ကျွန်းဦးတည့်သံလျှက်ခုံ

အင်းဝနန်းတွင်း ဝါဒဖြန့်တိုက်ပွဲ

အင်းဝမြို့ထဲသို့ ပြန်ရောက်ခဲ့ပါသည်။ ထိုအင်းဝပြည်ကြီး ဘယ်လိုပင် ပျက်စီးပြီး၊ ဘယ်လိုပင် ဇနပုဒ် ကြီးဖြစ် ၍နေပါစေ၊ အင်းဝ၏ ရာဇဝင်အစဉ်အဆက် အဖြစ်အပျက်တို့ကဖြင့် ထင်းထင်းလင်းလင်း ပေါ်လွင် နေ ဆဲ သာဖြစ်ပါသည်။

ဘိုးတော်ဘုရားနှင့် ပထမံဦးအောင်တို့ အကြောင်းဆိုလျှင် ရာဇဝင်မှတ်တမ်းမှာ မပါသည့်တိုင်အောင် ဆိတ် သုဉ်းခြင်းမရှိသေးပါ။

ဘကြီးတော် ဘုရား ၏ သားတော် စကြာမင်းကလေး ခေါ် ညောင်ရမ်းမင်းသားအား ဘိုးဘိုးအောင် ခေါ် ပထမံ ဆရာအောင်က ကယ်ဆယ်ခေါ်ယူထားသည်ဆိုသော တီးတိုးသတင်းမှာလည်း ယနေ့အထိ အယူသီး သော ဘိုးဘိုးအောင် ဂိုးသားများထဲ၌ ရေပန်းစားဆဲ ရှိနေပါသေးသည်။

ယနေ့ မျက်မြင်ကိုယ်တွေ့ ကိစ္စတွေ ပြောရမည်ဆိုလျှင် ရန်ကုန်မြို့ တစ်မြို့တည်းမှာပဲကြည့်ပါ၊ ဆင်းရဲချမ်း သာမရွေးပါ၊ ဘိုးဘိုးအောင် ဂိုဏ်းတော်ကြီးသမားတွေ အများကြီး ရှိနေပါသည်။ သူတို့ အိမ်ဦးခန်း ဘုရားစင် မှာ ဝတ်ဖြူစင်ကြယ်နှင့် တောင်ဝှေးထောက်ထားသော ပန်းချီဓာတ်ပုံကား တစ်ခု ကျ ရှိပါသည်။ အုန်းသီး၊ ငှက်ပျောသီးစိမ်းစိမ်းစိုစိုနှင့် ကန်တော့ပွဲကြီးတွေလည်း ဟည်း၍နေပါသည်။ အမွှေးနံ့သာ၊ ပန်း၊ ဖယောင်း တိုင်များနှင့် မြိုင်မြိုင်ကြီး ပူဇော်ကိုးကွယ်လျက် ရှိကြပါသည်။

အချို့ အာသန်သန်နှင့် ဘာလေး ညာလေး ပြောနေသူများလည်း အိမ်မှာ ကန်တော့ပွဲကြီးတွေနှင့် ဗေဒင် ဆရာ နှင့် ကြိတ်လျက်ပင်။

ထီထိုးတာတောင်မှ “ဘိုးဘိုးအောင် မ ပါ” လို့ အတိတ်ရေးထိုးလေ့ရှိကြပါသည်။ ဘိုးဘိုးအောင် မ လိမ့်မည် ဟူသော ယုံကြည်ချက်သည် ဦးထိပ်၌ သံမှိုနှက်ထားသလို စွဲမြဲခိုင်မာလှပါသည်။

အဲသည် ပထမံ ဆရာကြီး ဦးအောင် ခေါ် ဘိုးဘိုးအောင် သည် ဘိုးတော်ဘုရားနှင့် ကျောင်းနေဖက်၊ ကစား ဖက် ငယ်သူငယ်ချင်းဟု ဆိုပါသည်။ ဘိုးတော်ဘုရား ဘုရင်ဖြစ်သောအခါ ဆရာအောင်ကို သူ၏ ထီးနန်း စည်းစိမ်အား ရန်ရှာမည်ဟု အထင်လွဲ၍ ဖမ်းသည်ဟု ဆိုပါသည်။

ထွက်ရပ်ပေါက် ပထမံ ဆရာအောင်မှာ တန်ခိုးရှင် ဖြစ်နေသောကြောင့် ဘယ်လို ဖမ်း၍မျှ မမိ၊ နောက်ဆုံး ဆရာအောင်က “သူငယ်ချင်း မောင်ဝိုင်း ရေ … ငါ့ကို မင်းနဲ့ စစ်သားတွေက ဖမ်းမိဖို့ မဆိုထားနှင့်ဦး၊ မင်းရဲ့ နန်းတော်ထဲမှာ ငါရေးထားတဲ့ (ဝ)လုံးကို ပဲပျက်အောင် ဖျက်ကြည့်ပါဦး၊ ဒီ (ဝ)ကို ပျက်အောင် ဖျက်နိုင် လို့ရှိရင် ငါ့ကို ဖမ်းမိနိုင်မယ်ကွဲ့ “လို့ ပြောပြီး နန်းကြမ်းပြင်မှာ (ဝ)လုံးတစ်ခု ရေးထားလိုက်သတဲ့။ ဘုရင် က ဖျက်သောအခါ (ဝ)လုံးတစ်လုံးက နှစ်လုံးဖြစ်၊ နှစ်လုံးဖျက်ရင် လေးလုံးဖြစ်နဲ့ ကြာတော့ နန်းတော် တစ်ခုလုံး (ဝ)လုံးတွေချည်း ဖြစ်ကုန်ရော ဆိုပဲ၊ ရှင်ဘုရင်နဲ့တကွ နန်းတော်သား နန်းတော်သူ တွေလည်း ဟောဟဲ လိုက်အောင် မောပြီး (ဝ)လုံးတော ထဲမှာ ခွေလဲကျကုန်တာနဲ့ လက်မြှောက် အရှုံးပေး လိုက်ရပါသတဲ့။

ဘိုးဘိုးအောင်ကလည်း “သူငယ်ချင်း မောင်ဝိုင်း … မင်းဟာ ငါ့ကို မကောင်းထင်နေရင် ငါလည်း မင်းဆီ လာ မတွေ့တော့ပါဘူးကွာ ” ထပြီး ပြန်သွားတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်ကစပြီး ဘိုးဘိုးအောင်ကို မတွေ့ ရတော့ဘဲ ဘိုးတော်ဘုရားရဲ့ မြစ်တော် ဖြစ်တဲ့ စကြာမင်းကလေး ရေချသတ်တဲ့ ကိစ္စမှာ တစ်ခါ လာ ပြီး ကယ်ခဲ့သေးတယ်လို့ အမှတ်စွဲထားခဲ့ကြပါတယ်။

စကြာမင်း လို့ ခေါ်တဲ့ ညောင်ရမ်းမင်းသားကလေး ဆိုတာကတော့ ဘကြီးတော် ခေါ်တွင်သော ဘုရင်မင်း ၏ သားတော် ဖြစ်ပါတယ်။ မယ်တော်ကတော့ ဆင်ဖြူရှင်မယ် ခေါ်သော အိမ်တော်ပါမိဖုရားဖြစ်ပါတယ်။

ဘိုး တော်ဘုရားက သားတော် “မန္တလေး မဟာမြတ်မုနိဘုရားကြီး ပင့်လာသူ ” အိမ်ရှေ့မင်းကြီး ကံကုန်တော်မူ သွားသောအခါ မြေးတော် (ဘကြီးတော်ဘုရား)ကို ဆင်ဖြူရှင်မယ်နှင့် လက်ထပ် ထိမ်းမြား တော် မူပြီး အိမ်ရှေ့ ရာထူး နှင်းအပ်ပါတယ်။ ဆင်ဖြူရှင်မယ် ခေါ် အိမ်ရှေ့မိဖုရားက ညောင်ရမ်း မင်းသား လေး (စကြာမင်း)ကို ဖွားတော်မူပြီး ရက်ပိုင်းအတွင်းမှာပဲ ကံကုန် အနိစ္စရောက်ရရှာပါတယ်။ ဖွားတော်မူ တဲ့ သား တော်ကလေးဟာလည်း သူ့ကို မွေးဖွားနေစဉ်အခါက အင်မတန် ထူးခြားတဲ့ တိတ်နိမိတ်ကြီးတွေ ပြတဲ့ အတွက် အလွန် ဘုန်းတန်ခိုးကြီးမယ့် မင်းသားကလေးရယ်လို့ ယူဆခြင်း ခံခဲ့ရပါတယ်။ အိမ်ရှေ့ မိဖုရား ဆင်ဖြူရှင်မယ် အနိစ္စရောက်ပြီးတဲ့နောက် အိမ်ရှေ့မင်း (ဘကြီးတော်ဘုရား)ဟာ သား တစ်ယောက် ဖခင်၊ မုဆိုးဖို အဖြစ် ကျန်ရစ်ပြီး သားတော်လေးကို ချစ်ခင်မြတ်နိုးစွာနှင့်နေရာမှ ဘိုးတော် ဘုရားဟာ နောက်ထပ် အိမ်ရှေ့မိဖုရားတစ်ပါးကို ရွေးချယ်ပြီး လက်ထပ် ထိမ်းမြားပေးတော်မူပြန်ပါတယ်။

သို့သော်လည်း ဒီမင်းသမီးကလေးဟာ အလွန် ငယ်ရွယ်သူ ၈ နှစ် သမီးမျှသာရှိသေးတဲ့ ပဒေါင်းမင်းသမီး ကလေးဖြစ်ပါတယ်။ အနွယ်တော်ထဲက အိမ်ရှေ့မိဖုရား ဖြစ်ထိုက်သူဟာ ပဒေါင်းမင်းသမီးကလေးတစ်ပါး သာရှိလေတော့ အချိန်အရွယ် မရောက်ခင် နန်းစဉ်ထုံးစံအတိုင်း လက်ထပ်ခဲ့ရသော်လည်း ကလေးပဲမို့ သူ့ အဆောင်ထဲမှာ သူ့အထိန်းတော်တွေနှင့်သာ စံနေတော်မူပါတယ်။ အရွယ်ရောက်မှသာ လင်မယားအရာ မြောက်ရမှာဖြစ်ပါတယ်။

ဒီအတောအတွင်း အိမ်ရှေ့မင်း (ဘကြီးတော်)ဟာ ဒေါ်ဒေါ်နု (မိဖုရားကြီးနု)နှင့် တွေ့မြင် ချစ်ခင် တော်မူလှ တဲ့အတွက် မိဖုရား ပဒေါင်းမင်းသမီးကလေးနှင့်တကွ အခြားသော ကိုယ်လုပ် မောင်းမ တွေကို ကျော်လွှားပြီး “နုမှတစ်ပါး ဘယ်သူ့မှ မချစ်နိုင်ဘူး”ဆိုတဲ့ ဘ၀ ရောက်ခဲ့ရပါတယ်။

ဘိုးတော်ဘုရားကြီး နတ်ရွာစံလို့ ထီးနန်းရိုက်ရာ ဆက်ခံရာမှာလည်း လက်ထပ်ထားပြီးဖြစ်တဲ့ အိမ်ရှေ့ မိဖုရား ပဒေါင်းမင်းသမီးကလေးကို ပစ်ပယ်ပြီး နုနုကိုသာပဲ ရွှေလက်ဆွဲ၍ နန်းသိမ်းပွဲခံခဲ့ပါတယ်။ လူမှာ အမျိုး ကြက်မှာအရိုးဆိုတဲ့ အစဉ်အလာကို ရိုက်ချိုးပြီး၊ လူမှာ အချစ်ကြက်မှာ အမြစ်လို့ စကားပုံကို တဖြစ် ပြောင်းလဲပစ်လိုက်ပါတော့တယ်။ ပဒေါင်းမင်းသမီးကလေးခမျာလည်း မသေရုံတမယ်သာ နုနု၏ အဖိအနှိပ် ရှိကြသော်လည်း ဘယ်သူမှ စကားကျယ်ကျယ်ပင် မဟဝံ့အောင် ရှိနေကြရပါတယ်။ ဒီအသိုင်းအဝိုင်း၊ အသိုက်အဝန်းထဲမှာ မဟုတ်မခံ ပြောဆိုဝံ့သူဟာဖြင့် ညီတော် ” သာယာဝတီမင်း ” တစ်ပါးသာရှိပါတယ်။

ဒေါ်ဒေါ်နုကလည်း ဘုရင့်အချစ်ကို ယုံစားပြီး အများကြီး တန်ခိုးထက်အောင် သူ့ဘက်သူ ယက်နိုင် သလောက် ယက်၊ ယက်ယူလာလိုက်တာ နေရာတကာ ဒေါ်ဒေါ်နု မပါရင် ဘာမှ ကိစ္စမပြီးတော့ပါ။ တစ်နန်း တော်လုံးနှင့် တစ်နိုင်ငံလုံးမှာ သူ့သြဇာချည်း ဖုံးလွှမ်းထားလိုက်နိုင်ပါတော့တယ်။ နောက်ဆုံးပိတ် “နု” ဆိုတဲ့ အမည်တောင် မည်သူမှ မသုံးရ။ နု အစား “ထွတ်” ကို သုံးကြရမယ်လို့ အမိန့်ထုတ်ခဲ့တယ်။

ဒီလို တစ်နန်း တော်လုံးကို ခွစီးပြီး ဒါလောက် သြဇာကြီးနေပါလျက်နှင့်ပဲ ပဒေါင်းမင်းသမီးကလေး ရှိနေ သေးတာ မလိုလား နိုင်လို့ ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားပြန်ပါတယ်။ တစ်နေ့သောအခါ အဆောင်တော် ထဲမှာ ရှိနေတဲ့ ပဒေါင်းမင်းသမီးကလေးကို အလိုတော်ရိ မင်းလုလင်တွေက ဝင်ဖမ်းပြီး ကျွန်းသေတ္တာထဲ ထည့်ပိတ် ထားခဲ့ တယ်။ အထိန်းတော် အပျိုတော်တွေကလည်း ပျောက်နေတယ်ထင်လို့ ပျာပျာသလဲ လိုက် ရှာရာ ဘယ်မှာမှ မတွေ့ရ ဒုက္ခဖြစ်နေတုန်း၊ နန်းတွင်း ရုပ်စုံစင်တော်ကြီးမှ တစ်ဆင့် ညီတော် သာယာဝတီ မင်းနား ပေါက်ကြားသွားလို့ အဆောင်တော်ထဲ အနှံ့အပြား လိုက်ရှာမေးတော့မှ ကျွန်း သေတ္တာ ကြီးထဲမှာ မွန်းပြီး အသက်မြော့မြော့သာ ရှိတော့တဲ့ ပဒေါင်းမင်းသမီးကလေးကို တွေ့ရှိ ကယ်ဆယ် လိုက်ရတယ်လို့ နန်းတွင်း ရေးမှာ တစ်ဆင့်စကားများ အစဉ်အဆက် ကြားသိခဲ့ရတယ်လို့ ဆိုပါတယ်။

သာယာဝတီမင်းဟာ ဘကြီးတော်ဘုရင်၏ ညီတော်မင်းသားကြီးဖြစ်ပါတယ်။ ဘကြီးတော်ဘုရားမှ လွဲရင် နန်းတော်ပေါ်နှင့်တကွ နေပြည်တော်မှ သြဇာထက်သော မင်းသားကြီးတစ်ဦးလည်း ဖြစ်ပါတယ်။ စစ်သည် အင်အား၊ တပည့်တပန်း အင်အား၊ လက်နက်အင်အားကလည်း အလွန် တောင့်တင်းသူဖြစ်လို့ ဒေါ်ဒေါ်နု တို့ မောင်နှမက သူကိုတော့ နိုင့်ထက်စီးနင်း မပြုရဲ၊ လေးစားရပါသေးတယ်။

ထိုအချိန်က ဘကြီးတော်ဘုရား ထီးနန်းအုပ်ချုပ် မင်းလုပ်နေသော်လည်း ထုံးတမ်းစဉ်လာအတိုင်း အိမ်ရှေ့ မင်း မရှိသေးပါ။ အိမ်ရှေ့နေရာက လစ်လပ်နေပါတယ်။ အမှန်အတိုင်းဆိုလျှင် သားတော် ညောင်ရမ်းမင်း (စကြာမင်းကလေး)ဟာ အိမ်ရှေ့ဥပရာဇာအဖြစ် အမှန်ကန်ဆုံး ဆက်ခံရမည်သူဖြစ်ပါတယ်။

ဒါပေမဲ့ မိဖုရား ကြီး ဒေါ်ဒေါ်နုက သြဇာကြီးနေတော့ ညောင်ရမ်းမင်းသားကလေးကို အိမ်ရှေ့ပေးဖို့ နှောင့်နှေးနေခဲ့ရပြန် တယ်။ တစ်နည်းအားဖြင့်လည်း ညီတော် သာယာဝတီမင်း၏ ဘုန်းလက်ရုံး အင်အားကိုလည်း ခန့်ညား အား ထားရတဲ့အတွက် ထီးနန်းဆက်ခံဖို့ အိမ်ရှေ့ ဥပရာဇာရာထူးကို ပေး ထိုက်ပြန်တယ်။ သားတော်နှင့် ညီတော် နှစ်ဦးအတွက် ဘယ်ဘက်ကို အလေးပေးရမည်ဟု အတည်တကျ မဆုံးဖြတ်ရခြင်းလည်း ဖြစ်နိုင်ပါသေးတယ်။ သို့ရှိနေရာမှာ ဒေါ်ဒေါ်နု သြဇာက ဥပရာဇာ ရွေးခန်းကို လက်တန်းပြီး ကာထားသလို ရှိခြင်းကပဲ အလေးကျောနေခြင်းဖြစ်ပါတယ်။

အခြေအနေအရ သြဇာကြီးလှသော မိဖုရားကြီး၏မောင်၊ စလင်းမင်းသားကြီး ဦးအို ကလည်း တန်ခိုးအာဏာကြီးနေသူတစ်ယောက် ဖြစ်ပါတယ်။ တိုင်းပြည်နိုင်ငံ အုပ်ချုပ်ရေး တရားစီရင်ရေး စသော ဌာနကြီးတွေမှာ လွှတ်တော်ဝန်ကြီးများနှင့်အတူ မင်းသားကြီး ဦးအိုဟာ စီမံကွပ်ကဲနေရသူ၊ အရေးပါ အရာ ရောက်သော အချုပ်အခြာ ဌာနကြီးတွင် ကြိုးကိုင်အုပ်ချုပ်နေရသူ ဖြစ်လေတော့ အာဏာဟာ ဦးအိုရဲ့ လက်ထဲမှာပဲ ရှိနေပါတယ်။ မိဖုရားကြီးကလည်း အိမ်ရှေ့ရာထူးပေးခြင်းပေးလျှင် သူ့မောင် ဦးအို ကိုသာ ပေးစေချင်တယ်။ ပေးဖို့ မပေးဖို့ဆိုတဲ့ အဆုံးအဖြတ်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချနိုင်သူက ဘကြီး တော်ဘုရားကိုလည်း မိဖုရားကြီးနုက သူ့အိတ်ထဲ ထည့်ထားနိုင်လေတော့ သားတော်နှင့် ညီတော် သာယာဝတီမင်းတို့မှာ အေးအေးဆေးဆေးနှင့်တော့ အိမ်ရှေ့မင်းအဖြစ်ကို ရရှိနိုင်မှာ မဟုတ်ဘူးဆိုတာ နား လည်ထားကြပြီး ကိုယ့်သတ္တိ၊ ကိုယ့်အင်အားကို အသင့် မွေးထားကြရမှာပဲဖြစ်ပါတယ်။

တိုင်းသူပြည်သားတွေ အနေနဲ့ကတော့ သားတော် ညောင်ရမ်းမင်း (စကြာမင်းကလေး)ကိုသာ ချစ်ခင် မေတ္တာထားကြရင်း ရှိတဲ့အတိုင်း အိမ်ရှေ့အဖြစ် လိုလားကြပါတယ်။ သို့သော် ဒီကိစ္စမှာ ဘယ်သူမှ ပွင့်ပွင့် လင်းလင်း ဆန္ဒပေးရဲကြမည် မဟုတ်ပါ။ သို့ကြောင့် သားတော် ညောင်ရမ်းမင်းကလေးရဲ့ အင်အားဟာ ပြည်သူ့ မေတ္တာပဲ အားကိုးစရာရှိပါတယ်။

ညီတော် သာယာဝတီမင်းရဲ့ အင်အားကတော့ လက်နက်အင်အား၊ လူအင်အားနှင့် သတ္တိစွမ်းပကားပဲဖြစ် ပါတယ်။ ယောက်ဖတော် ဦးအိုရဲ့ အင်အားကတော့ လွှတ်တော်ကြီး တစ်ခုလုံးကို ဖုံးလွှမ်းကြိုးကိုင်ထားနိုင် သော အာဏာအင်အားနှင့် သြဇာကြီးလှသော မိဖုရားကြီး၏ တန်ခိုးအရှိန်များ ဖြစ်နေပါတယ်။ ဘယ်သူ မကြိုက် ကြိုက်ကြိုက် အိမ်ရှေ့မင်း ရာထူးကတော့ ဦးအိုဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာရတော့မှာပဲ လို့ထိုခေတ်က မျက်စိကြီးနားကြီး ရပ်ကွက်က အမြဲတွက်ထားပြီးသား ဖြစ်နေကြပါတယ်။

သို့သော် ဦးအိုတို့က ပေါ့ပေါ့ဆဆ နေနေလို့မရပါ။ ညောင်ရမ်း မင်းသားကလေး ကို အရေးမမှု လောက် သော်လည်း သာယာဝတီ မင်းသား၏ အင်အားကြီးမားမှုကို လျစ်လျူရှုနေ၍မဖြစ်ပါ။ သူပြုတ် ကိုယ်ပြုတ် မချလျှင် မဖြစ်ကြတော့သော အခြေအနေက ပေးလာခဲ့ပါတယ်။ အာဏာလက်ကိုင်ရ နေသော အပိုင်း ကနေ ချရလျှင် တရားဥပဒေဘောင်ဝင်ပြီး အပေါ်စီးရနေသူများ အဖြစ်နှင့် အလစ်ကို ချောင်း နေနိုင်ပါတယ်။ တစ်ယောက် မကောင်းကြောင်း တစ်ယောက် ဝါဒဖြန့်ကြရသော အလုပ်ကလည်း ထိုခေတ် ဆီမှစ၍ ပေါ်လာဟန် တူပါတယ်။

ဦးအိုနှင့် မိဖုရားကြီးနုတို့ဘက်က သာယာဝတီမင်းအား လူဆိုးသူဆိုး မွေးတယ်၊ တိုင်းပြည်အတွင်း တိုက် ခိုက်လုယက်သော ကိစ္စမှန်သမျှ သူတို့ ကြိုးကိုင်တယ်ဟု ပါးစပ် သတင်းလွှင့်ပါတယ်။ သာယာဝတီမင်းက ဒီသတင်းကြားတဲ့အခါ ဦးအိုနှင့် မိဖုရားကြီးနုတို့ အပေါ်မှာသာ၍ ဆိုးရွားလှသော ဝါဒဖြန့် သတင်းဆိုးတွေ တစ်မျိုးပြီး တစ်မျိုးတုံ့ပြန်လိုက်ကြပါတော့တယ်။

ထိုခေတ်က ဝါဒဖြန့်သော အလေ့အထကို သာယာဝတီမင်းသားကြီးနှင့် မိဖုရားကြီးနုတို့က စတင် တီထွင် လိုက်သည်ဟု ဆိုရပါမည်။

သာယာဝတီမင်းကို လူဆိုးမွေး၍ ခိုးဝှက်တိုက်ခိုက်နေသူဟု သတင်းဖြန့်လိုက်သလို သာယာဝတီမင်းဘက် ကလည်း မိဖုရားကြီးနုနှင့် ဦးအိုတို့ တိတ်တိတ်ပုန်းရနေသည်၊ မောင်နှမအစစ်မဟုတ်၊ လင်ငယ် ဟု ဆိုသည်။ ဘကြီးတော်ကို ယုတ်ညံ့သော အောက်လမ်း ဆေးနှင့် ခတ်ကျွေးပြီး နန်းတော်ကြီးကို အပိုင် စီးထားလိုက် သည်ဟုဆိုသည်။ ငါးစိမ်းသည်မကြီး၊ စုန်းမကြီးဟုလည်းဆိုသည်။

” ပြည်ကြာရင် ဆုံးပါလိမ့် စုန်းမကြီးလင်၊ ပဒေါင်းတောင်ညာတင်မှ၊ ဖျညီခင် တပ်တော်လှဲ့လို့ရယ်၊ ပြန်ခဲ့ မယ်လေး “

ဤသီချင်းသည် ထိုခေတ်နောက်ပိုင်း နန်းတွင်း ရုပ်စုံစင်တော်မှ သီဆိုသော သီချင်းဖြစ်သည်။ သာယာဝတီ မင်း ပုန်ကန်ရင် ထွက်ခွာသွားသောအခါက ဆိုကြသည်။ ညီတော်က စုန်းမကြီးကို ဖယ်ရှားပြီး ပဒေါင်းမင်း သမီးကို တောင်ညာတင်ပါမှ သူ ပြန်လာတော့မည်ဟု အစ်ကိုဖြစ်သူ ဘကြီးတော် ဘုရင်အား လျှောက်တင် ဟန်ဖြစ်ပါသည်။

အင်းဝမြို့ ကုန်းဘောင်ခေတ်က ယခုကဲ့သို့ သတင်းစာများ မပေါ်သေး၍ ဝါဒဖြန့်ရာ၌ ကလောင်သမား မွေးပြီး ရေးသားစေခြင်းမျိုးများ မပြုနိုင်စေကာမူ ဇာတ်၊ ရုပ်သေးစသော အနုပညာ ဇာတ်သဘင် ပိုင်းမှနေပြီး တစ်နည်းမဟုတ် တစ်နည်း ဘုရင့်နား ပေါက်ကြားအောင် ပြုလုပ်ဖန် တီးနိုင်ခဲ့ပါသည်။

တစ်ခုတော့ရှိ၏။ ရှေးက ဝါဒဖြန့်မှုများသည် ဗြောင် မဟုတ်တမ်း တရမ်းများ မဖြစ်စေဘဲ မူလအခြေခံ ဟုတ် မှန်ရာ အချက်ကလေးများကို မူတည်ပြီးမှ သတင်းလွှင့်တတ်ကြပါသည်။ သာယာဝတီမင်းသားသည် သတ္တိ သွေးရဲရဲတောက်သူ မင်းမငထမ်း တပည့်တပန်းများ တိုးပွားရန်နှင့် လက်နက်ဓားလှံ စုဆောင်းခြင်း သည် သူ၏ အဓိကအလုပ်ဖြစ်သည်။

မိဖုရားကြီးနုသည် မောင်တော်ဘုရင်က သူ့အား မြတ်နိုးချစ်ခင်အောင် ဖြစ်သည့်နည်းနှင့် ကြိုးပမ်းမည်မှာ လည်း အမှန်ပင်။ ဘုရင်က ချစ်ခင်မှ သူ့ကို အလိုလိုက်မည်။ သူကြိုက်နှစ်သက်ရာ စီမံခြယ်လှယ်နိုင်မည်။ သို့ကြောင့် ဘကြီးတော်ဘုရားအား မီးသေအောင် ပြုထားခြင်းဖြင့် အခွင့်အရေးမှန်သမျှ သူကချည်း အကုန် ရနေသူဖြစ်သည်။ ငါးစိမ်းသည်မကြီး။ စုန်းမကြီးဟု သတင်းကြီးသော်လည်း စင်စစ် ငါးစိမ်းသည် မဟုတ်ပါ။ မင်းမှုထမ်းမျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပါသည်။ စုန်းမကြီးဆိုခြင်းကတော့ နုကို အိမ်ရှေ့မင်းသားအဖြစ်က ကောက်ယူထားသော်လည်း တစ်စတစ်စ နု၏ အစွမ်းအစတွေက အားလုံးပေါ် ကျော်လွှားပြီး ထိပ်စည်းသို့ ရောက်ခဲ့ရခြင်းကြောင့် အစွမ်းထက်မြက်သော အင်းအိုင်၊ မန္တရား၊ ဆေးဝါး ပယောဂများ အသုံးပြုခဲ့သူ အောက်လမ်း ဆေးဝါးပညာသည် တစ်ဦးဟု ယိုးစွဲခြင်းဖြစ်ပါသည်။

နောက်ဆုံး၌ (ဘကြီးတော်) ဘုရင်သည် မိဖုရားကြီးနု ကြိုးဆွဲသလို က နေရသော ရုပ်သေးရုပ်သာ ဖြစ်နေ ရရှာသည်။ ဘယ်နည်းနှင့် နိုင်ထားသည်တော့ မသိ၊ နိုင်နေတာကတော့ တိုင်းသိပြည်သိပါပေ။

ယင်းအခြေအနေတွေကို သာယာဝတီမင်းက ခံပြင်းလှသော်လည်း နောင်တော်ဘုရင်မှာ “တို့ဘုရားလည်း မယားဘက်ခပ်ပါပါ”ဆိုသော ကိန်းမျိုး ဆိုက်နေသဖြင့် မကြိုက်သမျှကို အံခဲ၍သာ နေရလေသည်။

ဦးအိုတို့ မောင်နှမကလည်း အင်အားတောင့်သည်ထက် တောင့်လာသော သာယာဝတီမင်းကို ကြာကြာ ကြည့်မနေနိုင်ကြတော့ဘဲ မကြာခင် အမှုဆင်၍ စတင် တိုက်ခိုက်ကြတော့သည်။

အမှုကတော့ မဆန်းပါ၊ ဓားပြမှုတစ်ခုမှ ဆက်နွယ်ပြီး အမှုရှာဖွင့်သည်။

မီးခိုးကြွက်လျှောက် အပေါက်ရှာပြီး လွှတ်တော်က အရေးယူရလေသည်။ သာယာဝတီမင်း ပုဂံမင်းသမီး တို့လည်း အမှုထဲက အရေးပါအရာ ရောက်သူတွေဖြစ်နေသည်။ လွှတ်တော်ကြီးက ဦးစီးခေါင်းဆောင် ဝန်ကြီးတစ်သိုက်မှာလည်း နန်းမတော်ကြီး နု၏မောင်၊ စလင်းမင်းသားကြီး ဦးအို၏ အာဏာစက် အရိပ်တွင် ကြိတ်မှိတ် ကျိုးနွံနေကြ သူများဖြစ်သည်။ ဘကြီးတော်ဘုရင်မင်းမှာလည်း မမာမကျန်း ဖြစ်သော်မူသည်ဆို၍ တိုင်းရေးပြည်ရေးဘာမှ ပြန်မကြည့်တော့ဘဲ မိဖုရားကြီးနု နှင့် ယောက်ဖတော် ဦးအိုတို့သာ အကဲရောက် ဘုန်းတောက်နေကြသည်။ လွှတ်တော် ဝန်ကြီး တွေ အပေါ်မှာလည်း ဦးအို ပဲ သြဇာ လွှမ်းနေသူဖြစ်ပါသည်။

သာယာဝတီမင်းကြီးကလည်း သတ္တိဗျတ္တိရှိပြီး ရာဇဝတ်၊ ဓမ္မဝတ်၊ လောကဝတ်များတွင် သူမတူအောင် ကျွမ်းကျင်လိမ္မတော်မူသူဖြစ်၍ အထောက်အထားများနှင့် နား မျက်စိ ဖွင့်ထားသူ ဖြစ်သောကြောင့် မိမိအား ပြစ်မှုကြီးစွာရောက်အောင် ကြံစည်ကြိုးစားနေသူများမှာ စလင်းမင်းသားကြီး ဦးအို၊ မြဝတီဝန်ကြီး ဦးစ၊ ကင်းဝန်ဦးကြွယ်ဝ၊ ကျီအတွင်းဝန် ဦးပါရောက်၊ မြို့လက်ဝန်မောင်ရေး၊ ဝန်ထောက် မောင်ကံရေး၊ ဗိုလ်ကွန်း၊ မောင်ကံပေါ်၊ မောင်ဘူး၊ မောင်နှင်း၊ တဒလဗိုလ်တို့ ဖြစ်ကြောင်း ကြိုတင်သိမြင်တော်မူလေသည်။

ထို့ကြောင့် စလင်းမင်းသားကြီး ဦးအိုတို့ အကြံအောင်တော့မလို ရှိနေစဉ် သာယာဝတီမင်းသားသည် နေပြည်တော် အင်းဝမှ ထွက်ခွာ၍ ရွှေဘိုမြို့ကနေပြီး ခုခံတိုက်ခိုက်ခြင်း ပြုလေတော့သည်။

နောက်ဆုံး သာယာဝတီမင်းက အင်အားသာသောကြောင့် ဘကြီးတော်ဘုရား နန်းမှဆင်း၍ သာယာဝတီ မင်းအား ထီးနန်းလွဲှအပ်လိုက်ရပါသည်။

သာယာဝတီမင်း ရွှေဘိုမြို့မှနေပြီး အောင်မြင်သောကြောင့် (ရွှေဘိုမင်း)ဟု ခေါ်ပြန်သည်။ သာယာဝတီ ရွှေဘိုမင်းသည် နန်းတော်သိမ်းပြီးရာ၌ ငါတို့ ညီတော် နောင်တော် အချင်းချင်း အမျက်မရှိပါ။ တစ်မိဝမ်းတွင်း ညီအစ်ကိုရင်းဖြစ်ပြီး နောင်တော်ကြီးသည် ငါ့အား သားတော်ကဲ့သို့ ချစ်မြတ်နိုး တော်မူသည်။ ငါကလည်း ခမည်းတော်ကဲ့သို့ပင် ချစ်ခင်ရိုသေခဲ့သည်။ သို့ပေမဲ့ နန်းမတော်မယ်နု၊ စလင်းစား မောင်အိုတို့သည် ငါတို့ ညီတော် နောင်တော် အကြားတွင် မတရားလီဆယ် လုပ်ကြံခြင်း ဖြစ်သည်။

ဝန်ကြီးငစနှင့် အပေါင်းပါ မှူးမတ်များသည်လည်း ငါတို့ ကျေးဇူးသစ္စာကို စောင့်ထိန်းသင့်လျက် သစ္စာဖျက် ၍ ရန်သူအားပေးပြုကြသူများဖြစ်သည်။ သို့ကြောင့် ယင်းတို့တစ်စုကို ငါ သတ်ထိုက်သည်။ သို့သော် ငါသည် ဘုရားဆုကို ပန်သောကြောင့် သည်းခံတော်မူမည်။ သင်တို့အား ထောင်တွင်း၌ အကျဉ်းချ ထားရုံသာ ချထား စေလို့ မိန့်တော်မူပါသည်။

ထိုသို့ အကျဉ်းချထားခြင်း ခံရသူများမှာ မိဖုရားကြီးနု၊ မောင်စလင်းမင်းသား မောင်အို၊ မြဝတီဝန်ကြီး ငစ၊ ကင်းဝန် ငကြွယ်ဝ၊ ကျီအတွင်းဝန် ငပါရောက်၊ မြို့လတ်ဝန် ငရေး၊ ဝန်ထောက် ငကံရေး၊ ဗိုလ်ငကွန်း၊ ငကံပေါ်၊ ငဘူး၊ ငနှင်း၊ တဒလဗိုလ်တို့ကို ထောင်တွင်သာချထားသည်။

မြဝတီမင်းကြီး ဦးစမှာ ဓားခုတ်ရာ လက် မလျှိုလို့ မရသော အခြေတွင် ရှိပါလေသည်။ လွှတ်တော်ဝန်ကြီး အဖွဲ့ဝင် ဖြစ်ရာ သာယာဝတီမင်း၏ အမှုကိစ္စ၌ လွှတ်တော်အမိန့်စာတွင် သာယာဝတီစား (ငခင်ငယ်) ဟုရေး သားခြင်းကြောင့်လည်း တစ်နည်းအားဖြင့် ပို၍ အခဲမကြေ ဖြစ်ရလေသည်။ ရွှေလွှတ်တော်၏ ထုံးတမ်း စဉ်လာ မှာလည်း ရာဇဝတ်မှု ရောက်သူတို့အား (င)နှင့် (ငယ်)ကို တပ်၍ သုံးနှုန်းရမြဲဖြစ်ပါသည်။ ဘကြီးတော်ဘုရားနှင့် ညီတော် သာယာဝတီမင်းသားတို့မှာ ဇာတာ ငယ်မည်၌ မောင်ဇင်နှင့် မောင်ခင် ဟူ၍ ရှိပါသည်။ သာယာဝတီမင်းသားအား လွှတ်တော်က ချသော အမိန့်စာ၌ “သာယာဝတီစားငခင်ငယ်” ဟု ရေးသဖြင့် သာယာဝတီမင်းက တေးထားခြင်းလည်း တစ်ရပ်ပါလေသည်။

စပ်မိလို့ ဆက်ရေးရဦးမည်။ ရတနာပုံ သီပေါမင်း ခေတ်မှာလည်း တောင်သမန်လယ်စား ဦးဖေငယ်၏ အမည်ကိစ္စဖြစ်သည်။ အချို့က ဦးဖေငယ်မှာ ရာဇဝတ်သင့်တော့မှ (ငယ်) တပ်သည်။ ယခင်က ဦးဖေသာ ဖြစ်သည်ဟု ပြောကြသည်။ ထိုသို့ အထင်နှင့် ပြောခြင်းသည် အခြားငယ် ကိစ္စများတွင် ဟုတ်ချင် ဟုတ်ပါ မည်။ ဦးဖေငယ်၏ ငယ် ကိစ္စကတော့ ရာဇဝတ် မရောက်မီ “ငယ်”က အရင်ရှိနှင့်ပါသည်။ ဘာကြောင့် တုံး ဆိုတော့ ထိုအချိန်က (မောင်ဖေ)နှစ်ယောက် ဖြစ်နေပါသည်။

နှစ်ယောက်လုံးလည်း စာရေးစာဆိုသူချည်း ဖြစ်သည်။ တစ်ယောက်က အချုပ်တန်း ဆရာဖေ၊ တစ်ယောက်က လယ်စား ဆရာဖေ … မောင်ဖေ … မောင်ဖေ နှစ်ယောက်တွင် တောင်သမန်က အသက်အနည်းငယ်ငယ်၍ ကိုဖေငယ်၊ မောင်ဖေငယ်ဟူ၍ ခွဲ ခေါ်ခဲ့ကြပါသည်။ ရာဇဝတ်ရောက်သောအခါ မူလရှိပြီး ငယ်နှင့် ပေါင်းခေါ်ရမည်ဆိုလျှင် (ငဖေငယ်၊ ငယ်)သာဖြစ်ရပါမည်။ သို့သော် ငယ်တစ်လုံး အခံရှိပြီးမို့ ရာဇဝတ်သား ငဖေငယ်နှင့်ပဲ ကိစ္စပြီးရပါသည်။ တောင်သမန်လယ်စား ဦးဖေငယ်၊ မောင်ဖေငယ် ဆိုသည်မှာ ရာဇဝတ်မှု မဖြစ်ခင်ကတည်းက ခေါ်လာခဲ့ သော နာမည်ဖြစ်ပါသည်။

သာယာဝတီမင်းခေါ် ရွှေဘိုမင်းသည် ဦးအိုနှင့် မြဝတီမင်းကြီးစသော အပေါင်းအပါများကို ထောင်တွင်သာ ချထားပါသည်။ သုတ်သင်သတ်ဖြတ်ခြင်းမပြုပါ။ နောင်တော် ဘကြီးတော်ဘုရင်အားလည်း ကောင်းစွာ ပြုစု စောင့်ရှောက်ထားပါသည်။

ငခင်ငယ် ဆိုသော အမည်ကိစ္စကိုတော့ နည်းနည်းမှ ကျေနပ်ပုံမရပါ။

သာယာဝတီမင်းက “ဝန်ကြီး ငစ သည် ငါ ထွက်ခွာလာသည့်နောက် လွှတ်တော်က ထုတ်ပြန်သော အမိန့်တွင် ထုံးစံဥပဒေရှိသည့်အတိုင်း (သာယာဝတီစားငယ်)ဟု မရေးသားဘဲ ငါ့နာမည်ကို ထုတ်ဖော်၍ (ငခင်ငယ်)ဟု ရင့်ရင့်သီးသီး စော်ကား ရေးသားသူဖြစ်သည်။ သင်း သေသင့်ပြီ၊ သို့သော် သင်းကို ယခု မသတ်သေး။ ငါ့ဘုန်းသမ္ဘာတော်ကို ကြည့်စေဦးမည်၊ ထောင်မှာထား” ဟု မိန့်တော်မူကြောင်းကို ဒုတိယ မဟာရာဇဝင်တော်ကြီး၌ အတိအလင်းရေးသားပါရှိခဲ့ပါသည်။

ဤသို့ သာယာဝတီမင်းက အကြောင်းကြောင်းကို ငဲ့ညှာထောက်ထား၍ အသက်ဆုံးရှုံးစေ စီရင်သင့်လျက် မစီရင်ဘဲ ထောင်တွင်သာထားပါစေလျက်၊ မင်းသားကြီး မောင်အိုတို့ အပေါင်းအပါ လူတစ်စုသည် လက်မလျှော့ကြပါ။ ဘကြီးတော်ဘုရားကို နန်းပြန်တင်မည်ဟု အကြံပြုကြပြန်သည်။သို့ကြောင့် ထောင် တွင်းမှာပင် အစီအစဉ်ပြုကြပြီး ၁၂၀၁ ခုနှစ်၊ တပေါင်းလတွင် စလင်းမင်းသား ဦးအို၏ လူများဖြစ်သော ရွှေ ထားမင်းသား အခေါ်ခံ ငဝင်းငယ်၊ ဗိုလ်ငခန်းကျော်၊ ဗိုလ်ရွှေမောင်တို့က ခေါင်းဆော်င၍ လူတစ်ထောင့် ငါးရာနှင့် မတ္တရာကျော်စဉ်ကစ၍ သူပုန်ထစေလေသည်။

သို့သော် ထိုအကြံအစည်လည်း အထ မမြောက်ရုံသာမက အမရပူရမြို့ အကျဉ်းထောင်တွင် ချုပ်ထားသော စလင်းမင်းသားကြီး မောင်အို၊ မယား၊ သမီး၊ အတွင်းဝန် ငပါရောက်၊ မြို့လယ်ဝန် ငရေး၊ သံတော်ဆင့် ငရွှေ သာ၊ ပခန်း ငရံမင်း၊ စာရေးကြီး ငပျို၊ တောင်ငူဝန် ငကူး၊ အဆောင်မြဲ ငထွန်းညိုတို့ကို သက္ကရာဇ် ၁၂၀၂ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်နေ့တွင် အပြစ်နှင့်အညီ ကွပ်မျက်လိုက်ခြင်းခံရပါသည်။

သာယာဝတီမင်းက မိမိအား “ငခင်ငယ်”ဟု သုံးနှုန်းရေးသားသော ကိစ္စနှင့်စိတ်ထဲမှာ မကျေမချမ်း ဖြစ်ခြင်း ခံနေရသော မြဝတိဝန်ကြီး ဦးစမှာ စလင်းမင်းသားကြီး မောင်အိုတို့လူစု တန်ပြန်ပုန်ကန် သောင်းကျန်းမှုပြု သဖြင့် ကွပ်မျက်သုတ်သင်ရာတွင် တစ်ခါတည်းပါးသွားရန် ရှိသော်လည်း ထိုအခါက မြဝတီဝန်ကြီး ဦးစ သည် စလင်းမောင်အိုတို့နှင့်အတူ အမရပူရမြို့က ထောင်တွင်း၌ မရှိ၍ ကံကောင်းထောက်မပြီး ကျန်ရစ်ခဲ့ရ ပါသည်။

မြဝတီဝန်ကြီးမှာ ယခုခေတ်စကားနှင့် သုံးနှုန်းရမည်ဆိုလျှင် အကျဉ်းထောင်တွင်းမျာမရှိ၊ လမ်းပြင်သော ရဲဘက်တစ်ဦးအဖြစ် ချွေးတပ်ဆွဲသွားခြင်းခံရပါသည်။ အကြောင်းကတော့ ဦးအိုတို့ထောင်တွင်းမှ တန်ပြန် ပုန်ကန်မှုကြောင့် ကွပ်မျက်ခြင်း မခံရမီ ၆ လခန့်လောက်က သက္ကရာဇ်မှာ ၁၂၀၁ ခုနှစ်၊ သီတင်းကျွတ်လ ပြည့်ကျော် ၁၃ ရက်နေ့၌ သာသနာပြု သဲအင်းဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် အလောင်းတော်အား ထွက်၍ ဖူးမြော်တော်မူရန် စီစဉ်ပါသည်။ ယင်း၌ အစဉ်အလာ ထုံးစဉ်အတိုင်း မင်းထွက်တော်မူရာ လမ်းစဉ် လမ်းမတစ်လျှောက်ကို မြေညှိခြင်း၊ သဲဖြူးခင်းခြင်း၊ ရာဇမတ်ကာရံခြင်း စသော လုပ်ငန်းများကို အကျဉ်း ထောင်မှ ထောင်သားများက ပြုလုပ်ကြရပါသည်။

၎င်းလမ်းပြင်ရေး အကျဉ်းသမားများထဲတွင် မြဝတိဝန်ကြီး ဦးစလည်း အကျဉ်းသမားကြီး တစ်ဦးအဖြစ် ပါဝင်နေပါသည်။

မိဖုရားခေါင်ကြီးနှင့် သမီးတော်ကြီးတို့ ဝေါတော်ယာဉ်တော်များ စီးနင်းပြီး ထွက်တော်မူလာသောအခါ သမီး တော် စုဖုရားကြီးက လမ်းဖို့ သဲခင်းနေသော ဦးစကို ဝေါတော်ပေါ်မှ တွေ့မြင်တော်မူ၍ ရပ်တန့် ခေါ်ယူတွေ့ဆုံတော်မူသည်။ ” စစ ပင်ပန်းလှသည်။ (သမီးတော် စုဖုရားကြီး တစ်ဦးတည်းကသာ မြဝတီဝန်ကြီးအား စစ ဟု ခေါ်လေ့ရှိပါသည်) ဘုန်းတော်ဘွဲ့ တစ်ပုဒ် ရေးသား စပ်ဆိုပေးပါ။ စုစု အမျက် တော် ပြေအောင် သံတော်ဦးတင်ပေးပါမည်” ဟု အမိန့်ရှိတော်မူချက်အရ (ကုန်းဘောင်နေမင်း၊ ဘုန်းရောင် ဝေရှင်း)အစချီသော သီချင်းကြီးကို စီကုံးရေးသားပြီး ထောင်အကြပ်များမှတစ်ဆင့် သမီးတော် စုဖုရားကြီးသို့ ပေးဆက်သည်။

စုဖုရားကြီးက နန်းတွင်း ရုပ်စုံတော်ကြီး ရုပ်သေးမင်းသားမောင်ရွှေသာကို ပေးအပ်သီဆိုစေပါသည်။

၁၂၀၁ ခုနှစ်။ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်နေ့မှာ အနောက်စမုတ်ဆောင်တော်တွင် ကပြရသော ရုပ်သေးပွဲ ၌ သာယာဝတီမင်းနှင့် မိဖုရား၊ သားတော် သမီးတော်များ စုံညီစွာ ရုပ်စုံသဘင် ရှုစားတော် မူကြစဉ် ရုပ်သေးမင်းသား မောင်ရွှေသာက မြဝတီမင်းကြီးရေး (ကုန်းဘောင်နေမင်း၊ ဘုန်းရောင် ဝေရှင်း) သီချင်းကြီးကို သီဆိုလိုက်သောအခါ သာယာဝတီမင်းက “ဒီသီချင်း တယ်ကောင်းပါကလားဟဲ့၊ ဘယ်သူ ရေးဖွဲ့သလဲ” ဟု အမေးတော်ရှိပါသည်။

သည်အခါ အနားမှာရှိသော သမီးတော် စုဖုရားကြီးက “မှန်လှပါ … ထောင်တွင် အကျဉ်းချထားသော ဝန်ကြီးဟောင်း ငစ စီကုံးရေးဖွဲ့ကြောင်းပါ ဘုရား”ဟု လျှောက်တင်လိုက်ပြီး၊ တစ်ဆက်တည်းပင် “ယခုအခါ ထောင်ထဲမှာ နှစ်နှစ်ကျော် အကျဉ်းခံနေရ၍ ဒုက္ခရောက်လှပါပြီ၊ သူ၏ပညာကို နှမြောဖို့ ကောင်းလှပါသည် ဘုရား” လို့ လျှောက်ထားသောအခါ ခမည်းတော် သာယာဝတီမင်းသည် ဦးစ၏ ပညာကို မြတ်နိုးတော်မူ သည် တစ်ချက်၊ ချစ်စွာသော သမီးတော်ကြီး၏ လျှောက်တင် တောင်းပန်ချက်ကို လက်ခံတော်မူသည်ဖြစ်၍ (လွှတ်ပါစေတော့)ဟု အမိန့်တော်ရှိသောကြောင့် ဦးစသည် အကျဉ်းထောင်မှ လွတ်လာပြီး သာယာဝတီမင်းထံ ကဗျာဂီတ အနုပညာများဆက်လက်ရေးသား ထမ်းရွက်ခဲ့ရပြန်ပါသည်။ ၎င်းကိစ္စနှင့် စပ်နွယ်ပြီး သမီးတော် စုဖုရားကြီး အကြောင်းကို ရေးသား ဖော်ပြရဦးမည် ဆိုပါလျှင် သမီးတော် စုဖုရားကြီး သည် သာယာဝတီမင်း၏ မိဖုရားခေါင်ကြီးမှ ဖွားမြင်တော်မူသော သမီးတော်ကြီးဖြစ်ပါသည်။ မောင်တော်မှာ ပုဂံမင်းသားဖြစ်ပါသည်။ ပုဂံမင်းသားသည် ခမည်းတော် သာယာဝတီ မင်း အရိုက်အရာ ထီးနန်းကို နောင်တွင် ဆက်ခံရသူ “ပုဂံမင်း”ပင်ဖြစ်ပါသည်။

သမီးတော် စုဖုရားမှာ သာယာဝတီမင်း၏ အဂ္ဂမဟေသီမိဖုရားခေါင်ကြီးမှာ ဖွားမြင်သူ ဖြစ်ရုံမက၊ ငယ်စဉ် ကပင် အကျင့်သီလ သိက္ခာသမာဓိနှင့် ပြည့်စုံလျက် လောကီ၊ လောကုတ္တရာ စာပေကျမ်းဂန်များ၌ သိ ကျွမ်းကျင် တတ်မြောက် လိမ္မာတော်မူလှသဖြင့် ခမည်းတော် ဘုရင်မင်းက များစွာ ချစ်ကြည်လေးစား အရေးထားတော်မူခြင်းခံရသူဖြစ်သည်။

ခမည်းတော်သည် အရေးအကြောင်းရှိတိုင်း သမီးတော် စုဖုရားကြီးအား တိုင်ပင်ခြင်း၊ အကြံဉာဏ်တောင်း တော်မူခြင်း အလေ့ရှိပါသည်။ သမီးတော် စုဖုရားကြီးမှာ ဗေဒင်ကျမ်း များစွာကိုလည်း မွှေနှောက် ချောက်ချား နိုင်ပါသည်။ ဗေဒင်၊ ယတြာ၊ ယာယီ ကိန်းခန်းများကိုလည်း နားလည် ကျွမ်းကျင်တော်မူသည်။ သို့ဖြစ်၍ ခမည်းတော် သာယာဝတီမင်းအား ၁၁၉၉ ခု အင်း၀ ထီးနန်းကို ရလျှင် ရချင်း ဘိသိက် မခံစေဦးဘဲ၊ အမရပူရ မြို့သစ်တည်ပြီး ၁၂၀၂ ခုနှစ်တွင်မှ နန်းသိမ်း မုဒ္ဓါ ဘိသိက် ခံစေရ တွက်ချက် သံတော်ဦးတင် အခါပေးခဲ့နိုင်သည်။

ခမည်းတော်က သမီးတော် စုဖုရားကြီးအား လေးစားချစ်ခင် ယုံမှတ်တော်မူခြင်းဖြင့် စိတ်လိုက်မာန်ပါ ရာဇဝတ်တော် ပေးမိသူများကို သမီးတော် စုဖုရားကြီးက လျှောက်တင် ရွေးနုတ်တော်မူလျှင် လွတ်ငြိမ်း ချမ်းသာခွင့် ပြုတော်မူသည့် (ဆု)ကိုပင် ပေးသနားတော်မူထားခြင်းခံရသူဖြစ်သည်။ ထိုသမီးတော် စုဖုရားကြီးသည်ပင် နောင်သောအခါ ရတနာပုံမြို့တည်နန်းတည် မင်းတုန်းဘုရင်မင်းတရားကြီး၏ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးဖြစ်ခဲ့ပါသည်။ “စကြာဒေဝီ မိဖုရားကြီး” ဟူ၍လည်း ခေါ်ကြပါသေးသည်။

ရွှေဘိုမှ အောင်မြင်တော်မူသောကြောင့် သာယာဝတီမင်းအား “ရွှေဘိုမင်း”ဟူ၍လည်းခေါ်သည်။ “ရွှေဘို ဘုန်းပွင့်ဘုရား” ဟူ၍လည်း ခေါ်ကြပါသေးသည်။ “ကုန်းဘောင်မင်း” ဟူ၍လည်း ခေါ်ကြသေး၏။ ၎င်းသာယာဝတီမင်းသည် ဘကြီးတော်ဘုရင် (နောင်တော်မင်းတရား)ကို နန်းကျဘုရင် အဖြစ်နှင့် ဖျောက် ဖျက်မပစ်ပါ။ စလင်းစား ဦးအိုတို့ စနက်ကြောင့် မလွဲှသာ၍ ကိုယ့်ကိုယ်ကိုယ် ရုန်းကန်တော်မူခဲ့ရသူသာ ဖြစ် သည်။ နောင်တော်ကို ဖခင်ကဲ့သို့ ချစ်သည်။ နောင်တော်ကလည်း ညီတော်ကို သားကဲ့သို့ချစ်ခဲ့သည်။ ပြည်ပန်းညို ချိုပါလျက် ဦးအိတည်းဟူသော ဆားက ကြားမှ ဖျက်ဆီး၍ ပျက်စီးရသည်သာ။

သို့ကြောင့် နောင်တော် မကျန်းမာ၍ ဆေးဝါးကုသ ပြုစုစောင့်ရှောက်တော်မူထားပါသည်။ နေရာမှာ မဟာသကျသီဟဘုရားအနီးတွင် စံနန်းတော် ဆောက်လုပ်ပေးထားသည်။

ရှင်းရှင်း ဆိုရလျှင် ၁၁၉၉ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့ ညနေ ၄ ချက်တီးကျော်အချိန်၌ နောင် တော် မင်းတရားဖြစ်သူ (ဘကြီးတော်ဘုရား) အင်းဝရွှေနန်းတော်ကြီး၏ မြောက်စမုတ်က ဆင်းပေးတော် မူ၍ ယာဉ်စီးတော်မူပြီး၊ နန်းမြို့ အနောက်တံခါးက ထွက်တော်မူပြီးလျှင် အင်းဝမြို့တော်၏ တောင်မျက်နှာ (ဝင်မနား)အမည်ရှိ တံခါးက ထွက်လာပြီး သကျသီဟဘုရားအနီးရှိ အဆိုပါ စံနန်းတော်သို့ ဝင် စံတော်မူ ရပါသည်။

သာယာဝတီမင်း၏ နှမတော်ရင်း ၃ ပါးကိုယ်တိုင် ယာဉ်ကို ဆွဲ၍ လိုက်ပို့တော်မူကြပါသည်။ သူတို့၏ မောင် တော်အကြီးဆုံးလည်း ဖြစ်ပေသကိုး။ ဘကြီးတော်ဘုရားနှင့်အတူ ပြုစုစောင့်ရှောက်နေစေရန် မိဖုရားကြီးနု၊ ၎င်း၏ သမီးတော်ငယ်တစ်ပါး (နောင်အခါ မင်းတုန်းဘုရင်မင်း၏ အလယ်နန်း မိဖုရားဆင်ဖြူမရှင်ဖြစ်မည့်သူ) ၎င်းပြင် မိတ္ထီလာမြို့စားဟောင်း၊ ကနောင် မြို့စားဟောင်း၊ ဓနုဖြူ မြို့စားဟောင်း တို့ပါစုစုရရ ကိုယ်လုပ်မောင်းမ မိဖုရား ၁၇ ဦးတို့အား ဘကြီးတော်အပါးမှာ ပြုစု နေထိုင်ခွင့်ပြု ထားပါသည်။

သည်လိုထားသည့်အထဲကပင် မိဖုရားကြီးနုမှာ စိတ်မကျေပွဲနွဲှလိုသူဖြစ်၍ စလင်းစား ဦးအိုတို့နှင့် လည်း ကောင်း၊ သားတော် စကြာမင်းကလေးအမည်ပြ၍ လှုပ်ရှားမှု ပြုကြရာတွင် လည်းကောင်း၊ မိဖုရားကြီးနု ပါဝင် ဆင်နွဲှလိုက်သောကြောင့် ထုံးစံနှင့်အညီ ရေမှာ ဖျောက်ရာတွင် ပါဝင်ကိစ္စတုံးရှာရပါသည်။

ဤအခိုက်အတန့်တွင် မိဖုရားကြီးနု၏ သမီးတော်ကလေးပါ ရာဇဝတ်သား မိခင်နှင့်အတူ ပါသွား တော့မည် ရှိ ရာ၊ သမီးတော် စုဖုရားကြီး (စကြာဒေဝီအလောင်းက) က “ဒီကလေးမှာ ဘာမှ အပြစ်မရှိပါဘူး၊ သနားပါတယ်” ဟု ဆိုကာ ဆွဲခေါ်ထားလိုက်သဖြင့် အသက်ချမ်းသာရာ ရသွားပြီး နောင်သောအခါ မင်းတုန်းမင်း၏ အလယ်နန်း မိဖုရား ဆင်ဖြူမရှင် ဟု ဖြစ်လာရပြန်ပါသည်။

သမီးတော် စုဖုရားကြီးကား သနားကြင်နာစိတ်ရှိသူ ဖြစ်၍ တရားသဖြင့် ကိစ္စတွေမှာ ပါဝင်၍ ကယ်တင်ရှင် လုပ်ခဲ့ရသူ တစ်ပါးဖြစ်ပါသည်။ ဤကယ်တင်ရှင်မကြီးအား ဒါနှင့် မပြီးသေးပါတကား၊ ခမည်းတော် သာယာဝတီ ရွှေဘိုမင်း၏ မိဖုရားတစ်ပါးဖြစ်သော အနောက်နန်းမိဖုရားမြကလေး ရာဇဝတ်သင့်ချိန်က စပြီး သမီးတော်ကလေး လှိုပ်ထိပ်ခေါင်တင်အား သမီးသဖွယ် ခေါ်ယူထိန်းသိမ်းစောင့်ရှောက်ထားခြင်းအမှု ပြုခဲ့ ပေသေးသည်။

သူတော်ကောင်းတို့၏ အရိပ်အာဝါသနှင့် ပညာရှိတို့၏ အရိပ်အာဝါသတို့ကား အေးမြ ချမ်းငြိမ်း လှပါဘိ တော့ သည်။

မိဖုရားကြီး ကယ်တင်ခဲ့သူ ၃ ဦးထဲမှ ဆင်ဖြူမရှင် မိဖုရားမှ တစ်ပါး ကျန်နှစ်ဦးသည် ထူးချွန်လှသော စာဆို တော်၊ ပုဂ္ဂိုလ် အကျော်အမော်ဖြစ်ကြသူ မြဝတီဝန်ကြီး ဦးစနှင့် ရတနာပုံ ကနောင်မင်း၏ အိမ်ရှေ့ မိဖုရား လှိုင်ထိပ်ခေါင်တင် မိဖုရားတို့ဖြစ်ကြရာ၊ သူတို့မှာ ကျွန်းဦးတည့် သန်လျက်ခုံ အင်း၀ ရွှေဘုံရွှေနန်းက ရတနာပုံ ခေတ်အထိ ဆက်လက်စီးဆင်းခဲ့သော ရေအလျင်သဖွယ်သာလျှင် ဖြစ်ကြပါသည်။