ခရီးအစ
မျက်လုံးနှင့် မျက်မှန်နှင့် စာပေနှင့် ပဏာ မစားလှသောကြောင့် အလကားလိုလို အချိန်များ ကုန်လွန်ခဲ့ရပါ သည်။
၄-၅လလျှင် တစ်ကြိမ် လေ့လာရေးခရီးရှည် တစ်ပတ်လောက် ထွက်နေကျ ဖြစ်သော်လည်း လွန်ခဲ့သော မိုး တွင်းဆီကတော့ အထက်အညာတွင် မလိုသောအချိန် မိုး လေ ပြင်းထန်နေ၍ ခရီးလမ်းပန်းတို့၌ ရေလွှမ်း ရေ မြှုပ်ဖြစ်ကုန်သောကြောင့် ခရီးသွားခြင်းကို ရွှေ့ဆိုင်းလိုက်ရပါသည်။
ယခုအချိန် မိုးကုန် ဆောင်းကူးပြီးဖြစ်၍ ခြေခင်း လက်ခင်းလည်း သာယာပြီဖြစ်သော ရွှေညာမြေသို့ ခရီး တစ်ပတ် ပတ်ရန် ၈၊ ၂၊ ၆၉ နေ့ မနက်က စတင် ထွက်ခဲ့ပါသည်။
အဖော်အဖြစ် အမျိုးသမီး ၂ ဦး ပါလာပြီး ကားလမ်းခရီးမှ စတင်ထွက်ခဲ့ခြင်းဖြစ်ပါသည်။ ယခင်ကလည်း အများအားဖြင့် ခရီးထွက်ပြီဆိုလျှင် မီးရထားနှင့်သော်လည်းကောင်း၊ သင်္ဘောလမ်းနှင့်သော်လည်းကောင်း၊ လေကြောင်းမှသော် လည်းကောင်း မလွဲှသာမှ သွားတတ်၍ ကားလမ်းမှသာ ခရီးသွားလာလေ့ ရှိခဲ့ပါသည်။
အကြောင်းကတော့ မီးရထား၊ သင်္ဘောနှင့် လေယာဉ်တို့သည် သူ့စည်းကမ်းသတ်မှတ်ရာ ခရီးစခန်းမြို့များ တွင်သာ ဆိုက်ရပ်ပေးလေ့ရှိသည်။ ဘယ်နေရာလေး ခဏရပ်ချင် ဆင်းချင်၍ မရ၊ သူ့စည်းကမ်းဘောင် အတွင်း က ကျော်ထွက် မဖြစ်နိုင်ပါ။
ကားနှင့်သာဆိုလျှင် ရပ်လိုရာ ရပ်၊ အပိုဝင်လိုရာ ဝင်နိုင် ကိုယ်စိုးကိုယ် ပိုင် လွတ်လပ်သည်။ ခရီးလမ်း တစ်လျှောက် ဖြတ်သန်းသွားလာရာ မြို့များ၌ရှိသော တန်ခိုးကြီးဘုရားပုထိုး များကိုလည်း ဖူးမြော် နိုင်သည်။ အသိမိတ်ဆွေများကိုလည်း အခိုက်အတန့် ဝင်ရောက်တွေ့ဆုံမေးမြန်းနိုင် သည်။ အတင်း ဆွဲထားလျှင်လည်း တစ်ညတလေ ဝင်အိပ်လိုက်နိုင်ပေသည်။ ယုတ်စွအဆုံး သာယာသော တောလမ်းခရီး ရှုမျှော်ခင်းများနှင့် ကိုတောင်သူကြီးတို့၏ ယာတော စိုက်ခင်းများကိုပါ ခေတ္တခဏ ရပ်ဆိုင်း လေ့လာနိုင်သည်။ ဓာတ်ပုံကလေးများ ရိုက်လိုသေးက ရိုက်နိုင်၍ ယာသူမ ကလေးများနှင့် ခွန်းတုံ့ချိုချို နှုတ် ဆက် ပြောဆိုနိုင်ကြသေးသည်။ ယင်းအခွင့်အရေးနှင့် လွတ်လပ်မှုကလေးကို ချစ်သောကြောင့် ကားနှင့်သာ ခရီးထွက်လေ့ရှိခြင်းဖြစ်ပါသည်။
ယခု ခရီးစဉ်သည် ပြည်လမ်းမှနေ၍ မန္တလေးအထိ သွားမည်ဖြစ်၍ ရန်ကုန်မှ ပြည်၊ အောင်လံ၊ တောင်တွင်း ကြီး၊ မကွေး၊ ရေနံချောင်း၊ ကျောက်ပန်းတောင်း၊ ပုဂံ၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ မြစ်သား၊ ကျောက် ဆည်မှ မန္တလေး အထိ။
မန္တလေးမှ ပင်းယ၊ မြင်စိုင်း၊ စစ်ကိုင်း၊ အင်းဝ။ ထိုမှတစ်ဖန် ကောင်းမှုတော်၊ အုန်းတော၊ မြင်းမူ၊ မိုးညှင်း၊ မုံရွာ၊ ဖိုးဝင်းတောင်။ ကျန်းမာရေး အခြေအနေကောင်းလျှင် အလောင်းတော်ကဿပဂူ အထိ သွားကြမည် ဟူသော ရည်မှန်းချက်ဖြင့် ထွက်လာခဲ့ကြပါသည်။
ရန်ကုန်မှ ပြည်သို့ ထွက်လာရာ၌ အခါတိုင်းထက် ထူးခြားသော မြင်ကွင်းကြီးမျာ ကားလမ်းတစ်လျှောက် ဝဲယာ တစ်ဘက်တစ်ချက်၌ ကြီးမားလှသော ရွှေတောင်ကြီးတွေ ရွှေပုံကြီးတွေကိုသာ တစ်မျှော်တစ်ခေါ် ဆက်ကာ ဆက်ကာ တွေ့မြင်လာရပါသည်။
ကတ္တရာလမ်း၏ တစ်ဘက်တစ်ချက်ရှိ လှည်းလမ်းများတွင်လည်း ရွှေလှည်း၊ ငွေလှည်းကိုးစီး တိုက်လာကြ သည်ဆိုတဲ့ ရှေးဥစ္စာစောင့် ဒဏ္ဍာရီ ပုံပြင်ထဲကလို ရွှေ ငွေ ဖြစ်မည့် စပါးလှည်းတွေ တအိအိ မောင်းနေ သဖြင့် ဖုန်တထောင်းထောင်း ထနေလျက် ရှိသည်။ စပါးလှည်း အဆက်မပြတ်သလို ဖုန်လုံးကြီးတွေက လည်း အဆက်ပြတ်တယ် မရှိပါ။ နှာခေါင်းဝကို ပဝါဖြူနှင့်ပိတ်ရင်း ဝမ်းမြောက်အားရဖွယ် မြင်ကွင်းများကို တပျော်တပါး ကြည့်မဆုံး ဖြစ်လာရပေသည်။
ဦးကြီးတို့၏ စပါးလှည်းများသည် စပါးအဝယ်ဒိုင်သို့ အင်တိုက်အားတိုက် သယ်ပို့ ရောင်းချခြင်းပြုရန် နှင့် အချို့လှည်းများကတော့ ဝမ်းစာ ခွဲကြိတ်ရန် ဆန်စက်များ ရှိရာသို့ သယ်ယူလာကြခြင်းဖြစ်ပါသည်။ စပါး အဝယ်ဒိုင်က စပါးပုံ တောင်ကြီးများသည် လမ်းတစ်လျှောက်လုံး ရွှေရောင်ဝင်းလျက် ရှိနေကြပုံကို ထောက် ထားလျှင် ယခင်နှစ်က ဖြစ်ကြုံခဲ့ရသော ဆန်ရှားပါးမှုမျိုး မရှိတော့ဘဲ ပိုပိုလျှံလျှံ ၀၀ဖြိုးဖြိုး စားသုံးကြရမည် ဟု ပျော်နေကြပုံရသည်။ ငကျွဲ ကြိုက်သူ ငကျွဲစားရမည်၊ ငစိန် ကြိုက်သူ ငစိန် ၀၀ စားရတော့မည်။ ပြည်သူ့ ဆိုင်တို့ကလည်း ငကျွဲ ထဲ ငစိန်၊ ဝါ မရော၊ ငစိန် စားမည့်လူများအား ဈေးကြီးသည့် ငကျွဲ မပေးဘဲ ငစိန်ကိုပဲ ၀၀ စားကြရန် လိုသလောက် ထုတ်ပေးလျှင် ဆန်ကိစ္စအရေး ငြိမ်းအေးတော့မည်ဟု မျှော်လင့် ရသည်။
အနည်းနှင့်အများ ဆန် မှောင်ခိုမှုများ ရှိနေသေးသည်မှာ ပြည်သူ့ဆိုင်က ဆန် မစားနိုင်ဟု ဆိုသူတို့က ဆန် မွှေးဆန်ကောင်းကလေးများ စုဆောင်း သိုမှီးခြင်းကြောင့် မှောင်ခို အမြစ်မပြတ်ခြင်း၊ စပါးဆန် ထွက် နည်းရာ ဒေသသို့ သယ်ပို့ ရောင်းချခြင်းကြောင့်လည်း မီးရထား သင်္ဘောလမ်းများတွင် ဆန်တင် ဆန်သယ် ကိစ္စ ကလေးများတွေ့ခြင်းဖြစ်ပေမည်။ ဆန်စပါး ပေါပါလျက် အစိုးရ၏ စေတနာကို ဖျက်ဆီးသည့် မသမာ နည်း နှင့်ဆန်ညံ့ ရောရောင်း၍ ကြားက ကိုယ်ကျိုးရှာသူ အချို့အား ထိရောက်စွာ အရေးယူ ပြုပြင်လိုက်ခြင်းဖြင့် ဆန် မျောင်ခိုရောင်းဝယ်မှုမှာ အလိုလို ပိတ်ပြီးသား ဖြစ်သွားနိုင်စရာ ရှိသည်ဟု ယူဆမိပါသည်။
စပါးတောင်လိုပုံကြီးတွေကို ဖြတ်သန်းရင်း ၁၁ နာရီလောက်ကျွန်းကလေး တံတားသို့ ရောက်ကြ၏။ ကားရပ် ပြီး ပါလာသူများ မနက်စာ စားကြသည်။ ဆိုင်ရှင်ဦးကြီးသည် အလွန်ဖော်ရွေ၏။ မြို့ကလာသူများ၊ တောက လာသူများ မခွဲခြား၊ ဝေယျာဝစ္စပြည့်စုံအောင် ပြုစုသည်။ စပါး ရွှေပုံကြီးများမှ နူးညံ့သော ဆန်ဖြူ ဆန်ကောင်း ထမင်းအငွေ့တထောင်းထောင်းနှင့် လတ်ဆတ်သော ကြက်သားဟင်း၊ ခရမ်းချဉ်သီးသုပ်၊ ငါး ပိရည်၊ တမာရွက်တို့စရာအပြင် အညာဆန်ဆန် ချက်ထားသော ချဉ်ရည်ဟင်းများနှင့် အသင့်ယူဆောင်လာ သော ရန်ကုန် အကြော်အလှော်များ ပေါင်းစပ်ကာ စားသောက်ကြပြီးမှ ခရီးတစ်ထောက် ဆက်ကြရာ မွန်းလွဲ ၂ နာရီခန့် တွင် ပြည်မြို့ နိဗ္ဗိန္ဒတောရသို့ ရောက်ကြသည်။
နိဗ္ဗိန္ဒတောရမှာ ပြည်မြို့ပေါ်မှ တောရ စခန်းအတွင်းသို့ ၃မိုင်ခန့် မောင်းသွားရပါသည်။ လမ်းမှာ အလွန်ဆိုး လှပါသည်။ တစ်ဖက်စောင်းနင်း ကမောက်ကမ လမ်း၊ ဖုန်သဲ အလွန်ဆွဲသော လမ်း၊ မိုးတွင်းဆိုလျှင်လည်း ဗွက်နစ် လှသော လမ်းဆိုးကြီးဖြစ်၍ သုံးဘီးကား၊ မြင်းလှည်းသမားများ အလွန်ကြောက်ကြပါသည်။ ငှားလျှင် ခေါင်းတွင် တွင်ခါကြသော “လမ်းအော့ကြောလန်ကြီး”ပင်။ တော်ရုံတန်ရုံ စေတနာနှင့် တောရကို ရောက်နိုင်မည် မဟုတ်ပါ။ ပြည်မြို့ရှိ မြို့မိမြို့ဖ ကုသိုလ်ဒါနရှင်များကလည်း မပေါ်၊ စုပေါင်း ကုသိုလ်ပြုနည်း များနှင့်လည်း မကြိုးစား၊ လျစ်လျူရှုထားကြလွန်းသည်။ မြို့ကျက်သရေဆောင် နိုင်ငံ အဝှန်း ကျော်ကြားခဲ့သော တောရများနှင့်မလျော်ညီသော ရှုခင်းကို တွေ့မြင်ခဲ့ရတော့သည်။
သည့်လောက် လမ်းဆိုးသော်လည်း ပြည်မြို့သို့ ရောက်ပြီဆိုလျှင်၊ ဤတောရသို့ မသွားဘဲ မနေနိုင်ရုံမက မြို့ထဲက မိတ်ဆွေများ တိုက်အိမ်များတွင်ပင် မအိပ်မနေ၊ နိဗ္ဗိန္ဒတောရမြေကိုသာ အာရုံဝင်စားလျက် ဆင်းရဲ ပင်ပန်းသော လမ်းမှ မရမက သွားရောက်ပြီး ဆရာတော် ဘုရားအား ဖူးမြော် ကန်တော့ ရမြဲဖြစ်ပါသည်။
ထို့ကြောင့် ယခုလည်း ဖုန်ထဲ၊ သဲထဲတွင် ကားကလေးကို မရမ့မောင်းပြီး ကသိကအောက်နှင့် ရောက်ခဲ့ရာ သူတော်သူမြတ်တို့ တရားကျင့်အပ် ဆောက်တည်သည့် အေးရိပ်ငြိမ် ဇရပ်တွင်းမှ ပြုံးရွှင်ချိုမြတရားရည် ပြည့်၀ သော သီလရှင် သူတော်တို့ မျက်နှာကို မြင်လိုက်ရသည်ဆိုလျှင် ပင်ပန်းလာသမျှ တစ်ခုမျှ သတိမရ တော့ဘဲ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ နိဗ္ဗာန်သောင်ကမ်း ခေမာလမ်းတို့ ကူးသန်းနိုင်မည့် သံသရာ ကူးတို့ ဆိပ်နှင့်တူသော တောရစခန်း၌ ထိုနေ့ည စခန်းချကြရပါသတည်း။
နောက်တစ်နေ့ မနက်တွင် ခရီးဆက်ရပေဦးမည်။
နိဗ္ဗိန္ဒတောရ ဆရာတော် ဘုရားကြီးအား ဖူးမြော် ကန်တော့၍ အထိုက်အလျောက် ဟောကြားတော်မူလိုက် သော အမြိုက်တရားတို့ကို နာယူမှတ်သားလျက် သူတော်စင် သီလရှင် ဆရာကြီးများကို နှုတ်ခွန်းဆက်၍ ထွက်ခဲ့ ကြသည်။
ပြည်မြို့ ရောက်လျှင် ရွှေဆံတော် ဘုရားကြီးကို ဖူးမြော်ရဦးမည့် အစဉ်အလာအတိုင်း ခရီးမထွက်မီ ဘုရား ကုန်းတော်သို့ လာကြပြီး ဓာတ်လှေကား တပ်ဆင်ပြီးမှ မရောက်ရသေးသောကြောင့် လျှပ်စစ် ဓာတ်လှေကား မှ တက်ရောက်ဖူးမြော်ကြရသည်။
စေတီတော်ကြီးကို လက်ယာရစ် လှည့်ပတ်ဖူးမြော်ရာ၌ အရှေ့ဘက် အာရုံခံသို့ ရောက်သောအခါ ၁၀ ထပ် ကြီးဘုရား ရုပ်ပွားတော်ကြီးကို ကြည်ညိုစဖွယ် သပ္ပာယ် တင့်တယ်စွာ ဘွားခနဲ ဖူးတွေ့လိုက်ရပါသည်။ ၁၀ ထပ်ကြီးဘုရားသည်လည်း ပြည်မြို့၏ အဓိကရ ထင်ရှားသော ရုပ်ပွားတော်ကြီးတစ်ဆူ ဖြစ်လေသည်။ ငါး ထပ်ကြီး၊ ခြောက်ထပ်ကြီး၊ ကိုးထပ်ကြီးမှ ဆယ်ထပ်ကြီးအထိ ဘုရားဘွဲ့ အမည်တော်များ အကြောင်းကို ပြန်လည် တွေးတောမိသောကြောင့် (ထပ်ကြီး)ဘုရားများကို စကားစပ်၍ ဖော်ပြရမည်ဆိုပါလျှင် … ရှေး ယခင်က စစ်ကိုင်းမြို့တွင်ရှိသော ငါးထပ်ကြီးဘုရား တစ်ဆူသာလျှင် ရာဇဝင် ဘုရားကြီးတစ်ဆူဖြစ်ခဲ့ပါ သည်။ ဂေဇက်ဝင် ဘုရားပွဲတော်အဖြစ် စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရားနှင့် ကောင်းမှုတော် ဘုရားကြီးများ၏ ပွဲတော် သည် အလွန်စည်ကား ကြီးကျယ်ခဲ့ပါသည်။
ဘတ်စ်ကားများ မပေါ်သေးသောခေတ်ဖြစ်သည်။ ဧရာဝတီမြစ်ကို ဖြတ်ကူးထားသော အင်း၀ တံတားကြီး လည်း မပေါ်သေး၍လည်းကောင်း၊ မန္တလေးဘက်မှ သွားလိုသူများသည် စစ်ကိုင်းကောင်းမှုတော်သို့ မီးရ ထားဖြင့် သွားရသည်။ အဲဒီ မီးရထားသော်မှ ရွှေကြက်ယက် ကူးတို့ဆိပ်ကနေပြီး စစ်ကိုင်းရောက်အောင် မီးရထား ဖောင်ကူးတို့နှင့် ဧရာဝတီမြစ်ကို ကူးကြရပါသည်။ အဲဒီ မီးရထား မစီးလိုသူများကတော့ မန္တလေး ဂေါဝိန် ဆိပ်က ဖြစ်စေ၊ အမရပူရ ရွှေကြက်ယက်ကဖြစ်စေ ငှက်လှေသမ္ဗန်များနှင့် ကူးကြရပါသည်။ စစ်ကိုင်း ရောက်မှ လှည်းများ ငှားပြီး ဘုရားပွဲသို့ သွားရောက်ရခြင်းဖြစ်ရာ သူ့ခေတ်နှင့် သူတော့ ပျော်စရာ ကြီးတစ်ခုပင်။
ယင်း စစ်ကိုင်း ငါးထပ်ကြီးဘုရား ထင်ရှားကျော်ကြား၍ ကြည်ညိုဖွယ် ရုပ်ပွားတော်ကြီးအတိုင်း ပုံတူ တည် ထားကိုးကွယ်လှူဒါန်းလိုသော သူဌေးကြီးတစ်ဦးက ရန်ကုန်မြို့ င်္ကဘာလမ်းရှိ တောင်ကုန်းပေါ်တွင် ပထမ ဦးဆုံး ငါးထပ်ကြီး ဘုရားပုံတော် ရုပ်ပွားတော်နှင့် တန်ဆောင်းကြီးကို ပစ္စည်းဥစ္စာ မြောက်မြားစွာ ကုန်ကျ ခံ၍ တည်ဆောက် ကိုးကွယ်ခဲ့ခြင်းဖြစ်ပါသည်။
သို့ကြောင့် အောက်မြန်မာပြည် ရန်ကုန်မြို့တွင် ငါးထပ်ကြီးဘုရားဟူ၍ လူတို့ ကိုးကွယ်ရာ ဘုရားကြီး တစ်ဆူ စတင် ဖြစ်ပေါ်လာခဲ့ပြီးနောက် ဟိုခေတ်အခါ ပစ္စည်းဥစ္စာ လွန်စွာ ကြွယ်ဝခဲ့ပေသော သူဌေးကြီး ဆာဘိုးသာကလည်း ရွှေဂုံတိုင်လမ်းတွင် ” ခြောက်ထပ်ကြီး ” ဘုရားဟူသော ဘုရားကြီးတစ်ဆူ ကို တည်ထားလှူဒါန်းပြန်သည်။ ဘုရား ပတ်ဝန်းကျင်၌ ရဟန်းတော်များ သီတင်းသုံးသောကျောင်း အနည်း အကျဉ်း ရှိခဲ့သည်။ ယခုတော့ ” ဘုရားကြီးတိုက် ” ဟူ၍ အလွန်ကျော်ကြား စည်ကားလျက်နေပေပြီ။ ခြောက်ထပ်ကြီးဘုရား သင်္ကန်းကျွန်းလောက်ကနေ ကြည့်လျှင် ထီးထီးကြီး တွေ့မြင်ခဲ့ရမြဲဖြစ်သည်။ ယခု တော့ သည်ဘုရားကြီးကို ဖျက်၍ လျောင်းတော်မူ ရုပ်ပွားတော်ကြီးပြန်လည် တည်ဆောက်လျက်ရှိပါသည်။
ဤကား (ငါးထပ်ကြီး)၊ နောက် ခြောက်ထပ်ကြီးဘုရား ပေါ်လာပုံဖြစ်သည်။ ခြောက်ထပ်ကြီးသည် ငါးထပ် ကြီးထက် တစ်ထပ်သာသွားသည်။
သို့သော် စမ်းချောင်းရပ်တွင် သူဌေးဦးကျော်၊ ဒေါ်လှကြီးတို့က ” ကိုးထပ်ကြီးဘုရား ” ဟူ၍ ဘုရားကြီးတစ် ဆူ တည်ထားလှူဒါန်းကြပြန်သည်။ ခြောက်ထပ်ကြီးထက်သာရန် ခုနစ်ထပ်ကြီးဘုရား၊ ရှစ်ထပ်ကြီးဘုရား ဟူ၍ ကြားမှာ မရှိတော့ဘဲ တစ်ခါတည်း သုံးထပ်ခုန်ကျော်သွားလေသည်။ အလှူဒကာ သူဌေးကြီးများ ဘုရား အပြိုင် တည်ကြသည်တော့ ဟုတ်မည် မထင်ပါ။ ဘုရားဘွဲ့တော်များကိုသာ တစ်ဆင့်ထက် တစ်ဆင့် မြင့်တက် သွားကြခြင်းဖြစ်ဟန်ရှိပါသည်။
သို့သော် ရုပ်ပွားတော် အကြီးချင်း ပြိုင်မည် ဆိုလျှင်တော့ခြောက်ထပ်ကြီးဘုရားကို နိုင်နိုင်မည် မဟုတ်ပါ။ ငါးထပ်ကြီးနှင့် ကိုးထပ်ကြီးဘုရားများမှာ ကြီးတော့ ကြီးပါ၏။ သို့သော် ခြောက်ထပ်ကြီး ဘုရားကြီးကား အလွန်တရာ ကြီးမားပြီး၊ ပန်းရန်ဆရာတို့ အတိုင်းအတာ စကေး မနိုင်နင်းမှုကြောင့် ပုံတော်ကြီး အဆစ်အချိုး မကျဖြစ်ခဲ့ရပါ၏။ ” အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး ” ဆိုသော စကား အတိုင်း တည်ပြီး ဘုရားကို လင်းတပဲ နားနား ပြန်မဖျက်ကောင်းသော အစဉ်အလာကို မတွန်းလှန်ဘဲ သူဌေးကြီး ဆာဘိုးသာက သည်အတိုင်း ကိုးကွယ်လာခဲ့ခြင်း ဖြစ်ဟန်တူပါသည်။
ရန်ကုန်မြို့မှာတော့ ကိုးထပ်ကြီးဘုရားနှင့်ပဲ ကိစ္စပြီးငြိမ်းသွားလေပြီ။ သို့သော် (ထပ်ကြီး)ဘုရားခေတ်က မကုန်သေးဘဲ ပြည်မြို့ဘုန်းဘုရားများထံသို့ ကူးဆက်ပြန့်ပွားလာပြန်ပါသည်။ ထိုသောအခါ ” ၁၀ ထပ်ကြီး ဘုရား” ဟု ဘုရား အထဲတွင် အကြီးတကာ့ အကြီးဆုံး တည်ကြမည်ဟု ဆုံးဖြတ်ကြသည်။ ဤတွင် ဘုရား တည်ရေးတွင် ကြီးမှူးကွပ်ကဲကာ ကမကထပြုသော ဘုန်းဘုရားများက ဘုရားပုံတော် အလွန်ကြီးလျှင် အချိုးအစား ကျနသပ္ပာယ်ရန် လိုသည်။ သို့ဘုရားပုံတော်ကြီးလျှင် ကြီးသည့်အလျောက်၊ ငယ်လျှင် ငယ် သည့် အလျောက် အဆစ်အချိုး ကျနစွာ တည်ဆောက်နိုင်ရန် စနစ်တကျ စကေးဆွဲပေးနိုင်မည့် ပုဂ္ဂိုလ်များ ကို စူးစမ်းရှာဖွေကြရန် မန္တလေးမင်းနေပြည်တော်ဟောင်းသို့ ရောက်လာကြသည်။
မန္တလေးမြို့သို့ ရောက်သောအခါ ၎င်းတို့၏ မိတ်ဆွေ ဆရာတော် သံဃာတော်ကြီးများ ညွှန်ပြချက်အရ စာရေးသူ၏ အဘိုးဖြစ်သော ဝက်မစွတ် မြို့စားမင်းကြီးထံသို့ လာရောက် အကူအညီ တောင်းတော်မူကြ သည်။ ထိုအချိန်က စာရေးသူ ၁၀ နှစ်ရွယ်ခန့် ရှိသေးသော်လည်း အဘိုးအနားတွင် အမြဲလိုလို နေလေ့ရှိ သောကြောင့် ၎င်းဆရာတော်တို့ လာကြခြင်း၊ ဘုရားတည်ရန် ပုံစံစကေးများ ဝက်မစွတ် မြို့စားကြီး ကိုယ် တိုင်ကိုယ်ကျ အတိုင်းအထွာ ဆွဲပေးခြင်းများကို တွေ့မြင်ခဲ့ဖူးပါသည်။ ဘုရားရုပ်ပွားတော်အတွက် နှုတ်မှ လင်္ကာ နှင့် စကေးဆွဲပေးခြင်းမှာ ရုပ်ပွားတော် ဉာဏ်တော် မည်မျှရှိလျှင် ဦးခေါင်းတော် မည်မျှ၊ မျက်နှာတော် မည်မျှ၊ လက်ဝယ်ဖွဲ့ ခွေတော်မည်မျှ၊ လက်မောင်းတော် မည်မျှရှိရမည်။ မျက်နှာတော် မှာလည်း နဖူးတော် အကျယ် မည်မျှ၊ မျက်ခုံးတော်၊ မျက်လုံးတော်၊ နှာတံတော်၊ နှုတ်ခမ်းတော်၊ နားရွက်တော် စသည်တို့ဖြစ် သည်။
ယခုခေတ် ကွန်ပါစကေးမျိုး မဟုတ်ဘဲ မြန်မာ့ရှေးအစဉ်အလာ လင်္ကာအရ အတိုင်းအထွာ ရွတ်ဆို ရေးဆွဲ ပေးလိုက်သည့်အတိုင်း ဘုန်းတော်ကြီးဘုရားများက ၁၀ ထပ်ကြီး ဘုရားကို တည်ကြခြင်း ဖြစ်ရာ ဘုရားကြီး ပြီးမြောက်သွားသောအချိန် မြန်မာပြည်က ဘုရားအကြီးစားကြီးများတွင် အချိုးအဆစ် အကျနဆုံး၊ သပ္ပာယ် တော်မူဆုံး ရုပ်ပွားတော်ကြီး တစ်ဆူအဖြစ် ယနေ့ထိ နှစ်ပေါင်း ၅၅ နှစ်ကျော် လုပ်သားလူထု၏ ကိုးကွယ် ပူဇော်ခံတော်မူလျက် ရှိခဲ့လေပြီ။ ဤတွင် ထပ်ကြီးဘုရား စာရင်းပိတ် သွားပုံရ၏။ ခေတ်ဟောင်းဆီက ရုပ်ရှင် ကားများ၌ ဗိုလ်ဝ၊ ဗိုလ်ကျော် စသည်ဖြင့် ဗိုလ်ကားတွေ အများကြီး ဖောင်းပွလာခဲ့ဖူးရာ ” ဗိုလ်တကာ့ဘုရင် ” ဇာတ်ကားကျကာမှ ဗိုလ်စာရင်း ပိတ်သွားရသည်နည်းတူ ရုပ်ပွားတော် ဘုရားအကြီးစားများ တည်ကြရာ တွင်လည်း ၅ ထပ်ကြီး၊ ၆ ထပ်ကြီး၊ ၉ ထပ်ကြီး မှ စခဲ့ရာ ၁၀ ထပ်ကြီး ဘုရားတွင် စာရင်းပိတ်သွားခဲ့သတတ်။
သို့သော် ထားဝယ်မြို့တွင် အထိကရ ကြီးမားလှသော လျောင်းတော်မူ ရုပ်ပွားတော်ကြီး တစ်ဆူနှင့် မြိတ်မြို့ နှင့် မျက်နှာချင်းဆိုင် ပထော်ပထက် တောင်ခြေတွင် အလွန်ကြီးမားသော ရုပ်ပွား လျောင်းတော်မူ တစ်ဆူ ရှိပေသေး၏။ ကံအားလျော်စွာ ထိုနှစ်ဆူကုန်သော လျောင်းတော်မူ ဘုရားကြီးများအား ” ဆယ့်တစ်ထပ် ဘုရားကြီး” ဟု ဘွဲ့မည်တော်သခြင်း ခံတော်မူကြရ၍သာ တော်တော့သည်ဟု ဆိုရန်သာ ရှိပေသည်။
သို့လျှင် ပြည်ဆံတော် ဘုရားပေါ်၌ ဖူးမြော် ကန်တော့လာကြပြီး ဓာတ်လှေကားနှင့် ပြန်လည်ဆင်းလာကြ ကာ အောင်လံဘက် သို့ ခရီးဆက်ခဲ့ကြပါသည်။ ဤတွင် အခက်အခဲလေး တစ်ခုက ရှိလာရချေပြီ။ ကားကို ဓာတ်ဆီ ထည့်ရမည်၊ ဓာတ်ဆီ မရှိလျှင် ကား မသွားနိုင်။ ဓာတ်ဆီ ရှိတော့ ရှိသည်။ တိုင်ကီထဲမှာ နှစ်ဂါလန် ခန့် ရှိသည်။ ခရီးဝေးသွားကာ ဆိုသည်မှာ ဓာတ်ဆီကို အမြဲ ဖြည့်ရမည်။ အပြည့် ရှိရမည်။ ထို့ကြောင့် ဆီ ဖြည့်ရန် ဓာတ်ဆီဆိုင်ကို သွားရသေးသည်။
” ဟောတော့ … ” ဓာတ်ဆီဆိုင် ပိတ်ထား၏။ တနင်္ဂနွေနေ့ ပေကိုး။
မြို့ထဲမှာ တစ်ဆိုင်ရှိသေးတယ်။ အဲဒီ ပြေးလိုက်ကြဦးစို့။ မြို့ပြင် ရောက်ခါမှ မြို့ထဲ ပြန်လာရပြန်သည်။ ဒီဆိုင် မှာလည်း ပိတ်ထားပြန်သည်။ အဲဒါမှ ချောက်ပေါက်ပါပဲ။ ဘူးထဲကရေတောင် ထပ်ကုန်သွားရလေ ချင်း။
ကဲ တတ်နိုင်ပါဘူး။ အောင်လံထိတော့ လက်ကျန် ဓာတ်ဆီနှစ်ဂါလန်နဲ့ ရောက်ပါလိမ့်မယ်။ ကားကလေးက တစ်ဂါလန် အစိတ်၊ သုံးဆယ် သွားနိုင်တာပါပဲ။ ပြည်ကနေ အောင်လံကို ၄၄ မိုင်သာ ရှိပါတယ်၊ ရောက်နိုင် ပါတယ်ဟု ဆိုကာ ဇွတ်မောင်းထွက်ခဲ့ရ၏။ မမောင်းလို့လည်း တစ်ညမှ ထပ်မအိပ်နိုင်ဘဲ။ ဟိုရောက်မှ လျောက်လျားပေါ့ …။
မြို့ထဲက ဓာတ်ဆီဆိုင် ပိတ်လို့ ဓာတ်ဆီ မဖြည့်ရဘဲနဲ့ မြို့တစ်နံ တစ်လျား ပြန်ထွက်ခဲ့ရာမှာ ဖုန်တွေ တ ထောင်းထောင်း ထနေတဲ့ လမ်းတစ်လျှောက်မှနေပြီး မြို့ပြင်အရောက် စုန်ချီဆန်ချီ ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ် တစ်ခုကို အကြောင်းပြုပြီး သရေခေတ္တရာ ပြည်မြို့ကြီးရဲ့ အတိတ်ရာဇဝင်က နည်းနည်း ပြန်ပေါ်လာခဲ့ရ သေးတယ်။
အလွန်ဝေးလှပြီဖြစ်တဲ့ သရေခေတ္တရာ မင်းဆက် ဒွတ္တပေါင် မင်းလက်ထက်ကို မဆိုလိုပါ။ စစ်မဖြစ်ခင် ဆိုပါ စို့၊ ၁၉၁၅ ခုလောက်က စပြီး ပြည်မြို့ကို အကြောင်းအားလျော်စွာ မကြာခဏ ရောက်ခဲ့ရဖူးသည်။
ပြည်မြို့သည် ဒွတ္တပေါင်မင်းကြီးတို့ လက်ထက်က မည်မျှသာယာခဲ့သည်ကို အလှမ်းမမီနိုင်၍ မသိရစေကာ မူ ဒုတိယ ကမ္ဘာစစ်မဖြစ်ခင် အချိန်အထိ မြန်မာပြည်မှာ အလွန် သာယာလှပတဲ့ သင်္ဘော ဆိပ်မြို့ ကြီးတစ်မြို့ ဖြစ်ခဲ့ပါတယ်။
တကယ်တမ်းလည်း အလွန်သာယာ လှပါပါတယ်။ သင်္ဘောဆိပ် မြစ်ကမ်းနား တစ်လျှောက်မှာဆိုရင် ဖုန် အမှိုက် သရိုက် လုံးဝမရှိပါဘူး။ ချောပြောင်နေတဲ့ ကျောက်လမ်းတစ်ဘက်မှာ ဆေးဖြူသုတ်ထားတဲ့ သစ်သား လက်တန်းကြီး တစ်မျှော်တစ်ခေါ် ပြုလုပ်ထားသည်။
သဲသောင်ကမ္ဘာတစ်လျှောက်မှာလည်း ဧရာဝတီ ရေစပ်အရောက် သန့်ရှင်းတဲ့ သဲဖြူများဖြစ်၍ အဝတ် အစား သစ်သစ်နဲ့ ထိုင်ချလိုက်လျှင် ဘာမှ ပေကျံ ညစ်ပတ်ခြင်းမရှိ၊ လမ်းတစ်ဘက်မှ မြစ်ဘက်ကို မျက်နှာ ပေးပြီး ဆောက်ထားတဲ့ အိမ်တွေကလည်း ညီညီညာညာ၊ သပ်သပ်ရပ်ရပ်၊ ပန်းဥယျာဉ်တွေ ပတ်ပတ်ရံ ဝန်းလျက် လှလှပပ တွေ့မြင်နေရပါတယ်။ ညနေခင်းဆိုလျှင် မြစ်တစ်ဘက် တန့်ကြည့် တောင်တန်းကြီး ပေါ် နေလုံးကြီး မေးတင်နေချိန်မှာ တစ်မြို့လုံး လိုလို ကမ်းနားတစ်လျှောက် လေညင်းခံ လမ်းလျှောက် ထွက်လာကြတဲ့ လူတွေက သောက်သောက်လဲပါပဲ။ ရေစည်လှည်းတွေ မမောင်းကြတော့ ဖုန်တွေလည်း မထဘဲ မမြဲသာယာကြည်လင်နေတာကိုသာ တွေ့နေ ရပါတယ်။ ရေကလည်း အိမ်တိုင်းစေ့ ရန်ကုန် မှာ လို့ ပိုက်လိုင်းနဲ့ သွယ်ပေးထားပေတာကိုး။
ကမ်းနားလမ်း တစ်လျှောက်ကနေပြီး မြောက်ဘက် လိုက်သွားရင် ကမ်းနားဈေးကြီးကို ရောက်တဲ့အထိ အမှိုက်သရိုက် မရှိ၊ သာယာသန့်ရှင်းပါဘိသနှင့်။ အတွင်းလမ်းမကြီးက ဆိုလျှင် ပြည်မြို့ရဲ့ ကျက်သရေ ဆောင် လမ်းမတော်ကြီးလို့ ခေါ်ပါသည်။
၎င်းလမ်းမတော် တစ်လျှောက်လုံးရှိ တစ်ဖက်တစ်ချက် စီတန်းနေတဲ့ တိုက်ကြီးတွေရဲ့ အောက်ထပ်တွေ ဟာ အားလုံးလိုလို ကုန်တိုက်ကြီးတွေဖြစ်ပါတယ်။ ဘာ ရှပ်ဆိုင်၊ ဘာ စတိုးဆိုင်၊ ဘာ ကုမ္ပဏီစတဲ့ နာမည် တွေ နဲ့ မြန်မာပိုင် ကုန်တိုက်တွေပါ။ ကိုလိုနီခေတ်က စီးပွားရေး မှန်လျှင် ကုလား တရုတ်တွေရဲ့ လက်အောက် မှာ မြန်မာတွေ လူးလှိမ့်နေရစဉ် ဒီပြည်မြို့က မြန်မာပိုင် ကုန်တိုက်ကြီးတွေနဲ့ စီးပွားရေး စ ထူ ထောင်ခဲ့ကြပါတယ်။
သည်ကုန်တိုက်ကြီးတွေဟာ နေ့ဘက် ညဘက်မှာ ဓာတ်မီးတွေ တထိန်ထိန်နှင့် မြိုင် မြိုင်ဆိုင်ဆိုင် ဖွင့်လှစ်ရောင်းချနေကြတာ အားရဖွယ် တွေ့မြင်ရပါတယ်။ အဲ … လမ်းဘေးတစ်ဖက်တစ်ချက် ပလက်ဖောင်း တွေမှာတော့ စားသောက်ဆိုင်တွေဟာ မြန်မာ၊ ကုလား၊ တရုတ် စသဖြင့် တစီတန်းကြီးပါ။ ခုခေတ် လေဟာပြင် ညဈေးတန်း စားသောက်ဆိုင်များလိုပါပဲ။
ညနေခင်း ကမ်းနားလမ်းက လေညင်းခံပြီးရင် ညဈေးတန်းရောက်ကြ၊ စားချင်တာ စားကြ၊ သောက်ကြ၊ ဝယ်ချင်ရင် ကုန်တိုက်တွေ တက်ဝယ်ကြ၊ မဝယ်လည်း အသစ်အဆန်းတွေ လိုက်ကြည့်ကြနဲ့ ခုခေတ် အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ ပုဂ္ဂလိက စီးပွားရေးသမားတွေကို အားပေးသလိုနေပေမဲ့ ကိုလိုနီခေတ်က တော့ ကုလား တရုတ်အောက်က ကုန်းရုန်းထနိုင်သလောက် ကိုယ့်အင်အားကလေးနဲ့ ကိုယ်ကြိုးစား ထကြရတာမို့ မြန်မာချင်းလည်း အားပေးကြတဲ့ သဘောပါပါတယ်။
အဲ … ဒွတ္တပေါင်မင်းကြီးတို့ တည်ထောင်ခဲ့တဲ့ သရေခေတ္တရာပြည်ကြီးဟာ ငစကော စစ်ကြီးကြောင့် ပျက်စီးခဲ့ရသလို အင်မတန် သာယာလှပနေချင်စရာ ကောင်းလှတဲ့ ပြည်မြို့ကြီးဟာလည်း ဒုတိယကမ္ဘာစစ် ကြီးအတွင်းမှာ ဖွဲပြာ အဖြစ်နဲ့ ပျက်စီးနစ်မွန်းခဲ့ရရှာပါတယ်။
ဗုံးဘေးအတန်တန်၊ မီးအန္တရာယ် အသွယ်သွယ်ကြောင့် ဘယ်တော့မှ နာလန်မထနိုင်အောင် အိုးအိမ် တိုက် တာတွေဟာ မရှုမလှ ပျက်စီးခဲ့ကြရတယ်။ ဒီဒဏ်ရာ ဒဏ်ချက်တွေ ခေတ်အဆက်ဆက် လူးလှိမ့်ခံခဲ့ရတဲ့ အတွက် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရတော့ မျက်မြင်အခြေမှာ မြို့အနေ သာယာလှပဖို့ မဖြစ်လာနိုင်သေးဘူး ပေါ့။
အဲ … ဤကဲ့သို့ ရှေးဖြစ်ဟောင်းကလေးများ မြင်ယောင်ရင်း မြို့တွင်းက မြို့ပြင် ရောက်ခဲ့ရသည်။ မြို့က ထွက် စလောက်မှာ ထုံးဖြူဖွေးဖွေး သုတ်ထားသော ဒွတ္တပေါင်မင်း တည်ထားခဲ့တဲ့ ” ဗောဗောကြီးဘုရား” ကို ဖူးရတော့လည်း ဒွတ္တပေါင်မင်းကြီးအကြောင်းက စပြီး ဗေဒါရီနှင့် သမ္ဘဝညီနောင်တို့ ရာဇဝင်ကို သတိရ စေတယ်။ ဒဏ္ဍာရီ ဆန်တယ်ရယ်လို့ မြန်မာရာဇဝင်ရဲ့ အပြင်ဘက်ကို ထုတ်ပစ်ချင်ပေမဲ့ ဘုရားတွေ ငုတ် တုတ် ကျန်နေသေးတာရယ်၊ မြို့ဟောင်းရဲ့ လက်ရာ ခြေရာတွေ ပြန်ပြီး တွေ့ရ၊ တူးဖော်ရလာတဲ့အခါ ချာ ချာလည်စရာ ဖြစ်လာရပုံများကို စဉ်းစားမိစေပါတယ်။
တကောင်း အဘိရာဇာရဲ့ သွေးသား မြစ်ညာက မျောလာတဲ့ သမ္ဘဝညီနောင်ရဲ့သားဖြစ်တဲ့ ဒွတ္တပေါင် မင်း ကြီးတို့ ခေတ်ကို ပျူခေတ် လို့ ဆိုကြပြန်တယ်။
ပျူဟာ မြန်မာမြေပေါ်နေသော်လည်း မြန်မာ မဟုတ်သလို ဖြစ်နေပြန်တယ်။ ပျူ၊ ကမ်းယံ၊ သက်တို့ဟာ ပထမခေတ် က မြန်မာကြီးတွေပဲလို မူလ ယူဆသူကလည်း ယူဆကြတယ်။ အဲ သူတို့မှ တစ်ဆင့် ပွားများလာသော မြန်မာ (၁၀)မျိုးရဲ့ အရေအတွက်မှာလည်း ရှင်းရှင်း ကလေးပါပဲတဲ့။ ၁ ယော၊ ၂ ရခိုင်၊ ၃ ချင်း၊ ၄ ကချင်၊ ၅ ရှမ်း၊ ၆ ကရင်၊ ၇ ပလောင်၊ ၈ တောင်သူ၊ ၉ မွန်။ ၁၀ မြန်မာ ဖြစ်ပါသတဲ့။
အလွယ်တကူ ရွတ်ဆိုလို့ ကောင်းအောင် မြန်မာ ၁၀ မျိုးအား (ယော ရခိုင် ချင်း ကချင် ကရင် ပလောင် တောင်သူ၊ မွန် မြန်မာ)ရယ်လို့ ဆိုထားတာ တွေ့ရတယ်။ အဲဒီ မြန်မာ (၁၀)မျိုးကမှ အလျောက် အပြော အဆို အပြုအမူ အဝတ်အဆင်နဲ့ ရုပ်ရေသဏ္ဍာန်များ ကွဲပြားနေကြသော်လည်း မြန်မာ့မြေပေါ်က မြန်မာ လူမျိုးတွေချည်း ဖြစ်သည်လို့ ဆိုပါတယ်။
မူလ ပျူလူမျိုးက တစ်ကိုင်း ဖြာဆင်းသည်၊ ကမ်းယံလူမျိုးက တစ်ကိုင်း ဆင့်ပွားပြီး သက်လူမျိုးများ ကလည်း အကိုင်းအညွန့် တက်ခဲ့ခြင်းဖြစ်၍ အရင်းစစ်လိုက်လျှင် အမြစ်မြေက ပေါက်တဲ့ အပင်တူ အကိုင်းအခက်တူ တစ်မျိုးတည်း ရှိခဲ့ရာမှာ ဘယ်လို ဖြစ်လာရလဲဆိုရင် နောက်ဆုံး နယ်ချဲ့တို့ရဲ့ လက်အောက် ကျရောက် လာတော့ ဇာတိသွေး၊ ဇာတိမာန် လျှမ်းလျှမ်းတက်နေတဲ့ မြန်မာများကို ချိုးနှိမ်ထား လိုတဲ့ စိတ်နဲ့ မြန်မာတွေ ဟာ ဘယ်ကြို ဘယ်ကြားက ဖြစ်လာတာမှန်း မသိရအောင် ဝေ့လည် ကြောင်ပတ် ဖြစ်စေခဲ့တယ်။ ဒါဟာ နယ်ချဲ့ရဲ့ ပရိယာယ် ဆင်လုံးတွေပါပဲ။ အဲဒီ နယ်ချဲ့ကိုလိုနီအစိုးရများ လက်ထက်က သွေးခွဲ၍ အုပ်ချုပ်ရတဲ့ နည်းပရိယာယ်တွေ အသုံးချခဲ့ကြတဲ့ အတိုင်း မြန်မာ သွေးချင်းသားချင်း ပြည်ထောင်စုသားတွေကို အစိတ် စိတ်အမြွှာမြွှာ သွေးခွဲခြင်းခံခဲ့ရတာ ဖြစ်တယ်။
သွေးခွဲရာမှာလည်း ယုတ္တိယုတ္တာ အထောက်အထား သက်သေသာဓက ကလေးများရအောင် ဉာဏ်နီဉာဏ် နက်ထုတ် လန်ကြုတ် လုပ်ကြံဇာတ်ခင်းပြီးမှ ပညာရေးဌာန၏ ရေသောက်မြစ်ထဲကို သွေးခွဲတဲ့ မြေသြဖာ ထည့်ကျွေးထားခြင်း ခံခဲ့ရတယ်။ ဒါကြောင့် ကိုလိုနီခေတ်က ပညာတတ် ကလေး များဟာ ယနေ့ လူကြီးတွေ၊ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်လာတဲ့အထိ အဆိပ်မိလာတဲ့ အစွဲကလေးတွေဟာ ကိုယ်စိ ကိုယ်စီ ရှိခဲ့ကြခြင်းဖြစ်ပါ သတဲ့။
မြန်မာရယ်၊ မွန်ရယ်၊ သာကီဝင်ရယ်၊ ပျူရယ် ဆိုတဲ့ အစွဲများ မရှိသင့်တဲ့ အချိန်မှာ အားလုံး မြန်မာ တွေချည်း ပါပဲ။ မြန်မာမြေပေါ်မှာ မြန်မာ (၁၀)မျိုးမက အမျိုး(၁၀၀)ပဲဖြာထွက်နေပါစေ၊ ငါတို့ ပြည်ထောင်စု သား တွေ ဟာ မြန်မာပြည်သူပြည်သားတွေပါလို့ တညီတညွတ် ဝန်ခံရမှာဖြစ်ပါတယ်။
ပျူက စ ပေါ်တာတို့၊ မွန်က စပေါ်တာတို့၊ မြန်မာက နောက်မှ ပေါ်တာတို့မျိုးတွေဟာ အင်မတန် အဆုံးအ ဖြတ် ခက်ပါလိမ့်မယ်။ သမိုင်းလိုက်မမီတဲ့ အချိန်တွေ၊သမိုင်း မတင်နိုင်ခင် ဘယ်နေရာမှာ ဘာတွေ ရှိတယ် ဆိုတာတွေမျိုးဟာ ကမ္ဘာကြီးရဲ့ သက်တမ်းနဲ့ စာလိုက်ရင် သမုဒ္ဒရာ ရေယုန်ငယ်တွေ ထောက်မမီသလို ရှိ မှာပါ။ ကိုယ့်အထွာနဲ့ကိုယ် ထောက်ပြနိုင်တာ ကလေးတွေနဲ့လည်း အဓိက ကျလှပြီလို့ မယူဆရဲကြဘူးလို့ ဆိုရမယ်။
ကမ္ဘာ့ အနောက်ပိုင်းနဲ့ မြေထဲပင်လယ်တစ်ဝိုက်မှာ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း ၄-၅-၆ ထောင် တစ်သောင်း သမိုင်း အစကို နှိုက်လို့ရခဲ့တော့ ကျောက်ခေတ် လူသားတို့ရဲ့ လက်စလက်နတွေ တွေ့ပြီး ဆုံးဖြတ်ခြင်းဟာ မှန်ချင် မှန်ပေမဲ့ အာရှတိုက်ထဲက မြန်မာပြည်မှာ ခုမှ ဟိုရှာ ဒီနှိုက် လုပ်ခါစရှိသေးတော့ ဟိုလွန်ခဲ့တဲ့ နှစ် ပေါင်း တစ်သန်းလောက်က အင်မတန် ကြီးကျယ်စည်ကားတဲ့ တိုင်းပြည်ကြီးတစ်ခု ဖြစ်ခဲ့ရာက အကြောင်း အမျိုးမျိုးကြောင့် ပျက်စီး တိမ်ကောသွားခဲ့လို့ တောတောင်အတိဖြစ်ပြီး သမိုင်းအဆက်ပြတ်သွားခဲ့တဲ့ မြန်မာ ပြည်လည်း ဖြစ်ချင်ဖြစ်ခဲ့မယ်။ ဒါမှမဟ်ုတ် လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သန်းလောက်က မြန်မာပြည်ဟာ ရေထဲ မှာပဲ ရှိသေးသလား၊ ကုန်းပေါ်စ ပြုလာပြီလားလို့ ပြောဖို့တောင် မလွယ်သလို ဘယ်သူကမှ အရင်မပေါ်ကြ ပါနှင့်ဦးလို့ဆိုင်းထားပြီး၊ ဒီနေ့ လုပ်ရမယ့် အလုပ်က မြန်မာမြေပေါ်မှာ နေကြတဲ့ မြန်မာတွေ စုစု ပေါင်းပေါင်း နဲ့ ဉာဏ်သစ်လောင်းပြီး ရှေ့အဖို့ ကောင်းအောင်သာ အရေးတကြီး ကြိုးစားအားထုတ်၍ ကာယ၊ ဉာဏ အင်အားတွေ အစွမ်းကုန်သုံးပြီး ခေတ်သစ် ခေတ်ကောင်းကို ထူထောင်သင့်တယ်လို့ ဆိုဖို့ ကောင်းနေပြီ။
အဲ … ပြည်မြို့က ထွက်လာလိုက်တာ သိပ်မကြာပါဘူး၊ နာမည်ကျော် ပြောင်းဖူးများ ထွက်ရာ “ပြလို့” ရွာ စခန်းကို ရောက်ခဲ့ကြပါပြီ။
ပြလို့ရှာမှာ ခရီးသွား ကားများ ဝင်ရပ်နားရာ နေရာဖြစ်လို့ စားသောက်စရာ ဆိုင်တွေလည်း အများအပြား ရှိပါတယ်။ ပြလို့ရွာဟာ ဧရာဝတီမြစ်ရဲ့ ကမ်းနဖူးလည်း ဖြစ်တဲ့အတွက် တစ်ဘက်မှာကူးတို့ ဆိပ်လည်း ရှိပါ တယ်။ အရင်တုန်းကဖြင့် ပြလို့ရွာက ထမင်းဟင်းများ ကောင်းလှတယ်လို့ လူကြိုက်များခဲ့ပါတယ်။ ပြလို့ရွာ က ဘုရားတစ်ဆူမှာလည်း ၁၉၅၉ ခုနှစ်ဆီတုန်းက စာရေးသူက ထီးတော်လှူခဲ့ပါသေးတယ်။ ခုတော့ ဘယ်လို ရှိတယ်လို့ ဝင်ဖူးမကြည့်ခဲ့တော့ပါ။ ရှေ့ခရီးဆက်စရာ ရှိသေးတာကြောင့် နာမည်ကျော် ပြောင်းဖူး ၄/၅ တွဲပဲ လက်ဆောင်ပေးစရာ ဝယ်ယူလာခဲ့ပါတော့တယ်။