ကျွန်းဦးတည့်သံလျှက်ခုံ

ရတနာယဉ်မွန်နှင့် နေပြည်တော်အပြန်

ဥက္ကလာပ ဒဂုံမှ ရာဇဌာနီ နေပြည်တော် အမရပူရသို့ ပြန်လည် ဆန်တက်ကြွချီတော်မူရာ အပြန် ခရီး၌လည်း စုန်တော်မူစဉ် နည်းစနစ်အတိုင်း ရေတပ်တော်ကြီးကို ခြံရံဖွဲ့စည်းလျက် ကုန်းဘက်မှ လိုက်ပါ ကြရမည့် ကြည်းတပ်တော်ကြီးမှာလည်း လာစဉ်က နည်းစနစ်အတိုင်းပင်အစီအစဉ်ပြုခဲ့ခြင်းဖြစ်ပါ သည်။

ရေပြင်၌ ပြည်ကြီးမွန်ရတနာ ရွှေဖောင်တော် အမှူးရှိသော ဖောင်တော်၊ လှေတော်၊ လှေကားတော်၊ သားလှေ၊ ငှက်လေ၊ ရွှေလှေ၊ ရွှေလောင်းများ၊ သာရဗိမာန်၊ သာရကာ၊ အိကင်း၊ ကမကော် စသော ရှေ့ပြေး စည်တော်စုံတင် လှေတော်များ၊ ပြည်လုံးအံ့၊ လက်ရွေးကြီး စသော လှော်ကားတော်ကြီးများ စသော ထောင် သောင်းမက များလှစွာသော ရွှေလှေ၊ ရွှေလောင်းများအလယ်တွင် ယခု အပြန်ခရီး၌ တစ်မူ ထူးခြားနေသည် ကား စုန်တော်မူလာစဉ်ကပင် ပဲခူး၊ ဟံသာဝတီမြို့ရှိ သင်္ဘောကျင်းတွင် စီမံ ဆောက်လုပ်စေခဲ့သော (ရတနာယဉ်မွန်) အမည်ရှိသော သင်္ဘောတော်ကြီး ပြီးစီးသဖြင့် ရေတပ်တော်ကြီး အလယ်ရှိ များစွာသော ဖောင်တော်၊ လှေတော်တို့ အကြားမှ ရတနာယာဉ်မွန်သင်္ဘောကြီးက ခုတ်မောင်း လာခဲ့သော မြင်ကွင်းတစ်ကွက်က ထူးခြားလျက်ရှိပါသည်။

ရွှေဘိုမင်းတရားကြီးနှင့် မိဖုရားခေါင်ကြီးတို့သည် စုန်တော်မူလာစဉ်က စီးနင်းတော်မူခဲ့သော “ပြည်ကြီးမွန်” ဖောင်တော်တွင် မစီးမူ၍ အပြန် အဆန်ခရီးမှာ “ရတနာယာဉ်မွန်” သင်္ဘောကြီးကိုသာ ခြေတော်တင် စီးနင်း လိုက်ပါတော်မူကြပါသည်။

သင်္ဘော ဆိုကတည်းက ကရဝိတ်ဖောင်၊ ပြည်ကြီးမွန်ဖောင် စသည်တို့လို လက်ပြည့်လှော်လှေများနှင့် ဆွဲ ငင် ယူရသည် မဟုတ်ဘဲ၊ ရေနွေးငွေ့ပါ ဘွိုင်လာမီးထိုး သင်္ဘောမျိုးသာဖြစ်ပါသည်။ ဘွိုင်လာမီးထိုး သင်္ဘော အမျိုးအစား “ရတနာယာဉ်မွန်” သင်္ဘောကြီးကို တည်ဆောက်သူ ပဲခူး၊ ဟံသာဝတီ သင်္ဘောကျင်း ရှိ ဆောက်လုပ်ရေး ပညာသည်များမှာလည်း မြန်မာလူမျိုးများဖြစ်ကြပါသည်။ စက်မှု ဆိုင်ရာ အင်ဂျင်နီယာ အတတ်မျိုးကို သိုးဆောင်း ပေါ်တူဂီတို့ ဝင်ရောက်လာစ ရှေးမဆွကပင် အောက်မြန်မာပြည် ပင်လယ်ဆိပ် ကမ်းနေ မြန်မာအမျိုးသားတို့က သင်ယူတတ်မြောက် ကျွမ်းကျင် နေကြပြီး ဖြစ်ကြပါသည်။

ဒါကြောင့်သာ ရွှေဘိုမင်းတရား လက်ထက်မှာ သင်္ဘောတည်ဆောက်မှုတွေ တိုးတက်ကျွမ်းကျင်လာကြပြီး သင်္ဘောကြီးငယ် အရွယ်စုံ တည်ဆောက်နေကြခြင်းဖြစ်ပါသည်။

သင်္ဘောဧရာ တည်ဆောက်သည့်သဘောမှာ ကရဝိက်ဖောင်၊ ပြည်ကြီးမွန် ဖောင်တော်ကြီးများ တည် ဆောက်သော ပုံဟန်နှင့် သဏ္ဍာန်ချင်း အတူတူပင်ဖြစ်ပါသည်။ အညာလှေကြီးများ တုံကင်းကြီးများနှင့် ပင်လယ်ကူး ကတ္ထူသင်္ဘောကြီးများသည် မြန်မာတို့ လက်မွန်မဆက တည်ဆောက်လာကြသောကြောင့် မီးထိုး သင်္ဘော၏ ဧရာကို တည်ဆောက်ရာ၌ အကြောင်း မထူးခြားလှပါ။ ထို့ကြောင့် သင်္ဘော တည်ဆောက် ရာ၌ မီးထိုးဘွိုင်လာ ရေနွေးငွေ့စက် တည်ဆောက်ရေး အင်ဂျင်နီယာ အတတ်သာလျှင် တစ်ဆင့် ခံ ရရှိရေး ဖြစ်ပါသည်။

ဘုရင်စနစ်ကို အပြစ်ပြောစရာ ရှိသော်လည်း ကိုယ့်တိုင်းပြည်ကိုယ့်ဘုရင်၊ ကိုယ့်မင်း၊ ကိုယ့်အမျိုးသား အချင်းချင်း လွတ်လပ်စွာ နေစဉ်က စက်မှုပညာ၊ လက်မှုပညာတွေ ထွန်းကားခဲ့ဖူးသည်။ သို့သော်လည်း သူတစ်ပါး လက်အောက် ကျွန်သပေါက်ဘဝ၌မူ နာလန်မထူနိုင်အောင် ခြေကျိုး လက်ပြတ်ပမာ စက်မှု လက်မှုပညာ ၌ အညံ့စားသာမက အညွန့်တုံးသွားရသည်အထိ အတိအဖြတ် ခံခဲ့ကြရပါသည်။

ယခု လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ အဖြစ်သို့ ရောက်ရှိချိန်တွင်မူကား ကိုယ့်သင်္ဘောကျင်းမှ များစွာသော သင်္ဘောများ ထုတ်လုပ်နိုင်ခြင်း၊ ပင်လယ်ရပ်ခြား သွားလာခုတ်မောင်းရေး၌ ကျွမ်းကျင် လိမ္မာ သော သင်္ဘောလုပ်သားအမျိုးမျိုးက ရေကြောင်း၌ ကြီးစိုးလာနိုင်ရုံမက မီးရထား၊ မော်တော်ကား နှင့် လေကြောင်းလုပ်သားတွေပင် မရေမတွက်နိုင်အောင် ပေါ်ထွက် လုပ်ကိုင်လျက် ရှိနေကြလေပြီ။

ယခု လွတ်လပ်ရေး အရသာ အပြည့်အ၀ ရရျိခံစားနေချိန်တွင် စက်မှုပညာ၊ လက်မှုပညာများ ထွန်းကား ကြီးကျယ် လာခဲ့သည်က မျက်မြင်ထင်ရှားဖြစ်ခဲ့ပါသည်။

သို့သော် မြန်မာများသည် သူတစ်ပါး လက်အောက်ခံဘ၀ မကျရောက်မီ ကိုယ့်မင်းကိုယ့်ချင်းနှင့် ကိုယ့်အ မျိုးသားချင်းတို့ တွင်ကျယ်ခဲ့ဖူးသမျှတွေကိုလည်း မမေ့အပ်၊ မဖျောက်ဖျက်အပ်သော သမိုင်းတစ်ရပ်အနေ ဖြင့် အမှတ်အသား ပြုထားစေချင်သည်။ အမှတ်တရ သတိရဖွယ် ဖြစ်ရပ်တစ်ခုအနေနှင့်လည်း ဗဟုသုတ ဆည်းပူး လိုသူတို့အဖို့ ကျန်ရစ်စေချင်သော စေတနာဖြင့် မှတ်တမ်းတင်ပြရခြင်းလည်း ဖြစ်ပါသည်။

ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ၁၂၀၃ ခုနှစ်၊ တပို့တွဲလဆန်း တစ်ဆယ့်နှစ်ရက်နေ့ နံနက် လေးချက်တီးအချိန် ဥက္ကလာပ မြို့နန်း ဖောင်တော်ဆိပ်မှ ဆန်တက်တော်မူခဲ့သော ရွှေဘိုမင်းတရားကြီး၏ ရေတပ်တော်ကြီး သည် ထိုနေ့ညနေ၌ ကျွန်းဦး သရက်တစ်ပင် စံနန်းတော်ဆိပ်တွင် တစ်ညဉ့် ရပ်နားတော်မူသည်။ ၎င်း နောက်တစ်နေ့ ဆန်တက်တော်မူရာ ရန်ကင်းစံရာနန်းဆိပ်သို့ ရောက်ပါသည်။ ၎င်းဆိပ်တွင် ရွှေဘိုမင်း တရားကြီး သည် နှစ်ညမျှ ရပ်နားတော်မူပါသည်။ နောက်တစ်နေ့ ဆက်လက်ဆန်တက်ပြန်ရာ ဓနုဖြူ မြို့ဆိပ် တဲနန်းသို့ ဆိုက်ရောက်ပါသည်။

ဓနုဖြူမြို့၌ ရွှေဘိုမင်းတရားကြီး၊ မိဖုရားခေါင်ကြီးတို့သည် “ကျိုက်ကလွန်းပွန်ဘုရား”ကို ဖူးမြော် တော် မူပြီးမှ ဆက်လက် ဆန်တက်တော်မူပြန်ရာ ဇလွန်မြို့စီရင်စု၊ ကျုံရရှာ စခန်း၊ ၎င်းမြို့စီရင်စု၊ လေသာကုန်းသောင် စခန်း၊ ဟင်္သာတမြို့ တစ်ဘက် ရဲမငိုရွာ စခန်း၊ ၎င်းစီရင်စု သမ္ဘာယာဒိုင်းစခန်း၊ ထိပ်တော်ရွာ တစ်ဘက် တဲနန်းတော်၊ ၎င်းမှ မိုးညိုရွာစခန်း၊ ၎င်းမှ ရွှေကျင်ရွာ အနောက်ဘက် ကနောင်မြို့နယ် စခန်း၊ ၎င်းမှ ရေကင်း ရွာသောင် စခန်း၊ ၎င်းမှ မင်္ဂလာ သာယာဝတီမြို့၊ ရေကင်း မင်းကြီး တိုက်စံနန်းတော်ရောက် စခန်းပေါင်း ၁၀ ချီတော်မူပါသည်။

ထိုမင်္ဂလာသာယာဝတီမြို့ ရေကင်းမင်းကြီးတိုက် စံနန်းတော်၌ ရွှေဘိုမင်းတရားကြီးသည် (၉)ရက်မျှ ရပ် ဆိုင်းတော် မူပါသည်။ မှူးမတ်၊ ဗိုလ်ပါ တပ်တောင်တာနှင့် နောက်လိုက် နောက်တော်ပါတို့လည်း နား နေကြ ရပါသည်။

ဤသို့ ၉ ရက်မျှ ရပ်နားဆိုင်းငံ့တော်မူခြင်းသည် သာယာဝတီမြို့ မင်္ဂလာအိမ်တော်ရာ၊ ကုသိုလ်တော် စေတီ တည်ထားတော်မူသော ကိစ္စနှင့် စပ်ဆိုင်ပါသည်။

သာယာဝတီမင်းသားဘဝက မြို့စား စားရသော သာယာဝတီမြို့၌ မင်းသားဘဝက ကြွရောက်တော်မူစဉ် စံနေခဲ့ဖူးသော မင်္ဂလာအိမ်ရာတော်၌ ကောင်းမှုတော်စေတီတစ်ဆူ တည်ထားစေရန် ယခင် စုန်တော် မူခိုက် က ငွေတော်ထုတ်ပေးပြီး သာယာဝတီမြို့ဝန်အား တည်ထားစေသော စေတီတော်သည် ယခု ဆန်တော် မူလာသောအခါ ဌာပနာပိတ်၍ ပြီးမြောက်အောင်မြင်ပြီဖြစ်သောကြောင့် ၎င်းစေတီအား ဖူးမြော် ပူဇော် ၍ ရေစက်သွန်းလောင်းတော်မူရန် အစီအစဉ် ရှိပါသည်။ ရေတပ်တော်ကြီး ဆိုက်ရောက်တော်မူလျှင် အသင့်ပြုပြင် စီမံထားသော မဏ္ဍပ်ကနားများနှင့်တကွ ပွဲလမ်းသဘင်စုံ ခင်းကျင်း ကြိုဆိုကြရပါသည်။

ရွှေဘိုမင်းတရားကြီးသည် (လောကဇေယျာ) စေတီတော် ဟူ၍ ကမ္ပည်းတင်တော်မူပြီးလျှင် စေတီတော်၏ အနီး ဆောက်လုပ်ထားရှိပြီးဖြစ်သော အလှူတော် တန်ဆောင်းမဏ္ဍပ်အတွင်း၌ မြတ်စွာဘုရားအား လှူဒါန်း ရန် ပဒေသာပင်များ၊ သာသနာပြုဆရာတော် အမှူးရှိသော ဆရာတော် သံဃာတော် ငါးဆယ့်ခြောက်ပါး တို့ကို လှူဒါန်းရန် သီးမျိုးစုံ ပဒေသာပင်ရေ ငါးဆယ့်ခြောက်တို့ကို စီစဉ် ခင်းကျင်း စေပြီးလျှင် လှူဒါန်းတော်မူခြင်း၊ မင်းတရားကြီးသည် ဘွဲ့ဖြူစဖွယ် ဆင်တော်မူ၍ မိဖုရားခေါင် ကြီးနှင့် အတူ မှူးတော်မတ်တော်၊ ဆွေတော်မျိုးတော်တို့နှင့် အတူတကွ ပရိတ်တရားတော်များ နာကြားခြင်း ပြုတော်မူသည်။

တပေါင်းလဆန်း ၁ ရက်နေ့တွင် စံနန်းတော်ကနေ၍ ရေစက်သွန်းမည့် မဏ္ဍပ်တော်အရောက် ထီးဖြူယပ်မား၊ မင်းအဆောင်အယောင် တပ်ဝင်း အခင်းအကျင်းနှင့် ပွဲသဘင်စုံများကို စီစဉ်ခင်းကျင်း ကျင်းပစေပြီးနောက် ဘုရင်မင်းတရားကြီးသည် မကိုဋ်တော်ဆောင်း တုရင်အင်္ကျီတော် ဝတ်ဆင်ပြီး မိဖုရားခေါင်ကြီး နှင့် မိဖုရားများမှာ အဆင်တန်ဆာတော်များ အပြည့်အစုံ ဆင်မြန်းဝတ်ဆင်၍ မင်းညီမင်း သား၊ မှူးတော်မတ်တော်များကလည်း ဇောင်းဝတ်လုံ၊ စလွယ်စုံများ ဆင်မြန်းဝတ်ဆင်ကြပြီးလျှင် ဘုရင်မင်း ကို ခြံရံလျက် ရေစက်သွန်းမဏ္ဍပ်သို့ ထွက်စံတော်မူကာ ရေစက်သွန်းချ လှူဒါန်းတော်မူသော အခမ်းအနား ကြီးကို ကျင်းပပါသည်။

ထိုအလှူရေစက်သွန်း အခမ်းအနား၌ ရာဇဝတ် အပြစ်အလျောက် ထောင်တန်း အကျဉ်းခံနေရသူ ယောက်ျား၊ မိန်းမပေါင်းလူတစ်ရာကျော်တို့ကိုလည်း ဘေးမဲ့ချမ်းသာပေးတော်မူခဲ့ပြီး ပွဲသဘင်လည်း ကြီးစွာ ခံတော်မူပါသည်။

ရွှေဘိုမင်းတရားကြီးသည် သာယာဝတီမြို့ စီရင်စု၊ မင်းကြီးတိုက် ကုသိုလ်တော် (လောကဇေယျာ)စေတီ ဘုရား ရေစက်သွန်းချခြင်း အခမ်းအနား ပြီးဆုံးလျှင် ဆန်တက် ချီတော်မူရင်း အစီအစဉ်အတိုင်း ရေတပ် တော်ကြီး ကို ဆက်လက် ထွက်ခွာ ဆန်တက် ချီတော်မူခဲ့ပါသည်။

တပ်စဉ်အတိုင်း ချီတော်မူခဲ့ရာ တပေါင်းလဆန်း လေးရက်နေ့၌ ရွှေတုံးရွာအောက် တဲနန်းတော်သို့ တစ်စခန်း ရောက်ပါသည်။ ထိုမှ နောက်တစ်နေ့ ဆက်လက် ချီတက်ခဲ့ရာ မြန်အောင်မြို့နယ် မြစ် အနောက် ဘက် မာလကာကုန်း တဲနန်းတော်သို့ ရောက်ပါသည်။

၎င်းမှ တစ်ဆင့် ချီတက်ရာ ကြံခင်းမြို့နယ် မြစ်အနောက်ဘက်ရှိ ပေါက်တိုင်ရွာ တဲနန်းတော်သို့ ရောက် ပါသည်။ ၎င်းမှတစ်ဆင့် ချီတက်ခဲ့ရာ ထိုစီရင်စု သောကြာတူး တဲနန်းတော်သို့ ရောက်ပါသည်။ ၎င်းမှ တစ်ဆင့် ချီတက်တော်မူပြန်ရာ ပန်းတောင်းမြို့နယ်ရှိ သလဲတန်း နန်းတော်သို့ ရောက်ရှိပါသည်။

၎င်းမှတစ်ဆင့် ချီတက်လာသောအခါ ရွှေတောင်မြို့နယ် ကျီးသဲရေကျော် စခန်းမှတစ်ဆင့် ကျော်၍ ပန်းတောင်း အနောက်ဘက် တဲနန်းတော်သို့ ရောက်ပါသည်။ ၎င်းတစ်ဖန် ဆက်လက် ချီတက်ပြန်ရာ ဆင်တဲရွာ စခန်းကို ကျော်၍ ပြည်ရှိ အရှေ့ဘက် မိုးခေါင်ရွာ တဲနန်းတော်၊ ၎င်းမှ တစ်ဖန် မြဝတီမြို့ စီရင်စု၊ လရာဆီးအိုင် စခန်း၊ ၎င်းမှ ညောင်ပင်ဆိပ်မြို့နယ်၊ မြဝတီ တဲနန်းတော်သို့ ဆိုက်ရောက်ပါသည်။ ထိုအခါက မြဝတီမြို့သည် မြဝတီမင်းကြီး ဦးစနှင့်တကွ ဝန်ကြီး မင်းကြီးတို့အား စားကြေး ပေးထားရသော စည်ကား သာယာသည့် မြို့ကြီးတစ်မြို့ အဖြစ် ရပ်တည်ခဲ့ဖူးသော်လည်း ယခုအခါ ရွာငယ်ဇနပုဒ် မျှ သာတည်း။

ရွှေဘိုမင်းတရားကြီး ဥက္ကလာပသို့ စုန်တော်မူစဉ်က ရပ်နားခဲ့သော ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ စခန်းမြို့ တဲနန်းတော်များသည် ဥက္ကလာပမှ ပြန်လည်၍ ဆန်တက်ကြွချီခဲ့သောအခါ စုန်တော်မူ စဉ်က မရပ်မနားခဲ့ရ သေးသော မြို့များ၊ ခရီးစခန်း တဲနန်းတော်များအဖြစ် အသစ်ထပ်ဖြည့်ခြင်း တွေ့မြင် ရပါလိမ့်မည်။ ဘကြီး တော်လက်ထက် မြဝတီမြို့စား မင်းကြီးဦးစ ကောင်းစားစဉ်က စားကြေးမြို့အဖြစ် ရရှိခဲ့သော မြဝတီမြို့ တဲနန်းတော်သို့ ရပ်နားတော်မူသောအခါ နောက်တော်မှ အတူပါရှိ လိုက်ပါခဲ့သူ မြဝတီမြို့စား ဝန်ကြီးဟောင်း ဦးစခမျာ မည်သို့ ရှိရာချိမ့်မည်နည်း။

မင်းခစားတို့သည် ကမ်းနားသစ်ပင် ဆိုသော စကား အတိုင်း တစ်ခါက ကောင်းစားခဲ့သလောက် ဆိုးချိန် ရောက်လျှင်လည်း ခံရမည်မှာ ပြေး၍ မလွတ်သာသော ဓမ္မတာလမ်းစဉ်ဖြစ်ပါသည်။ သို့ရာတွင် ပညာရှိ စာပေသမား တို့ စိတ်ဓာတ်မှာ ကြံ့ခိုင်ပါသည်။ တုန်လှုပ်ပျော့ ညံ့ခြင်းမရှိနိုင်ပါ။ ” ငါ မသေရတာပင် အမြတ် မဟုတ်ပါလော … ” ဟု တေးတော ဖြေဆည်နိုင်ပါလိမ့်မည်။

ဝန်ကြီး ရာထူး မရှိ၍လည်းကောင်း၊ မြဝတီမြို့စား မဟုတ်၍ လည်းကောင်း တုန်လှုပ်ခြင်း၊ တမ်းတခြင်း အလျှင်း မရှိ။ စိတ်ဓာတ်၏ ခိုင်မာခြင်းတစ်ခု အရင်းပြု၍ တည်ကြည်ငြိမ်သက်စွာ ရပ်တည်နိုင်ခဲ့သည်မှာ ပညာရှိ တို့၏ လက္ခဏာပင်ဖြစ်ပါသည်။

မြဝတီမြို့ တဲနန်းတော်စခန်းမှတစ်ဆင့် ချီတက်ခဲ့သော ရွှေဘိုမင်းတရားကြီး၏ ရေတပ်တော်ကြီးသည် ကာမ မြို့ စီရင်စု၊ ပလို့ရွာအောက် မင်းပြင်ရွာစခန်းမှ ပြည်မြို့ စီရင်စု ဘွတ်လည်မြို့ မြစ်နားရွာ တဲနန်းတော်၊ သရက်မြို့ တဲနန်းတော်၊ မြေထဲမြို့စီရင်စု ညောင်ပင်သာစခန်းမှ မြို့အနောက်ဘက် မြင်ပါ လင်းချောင်း တဲနန်းတော်၊ ၎င်းမှ မြေထဲမြို့စီရင်စု သာစည်ရွာစခန်းကို ကျော်ပြီးလျှင် ထိုစီရင်စု သာဝတ္ထိ အလယ်ရွာ တဲနန်းတော်သို့ လည်းကောင်း၊ ထိုမှ မလွန်မြို့ စီရင်စု ရွာလင်းရွာ၏ အောက်လက်ပံငူရွာ စခန်း ကို ကျော်ပြီးလျှင် ၎င်းနယ် ပေတောရွာ တဲနန်းတော်တွင်နားသည်။

ထိုကမှ ပေတော အထက်ရွာစခန်းရှိ တဲနန်းတော်၊ ထိုနောက် မင်ကွန်းမြို့စီရင်စု အနောက်ဘက် ကမန်း စခန်း၊ ထိုမှတစ်ဆင့် မကွေးမြို့ အနောက်ဘက် ရွာသာရွာ တဲနန်းတော်အရောက် ရက်ပေါင်း (၁၅) ရက် နှင့် (၁၅)စခန်းအရောက် ဆန်တက် ထွက်ချီတော်မူခဲ့ခြင်းဖြစ်ပါသည်။

ဤကဲ့သို့ ချီတော်မူခဲ့ရာ ရပ်နားတော်မူသော တဲစခန်း အသီးသီးတို့၌ စီရင်စုမြို့နယ် အရပ်ရပ်မှ သက်ဆိုင် ရာ ဖြစ်သော မြို့ဝန်၊ အဝေး၀န်၊ စစ်ကဲ၊ တိုက်အုပ်၊ တိုက်ခေါင်း၊ ပဲ့နင်း၊ အရာရှိ အရာခံ အပေါင်းတို့က ဖူး မြော် ဆက်သကြသော ရှိခိုးလက်ဆောင်တော်၊ ထည်မျိုးအုပ်မျိုး အမွန်အမြတ် ပဏ္ဏာတော်များကို ဆက်သခံ တော်မူရာတွင် တစ်သက်မှတစ်ခါ ဆိုသလို ကြွရောက်လာသော ရေမြေသနင်း ပြည့်ရှင်မင်း အား တိုင်းနေ ပြည်သူ ရှင်လူအများကလည်း ခရီးဦးကြိုဆိုခွင့်ရကြပါသည်။

ယခု ခရီးစဉ် စခန်း(၁၅)ခုမြောက်ဖြစ်သော ရွာသာရွာ (ယခုအခေါ် “ရသရာ”) စခန်း တဲနန်းတော်ရှိရာ ရွာ သာရွာကြီးသည် ကြီးကျယ် စည်ကားသော ရွာကြီးတစ်ရွာဖြစ်ခဲ့သည်။ ရွာဆိုသော်လည်း မြို့ကလေး တစ်မျှ ရှိသည်။ ယနေ့ခေတ်အထိ အဆိုပါ ရွာသာရွာကြီးသည် တိုက်ကြီးအိမ်ကြီး များစွာနှင့် စည်ကားလျက် ပင် ရှိ ပါသေးသည်။

၎င်းရွာသာရွာအထက်တွင် မင်းဘူးမြို့ရှိပါသည်။ မင်းဘူးနှင့် မကွေးမြို့တို့မှာ ဧရာဝတီမြစ်ကြီး၏ အရှေ့ဘက် ကမ်းနှင့် အနောက်ဘက်ကမ်း တစ်ဖက်တစ်ချက်စီတွင် မျက်နှာချင်းဆိုင် တည်ရှိသော မြို့ကြီး နှစ်မြို့ဖြစ်ပါသည်။

ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် တည်ရှိသော မကွေးမြို့ကြီး၏ အထွတ်အမြတ် ကျက်သရေဆောင် စေတီတော်ကြီး မှာ ဧရာဝတီမြစ် ကမ်းပါးထိပ် အမြင့်တွင် တည်ရှိသော “မြသလွန် စေတီတော်ကြီး” ဖြစ်ပါ သည်။

မျက်နှာချင်းဆိုင် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ မင်းဘူးမြို့၏ ကျက်သရေဆောင် စေတီကြီး တစ်ဆူ မှာလည်း မြစ်ကမ်းပါးအနီး တောင်ကုန်းမြင့်ကြီးပေါ်၌ တည်ရှိသော “စက္ကိန်းတဲ စေတီတော်ကြီး” ဖြစ် ပါသည်။

ယင်း စေတီတော်ကြီး နှစ်ဆူလုံးသည် ရာဇဝင် သမိုင်းအရလည်း အလွန်ထင်ရှား ကြီးကျယ် ဆက်နွယ် ခဲ့ သော စေတီကြီးနှစ်ဆူ ဖြစ်ပါလေသည်။

မြတ်စွာဘုရားသခင် ကြွတော်မူလာစဉ် တစ်ညဉ့်မျှ ကျိန်းစက်တော်မူခဲ့ဖူးသည့် နေရာမြတ်ကို စက္ကိန်းတဲ စေတီဟူ၍ တည်ထားခြင်းဖြစ်ပြီး၊ မြတ်စွာဘုရား ကျိန်းစက်တော်မူဖူးသည့် မြသားသလွန်တော်ကို ဌာပနာ ၍ တည်ထားသော စေတီတော်ကြီးမှာ မကွေးမြို့မှ မြသလွန်စေတီတော်ကြီး ဖြစ်ပါသည်။ တစ်ဆက် တည်းပင် မလွန်မြို့မှာလည်း “မြသပိတ်စေတီတော်” ဟူ၍ ရှိပါသေးသည်။ မြတ်စွာဘုရား၏ မြသပိတ်တော် ကို ဌာပနာ၍ တည်ထားသော စေတီတော် ဖြစ်ပါသည်။

သို့ကြောင့် “မကွေး … မြသလွန်။ မလွန် … မြသပိတ် ” ဟူ၍ စေတီတော်ကြီးနှစ်ဆူကို မှတ်တမ်း ပြုထားခဲ့ကြ ဖူးပါသည်။

မြတ်စွာဘုရား ကြွတော်မူလာစဉ် ခြေတော်ရာနှစ်ဆူ ချတော်မူခဲ့သော နေရာမှာ “ရွှေစက်တော်ဘုရား” ဟူ၍ ထင်ရှား ကျော်ကြားခဲ့ပါသည်။

ရွှေစက်တော်ဘုရား တည်ရှိရာ တောင်တော်သည် မန်းချောင်းက ဦးသုံးကြိမ်ခိုက်ပြီး စီးဆင်းရသည်ဟု အဆို ရှိသည့်အတိုင်း မန်းစက်တော်ရာတောင်အား မန်းချောင်းသည် ၃ ကြိမ် ကွေ့ဝိုက်ဦးခိုက် စီးဆင်းနေ သည် ကို ယနေ့အထိ တွေ့မြင်သိရှိနိုင်ကြ၏။

ခြေတော်ရာ နှစ်ဆူအနက် တစ်ဆူမှာ တောင်ခြေရှိ မန်းချောင်းနှုတ်ခမ်းပေါ်တွင်ရှိ၍ အောက်ခြေတော်ရာ ဟူ၍ ခေါ်ကြသည်။ မိုးတွင်းအခါ၌ ရွှေအတိပြီးသော အောက်ခြေတော်ရာသည် မန်းချောင်း ရေအောက်သို့ အမြဲ ရောက်ရှိနေတတ်ပါသည်။ အထက်ခြေတော်ရာ စေတီမှာမူ တောင်ထိပ် အစွန်အဖျား ၌ တည်ရှိပါသည်။ တပို့တွဲ၊ တပေါင်းက တန်ခူးလအထိ ရှေးခေတ် အစဉ်အလာအတိုင်း ကြီးကျယ် စည်ကား သော ဘုရားပွဲတော်အချိန်ကာလသည် (၃)လတိတိရှည်လျား၍ ဘုရားဖူးများ ထောင်သောင်း ချီ လျက် အဆက်မ ပြတ် များပြားလှပါသည်။

ရွှေစက်တော်ဘုရားသို့ သွားလိုသူများသည် မကွေးမြို့ တစ်ဘက်ကမ်းရှိ မင်းဘူးမြို့နယ်မှနေ၍ သွားကြရ ပါသည်။ ယနေ့ မော်တော်ကားလမ်းများရှိပြီဖြစ်၍ အသွားအလာ လွယ်ကူသော်လည်း ရှေးခေတ်ဟောင်း ကမူ ခြေလျင်၊ မြင်းလျင်များနှင့် လည်းကောင်း၊ နွားလှည်းများနှင့် ညဉ့်အိပ်ညဉ့်နေ ခရီးရှည်သွားရ၍ စားအိုး စားခွက်၊ ရိက္ခာပစ္စည်းအလုံအလောက်နှင့် လာကြရပါသည်။

ထိုရာဇဝင် သမိုင်း နှင့် အလွန်ထင်ရှား ကျော်ကြားသော ရွှေစက်တော်ဘုရား ခြေတော်ရာများ တည်ရှိရာ အရပ်သည် မင်းဘူးမြို့ အနောက်ဘက် တောကြီးမျက်မည်း၊ တောင်တန်းကြီးများ အသွယ်သွယ်ကို ခဲယဉ်း စွာ ဖြတ်ကျော်သွားရသည်။ ဆောနယ်၊ ယောနယ် တို့နှင့်လည်း ဆက်သွယ်သည်။ ချင်းလူမျိုး တို့ကလည်း ရွှေစက်တော်၏ တောအထပ်ထပ်၊ လျှိုမမြှောင်မြှောင်၊ တောင်အသွယ်သွယ်မှာ အနှံ့အပြား နေထိုင်ကြသူ များ ဖြစ်၍ ပွဲတော်အခါ ရွာလုံးကျွတ် ဘုရားဖူး လာရောက်လေ့ရှိကြပါသည်။

ဆိုခဲ့ပြီးသောအတိုင်း မင်းဘူးမြို့ အောက်ဘက်ရှိ “ရွာသာရွာ” ဘက်ကနေ၍ မြင်း နှင့် သွားမည်ဆိုလျှင် ရွှေ စက်တော်တောင် ကို ခရီးတိုတို နှင့်ပင် ပို၍ မြန်မြန်ဆန်ဆန် ရောက်နိုင်ပါသည်။