ကျွန်းဦးတည့်သံလျှက်ခုံ

ပြည်ကိုယ်တော်နှင့် မြလေးမေနှင့်နန်းတွင်းဂယက်

နောက်နန်းမိဖုရား မမြကလေး၏ “သိင်္ဂါရွှေရောင်ပတ်ပျိုး” သည် သိင်္ဂုတ္တရ ကုန်းတော်အမြင့်မှနေ၍ အရပ် လေးမျက်နှာသို့ ရှုမျှော်ရာ ၌ မျက်ဝါးထင်ထင် တွေ့မြင်နေရသော ရှုခင်းအထွေထွေ၊ ရေမြေ တောတောင်၊ လျှိုမြောင်ချပ်ကြားနှင့် မြစ်ချောင်းအင်းအိုင်များကို ရှုစား၍ စာဆိုပီပီ ကုံးသီဖွဲ့နွဲ့ ထားခဲ့ခြင်း ဖြစ်ကြောင်း ကို လစိမ်းရောင်စို တောင်ညိုမြမှိုင်း၊ သီတာခွေလို့သာ ရေပတ်လည်ဝိုင်း” ဆိုသော သီချင်း တစ်ပုဒ် နှင့်ပင် လုံလောက်စွာ သိရှိနိုင်ပါသည်။

အမရပူရ နန်းတော်တွင်း၌ ယခု ယာယီ ဥက္ကလာပ စံနန်းတော်တွင်းတွင် မြဝတီမင်းကြီး၊ ပြင်စည်မင်းသား ကြီး နှင့် အနောက်နန်း မိဖုရား မမြကလေးတို့၏ သီချင်းကဗျာ ဂီတ အဖွဲ့အနွဲ့ တို့ကို ဖတ်ရွတ် သီဆိုမှု ပြုကြ သော နန်းတွင်းသား၊ နန်းတွင်းသူတို့၏ နှုတ်ဖျားတွင် ပြည်မင်းသား၏ သီချင်းတစ်ပုဒ်ကလည်း ကြိုကြား ပေါ်ပေါက်ခဲ့ပြန်ပါသည်။

ပြည်မင်းသားသည် (သာယာဝတီ) ရွှေဘိုမင်းတရားကြီး၏ သားတော်ကြီးတစ်ပါး ဖြစ်ပါသည်။ ဥက္ကလာပ စုန်တော် မူခဲ့ရာတွင် ရေတပ်တော်ကြီး၏ ရှေ့တပ်ဦးစီး ဗိုလ်ချုပ်ကြီးအဖြစ် ခန့်အပ်တော်မူ၍ ၎င်း၏ ညီတော် ပခန်းမင်းသား အား နောက်တပ် ဗိုလ်ချုပ်၊ ဗိုလ်မှူးခန့်အပ်ပါသည်။ ခမည်းတော် ရွှေဘို မင်းတရားကြီး သည် သားတော်ကြီး ပြည်မင်းအား အလွန် ချစ်မြတ်နိုးတော်မူလှ၍ ငယ်စဉ်ကစပြီး နာမည် ကို မခေါ်ဘဲ “အစ်ကိုကြီး” ဟုသာ ချစ်စနိုး ခေါ်တော်မူလေ့ရှိပါသည်။ ပြည်မင်းသားသည် ကဗျာ ဂီတ ဘက် ၌လည်း ဝါသနာထုံတော်မူပါသည်။ မင်းတို့၌ တတ်မြောက်ကျွမ်းကျင်ရာသော လက်ရုံးရည် ဘက်တွင် သာမက နှလုံး ရည်ဘက်မှာလည်း အလေးအနက် ပြည့်၀ ကုံလုံသော မင်းသားကြီး တစ်ပါး ဖြစ်ပါသည်။

ပြည်မင်းသားက စာဆိုတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ရသူ စာဆိုဖော်၊ ကဗျာဂီတ ညှိနှိုင်း ဆွေးနွေးဖော် တို့မှာ သက်ကြီးပိုင်းမှ မြဝတီဝန်ကြီး ဦးစ၊ ပြင်စည်မင်းသားကြီး စသည်တို့ ဖြစ်၍ ၎င်း နှင့် သက်တူရွယ်မျှထဲက ဆိုလျှင် မိထွေးတော် အနောက်နန်း မိဖုရား မမြကလေးတို့ ဖြစ်ကြပါသည်။

သို့သော် အနောက်နန်းမိဖုရား မမြကလေးမှာ ခမည်းတော် ရွှေဘိုမင်းကြီး၏ နန်းရမိဖုရားကြီးတစ်ပါးဖြစ်၍ ပြည်မင်း နှင့် အသက်အရွယ်ချင်း တူသော်လည်း မိထွေးတော် ဖြစ်နေသောကြောင့် လေးစားရပေသည်။ ထိုမျှ မက အနောက်ပိုင်းခေါ် မင်း၏မိဖုရား မောင်းမများတို့ နေထိုင် စံမြန်းကြရသော အနောက် မိန်းမပိုင်း မှာ အနောက်ပိုင်းဆိုင်ရာ အနောက်ဝန်မင်း အုပ်ချုပ်သည့် မိန်းမစိုး၊ သူငယ်တော်စသော အစောင့် အရှောက် အထိန်းအကွပ်တွေ စည်းကမ်းတွေ အလွန်ကြီးရသော နန်းတွင်း ထုံးစံအတိုင်း မင်းယောက်ျား ပိုင်း နှင့် ကူးလူးယှက်သွယ်မှု၊ ပေါင်းသင်းဆက်ဆံမှုကို ကတ္တားခြားထားသဖြင့် အရောတဝင် နီးစပ်ခင်မင် ဆက်သွယ်မှု ကို သာမန် အရပ်သူ အရပ်သားများကဲ့သို့ လွတ်လပ်ခွင့်မရရှိပေ။

သို့ကြောင့် စာပေရေးရာ၌ ဆွေးနွေး မေးမြန်းမှု အတုံ့အလှယ် ပြုလိုသလောက် ခရီးမရောက်ခဲ့ကြဘဲ “မြလေးမေ ရေးသော သီချင်းသစ်များကို မောင်မောင် ဖတ်ရှုလို၍ ကိုယ်လုပ်တော် ရှင်မွေးတွင်ပုရပိုက် ကလေး ခေတ္တ ငှားတော်မူလိုက်စေလိုပါသည်” … ဆိုသော ဆက်သွယ်မှုမျိုးလောက်သာရှိပါသည်။ မြကလေး ကလည်း ပြည်မင်းသားအား ရွှေဘိုမင်းတရားကြီး၏ သားတော်ကြီးဖြစ်၍ မိမိနှင့် အသက် အရွယ် ချင်း တူသော်လည်း ပြည်မင်းအား လေးစားစွာနှင့် “ပြည်ကိုယ်တော်” ဟူ၍လည်းကောင်း၊ “မောင်မောင်” ဟူ၍ လည်းကောင်း တလေးတစား အရေးထားခေါ်ဝေးပြောဆိုလေ့ရှိပါသည်။

ပြည်မင်းသား ကလည်း ရွယ်တူ ဖြစ်စေကာမူ မြကလေးဟူ၍ ရင်းရင်းနှီးနှီး မခေါ်ပိုင်၊ မိထွေး အမေကလေး နေရာ၌ ထားကာ “မြလေးမေ”ဟူ၍ “မေ”တစ်လုံး အလေးထား၍ ထည့်ခေါ်လေ့ ရှိပါသည် တဲ့။

ပြည်မင်းသား ထံမှ သူ သီကုံးထားသော ကဗျာဂီတများကို မြကလေးဖတ်ရှုစေရန် မကြာခဏ ကိုယ် လုပ်တော် ရှင်မွှေးအား စေလွှတ်ပေးပို့လေ့ရှိကြောင်း သိရှိခဲ့ရဖူးပါသည်။ ပြည်မင်းသား ရေးဖွဲ့သော သီချင်းများ အနက် အောက်ပါ ပတ်ပျိုးသီချင်းတစ်ပုဒ်ကို ထောက်ရှုခြင်းအားဖြင့်လည်း ပြည်မင်းသား၏ ပညာ ကို ရိုသေလေးစားခန့်ညားရန် တွေ့မြင်ရမည်ဖြစ်ပါသည်။

ပြည်မင်းမသား ရေး ပတ်ပျိုး။ ။ စိန်ဝေလျှံ။ သာဟန်လေ ထွေထွေထူးဆန်း၊ ပန်းနံ့ငယ်သင်းကြူ၊ ရွှေမဉ္ဇူ၊ ဝတ်ယူ ကြွေးကာ၊ ဖိုမယ်သံအေးပါလို့၊ ငှက်ကျေးငယ်ညာ၊ ဘာသာတွန်ကြူး၊ ပျော်ကြမြူး၊ တိမ်ဦးငယ် လေတွေဆင်၊ နယ်တည့်သာ နယ်ရှစ်ခွင်၊ မင်းလွင်ကငြိုး၊ အို ညှိုးအောင်ဖန်လာသကိုး၊ မှိုင်းထင်တဲ့မိုး၊ သည် နယ်ရုံ၊ ပျော်စံအိုင်မင်းငယ်၊ သင်းထုံပျံ့မွှေး၊ လေပြေတသွေးသွေး၊ မြသွေးငယ် ကြည်လင်အေး၊ မျှော်ရေးခန့် ညောင်း၊ စုံမြိုင်ယံ၊ ညှာတံပင်လုံလောင်း၊ ရွှေပေါင်းပျော်ရာ၊ စုံလေတည့်မှ၊ ရနံ့ရွှေပဒုံ။ ။

သဖြန်။ ။ လွမ်းစေဖို့ကြုံ၊ နေအရုဏ် ဖန်ခြည်ညို့ခါမှ၊ ပြန်စို့ဘုံနန်း။ ။ ပျော်မြဲအိုင်ကုဏ္ဍမို့၊ ရွှေလွှာကို လေပြည် ဖွဲ့တယ်လေ၊ ဖော်မဲပသူ့ပန်း။

အထက်ပါ ပြည်မင်းသားကြီး၏ လက်ရာမြောက် ဂီတ တစ်ပုဒ်သာမက များစွာ ရှိပါသေးသည်။

အနောက်နန်း မိဖုရား မြကလေးသည် ပြည်မင်းသား ရေးသော တေးဂီတ ပုရပိုက်ကို ကြည့်ရှုရသည့်အခါ ပြည်ကိုယ်တော် ၏ အရေးအသား ကို နှစ်သက်မှု ရှိပါသည်ဟု ပြန်လည် ဖြေကြားဖူးသလို၊ မြလေးမေ၏ အရေးအသား တို့ကိုလည်း ပြည်မင်းသားက နှစ်သက်ရုံမက ကရုဏာရသတွေ ပိုလှကြောင်း သိစေသည်။ မိဖုရား မြကလေးရေ …

“ကြာခြည်ယံ … နာရီပြန် ဗဟိုငြိတ်ပါပေါ့၊” ဆိုသော တြိချိုးသဖြန်သည်လည်းကောင်း၊ “နေမှိန်မှိန် ဆင်ဗောင်းတော် ရွှေပုသိန် နှင့် လာချိန်တန်ပေါ့၊ ထပ်ထပ်ကာမျှော်၊ ပြာသာဒ်ကယ် ဆောင်ဘုံပေါ်က၊ အကြို တော်သည်မယ် ထောက်ရတယ်၊ ကိုယ်တော်ရေ၊ ကိုးခေါက်ပြန်ပေါ့” ဆိုသော ဒွေးချိုး သဖြန်း ကလေးများ သည် လည်းကောင်း၊ မြကလေး၏ ပစ္စက္ခဘဝမှ နှလုံးသား အခြေအနေကို တစ်စိတ် တစ်ဒေသ သိမြင်ရ၍ ကရုဏာရသ ဖြစ်ရသည့်အထဲမှာ …

” ရှိစုံရွက်ကြာ၊ ဆူဆူဝေဆာ၊ စံရာဘုံရွှေနန်း” အစချီသော မြကလေး၏ အမျှော်စိုက်၊ မျှော်တော်ယောင် ပတ်ပျိုး နှင့် …

” နဝရတ်ကယ် ရောင်စုံ၊ ခင်းပြန့်ဘုံ။ ပျော်လည်း ခုပျော်တယ်ရုံ။ ဖူးရွှေခြုံငယ်လေ၊ လုံနိုင်လေပါပဲ၊ ဗျာ ဘာသာ ပွား ဆင့်ဆင့်ကဲ။”

အစချီသော မြကလေး၏ မျှော်တော်ယောင် ပတ်ပျိုးကြီးများသည် သူ၏ ခံစား ချက်နှလုံးသား အရှိကို ထိထိ မိမိ ရေးဖွဲ့ဖွင့်လှစ်ထားခြင်းဖြစ်လေရာ၊ မောင်တော် သာယာဝတီ ရွှေဘိုမင်း တရားကြီးအတွက် မည်မျှ စိတ်တော်ညွှတ်ဖွယ် ရှိမရှိကို တိတိကျကျ မသိရစေကာမူ ပြည်မင်းသားကြီးက မြကလေးမေ၏ ဖြစ်အင် ကို မသနားဘဲ ကရုဏာမသက်ဘဲ နေနိုင်မည် မဟုတ်ဟု ယူဆစရာရှိပါသည်။

အနောက်နန်းမိဖုရား မြကလေးကလည်း အသက်အရွယ် ငယ်ငယ်၊ ချောချောလှလှ၊ ရွှေဘို မင်းတရားကြီး က သူ့ထက် “အသက်တစ်ပြန်ကြီးသူ” ဖြစ်သည်။ ရွှေဘိုမင်းတရားကြီး၏ သားတော် ကြီး ပြည်မင်းနှင့် မမြကလေး က သက်တူရွယ်တူ ဖြစ်နေရာ အနုပညာဂီတကဗျာ ဝါသနာထုံသူ နှလုံးသား ချင်းတူသူဖြစ်၍ ပြည်မင်း က မြကလေးအား ဖခမည်းတော်ကိုယ်စား သနားခြင်း၊ ညှာတာခြင်းများရှိပြီး ခမည်းတော်က မြကလေး အပေါ် ကြင်နာတော် မမူတော့သယောင် အခြေအနေတွင် တွေ့မြင် သိရှိရသော အခါ “အဖေ ကလည်း ဗျာ၊ သူ့ခမျာ သနားစရာကလေးပါ၊ ပစ်ပယ်မထားပါနဲ့” ဟု အရပ်သား သာမန်လူတန်း စား တို့လိုလည်း ပြောရဲမည် မဟုတ်လေတော့ စုတ်သပ်၍ သနားကြင်နာနေရုံမှတစ်ပါး အခြားမတတ်နိုင်ရှိခဲ့ ပါသည်။

စင်စစ် ရွှေဘိုမင်းတရားကြီးက အနောက်နန်းမိဖုရား မြကလေးကို မင်းသား ဘဝက ရန္တပိုစာချုပ်ကိစ္စနှင့် လာရင်း ဟင်္သာတမြို့ ရောက်စဉ်၌ တွေ့မြင် ကောက်ယူတော်မူခဲ့ပြီးလျှင် အလွန်ပင် ချစ်ခင်မြတ်နိုးတော်မူ ခဲ့ပါသည်။ မင်းမျိုးနွယ်အတွင်းမှ ကိုယ်လုပ်တော်ကြီးများကိုပင် နန်းရ၊ ဆောင်ရ မိဖုရားအရာ မပေးခဲ့ဘဲ သာမန် အရပ်သူ မြကလေးအား အနောက်နန်း မိဖုရားကြီးအရာမြှောက်၍ ရတနာအစုအပုံထက်၌ ဘိသိက် သွန်းခြင်း၊ “သီရိမဟာသုတ ရတနာဒေဝီ” အမည်နှင့် ရွှေဘွဲ့ချီတော်မူပြီး ရွှေလောင်းတိုက်ကို မြို့စား ပေး သနားတော်မူခဲ့သည်။ တောင်နန်းစံ မိဖုရားခေါင်ကြီးမှလွဲ၍ မြောက်နန်းမိဖုရား အလယ်နန်း မိဖုရားကြီးများ နှင့်အတူ အနောက်နန်း မိဖုရားကြီးအဖြစ် မြှောက်စားသနားတော်မူခဲ့ပါသည်။

မင်းခင်းမိဖုရား၊ ဗန်းမော် မိဖုရားတို့ပင် နန်းမရကြပေ။ သို့မြကလေးအား ဤမျှချစ်ခင် မြှောက်စား သူကောင်းပြု ထားပါလျက် နောက် ပိုင်းတွင် မြကလေးထံ အဆောင်တော်ကူး ကျဲ၍ ထွက်တော်မူချိန် နည်းရခြင်း မှာ ထီးနန်းစံ မင်းဧကရာဇ် တို့ ၏ တာဝန်ဝတ္တရား အဖြာဖြာ များရှိသည်။ အသက်တော် ကလေး ကလည်း ကြီးလာပြီ။ သည်တော့ မင်းသား ဘဝတုန်းကလောက်တော့ မဟုတ်နိုင်တော့ပြီ။

ဤသည်ကို ငယ်ရွယ်သူ မိဖုရားမြကလေး က အဆောင်တော် ကူးကျဲလာခြင်းအတွက် အချိန်ရှိတိုင်း အမျှော်တော် ဆက်နေရသည်။ အသက်ချင်း၊ အရွယ်ချင်း မတူတော့လည်း ချစ်ပုံချစ်နည်းချင်း တဖြည်းဖြည်း တစ်မူစီ ကွဲလာဟန်ရှိသည်။ ဒါကို ငယ်ရွယ်သူ မြကလေး မကျေမနပ်ရှိကာ ကဗျာ၊ ဂီတ၊ သီချင်းများနှင့် နှလုံးသား မှ ဒဏ်ရာတွေကို ထုတ်ဖော်နေခြင်းက အစပြုလာရခြင်းဖြစ်ပါသည်။

ရွှေဘို မင်းတရား သည် အခြားမိဖုရား မောင်းမတို့အဆောင်၌ အနေများပြီး အနောက်နန်း မိဖုရား အဆောင် ကို ချန်လှပ်၍ သတ်သတ်ထားခြင်းတော့ မဟုတ်ရှာပါ။

ဘိုးတော်ဘုရားတို့ကဲ့သို့ မိဖုရားကိုယ်လုပ်တော် ငါးဆယ်ကျော် မရှိသူ ရွှေဘိုမင်းသည် မိဖုရားမများပါ။ မိဖုရား ခေါင်ကြီး နှင့် နန်းရ ဆောင်ရ မိဖုရား ကိုယ်လုပ်တော်တွေ စုစုပေါင်းမှ ၁၅ ဦးမျှသာရှိသူ ဖြစ် ပါသည်။

သည်တော့ ဟိုမိန်းမတွေဆီ သွားနေရတာကြောင့် မြလေးအတွက် ရက်မရခြင်း မဟုတ်ဘဲ အသက်အရွယ် တော် ကလည်း ထောက်လာပြီဖြစ်လို့ လောကီစည်းစိမ် ချိုးနှိမ် ခြိုးခြံပြီး တိုင်းရေး ပြည်ရေး၊ သာသနာ တော် အရေး ၌ အလေးသာ၍ နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု တစ်နည်းတစ်ဟန် ကြံဖန် သုံးသပ် ကြည့်မည် ဆို လျှင်လည်း ဖြစ်နိုင်ပါသေးသည်။

နောက်တစ်ချက် ဆွေးနွေး၍ အတွေးနယ်ချဲ့ဖို့ ကိစ္စတွေကဖြင့် မြကလေး၏ ဘဝမှာ နာကြည်းစရာတွေ တကယ် ပေါ်ပေါက်လာရခြင်းပင်ဖြစ်ပါသည်။

ရွှေဘိုမင်းတရားကြီးသည် အသက် ၃၀ အရွယ် သာယာဝတီမင်းသားဘဝက အနောက်နန်း မိဖုရား မမြကလေး အား ၁၁၈၈ ခုနှစ်တွင် သိမ်းပိုက်တော်မူပါသည်။ ၁၁၇၁ ခုနှစ်တွင် မွေးဖွားသူ မြကလေးသည် သာယာဝတီမင်း ကောက်ယူတော်မူစဉ်အခါက အသက် ၁၇ နှစ်မျှသာရှိပါသေးသည်။ သာယာဝတီမင်း သည် ဘကြီးတော် လက်ထက် သာယာဝတီ မင်းသားအဖြစ်နှင့် လွှတ်တက်မင်းသားကြီး အစီးအနင်း အဆောင် အရွက် ထက် လွန်ကဲ၍ အိမ်ရှေ့မင်းတို့ တာဝန်နီးနီး နိုင်ငံတာဝန် ထမ်းရွက်နေစဉ် ဖြစ်ပါသည်။

မမြကြုတ်ခေါ် မြကလေးသည် သာယာဝတီ မင်းသား၏ ကြင်ရာတော်ဘဝ၌ ပထမ သားဦးရတနာတစ်ပါး ထွန်းကား ပါသည်။ ၎င်းသားတော်သည် ငယ်စဉ်အခါကပင် ကွယ်လွန်အနိစ္စ ရောက်သွားပါသည်။ ထိုနောက် ၁၁၉၅ ခုနှစ်၊ မမြကလေး အသက် ၂၄ နှစ် အရောက်၊ သာယာဝတီမင်း၏ ကြင်ရာတော်အဖြစ် ၇ နှစ် မြောက် တွင် သမီးတော် လှိုင်မြို့စားကို ဖွားမြင်တော်မူပါသည်။

သမီးတော် ပုခက်တွင်းအရွယ်။ ထိုစဉ်က “အဖွားကြီး” ဟု ခမည်းတော်က ချစ်စနိုးခေါ်ခဲ့သော လှိုင်မြို့စား မင်းသမီး ၄ နှစ် အရွယ်သို့ ရောက်သောအခါ သာယာဝတီမင်းသည် ထီးနန်းရရှိပြီး ဘုရင်အဖြစ် ရောက်ခဲ့ ပါသည်။ ဘုရင် ဖြစ်သောအခါ အသက် ၅၀ ရှိနေပါပြီ။ ရွှေဘိုမင်းတရားဟုလည်း ခေါ်ပါသည်။ စာဆိုတော် များကမူ “ရွှေဘို ဘုန်းပွင့်ဘုရား” ဟုလည်း ခေါ်ဝေါ်သုံးနှုန်း ရေးသားလေ့ရှိကြပါသည်။

မမြကလေး အသက် ၁၈ နှစ်တွင် ရွှေဘိုမင်း အထွတ်အမြတ်ရောက်၍ အနောက်နန်း မိဖုရားအဖြစ် ရောက် သောအခါ (အရပ်သားပြော ပြောရလျှင်) အိမ်ထောင်သက် (၁၁)နှစ် ရှိခဲ့လေပြီ။ ရွှေဘိုမင်း အသက် ၄၀ အရွယ်တွင် မြကလေး အသက် ၁၇ နှစ် နှင့် အတူတကွ နေခဲ့ရသော ကာလ အပိုင်း အခြား သည်လည်း မနည်း တော့ပါ။ (၁၁)နှစ်ကာလ ကြာလေပြီ။

လှိုင်မင်းသမီးကလေးကို ဖွားမြင်ပြီးခဲ့သော နောက်ပိုင်း၌ မိဖုရားမြကလေးသည် တတိယမြောက် သားတော် ၂ ပါး အမြွှာ ညီနောင်ကို ဖွားမြင်ပြန်ပါသည်။ သို့သော် ထိုသားတော် အမြွှာ နှစ်ယောက်မှာ အသက် မရှည်၊ ငယ်စဉ်ကပဲ ကွယ်လွန် အနိစ္စ ရောက်သွားကြပါသည်။

အဲဒီမှာ တွေးစရာတစ်ကွက် ဝင်ပြန်သည်။ ပုဂံပြည်ရှင် တရုတ် ပြေးမင်း လက်ထက်၌ တရုတ်တို့ အန္တရာယ် က အလွန်ကြီးနေသည်။ နေ့၊ ည တထိတ်ထိတ် နေရသည်။ ပုဂံပြည်ရှိ ဘုရားစေတီများဖျက်၍ ခံတပ်များ လုပ်ရသည် အထိ ကိစ္စများဖြစ်ကြရသည်။ ဤတွင် သိုက်တပေါင် ကိန်းခန်းများ၌ ပုဂံပြည်ကြီးသည် “သားအမြွှာ” မင်း လက်ထက် ၌ ပျက်စီးရမည်ဟု အဟော ရှိသည်ဆို၏။

ထို့ကြောင့် ဟင်းစားကြီးပြီး၊ ဒေါသကြီးတတ်သော နရသီဟပတေ့မင်း (နောင်မှ တရုတ်ပြေးမင်း ခေါ် ပါသည်) သည် သူ့ နန်းတော်တွင်းက မိဖုရား၊ မောင်းမ၊ ကိုယ်လုပ်တော်များကို စစ်ဆေးသောအခါ ကိုယ်လုပ်တော်ငယ် တစ်ဦး တွင် မကြာမီက သားအမြွှာ အသေဖွားကြောင်း သိရသည်။ ဤတွင် သူ့ လက်ထက် မှာ ပုဂံပြည် ပျက်တော့ မည်ဟု ယုံကြည်ပြီး စိတ်ဓာတ် အလွန်ကျဆင်းသွားသည်ဟု ဆိုပါသည်။ ဒါကြောင့် ဘယ်လိုပဲ ခံတိုက်တိုက် ဖြစ်တော့မည် မထင်၍ တရုတ်တို့ မလာခင် ကြိုတင် ထွက်ပြေး ခဲ့ လေသည်။ ဒါကြောင့် နောင်အခါ ရာဇဝင် အမည်းကွက်ထင်ရစ်ပြီး “တရုတ်ပြေးမင်း” ဆိုသော ရှုတ်ချ ဂုဏ်ထူးကြီး ကို တပ်ဆင်နေရတော့သည်။

ဘာပဲဖြစ်ဖြစ် သေချင်သေ၊ ကျေချင်ကျေ ရန်သူကိုခံချလိုက်မည်ဆိုလျှင် သူ့ခမျာ ဂုဏ်ရှိရှိနှင့် သေရမည် ဖြစ် ပေသည်။ ခုတော့ သားအမြွှာ အဖေဖြစ်ကြောင်း သိရရုံနှင့် စိတ်ဓာတ်မကျသင့်သည်ကို ကျလိုက် ရသည်။

ရောမ ရာဇဝင်မှာလည်း ကလေး အမြွှာညီနောင်မွေး၍ နန်းတွင်းရေး မအေးမှာစိုးပြီး ရေထဲမျှော်ပစ်လိုက်ရ သည်။ ဝံပုလွေမကြီး က တွေ့၍ ကလေးများကို မစားဘဲ နို့တိုက်မွေးသဖြင့် ကြီးပြင်းခဲ့ကြပြီးနောက် ရောမ ပြည်ကြီး ကို တည်ထောင်ကြောင်း အဆိုရှိသည်။ ရှေးခေတ် ဥရောပနိုင်ငံတချို့ နန်းတွင်း အမြွှာများကို သတ်ပစ် လေ့ ရှိ၏။ မြန်မာပြည်မှာလည်း တောင်တန်းသားအချို့ အယူမှာ အမြွှာမွေးများကို သတ်ပစ် လေ့ရှိပြီး မွေးမိခင် ကိုလည်း ဝိုင်းပယ်ထားတတ်သည်။

မင်းဧကရာဇ်တို့ အုပ်စိုးသော ရှေးလွန်ခဲ့ပြီး ခေတ်များ၌ နန်းတော်တွင်း ကိစ္စများမှာ အမြွှာကို တယ်ပြီး လက်ခံ ချင်ကြပုံ မရှိပါ။ မင်္ဂလာမရှိဘူးလို့များ ယူဆလေရော့သလား။

ရွှေဘို မင်းတရားကြီးသည်လည်း မင်းဧကရာဇ် တစ်ပါးပင် ဖြစ်၍ အမြွှာမွေးဖွားသော မိခင်အဖြစ် မြကလေး ကို အပြစ်များမြင်၍ အဆောင်ကူး ဆင်ခြင်လေသလားဟု တစ်နည်းအားဖြင့် စဉ်းစားစရာ ဖြစ်နေ ပြန်ပါသည်။

အမြွှာမွေးခြင်းသည် သဘာဝကပင် ပေးခြင်းမျှသာဖြစ်၍ မိခင်၏ လော်လည်ခြင်း မဟုတ်သောကြောင့် ဘာမျှ ပြစ်တင်ဝေဖန်ရန် မရှိပါ။ သို့သော် နောက်တစ်ခါ ထပ်မွေးလာခဲ့ပါလျှင် ခက်ရချည့်လို့များ ထင်လေ ၍ အဆောင်ကူး ဆင်ခြင်လေသလား၊ အရပ်စကားအဖြစ် ရွှေဘိုမင်းသည် (မယား) မိဖုရား ရွေးချယ်ရာ တွင် အလှအပတွင်သာမက အရပ်အမောင်း ကောင်းသူကိုလည်း ဂရုပြုသည်ဟု ဆိုရိုးရှိသည်။ အရပ်ရှည်ရှည် နွဲ့နွဲ့ မိန်းမများကို ကာလသားများက ထို မိန်းမ ပေါင်တံ ရှည်သည် (ရွှေဘိုမင်းကြိုက်ပဲ) ဟု ပြောဆို ပြက်ရယ်ပြုလေ့ ရှိခဲ့ပါသည်။ ယင်းကြောင့် ပေါင်တံရှည်ရှည် မိန်းမလှတွေကို သားသမီးအမြွှာ မွေး ဖွားမည် ကို မလိုလားလေသလားဟု တွေးမည်ဆိုလျှင်လည်း တွေးတောစဉ်းစားဖွယ် ဖြစ်ပေ လိမ့်မည်။

သို့သော် ဤကိစ္စက အသေးအမွှား ကိစ္စများသာဖြစ်ပါသည်။

မူလ လိုရင်းချက်ကတော့ ဆိုခဲ့ပြီးအတိုင်း သက်ရွယ်ကြီးလာသော ရွှေဘိုမင်းတရားကြီးသည် မိဖုရား ဆောင် များသို့ ကြွချီတော်မူခြင်း နည်းပါးလာသည်ကို အခြားမိဖုရားတွေက သက်ရွယ် မငယ်ကြတော့ သဖြင့် ပသို့မျှ မရှိသော်လည်း ငယ်ရွယ် နုပျိုနေသော အနောက်နန်းမိဖုရား မြကလေး ကိုတော့ အဆွေး ပိုစေသည်။ အမျှော် စိုက်စေသည်။ တောင့်တမှု၊ တမ်းတမှုတို့မှ တစ်စတစ်စ လွမ်းဆွတ် ကြေကွဲမှု၊ ဝမ်းနည်း ပူဆွေးမှုတို့ကို ဖန်တီးလာစေသည်။ သည်တော့ ပူဆွေး၊ တမ်းတ၊ လွမ်းလျမှုများကို ကဗျာ ဂီတ ရသ တို့ဖြင့် ဖွဲ့နွဲ့မွမ်းမံကာ စာပေတန်ဆာ ဆင်ယင်လေတော့သည်။ ဤတွင် ပတ်ပျိုးတွေ၊ ဘောလယ် တွေ၊ တေးထပ်သဖြန်တွေ ပလူ ပျံသည်နှယ် တစ်ပိုဒ်ပြီးတစ်ပိုဒ် ထွက်ပေါ်လာရခြင်းဖြစ်လေသည်။

      ဟိုယခင်ကဆိုလျှင် မောင်တော်သည် မြကလေး အဆောင်တော်သို့ ကြွမြန်းလာပါက နို့စို့အရွယ် သမီးတော် ငယ်ကလေး အား အထိန်းတော်များ လက်မှာမထား၊ မြကလေးအား ပိုက်ဖြား ဆက်သ စေသည်။ ပွေ့ချီချော့ မြူကာ သမီးတော်ကလေးက ပြုံးလာလျှင် “ဟာ အဖွားကြီး၊ သွားတွေ မရှိ ပါကလား” ဟု ပြုံးကာ ရယ်ကာ မိန့်တော်သာခဲ့ဖူးသည်။

ဒါတွေ ကို တွေးတွေးပြီး တနုံ့နုံ့ ဆွေးနေခဲ့ရသည်မှာလည်း အနောက်နန်းမတော် မြကလေး၏ တာဝန်လုပ် ငန်းကြီး တစ်ရပ်ကဲ့သို့ ဖြစ်၍ နေရှာလေသည်။

သည်လိုနှင့်ပဲ အမျှော်နှင့်အငေး အဆွေးကို ဆိုင်တယ်၍ အလွမ်းတွေ ဖောက်သည်ပေးနေသလို စာဆိုခြင်း တို့ဖြင့် ရင်တွင် မာကည်သမျှတွေအား သူ၏နှလုံးသားမှ တေးဂီတများအဖြစ် ပြောင်းလွဲဖြန့်ဖြူးရခြင်းမှာ ဂီတစာဆိုမှု၌ အထုံပါခြင်း၊ ကျွမ်းကျင် တတ်သိခြင်းတို့ကြောင့်ပင် ဖြစ်ပါသည်။ ဆိုခဲ့သမျှ စာတို့မှာလည်း မြေသြဇာ ကောင်းကောင်းတွင် ယုယပြုစုမှု ကျွမ်းကျင်သူ၏ ပန်းပင်ကဲ့သို့ ပွင့်သမျှ အပွင့်များ လှပ မွှေးကြိုင်၊ ရနံ့တွေလှိုင်သလို အနုပညာရှင် မြကလေးဆိုခဲ့သမျှ၊ ကုံးနှုန်းဖွဲ့ခဲ့သမျှ ဂီတ စာပေတို့မှာလည်း ကဗျာ ဂီတအရာ၌ စံနမူတင်ရလောက်အောင် ပြောင်မြောက်လှပ မွှေးကြိုင်ခဲ့ရခြင်းဖြစ်ပါသည်။

ရွှေဘိုသို့ထွက်၍ အောင်စစ်ချီခြင်းဖြင့် နောင်တော် (ဘကြီးတော်) ဘုရင်အား အောင်မြင်ပြီး ရတနာပူရ အင်းဝမြို့ကြီး နှင့်တကွ ထီးနန်းစည်းစိမ်ကို သိမ်းပိုက်တော်မူရသဖြင့် ရွှေဘိုမင်းတရားကြီး ဟု လည်းကောင်း၊ ရွှေဘို ဘုန်းပွင့်ဘုရားဟူ၍လည်းကောင်း၊ ကုန်းဘောင်မင်းဟူ၍လည်းကောင်း၊ မင်းသား ဘဝက ခေါ်ကြသော သာယာဝတီမင်းဟု လည်းကောင်း ဘွဲ့မည်အမျိုးမျိုးရှိခဲ့သော ရွှေဘိုမင်းတရား ကြီး သည် မင်းသားဘ၀ ကပင် တိုင်းပြည်တာဝန်ကို အချိန်ပြည့် ထမ်းဆောင်တော်မူခဲ့သူဖြစ်သည်။ အောက်ပြည် အောက်ရွာ ဆိုတာတွေလည်း သူတစ်ဦးတည်း ဒိုင်ခံသွားရောက်ခဲ့ရသူ။ အဆောင်ထဲမှာ မင်းသား တို့ ဓမ္မတာ စည်းစိမ်ခံ၍သာ မနေတတ်ပါ။ ရန္တပိုစာချုပ် ကိစ္စပြီးသည့် နောက်မှာပင် ရန်ကုန်မြို့မှ ကုလားဖြူ အင်္ဂလိပ်တို့၏ ယူနီယံဂျက်အလံကို ဖြုတ်ချ၍ မြန်မာ့ဒေါင်းအလံကြီးကို တဝင့်ဝင့်နှင့်ပင့်၍ ပင့်၍ တင်ပေးခဲ့သူ ဖြစ်ပါသည်။

နေပြည်တော်မှာဆိုလျှင်လည်း မင်းသားကြီး ဦးအိုတို့ အဖွဲ့အစည်းနှင့် တစောင်းစေးနှင့် မျက်ချေးပမာ ရန်ဆောင်လျက် မိမိဘက်မှ အရေးအခွင့် မလစ်လပ်ရလေအောင် သတိဝီရိယကို ရှေ့ဆောင်ပြီး နိုင်ငံရေး မီးစင် ကြည့် ၍ ကခဲ့ရသူဖြစ်ပါသည်။

သည်အထဲ မလွဲှသာမရှောင်သာလို့ ကြာရင် ခက်ရချည့်ဆိုပြီး နောင်တော်မင်းတရားကြီးကို ပုန်ကန်ရန် ကုန်းဘောင်ဆက် မင်းသား ပီပီ ရတနာသိင်္ခ၊ မုဆိုးဘို၊ ကုန်းဘောင်၊ အောင်မြေပြည်ရွှေဘို စသဖြင့် ငါးမည်ရ အောင်မြေဌာန သို့ ထွက်ခဲ့ရသည်။

မိမိကို နှစ်သက် ကြည်ညိုသူတို့အား ဗိုလ်ဝင်ခံပြီး နောင်တော်မင်းတရား ကြီးကို စစ်ပြိုင် တိုက်ခိုက် ရ တော့သည်။ စစ်တိုက်ရ တော်လှန် ပုန်ကန်ရသည်မှာလည်း နောင်တော်ဘုရား အား သစ္စာဖောက်၍ မဟုတ်၊ ဦးအိုတို့ စက်ပုန်းခုတ်ကြသည်မှာ ကြာလျှင် တိုင်းပြည်ပါ မှောက်ရတော့မည်။ နောင်တော် ဘုရားကြီး မှာ မကျန်းမာ၍ နန်းမတော်မယ်နုနှင့် မောင်အိုတို့ ပြုသမျှကို နုနေရသူဖြစ်သည်။ ရှင်းရှင်း ဆိုရလျှင် ပီယဆေးအမျိုးမျိုး၏ မှိုင်းမိ၍ ကြောင်တိကြောင်တောင် ဖြစ်နေရသူ ဘကြီးတော်မှာ လူမမာ အမည်ခံ နှင့် ကန့်လန့်ကာ ချထားခံနေရစဉ် မတရားတာ၊ တရားတာတွေ နောင်တော် မသိနိုင်သော ကြောင့် မိမိ အတွက် အကာအကွယ်မရှိ၊ မိမိဘုန်းလက်ရုံးကို မိမိသာ အားထားရာ ဖြစ်လာသောကြောင့် နောင်တော်ကို ချစ်ကြည်ပါလျက် မလွဲှသာ၍ ပုန်ကန်ထွက်လာရသူဖြစ်သည်။ သည်ကာလ သည်အချိန်မျိုး မှာ သာယာဝတီမင်းသား သည် ဘယ်ကြင်ရာတော်များထံ အေးအေးလူလူ စံနေတော်မူနိုင်ပါမည်နည်း။

သို့သော် သူ့ကြင်ရာတော်များကို ဘယ်သူသေသေ ငတေမာ ပြီးရော သဘောနှင့် ဥပေက္ခာ မထားခဲ့ ရက်ပါ။ ထားခဲ့ရင်လည်း မယ်နုနှင့် မောင်အိုတို့လက်ထဲတွင် သူ၏ ကြင်ရာတော်များ၊ သားတော် သမီးတော်များအား ဆီးဖြူဖန်းခါးကဲ့သို့ ဝါးစားပစ်ကြတော့မည်မှာ မလွဲသွေနိုင်သော အကြောင်းများ ဖြစ်ပါသည်။

ဒီတော့ သာယာဝတီမင်းသားသည်သူ၏ မင်္ဂလာစံအိမ်တော်မှ တပည့်တပန်း လူသူအမှုထမ်းများနှင့် ခြံရံကာ ရွှေဘိုအောင်မြေသို့ ထွက်တော်မူခဲ့သည်နှင့် တစ်ပြိုင်နက် ကြင်ရာတော်များ၊ ကိုယ်လုပ် မောင်းမများ နှင့်တကွ သားတော်၊ သမီးတော် ကြီးငယ်များ ပုစုခရု မကျန် အားလုံးသိမ်းကျုံးခေါ်ယူ ပြီးမှ ပုန်ကန် တော်လှန်ရန် ထွက်လာကြရခြင်းဖြစ်ပါသည်။ ဘယ်လောက် တာဝန်များပြားလိုက်ပါသလဲ၊ နောက်ဆုံး မှာ စစ်နိုင်ပြီး အောင်ပန်းဆွတ်ခူးနိုင်လို့သာပေါ့။ တကယ်လို့များ မနိုင်လို့ ရှုံးခဲ့လျှင် သူပုန်များ အဖြစ်နှင့် တစ်သိုက်တစ်မြုံလုံး ဘဝစုံးစုံးမြုပ်ကြရပေမည်။ ကြူပင်ခုတ်က ကြူငုတ်ပါ မကျန်ရ ဆိုသော စကားအတိုင်း မိသားစုတစ်သိုက်မှာ ရာဇဝတ်သားများအဖြစ် ခေါင်းတခြား ကိုယ်တခြား သွားရာလမ်း အတိုင်းပင် တကား။

သည်အချိန်မှာဆိုလျှင် သာယာဝတီမင်းသား၏ ကြင်ရာတော်တစ်ပါးဖြစ်သူ မြကလေးမှာလည်း သမီးတော် ကလေး သွားမရှိ လို့ အဖွားကြီး တွင်ခဲ့သူ မဖွားကြီးက နှစ်နှစ်ကျော် သုံးနှစ်နီးပါး မတ်တတ်သွားစ မို့ အထိန်း အယများနှင့်တကွ မိမိလက်ပေါ်က ချရသည် မရှိသေးဘဲ မောင်တော် ထွက်တော် မူရာ ရွှေဘိုအောင်မြေ အရပ်သို့ မြတဘက် နားပန်းပန်ပြီး မိန်းမကြမ်းကြီးလုပ်၍ လိုက်ခဲ့ ရရှာမည်။ မြကလေးသာမက အခြားသော ကြင်ရာတော်များ၊ ကိုယ်လုပ်တော်များ၊ သားတော်၊ သမီးတော် များလည်း ဤနည်းနှင်နှင် စုစုရုံးရုံးကြီး မြတ ဘက်ခါးထက် နာနာပန်းခဲ့ကြရမည့် အချိန်ကာလပင်ဖြစ်၏။ မောင်တော် သာယာဝတီမင်းသား ၏ အရေး သည် သူတို့ အရေးပင်မဟုတ်ပါလေလား။

ကြွချီတော်မူရာ နောက်တော်က ပါရသော မိဖုရားများနှင့် ကိုယ်လုပ်တော်များတွင် သားငယ်၊ သမီးငယ် ပုစုခရု တွေ ကိုယ်စီ ရှိကြပြီး၊ သူတို့ဆိုင်ရာ တာဝန်ထမ်းဆောင်ရသူ အထိန်းအယနှင့် လက်ပါးစေတွေက လည်း နည်းနည်းနောနော မဟုတ်ပါ။ အင်း၀ နေပြည်တော်ရှိ သာယာဝတီ မင်းသားကြီး၏ နေအိမ်မှ ကသုတ် ကရက် ထွက်လာကြရာမှာပင် ကြင်ရာတော် မိန်းမသားများ၊ သားငယ်၊ သမီးငယ်များနှင့် အိမ်တော်ပါ ငယ်ကျွန်တော်များ၊ အခြွေအရံများ၏ အုပ်စုကြီးက များလှသဖြင့် ရှေ့တပ် နောက်တပ် ခြံရံပြီး ဘေးလွတ်အောင် ရှောင်တိမ်းထွက်ခွာ၍ ရတနာသိင်္ခပြည် ကုန်းဘောင်အောင်မြေအရပ်သို့ လာခဲ့ ကြရခြင်း ဖြစ်ပါသည်။

ထိုစဉ်က အတော်အသင့် လူလားမြောက်နေပြီဖြစ်သော သားတော်ကြီးများမှာဆိုလျှင် နောင် မိဖုရားခေါင် ကြီး ဖြစ်မည့် လက်ထပ် ကြင်ရာတော်ကြီးတွင် သားတော် (ပုဂံမင်းဖြစ်မည့်သူ) တစ်ပါး၊ သမီးတော် (စကြာ ဒေဝီ မိဖုရားကြီးဖြစ်မည့်သူ) တစ်ပါးတို့မှာ အသက်နှစ်ဆယ် ပတ်ဝန်းကျင်တွင် ရှိနေပါပြီ။

မြောက်နန်းမိဖုရား၏ သားတော်၊ သမီးတော် ၄ ပါးမှာ ငယ်က ကွယ်လွန်ကြ၍ တကူးတကန့် ရေတွက်ရန် မရှိ စေကာမူ အလယ်နန်းမိဖုရားကြီး၏ သားတော်ကြီး နှစ်ပါးမှာမူ ပြည်မင်းသားနှင့် ညီတော် ပုခန်းမင်းသား တို့ ဖြစ်ကြ၍ သားတော်များတွင် အသက်အကြီးဆုံးများဖြစ်ပါသည်။ သူတို့ အသက်ပင် မင်းသား တစ်ပါး က ၂၇ နှစ်ခန့်ရှိ၍ ညီတော်က ၂၅ နှစ်ခန့်ရှိပါသည်။

အနောက်နန်းမိဖုရား မြကလေး၏ တစ်ပါးတည်း သမီးတော်ကလေး “လှိုင်မြို့စား” မှာမူ ငယ်တော်မူရှာပါ သေးသည်။ နှစ်နှစ်ကျော် အရွယ်မို့ အထိန်းအချီနှင့်သာ နေရရှာသူဖြစ်ပါသည်။ ၎င်းတို့မှာ နန်းရမိဖုရားကြီး ၄ ပါးမှ ဖါားမြင်ကြသူများဖြစ်၍ အဆောင်ရ မိဖုရားကြီး ၂ ပါးမှာမူ တောင်ဆောင်တော် ကျောက်မော်မြို့စား မိဖုရားမှ သားတော်အကြီး (မင်းတုန်းမင်းအလောင်း) တစ်ပါး၊ သားတော်အငယ် (အိမ်ရှေ့စံ ကနောင်မင်း) တစ်ပါး၊ ပေါင်း နှစ်ပါးဖြစ်၍ မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့၏ အသက်မှာ ညီနောင်နှစ်ပါးလုံး ထိုစဉ်က ၁၉ နှစ်နှင့် အသက် ၂၀ ပတ်ဝန်းကျင်မှာ ရှိကြပါသေးသည်။

မြောက်ဆောင်တော် ပင်းတလဲမြို့စား မိဖုရားတွင် သမီးတော် ၂ ပါး ထွန်းကားပါသည်။ ထိုသမီးတော် ၂ ပါးသည် နောင်သောအခါ ရတနာပုံမြို့တည် မင်းတုန်းမင်းတရားကြီး၏ အနောက်နန်း မိဖုရားများဖြစ်လာ ကြသူများ ဖြစ်ပါသည်။ အနောက်နန်း မိဖုရားများ ဟူ၍ ရေးသားရခြင်းမှာ အစ်မတော် အနောက်နန်း မိဖုရား ကွယ်လွန်ပြီးနောက် ညီမတော်အား မင်းတုန်းမင်းက ဆက်လက်၍ အနောက်နန်း မိဖုရား တင်မြှောက်ခြင်း ကြောင့် ဖြစ်ပါသည်။

အဆိုပါ အရေအတွက်ရှိသော ကြင်ရာတော်၊ သားတော်၊ သမီးတော်တို့ကို စုရုံးခေါ်ဆောင်၍ နောင်တော် (ဘကြီးတော်) ဘုရင်ကို ပုန်ကန်းခြားနားခဲ့ခြင်းသာဖြစ်ပါသည်။ ဤသို့ ရတနာသိင်္ခ၊ ပြည်ကုန်းဘောင် အောင်မြေ သို့ထွက်၍ စစ်မက်သာယာခဲ့သော သာယာဝတီမင်းသား၏ အရေးသည် မဖင့်မနှေး မျက်နှာတိုင်း မှာ တစ်ပန်းသာလျက်ရှိခဲ့ပါသည်။

နေပြည်တော်မှ ဦးအိုတို့ အစိုးရအဖွဲ့ကို မနှစ်သက်ပေ။ ကြောက်ကြောက်နှင့် ခေါင်းငုံ့နေခဲ့ရသော အနယ် နယ် အရပ်ရပ် မှ မင်းမှုထမ်းများသည် သာယာဝတီမင်းက အရေးသာလျှင် သူ့ထက်ငါ လာရောက်ပူးပေါင်း တိုက်ခိုက် ကြလေသည်။

ဤတွင် သာယာဝတီမင်း၏အင်အားသည် တစ်နေ့တခြား ကြီးမားလာသည်နှင့်အမျှ နောက်ဆုံးတွင် နေပြည်တော်က လက်လျှော့အရှုံးပေးရသော ဘဝသို့ ကျရောက်ခဲ့ခြင်းဖြစ်ပါသည်။ သာယာဝတီမင်း စတင် ပုန်ကန်သော သက္ကရာဇ်မှာ ၁၁၉၈ ခုနှစ်ဖြစ်၍ ၁၁၉၉ ခုနှစ်မှာ လုံး၀ ထီးနန်းသိမ်းရသဖြင့် တစ်နှစ်တာ စစ်ကာလအတွင်း လှုပ်ရှားတိုက်ခိုက် ဖြစ်ပျက်ခဲ့ကြခြင်းဖြစ်ပါသည်။

စစ်နိုင် ၍ နောင်တော်ကို နန်းချပြီး သာယာဝတီမင်းက အင်း၀ နေပြည်တော်ကြီးကို ထီးနန်း မထိုင်လို၍ ရွှေ ဘိုမြို့တွင် စံနေသည်။ ရွှေဘိုကိုပင် ထီးနန်းစိုက်လိုသည်။

သို့သော် ဧရာဝတီမြစ်ကမ်းရှိ ကျောက်မြောင်းမြို့ ကိုလည်း မြို့တည်လိုပြန်သည်ဟု ပြုပြင်ခြင်း မွမ်းမံခြင်း ပြု၍ ခေတ္တစံနေသည်။ ၎င်းကျောက်မြောင်းတွင် လည်းသဘောမကျပြန်၍ စစ်ကိုင်းမြို့တွင် ခေတ္တစံနေပြီး နောက်ဆုံး ဘိုးတော်ဘုရား၏ အမရပူရ မြို့တော် ဟောင်းကို ဒုတိယအကြိမ် ပြန်လည်တည်ထောင်၍ ထီးနန်း စိုက်ထူ စံနေတော်မူခဲ့သည်ဖြစ်ရာ၊ ယင်းအမရပူရ နန်းတော်သစ်ကြီး တည်ဆောက်ပြီး ကျောက်မြောင်း၊ ရွှေဘို၊ စစ်ကိုင်းစသော မြို့ယာယီနန်း အသစ်များ၌ တစ်လှည့်စီ စံနေခဲ့သေးရာ သာယာဝတီမင်း ခေါ် တစ်ပါးမင်းတရားသည် အလွန်ယာယီများ သော ဘုရင်တစ်ပါး ဖြစ်သည်။

သူ၏ မိဖုရားများ၊ ကိုယ်လုပ်တော်များ၊ မောင်းမများနှင့် သားတော်၊ သမီးတော်၊ ခြွေရံသင်းပင်း တို့ မှာ လည်း ဘုရင်သွားရာ နောက်မှ တကောက်ကောက် တစုတရုံးကြီး လိုက်၍ လိုက်၍သာ နေကြရ ရှာမည် ဖြစ်ပါသည်။

၁၂၀၀ ပြည့်နှစ်၊ အမရပူရ နန်းတော်သစ်ကြီး တည်ဆောက်ပြီး၍ နေသားတကျ နန်းသိမ်းပွဲခံ၍ စံနေရပြန် တော့ လည်း ဦးအို တို့၊ နန်းမတော် မယ်နု တို့ ပုန်ကန်မှု၊ ညောင်ရမ်းမင်းကလေး ခေါ် စကြာမင်းကလေး ပုန်ကန်မှု တို့နှင့် ရင်ဆိုင်ရပြန်သည်။ တိုက်ခိုက်နှိမ်နင်းရ၊ ဖမ်းဆီးစစ်ဆေး၍ အပြစ်အလျောက် စီရင်ရ သည့် ကိစ္စတွေကလည်း အရေးတကြီး ထီးနန်းအန္တရာယ် ကိစ္စများသာ ဖြစ်ကြပါသည်။

၁၂၀၃ ခုနှစ် တိုင်သောအခါမူ သူပုန်၊ သူကန် ကိစ္စများလည်း အောင်နိုင်ပြီးဆုံးခဲ့ပြီး နိုင်ငံတော်အရပ်ရပ် ငြိမ်ဝပ်ပိပြား သာယာအေးချမ်းလာပြီး၊ ဆွေတော်၊ မျိုးတော်၊ မင်းညီမင်းသားများနှင့်တကွ ဝန်ကြီး၊ မှူးကြီး၊ စစ်ဗိုလ်၊ စစ်ကဲမကျန် ရွှေနန်းထုံးစံအတိုင်း ဘွဲ့အမည် အရည်၊ မြို့စား၊ ရွာစား၊ ရာထူးဌာနများ တိုးတက် ပေးသနားရသော ကိစ္စ၊ ရှမ်းကိုးဆယ့်ကိုး၊ စော်ဘွားတို့နှင့်တကွ နယ်စား၊ ပယ်စား၊ မြို့စား တို့အားလည်း အများအပြား သစ္စာတော်ခံခြင်း ကိစ္စများ ပြီးဆုံးကြလေပြီ။

သည်တော့မှ ရွှေဘိုမင်းတရားကြီးသည် ဥက္ကလာဒဂုံသို့ ရေတပ်တော်ကြီးနှင့် တခမ်းတနား စုန်တော် မူခဲ့ခြင်းဖြစ်ရာ ဤအချိန် ဤအခါသည် ရွှေဘိုမင်းတရားကြီး၏ စိတ်တော် သာယာအေးချမ်းလှသော အချိန်ကောင်း ကလေးဟု ဆိုပါတော့မည်။

သို့သော် သာယာအေးချမ်းခြင်းလည်း အစဉ်အမြဲ မဟုတ်နိုင်ပြန်ရာ တစ်စုံတစ်ရာသော အကြောင်းသည် တစ်နေ့ တစ်ချိန် တစ်ခါ သောကာလ၌ ဆီလိုအပေါက်ရှာ ပေါ်လာတတ်သော ဓမ္မတာ သဘာဝအတိုင်း၊ သူ ရောက်လာချင်သော အချိန်အခါ၌ ရောက်လာပြီး သာယာငြိမ်းအေးခြင်းကို ဖြိုခွင်းမည့်အကွက်ကို တစ်ထောင့် တစ်နေရာ ဆီမှ ရပ်တည်စောင့်စား နေဦးမည်သာ ဖြစ်ပါတော့သည်။

ဤသို့ နှင့်ပင် ဥက္ကလာပစံနန်းတော်၌ ၅ လကျော်မျှ စံနေတော်မူခဲ့ပြီဖြစ်သော ရွှေဘိုမင်းတရားကြီးသည် သက္ကရာဇ် ၁၂၀၃ ခု။ တပို့တွဲလဆန်း ၁၂ ရက်နေ့ မနက် ၄ ချက်တီးအချိန်တွင် ဥက္ကလာပမှ နေပြည်တော် အမရပူရ သို့ စတင် ဆန်တက် ထွက်ခွာတော်မူပါသည်။

အစီအစဉ် အခင်းအကျင်းနှင့်တကွ မူလ စုန်တော်မူခဲ့စဉ်အတိုင်း ရေတပ်တော်၊ ကြည်း တပ်တော်ကြီး များက ရှေ့နောက် ဝဲယာ ခြံရံပြီး အလယ်မှ ဖောင်တော်၊ လှေတော်ကြီးများ၏ အနေအထား မှာလည်း စုန်တော် မူခဲ့စဉ်က အစီအရင် အသိုင်းအဝိုင်းအတိုင်း ဘုရင်မင်းနှင့် မိဖုရားများ၊ သားတော်၊ သမီးတော်၊ ဆွေတော် မျိုးတော်များ၊ မှူးတော်မတ်တော်၊ စစ်ဗိုလ် စစ်ကဲ စသော မင်းပရိသတ်အတိုင်း ဆန်တော် မူခဲ့ခြင်းဖြစ်ပါသည်။

ရေတပ်တော်ကြီး တပ်ရှေ့ ဗိုလ်ချုပ်ကြီးမှာလည်း သားတော် “ပြည်မင်းသားကြီး”ကိုပင် ခန့်အပ်တော်မူ၍ နောက်တပ် ၏ ဗိုလ်ချုပ်ကြီးမှာ သားတော် ပုခန်းမင်းကိုပင် စုန်တော်မူခဲ့စဉ်အတိုင်း ခန့်အပ်တော် မူ ပါသည်။

စုန်တော်မူခဲ့စဉ်က အတူပါရှိခဲ့သော မြောက်ဆောင်တော် မိဖုရားသည် ဥက္ကလာပ စံနန်းတော်မှာ ၅ လကြာ အချိန်၏ နောက်ပိုင်းဖြစ်သော တပို့တွဲလဆန်း ၉ ရက်နေ့၌ မကျန်းမမာဖြစ်နေမှ ကံတော် ကုန်သဖြင့် ဥက္က လာပမြို့တော်မှာပင် မြှုပ်နှံသင်္ဂြိုဟ်ခဲ့ရပါသည်။

ထို့ကြောင့် အပြန်လမ်းခရီးမှာဖြင့် မြောက်ဆောင်တော် မိဖုရားတစ်ပါး မပါလာနိုင်ရှာတော့ပါ။

ကြည့်မြင်တိုင် ပန်းလှိုင်မြစ်နဖူး၊ ဖောင်တော်ဆိပ်မှ ရေတပ်တော်ကြီးခွာရန် အခါပေး အမြောက်သံကြားပြီး နရည်းစရာ ဗုံတောက်သံများနှင့် ရေခင်းသံများကို ခြိမ့်ခြိမ့်မွှမ်းမွှမ်း စတင်ကြားရသည်မှ တစ်ဖန် ဖောင်တော် လှေတော်များ ဆန်တက်ရန် ဖောင်ဆွဲလှော်ကားများဆီမှလည်း ဖောင်လားကြိုး၊ ဖောင်ငင်ကြိုး စသည့် တူရိ ယာသံတို့က ငြိမ့်ငြိမ့်ညံ၍ လာပြန်သဖြင့် မြစ်ပြင်တစ်ဝှန်းလုံး သာယာ ကြည်နူးဖွယ် အတိ ရှိပေလိမ့်မည်။

အရှေ့ဘက်မှလည်း နေဝန်းကြီးက တက်ကြွလာသည်ဖြစ်ရာ နေရောင်သည် မြစ်ပြင်အတွင်းက လှေဖောင် ပြာသာဒ် တို့မှ ရွှေရောင်ကို ပြက်ပြက်ထင်စေပြန်ရာ မြန်မာ့ယဉ်ကျေးမှု နန်းရိုးစဉ်လာအတိုင်း မင်္ဂလာ ကျက်သရေ အပေါင်း ခြံရံကွန့်မြူး၍ နေမည်သာပင်။

လှိုင်မြစ်အတွင်းရှိ လှေတော် ဖောင်တော်များမှနေ၍ အရှေ့ဘက်သို့ မျက်နှာမူလိုက်သူတိုင်းမှာလည်း သိင်္ဂုတ္တရ ကုန်းတော် မို့မို့ညို့ညို့မှိုင်းမှိုင်းကြီးပေါ်တွင် ရွှေတောင်ထွတ်ကြီး တင်ထားဘိအလား ကြည်ညို စဖွယ် သပ္ပာယ်လှသော ရွှေတိဂုံဆံတော်ရှင် စေတီတော်ကြီးအား ဖူးတွေ့ရသောအခါ ဆံတော်ရှင် ခြေတော်ရင်းမှ မလွဲမကင်း၍ ရာဇဌာနီ မင်းနေပြည်သို့ ပြန်လည်ထွက်ခွာလာကြရသော်လည်း ကြည်နူး လွမ်းဆွတ်ခြင်း ဖြင့် မျက်ရည်များ လည်လာကြသည်အထိ သဒ္ဓါပီတိ ဂွမ်းဆီထိသို့ ရွှမ်းအိညွှတ်ပျောင်းကာ မခွဲမခွာ တော့သယောင် ဖြစ်ကြသော ဟူသတတ်။

ဒါယကာရေမြေ့ရှင် ဘုရင်မင်းတရားကြီးအဖို့မှာလည်း ဤနည်းနှင်နှင်သာ ဖြစ်ရပေလိမ့်မည်။ ထိုမျှမက စေတီတော်၌ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်ရခြင်း၊ အုတ်စောင်းတန်းခင်းဆောက်၍ အနောက်မုခ်၌ လှူဒါန်းရခြင်း၊ ရွှေငွေ ဆည်းလည်းတော် ကြီးငယ်များကိုလည်း ထီးတော်၌ စေတနာအပြည့်အ၀ ဆွဲဆင် လှူဒါန်းခဲ့ရခြင်း၊ ထိုမျှမက စေတီတော် တနင်္ဂနွေထောင့်အရပ်၌ ပြာသာဒ် တန်ဆောင်းနှင့်တကွ ခေါင်းလောင်းတော်ကြီး သွန်းလောင်း လှူဒါန်းတော်မူရခြင်းတည်းဟူသော ကုသိုလ်တော်များအတွက် သဒ္ဓါ ပီတိ လျှမ်းတော်မူမဆုံး ဖြစ်ရချိမ့်မည်သာ။ နောက်ဆုံး ဥက္ကလာပမှ ပြန်လည် ကြွချီတော် မူခဲ့ရာ တွင်ပင် ခေါင်းလောင်းတော်ကြီးက မပြီးခဲ့သေးပေ။

ခေါင်းလောင်တော်ကြီးကို သီတင်းကျွတ်လဆန်း ၁၀ ရက်နေ့ အခါတော်ရ၍ စတင် မြေပုံသွန်းလောင်း လုပ်ဆောင် စေခဲ့ပါသည်။

ခေါင်းလောင်းတော်ကြီး၏ အမြင့် ၉ တောင်၊ တစ်မိုက်နှင့် လက်သုံးသစ် (၉ တောင်ထွာပဲ ဆိုကြပါဆို့) ရှိ၍ အနားလုံးပတ် ၁၅ တောင်၊ ခါးစည်းလုံးပတ် ၁၃ တောင်၊ တစ်မိုက်၊ လက်လေးသစ်၊ ၁၃ တောင်ထွာနီးပါး ရှိပြီး ကြေးခေါင်းလောင်းကြီး၏ ထုထည်ပမာဏမှာ ၂ မိုက်၊ လေးသစ်မျှ အထူ ရှိပါသည်။ စုစု ပေါင်း ကြေးစင်ပိဿာပေါင်း ၂၅၄၀ နှင့် ၄၉ ကျပ်သားရှိပါသည်။ ခေါင်းလောင်းဗောင်းကိုင်း၊ နရခြင်္သေ့ ၄ စီးပါ ပုံစံ ထုတ်၍ စနစ်တကျ လုပ်ဆောင်တတ်သူ၊ ကြေးသွန်းပညာ၌ အလွန်လျှင် ကျွမ်းကျင်တတ်မြောက်သူ ဝန်ထောက် မင်းကြီး မဟာစည်သူနှင့် ပန်းတဉ်းဝန်၊ လက်နက်သိုက်ဝန် မင်းကြီးမဟာမင်းကျော် သင်္ခယာ တို့ကို ပန်းတဉ်းကြေးသွန်းအမှုထမ်း လူ ၅၀ ကျော်တို့နှင့် ဆက်လက် အပြီးသတ် လုပ်ဆောင်ရန် ချန်ထား ရစ်ခဲ့ ပါသေးသည်။

ရွှေဘိုမင်းတရားကြီးသည် ဥက္ကလာပ စံနန်းတော်တွင် ရှိစဉ် ပုသိမ်ခရိုင်၊ သမီးလှကျွန်းခေါ် လိပ်ကျွန်းတွင် “လောကဥသျှောင်” ခေါ် စေတီတစ်ဆူကို ပုသိမ်မြို့ဝန်အား ကြီးကြပ်၍ တည်စေသည်။ သမီးလှကျွန်း ပတ်လည်ရှိ ပင်လယ်အတွင်းမှ ငါး၊ လိပ် စသော ရေသတ္တဝါအပေါင်းကိုလည်း ဘေးမဲ့ ပေးလှူတော်မူ၍ ကျောက်စာ နှင့်တကွ ထားတော်မူခဲ့သေးသည်။