဆရာကြီးပါမှ ပေါင်း ၆ ယောက် သာ လှည်းပေါ်တွင်ပါသည်။ အခြား အိမ်နီးနားချင်း လှည်းအဖော်တွေကတော့ ၄၊ ၅ စီးပါ လာကြပါ သည်။

လှည်းဦးတွင် စားသောက်ဖွယ်ရာ ထည့်လာသော ထန်းခေါက်တောင်းကြီး တစ်ခု၊ ဟင်းထည့်လာသော ကျောက်ကာချိုင့်ကြီးတစ်ခု၊ သောက်ရေ၊ ရေခဲစိမ်လာသော သတ္တုချိုင့်ကြီးက တစ်ခု ပေါင်း ၃ ခုသာ ဖြစ် သည်။ တပည့်သူငယ်များက ဟိုရောက်မှ သောင်ထဲမှာ သူတို့ ထမင်းနှင့် ဟင်းချိုချက်ပေးပါမည်။

ဟင်းလျာ များသာ အဆင်သင့် ချက်ယူခဲ့ပါဆိုသောကြောင့် ဆန်နှင့် ထမင်းအိုး၊ ဟင်းချိုအု်းများ တောင်း ထဲမှာ ထည့်ခဲ့ ရပါသည်။ နေ့လယ်စာအတွက် ကော်ဖီ၊ လက်ဖက်ရည်၊ မုန့်ပဲ၊ လက်ဖက်၊ ချင်းသုပ်များ၊ သစ်သီးများလည်း အစုံထည့်လာခဲ့ရပါသည်။ ဟင်းကလည်း ကြည့်ပါဦး။ ယနေ့အထိ မှတ်မိပါသေးရဲ့။ နွေဦးပေါက်ဖြစ်၍ တို့စရာ တမာရွက်နုများ၊ မန်ကျည်းကြက်ဆူနှင့် ခရမ်းချဉ်သီး၊ ငသိုင်းခြောက်၊ ငါးမြင်းငါးပိနှင့် ရောချက် ထားသော ငါးပိချက်ဟင်း၊ ကြက်သားဆီပြန် တစ်ခွက်၊ ဒါပါပဲ။ သောင်ထဲရောက်မှ ချက်သော ဟင်းချိုမှာ တော့ ကိုင်းထဲက လတ်လတ်ဆတ်ဆတ် ခူးခတ်လိုက်တဲ့ ဘူးရွက်၊ ပဲရွက် များဖြစ်ပါ၏။

လှည်းကို သောင်ပြင်ထဲအထိ မောင်းလာပြီး အင်းဝတံတားကြိး၏ တတိယတိုင်အောက် အရိပ်တွင် စတည်းချကြပါသည်။ မြစ်ရေစပ်နှင့်လည်း နီးကပ်လျက် ရှိသောကြောင့် ထမင်းချက်သူတို့ ရေနီး မိုးနီးလွယ် ကူနေသည်။ ရေချိုးရေကူးဖို့လည်း ရေကန်အသင့် ကြာအသင့်ပင်။ စားသောက်ပြီးသောအခါ ပန်းကန် ဆေးစရာ မလိုအောင် ငှက်ပျောဖတ်များ ယူလာသောကြောင့် ငှက်ပျောဖတ်ခင်း၍ ထမင်းစားကြရသည်မှာ လည်း ပျော်စရာကြီးပင်။ ထမင်းဝိုင်းမှာ ကိုယ့်လူတစ်စုသာမက ဟိုကျမှ လာတွေ့သော အသိအကျွမ်းက လည်းဟင်းစပ်တည့်သည်ဆိုပြီး ဝင်စားလိုက်ကြပြန်သောကြောင့် ထမင်းဝိုင်းမှာ ပို၍ စည်ကားလာပါသည်။

ညနေဘက် ရောက်ပြန်တော့လည်း ဟင်းတွေ အများကြီး ရှိသေးသည်။ “ကျွန်တော်တို့ ညစာပါ ဒီမှာပဲ ချက်စားသွားကြပါစို့ “ဟု တပည့်လူငယ်ကလေးများ အဆိုပြုချက်အရ ညစာပါ အင်းဝတံတားအောက်က သောင်ပြင်ထဲမှာပဲ စားသောက်ပြီးမှ အေးအေးဆေးဆေးပဲ လှည်းမောင်းပြီး ပြန်လာခဲ့ကြပါသည်။

အင်းဝတံတားကြီးနှင့် စပ်လျဉ်း၍ ဤရှေးဟောင်းနှောင်းဖြစ်ကလေးများလည်း အတွေးထဲတွင် ဝင်ရောက် လာမိပါသည်။

ဧရာဝတီမြစ်ရေတိုးသော အချိန်ဆိုလျှင် စာရေးသူတို့ စတည်းချခဲ့သော တတိယ တံတားအုတ်တိုင်ကြီးမှာ မြစ်လယ်လောက်တွင် ရောက်နေပါသည်။ အနှစ် ၃၀ ကျော် ၃၅ နှစ်အတွင်း အထက်ပိုင်း ရောက် တိုင်း မန္တလေးမှနေပြီး စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို စသည်တို့ကို အလည်အပတ် ရောက်မြဲ။ ရောက်တိုင်း သည်တံတားကြီး ကိုကူးရမြဲဖြစ်ပါသည်။ တံတားကြီးပေါ် ရောက်တိုင်းလည်း ဖွင့်ပွဲတုန်းက စတည်း ချခဲ့သော တတိယအုတ်တိုင်ကြီးကို အမြဲငုံ့ကြည့်မိ သတိရမိခဲ့မြဲပင်ဖြစ်ပါသည်။

သည်တစ်ခါတော့ တံတားပေါ်မှ ဖြတ်ကျော်ခြင်း မပြုဘဲ အင်းဝမြို့ထိပ်ရှိ ကျွန်းဦးတည့်သန်လျက်ခုံပေါ်မှ လှမ်းမျှော်ကြည့်ခဲ့ရခြင်းဖြစ်ပါသည်။ တတိယအုတ်တိုင်မှာ သဲသောင် မထါန်းသေးဘဲ ရေထဲမှာပင် ရှိနေ သေးကြောင်း တွေ့နေရပါသည်။

အဲ … သည် တံတားကြီးအောက်၌ လာရောက် စားသောက်ခဲ့ကြသူများအနက်မှာ ဤစာရေးသူ တစ်ယောက်တည်းသာ ကျန်ပါတော့လား။ လှည်းမောင်းပို့ခဲ့သော လှည်းဆရာကြီးလည်း ကွယ်လွန်ရှာပြီ။ မောင်ငယ်နှင့် ယောက်မငယ်တို့လည်း ကွယ်လွန်ကုန်ကြပြီ။ တပည့် လူငယ်ကလေးနှစ်ယောက်တို့ပင် ဒုတိယ ကမ္ဘာစစ်၏ စစ်ဦးဘီလူးကြောင့် ကွယ်လွန်ကုန်ကြသည်။ ယုတ်စွအဆုံး ဟောဒီ အင်းဝတံတားကြီး တောင်မှ အင်္ဂလိပ်တို့ဆုတ်ခွာအပြေးမှာ ဖျက်ဆီးချိုးဖဲ့ပစ်ခဲ့လို့ ပျက်စီးကျိုးပဲ့ ကျန်ရစ်ခဲ့ရသည်။ မြန်မာပြည် လွတ်လပ်ရေးရခါစကမှ ပြန်ပြီး ပြင်ဆင် အသုံးပြုရခြင်းဖြစ်ပါသည်။ တံတားကြီးလည်း အနိစ္စ၊ နယ်ချဲ့အစိုး ရလည်း အနိစ္စ၊ တံတားဖွင့်ပွဲတုန်းက ရောက်ခဲ့ကြရတဲ့ လူတွေလည်း အနိစ္စပါကလား။

” မရာကျော် ကိုက်လိုက်တဲ့ မိကျောင်းကြီးဟာ မရာကျော်ရဲ့ သားတွေ အပြေးမှာ ဒဏ်ရာကလေး ရလိုက် သေးတယ်။ အဲဒီဒဏ်ရာကို ငါတို့ လွတ်လပ်တဲ့ ပြည်ထောင်စုသားတွေက ဆေးဝါးပြုစု ယုယခဲ့တဲ့အတွက် ခုတော့ ဒဏ်ရာပျောက် ကျန်းမာပြီး မိကျောင်းကြီး အသက်ရှည်နေပါပြီ။ ဒီမိကျောင်းကြီး ဘယ်တော့မှ အနာတရ မရှိဘဲ တိုင်းပြည်အတွက် ဆက်လက်ပြီး တာဝန်တွေ ထမ်းဆောင်နိုင်ပါစေ” လို့ ဆုတောင်း လျက် တကောင်းတံခါး အတွင်းဘက်သို့ ပြန်လှည့်လာခဲ့ရပါသည်။