ကျွန်းဦးတည့်သံလျှက်ခုံ

ဒဂုံဆံတော်ရှင်ဖူးမြော်ရန်

၂၀၃ ခုနှစ်မှာတော့ သာယာဝတီမင်းဟာ သူ၏ထီးနန်းစည်းစိမ်ကို နှောင့်ယှက်မယ့် အန္တရာယ်တွေလည်း ကင်းရှင်းပြီဖြစ်လို့ ဥက္ကလာပသို့ ဒဂုံဆံတော်ရှင် ဖူးမြော်ရန် ဧရာဝတီမြစ်ကြောင်းမှ ရွှေလှေ၊ ရွှေလောင်တို့ နှင့် အကြီးအကျယ် စုန်တော်မူပါတော့တယ်။

ကုန်းဘောင်ဆ် ဘုရင်တွေထဲမှာ ဦးအောင်ဇေယျခေါ် အလောင်းဘုရားတို့၊ ဆင်ဖြူရှင်တို့သာ တိုက်ရေး ခိုက်ရေး အကြောင်းပြု၍ ခရီးထွက်ကြသော်လည်း ကျန်ဘုရင်များမှာ နန်းတော်ထဲမှ မခွာကြပါဘူး။ အလွန် ဆုံး ရွှေဘို လောက်သာ အားထားပြီး သွားလာတတ်ကြပါတယ်။

သာယာဝတီမင်းကတော့ တကယ် ခရီးသွားဝါသနာပါပုံ ရပါတယ်။ မင်းအဖြစ် မရောက်ခင် မင်းသားဘ၀ တုန်း ကလည်း အောက်ပြည် ဒဂုံကို မကြာခဏ စုန်ဆင်းခဲ့ရပါတယ်။ အဲဒီလို ဧရာဝတီမြစ်ကြောင်းက ခရီး သွားရင်း ” ဟင်္သာတမြို့သူ မြကလေး”ကို တွေ့ပြီး သိမ်းပိုက်ခဲ့သေးတယ် မဟုတ်ပါလား။ ခုလို အထွတ် အမြတ်ရောက်လို့ မြကလေးအား အနောက်နန်း မိဖုရားအရာပေးပြီး နန်းရ မိဖုရားကြီးအဖြစ် မြှောက်စားသူ ကောင်းပြုထားခဲ့တယ်။ နောက်မှ ဖြစ်ကြ ပျက်ကြတာကတော့ တစ်ကိစ္စဖြစ်ပါတယ်။

သာယာဝတီမင်းသည် အင်းဝနှင့် ဒဂုံဒလသို့ စုန်ခဲ့ဖူးသော အကြိမ်သည် ဘုရင် မဖြစ်မီ မင်းသားကြီး ဘဝကပဲ နှစ်ကြိမ်မက ရှိခဲ့ပါသည်။ ၎င်းအကြိမ်က တရားဝင် တိုင်းပြည်နိုင်ငံတော်၏ ကိစ္စများ ဆောင်ရွက် ရန်ဖြစ်သည်။ ရေကြောင်းမှ စုန်ဆင်းခြင်းကြောင့်လားမသိ၊ ရေယာဉ်ဆောက်လုပ်ရန် စိတ်ဆန္ဒ နှင့် ဝါသနာ ထုံလှပါသည်။ ပဲခူးနှင့် ဒလ သင်္ဘောကျင်းများတွင် တိုက်သင်္ဘောများကိုလည်း တည်ဆောက်ခဲ့ သည်။ အင်းဝနှင့် အမရပူရ ရွှေကြက်ယက်ဆိပ်များတွင်လည်း ရွှေလှေ၊ ရွှေဖောင်များ၊ လှော်ကားတော် များ၊ မင်းစီး ကရဝိတ်ဖောင်တော်ကြီးများနှင့်တကွ ရဲလှေ၊ တိုက်လှေ အများအပြား လုပ်ဆောင် တည်ဆောက် စေ ခဲ့ပါသည်။

ဘုရင်အဖြစ်ရောက်ကာမှ ၎င်းဖောင်တော် လှေတော်များနှင့် ဧရာဝတီမြစ်ပြင်အပြည့် ဥက္ကလာပ ဒဂုံသို့စုန် ခဲ့သည် မှာ ကုန်းဘောင်မင်းဆက် ဘုရင်များတွင် ဤမင်းတစ်ပါးသာလျှင် ကြီးကျယ်ခမ်းနားစွာ ရေကြောင်း၊ ကြည်းကြောင်းမှ ထွက်တော်မူခဲ့ခြင်းဖြစ်ပါသည်။

နောင်တော် နန်းကျဘုရင် စီးတော်မူရန် ဖောင်တော်၊ မိမိကိုယ်တိုင် စီးနင်းမည့် ဖောင်တော်၊ မိဖုရားခေါင် ကြီးစီးမည့် ဖောင်တော်၊ နန်းရမိဖုရားများ စီးနင်းရသည့် ဖောင်တော်များနှင့် သားတော်ကြီးများ စီးနင်း ရမည့် ဖောင်တော်ကြီးများကား အရေအတွက် များပြားလှပါသည်။ ဖောင်တော် လုပ်ဆောင် တည်ဆောက် သည်မှာ ရွှေနန်းစဉ်လာအတိုင်း ပုဂံခေတ် အလောင်းစည်သူမင်း လက်ထက်က အစဉ်အလာ လုပ်ဆောင်မှုများကို ပြန်လည် ထုတ်ဖော်ခြင်းလည်း ဖြစ်ပါသည်။

ဖောင်တော် များမှာ ကရဝိတ်ဖောင်ကဲ့သို့ နှစ်စင်းတွဲနှင့် တစ်စင်းတည်းစသဖြင့် အမျိုးသမီးများလှသည်။ ဖောင်တော်ကြီး တစ်စင်းလျှင် ယခုခေတ် ကူးတို့သင်္ဘော တစ်စင်းလောက် ကျယ်ဝန်းပြီး အပေါ်မှ အမိုး၌ ဘုံပြာသာဒ် အထွတ်တွေနှင့် လည်းကောင်း၊ လယ်ပေါ်စကြောသုံးထပ်နှင့် လည်းကောင်း၊ ကျွန်းသားတိုင် လုံးများပါ ရွှေပိန်းချ ဟင်္သာပြဒါးသုတ် စသော မင်းသုံးရေယာဉ်ကြီးတွေဖြစ်သည်။

ယခုခေတ်ကဲ့သို့ မော်တော်စက်နှင့် ခုတ်မောင်းခြင်း မပြုနိုင်ပေ။ လက်သင် လှော်လှေ၊ လှော်ကားများ ၄-၅-၆ စင်းက ဖောင်တော်ကြီးတို့ကို ရှေ့မှဆွဲယူ လှော်ခတ်ပေးသွားရသည်။ ဖောင်တော်တစ်စင်းလျှင် နောက်မှ ဝန်တင်လှေ နှစ်စင်းလောက်က လိုက်ရသေးသည်။ ၎င်းဝန်တင်လှေကြီးပေါ်တွင် ဆိုင်ရာ မိဖုရား တို့၏ လက်ပါးစေ ခြွေရံသင်းပင်းများ၊ ပွဲတော်ချက်များ၊ စားရေရ္ကိခာဘဏ္ဍာပစ္စည်းများ ကိုယ်စီကိုယ်င တင်ဆောင် ယူလာကြရသည်။

ထိုမျှမက ခြံရံလိုက်ပါရသည့် လှေတပ်တော်များ၊ ရဲလှေ၊ တိုက်လှေ၊ မင်းညီမင်းသားများနှင့် မှူးတော်၊ မတ် တော်၊ စစ်ကဲစစ်ဗိုလ်တို့၏ လှော်ကားတော်များမှာလည်းရှေ့တပ်နောက်တပ် ဝိုင်းရံပတ်လျက် ဧရာဝတီမြစ် ကြောင်းပြည့်မျှ အောင်စည်အောင်မောင်း တီးလျက် တစ်ခဲနက် စုန်တော်မူခြင်းဖြစ်၏။ ရေတပ်တော်ကြီး အား ကုန်းပေါ်မှကြည်းတပ်တော်ကလည်း ဆင်လုံးမြင်းရင်းနှင့် ဝဲယာညှပ်ပြီးစောင့်ကြပ် လိုက်ပါ ရသည်။ တစ်လကိုးသီတင်း ဖြည်းဖြည်းဆေးဆေး စုန်ဆင်းရင်း ရောက်လေရာ ရေလမ်း တစ်လျှောက်ရှိ ပုဂံဘုရားများ၊ ပြည်ရွှေဆံတော်ဘုရားစသည့် တန်ခိုးကြီးဘုရားများကိုလည်း ဆင်း၍ ဖူးမြော်ကြပြန်သည်။

အမရပူရနှင့် ဒဂုံမြို့ စုန်ခြင်း ဆန်တက်ခြင်း နေ့ရက်များနှင့် ဒဂုံမြို့တွင် ၅ လကျော်ကျော် နေတော် မူခဲ့သည့် အတွင်း အမရပူရ နေပြည်တော်နှင့် ထီးနန်းကိုလည်း သစ္စာရှိသော မှူးမတ် စစ်ကဲ့တို့ကို လွဲှအပ် ၍ နန်းစောင့်ထားခဲ့ရလေသေး၏။

သာယာဝတီမင်းသည် သတ္တိလည်းကောင်းလှပါသည်။ အခြားဘုရင်များသည် ထီးနန်းကိုပစ်၍ ၅ လ၊ ၆ လ ခရီးမသွားရဲကြပါ။ အလောင်းစည်သူခေတ် ရေကြောင်းမှ သင်္ဃနက် ဖောင်တော်ကြီးနှင့် ခရီးထွက်သည့် နောက် ယခု ကုန်းဘောင်ဆက် သာယာဝတီမင်း၏ ဘုရားဖူး ခရီးထွက် ရေကြောင်းမှ စုန်ဆင်းခြင်းမှာ ဒုတိယ အကြိမ် ကြီးကျယ်ခမ်းနားလှခြင်းဖြစ်သည်ဟု ဆိုနိုင်ပါမည်။

သတိ လည်း ရှိသည်။ နောင်တော် နန်းကျဘုရင် (ဘကြီးတော်ဘုရား)အားလည်း အမရပူရမြို့၌ မထားခဲ့ပါ။ မတော်တဆ တန်ပြန်တော်လှန်ရေးသမား အကြွင်းအကျန်များက နန်းကျဘုရင်ကို နန်း ပြန်တင် နေလျှင် မခက်ပါလား။ ဒါကြောင့်လည်း နောင်တော် မကျန်းမမာရှိနေသည်ကို ပစ်စလက်ခတ် ပစ်ထားခဲ့ခြင်း မပြုပါ။

၆ လ ကျော် ဘုရားဖူးထွက်ရာ နောင်တော်ကိုပါ ဒဂုံဆံတော်ရှင် ကို ဖူးမြော်စေချင်သော စေတနာကြောင့် မိမိ နှင့် တစ်ပါတည်း ခေါ်ယူသွားခဲ့ပါသည်။ သို့ခေါ်ယူရာတွင်လည်း နောင်တော်ကြီး အဖအရာထား၍ ခေါ် ခြင်း ဖြစ်ပါသည်။ နန်းကျဘုရင် အဖြစ် နှိမ့်နှိမ့်ချချ မပြုပါ။

တပ်ဝင်း ခင်းကျင်းထွက်တော်မူရာ၌ ရေတပ် ကြည်းတပ်များကို စနစ်တကျ စီစဉ်ထားရာ၌ ရှေးဦး ရေတပ် မတော် တွင် သားတော်ကြီး ပြည်မင်းသားက အုပ်ချုပ်ကွပ်ကဲရခြင်း၊ ရှေ့ဆုံးမှ မြတ်စွာဘုရား ရုပ်ပွားတော် နှင့် ပိဋကတ်သုံးပုံ ဓမ္မခန္ဓာတော်များ၊ ရဟန္တာရှစ်ပါးတို့၏ ရုပ်ပွားတော်များပါသော အဖြူ ထည်ခြယ် ဖောင်တော် ကြီးကို ရွှေလောင်းလှေနှစ်စင်းက လှော်တက်လက်ပြည့်နှင့် ဆွဲငင်လျက် ရတနာသုံးပါး နှင့်ဆိုင်ရာ ဝတ်မြေ ဝန်၊ ဝတ်မြေ စာရေးတို့က ကြီးကြပ်လိုက်ပါရပါသည်။

၎င်းနောက်က လှေတက် သမ္ဗန်တော်များ၊ ကတ္တုလွန်းကြင်၊ သားလှေ၊ ငှက်လေ အပေါင်းအပါ တပ်များ၊ သားတော် ပြည်မင်းသားအပါအဝင် မင်းသား (၇)ပါး၏ လှေတပ်တော်များ လိုက်ပါရသည်။

ဘုရား တင်သော ပထမ ဖောင်တော်၏နောက် တစ်တပ်ခြား၌ နောင်တော်မင်းတရားကြီး (ဘကြီးတော်) စီးနင်း ရသော မှန်စီသမ္ဗန်(ဖောင်တော်)ကို ထားပါသည်။ ဘုရားနောက် ဒုတိယဦးစားပေး၍ နောင်တော် ဘုရင် ကို ရှေ့တန်းတင်ခေါ်ယူခြင်းဖြစ်ပါသည်။

၎င်းနောင်တော်ဘုရင် စီးနင်းတော်မူရသော မှန်စီသမ္ဗန်ဖောင်တော်အား ရွှေလှေ ဝဲယာလက်ပြည့် နှစ်စင်း က ဆွဲငင် စေရပါသည်။ ၎င်းနောက် ဘကြီးတော်မင်းတရားကြီး သမီးတော် (ဆင်ဖြူမရှင်အလောင်း) စီး တော် မူသော သမ္ဗန်တော်၊ မင်း၏ ကိုယ်လုပ်တော်ကြီး မကွေးမြို့စားနှင့် အခြားကိုယ်လုပ်တော်များ စီးစေ သော သမ္ဗန်၊ ဘဏ္ဍာပစ္စည်းတင် ဖောင် သမ္ဗန်များကို လိုက်ပါစေသည်။ ဤအဖွဲ့ကို ကြီးကြပ် စောင့်ရှောက် ရန် အတွင်းဝန်နှင့် စီးတော်မြင်းဝန်နှစ်ဦးတို့ တပ်ဖွဲ့က လိုက်ပါရပါသည်။

ထို့နောက်မှ ကတ္တူလွန်းကြင်၊ သားလှေငှက်လှေများ၌ မြို့ဝန်၊ ထောင်မှူး၊ မြို့စာရေးတို့ပါသည်။ ရှှေ့ူး တော် လှေတပ် (တရားစီရင်ရုံး)ကို ခရီးသွား ရေတပ်တော်၌ ပါရှိရပါသည်။ ၎င်းနောက်မှ လက်နက် အမြောက်တင် လှေဖောင်များပါသော လှေဖောင်များကို အမြောက်ဝန်၊ အမြောက်မှူးတို့က ကြီး ကြပ် လိုက် ပါရပါသည်။

၎င်းနောက်မှာ ဖောင်တော်လှေတော်၊ ကတ္တူလွန်းကြင်၊ သားလှေ၊ ငှက်လှေတို့နှင့် ရှေ့ဝင်းအလံဖြူ ဟန်စည် ဟန်မောင်းပါ လက်နက်အမြောက်အမြား၊ ဓားလှံစွဲ လှေတပ်သားများ တစ်ထောင်ကျော် ပါရှိသည်။

ထိုနည်းအတိုင်း လက်ယာဝင်းမှူး အလံစိမ်းတပ် လူတစ်ထောင်ကျော်၊ လက်ဝဲ၀င်းမှူး စသည် ပါသကဲ့သို့ ကုန်းပိုင်း က လိုက်ရသော ကြည်းတပ်မှာလည်း ရှေ့ဝင်း နောက်ဝင်း စသဖြင့် မှူးတော် မတ်တော်ကြီးများ ဦးစီး ကွပ်ကဲ ၍ ဆင်၊ မြင်း၊ ရထား၊ ဓားစွဲ၊ လှံစွဲ၊ သေနတ်ကိုင်နှင့် အမြောက်တပ်များ ပါဝင်ရပါသည်။

မြန်မာရာဇဝင်၌ အကြီးကျယ်ဆုံး မင်းခမ်းမင်းနားနှင့် ရေကြောင်းမှ ထွက်တော်မူခဲ့သူမှာ သာယာဝတီမင်း သာလျှင် ဖြစ်ပါသည်။ ယင်းထွက်တော်မူပုံများကို ဗဟုသုတလိုလားသူတို့အတွက် ကောက်နုတ် တင်ပြချက် ကလေးတွေကို ကြုံကြိုက်ခိုက် ဆက်လက် ရေးရဦးမည်ဆိုလျှင် …

ယင်းသို့ ကြည်းတပ်၊ ရေတပ် နှစ်ဖက်ညှပ်၍ ဧရာဝတီမြစ်ကြောင်းမှ စုန်တော်မူရာတွင် ရေတပ် ရေကြောင်း မှာ မြို့ဝန်၏ တရားရုံးတော်အဖွဲ့ ပါရှိသကဲ့သို့ လွှတ်တော်ဝန်ကြီးများ ကြီးကြပ်အုပ်ချုပ် ရသော လွှတ်တော်အဖွဲ့လည်း ပါရှိပြန်ပါသေးသည်။ ထိုအဖွဲ့ပါ လွှတ်တော်ဝန်ကြီးများမှာ ဝန့်ရှင်တော် ယော မြို့စား ဝန်ကြီး၊ ကောင်းတုံမြို့စား ဝန်ကြီး၊ ပင်းမြို့စားဝန်ကြီး၊ မြဝတီမြို့စား ဝန်ကြီး၊ ဝန်ထောက် သုံးဆယ် ကင်းစား၊ နာခံစာရေးကြီး၊ အမိန့်တော်ရေး၊ အမှာရေး၊ အသုံးစားရေး၊ အဝေးရောက် လွှတ်တော်အရာရှိတို့နှင့် လွှတ်တော်တပ်ဖွဲ့ ဖြစ်ပါသည်။

တစ်ဖန် နောက်မှ တပ်မတော်အဖွဲ့က တစ်ဖွဲ့ ပါရပြန်ပါသည်။ ၎င်း တပ်မတော်အဖွဲ့၌ သူရဲကြီးအလံ၊ တံခွန် အလံ၊ ဝင်းမှတ်အလံ၊ ဟန်စည်ဟန်မောင်းပါ ရွှေဒိုင်း၊ ရွှေလွှား၊ ရွှေကာ အမှုထမ်းများ၊ အတွင်းသွေး သောက်၊ အပြင်သွေးသောက်၊ လေးဆယ်တော်၊ ငါးဆယ်တော် သွေးသောက်စုတို့ ဖြစ်၍ ရွှေသိုင်း၊ ရွှေလှေ၊ မိုးကြိုးဓားစွဲ၊ မင်းဝန်ကုလားပျို၊ ရွှေပန်း ရွှေဓားစွဲ၊ မင်္ဂလာစည်တော် မောင်းတော်၊ မင်္ဂလာ အမြောက်၊ ရှေ့တော်ပြေး ဝင်စည်တော်၊ ရွှေထားစည်၊ ဟန်လင်းစည်၊ ဆင်သည်တော်၊ နာရီတော်အစု၊ စီးတော် ဆင်နှစ်စီး၊ ဦးစီးနောက်ပဲ့ အစုံဆင်ဝန်၊ ဆင်ဝန်ထောက်တို့ပါရသည်။ စီးတော်မြင်း၊ ရထားတော် က မြင်းများကို မြင်းစာရေး မြင်းခံတို့နှင့် အတူပါရပါသည်။ ပြာသာဒ်တင် ရထားတော်ကြီး၊ ထီးဖြူစိုက် ရထားတော် များကို လည်း နောက်တော်ပါ မြင်းစုရေး ဝန်စုဆိုင်ရာ အသီးသီးတို့က သားလှေ၊ ရဲလှေ၊ ဆင်ဖောင်၊ မြင်းဖောင်များ တွင် တင်ဆောင် လိုက်ပါရသည်။

၎င်းနောက်မှ ကိုယ်ရံတော် တုတ်၊ ရဲသေနတ်၊ သစ်ဆိမ့်ဗညားသေနတ်၊ ခြောက်တောင်လေး၊ မင်းရွာလေး၊ ထီးလင်းလေး၊ နတ်စုလက်ယာ သေနတ်၊ လက်ဝဲကြောင်းသေနတ်၊ လက်ယာကြောင်း သေနတ်၊ လင်းဇင်း သေနတ်၊ ရွှေလှံဝဲယာ၊ အလုံးနောက်ဖြည့် သေနတ်၊ နောက်ဝန်းကျင်သေနတ်၊ ရွှေပြည်မှန်ကင်းသေနတ်၊ တောင်မာရဘင်သေနတ်၊ မြောက်မာရဘင် သေနတ်၊ တောင်တစ်ရာ့ငါးဆယ် သေနတ်၊ မြောက်တစ်ရာ့ ငါးဆယ်သေနတ်၊ အလုံတောင်ထားဝယ် မြောက်ထားဝယ် သေနတ်၊ တောင်တွင်းကြီး တောင်ထားဝယ် မြောက်ထားဝယ် သေနတ်၊ ဘုကြပ်လက်စွဲ၊ ပလိုင်းလက်စွဲ၊ နန်းဦးသေနတ် စသော အစုအမှုထမ်းတို့ကို အစု ဆိုင်ရာ သေနတ်စာရေးတို့က အုပ်ချုပ်စေပြီး စစ်ကဲနာခံတပ်ရေးတို့ လက်အောက်မှ လိုက်ပါရသည်။

နောက်တစ်ဖန် ရှေ့တော်ပြေး စည်တော်စုံတင်၍ သာရဗိမာန် လှေတော်၊ သာရကာ လှေတော်၊ အီကင်း လှေတော်၊ ကမတော် လှေတော် စတဲ့ လှေတော် ၄ စင်းကို ရွှေတက်လက်ပြည့်နှင့် ရတနာ ဖောင်တော်ကြီး ၏ ရှေ့ဝဲယာမှာ ရှိစေရသည်။

ပြည်လုံးအံ့၊ ရွေးကြီးလက်သစ်၊ လှော်ကားတော်ကြီး ၃ စင်းမှာ လှေဆောင်ရတနာ ပြာသာဒ်တော် ယာဉ်ထီးဖြူစိုက် လက်ရွေးကြီး လှော်ကားတော်မှာ ရတနာထမ်းစင်တော် တင်ဆောင်၍ ယဉ်ထီးဖြူတော်၊ ယပ်မားတော် များ စိုက်ပြီး ရတနာဖောင်တော် ရှေ့ဝဲယာ၌ ရှိစေရသည်။

လင်ဇင်းလှေတော်မှာ ဗုံမောင်း နရီခရာစုံ တင်ဆောင်၍ ဖောင်တော်ရှေ့၌ လည်းကောင်း၊ လှေကားတော် များတွင် မဟာသတ္တရုဇေယအမြောက်တော်၊ ခန့်တိုင်းရောက် အမြောက်တော်များကို တင်ဆောင်ပြီးလျှင် ရတနာ ရွှေဖောင်တော်၏ ရှေ့ဝဲယာ စီစဉ်ခင်းကျင်း၍ လိုက်ကြရပါသည်။

ဒီမျှ အထိလည်း ရှင်ဘုရင် (သာယာဝတီမင်း) မပါသေးပေ။ ရှေ့ပိုင်းပင်မည်မျှ ခမ်းနား၍ မည်မျှ ကရိကထ များလေမည် ဆိုသည်ကို မှန်းချင့်စဉ်းစားလိုက်လျှင် ရှင်ဘုရင်တစ်ခါထွက် ပဲကြီးတစ်လှေချက်ဆိုသော စကား သည် ပိုလွန်းအံ့မထင်၊ နည်းပင်နည်းသေး၏ဟုဆိုရမည်သာ။

ဤမျှ များပြားသော ကြည်းတပ်၊ ရေတပ်တို့၏ တခမ်းတနား ကြီးကျယ်သော အစီအစဉ်ကြောင့် ဘုရင် သည် ရေဆိပ်မှာ နန်းတော်တစ်ခုဆောက်စေပြီး၊ ညဉ့်အိပ်၍ မနက်စောစောမှ ရေတပ်တော် ထွက်ခွာနိုင်ပါသည်။ နန်းတော်မှ တိုက်ရိုက်ထွက်ဖို့ဆိုလျှင် မနက်စောစော၌ ရေတပ်တော်စုန်နိုင်ရန် အချိန်မီမည် မဟုတ်ပါ။ လိုက်ပါရသူ မိဖုရား၊ သားတော်၊ သမီးတော်၊ ဆွေမျိုးတော်တို့မှာလည်း အသင့်စီးနင်းရမည့် မိမိတို့ လှေတော် ဖောင်တော်များတွင် ပစ္စည်းရိက္ခာ အစုံအလင်နှင့် အသင့် ရောက်ရှိ နေရချိမ့်မည်။ ယခုခေတ်ကဲ့သို့ မြို့တွင်းမှ ရေဆိပ်သို့ အမြန်လာရောက်နိုင်သော မော်တော်ကားများလည်း မပေါ်သေးသောခေတ် ဖြစ်၍ လှည်းယာဉ်၊ မြင်းယာဉ်၊ ဝေါယာဉ်များနှင့် အသီးသီး ရောက်လာကြရမည်သာဖြစ်ပါသည်။

လှေတပ်တော်၏ အစီအစဉ်မှူးများမှာလည်း တစ်ဦးနှင့်တစ်ဦး အလှမ်းဝေး၍ အချက်ပြ ဆက်သွယ်ရန် ယခုကဲ့သို့ တယ်လီဖုန်းများ၊ အသံချဲ့စက်များနှင့် စကားကမ်းနိုင်ခြင်းမရှိဘဲ စနစ်တကျ အမှုထမ်းကြနိုင် သည်မှာ ချီးကျူးစရာပင်ဖြစ်ပါ၏။ နောက်ဆုံး ထွက်ချီစုန်တော်မူရန် ရေတပ်မတော်၏ အချက်ပေးခြင်း တစ်ခုသာ တပ်ဦးမှ အမြောက်သံကြားစေခြင်း၊ အောင်စည် အောင်မောင်း ကြွေးကြော် တီးခတ်ခြင်း များဖြင့် သိကြားစေမှုရှိပါသည်။ ရေတပ်မတော်၏ အစီအစဉ်သည် ဆိုခဲ့သည့်အတိုင်း ရှေ့ပိုင်းအတွက် ရေးပြ ပြီးသော်လည်း အလယ်ပိုင်းနှင့် နောက်ပိုင်းများအတွက် ကျန်ရှိပါသေးသည်။

ယခုခေတ် အနောက်တိုင်း ရုပ်ရှင်ကားများ၌သာ တွေ့မြင်ရလေ့ရှိသော အီဂျစ်ဘုရင်မ ကလီယိုပက်ထရာ ၏ ရေကြောင်း ကုန်းကြောင်း ထွက်ချီခြင်းမျိုးကို တအံ့တသြ တွေ့မြင်ကြရသူ လူငယ်ပိုင်းတို့အဖို့ ကလီယိုပက်ထရာ ထက်ပင် မြန်မာဘုရင် ရွှေဘိုမင်း (သာယာဝတီမင်းတရားကြီး)၏ ရေကြောင်းစုန်တော် မူ အခမ်းအနား က ၁၀ ဆမျှ သာပေဦးမည်ဟု ခန့်မှန်းမိကြပေလိမ့်မည်။

ရေတပ်တော် အခမ်းအနား အစီအစဉ်အတိုင်း ယခင် ဖော်ပြပြီးခဲ့သော ရတနာ ရွှေဖောင်တော်၏ နောက်မှ ပြည်ကြီးမွန် ရတနာရွှေဖောင်တော်ကို ရွက်လှေတော် လက်ပြည့် (၈)စင်း ငင်စေလျက် အတွင်းဝန် သံတော်ဆင့်တို့ ကြပ်မတ်နှိုးဆော် အုပ်ချုပ်စေပြီး လိုက်ရပါသည်။ ၎င်းဖောင်တော်သည် ဘုရင်မင်းတရား ကြီး ၏ စီးနင်းခြေတော်တင်ရန် ဖြစ်ပါသည်။

၎င်းနောက်မှ ကရဝိက် ဖောင်တော်ကို ရွှေလှေလက်ပြည့် (၆)စင်းက ဆွဲငင်ရပါသည်။ ယင်း ကရဝိတ် ဖောင်တော်များကလည်း ဘုရင်မင်းတရားကြီး စီးနင်း ခြေတော်တင်ရန် အတွက်ပင် ဖြစ်ပါသည်။

ထိုနောက်မှ မိဖုရားခေါင်ကြီး၏ဘဏ္ဍာတော်တင် ဖောင်တော်ကြီးကို ထားရှိစေရသည်။ ၎င်း၏နောက်မှ သမီးတော်စုဖုရားကြီးဖြစ်သော သီရိပဝရတိလောကရတနာ မင်္ဂလာဒေဝီ၏ ဘဏ္ဍာတော်တင် ဖောင်တော်ကြီး ပါရှိပြီး၊ ထိုနောက်မှ ဘုရင်မင်းတရားကြီး၏ နှမတော် ပုသိမ်မင်းသမီး စီးတော်မူသည့် ဖောင်တော် နှင့် ဘဏ္ဍာတင်ဖောင်။ နောက်မှ နှမတော် ရမည်းသင်းမင်းသမီး စီးတော်မူသော ဖောင်တော် နှင့် ဘဏ္ဍာတင် ဖောင်။ ထိုနောက် မြောက်နန်းတော်မိဖုရား စီးတော်မူသော ဖောင်တော်နှင့် ဘဏ္ဍာတင် ဖောင်တော်။

ဘဏ္ဍာတင်ဖောင်။ ထို့နောက်မှ အနောက်နန်းမိဖုရားနှင့် သမီးတော် လှိုင်မင်း သမီးတို့ စီးတော်မူသော ဖောင်တော် နှင့် ဘဏ္ဍာတင်ဖောင် (အနောက်နန်းမိဖုရား မြကလေးနှင့် သမီးတော် လှိုင်မင်းသမီး ဖြစ်ပါသည်။) ၎င်းနောက်က မင်းခင်း မင်းသမီး စီးတော်မူသော ဖောင်တော်နှင့် ဘဏ္ဍာတင် ဖောင်။ ၎င်းနောက်မှ ဗန်းမော်မိဖုရားစီး ဖောင်တော်နှင့် ဘဏ္ဍာတင်ဖောင်။ ၎င်းနောက် ကျောက်မော်မြို့စား မိဖုရားစီးသော ဖောင်နှင့်ဘဏ္ဍာတင်ဖောင်။ (၎င်းမိဖုရားသည် မင်းတုန်းမင်းနှင့် ကနောင်မင်းတို့၏ မယ်တော် ဖြစ်ပါသည်) ၎င်းနောက်မှ ကနောင်မြို့စား မြောက်ဆောင်တော်မိဖုရားနှင့် သမီးတော် ပင်းတလဲ မင်းသမီး၊ ယင်းခဲ မင်းသမီးတို့ စီးသော ဖောင်နှင့် ဘဏ္ဍာတင်ဖောင် စသဖြင့် အစီအစဉ်အလိုက် မင်း၊ မိဖုရား၊ သမီးတော်၊ မင်း၏ ကိုယ်လုပ်တော်တို့နှင့် အတွင်းအငြိမ့်အမှုထမ်း အမျိုးသမီးတို့ စီးသော ဖောင်၊ သမ္ဗန် လှေတက်များစွာကို အနောက်ဝန် မဟာမင်းလှသူရိန်နှင့် မဟာမင်းလှကျော်တို့က အနောက် ရုံးဆိုင် ရာ အရာရှီတို့နှင့် ကြီးကြပ် စောင့်ရှောက် လိုက်ပါကြရပါသည်။

နန်းတော်ပေါ်တွင် အနောက်ပိုင်း မင်းမိန်းမတို့ ဆောင်ရ၊ နန်းရ မိဖုရား၊ ကိုယ်လုပ်တော်တို့ကို အနောက် ဝန်များ ကြီးကြပ်စောင့်ရှောက်ပေးရသော ထုံးစံအတိုင်း ယခု ရေကြောင်းဆိုင်ရာ အနောက်ပိုင်း မင်းမိန်းမ တို့ဆိုင်ရာ ကို အနောက်ဝန်တို့အဖွဲ့က ခရီးတစ်လျှောက်လုံး လိုက်ပါစောင့်ကြပ် အမှုထမ်းကြရပါသည်။

ဤတွင် မင်းမိန်းမတို့၏ ဖောင်တော်များအပိုင်း ပြီးဆုံးသောအခါ ရွှေတိုက် ဘဏ္ဍာတော်တင် (သင်္ဘောတော်)၊ ၎င်းနောက်က အချုပလတိုက် ဘဏ္ဍာတော်တင် သမ္ဗန်တော်၊ ၎င်းနောက်က ကြေးတိုက် ဘဏ္ဍာ တော်တင် (လှေတော်) နောက်က သောင်းမြောင်တိုက်လှေတော်၊ လက်ဆောင်ယူ တိုက် လှေတော်၊ လက်နက်တိုက် သမ္ဗန်တော် လှေတော်များဖြစ်၍၊ ၎င်းတို့ကို ဝန်စုဆိုင်ရာ အမှူး၊ အကြီး တို့က များစွာသော သားလှေ ငှက်လှေတို့နှင့် အသီးသီး အုပ်ချုပ်လျက် ကြီးကြပ်လိုက်ပါကြရပါသည်။

ထိုနောက်မှ များစွာသော သားလှေငှက်လှေတို့နှင့် လက်ဝဲ၀င်းအလံဝါ၊ ဟန်စည် ဟန်မောင်းပါ မျောက်မြီး အမြောက် တော်ကြီး (၆)၊ ရွှေဒိုင်း၊ ရွှေလွှား၊ ရွှေကာ၊ မိုးနဲ့ ရွှေလှံကိုင် ကောင်ဟန် အမှုထမ်း၊ လက်ဝဲ၀င်း ဘုန်းတော်ဖြစ် သေနတ်အမှုထမ်း၊ သူရဲသေနတ် အမှုထမ်းစုစုပေါင်း အစုအမှုထမ်း၊ သေနတ်ကိုင် သူရဲတစ် ထောင်ကျော် တို့ကို လက်ဝဲ၀င်းတော်မှူး မင်းကြီး မင်းလှမဟာမင်းထင်ကို တပ်မှူးအဖြစ်လည်းကောင်း၊ သူရဲဝန် မင်းကြီးကျော်ထင်ကို စစ်ကဲ၊ ဝင်စာချီနေမျိုး ကျော်ခေါင်ကို နားခံဝင်စာရေး ရွှေတောင်ဗလ၊ ဗလ ကျော်သူ၊ ဒိုင်းစာရေး ရွှေတောင်ဗလရဲထင် တို့ကို တပ်ရေးခန့်ထားပြီး လိုက်စေကြပါရသည်။

၎င်းတို့နောက် မှ များစွာသော သားလှေ ငှက်လှေတို့နှင့် (နောက်ဝင်းအလံပြာ) ဟန်စည် ဟန်မောင်းပါ၊ မျောက်မြီး အမြောက်တော်ကြီး (၆)၊ ရွှေဒိုင်း၊ ရွှေလွှား၊ ရွှေကာ မိုးနဲ ရွှေလှံကိုင် ကောင်ဟန် အမှုထမ်း၊ နတ်ရှင် ရွှေး သေနတ်အမှုထမ်း၊ ကုလားပျို သေနတ်အမှုထမ်း၊ သေနတ်စွဲသူရဲတစ်ထောင်တို့အား နောက် ဝင်းတော်မှူး မင်းကြီး မင်းခေါင်ကို တပ်မှူးအဖြစ်လည်းကောင်း၊ ဝင်စာချီ နေမျိုးကျော်နှင့် နော်ရထာကို စစ်ကဲ၊ ဗလပျံချီ ကျော်ကို နားခံ၊ ဒိုင်းစာရေး ဗလရန်အောင်ကို တပ်ရေး ခန့်ထားလိုက်စေကြရပါသည်။

၎င်းနောက်ကမှ မှူးတော် မတ်တော်ကြီးများ စီးနင်းသော လှော်ကားတော်များ၊ ရဲလှေများဖြစ်ပါသည်။ ၎င်း နောက်မှ ဖောင်တော်လှေတော် အသီးသီးနှင့် မင်းသားကြီးတို့၏ တပ်များဖြစ်သော ပုဂံမင်းတပ်၊ (သားတော် ပုဂံမင်းမဟုတ်ပါ) မက္ခရာမင်းတပ်၊ ရွှွေတောင်မင်းတပ်၊ မင်းတုန်းမင်းတပ်၊ ပဒိန်းမင်းသားတပ်၊ မင်းတပ် မင်း သားတပ်တို့ဖြစ်ကြ၍၊ ၎င်းနောက်ကမူ မင်းဆွေမျိုးတို့က ဖောင် သမ္ဗန် လှေတက်တို့နှင့် အသီးသီး လိုက်ကြ ရပါသည်။ ၎င်းနောက်မှ ဖောင်တော် လှေတော်များမှာ ပခန်းကြီးမြို့ကျေးရွာ သေနတ်အမှုထမ်းများ၊ မြေဒူး မြို့ သေနတ်အမှုထမ်း စုစုပေါင်း ကိုယ်ရံသေနတ်စွဲ သူရဲအမှုထမ်း လူ တစ်ထောင်ကျော်၊ ရှမ်းကိုးပြည်ထောင် စော်ဘွားမြို့စားတို့နှင့်အတူ သားတော်မိုးနဲဗိုလ်မှူး ပခန်းမင်း သုသီရိ သူရမဟာဓမ္မရာဇာကို နောက်ထပ် ဗိုလ်မှူး ဗိုလ်ချုပ်ခန့်တော်မူ၍ အုပ်ချုပ် လိုက်ပါရ ပါသည်။

သာယာဝတီမင်းတရားကြီးသည် ရေတပ်တော်ကြီးနှင့် မြစ်ကြောင်းပြည့်မျှ စုန်တော်မူရာတွင် သားတော် ကြီး ပြည်မင်းသားအား ရှေ့တပ်တွင် ဗိုလ်မှူး ဗိုလ်ချုပ် ခန့်အပ်၍ နောက်တပ်တွင် သားတော် ပခန်းမင်းအား ဗိုလ်မှူး ဗိုလ်ချုပ် ခန့်အပ်တော်မူခြင်းအားဖြင့် သားတော်ကြီးများကို မည်မျှလောက် ယုံမှတ် ချစ်ခင်ခြင်း အားထားတော်မူခြင်းများ သိမြင်အကဲခတ်နိုင်ပါပေသည်။

ကြည်းတပ်တော်မှာလည်း ဆင်ပေါင်း သုံးရာ့နှစ်ဆယ်ကျော်၊ စီးတော်ရွှေးဝင်း စသော ဆင်တော်တို့မှာ ဦးစီး နောက်ပဲ့ ကြိုးတန်ဆာစုံ ဆင်ယင်၍ ဆင်ဝန်ထောက်တို့နှင့် တစ်တပ်။ မင်းမိဖုရား မင်းညီမင်းသား သားတော် သမီးတော်ကို ပေးတော်မူသော ဆင်မြင်းများကိုလည်း ကြိုးတန်ဆာအစုံ ဦးစီးနောက်ပဲ့နှင့် ဆန်ဝန်ထောက် နေမျိုးနော်ရထာ၊ နေမျိုးရန်အောင်၊ ဆင်စာချီ ရန်အောင် နော်ရထာတို့က ဆင်မှူးတို့ကို အုပ်ချုပ် စေလျက် အုပ်စည်းမပျက် ချီတက်လိုက်ပါရစေသည်။

ယင်းသို့ ရှေ့တပ် နောက်တပ် ဝဲယာ ကြည်းတပ်၊ ရေတပ်များကို အနေအထားကျအောင် စီစဉ် ခင်းကျင်း ပြီး မှ စံနန်းတော်ကနေ၍ ရှေ့ခြောက်တပ်၊ နောက် ခြောက်တပ် ခင်းကျင်း၍ ရတနာ ထမ်းစင်တွင် ဘုရင် နှင့် မိဖုရားခေါင်ကြီးတို့ စီးနင်းထွက်ကြွကာ ရေနန်းတော်သစ်တွင် တစ်ညဉ့်စံပြီးမှ နောက်တစ်နေ့မနက် ဘုံခုနစ်ဆင့် ရှိသော ကျက်သရေအပေါင်းနှင့် ပြည့်စုံသည့် ပြည်ကြီးမွန် ရတနာရွှေဖောင်တော်သို့ ဆင်းသက် စီးနင်းကာ ဒဂုံဆံတော်ရှင် ဖူးမြောက်ရန် စုန်ဆင်း ထွက်ကြွလာခြင်းဖြစ်ပါသည်။

သက္ကရာဇ် ၁၂၀၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ခုနစ်ရက်နေ့ နံနက် သုံးနာရီ၌ ကောင်းမြတ်သော အခါ နေ့ရက်တွင် မင်္ဂလာ အမြောက်သံကြားသည်နှင့် တစ်ပြိုင်နက် သာယာငြိမ့်လေးစွာနှင့် နေပြည်တော် အမရ ပူရမြို့ ရေနန်းတော်ဆိပ်က ” ပြည်ကြီးမွန် ရတနာဖောင်တော် ” ကန်တော်မူ၍၊ မွန်လူမျိုးတို့ နေထိုင်ရာ ရာမညတိုင်းသုံးရပ် အပါအဝင်၊ ဥက္ကလာပ မည်သော ဟံသာဝတီ ရန်ကုန်သို့ စုန်တော် ်မူခဲ့သော ရွှေဘိုမင်း (သာယာဝတီမင်း) တရားကြီးသည် ပြည်ကြီးမွန် ရတနာဖောင်တော်ထက်၌ သားတော်၊ ညီတော်၊ ဆွေမျိုး တော်၊ မှူးမတ်တော်၊ ထီးရံနန်းရံ၊ စော်ဘွားမြို့စား၊ တပ်တော်ပေါင်းစုံတို့ဖြင့် ခြံရံတော်မူ၍ ထောင်သောင်း မကသော သေနတ်စွဲ သူရဲအပေါင်းတို့နှင့်တကွ ရေတပ်တော်ကြီး ချီတော်မူခဲ့ရာတွင် ဗုံမောင်း၊ နရည်ခရာ၊ ပတ်သာ၊ ဒုံမင်း စသည်တို့ကို တစ်ပြိုင်နက် တီးမှုတ်စေလျက်၊ ဖောင်တော် တို့ကို ဆွဲငင်သော ရွှေလှေ လက်ပြည့်တို့ကလည်း ၃၇ ပါးသော တက်ရေး၊ တက်ချင်းတို့ဖြင့် ဧရာဝတီ မြစ်ပြင် တစ်လျှောက်လုံး ပဲ့တင် ထပ်မျှ လှိုက်ဆူကြေညာလျက်၊ သာယာကြည်နူးဖွယ်ရာ တင့်တယ် စွာသော အသရေကိုဆောင်လှက် ရှိ စေပါသည်။

ထိုကဲ့သို့ ထွက်တော်မူရာတွင်လည်း တပ်တော်ကြီးမှ အစပြု၍ ဘုရင်မင်းနှင့် မိဖုရားမင်း၏ညီ၊ မင်း၏သား၊ မင်းဆွေစိုးမျိုးများ၏ တပ်များ၊ လွှတ်တော်ရုံးတော် တပ်တော်များနှင့်တကွ များစွာသော ရေကြောင်းတပ် တော်များ ၌ စာရင်းပါ အခမ်းအနား အစီအစဉ်အတိုင်း တပ်အမှတ် အလံကိုယ်စီနှင့် ဖြစ်သည်။ တပ်တော် ကြီး စခန်းချရာ အရပ်တိုင်းမှာလည်း တစ်တပ်နှင့် တစ်တပ် မရှုပ်မယှက်၊ မရောမထွေးစေရအောင် ဆိုင်ရာ ဗိုလ်မှူး၊ တပ်မှူး၊ ဗိုလ်ချုပ်၊ တပ်ချုပ်တို့က အုပ်ချုပ်ကွပ်ကဲ ထိန်းသိမ်းလျက် စခန်း တစ်လျှောက်လုံး ချီတက်ရ ခြင်းဖြစ်ပါသည်။

ချီတက်တော်မူသော စခန်းစဉ်များကို ရေးသားဖော်ပြရဦးမည်ဆိုပါက ၁၂၀၃ ခု၊ တော်သလင်းလပြည့် ကျော် (၇)ရက်နေ့ နံနက်အမရပူရဆိပ်က ထွက်ခွာလာသော စုန်တော်မူ တပ်တော်ကြီးသည် ထိုနေ့ ညနေ တွင် အင်းဝမြို့ ရန်အောင်မြင် ဆိပ်ကမ်း၌ မင်္ဂလာဦးစခန်းအဖြစ် တစ်ညဉ့်အိပ် စခန်းချပါသည်။ နောက် တစ်နေ့ တော်သလင်း လပြည့်ကျော် (၈)ရက် နံနက်မှာ ရေတပ်တော်ကြီး ဆက်လက် ထွက်ခွာ လာပါသည်။ ၎င်းနေ့ ညနေ၌ ငန်းဇွန်ရွာ၊ လောင်းသာဆိပ် စခန်းသို့ ဆိုက်ရောက်ပြီး တစ်ညဉ့် ရပ်နား ပါသည်။ ငန်းဇွန်မှ နောက်တစ်နေ့ (၉)ရက်နေ့ နံနက် ဆက်လက် ထွက်ခွာလာရာ ညနေ၌ တလုပ်မြို့နယ် မြင်းခြံဆိပ် စခန်းသို့ ဆိုက်ရောက်ရပ်နားပါသည်။

နောက်တစ်နေ့ (၁၀)ရက်နေ့ မနက်တွင် မြင်းခြံ ဆိပ်ကမ်းမှ ထွက်ခွာခဲ့ရာ ညနေတွင် ညောင်ဦးမြို့ ဆိပ် ကမ်းသို့ ဆိုက်ရောက်ပါသည်။ ညောင်ဦးမြို့ ဆိပ်ကမ်း၌မူ ရေတပ်တော်ကြီး နှစ်ညဉ့်တာမျှ ရပ်နားပါသည်။

ညောင်ဦးမြို့ ဆိပ်ကမ်း၌ နှစ်ည ရပ်နားခြင်းမှာ သာယာဝတီ မင်းတရားကြီးနှင့် မိဖုရားခေါင်ကြီးတို့သည် မင်းမိဖုရား သားတော် သမီးတော် ဆွေတော်မျိုးတော် မှူးတော်မတ်တော်အပေါင်း ခြံရံပြီး ပြာသာဒ် ယာဉ် တော် စီးနင်း၍ ပုဂံမြို့ရှိ ရွှေစည်းခုံဘုရား၊ အာနန္ဒာဘုရားများနှင့် အခြား၊ ရှေးဟောင်း စေတီများအား ဖူးမြော် လျက် ရွှေတန်ဆောင်၊ ငွေတန်ဆောင်၊ ရွှေတံခွန်၊ ငွေတံခွန်၊ ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက်၊ ပတ္တမြား ပေါက်ပေါက်တို့နှင့် ပူဇော်လှူဒါန်းတော်မူကြခြင်းကြောင့် ဖြစ်ပါသည်။

ထိုညောင်ဦး ဆိပ်ကမ်းတွင် တပ်တော် နှစ်ရက် နားပြီးလျှင် နောက်တစ်နေ့ မနက် လဆုတ် (၁၃)ရက် နေ့တွင် ရေတပ်တော်ကြီး ဆက်လက် စုန်ဆင်းခဲ့ရာ ၎င်းနေ့ညနေ၌ ပုခန်းငယ်မြို့ဆိပ်သို့ ရောက်၍ တစ်ညဉ့် ရပ်နားပါသည်။

ပုခန်းငယ်မြို့သည် ယနေ့ အမြင်အားဖြင့် ဧရာဝတီမြစ်၏ ကမ်းပါးတွင် မရှိပါ။ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် ဆုံရာအဝမှ ချင်းတွင်းမြစ်အတွင်းသို့ အနည်းငယ် ဝင်မိမှသာ ရောက်ပါသည်။ သာယာဝတီ မင်း စုန်တော် မူစဉ်အခါကမူ ယခုခေတ်ကဲ့သို့ မြစ်နှစ်မြွှာဆုံရာ၌ သဲသောင်များ မခံသေးဘဲ ရေကြောင်း ကမ်း၀ အလွန် ကျယ်၍သာ ဧရာဝတီမြစ်မှ ရေကြောင်းနှင့် ပုခန်းငယ် သိပ်မကွာဘဲ တည်ရှိ နေခြင်းဖြစ်ဟန်တူပေသည်။ သို့ကြောင့်သာ ပုခန်းငယ် ဆိပ်ကမ်းအား စခန်းတစ်ခုအဖြစ် ရပ်နားနိုင်ခြင်း ဖြစ်ပေ လိမ့်မည်။

ယင်းပုခန်းငယ်တွင် ရေတပ်တော် တစ်ညဉ့် ရပ်နားပြီး၊ နောက်တစ်နေ့ ရေနံချောင်းအနီး ဆားတောဆိပ် တွင် တစ်ညဉ့်၊ နောက်တစ်နေ့ မကွေးမြို့ တစ်ဘက်ရှိ မင်းဘူးမြို့အနီး ကြည်းပင်တက် စခန်းတွင် တစ်ညဉ့်၊ ၎င်းနောက် တစ်နေ့ ပထမ နဂိုရ်မြို့ စီရင်စု ကြခတ်ရွာစခန်းဆိပ်တွင် တစ်ညဉ့်၊ ပေါင်း ၄ ညဉ့် နှင့် စုန်တော် မူပါသည်။ ထိုမှ သီတင်းကျွတ် လဆန်း ၂ ရက်နေ့ ဆက်လက် စုန်ခဲ့ရာ ညနေ မြေထဲမြို့ စီရင်စု သာဝတ္ထိ ရွာ၌ တစ်ညဉ့်၊ ၎င်းမှ သရက်မြို့ဆိပ်တွင် တစ်ညဉ့်၊ ထိုမှ ပြည်မြို့ နဝင်းချောင်းအထက် မြရွာဆိပ်ကမ်းသို့ အရောက် ဥ့ုးညဉ့်သုံးစခန်းချီတက်ကြပါသည်။

၎င်းမြရွာဆိပ်ကမ်းတွင် တဲနန်းတော်များ အသင့်ဆောက်လုပ်ထားစေပြီးဖြစ်၍ နှစ်ညတာမျှ တပ်တော် ရပ် နား စေပါသည်။ စံတဲနန်းတော်တွင် ဘုရင်နှင့် မိဖုရားတို့ နှစ်ရက်မျှ ရပ်နားတော်မူချိန်၌ ကြည်းတပ်၊ ရေတပ် တပ်သား အမှုထမ်းများကိုလည်း ဘုရင်က ပန်းအားဖြေနားနေစေသည်။ မင်းနှင့် မင်းမှုထမ်းကြီးငယ် ရွယ်လတ်၊ လွတ်လပ်စွာ ဘုရားပုထိုးများ ဖူးမြော်ခွင့်၊ လည်ပတ်ခွင့်များလည်း ရရှိကြပါသည်။ ဘုရင်မင်းနှင့် မိဖုရားသားတော် ညီတော် မင်းဆွေမျိုးစုံတို့သည် ပြည်မြို့ဆိပ်တွင် ရပ်နားချိန် ၌ ပြည်ဘုရင် သတိုးဓမ္မရာဇာ၏ ကောင်းမှုတော် ရွှေဘုံသာဘုရားနှင့် ပြည်ရွှေဆံတော ်ဘုရား များကို ကြွရောက်ဖူးမြော်ကြ ပါသည်။

သီတင်းကျွတ် လဆန်း ၆ ရက်နေ့ နံနက်၌ ပြည်မြို့ မြရွာဆိပ်ကမ်းမှ စုန်တော်မူခဲ့ရာ ထိုညနေ၌ ရွှေတော် မြို့နယ်၊ ကျီးသဲ ဟင်္သာဆိပ်တဲနန်းတော်တွင် တစ်ညဉ့်ရပ်နား၍ နောက်မနက် လဆန်း (၇)ရက်နေ့မှာ စုန်တော် မူရာ ညနေတွင် မင်္ဂလာ သာယာဝတီမြို့ စီရင်စု ရေကင်း အထက်ဆိပ် သံပရာခုံဆိပ် တဲနန်းတွင် တစ်ညဉ့် ရပ်နားပြီး ၈ ရက်နေ့မနက် ဆက်လက် စုန်တော်မူပြန်သည်။

ပြည်ကြီးမွန် ဇောင်တော်တွင် စံနေလိုက်ပါတော်မူသော ဘုရင်နှင့် မိဖုရားခေါင်ကြီးတို့သည် စုန်တော်မူရာ လမ်းစဉ်တစ်လျှောက်၌ တစ်ခါတစ်ရံ ကပ်ကြို ဖောင်တော်ကို ပြောင်းလဲ စီးနင်းခြင်း၊ ရွှေလှေရွှေလောင်းများ ကိုလည်း အညည်းတော်ပြေ ပြောင်းလဲ စီးနင်းတော်မူခဲ့ကြသည့် နည်းတူ၊ ယခုလည်း ရေကင်းဆိပ်မှ စုန် တော်မူခဲ့ရာ၌ ရွှေလှေ ရွှေလောင်းများပေါ်တွင် တစ်ကြိမ် တစ်လှည့် စီးနင်း လိုက်ပါတော် မူခဲ့ကြပါသေးသည်။

ထိုနေ့ ညနေတွင် မင်းကြီးရွာ စံတဲနန်းတော်ဆိပ်သို့ ရောက်သောအခါ တစ်ညဉ့် ရပ်နားပါသည်။ ဤမင်းကြီး ရွာ စံတဲနန်းတော်သည် သာယာဝတီမင်း မင်းအဖြစ် မရောက်မီက ၁၁၈၆ ခုနှစ် ကြွချီတော် မူလာစဉ်က စံတဲတော် မင်္ဂလာအိမ်တော်ရာကို ဖိနပ်တော် အတောင်သုံးဆယ်ခင်း စေတီတော်ကို တည်တော် မူလိုသဖြင့် မင်္ဂလာ သာယာဝတီ မြို့ဝန်ကို ကံကျွေး လက်ခများ ပေးသနား၍ တည် လုပ်စေသည်။

သီတင်းကျွတ်လဆန်း ၁၀ ရက်နေ့ ညလေးချက်တီးအခါတော်၌ စေတီတော်ကို ရွှေပန္နက် ငွေပန္နက်များ ချ ပေးတော်မူပြီး မင်းကြီးရွာ၌ နှစ်ညမျှ တပ်တော်နား စံနေပါသည်။ သာယာဝတီမင်းသည် မိမိ စားကြေး မြို့ တော်ဖြစ်သော သာယာဝတီမြိုကသို့လည်း ရေကြောင်းမှ ဝင်တော်မူလိုသည်။ ရေကြောင်းမှ အတိုင်း ချီ တော် မူနိုင်သဖြင့် သာယာဝတီမြို့၊ ထိန်တောဝသို့ ထွက်တော်မူခဲ့ပါသည်။ လဆန်း ၁၃ ရက်နေ့၌ ထိန်တော၀ ဈေးမော်ချောင်း စခန်းက ဆက်လက် စုန်တော်မူခဲ့ရာ၊ သာယာဝတီမြို့ စီရင်စု မဟာပေါင်း၊ ရွှေ လောင်းချောင်း သို့ ဆိုက်ရောက်တော်မူကြပါသည်။

ထိုရွှေလောင်းဆိပ် တဲနန်းတော်တွင် ညဉ့်စံတော်မူပြီးနောက် လဆန်း ၁၄ ရက်နေ့ ဆက်လက် ကြွချီတော်မူ ခဲ့ရာ စံရွေးရွာဆိပ်တွင် တစ်ညဉ့်၊ ထိုမှ လှိုင်မြို့ စီရင်စု၊ ဖိုးခေါင်ရွာဆိပ်တွင် တစ်ညဉ့်၊ ထိုမှ ရွာသစ်ကြီးရွာ ဆိပ်တွင် တစ်ညဉ့် စံနေရပ်နားပြီးနောက် နောက်ဆုံး စခန်းအဖြစ် ဥက္ကလာပ နန်းတော် တောင်ဘက်၊ တာ လေးရာကျော်ကွာတွင် ရှိသော ရတနာရွှေဖောင်တော် ဆိုက်ရမည့် ဖောင်တော် တံတားဆိပ် သို့ ရောက် တော်မူပါသည်။

၎င်းဖောင်တော်တံတားဆိပ်တွင်လည်း ယာယီ စံတဲနန်းတော်နှင့်ရှိ၍ ၎င်းစံတဲနန်းတော်၌ တစ်ညဉ့် ရပ်နား တော်မူပါသည်။

သီတင်းကျွတ်လပြည့်ကျော် ၄ ရက်နေ့ နံနက်အချိန်တွင်မှ ဘုရင်မင်းတရားကြီးသည် မိဖုရားခေါင်ကြီးနှင့် အတူ မိဖုရား၊ သားတော်၊ သမီးတော်၊ မင်းညီမင်းသား၊ ဆွေတော်မျိုးတော်၊ စော်ဘွား၊ မြို့စား၊ မှူးတော် မတ် တော်၊ ဗိုလ်မှူး တပ်မှူး၊ ရဲမက်အမှုထမ်း အပေါင်းတို့နှင့်အတူ ကြည်းတပ်တော်ကြီး စီစဉ်ခင်းကျင်း၍ ရတနာထမ်းစင်ပေါ်တွင် ထိုင်လျက် မင်္ဂလာအခါကြား အမြောက်သံ ကြားသည်နှင့် တစ်ပြိုင်နက် ဥက္ကလာပ နန်းတော်သို့ ဝင်တော်မူပါသည်။ မြို့သူမြို့သား အပေါင်းတို့လည်း သောင်းသောင်းဖြဖြ ကြိုဆို ဖူးမြင်ကြရ လေသည်။

သာယာဝတီမင်းသည် မြန်မာရှင်ဘုရင်တို့နှင့် အလှမ်းကွာနေသော အကြေအရပ်မှ တိုင်းနိုင်ငံသူ နိုင်ငံသား များနှင့် အနေမဝေးစေရန် ဥက္ကလာပ စံနန်းတော်သို့ ထွက်ကြွလာသည်မှာလည်း နည်းပရိယာယ် တစ်ရပ် ဟူ၍ ယူဆအပ်ပါသည်။ ဒဂုံ၊ ဒလ၊ မုတ္တမ၊ မော်လမြိုင် စသော အောက်တစ်ခွင်ရှိ မြန်မာအချို့သည် အင်္ဂလိပ် တို့အပေါ်တွင် အထင်ကြီးပြီး မှီခိုအားထားလိုစိတ်များ ရှိကြ၍ မြန်မာ့ဇာတိမာန် ဇာတိသွေးများ လည်း အေးနေခိုက်၊ အညာက မိမိတို့ မြန်မာဘုရင်နှင့်လည်း အလှမ်းဝေးလျက် ရှိသဖြင့် အနေစိမ်း နေကြရာ၊ ယခုလို မိမိတို့ မြန်မာဘုရင်ကို ခန့်ညားထည်ဝါစွာ မင်းခမ်းမင်းနားစုံနှင့် တွေ့ကြုံခွင့် ရစေခြင်း များသည် ဘုရားဖူးရင်း လိပ်ဥတူးရင်း … အကျိုးများစေသော ရည်မှန်းချက်တစ်ရပ် ဟူ၍လည်း တွေးထင် မှန်းဆနိုင်ကြပါသည်။