ကျွန်းဦးတည့်သံလျှက်ခုံ

မြတ်ရွှေတိဂုံမှ အနောက်မုခ်

ဥက္ကလာပသို့ စုန်တော်မူခဲ့သော သာယာဝတီမင်းသည် ဥက္ကလာပမြို့တွင် ၄၊ ၅ လခန့် စံနေမည်ဟု ရည်ရွယ် ထားသည့်အတိုင်း စံနန်းတော်တစ်ခုကိုလည်း ကြိုတင်၍ ဆောက်လုပ်ထားစေပါသည်။

ရန်ကုန်ဝန်ကြီး အမှူးပြု၍ ကြိုတင်စီစဉ် ဆောက်လုပ်ထားသော စံနန်းတော်ကြီးသည် မင်းနှင့် မိဖုရား၊ သား တော်၊ သမီးတော်၊ စော်ဘွားမြို့စား၊ မှူးတော်၊ မတ်တော် မင်းမှုထမ်းများပါ ချောင်ချိ သက်သာစွာ နေနိုင် လောက်သော စံနန်းတော် အဆောက်အဦများ၊ အဆောင်ဆောင် အခန်းခန်းများ၊ အများအပြား ပါဝင်သော အဆောက်အဦတို့ကို ကြိုတင်ဆောက်လုပ်ထားရသောကြောင့် ထိုတာဝန် ဝတ္တရား များ ကလည်း နည်းနည်း နောနော မဟုတ်ပါတကား။ ယခုခေတ် ပ-လ-က ဆိုင်ရာဌာန၏ အဆောက်အဦး သမားများထက်ပင် အချိန် တိုတို လုပ်အားများများ ပေးကြရဦးမည်ဟု ယူဆရန် ရှိပါသည်။

သို့နှင့် ၁၂၀၃ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၄ ရက်နေ့ နံနက်အချိန်တွင် သာယာဝတီ မင်းတရားကြီး သည် ဥက္ကလာပ နန်းတော်သို့ ဝင်တော်မူ၍ အဆိုပါ ဆောက်ထားပြီးရှိသော၊ ကောင်းမွန် ဆန်းကြယ်သော ရွှေနန်းပြာသာဒ်တော်နှင့်တကွ အဆောင်ဆောင်သော နန်းတော် အိမ်တော် များကို တက်သိမ်း၍ စံပယ်တော် မူပါသည်။

နောက်တော်မှ လိုက်ပါသော မင်းညီမင်းသား၊ စော်ဘွား၊ မြို့စား၊ မှူးမတ်ဗိုလ်ပါ အပေါင်းတို့အားလည်း သင့် ရာအိမ်ရာ၊ နေရာတိုက်တန်းတင်းကုပ် စသည်များ၌ နေရာချထားနေထိုင်စေပါသည်။ အားလုံးခြုံ၍ ဥက္ကလာပ နန်းတော် ပတ်ဝန်းကျင်ကို ဥက္ကလာပမြို့ဟု တည်ထား သမုတ်ကာ မြို့ရိုး မြို့တာများ တူးဖို့ လုပ် ကိုင်စေပါသည်။ ရှေးအခါက ဥက္ကလာပသည် ရွှေတိဂုံစေတီတော်ရိပ်၌ ဇနပုဒ်ရွာငယ်မျှသာ ဖြစ်ခဲ့သော်လည်း သာယာဝတီမင်းသည် ဥက္ကလာပမြို့ ဟူ၍ တည်တော်မူရန် ရည်သန်လျက် တာဝန်း တစ်ထောင့်ရှစ်ရာ ရှိသော မြေမြို့ရိုးကို နောက်တော်ပါ မင်းညီမင်းသား မှူးတော်ရှစ်ရာရှိသော မြေမြို့ရိုး ကို နောက်တော်ပါ မင်းညီမင်းသား မှူးတော်မတ်တော် ရဲမက်ဗိုလ်ပါ အပေါင်းတို့အား အသီးသီး တာဝန် ပေးအပ် ၍ ကျုံးမြောင်း၊ တံခါး၊ ပြအိုး၊ ပစ္စင်များနှင့်တကွ မြို့၏ အင်္ဂါပြည့်စုံစွာ အိမ်ဈေး၊ သဘင် စသဖြင့် မြို့ပြ ပြည်ရွာ အား တန်ဆာဆင်ခြင်းအမှုသည် ခုနစ်ရက်အတွင်း ပြီးပြည့်စုံသွားသည်ဟု မှတ်သား ရပါသည်။

မြို့တော်ကို “အောင်မြေရန်နှင်”ဟု သမုတ်၍ နန်းတော်ကို “မြတ်နန်းအောင်ချာ”ဟု သမုတ်စေပါသည်။ ကုန်းဘောင် နန်းဆက်ကို စတင် တည်ထောင်တော်မူခဲ့သော ဘေးတော် အလောင်းမင်းတရားကြီးသည် “ရန်ကုန်” ဟု သမုတ်တော်မူခဲ့ဖူးသည်။

ယခု မြစ်တော် သာယာဝတီမင်းက “ရန်နှင်”ဟု သမုတ်တော်မူခဲ့ပါသည်။ သို့သော် ယနေ့အထိ ရန်ကုန်ဟူ သော အမည်သာလျှင် ထင်ပေါ်ကျော်ကြားလျက် ရှိခဲ့ပါသည်။

သာယာဝတီမင်းသည် တိုင်းသူပြည်သားတို့အား စိတ်ထားကျဉ်းမြောင်းမှု ငြီးငွေ့မှုကို မလိုလား၍ စုန်တော် မူရာ ဆိပ်ကမ်း တစ်လျှောက ်ရှိ မြို့ရွာများတွင် ဇာတ်၊ ရုပ်စုံ ပွဲလမ်းသဘင်များ ကျင်းပ ပျော်ရွှင် စေခဲ့သည်။

ထို့အတူ ယခု တည်ထောင်ပြီးစ အောင်မြေရန်နှင် ကို မဟာရာဇဌာနီ မင်းနေပြည်ကြီးအဖြစ် ဖန်တီးကာ မြတ်စွာ ဘုရား သာသနာပွင့်လင်းစည်ပင် ထွန်းပ၍ အမျိုး ၄ ပါးကို ပြွမ်းနှောပေါင်းစုံ စုဝေးရာဖြစ်လျက် ဆင်သံ၊ မြင်းသံ၊ ရထားသံ စသော အသံဆယ်ပါးတို့ဖြင့် မဆိတ်အသံ၊ ပြည့်လျှံစည်ကားစေရန် အောင်မြေ ရန်နှင့် ဥက္ကလာပမြို့ စံနန်းတော်တွင် လက်ဝှေ့၊ လက်ပန်း၊ ဇာတ်ရုပ်စုံ၊ ပွဲသဘင်မပြတ် ခံတော်မူ စေပါသည်။

ဥက္ကလာပ နန်းတော်သိမ်း အခမ်းအနားပြီးလျှင် ဘုရင်နှင့် မိဖုရားခေါင်ကြီး အမှူးထားသော နန်းတွင်း ပုဂ္ဂိုလ် အားလုံးသည် ရွှေတဂုံဆံတော်ရှင်စေတီအား အဖူးအမြော်ထွက်ခြင်း၊ သန်လျင် ကျိုက်ခေါက် စေတီဘုရား သို့ နောင်တော် မင်းတရား (ဘကြီးတော်ဘုရား)နှင့်အတူ ကိုယ်ရံတော်တပ်ဝင်း အခင်း အကျင်း ဖောင်တော်လှေများနှင့် အဖူးအမြော်ထွက်တော်မူပါသည်။

ရွှေတိဂုံစေတီတော်မူကား မြို့တော် နန်းတော်၏ အရှေ့ဘက် နီးကပ်စွာ တည်ရှိသဖြင့် မပြတ်မပြတ် ဖူးမြော်ရန် ထွက်တော်မူသည်။ ထိုမျှမက ရှင်စောပုမြို့၊ သန်လျင်မြို့၊ ဒလမြို့၊ ပဲခူးမြို့၊ သီလဝါကင်း၊ သရက်တစ်ပင် ကျွန်းဦး၊ ကြည့်မြင်တိုင် အရပ်များသို့လည်း မကြာခဏ ဘုရင်မင်းနှင့် မိဖုရားသားတော် သမီးတော်များ လှည့်လည်ကြသည်။ ပဲခူးမြို့ ရွှေမောဓောဘုရား၊ သံလျင် ကျိုက်ခေါက်ဘုရား၊ ကုဿိန္နာရုံ ဘုရားများ ကိုလည်း ရေကြောင်းမှ ကြွချီဖူးမြော်၍ ကုသိုလ်တရားပွားများကြစေသည်။

သာယာဝတီမင်းသည် လူစွမ်းကောင်းများကိုလည်း မြတ်နိုးပါသည်။ ဥက္ကလာပမြို့ စံနေစဉ် မောင်ဥ ဆိုသူ ရာဇဝတ်ကောင်တစ်ဦးရှိနေပါသည်။ အမှုကိစ္စမှာ ဒလမြို့ စီရင်စု အင်းတေနယ်မြေ ကျေးရွာတွင် လှေတော် ပဲ့နင်း ဦးနေတို့အုပ်စီး၍ ငြိမ်ဝပ်စွာရှိသည်ကို မငြိမ်မဝပ်ရှိအောင် မွှေနှောက်ခြင်းပြုပြီး ပဲ့နင်း အရာ ကို လုပ်လို သူ လျှောက်လွှာတင်သူမှာ ငဥ ဖြစ်ပါသည်။ သူ၏ လီဆယ်တင်လျှောက်မှု ပေါ် သောကြောင့် အပြစ်အလျောက် မမှော်ဘီမြို့သူကြီးကို အပ်၍ မိကျောင်းစာ ကျွေးစေပါသည်။ သို့သော် ငဥအား မိကျောင်း က မစား၊ ဓားလှံ သေနတ်နှင့်ပစ်၍လည်း မရ၍ အကြောင်းကို လျှောက်တင်သောအခါ ဘုရင် မင်းတရားက ငဥအား လဲချားစော်ဘွား ကမ္ဘောဇ သီရိမဟာ ဓမ္မရာဇာသို့ အပ်ပြီးလျှင် အမှုတော်ကို ထမ်းရွက် စေပါသည်။

တန်ဆောင်မုန်းလဆန်းမှစ၍ ဥက္ကလာပ စံနန်းတော်၌ စံနေသည်မှာ ပြာသိုလသို့တိုင် ရောက်လာ သော အခါ ဘုရင်နှင့် မိဖုရား၊ သားတော်၊ သမီးတော်၊ စော်ဘွားမြို့စား မှူးမတ်တို့၏ ကုသိုလ် အဝင်အပါ တိဂုံ ဆံတော် ရှင် စေတီတော်မြတ်ကြီးအား ဖိနပ်တော်မှ ငှက်ပျောဖူးအထိ ရွှေသင်္ကန်း ကပ်ပါသည်။ ရွှေတိဂုံ စေတီတော် ၏ အရပ်တော် သံတောင် ၁၈၆ တောင်နှင့် တစ်မိုက်လေးသစ်၊ ဖိနပ်တော်အဝန်း သံတောင် ၉၀၀ ရှိသော စေတီတော်ဘကီးကို ရွှေသင်္ကန်းတော် ရွှေကျပ်ချိန် ၃၂၀ဝိ မျက်ပါးခတ်၍ ရွှေသင်္ကန်း ကပ်လှူ ပါသည်။

ထိုအချိန်မှာပင် သာယာဝတီဘုရင်မင်း၏ အနောက်နန်းမိဖုရား (မမြကလေး)က ရွှေတိဂုံစေတီတော်၏ အနောက်ဘက် မုခ် စောင်းတန်း ဆောက်လုပ်လှူဒါန်းရန် အုတ်အင်္ဂတေ သစ်ပျဉ်နှင့် ကံကျွေး လက်ခ ငွေများ ကို ဘုရင်မင်းနှင့် မိဖုရားခေါင်ကြီးတို့အား ဆက်သ၍ ရေစက်သွန်းချ ပေးတော်မူရပါသည်။ အနောက်နန်း မိဖုရား မြကလေးသည် သာယာဝတီမင်း၏ မိဖုရားများတွင် အနုပညာ၊ စာပေ ဂီတဘက်၌ ကျွမ်းကျင် ၍ အထုံဝါသနာပါပြီး သီချင်းကြီး၊ သီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား၊ ဘောလယ်၊ တေးထပ်၊ သဖြန်များကို အများအပြား စပ်ဆိုနိုင်သဖြင့် ကျော်ကြား ထင်ရှားသော နန်းရမိဖုရားတစ်ပါး ဖြစ်ခဲ့ရာတွင် ယခု ကဲ့သို့ ဥက္ကလာပ ဒဂုံဆံတော်ရှင် ဘုရားဖူး ကြွလာတော်မူစဉ်မှာလည်း အမှတ်မထင် နေထိုင်စံစား နေသူ မဟုတ်ပါ။ ရတနာသုံးပါးနှင့် စပ်ဆိုင်ရာ ကုသိုလ်တရားများတွင်လည်း မမေ့မလျော့သူဖြစ်ပါသည်။ သို့ကြောင့် အခြားမိဖုရား သားတော် သမီးတော်တို့ စိတ်ကူးမပေါက်သော အနောက်မုခ် စောင်းတန်း ဆောက်လုပ် လှူဒါန်းရန် မိမိပိုင် ရွှေငွေများမှ ဘုရင်နှင့် မိဖုရားခေါင်ကြီးတို့ အမိန့်တောင်းခံ ရေစက် သွန်းချ ပေးစေခြင်းဖြစ်ပါသည်။

သို့ကြောင့် ရွှေတိဂုံဘုရား အနောက်ဘက် စောင်းတန်းဟောင်းသည် အနောက်နန်းမိဖုရားမြကလေး စောင်းတန်း ဟူ၍ အထင်ကရ ကျော်ကြား တည်ရှိခဲ့ပါသည်။ နောင်သောအခါ အင်္ဂလိပ်နယ်ချဲ့တို့၏ စစ်တပ် သည် ရွှေတိဂုံဘုရား၏ ၎င်းအနောက် စောင်းတန်းနှင့်တကွ အနောက်ပိုင်းတစ်ခြမ်းကို သိမ်းယူပြီး စစ်တပ်ချထား အသုံးပြုခဲ့သောကြောင့် ရွှေတိဂုံစေတီတော်ကြီး၏ အနောက်ဘက် စောင်းတန်းမှ ဘုရားဖူး များ တက်ခွင့် ဆင်းခွင့် မရကြတော့။ တောင်ဘက် စောင်းတန်း၊ အရှေ့ဘက် စောင်းတန်းနှင့် မြောက်ဘက် သွေးဆေးကန် ရှိရာ စောင်းတန်းမှသာ တက်ဆင်းခွင့်ရကြပါသည်။

ယင်း အနောက်နန်းမိဖုရား မြကလေး၏ စောင်းတန်းကို ပြည်သူလူထုက အသုံးမပြုရသည်ကို မြန်မာတို့က မကျေနပ် ကြသော်လည်း မည်သူမျှ ကန့်ကွက်ပြောဆိုခြင်း မပြုကြဘဲ၊ မြို့မျက်နှာဖုံးဆိုသော လူကြီး လူကောင်း တို့ကလည်း အင်္ဂလိပ် အလိုတော်ရိများသာ ဖြစ်နေကြသည်။ ဘွဲ့တံဆိပ်များ လိုချင်ကြသည်။ ရာထူးဌာန များကိုလည်း ခံစားလို သည်။ အင်္ဂလိပ်အစိုးရက တရုတ် ကုလားနှင့် မျက်နှာဖြူ ကပြားများကို အရေးပေး ထားသလောက် မြန်မာများ နေရာမရသောကြောင့် အကြွင်းအကျန်ဖြစ်သာ ရာထူးဌာန ကလေးများ၊ ဘွဲ့တံဆိပ်ကလေးများ ရလိုရငြား အလိုတော်ရိ ပြုနေကြသူတွေသာ များခဲ့သောကြောင့် ဘယ်သူမျှ ရှေ့ဆောင်ရှေ့ရွက်ပြု၍ အမုန်းခံပြီး ပြောဆိုကန့်ကွက်မှု မပြုကြပါ။

သို့ကြောင့် အနောက်ဘက် စောင်းတန်းသည် နှစ်ပေါင်း ၅၀။ ၆၀ လောက် စစ်နယ်မြေအဖြစ် တည်ရှိ လာခဲ့ရပါသည်။ ၁၉၂၀ ဝံသာနုအသင်း ဂျီစီဘီအေ အဖွဲ့ကြီးများ ထွန်းကားလာချိန်ရောက်မှ ဝိုင်အမ်ဘီအေ အသင်းက ဦးဆောင်ပြီး နိုင်ငံရေး အသင်းအဖွဲ့များ၏ ဆူပူလှုပ် ရှားတောင်းဆိုမှုကြောင့် အနောက်မုခ် ပြန်ဖွင့်ပေးရသည်။ ၁၉၃၀ ခု လောက်တွင် အနောက်မုခ် ဖွင့်ပွဲကြီး မြို့လုံးကျွတ် သောက်သောက်လဲ စည်ကားစွာ ကျင်းပကြရပါသည်။ ပြည်သူလူထု အလွန် ဝမ်းမြောက်ဝမ်း သာ ဖြစ်ကြ ရပါသည်။

ပြည်သူလူထုသည် အနောက်မုခ် ဖွင့်ပွဲ၌ မည်သူမျှ မတိုက်တွန်း မနှိုးဆော်ရဘဲ ကိုယ့်ထမင်းထုပ်ကိုယ်ယူ၍ အတီး အမှုတ်၊ အကအခုန်တို့ဖြင့် ရွှေတိဂုံကုန်းပေါ်သို့ တပျော်တပါး တက်လာကြပြီး အနောက်မုခ် စောင်း တန်းကြီး ကို တောချုံပေါင်းမြတ်တို့အတွင်းမှ ရှင်းလင်းသုတ်သင်ပေးကြပါသည်။

မိဖုရားမြကလေး၏ အုတ်စောင်းတန်းကြီးသည် တောချုံပေါင်းမြတ်တို့အတွင်းမှ ထင်းထင်းကြီး ပေါ်လွင် လာ ခဲ့ရသော်လည်း အုတ်များမှာ ရှေးအုတ်ကြီးများဖြစ်၍ စောင်းတန်း လက်ရန်းခုံများ၊ လှေကားထစ်များ တချို့ နေရာ၌ ပျက်စီးပြိုကျ ပြတ်လပ်နေသည်။ စောင်းတန်းအမိုးများ၊ တိုင်များလည်း အင်္ဂလိပ် ဂေါ်ရာစစ်သား တို့ ဖျက်ဆီးကြ၍ မရှိတော့ပါ။ ကျန်ရှိသော ရှေးဟောင်းလက်ရာကလေးကို လေးလေး စားစား ပြုပြင်ထားကြပါ သည်။

သို့သော် ထိုအုတ်စောင်းတန်းသည် ဟောင်းနွမ်းဆွေးမြေ့လှပြီဖြစ်သောကြောင့် ဤအတိုင်း ကြာရှည် ထား၍ ကြည့်မကောင်းသဖြင့် ထိုနေရာ၌ ခေတ်မီမီ တန်ဆောင်းသစ်ကြီးတစ်ခု မကြာမီ အစားထိုး ရပေတော့မည်။

ဤတွင် ရန်ကုန်မြို့ သိမ်ကြီးဈေးရှိ ဈေးသူ ဈေးသားများသည် လူတစ်ဦး ဆိုင်တစ်ဆိုင်မှ တစ်နေ့လျှင် ၂ ပြားကျ အလှူခံ စုဆောင်းပြီး ရွှေတိဂုံ အနောက်ဘက်မုခ် တန်ဆောင်းကြီးကို ၃၊ ၄ နှစ်အတွင်း အစားထိုး လှူဒါန်း လိုက်သောကြောင့် ယနေ့ တွေ့မြင် ဆင်းတက်နေကြသော အနောက်မုခ် တန်ဆောင်းကြီးသည် “သိမ်ကြီးဈေး နှစ်ပြား တန်ဆောင်းတော်ကြီး” ဟူ၍ အမည်ပညတ် ဆိုင်းဘုတ်တပ်လိုက်ခြင်းဖြစ်ပါသည်။

ဤအချိန်မှ စ၍ ရွှေတိဂုံစေတီတော် အနောက်ဘက် တန်ဆောင်းမူလ အလှူရှင် အနောက်နန်း မိဖုရား မြကလေး ၏ ကောင်းမှု တန်ဆောင်းဆိုသည်မှာ ပျောက်ကွယ်ခဲ့လေပြီး၊ ရာဇဝင်မှတ်တမ်းထဲမှာသာလျှင် တွေ့ရှိ နိုင်ပါ တော့သည်။

သာယာဝတီမင်းသည် ဥက္ကလာပ၌ ၅ လ ကျော်မျှ စံနေတော်မူစဉ် ဟံသာဝတီ ပဲခူးသို့ ရေတပ်တော်နှင့် မပြတ် မလပ် ထွက်တော်မူရာမှာ ဟံသာဝတီ သင်္ဘောကျင်း၌ သင်္ဘောတော်များကို ဆောက်လုပ် စေခြင်းဖြင့် ဟံသာဝတီ သင်္ဘောကျင်းသို့ ကြည့်ရှုရန် ဆန္ဒတော်ရှိသည်။ ဒလတွင်လည်း သင်္ဘော ဆောက်ခြင်း များပြု လုပ်ရန်အတွက် သင်္ဘောကျင်းတစ်ခုရှိသည်။ ဟံသာဝတီ ပဲခူးမှာလည်း ထိုထက်မက ကြီးကျယ် သော သင်္ဘောကျင်းကြီးများထားရှိ၍ ရေတပ်တော်သုံး သင်္ဘောများ၊ သမ္ဗန်များကို အမြဲတမ်း လုပ်ဆောင် ဆက်သစေရပါသည်။

ယခု နောက်ဆုံး တည်ဆောက်နေသော ဟံသာဝတီ ပဲခူးသင်္ဘောကျင်းကြီးမှ ကြီးမားသော သင်္ဘောတော် ကြီးမှာ ဥက္ကလာပမှ နေပြည်တော် အမရပူရသို့ပြန်လည် ထွက်ခွာတော်မူရာတွင် ဘုရင်နှင့် မိဖုရား ခေါင်ကြီး တို့ စီးနင်းတော်မူမည့် သင်္ဘောတော်ကြီးဖြစ်ပါသည်။

နေပြည်တော် အမရပူရမှ ဥက္ကလာပသို့ စုန်တော်မူခဲ့ရာတွင် မင်း၊ မိဖုရား၊ သားတော်၊ သမီးတော်၊ ဆွေတော်။ မျိုးတော်။ မှူးတော်တို့ အထဲတွင် အတွင်းအငြိမ့်၊ အပြင်အငြိမ့်၊ ဆိုင်းတော်၊ ဇာတ်တော်များ၊ စည် တော်များ၊ ရေကြောင်း၊ ကြည်းကြောင်းဆိုင်ရာ သူ့အကန့်နှင့်သူ ပါရှိခဲ့မြဲ ဖြစ်ရုံမက စာဆို ပုဂ္ဂိုလ် တို့လည်း အသီးသီးပါရှိခဲ့လေသည်။

နန်းတွင်း စာဆိုထဲ၌ အထင်ရှားဆုံးသော သူတို့မှာ ဂီတစာဆိုရှင် မြဝတီဝန်ကြီး၊ ပြင်စည်မင်းကြီး၊ အနောက် နန်းမိဖုရား မြကလေးနှင့် သားတော် ပြည်မင်းသားတို့သည် ထူးခြားပြောင်မြောက်သော နန်းတွင်း စာဆိုတော်ကြီးများဖြစ်၍ ထိုပုဂ္ဂိုလ်တွေသည် ရေကြောင်းစုန်တော်မူခရီး၌ လည်းကောင်း၊ ဥက္ကလာပ နန်းတော် တွင် စံနေတော်မူကြရစဉ်က လည်းကောင်း၊ စာဆိုခြင်း၊ သီချင်းရေးခြင်းများ ပြုခဲ့ကြ လေသည်။

စာဆိုတို့မည်သည်မှာ ရောက်လေရာ၌ ခံစားချက်ကို စာပေဂီတနှင့် မှတ်တမ်းတင်ကြရသည်မှာ နှစ်သိမ့်ရ လေမြဲ ဓမ္မတာပင်တည်း။

သာယာဝတီမင်း ရွှေဘိုမင်းတရားကြီးသည် ဥက္ကလာပ စံနန်းတော်တွင် ၅ လကျော် စံနေတော် မူသည်ဖြစ်ရာ နောက်ပါ ရဲမက်ဗိုလ်ပါ တို့မှာ ကြာသော် မိမိသားမယား အိုးအိမ်များကို လွှမ်းဆွတ် ခြင်းရှိ လာကြလေပြီ။

ဘုရင်မင်းမြတ်ကြီးကိုလည်း မည်သူမျှ “ပြန်ကြပါစို့” ဟူ၍ လျှောက်ထားဝံ့ခြင်း မရှိသည့် အားလျော်စွာ ပြန်မည့်ရက် ကိုသာ ကြိတ်မှိတ်လျက် မျှော်လင့်စောင့်စားနေကြရရှာပါသည်။

မင်းတရားကြီးမှာလည်း မွန်တို့ဌာနီ နှစ်ခြိုက်တော်မူဆဲ ဖြစ်သည်။ သင်္ဘောတော်များ တည်ဆောက်ခြင်း၊ ရွှေတိဂုံစေတီတော်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်း။ ကြေးခေါင်းလောင်းတော်ကြီး သွန်း လုပ် လှူဒါန်းခြင်း နှင့် အခြားသော မွန်တို့ဌာနမှ ဘုရားပုထိုး အမျိုးမျိုး တို့ကို ရေကြောင်းမှ စုန်ကာ ဆန်ကာ ဖူးမြော်ပူဇော်နေခြင်းစသော ကိစ္စများတွင် အာရုံဝင်စားတော်မူနေဟန် ရှိပါသည်။ နေပြည်တော် သို့ ပြန်လည် ကြွချီတော်မူရန် အမိန့်တော် မချသေးပါ။

သို့တစေ ဗိုလ်ပါ ဝေနေယျများမှာတော့ မိမိတို့ သားမယား အိုးအိမ်တို့ကို ပစ်လာခဲ့ကြသည်မှာ ရက်လတွေ ကြာညောင်းလာပြီဖြစ်၍ အလွန်တရာ ပြန်ချင်ရှာလေပြီ။ ဤသည်တို့ကို မှူးတော်မတ်တော်ကြီးများက အစ စစ်ဗိုလ်၊ စစ်ကဲ၊ အကြပ်။ သွေးသောက်တို့အထိ သိကြ ကြားကြသော်လည်း ရွှေနားတော်ကြား လျှောက်တင် မပေးဝံ့ကြသောအခါ မနေသာသော စာဆိုတော် မြဝတီဝန်ကြီး ဦးစသည် လည်းကောင်း၊ စာဆိုတော် ပြင်စည် မင်းသားကြီးသည် လည်းကောင်း မင်းတရားကြီးအား သီချင်းဂီတဖြင့် သွယ်ဝိုက် လျှောက်တင် ရန် စီမံစိုင်းပြင်းကြရလေတော့သည်။

ပထမဦးစွာ မြဝတီဝန်ကြီး ဦးစ သည် နေပြည်တော်ကို ပြန်လည်သတိရစေကြောင်း သီချင်းတစ်ပုဒ် ရေးသား ၍ အဆိုတော်များအား သီဆိုစေခြင်းဖြင့် ရွှေဘိုမင်းတရားကြီးသည် နေပြည်တော် အမရပူရကို သတိတော် ရလာလေသည်။

ထိုသီချင်းမှာ မွန်တို့ဌာနေ ဥက္ကလာပ ဒဂုံမြေတွင် ရောက်ရှိနေခိုက်ဖြစ်၍ မွန်သံဖြင့် ရေးသား စပ်ဆို လိုက်ခြင်း ဖြစ်ပါသည်။ သီချင်း၏ အမည်မှာ (စိန်ချယ်ညီးလင်းရောင်နှယ်) အစချီပါသည်။ ဤသီချင်း ကြောင့် နေပြည် တော် အမရပူရသို့ ပြန်လည် ကြွချီတော်မူခြင်းဖြစ်လေရာ “ဥက္ကလာပ ပြန်သီချင်း” ဟူ၍လည်း ယနေ့တိုင် ထင်ရှားကျော်ကြားခဲ့သော သီချင်းကြီးတစ်ပုဒ်ဖြစ်ပါသည်။

မြန်မာ သီချင်းကြီးများ သီဆိုတီးမှုတ်တတ်ကျွမ်းသူ အနုပညာရှင်များမှန်လျှင် တလိုင်း ၁၂ ခန်း၊ သို့မဟုတ် တလိုင်းသံ သီချင်းကြီး ၁၀ ပုဒ်ကို မြတ်မြတ်နိုးနိုး သင်ယူဆည်းပူး တတ်မြောက်ကြရမြဲဖြစ်ပါမှသည်။

ဤ သီချင်းကြီးများသည် မွန်သံကို ရယူသီကုံးထားသော သီချင်းကြီးများဖြစ်ကြသောကြောင့်လည်း ဆိုရာတီးရာ၌ တော်ရုံပညာရှင်သည်တို့မကိုင်ရဲပါ။ တကယ်တမ်း တီးတတ် ဆိုတတ်သော ပညာဝါရင့် ပုဂ္ဂိုလ်တို့ တီးကြ ဆိုကြသည်လည်းဖြစ်မှု၊ ညဉ့်လသာသာ သန်းခေါင်ကျော် လူခြေတိတ်ချိန်လည်း ဖြစ်ခဲ့ပါမူ ယခုအထက်၌ ဖော်ပြခဲ့သော မြဝတီမင်းကြီး၏ တိတ်ချိန်လည်း ဖြစ်ခဲ့ပါမူ ယခုအထက်၌ ဖော်ပြ ခဲ့သော မြဝတီမင်းကြီး၏ “စိန်ချယ်ညီးလင်း” မွန်သံ သီချင်းကြီးသည် နားသောတဆင်မိသူများ၌ အသံ အသွား၏ ထူးခြားမှု၊ စာသား၏ အရေးအသား ပြေပြစ်မှုတို့ကို ကြားတိုင်း လွမ်းစိတ်ဖြင့် ဆွတ်ပျံ့ကြည်နူးမှုကို အထူးပြု လေ့ရှိသော သီချင်းဖြစ်၍ ဟိုခေတ် ဟိုအခါက သာယာဝတီ ရွှေဘိုမင်းတရားကြီး၏ စိတ်တော်ကို တစ်ခဏ ချင်း ပြောင်းလွဲတိမ်းညွှတ်တော်မူပြီး အမရပူရ နေပြည်တော်ကြီးကို တမ်းတလွမ်းဆွတ်ကာ မြန်မကြာ ပြန် လာလိုသော ဆန္ဒတော် ပေါ်ရမည်မှာ မလွဲမသွေ ကိစ္စဖြစ်ရပါမည်။ သို့ကြောင့်လည်း ယနေ့အထိ “ဥက္ကလာပပြန် မွန်သံ စိန်ချယ်ညီးလင်း” ဟု ကင်ပွန်းတပ်ခံရခြင်းဖြစ်ပါသည်။

၎င်းမြဝတီမင်းကြီး၏ စိန်ချယ်ညီလင်း သီချင်းနှင့် အလားတူ မွန်သီချင်းတစ်ပုဒ်ရေး၍ ဆက်သသီဆို တီးမှုတ် ခဲ့စေပြန်ပါသေးသည်။ ဤသီချင်းလည်း နေပြည်တော်ကို လွမ်းဆွတ် သတိရစေဖွယ် ရည်ရွယ် သော သီချင်းပင် ဖြစ်ပါသည်။

ပြင်စည်မင်းသား ရေးဖွဲ့သော ယင်း တလိုင်း ကြာစေ့ကောက်သီချင်းသည်လည်း တလိုင်း ၁၂ ခန်းပါ အဝင်ပင်ဖြစ်ပါသည်။ ဥက္ကလာပမှ နေပြည်တော် အမရပူရသို့ ပြန်နိုင်ရန် အထောက်အကူ တစ်ခုလည်း ဖြစ် ပါသည်။ ဆောင်းကုန်၍ နွေကူးပြီ ရွက်ဟောင်းတို့ ညှာညောင်းမြေခစပြုပါပြီ။ နေပြည်တော်ကြီးနှင့် မျှော် တိုင်းဝေးနေရပါပြီ။ မွန်တို့ စံရာ ပင်လယ်အဏ္စဝါနှင့် မြစ်သီတာတို့ ဝန်းရံပတ်လည် ဟံသာပြည်ကြီးမှနေပြီး လွမ်းလျ တမ်းတနေကြရပါသည်။ လေးဆူဓာတ်ပုံ တိဂုံဆံတော်ရှင် ခြေတော်ဦးမှာ တူစုံမောင်မယ် ဖူးချင် လှပါသော်လည်း ဘယ်ဝယ် ဘယ်ဆီသို့ လှမ်းမျှော်ရမ်းရော်ကာ တိုင်းတစ်ပါး ဝေးမြေတာက မှန်းဆနေပါ သည်။ နောက်ဆုံးမှာ သန်းခေါင်လေမြူးလို့ ရှေ့ပြုဗ္ဗာဆီမှ လင်းရောင်ခြည် လာသည်တိုင် စက်မပျော်နိုင်၊ ခွေလျက်ကယ်နှင့် တိမ်းမူးလို့ နေရပါတော့သည်ဆိုသော အဓိပ္ပာယ်ကို ယင်းသီချင်း၌ တင်ပြနေပါသည်။

ဤသို့လျှင် ဥက္ကလာပ ယာယီစ့နန်းတော်၌ မြဝတီမင်းကြီး ဦးစနှင့် ပြင်စည်မင်းသားကြီးတို့ အရေးအသား သီချင်းဂီတသံများ လွှမ်းလာသလို စာဆိုတော် အနောက်နန်းမိဖုရား မြကလေးကလည်း ရွှေဘိုမင်းတရား ကြီး တိုင်းတော်ပြည်တော်ကို သတိရတော်မူစေရန်” သိင်္ဂါရွေရောင်” ပတ်ပျိုး တစ်ပုဒ်ကို ရေးသား တင်ဆက် ပြန်သည်ဟူ၍ အချို့ အမှတ်အသားများတွင် တွေ့ရှိရပြန်ပါသည်။ အချို့ အမှတ်အသား၌ ပြင်စည်မင်းသား က ပုဂံမင်းသမီးဘွဲ့ သိင်္ဂါရွှေရောင်ကို ရေးသည်ဟု ဆိုပြန်ပါသည်။ အချို့ကမူ သိင်္ဂါရွှေရောင်ပတ်ပျိုး (ရေးသူမသိ)ဟု ဖော်ပြပါသည်။

သို့ကြောင့် ယင်း သိင်္ဂါရွှေရောင်ပတ်ပျိုးသည် မမြကလေး၊ သို့မဟုတ် ပြင် စည်မင်းသားကြီး တစ်ဦးဦး ရေးရမည့် ဆိုသည်တိုင်အောင် (ပတ်ပျိုး)ကို ထိုအခါက အနောက်နန်း မမြကလေးသာ အရေးအသား များပါသည်။ ဥက္ကလာပ စံနန်းတော်တွင် သမီးတော်ကလေး လှိုင်မင်းသမီး ၈ နှစ်အရွယ်နှင့် စံနေတော် မူခိုက်မှာ မမြကလေးသည် သူ၏ရွှေတိဂုံ အနောက်ဘက် အုတ်စောင်းတန်း ကုသိုလ်တော် လုပ်ဆောင် နေစဉ် ကုန်းတော်ပေါ် ရှုမျှော်လိုက်သည်တွင် ဥက္ကလာပ စံနန်းတော်ကြီးနှင့်တကွ တိဂုံဆံတော်ရှင် ကုန်းပတ်လည် ၌ စိမ်းလဲ့ညိုမှောင်သော တောတောင်ရေမြေနှင့် ရှုခင်းအထွေထွေကို မြင်ရ သောအခါ စာဆို သဘာဝအတိုင်း မြင်ကွင်းများကို ဂီတနှင့် မှတ်တမ်းပြုထားမြဲ ဓမ္မတာသာ ပေါ်ပေါက်ရပါ မည်။

သိင်္ဂုတ္တရ ကုန်းတော်အမြင့်မှနေ၍ ရှုမျှော်လိုက်လေလျှင် တောတောင် စိမ့်စမ်းများ၊ ကုန်း ကိုးဆယ့်ကိုးကုန်း၊ ကျင်း ကိုးဆယ့်ကိုးကျင်း ဆိုသည့်အတိုင်း စိမ်းစိမ်းမြမြ မှိုင်းနေမည်။ တောင်ဘက်နှင့် အနောက်ဘက် တွင် လှိုင်မြစ်မှ ရေဖွေးဖွေး၊ အရှေ့ဘက်တွင် သန်လျက်စွန်းမြစ်သုံးခုဆိုင်၊ ပုစွန်တောင်၊ ငမိုးရိပ် ချောင်းနှင့် ကန်တော်ကြီးတို့က ရေဖွေးဖွေး။ မြောက်ဘက်၌ အင်းလျားကန်၊ သာဓုကန်ခေါ် လှော်ကား ကန်တော်ကြီး များက ရေသီတာဖြင့် ဥက္ကလာပမြို့ကို ဝိုင်းရံထားသည့်နှယ် တွေ့မြင်ရမည်။

ဆူးလေဘုရား၏အနောက်ဘက်၌ ကမ်းနားလမ်းတစ်လျှောက်မှာ အလောင်းမင်းတရားကြိး တည်တော်မူ ခဲ့သော ရန်ကုန်မြို့နေရာဟောင်း၊ ရွှေတိဂုံဘုရား၏ အနောက်မြောက်ယွန်းတွင် တည်ရှိခဲ့ဖူးသော မွန်ဘုရင် မကြီး ရှင်စောပု၏ ဒဂုံမြို့ဟောင်းနေရာတို့ကို လည်းကောင်း၊ ယခုပစ္စုပ္ပန် ရပ်တည်လျက်ရှိသော ရွှေတိဂုံ ကုန်းတော်အနီး အနောက်တောင်ယွန်း၌ရှိသော မောင်တော် ရွှေဘိုမင်းတရားကြီး၏ ဥက္ကလာပ ရန်နှင်မြို့ ယာယီ စံနန်းတော်ကြီးမှ ရွှေရောင်လျှမ်းနေသော စုလစ်မွန်းချွန်တို့ကို လည်းကောင်း၊ ရွှေပေါ်မြတင် ပမာ တွေ့မြင်တော်မူရာ၌ သိင်္ဂါရောင် ပတ်ပျိုးတစ်ပုဒ် ဖြစ်လာမည်မှာ မလွဲနိုင်သော လက္ခဏာ တစ်ရပ်ပင် ဖြစ်ပါ တော့သည်။

သို့ကြောင့် …

” သိင်္ဂါရွှေရောင်၊ ထိန်ဝါဝေပြောင်ရွှန်း၊ ဆောင်ဆောင်နန်းမှာဘုံတွေ၊ ဝင်းဝေလျှံ၊ စံတည်ရာဖွဲ့ငယ်လို၊ သဲငွေ ပြန့်ပိန်း၊ စိမ်းရောင်စို၊ တောင်ညိုမြမှိုင်း၊ သီတာခွေလို့ ရေပတ်လည်ဝိုင်း၊ တိုင်းသာဘုံခန်း ဆန်းထွေလာ၊ စိန် ကြောင်နီလာ ဖလ်ပြာခဲ၊ သန္တာဆွဲလို့ ပုလဲသွယ်၊ လနှယ်နေလို ဝင်းလို့ဆန်း၊ နတ်ကဲ့စံအိမ်။ တွေးဖွဲ့ချိန်၊ ဝတိန်ဘုံသာ ဘုန်းရှင့်နန်း၊ သနားဖွယ် ရွှေလယ်သောင်ရံ၊ သာလွန်ကျူးလို့ မြူးပျော်စံ၊ ရွှေကံတိုးလို့ ဖြိုးဝေေ၀၊ သပြေဒီပါ ဘုန်းဖြန့်မြန်း၊ စုံလန်းငုံလျှမ်း ဒုမ္မာပန်း၊ ဘုံကြာခန်းက၊ နန်းကြာသူ။ ပြာဖြူဝါရွှေဝင်းလို့ ညီးထွန်းကျွန်တော်ခံ၊ ညာစံရှင့်ဘုန်း၊ တိုင်းရွှေပြည်သာလှ၊ ညာခမိုး၊ ဒီပါသောင်ယံစံ နန်းရိုး။

(သဖြန်) အုံ့ကာဝိုင်း မှိုင်းလို့နေ။ အို … စွေမယ့်ငြိုး၊ ရင်ကမှာ ဖော်တူလို့၊ မူမှာမူ ကြင်ဖော်မဲ့တယ် ရွာ နှင့် ကွဲ့မိုး။

ယင်းသဖြန်တွင် ကြင်ဖော်မဲ့လေဟန် ရေးစပ်ထားသော်လည်း ထိုအချိန်တွင် မောင်တော် ရွှေဘိုမင်းက စိမ်း ကားခြင်းမရှိသေးစေကာမူ သီချင်း ကဗျာ၌ ဖွဲ့ရိုးဖွဲ့စဉ်အဖြစ် ပါရှိဟန်တူပါသည်။