ကျွန်းဦးတည့်သံလျှက်ခုံ

အသွားမတော် တစ်လှမ်း ဖြစ်ရသူကြမ္မာ

ရွှေဘိုမင်းတရားကြီး ၏ ရေတပ်တော်သည် ရွာသာရွာ တဲနန်းတော်၌ တစ်ညဉ့်မျှ ရပ်နားတော်မူခဲ့သည်။ ထိုအချိန်ကာလသည် တပေါင်းလပြည့်ကျော် သုံးရက်နေ့ဖြစ်၍ တစ်ညဉ့်လုံး ရွှေလရောင် လွှမ်းချိန် လည်းဖြစ် ပါသည်။ ပူအိုက်သော နွေဥတုရာသီလည်းဖြစ်ပါသည်။

ရွှေဘိုမင်းတရားကြီး၏ သားတော်ကြီးဖြစ်သူ ရေတပ်တော်၏ ရှေတပ်ဗိုလ်ချုပ်ပြည်မင်းသား သီရိမဟာ သီဟသူရ ဓမ္မရာဇာသည် မိမိ ဖောင်တော်ပေါ်မှနေပြီး သာယာကြည်နူးဖွယ်ဖြစ်သော အခါသမယ၌ ကြုံကြိုက် ခဲလှသော ရွှေစက်တော် ဘုရားပွဲချိန်လည်း ဆုံဆည်းလျက်ရှိသောကြောင့် ခြေတော်ရာများကို သွားရောက် ဖူးမြော်လိုလျသည်။ ဆန္ဒက ပြင်းပြ၊ အချိန်ကလည်းမလှ၊ လရောင်ကို အားကိုး၍ မြင်းနှင့် အပြင်း စိုင်းနှင် ပါက ညတွင်းချင်း မိုးမလင်းခင် ပြန်ရောက်နိုင်သည်ဟု တွက်ဆမိသည်။

မနက်ကိုလည်း တပ်တော်ထွက် မီရမည်။ လှေတော်ပေါ်တွင် တစ်ညလုံး အချိန်ကုန်မည့်အစား လျှပ်တစ်ပြက် နည်းနှင့် မြင်းတော်စီးပြီး ခြေတော်ရာဘုရားများ သွား၍ ဖူးမြော်လိုက်ချင်သော ဆန္ဒက တားဆီး မရအောင် ပေါ်ပေါက်နေတော့သည်။

ခမည်းတော်ကို သံတော်ဦးတင်၍ သွားမည်ဆိုလျှင်လည်း ညဉ့်အချိန်မတော်ကြီး သွားရန်မသင့်ဟု မိန့်တော် မူမည်အမှန်ဖြစ်သည်။ နောက်တစ်ကြိမ် အေးအေးဆေးဆေးလာဖို့ ဆိုသည်မှာလည်း “ဆောက်ဖြစ်ပါ မှ ကျောင်းဒကာ” ဆိုသော စကားကဲ့သို့ ပုံသေကားကျ မဟုတ်သဖြင့် ရွှေစက်တော်ဘုရား နှင့် အနီးဆုံး ရွာသာ ရွာသို့ ကြုံကြုံကြိုက်ကြိုက် ရောက်လာခိုက် တပေါင်းလပွဲတော်အခါလည်း ဖြစ်လေသော ကြောင့် ကြုံကြိုက် ခဲမိ့ ဇွတ်ပဲသွားတော့မည်ဟု ဆုံးဖြတ်တော်မူလိုက်သည်။

အရွယ်တော်ကလည်း ငယ်ငယ်၊ ထက်တုန်း မြက်တုန်း၊ သန်တုန်း မြန်တုန်း ခရီးပြင်း မြင်းစိုင်းရမည်ကိုပင် ပန်းသည် ဟု မထင်နိုင်၊ ဇွတ်တရွတ်ပဲသွားမည်၊ ဘုရားဖူးသွားခြင်းသည် ကုသိုလ်ရေးအလုပ်ဖြစ်၍ ခမည်း တော် အပြစ်မြင်တော်မူမည်မဟုတ် ဟူ၍လည်း တထစ်ချ ယုံမှတ်လေသည်။

ဟုတ်ပါသည်။ ဘုရားဖူးခြင်းသည် မင်းပျိုမင်းလွင်အရွယ်၌ သေရည်သောက်ခြင်းမဟုတ်၊ သူ့ဥစ္စာတိုက်ခိုက် လုယူခြင်း မဟုတ်၊ သူ့အသက်သတ်ခြင်းမဟုတ်၊ ကောင်းသော ဘုရားဖူး ကုသိုလ်ရေး အလုပ်သာဖြစ်ပါ သည်။

ညတွင်းချင်းပင် ရှေ့တပ် ဗိုလ်မှူးချုပ် မင်းသားကြီး၊ မြင်းယဉ်စီး၍ ရွှေစက်တော်ဘုရားဖူး ထွက်တော်မူမည် ကို ဝန်အရာရှိများက မြင်းကောင်း မြင်းချောများ စီစဉ်ဆက်သကြရသည်။ နောက်လိုက် နောက်ပါ အနည်း ငယ်ခြံရံ၍ ရွာသာရွာမှ မင်းမှုထမ်းများကို လမ်းပြစေလျက် မန်းစက်တော်သို့ ဘုရားဖူး ထွက်ခဲ့ပါသည်။

တပေါင်းလပြည့်ကျော် သုံးရက်ဖြစ်၍ လမင်းထွက်လာသည်က အစ တစ်ညလုံး ရွှေလရောင်မှုန်းထားခြင်း ကြောင့် တောတောင် ရေမြေတစ်လွှား၌ နေ့လယ်နေ့ခင်းကဲ့သို့ လင်းထိန်နေပါသည်။ တစ်တောင်ကျော်၊ တစ်တောင်နင်း၊ မြင်းအများနှင့် အပြင်းသွားနေရသော ပြည်မင်းသားတို့သည် သန်းခေါင်ကျော် သာသာ တွင် မှ မန်းစက်တော်ဘုရားသို့ ရောက်သွားကြပါသည်။

အောက်ခြေတော်ရာကို ပထမဖူး၍ ဦးခိုက်ကြပြီးလျှင် အထက်ခြေတော်ရာရှိရာ တောင်ထိပ်သို့လည်း တက်၍ ဦးခိုက်ဖူးမြော်ကြရပါသေးသည်။ နမန္တာနဂါးတို့၊ သစ္စာဗန္ဓရသေ့တို့ တောင်းပန်မှုကြောင့် မုနိရှင်တော် ဘုရားက ခြေတော်ရာများ ချထားတော်မူခဲ့သည်ဆိုသော ဘုရားသမိုင်းစဉ်ကိုလည်း အတိတ် ဖြစ်စဉ် တွေ ပေါ်လွင်လာသည်အထိ တွေးထင် ကြည်ညိုမိမည်။ ဖန်သားကဲ့သို့ ကြည်လင်သည့် စမ်းရေသွင် သွင်စီးဆင်းလျက်ရှိသော မန်းချောင်းသည် စက်တော်ရာ တောင်ခြေကို သုံးပတ်ရစ်ခွေ ဦးခိုက် ၍ နေသည်ကိုလည်း မျက်ဝါးထင်ထင် ကြည်နူးဖွယ် တွေ့မြင်နေရပေမည်။

မန်းစက်တော်ရာ တောင်တော်အား ပတ်ဝန်းကျင်တစ်ဝိုက်မှ ခြံရံထားသောသဘာ၀ တောတောင်၊ လျှိုမြောင်၊ ချောက်ကမ်းပါးတို့တွင် အလိုအလျောက် ပေါက်ရောက်လျက်ရှိသော တောပန်း တောင်ပန်း တို့၏ ရနံ့ကလည်း သင်းပျံ့လှိုင်ကြူလျက် ပန်းစုံခသော တပေါင်းလရာသီနှင့် လျော်ညီစွာ ပီပီသသ ကျင့်သုံးနေ ကြသောကြောင့် ရာသီမာသ သဘာဝ၏ အလှအပတို့နှင့်ပေါင်းဖွဲ့ကာ စိတ်အာရုံကို တစ်မျိုး တစ်ဖုံ ဆွတ်ပျံ့ ဖွယ်ရာ ကြုံကြိုက်ရလေသော ပြည်မင်းသားခမျာတွင် ဖရဏာပီတိ ဂွမ်းဆီထိသို့ ပျောင်းအိ ညွှတ်ယိမ်းလျက် ပြန်ရမည့် ခရီးအတွက်ပင် စိတ်မဝင်စားမိအောင် ရှိရလေတော့သည်။

သဒ္ဓါယိုဖိတ် ကြည်ညိုစိတ်နှင့် ဖူး၍မဝ၊ ဦးချ၍ မထချင်အောင်ရှိပြီး အချိန်ကလည်း နည်းသဖြင့် အပြန်ခရီး အတွက် နောက်ပါ မင်းမှုထမ်း တို့က သတိတော် ဆက်ကြမှသာ ရုတ်တရက်ဦးချ၍ ပြန်ခဲ့ရသည်ပင် ပြည်မင်းသား ၏ စိတ်ကတော့ မန်းစက်တော်ရာ ဘုရားခြေတော်ရင်းက ခွာမရဘဲ ကျန်ရစ်လေသယောင်။ လရောင်လင်းလင်း တွင် မြင်းတော်ကိုနှင်၍ တောင်စဉ်တောတန်းမှ တမောတပန်း ပြန်လှည့်ခဲ့ကြ ရပါသည်။

ရွာသာရွာ ဆိပ်ကမ်း၌ ရွှေရောင် လွှမ်းလျက်ရှိသော ရေနန်းပြာသာဒ်များနှင့် လှေတော်၊ ဖောင်တော်များ အပါအဝင် ရေတပ်တော်ကြီးသည် မနက်ဖြန်မနက် နေဝန်းတက်ချိန်တွင် ခရီးစဉ်အတိုင်း ဆန်တက် ထွက်ခွာ ချီတက်ကြရန် အသင့်ပြင်ဆင်ထားကြသောကြောင့် ရေတပ်တော် အဝင်အပါ မင်းမှုထမ်း များစွာတို့မှာ တာဝန်ဝတ္တရားအတိုင်း နေ့ဆိုင်း ညဆိုင်းနှင့် ကြီးကြပ်ဆောင်ရွက် လျက် ရှိသည်တွင် ရေတပ်တော်ကြီး၏ ရှေ့တပ် ဦးစီးဗိုလ်ချုပ်ဖြစ်သော ပြည်ကိုယ်တော်ကြီး အချိန်မီ အပြန်ကို လည်တံရှည်ရှည် ပင့်၍ မျှော်လင့် စောင့်စားနေကြရလေသည်။

ထက်ကောင်းကင် မှ သော်တာလမင်းကြီးသည် မြင်းအပြင်းစီး၍ စခန်းအရောက် ကဆုန်ပေါက် နှင်လာသူ တစ်စုအား သနားကြင်နာစွာကြည့်၍ နေပေလိမ့်မည်။ လင်းအရုဏ်အချိန်ကလည်း သီသီနီးကပ် လာလေပြီ။ ထို့ကြောင့် လမင်း၏ ရောင်ရှိန်သည် မှိန်မှန်းမသိ မှိန်မှေး၍ တဖြည်းဖြည်း ဆုတ်ယုတ်စ ပြုလာ လေသည်။

တောင်စဉ် တောင်တန်းမှ တရကြမ်း မြင်းစိုင်းလာသူများကလည်း ရွာသာရွာ ကမ်းခြေအရောက် ကဆုန် ပေါက် နှင်မြဲ နှင်လျက် ရှိနေကြပါသည်။

သို့ရာတွင် အချိန်က လူကိုစောင့်နေရိုး ထုံးစံမရှိပါ။ လမင်းစန္ဒာကလည်း “ငါတော့ ဆက် မကြည့်လိုတော့ ဘူး၊ နင်တို့ထိုက် နဲ့ နင်တို့ကံသာပဲ “ဟု မျက်နှာလွဲ၍သွားသလို၊ အနောက် စကြဝဠာ နှုတ်ခမ်းသို့ ကွန်းခို သွားတော့ သည်၏ အဆုံးတွင် အရှေ့ စကြာဝဠာတစ်ပြင်လုံးမှ နီလွင်သော ရောင်ခြည်တန်းများ သန်း လာ လေတော့သည်။

အရှေ့လောကဓာတ်မှ လင်းရောင်ခြည်ဖြာသည်နှင့်တစ်ပြိုင်နက် မြစ်ကမ်းပါးက ရွှေနဂါးကြီး လူးလွန့်လာ သည့် အလား ရွှေရောင်လျှပ်သော ရေတပ်တော်ကြီးသည် သက်ဝင်လှုပ်ရှားလာကာ ရှေ့စခန်းဆက်ကို ချီတက်ရန် ပြင်ဆင်သမှု ပြုကြလေတော့သည်။

သို့လျှင် အရှေ့လောကဓာတ်မှ လင်းအရုဏ်ဖြာနေပြီဖြစ်၍ ရွာသာရွာဆိပ်၌ ဆိုက်ကပ်၊ ရပ်နား အိပ်စက် နေခဲ့သော ရေတပ်တော်ကြီးသည် ယနေ့ နံနက်အဖို့ ရှေ့ခရီးဆက်လက်ရန် လူးလွန့် လှုပ်ရှားလာ သည့် အားလျော်စွာ တာဝန်ရှိမင်းမှုထမ်းတို့မှာ ဆိုင်ရာဆိုင်ရာ လှေသမ္ဗန်များ၊ ဖောင်တော်များအပေါ်တွင် “ခတ်ကွင်းပြင်” ကြလေပြီ

ချီတက်ရန် မင်္ဂလာအမြောက်သံကြားလျှင် အဆင်သင့် တက်ချီတက်မြှောက် တစ်ယောက်မကျန် လှော် ခတ် ရတော့မည်။ နရည်းဆရာ၊ ဗုံတောင်ဆရာတို့ကလည်း ဗုံသံ၊ ပတ်သံများ စမ်းသပ် အသံညှိလျက်ရှိကြ လေပြီ။

အခါကြား အမြောက်အမှုထမ်းတို့မှာလည်း တပ်ရှေ့မှ အချက်ပြသည်နှင့် တစ်ပြိုင်တည်း အမြောက် သံကြီး ဟည်းခနဲ ထွက်နိုင်စေခြင်းငှာ အမြောက်ဆန်ယမ်းမှုန့်များ အဆင့်သင့် ထည့်ပြီး မီးတုတ်ကြီး တပြင်ပြင် ရှိနေ ကြလေပြီ။

ဒီအချိန်အထိ ပြည် ကိုယ်တော် မပေါ်လာသေးပါကလားဟု မင်းသား၏ ဝန်အမှုထမ်းများ လည်ပင်း တယား ယားဖြစ်လာကြလေပြီ။ ထိုခေတ်သည် လည်ပင်းယားရသော ဧကရာဇ် ဘုရင်ခေတ် ဖြစ်ပါသည်။ အပြစ်ရှိ လျှင်၊ တာဝန် မကျေပွန်လျှင်၊ အထင်အမြင်မှားလျှင် ဓားနှင့်လည်ပင်း အနီးကပ်ဆုံး တွေ့ကြုံရမြဲ ခေတ် ဖြစ် ပါသည်။

အခြားသော ဝန်အမှုထမ်းများထက် ပြည်မင်းသား၏ ဝန်ထမ်းများမှာ ပိုတာဝန်ရှိ၍ အပြစ်ရှိချင်း ရှိလျှင် သူတို့သာ ရှေးဦးစွာ ခံရမည်ဖြစ်ပါသည်။

အချိန်က စောင့်မနေပါ၊ ပြည်ကိုယ်တော်တို့ မရောက်လာသေး။ ရေတပ်တော်သားအားလုံးသည် ကုန်းဘက် သို့ လည်တဆန့်ဆန့်နှင့် ငံ့မျှော်နေကြသည်။ ပြည်မင်းသားနှင့် နောက်လိုက် နောက်ပါ များ မှာလည်း မြင်းစီး ကျင်လည်စွာနှင့် ရှေးရှုစိုင်းနှင်လျက်သာရှိကြပါသည်။ သို့ရာတွင် အခါက အနည်းငယ် ငံ့လင့် သွားခြင်းကြောင့် နောက်ဆုံးတွင် ခမည်းတော် ရွှေဘိုမင်းတရားကြီး နားတော် ပေါက်ကြား သွားရ တော့သည်။

” မောင်မင်း တို့၊ တပ်တော် ချီချိန်သင့်ပြီမဟုတ်လား ” ဟု ရွှေဘိုမင်းတရားကြီး အမေးတော်ရှိလျှင် ” မှန်လှပါ၊ အချိန်အခါ သင့်မြတ်ပါပြီ၊ သို့ရာတွင် သားတော် ပြည်ကိုယ်တော် မရောက်လာသေးခြင်းကြောင့် ခေတ္တ ကလေး ဆိုင်းငံ့ရကြောင်းပါဘုရား” ဟူသော အဖြေကြောင့် …

” အစ်ကိုကြီးက ဘယ်သွားရသလဲ၊ ငါ့ကိုလည်း အလျှောက်အထား မရှိပါကလား၊ သားတော်၏ ဝန်အမှုထမ်း များကို ငါ့ရှေ့တော်ခေါ်ခဲ့ကြရမည်” ဟု အမိန့်တော်ရှိခိုက် သားတော် ပြည်မင်းသားတို့လည်း အမောတပန်း ဆိုက်ရောက်လာပြီး ခမည်းတော် ရှေ့တော်သို့ ဝင်ရောက်ခစားမိကြလေသည်။

ခမည်းတော် ရှေ့မှောက်ရောက်လာသော သားတော်အား မေးမြန်း စိစစ်တော်မူသောအခါ “သားတော် ခရီး ကြုံကြိုက်ခိုက် မန်းစက်တော်ရာ ဘုရားဖူးချင်လွန်းသဖြင့် သွားရပါကြောင်း၊ ညဉ့်အချိန်တော်၍ ခမည်းတော် ထံမှာ ခွင့်ပန်လျှောက်မှု မပြုရပါသော်လည်း၊ မြင်းနှင့်ညဉ့်တွင်းချင်း အသွားအပြန် အမြန် ရောက်၊ ဘုရားဖူးထွက်ရခြင်းဖြစ်ကြောင်း” များ လျှောက်ကြား သံတော်ဦးတင်လိုက်ပါသည်။

ပြည်ကိုယ်တော်ကြီး ကိုယ်၌ကလည်း ဒါလောက် အပြစ်ကြီးလိမ့်မည်ဟူ၍ ထင်မှတ်ခြင်းမရှိ၊ ဘုရားဖူးသည့် ကိစ္စ ဆိုသည်မှာ ကုသိုလ်ရေးဖြစ်လို့ အပြစ်ဖြစ်နိုင်လိမ့်မည်ဟု မမျှော်လင့်ရှာပါလေ …။

သို့ပေမင့် ခမည်းတော်မင်းတရားသည် သားတော်အား များစွာ မျက်တော်မူခဲ့သည်။ ” သားတော် ပြည်စား သည် ရှေ့တပ်ဗိုလ်မှူး ဗိုလ်ချုပ်ကြီးဖြစ်ပါလျက် ငါ့ကို မလျှောက်မထား၊ ညဉ့်အချိန်မတော်ယခုကဲ့သို့ ထွက် သွားခြင်းသည် အလျှင်း မသင့်မလျော်၊ ရေတပ်တော်ကို ထိန်းချုပ်ကွပ်ကဲခြင်းမှ ရပ်စဲစေရမည်။ ညီတော် ပုခန်းမင်းသား နောက်တပ် ဗိုလ်ချုပ် က ပြည်မင်းသားကို ထိန်းသိမ်းခေါ်ယူလာရမည်။ ရှေ့တပ်ဗိုလ် နေရာကို လည်း ကောင်းတုံမြို့စား ဝန်ကြီး သတိုးမင်းရဲ ရာဇာကို အုပ်ချုပ်စေရန် ” ခန့်ထားတော် မူလိုက်သည်။

ပြည်မင်းသား၏ ဝန်အရာရှိ အမှုထမ်းအားလုံးတို့ကို လှေတပ်တွင် အချုပ်အနှောင်နှင့် နေပြည်တော် အရောက် ခေါ်ဆောင်ယူစေသည်။ ပြည်မင်းသား သီရိမဟာသီဟသူရ ဓမ္မရာဇာ ကို သားတော် မိုးနဲဗိုလ်မှူး ပုခန်းမင်းသား ထံတွင်အပ်၍ ခေါ်ဆောင်စေသည်မှာ အရာနုတ်၍ အကျယ်ချုပ်သဘောမျိုးပင် ဖြစ်ပါ သည်။

မန်းစက်တော်ရာ ဘုရားဖူး သွားမိသောအပြစ်သည် ဤမျှကြီးမားရသည်မှာ ပြည်မင်းသားအပေါ်တွင် ခမည်းတော် မျက်တော်မူ ပုံသည် အမှုနှင့်မတန်အောင် ပြင်းထန်နေပါသည်။ တကယ်ဆိုလျှင် နှုတ်ပြစ်တင် တော်မူရုံ မျှနှင့်သာ လုံလောက်ပါလျက် ရက်စက်တော်မူလှပါသည်။

အလွန်ချစ်မြတ်နိုးတော်မူသော သားတော် အကြီးဆုံးဖြစ်သောကြောင့် ငယ်စဉ်အခါက နာမည်ပင် မခေါ် ရက်ဘဲ ချစ်စနိုးနှင့် (အစ်ကိုကြီး)ဟု ခေါ်တော်မူခဲ့ပြီး အရွယ်တော်ရောက်လာသောအခါ အဆောင် အယောင်၊ အခမ်းအနားနှင့် မြို့စားဘွဲ့ ချီးမြှင့်သနားတော်မူရုံမက တောင်ငူမင်း၏ သမီးတော်၊ ခဲပေါင်မြို့စား သီရိသုမဟာ မင်္ဂလာဒေဝီနှင့် ရေသွန်းနှင်းအပ် လက်ထပ်ထိမ်းမြား ပေးတော်မူသည်။ ထို မင်းသမီး မှာ ရွှေဘိုမင်းတရားကြီး၏ နောင်တော် သီရိမဟာ သီဟသူရ ဓမ္မရာဇာတောင်ငူမင်းဖြစ်သော ကြောင့် မောင်လည်နှမလည်ပင် တော်စပ်တော်မူပါသည်။ ပြည်မင်းသားတွင် ကြင်ရာတော် လက်ထပ်ဇနီး မင်းသမီး ခဲပေါင်ထိပ်ထား အပြင် ကိုယ်လုပ်မောင်းမများလည်း မင်းသားများ ထုံးစံအတိုင်း ရှိသင့် သလောက် ရှိစေကာမူ ကြင်ရာတော် ခဲပေါင်မြို့စားမင်းသမီးနှင့် သားတော်များ ၄ ပါးတိတိ ထွန်းကားခဲ့ပြီး ယခု လက်ရှိ အခြေအနေတွင်လည်း ကြင်ရာတော်ကြီးတွင် သားတော်ငယ် တစ်ပါး ထပ်မံဖွားမြင့် လုဆဲဆဲဖြစ်ပါသည်။

ဘယ်အခါကမျှလည်း သားတော်ကြီး ပြည်မြို့စားအား ခမည်းတော်ဘုရားက အမျက်တော် မရှ၊ အပြစ်တော် မတင်၊ အချစ်တော်ဝင်လျက်သာ ရှိခဲ့မြဲဖြစ်ပါလျက်၊ ယခုမှ ရုတ်တရက် ဤမျှသော အပြစ် ကလေးနှင့် အပြစ် ပေးတော်မူပုံ ပြင်းထန်ရခြင်းမှာ အကြောင်းရင်းအခြေခံကိုသာ ရှာကြံရန် တွေးဆရန် အရေးအခွင့်တစ်ခု ဖြစ် ပါတော့သည်။

အကြီးဆုံးသားတော်ဖြစ်၍ မြှောက်စား ချစ်ခင်တော်မူပုံက အထိပ်အဖျားအရောက် သူကောင်းပြုထားပါ သည်။ စားရသော မြို့မှာလည်း ပြည်မြို့ကြီးဖြစ်ပါသည်။ ပြည်မင်း၏ မယ်တော် အလယ်နန်းတော်မိဖုရား “သီရိစန္ဒာဘိရတနာဒေဝီ” သည် အဂ္ဂမဟေသီတောင်နန်းမတော် မိဖုရားခေါင်ကြီး မဟုတ်စေကာမူ သားတော်ကြီး ပြည်မင်းသား မှာ အိမ်ရှေ့မင်းသားတမျှ တန်ခိုးအာဏာကြီးလှပါသည်။

အကယ်၍ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးမှာသာ သားတော် မထွန်းကားပါက ပြည်မင်းသားမှာ ထိုအခါ ကပင် အိမ်ရှေ့ဥပရာဇာဖြစ်မျာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပါသည်။ ယခု အခြေအနေတွင်မိဖုရား ခေါင်ကြီး မှ ဖွားမြင်ထားသော သားတော် (ပုဂံမင်းအလောင်း)က အရွယ်တော် အတန်ကလေး ငယ်နေပေ သေး သည်။

ပြည်မင်းသား မှာ စားကြေးမြို့ရွာနှင့် တပည့်တပန်း အင်အားကလည်း ကြီးမားလျက် တန်ခိုးထွား လှသူဖြစ် သည်။ ဤအခွင့်အရေး တန်ခိုးအာဏာသည်လည်း ခမည်းတော် ရွှေဘိုမင်းတရားကြီး ခန့်အပ် ပေးသနား ထားခြင်းသာဖြစ်ပါသည်။

ယင်းသို့လျှင် ရွှေဘိုမင်းတရားကြီးက သဒ္ဓါတော်မူ၍ အခွင့်အရေး တန်ခိုးအာဏာ ပေးအပ်ထားသူ များလည်း ရာထူးဂုဏ်ထူးအဆင့်ဆင့် အတန်းတန်းတွင် သူ့နေရာနှင့်သူ တန်ရာတန်ကြေး သူကောင်းပြု ခံကြရ သူတွေ လည်း အများကြီး ရှိပါသေးသည်။

တောင်နန်းမတော် အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးအပြင် မြောက်နန်းတော်၊ အလယ်နန်းတော်၊ အနောက် နန်းတော် မိဖုရားသုံးပါးရှိသည့်အနက် အနောက်နန်းတော် မိဖုရား မမြကလေးကို မင်းမျိုးမင်းနွယ် မဟုတ် ပါဘဲ သဒ္ဓါတော်ပိုကဲပြီး အနောက်နန်းတော် မိဖုရားကြီးအရာကို ပေးသနားထားတော်မူခဲ့ပါသည်။

အချို့က အနောက်နန်းမတော်ဟု မှားယွင်းပြောဆိုရေးသားကြပါသည်။ အဂ္ဂမဟေသီ မိဖုရားကြီးကိုသာ ” တောင်နန်းမတော်” ဟု သုံးနှုန်းရပါသည်။ အခြားမိဖုရားများကို နန်းမတော်ဟု မသုံးရပါ။ ဥပမာ- အလယ်နန်း တော် မိဖုရား၊ အနောက်နန်းတော် မိဖုရားစသည်ဖြင့်သာ သုံးနှုန်းရေးသားရမြဲဖြစ်ပါသည်။

ဆိုခဲ့ပြီးသည့် အတိုင်း အနောက်နန်းတော် မိဖုရားမမြလေးမှာ ဘုရင့် ဆွေတော် မျိုးတော် မဟုတ်သည်မှ တစ်ပါး တောသူ တောင်သား ဆင်းရဲသား၏ သားသမီးတော့ မဟုတ်ပါ။ ရာထူးရာခံရှိသော မိဘတို့မှ ပေါက်ဖွား ခဲ့သော အမျိုးကောင်းသမီး ယဉ်ကျေးဖွယ်ရာနှင့် စာပေအနုပညာ ဗီဇရှိသူတစ်ဦးဖြစ်ပါသည်။

မမြကလေး၏ အမျိုးများသည် (ဗဒုံမင်း) ဘိုးတော်မင်းတရားကြီး လက်ထက် အိမ်တော်ပါ ဝေါတော်အမှုထမ်း လသမိန်ထောရာဇာ ” ဘွဲ့ခံ သာရဝေါ မြို့စားတစ်ဦးဖြစ်သည်။ ထိုနောက် ပုသိမ်မြို့ဝန် ခန့်တော်မူသည်။ ပုသိမ်မြို့ဝန်၏ ဝန်ကတော်၏ မောင်အရင်း ရေကင်းမြို့သားဇာတိ ဦးနေဦး မှာလည်း သာရဝေါ လျေတော်ပဲ့နင်း ခန့်တော်မူ၍ မောင်နေဦးမှာ ရာဇသတ်၊ ဓမ္မသတ်အရာ ကျွမ်းကျင်နိုင်နင်းကျော် ကြားသဖြင့် ခုံအရာ တင်မြှောက်ခံရသည်။ ထိုနောက် မင်းတရားကြီးက ” မင်းပျံချီ” ဟူသော ဘွဲ့ကို ပေးသနား၏။ ဟင်္သာတမြို့တွင် တရားစီရင်ပိုင်ခွင့် ပေးအပ်သနားလေသည်။ သို့ကြောင့် သာရဝေါ လှေတော်ပဲ့နင်းနှင့် ခုံမင်း မင်းပျံချီသည် ဇနီးဖြစ်သူ ရေကင်းသူ မယ်အိနှင့် ဟင်္သာတမြို့ သို့ လာရောက်နေထိုင် ကြရသည်။

၎င်းမင်းပျံချီနှင့် ဇနီး မယ်အိ တို့မှ ဖွားမြင်သော သမီးသည် ရွှေဘိုမင်းတရားကြီး၏ အနောက်နန်းတော် မိဖုရား မမြကလေးဖြစ်ပါသည်။

သူတို့ ဘိုးဘွားမိဘ ဆွေစဉ်မျိုးဆက်တို့ကလည်း ဘိုးတော် ဗဒုံမင်းတရားကြီး လက်ထက်ကစ၍ ပုသိမ်၊ ဟင်္သာတ၊ သာရဝေါ၊ ရေကင်းတိုက် တစ်ဝှန်းလုံး တစ်နယ်လုံးမှာ အုပ်ချုပ်စီမံ ခန့်ခွဲရသော သြဇာအာဏာ ရရှိခဲ့သူများဖြစ်သည်။ မမြကလေး မိဖုရားဖြစ်သောအခါ၌လည်း ရွှေလောင်းတိုက်နယ်ကြီး တစ်ခုလုံးအား မြို့စား အရာ ရရှိခဲ့ရုံမက သမီးတော်ကလေးကိုပင် လှိုင်မြို့စားခံရသဖြင့် အောက်ပိုင်း တစ်ဝိုက် ရှိ တိုက်နယ် တစ်ခုလုံးသည် အနောက်နန်းမိဖုရားနှင့် ဆွေသားမျိုးသားတစ်သိုက်၏ သြဇာညောင်းသော နယ်ပယ်ကြီးတစ်ခု ဖြစ်နေပါသည်။

သည့်နောက်မှာကား ပြည်မင်းသား၏ စားကြေးမြို့မှာလည်း ပြည်မြို့နယ်ကြီးတစ်ခု ဖြစ်နေပြန်သည်။ ပြည် နှင့် ဟင်္သာတဆိုသည်မှာလည်း နယ်ချင်း တစ်ဆက်တည်းကဲ့သို့ပင် ရှိနေပါသည်။ ပြည်မင်းသား၏ စားကြေးမြို့ဖြစ်သော ပြည်မြို့နှင့် မမြကလေးနှင့် ၎င်း၏ ဆွေမျိုးမိသားစုတို့၏ စားကြေး မြို့နယ်များ၊ အုပ်ချုပ်မှုများ တစ်ဆက်တည်းတစ်ပြေးတည်း နီးကပ်သကဲ့သို့ပင် ပြည်မင်းသားနှင့် မမြကလေး အမှူးရှိသော ၎င်း၏ ဆွေမျိုးမိသားစုတို့နှင့်လည်း ချစ်ကျွမ်းတဝင် ခင်မင်လေးစားလျက် အဝင်အထွက် အဆက်အသွယ်ြမ်ပတ်ခဲ့ကြပါ။ ဘာမျှ ထွေအထူးမရှိ၊ ရိုးသားစွာပင် ထွက်ဝင်ဆက်သွယ်ကြသလို၊ ပြည် မင်းသား ကိုယ်တိုင်နှင့် မမြကလေးတို့ ကိုယ်တိုင်ကလည်း စာပေဂီတ အနုပညာရသ ရှာမှီးလေ့လာ ဖန်တီး နေကြသူများပီပီ တစ်ဦး၏ ဂီတအရသာကို တစ်ဦးစီမှာ ဝေငှခံယူ သုံးစားနေကြသူများဖြစ်ပါသည်။ စာပေဂီတနှင့် စပ်လျဉ်း၍ ခင်မင်ရင်းနှီးဆက်စပ်မှု၊ ပုရပိုက်ချင်း ဖလှယ်၍ အလဲအလှယ် ရှုစားဖတ်မှတ်ခြင်း များလည်း ရှိခဲ့ကြပါသည်။

အနောက်နန်းတော် မိဖုရား မမြကလေး၏ မိခင် ဖခင်တို့သည် လည်းကောင်း၊ ဆွေမျိုးတော်စပ် သူ များသည် လည်းကောင်း ရာဇဌာနီမင်းနေပြည် အမရပူရသို့ လာရောက်ကြတိုင်းပင် အနောက်နန်း မိဖုရားအဆောင်မှ ပြည်မင်းသား၏ အိမ်တော်သို့လည်း သွားရောက်ကာ အောက်ပြည် အောက်ရွာမှ ပါရှိ လာတတ်သော ပုစွန် ဆီ၊ ငါးသလောက်၊ လိပ်ဥ စသည့် လက်ဆောင်ပဏ္ဏာများကို ပေးပို့ ဆက်သတတ်မြဲ ဖြစ်ကြပါသည်။ မိဖုရား မမြကလေး၏ မိခင်မယ်အိမှာမူ အထူးပြောစရာမလိုပါ။ သမီးတော်၏ အဆောင် မှာသာ အနေများပြီး အောက်ပြည်အောက်ရွာသို့ တစ်ခါတစ်ရံမျှသာ ပြန်သွားလေ့ရှိပါသည်။

မိဖုရား မမြကလေး၏ မိခင်၊ မင်းပျံချီ၏ဇနီး မယ်အိမှာ အောက်ပြည် အောက်ရွာတွင် ကြီးသူ ဖြစ်သော်လည်း မင်းနား စိုးနား ယဉ်ပါးနီးစပ်ခဲ့သူ၊ ဆက်ဆံရေးတွင် ကျွမ်းကျင် လိမ္မာပါးနပ် သူလည်းဖြစ်သောကြောင့် နန်း တွင်းရေးရာများ၌လည်း နန်းတော်သူလောက်နီးနီး တတ်မြောက် လိမ္မာပြီး ဖြစ်၍ နန်းတွင်းသူအများနှင့် ရင်းနှီး ချစ်ခင်နေခဲ့သူလည်းဖြစ်ပါသည်။

ယခုလို ရွှေဘိုမင်းတရားကြီး ဥက္ကလာပသို့ စုန်တော်မူလာသောအခါတွင်မူကား မြို့ခံ မင်းပျံချီတို့၊ မယ်အိတို့ နှင့်တကွ သူတို့၏ အဆွေအမျိုး တပည့်တပန်း အသိုင်းအဝိုင်းများက သူများထက်ပို၍ ရိုသေကျိုးနွံစွာ ဝင်ထွက်ခစားကြရပါမည်။ မိမိတို့နှင့် နီးစပ်ရာ မိဖုရား၊ သားတော် သမီးတော်များ အားလည်း လောကဝတ္တရား ကျေပွန်စွာ နှုတ်ခွန်းဆက်သကြရမည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။

သူများထက် နန်းတော်တွင် ဝင်ထွက် ဆက်ဆံ ပေါင်းသင်းရာ၌ ပါးနပ်လိမ္မာလှသော မယ်အိတို့အဖို့ အလုပ် အရှုပ်ဆုံးသောအခါလည်းဖြစ်ပါသည်။ စုန်တော်မူလာစဉ်အခါက ဟင်္သာတမှ ဥက္ကလာပ အရောက်၊ အပြန် ဆန်တက်ရာ၌လည်း ဥက္ကလာပမှ ဟင်္သာတအရောက် ဆိုသလို ပိုပိုသာသာကြီး ဝတ္တရား ကျေပွန်ကြရပါမည်။

လာခဲ့သော တစ်လမ်းလုံး ဟိုအဆောင်ကြည့်ကြည့်၊ သည်အဆောင်ကြည့်ကြည့် မယ်အိတို့ အသိုင်းအဝိုင်း တို့က ရှိနေသည်။

ပြည်မင်းသားထံမှာဆိုလျှင် ယခင်ကတည်းက ချစ်ကျွမ်းခဲ့ကြ၍ အဝင်အထွက် အဆက်အသွယ်တို့မှာ ပိုမို များပြား နေရတော့မည်မှာလည်း ဓမ္မတာ သဘာဝကြီးပင် ဖြစ်ရပါတော့မည်။

သည်တော့လည်း တစ်နည်းမဟုတ် တစ်နည်း မြင်ရဖန်များသူများအဖို့ မျက်စိ နောက်ချင်လည်း နောက်ကြ ပေမည်။ ရွှေဘိုမင်းတရားကြီး ကိုယ်တော်တိုင်ပင် မြင်ပါများလျှင် သို့လော သို့လော တွေးတော ချင်စရာပါ တည်း။

သို့ပေမင့် သဒ္ဓါတော်မူ၍ သူကောင်းပြုထားသူများချည်းပင်ဖြစ်ရာ၊ အထွေအလာရှိဖွယ် မမြင်သေးဟူ၍ ထင် သည်။ ဥက္ကလာပစုန်တော်မူလာစက ငဥ ဆိုသူက ပဲ့နင်း မောင်နေဦးအား (ကတုန်းကတိုက်) စကား နှင့် ရာထူးလုယူရန် ကြံဖူးသေး၍ အမှု မမှန်မှန်းသိသဖြင့် ငဥ အား မိကျောင်းစာ ကျွေးခိုင်းရသေး၏။ ငဥ ကို မိကျောင်းက မစားမှ စော်ဘွားတစ်ဦးကို အပ်ပြီး အမှုတော်ထမ်းစေရသည်။ သည်ငဥတို့လို သူတွေ ကလည်း မယ်အိ တို့ တွင်ကျယ်နေသည်ကို မည်သို့ ကြည့်နိုင်ပါမည်နည်း။

သာယာဝတီမြို့ ရေကင်းမင်းကြီးတိုက်၊ မင်္ဂလာအိမ်တော်ရာ (လောကဇေယျာ) စေတီတော် ရေစက်ချပွဲ တော် တွင် အမှတ်မထင် ကြုံကြိုက်တွေ့မြင်တော်မူလိုက်ရသော မြင်ကွင်းတစ်ရပ်မှာလည်း ရွှေဘို မင်းတရား ကြီး၏ စိတ်တော်ဝယ် ဖျောက်ပယ်မရအောင် ရှိခဲ့သည်။

ဘုရားအလှူတော် ရေစက်ချပွဲတွင် မိဖုရားများ၊ မင်းသားများ၊ သားတော် သမီးတော်တိ့ အသီးသီး နီးနီး ကပ်ကပ် တရားဟောသည့် ရေစက်ချမဏ္ဍပ်တွင် ထိုင်ကြရစဉ် အခိုက်အတန့်၌ သားတော်ကြီး ပြည်မင်းသား နှင့် မိဖုရား မမြကလေးတို့ ရင်းရင်းနှီးနှီး စကားမြည် ပြောဟောနေကြသည်ကို တွေ့မြင်တော် မူရသည်။ ကွမ်း အုပ်တော်များ ဆက်သနေသော အခြင်းအရာပင်။ သားတော်ကြီးနှင့် မမြကလေး တို့မှာ သက်ရွယ်ချင်း တူမျှ နေ၍ စိတ်ဝမ်းချတော် မမူချင်သော ဆန္ဒတော် ပေါ်ပေါက်ခဲ့ မိသည်။ သာမန်လူများ၌ သားကြီးနှင့် ငယ်ရွယ် သူ ဇနီးတို့ အတူတကွ ရင်းရင်းနှီးနှီးနေကြလျှင် သဝန်တို တတ်ကြသည့် ဓမ္မတာ၊ ရွှေဘိုမင်းတရားကြီးမှာ ကော မနုဿတစ်ပါးပင်ဖြစ်သောကြောင့် စနိုးစနောင့် ဖြစ်ကောင်း ဖြစ်ခဲ့လိမ့်မည်ဟု တွေးဆချင်စရာပင် ဖြစ် ပါသည်။