ကျွန်းဦးတည့်သံလျှက်ခုံ

စကြာမင်းနှင့် သာယာဝတီမင်း

ရွှေဘိုမင်း၊ ကုန်းဘောင်မင်း၊ သာယာဝတီမင်း စသည်ဖြင့် အမည်သုံးမျိုးတွင်သော ဘုရင်မင်းဟာ နောက် ပိုင်း မှာ လူတွေက သိပ်အကောင်းမပြောကြတော့ပါဘူး။ ရှေးကတည်းက ရာဇဝင်လူဆိုးကြီးလို နာမည်ပျက် ခံလာခဲ့ရပါတယ်။ အမျက်စောင်းမာန်ကြီးသောမင်းဆိုတဲ့ ဝေဖန်ချက်နဲ့ သူ ရက်စက်ခဲ့ပုံ၊ သတ်ဖြတ်ခဲ့ပုံ ၃၊ ၄ ခုကို လက်ညှိုးထောက်ပြပြီး ဆုံးဖြတ်ချက် ချခဲ့တာကို ခံရသူဖြစ်ပါတယ်။

တကယ် အဖြစ်မှန်ကို ပြန်လှန် စဉ်းစားကြည့်မယ် ဆိုရင်တော့ သူ့ဘဝဖြစ်စဉ်မှာက အတိုက်အခံ အပြိုင် အဆိုင် တွေထဲမှာ အံခဲပြီး သတ္တိဇွဲနှင့် ရုန်းကန် လာခဲ့ရတဲ့ ကိစ္စတွေရှိသလို မလိုလားအပ်တာတွေ ရင်ဆိုင်ရ မှုတွေဟာလည်း အတော်ပဲ များများရှိခဲ့ပါတယ်။

အဲဒီ အချက်အလက်ကလေးတွေကို ပြန်လည်ပြီး ဝေဖန် ဆန်းစစ်ကြည့်ကြမယ်ဆိုတော့ ယခင်က အပြစ်တင်ခဲ့ကြတာထက် လျော့ကျနှုန်း ရှိလာလိမ့်မယ်လို့ တွေးမိ ကြပါလိမ့်မယ်။ ဘာပြုလို့လဲဆိုတော့ သည် သာယာဝတီမင်းဟာ မင်းသားဘဝကတည်းက အတိုက်အခံ အမျိုးမျိုးတွေနှင့် ရင်ဆိုင် လာခဲ့ရသူ ဖြစ်ပါသည်။ နောင်တော် ဘုရင်လက်ထက်က နုတို့ အိုတို့ ခြယ်လှယ်ချင် တိုင်း ခြယ်လှယ်လာခဲ့သမျှ ဘာသူမှ မပြောဝံ့ မပြင်ဝံ့တဲ့ကိစ္စဆိုရင် သူ ပါဝင်ရမြဲ၊ အသေးအဖွဲကိစ္စတွေ အထိ ကြည့်မနေ နိုင်တဲ့သူကသာ ပါရပါတော့သည်။ ညီအစ်ကို မောင်နှမတွေလည်း အများကြီး ရှိပါသည်။ အဖေတူ မအေကွဲ သားချင်းတွေဆိုရင်လည်း လက်ချိုးရေတွက်လို့ပဲ မကုန်နိုင်ပါ။

ဒီထဲ မိန်းမသားတွေ ထည့် မတွက်ဘဲ မင်းသားတွေ သူ့လို မြို့စားဘွဲ့မည်ရတွေဟာ ကိုယ့်စားကြေး မြို့ရွာ ရာထူးဘွဲ့ထူးတွေထဲမှာ နစ်မျောဇိမ်ယူနေကြသလောက် သူတစ်ယောက်ကတော့ မဟုတ်မခံ၊ သံမဏိ စိတ်ဓာတ် နှင့် သတ္တိသွေးပြ ခဲ့ပါတယ်။ နောက်ဆုံး တိုင်းပြည်ဆုံးပြီး ထီးနန်းညွန့်တုံးအောင် ကြံဆောင် နေတဲ့ ဦးအိုတို့ရဲ့ ရန်ငုတ်ကိုပါ ခုတ်လှဲပယ်ရှင်းနိုင်ခဲ့လို့ နောက်ထပ် ဘုရင်သုံးဆက် ဆက်ခံခဲ့ရသေးတယ် မဟုတ်ပါလား။ နောက်ဘုရင်များ ညံ့ကြလို့ ကုလားလက်အောက် ရောက်ရတာကတော့ သာယာဝတီနဲ့ မဆိုင်တော့ပါဘူး လေ။

တစ်ဆက်တည်း စပ်မိလို့ ဖော်ကောင်လုပ်ရဦးမည်ဆိုရင် ကုန်းဘောင်ဆက် ဘုရင်များအနက် အလောင်း မင်းတရားကြီးရဲ့ စတုတ္ထသားတော်ဖြစ်တဲ့ ဘိုးတော် ဘုရားဟာ သူ၏သားတော် အိမ်ရှေ့မင်းကြီး (မဟာမြတ်မုနိဘုရားကြီးပင့်ခဲ့သူ) နတ်ရွာစံလျှင်ကျန်တဲ့သားတော်ကြီးတွေကို အိမ်ရှေ့မပေးဘဲ၊ ဒီမြေး ကလေး စစ်ကိုင်းမင်း (ဘကြီးတော်)ကိုသာ အိမ်ရှေ့ရာထူး ဆက်လက် ဆက်ခံစေခြင်းဟာဖြင့် ကုန်းဘောင် ရာဇဝင်ကို တစ်မျိုးတစ်ဖုံ ဖြစ်လာစေတယ်လို့ ဆိုရမလား မသိဘူး။

တကယ်ဆိုတော့ ဒီ ဘိုးတော်ဘုရားဟာ မိဖုရားတွေ အလွန်များပါတယ်။ အရေအတွက်နှင့် ပြရမယ် ဆိုလျှင် မိဖုရားပေါင်း ၅၁ ယောက်ရှိပါတယ်။ ယနေ့ နာမည်ပျက်နေတာကတော့ မင်းတုန်းမင်းကြီးဟာ မိဖုရား များသတဲ့။ အဲ … ဘိုးတော်ဘုရားမှာ အသက် ၃၆ နှစ်ရှိမှ ထီးနန်းရပြီး နန်းသက် ၃၇ နှစ်၊ အသက် ၇၀ ကျော် မှ နတ်ရွာစံပေမဲ့ မိဖုရားက ၅၁ ယောက်၊ သားတော်တွေက ၆၁ ယောက်၊ သမီးတော်တွေက ၆၁ ယောက်၊ မြေးတော် ယောက်ျားက ၁၀၂ ယောက်၊ မြေးတော် မိန်းမက ၁၀၆ ယောက်၊ မြစ် ယောက်ျား ၃၀၊ မြစ် မိန်းမ ၅၈ ယောက် ဘယ့်ကလောက် များလိုက်ပါသလဲ။

ငါးရံ့သားပေါက် သလို နောက်ထပ် တိုးပွားမယ့် မြေးတော်၊ မြစ်တော်၊ တီတော်တွေ ဘယ်လောက် များလာ ဦးမှာလဲ မတွက်နိုင်သလောက်ပါပဲ။

အဲ … တစ်ခုတော့ ရှိပါသလေ။ ရှင်ဘုရင်တွေဆိုတာ မိန်းမက များချင်လွန်းလို့ များရတာထက်၊ ရှိတာထက် ပိုများရခြင်းကတော့ ချစ်ကြည်ရေးကြောင့် တစ်ကြောင်း၊ အုပ်ချုပ်ရေးကြောင့် တစ်ကြောင်း၊ အင်အား တောင့်တင်းခြင်းကြောင့် တစ်ကြောင်း၊ စီးပွားရေး၊ လူမှုဆက်ဆံရေး၊ တပည့်ခြွေရံ သင်းပင်း များခြင်း အရေးတွေကို ရှေးရှုပြီး သမီးပေး၊ သမီးယူကိစ္စတွေ ဝေေ၀ဆာဆာ ဖြစ်လာရတာ ထင်ပါရဲ့လို့ တချို့ က ပြောကြပေမယ်။

ရှေးမြန်မာဘုရင်တွေ မိဖုရားများတာ ဘာဟုတ်သေးလဲ၊ အိန္ဒိယနိုင်ငံက ရှေး မဂိုဘုရင်များဟာ အနည်းဆုံး မိဖုရားကောင်ရေ (၁၀၀၀) တစ်ထောင် အားကို ဆောင်ကြဉ်းနိုင်ကြသတဲ့၊ ကြောက်ဖွဲ့ ဘုန်းပန်း ဆိုတဲ့ သီချင်း လိုပါပဲလား။ အရှေ့ အာရှနိုင်ငံတွေဟာ မယားများများယူတဲ့ အလေ့အထကိုက ရှိနေကြသကိုး။ အဲဒီတော့ မြန်မာဘုရင်များ မိဖုရား ၅၀ လောက် ရှိတာ များလှတယ်လို့ ကဲ့ရဲ့ရင် … ဘယ်လို ဆင်ခြေတက်မလဲ၊ မဂို ရှင်ဘုရင် တွေနှင့် ကိုင်ပေါက်ရုံ ရှိတာပဲပေါ့။

အင်း … ရှင်ဘုရင်တွေသာ ပြောနေတာပါ၊ ဒီနေ့ ပိုက်ဆံလေးနည်းနည်း အသုံးဖောလာတဲ့ လူရော၊ တန်ခိုး အာဏာ ပါဝါရှိတဲ့ လူရော၊ မနက်စာ ညာ အလျင်မီ ရှာစားရတဲ့ လူရော၊ မယား ပေါပေါများများ ထားချင် နေချင်ကြ တယ်။ တချို့လည်း ထားကို ထားနေကြပါတယ်။

ဒီတော့ မယားများများ ယူတဲ့အတွက် မကောင်းဘူး၊ ကောင်းတယ်ဆိုတာ သူတို့ တွေ့ကြုံခံစားရတဲ့ လက် တွေ့ ဒုက္ခပေါ်မှာ အခြေခံပြီး တရားသံဝေဂရကြဖို့ ဆုံးဖြတ်ကြဖို့ပါပဲ။

အဲ … ဘယ်ရောက်သွားလဲ …၊ ဘိုးတော်ဘုရားလည်း မိဖုရားတွေက ပေါက်ပွားတဲ့ သားတော်ကြီးတွေ ရှိနေ ပါလျက်နှင့် ဒီမြေးကလေးကိုမှ အချစ်တော်ဝင်ပြီး နန်းစဉ်နန်းဆက် ရာထူးဖြစ်တဲ့ အိမ်ရှေ့မင်းအဖြစ် ပေးအပ် လိုက်တယ်။

ငယ်ငယ်ရွယ်ရွယ် သူ့သဘောနဲ့သူ လုပ်ချင်တာ လုပ်ဖို့ လွှတ်ပေးထားပြီး ဘိုးတော်ကတော့ မင်းကွန်း ဘုရားကြီး နှင့် မင်းကွန်းခေါင်းလောင်းကြီး ရှိရာမှာ သွားလာ အချိန်ဖြုန်းနေတယ်။ တိုင်းရေးပြည်ရေးကို မြေးတော် အိမ်ရှေ့မင်းသား သဘောပဲ။ အဲဒီတော့ ငယ်ငယ်ရွယ်ရွယ် မင်းကလေး ဟာ မနုနုရဲ့ လာမတွေ့ ဘဲ နေတော့မလား၊ နု စေရာသွား၊ နု ထားရာနေရတဲ့ ဘဝကို ဟိုအချိန်ပိုင်းကတည်းက ဦးကျိုးလာခဲ့ရပြီ။ နုက ဘကြီးတော် ကို ငယ်နိုင်ဆိုရင်လည်း ဟုတ်တာပါပဲ။ ချစ်လို့ပဲ အနိုင်ခံခဲ့ရသည်ဖြစ်စေ၊ သည့်ပြင် တစ်နည်း နည်းကြောင့်၊ ပယောဂကြောင့် အနိုင်ခံခဲ့ရသည်ဖြစ်စေ၊ မီးသေအောင် အနိုင်ခံခဲ့ရတဲ့ ဘဝမို့ ဘကြီးတော် လက်ထက် တိုင်းပြည်ကြီး တိုးတက်ချင်သလောက် မတိုးတက်ရခြင်းပါ။

အဲဒီလို နုနု တို့ လွှမ်းမိုးခြင်းကို သာယာဝတီမင်းဟာ အတိုက်အခံ အမျိုးမျိုး လုပ်လာရခြင်း၊ နောက်ဆုံး ရွှေဘို ဘက် ထွက်ပြီး ပုန်ကန်ခြားနားယူရတဲ့ဘ၀ ရောက်ခဲ့ရခြင်း၊ မင်းအဖြစ် ရပြန်လည်း နောင်တော်ကို ရိုသေစွာ ပြုစုယုယထားခြင်း၊ နု တို့ အို တို့ကို မသတ်ဖြတ်ဘဲ ထားခဲ့ခြင်းများ ပြုရာက နု တို့က တစ်ကြိမ် နှစ်ကြိမ် တန်ပြန်ပုန်ကန်ဖို့ ကြိုးစားတော့မှ အဆုံးစီရင်လိုက်ရခြင်းသာဖြစ်ပါတယ်။

နောင်တော်ဘုရား၏ သားတော်ဖြစ်တဲ့ (စကြာမင်းကလေး) ခေါ် ညောင်ရမ်းသားကလေးကိုလည်း သူ၏ သားတော် များနှင့် မခြား ဆက်ချီးမြှင့် မြှောက်စားတော်မူထားတယ်။

၁၁၉၉ ခုနှစ်မှာပဲ ညောင်ရမ်းမင်းသားကို သူရဲ့သားတော်ကြီးများဖြစ်တဲ့ ပြည်မင်းသား၊ ပခန်းမင်းသားတို့ နှင့်အတူ မင်းသားကြီးတို့ အဆောင်အရွက်ဖြစ်တဲ့ ဗောင်းကတ္တီပါနီ၊ နဖူးစည်း စတဲ့ အဆောင် အယောင် များ တိုးဆင့် ချီးမြှင့်ခဲ့ပါသေးတယ်။ တူတော် ညောင်ရမ်းမင်းသားအား သားတော်များနှင့်ထပ်တူ ချစ်ခင် တော်မူ လို့အရည်တူ ချီးမြှင့်ခြင်းဖြစ်ပါတယ်။

အဲဒီလို ချစ်ခင်မြှောက်စား ထားပေသော်လည်း ညောင်ရမ်းမင်းသားနှင့် အပေါင်းပါ စိတ်ဝမ်းတူသူများ ပုန် ကန်ခြားနားကြပြန်တာနှင့် ၁၂၀၀ ပြည့်နှစ်မှာ ညောင်ရမ်းမင်းသား ခေါ် စကြာမင်းကလေးအား ရေမှာ ဖျောက်စေ အမိန့်ချခဲ့ရခြင်း ဖြစ်ပါတယ်။

” ငါ့သားများနှင့် မခြား သူကောင်းပြုထားပါလျက် ပြုရက်လေခြင်း”ရယ်လို့လည်း နှလုံးမသာ ဖြစ်တော်မူ ရပါ သတဲ့။

တိုင်းသူပြည်သားတွေ အနေနဲ့ကတော့ ပုန်ကန်ထကြွတာတွေ ဘာတွေ နားမလည်ပါဘူး။

သူတို့ ချစ်တဲ့ စကြာမင်းကလေးကို ရွှေဘိုမင်း (သာယာဝတီမင်း) ရေချ သတ်စေ အမိန့်ချပြီး ကတ္တီပါ အိတ် နှင့် ရေဆိပ်ယူလာ ဧရာဝတီ မြစ်ရေမှာ ချစေတယ်ဆိုတော့ မင်းသားလေးအတွက် မခံမရပ် နိုင်အောင် သနား ကြတယ်။

မပြောဝံ့လို့ အောင့်နေရပေတဲ့ ဆတ်ဆတ်ခါ အောင်နာကြရရှာတယ်

မင်းသားရဲ့ အသက်ကလေးကလည်း ၂၆ နှစ်ထဲ၊ အင်မတန် ချော၊ အင်မတန် လှပြီး ဘကြီးတော်ဘုရင်၏ တစ်ဦးတည်းသော သားတော်လည်း ဖြစ်တယ်။ ပြည်သူပြည်သားတွေရဲ့ မေတ္တာဟာ စကြာမင်းကလေး အပေါ် စုပုံထားကြတယ်။ မင်းသားကို ရေချတဲ့အချိန်မှာ ကမ်းလုံးညွှတ်မျှ လိုက်ပါကြည့်ကြတယ်။ တိတ် တိတ် ကြိတ် ငိုသူက ငိုကြတယ်။ ရာဇဝတ်သားပါတဲ့ ကတ္တီပါအိတ်ကို လှေပေါ်တင်ပြီး လှေငယ်နဲ့ ရေလယ် ရောက်ရင် ပဲ အာဏာသားများက ကတ္တီပါအိတ်ကို မ ပြီး ရေထဲ ပစ်ချလိုက်တယ်။ ဒီအချိန်မှာ ဖြူဖြူ အခိုး တွေ ရေပေါ်မှာ သမ်းတက်လာပြီး ဝတ်ဖြူစင်ကြယ်နဲ့ အဘိုးကြီးတစ်ဦးဟာ အထုပ်ကြီးကိုပိုက်ပြီး ရေထဲက ထိုးတက်သွားတာ မြင်လိုက်ရတဲ့ လူအချို့က ရှိနေပြန်တယ်တဲ့။ ဒီက တစ်ဆင့်စကား တစ်ဆင့် ပွားပြီး စကြာ မင်းကလေး ဟာ ဘိုးဘိုးအောင် လာကယ်သွားလို့ မသေဘူးဆိုတဲ့ ” ကောလာဟလသတင်း”များ ပြန့်ပွား သွားခဲ့တယ်။

စကြာမင်းဆိုတာ အင်မတန် ဘုန်းကြီးတယ်၊ စကြာမင်းကလေးဟာ ဘိုးဘိုးအောင် လက်ထဲ ရောက် သွားပြီး တစ်နေ့ ကိန်းခန်းကြုံကြိတ်တဲ့အခါ ဘုန်းကြီးသော မင်းအဖြစ် ကုန်းဘောင်နန်းဆက်ကို ပြန်ထူထောင် ဖို့ ရောက်လာလိမ့်မယ်ရယ်လို့ ဘိုးဘိုးအောင် ဂိုဏ်းသားများဟာ မျှော်လင့်ခြင်းကြီးစွာနှင့် ပြောဆို စောင့်မျှော် နေလေ့ရှိခဲ့ကြပါတယ်။ စကြာသိုက် ဆိုတာလည်း ရှိလေသေးသတဲ့။ ဒီစကြာမင်း လာလို့ ရှိရင် တစ်ကမ္ဘာလုံး ကို အုပ်စိုးရမှာလို့လည်း သဲသဲမဲမဲ ပြောလေ့ရှိတဲ့ ရှေးအဘိုးကြီး အဘွားကြီး များ စကားကို ကြားခဲ့ကြရဖူး ပါလိမ့်မယ်။

ကုန်းဘောင်မင်းဆက် ပြုတ်သွားပြီး သီပေါမင်းကို နယ်ချဲ့အင်္ဂလိပ်တို့ ဖမ်းသွားတာတောင်မှ တစ်နေ့ စကြာမင်း ပြန်လာဦးမယ်ဆိုတာ အချင်းချင်း လက်တို့ပြောဆိုခဲ့ကြသေးတယ်။ ဒီလို မျှော်လင့်ချက်နဲ့ စကြာသိုက် ကို မူတည်ပြီး ဇာတ်သဘင် အနုပညာသည်ကြီးများက “စကြာရေချ ဇာတ်ထုပ်”ကို ရုပ်သေးစင် များ၌ အားပါးတရ ဇာတ်ခင်းကပြကြလေ့ရှိပါတယ်။

စာရေးသူတို့ ငယ်ငယ်က စကြာရေချ ဇာတ်ထုပ်ကို ကပြတဲ့ ရုပ်သေးပွဲများ ကြည့်မိလိုက်ရပါသေးတယ်။ လူ ကြိုက်လည်း အင်မတန် များတယ်။ နန်းမတော်မယ်နု၏ ဆိုးသွမ်းမှု ထင်ပေါ်ကျော်ကြား လူသိများလာတာ လည်း ဒီရုပ်သေးဇာတ်ခုံက ကြော်ငြာပေးခြင်းပါပဲ။ ပြီးရွှေဘိုမင်း (သာယာဝတီမင်း) ဟာ ရက်စက်ပြီး အမျက် ဒေါသကြီးတာကိုလည်း ဒီရုပ်သေးစင်တွေကပဲ ပြသသွားခဲ့ပါတယ်။ ဇာတ်ကွက် အလို အရ သာယာ ဝတီမင်းဟာ မယ်နုနှင့်ကျတော့ သူက ဇာတ်လိုက်မင်းသား၊ မယ်နုက ဗီလိန် လူဆိုးနေရာမှာရှိပြီး၊ စကြာ မင်းကလေးရေချသတ်တဲ့ ဇာတ်ကျတော့ စကြာမင်းကလေးက ဇာတ်လိုက် နေရာမှာရှိပြီး၊ သာယာဝတီမင်း က ဗီလိန် လူဆိုးနေရာမှာ ရှိနေပါတယ်။

အဲဒီအချိန်ကစပြီး “စကြာရေချ ဘိုးဘိုးအောင် လာမ”တဲ့ အကြောင်းအရာတွေဟာ ခေတ်မတိမ်တော့ဘဲ လူတွေ ရဲ့ ပါးစပ်ဖျားမှာ ဝဲနေခဲ့ပါတယ်။ နောင်လာ နောက်သား ကလေးသူငယ်များကလည်း ရွှေယုန်နဲ့ ရွှေ ကျေးပုံပြင် ပမာ စကြာရေချ ဇာတ်လမ်းကို တမ်းတမ်းစွဲ ကြိုက်နှစ်သက်ခဲ့ကြပါသတဲ့။

သာယာဝတီမင်း ဟာ စကြာမင်းကလေးကိစ္စနှင့် ပတ်သက်လို့တော့ လူဆိုးကြီးသက်သက်လို ဖြစ်သွားခဲ့ပါ တယ်။

အဲဒီနှစ်ပိုင်းတွေရဲ့ နောက်မှာတော့ သူ မနှစ်သက်၊ စိတ်မသန့်ရှင်းတဲ့ အင်းဝမှာလည်း မနေတော့ဘဲ အမရပူရမြို့မှာ ထီးသစ်နန်းသစ် တည်ထောင်စံနေပြီး နောင်တော် နန်းကျဘုရင် (ဘကြီးတော်ဘုရား) အား ကောင်းစွာ ပြုစုထားလျက် ရန်ဆူးရန်ငြှောင့်များ ဖြစ်တဲ့ နန်းမတော်မယ်နု၊ ဦးအိုတို့အသိုက်၊ စကြာမင်းကလေး အမှူးရှိတဲ့ အသိုက်တို့ကို တိုက်ခိုက်ချေမန်း အောင်မြင်စွာ သုတ်သင်ပြီးစီးသွားသော အခါ လွတ်လွတ်ကျွတ်ကျွတ် အေးချမ်းသာယာစွာ နန်းစံနိုင်ပြီလို့ သူ့စိတ် ထင်မှတ်ပုံရပါတယ်။

ဘကြီးတော် ဘုရင်အဖြစ်နှင့် ရှိစဉ်က အနိမ့်အကျ ပစ်ပယ်ထားခဲ့တဲ့ ပဒေါင်းမင်းသမီးကလေးကိုလည်း မိဖုရားလတ် တို့ အစီးအနင်း အဆောင်အရွက်ကို အပ်နှင်းပြီး ” သီရိဝိမလာဝတီ” အမည်နှင့် မြှောက်စားတော်မူလိုက်ပါတယ်။ ၎င်းပဒေါင်းမင်းသမီး (ပန်းတောင်း)မင်းသမီးကလေးဟာ (၇)နှစ်သမီး အရွယ်က ဘကြီးတော်ဘုရား (အိမ်ရှေ့မင်း)ဘဝ၌ အိမ်ရှေ့မိဖုရားအဖြစ် ရေသွန်းလက်ထပ်ထားသူ ဘိုးတော်ဘုရား ၏ မြေးဖြစ်ပါတယ်။ သူ၏ခမည်းတော်မှာ ဘိုးတော်ဘုရား၏သား မက္ခရာမင်းသား မဟာသီရိ သုဓမ္မာရာဇာဖြစ်၍၊ မယ်တော်မှာ ဘိုးတော်ဘုရား၏ သမီးတော် ကြံညှပ်မြို့စားမင်းသမီးဖြစ်ပြီး၊ သီချင်းကြီး သီချင်းခံ များရေးသားနိုင်သော ပညာရှင် မင်းသမီးကြီးတစ်ဦးလည်းဖြစ်ပါတယ်။

သက်ရွယ်မတူသော်လည်း ဧကရာဇ်သွေးချင်းစပ်အောင် ရေသွန်းလက်ထပ်ထားစေကာမူ မိဖုရားကြီးနု၏ အာနု ဘာေ၀ နေ ကြောင့် တစ်ကြောင်း၊ ကလေးမို့ မမှုလောက်၍ တစ်ကြောင်း၊ ဘကြီးတော်ဘုရင်က ပစ် ပယ်ထားခဲ့ရာတွင် ယခုအချိန်၌ အရွယ်ရောက်လာပြီး မိဖုရားဖြစ်မယ့် ဇာတာမို့ သာယာဝတီ မိဖုရား အလတ် လာပြီး ဖြစ်လိုက်ရပါသေးတယ်။ မိဖုရားခေါင်ကြီး အဖြစ်တော့ မကြုံကြိုက်ရရှာတော့ဘူးပေါ့။

သာယာဝတီမင်းဟာ ဘုရင်အဖြစ် ရောက်တော့ သည်ကဲ့သို့ ချီးမြှောက်သင့်သူများကိုလည်း ချီးမြှောက်ပါတယ်။ အပြစ်အလျောက်စီရင် ကွပ်သင့်သူကိုလည်း ကွပ်မျက်သုတ်သင်ခဲ့ရပါတယ်။