သံသယမျိုးစေ့ငယ်အမြစ်တွယ်ရာမှ
ရွှေဘိုမင်းတရားကြီးသည် မည်သို့ပင်ဖြစ်စေ၊ အလွန်တရာ ချစ်ခင်မြှောက်စားထားသော သားတော်ကြီး ပြည် မင်းသား နှင့် အလွန်တရာ သနားကြင်နာ မြတ်နိုးစွာသော အနောက်နန်းမိဖုရား မမြကလေးတို့ အပေါ် တွင် တစ်ကြိမ်မြင်ရုံမျှနျင့် စိတ်ဒွိဟ ဖြစ်တော်မူစရာအကြောင်းမရှိပါ။ ယခုလို သွားတုန်းလာတုန်း ကြုံကြိုက် တုန်းအခါတွင် ပျော်ပျော် ရွှင်ရွှင်နှင့် သားတော်၊ သမီးတော်များ၊ မိဖုရားများ၊ ကိုယ်လုပ် မောင်းမ များ တွေ့ဆုံ ရင်းနှီးကြသည်ကို လိုလားတော်မူမည်သာဖြစ်ပါသည်။
သို့သော် ငယ်ရွယ်၍ လှပသော မိဖုရားနှင့် သားတော် နှုတ်ခွန်းဆက်သ ပြောဟောနေကြသော ပုံသဏ္ဍာန် ကတော့ စိတ်အာရုံတွင် စွဲထင်လျက်သာ ရှိတော်မူခဲ့ပါမည်။ ဤသည်က အစပြု၍ ရေတပ်တော်ကြီး ဆန် တက်တော် မူခဲ့ရာ လမ်းစဉ်တစ်လျှောက်တွင်တော့ မျက်မြင်အာရုံမပြတ်စေဘဲ အကဲခတ်တော်မူခဲ့ပုံရပါ သည်။
ရေကြောင်းမှ လှေလောင်းတွေ အစီအရီ ခင်းကျင်းချီတက်လာရသော ရေတပ်တော်ကြီးလည်း ဧရာဝတီမြစ်ရိုး တစ်လျှောက်၌ မြစ်ပြင်ပြည့်မျှ များပြားလှသော လှေတော်၊ ဖောင်တော်တို့တွင် မင်းမိဖုရား။ သားတော်၊ သမီးတော်များမှအစ မှူးကြီးမတ်ရာ၊ သေနာပတိတို့နှင့် စစ်ဗိုလ်၊ စစ်ကဲ၊ စစ်မှုထမ်း အဆုံး မိမိတို့ စီးနင်းလိုက်ပါကြရသောလှေတော် ဖောင်တော်များတွင် ပျော်ရွှင်ကြည်လင်စွာ ရှိကြသည်။ နားသည့်အချိန် နား၍၊ သွားသည့်အချိန် သွားနေကြရင်းမှလည်း အချင်းချင်း လှမ်းလင့် မျှော်ခေါ်၍ဖြစ်စေ၊ နရည်းဗုံထောင်သံ တွေကြားမှ နှုတ်ခွန်းဆက်သ အချက်ပြ၍ ဖြစ်စေ ဆက်သွယ် ခဲ့ကြရသည်။
တစ်ဦးနှင့်တစ်ဦး ပစ္စည်းဖလှယ်၍ စားဖွယ်သောက်ရန်တို့ ဆက်ဆံပို့သကြရာ၌ပင် လက်သင် လှေငယ် ကလေးနှင့် တပည့်တပန်းများက ဆစ်ဆင့် သွားရောက် ပို့သကြရသည်။ ပျော်ပျော်ပါးပါး စုပေါင်း ၍ ဘုရားဖူး ခရီးသွားကြသော လူသားတို့ သဘာဝအတိုင်းပင် ဖြစ်ရပေမည်။
ဤတွင် သတိမမူ ဂူမမြင် သတိမူတော့ မြူကိုပင် မြင်ဆိုသော စကားပုံစံအတိုင်း ပြည်မင်းသားနှင့် အနောက် နန်းမိဖုရား မြကလေးတို့ အုပ်စု၏ အကူအယှက်၊ အဆက်အသွယ်တို့က မကြာခဏ တွေ့ရ၊ မြင်ရ၊ ကြားရခြင်းတို့ကြောင့် တစ်ထောင့်မှ အညှောက်ပေါက်စ ပြုနေသော သံသယ မျိုးစေ့ငယ်သည် အမြစ် တွယ်ခြင်း၊ ရွက်စို့ပေါက်ခြင်းစသော အပင်သဏ္ဍာန် လက္ခဏာဟန်ပန်တို့က ရုန်းကန်ထိုးထွက် လာရ ပေတော့သည်။
သာရဝေါ၊ ဟင်္သာတတစ်ဝိုက်က မင်းခစားတစ်သိုက်နှင့် မင်းနားစိုးခွင် ဝင်ထွက်၍ လက်ဆောင်ပဏ္ဍာ ဆက်သ သော သာရဝေါမျိုးတွေသည် ပဲ့နင်းကြီးကတော် ဒေါ်အိက ရှေ့ဆောင်ပြုကာ ဘုရင်နှင့် မိဖုရား ခေါင်ကြီး တို့ကို အမှူးထား၍ သားတော်၊ သမီးတော်များ ထံပါးသို့ အိမ်ပေါက်စေ့ ထွက်ဝင်ခစား လက်ဆောင် ပါးကြခြင်းဖြစ်စေကာမူ သားတော် ပြည်မင်းသားထံ ဝင်ထွက်မှုကျမှ အပြစ်မြင်ရတော့သည်။
ပြည်မြို့ မှ မင်းမှုထမ်းများကလည်း မင်းတရားကြီးနှင့်တကွ ပါသမျှ မင်းသား၊ မင်းသမီး၊ မိဖုရားတို့အား ရှိခိုး လက်ဆောင် ဆက်သကြသည် မှန်စေ၊ အနောက်နန်း မိဖုရားထံ ဝင်ထွက်သည်ကတော့ အပြစ်အနာ မြင်ရ ပါသည်။
မူလအစွဲ က အမည်းစက် ထင်ခဲ့ရခြင်းကြောင့် နောက်စွဲများကလည်း မည်းမည်းနက်နက်သာ ထင်ပေါ်ပါ တော့သည်။
မစွမ်းရင်ကလည်းရှိ ကန်စွန်းမင်းကလည်း ငြိ၍ နေလေပြီ။ သည်အနာက ယဉ်းသည်ထက်သာ ယဉ်း၍လာ ခဲ့သည်။ အညှီရှိလျှင် ယင်အုံသည့်နှယ်၊ ဘယ်သို့ဘယ်ညာ တစ်ဆိတ်စာကို တစ်အိတ်စာလုပ်၍ မျက်နှာလို အားရ တွန်းချင်ကြသည်မှာလည်း လူထဲက လူခပ်များများတို့မှာ ဝါသနာပါကြရိုး ဓမ္မတာပါတည်း။
သို့ကြောင့်လျှင် ချစ်သော သားတော်ကြီး ပြည်မင်းကို ရွှေဘိုမင်းတရားကြီးသည် မဆန့်မတန်သော အပြစ် တော်ကို ပေးလိုက်ခြင်းမှာ ရင်တွင်းမှ သံသယမကင်းမှု အဆောက်အအုံကြောင့်လည်း ဖြစ်ပါသည်။
သင်းတို့ သည်မျှလောက် ရင်းနှီးနေပါသလဲ ဟု အကဲခတ်မှု စတင်ဖြစ်ပေါ်ချိန်မှာ ဂီတကဗျာ အနုပညာရှင် တို့ ပုရပိုက်ချင်း အလဲအလှယ်ဆက်သွယ်မှုရှိကြသည်ကအစအရိုးကို အဆန်းပြု၍ မျက်နှာလို အားရ သံ တော်ဦး တင်ကြသည်များအထိ အပြစ်တွေ တအိအိ ဝိုင်းဖို့ ကြလေတော့သည်။
ဤအချိန်က အစပြု၍ ရွှေဘိုမင်းတရားကြီးသည် အမျက်ဒေါသ ကြီးလာရတော့သည်ထင်၏။ အပြစ် နည်းနည်း ရှိလျှင် ရာဇဒဏ်ကြီးကြီး ပေးချင်သော စိတ်ဝေဒနာသည် အစပြု၍လာခဲ့ရခြင်းဖြစ်တော့ သည်။
အချစ်ကြီးလျှင် အမျက်ကြီးရတော့မည်၊ အချစ်ကြီးခဲ့သော သားတော်ကြီး ပြည်မင်းသားအပေါ် အမျက်တော် ပြင်းပြင်းပြပြ ပေါ်ခဲ့ရလေသည်နှင့်အမျှ ချစ်ခင်မြတ်နိုးခဲ့ရသော အနောက်နန်း မိဖုရား မြကလေး ကိုလည်း သဝန်တိုချစ်နှင့် အပြစ်ရှုလာတော့သည်။
အရပ်သားတွေး တွေး၍ ရေးရလျှင် ” ငါကတော့ အသက်ကြီးပြီးကိုး။ ငါ့သားနဲ့ အရွယ်တူမို့ သင်းတို့ ကြည်ဖြူ ချင်ကြထင်ပ … ” စသည်ဖြင့်။
ဤစသည်ဖြင့်မျိုးမှ မဏ္ဍိုင်ပြုလျက် ” ငါ နှစ်သက် မြတ်နိုးလွန်းလို့ အနောက်နန်း မိဖုရားကြီးအဖြစ်နဲ့ ချီးမြှင့် ထားပါလျက် သစ္စာစောင့်၊ အဖြောင့်မကြံ၊ မူမမှန်သော မိန်းမတစ်ဦး” ဟု တစ်ရှူးထိုး မျက်တော် မူလေ သည်။ ဘာမျှ ပွင့်ပွင့်လင်းလင်း မပြောဘဲ၊ မျက်ထားတော် “အို”လျက်ရှိသည်။ ထို့ကြောင့် ဥက္ကလာပ မှ အပြန် ဆန်တော်မူ ခရီးတစ်ဝက်မှာ အနောက်နန်းမိဖုရား မြကလေးခမျာ မျက်နှာသာ မရရှာ တော့သည့် အခြေသို့ စတင် ဆိုက်ရောက်ရရှာလေတော့သည်။
ရာထူးချ၍ အကျယ်ချုပ်ဘဝနှင့် ညီတော် ပခန်းမင်းသားထံ အပ်နှံ ဆောင်ယူခံရသော ပြည်မင်းသား သီရိ မဟာ သီဟသူရဓမ္မရာဇာသည် ဤမျှ ကြီးလေးသော အပြစ်နှင့် ရာဇဝတ်ကောင် ဖြစ်ရခြင်းအတွက် အံ့သြ ဝမ်းနည်း ရသလို မြကလေးခမျာမှာလည်း ပြည်မင်းသားအတွက် စိတ်လက်မကောင်း ဖြစ်ရရှာလေသည်။ သို့သော် သူ့ခမျာ မှာကော ပသို့ တတ်နိုင်ရှာမည်နည်း။
ကျားသနား မှ နွားချမ်းသာမည့်သူပါ။ ဘုရင် ရွှေမျက်နှာတော်မသာလျှင် တုတ်တုတ်မျှ လှုပ်ဝံ့ရှာမည့် သူများ မဟုတ်ပါလေ။ မြကလေးသာမက ဗိုလ်ပါတစ်စုလုံး တုတ်တုတ်မလှုပ်ဝံ့သော အခြေအနေတွင် တည် နေရ လေပြီ။
သို့နှင့် ရေတပ်တော်ကြီးသည်လည်း သူ့အစီအစဉ်အတိုင်း ချီတက်မြဲ ချီတက်ခဲ့လေသည်။
တပေါင်းလပြည့်ကျော် ၄ ရက်နေ့တွင် ရသာရာ တဲနန်းတော်က စတင် ဆန်တက်လေသည်။ မင်းဘူး တစ်ဘက် သောင်စခန်းကို ကျော်၍ ဝက်မစွတ်မြို့ စီရင်စု မန်ကျည်းခြေထောက် တဲနန်းတော်၊ ၎င်းမှ ယင်း မြို့နယ် ရုံးဆိပ်အောက် ကင်ပွန်းချောင် စခန်း၊ ၎င်းမှ ရေနံချောင်းမြို့ အနောက်ဘက် တဲနန်းတော်၊ ၎င်းမှ ကျောက်ရဲမြို့ စီရင်စု သားလယ်ရွာကျွန်းစခန်း၊ ၎င်းမှ ပခန်းငယ်မြို့ စီရင်စ မဲရွာ တဲနန်းတော်၊ ၎င်းမှ ကျောက်ရဲမြို့ စီရင်စု သားလယ်ရွာကျွန်းစခန်း၊ ၎င်းမှ ပခန်းငယ်မြို့ စီရင်စု မဲရွာ တဲနန်းတော်၊ ၎င်းမှ ပခန်း ငယ်မြို့ အထက်ကျွန်း နန်းတော်၊ ထိုမှ စလေမြို့ အနောင်သောင် တဲနန်းတော်၊ ထိုမှတစ်ဆင့် ညောင်ဖြူ ပင်စခန်းကို ကျော်ပြီးလျှင် ရွာသာတစ်ဘက် ကျွန်းတဲနန်းတော်၊ ၎င်းမှ ပခန်းငယ်မြို့ အထက်ကျွန်း နန်းတော်၊ ထိုမှစလေမြို့ အနောင်သောင် တဲနန်းတော်၊ ထိုမှတစ်ဆင့် ညောင်ဖြူပင် စခန်း ကို ကျော်ပြီးလျှင် ရွာသာတစ်ဘက် ကျွန်းတဲနန်းတော်၊ ယင်းကမှ ပုဂံမြို့ ဘူးဘုရားဆိပ် တဲနန်းတော် အရောက် ခုနစ်စခန်း ကို ရက်ပေါင်း ခုနစ်ရက်နှင့် ဆန်တက်ချီတော်မူပါသည်။
၎င်းပုဂံမြို့ ဘူးဘုရားဆိပ် တဲနန်းတော်မှ တပေါင်းလပြည့်ကျော် တစ်ဆယ့်တစ်ရက်နေ့တွင် ဆန်တက်ချီ တော်မူရာ ညောင်ဦးဆိပ်၌ တပ်ဦးချတော်မူသည်။ နောင်တော် မင်းတရားကြီး (ဘကြီးတော် နန်းကျဘုရင်) သည် ညောင်ဦး ရွှေစည်းခုံဘုရားသို့ တက်၍ ဖူးမြော်တော်မူသည်။ ညောင်ဦး ရွှေစည်းခုံ ဘုရားသည် ဧရာဝတီမြစ်ဆိပ်ကမ်းဦး၌ တည်ရှိပါသည်။ အနောက်စောင်းတန်းမုခ်ဦး ခြင်္သေ့ကြီး နှစ်ကောင် သည် မြစ်ရေ ဆင်းသောက်မည့်ခမန်းပင်တည်း။
ရွှေဘိုမင်းတရားကြီးလည်း မိဖုရားခေါင်ကြီးနှင့် မိဖုရားများ၊ သားတော် သမီးတော်များ၊ မင်းညီမင်းသား၊ မှူး တော်မတ်တော် အပေါင်းတို့ခြံရံ၍ ကုန်းကြောင်း (ခြေလျင်) ထွက်တော်မူပြီး ရွှေစည်းခုံ ဘုရားကို ဖူးမြော်ပူ ဇော်တော်မူပြီးလျှင် ဘုရားရင်ပြင်တော်၌ နောင်တော် (နန်းကျဘုရင် ဘကြီးတော်) နှင့် ညီတော် ရွှေဘိုမင်း တရားကြီးတို့ ညီနောင်နှစ်ပါး တွေ့ကြုံဆိုင်မိကြပါသည်။ ထိုသို့ နန်းကျဘုရင်နှင့် လက်ရှိ ဘုရင် ညီနောင် တွေ့ရှိရင်ဆိုင်မိကြသောအခါ ကြည်သာစွာ စကားစမြည် ပြောဟော မေးမြန်းခြင်းပြုကြပါသည်။
ဖောင်တော်ပေါ်၌ အကျယ်ချုပ် ခေါ်လာခံရသော ပြည်မင်းသားခမျာ ရွှေစည်းခုံဘုရားဖူးလာသော ပရိသတ် တွင် မပါရရှာတော့ပါ။ မင်းသား၏ တပည့်တပန်းတစ်စုမှာလည်း အချုပ်နှင့် လှေသမ္ဗန်များ ပေါ် တွင် ခေါ်ယူလာခြင်းခံရသည်ကြောင့် ပို၍ ဝမ်းနည်းရှာကြလေမည်။
ပဲ့နင်းကြီးကတော် မယ်အိတို့ သာရဝေါ လူသိုက်မှာလည်း မင်းတရားကြီး ရွှေမျက်နှာတော်ကိုကြည့်၍ ခစား နေရသူများဖြစ်ာ ပြည်မင်းသားတို့ အုပ်စုအား အစားအနေ ချမ်းသာစေခြင်းငှာ တစ်စုံတစ်ရာ အကူ အညီ မပေးနိုင်၊ မပေးဝံ့အောင် ရှိနေရှာကြပါတော့သည်။
နောက်ထပ် ဗိုလ်ချုပ် ဖြစ်သူ ညီတော် ပခန်းမင်းကတော့ နောင်တော် ဖြစ်သူ ပြည်မင်းသားအား အကျယ်ချုပ် ဆောင်ယူခဲ့ရမည်ဟု ခမည်းတော်က အမိန့်တော်ရှိ၍၊ အမိန့်အရ ကြည့်ရှု ထိန်းသိမ်း ခေါ်ယူလာ ရသည်တိုင်အောင် အနေအစားကို မဆင်းရဲစေရဘဲ၊ မိမိနှင့် ထပ်တူ ထပ်မျှ ပွဲတော်များ သုံးရ ပါသည်။ သို့သော် ရာထူး တာဝန်ဝတ္တရား မင်းသား အဆောင်အယာင်များ ရုပ်သိမ်းထားခြင်းကြောင့် ညှိူးနွမ်း ရရှာ လေသည်။
” ညီလေးရယ်၊ ခမည်းတော်က အစ်ကို မန်းစက်တော်ဘုရားဖူး သွားမိရုံကလေးနှင့် အခွင့်အရေးတွေ အကုန် ရုပ်သိမ်းပြီး အစ်ကို့ကို ကလေးလို လုပ်ထားတာ ကောင်းရော့လား … ” ဟု တဖျစ် တောက်တောက် ပြောမဆုံး ဖြစ်နေသည်။
ညီတော် ပခန်းမင်းသားကလည်း ” စိတ်မငယ်ပါနှင့် နောင်တော်၊ ခမည်းတော် အမျက်တော်ရှိတုန်းမို့ပါ။ နေ ပြည်တော်ရောက်လျှင် စိတ်ကျေတော်မူသွားမှာပါ … ” ဟု စိတ်သက်သာအောင် အားပေး လျှောက်တင် ရုံ သာတတ်နိုင်ပါသည်။
တကယ်စင်စစ် ပြည်မင်းသားနှင့် ညီတော် ပခန်းမင်းသားတို့မှာ ကလေးအရွယ်။ ငယ်ရွယ်သူများ မဟုတ် ကြပါ။ လွှတ်တက် မင်းသားကြီးများ၏ အဆောင်အယောင် အစီးအနင်းနှင့် ရွှေဘွဲ့ ချီထားသော မင်းသားကြီး များ ဖြစ်ရုံမက လက်ထပ် ကြင်ရာတော်များ၊ ကိုယ်လုပ်မောင်းမများနှင့် သားတော် သမီးတော် တွေ အသီးသီးနှင့် အိမ်ထောင်သည်ကြီးတွေ ဖြစ်နေကြပါပြီ။
ပြည်မင်းသား (သီရိမဟာ သီဟသူရ ဓမ္မရာဇာဘွဲ့ခံ)၏ လက်ထပ် ဇနီး ကြင်ရာတော်ကြီးမှာ တောင်ငူမင်း ၏ သမီးတော် ခဲပေါင်မြို့စား သီရိသုမဟာ မင်္ဂလာဒေဝီဖြစ်ပါသည်။ တောင်ငူမင်းမှာ ရွှေဘို မင်းတရားကြီး ၏ နောင်တော်ဖြစ်၍ (အဖေ ညီအစ်ကိုမွေး) မောင်နှမဝမ်းကွဲ တော်စပ်ပါသည်။ ပြည်မင်းသားနှင့် ခဲပေါင်မြို့စား မင်းသမီးတို့မှ ဖွားမြင်သော သားတော်များမှာ (၅)ယောက် ရှိပါသည်။ ၎င်းသားတော်များ၏ အမည်မှာ ၁-သတိုးမင်းစော၊ ၂-သတိုးမင်းဖျား၊ ၃-သတိုးမင်းလှ၊ ၄-သတိုးမင်းတင်၊ ၅-မင်းရဲ သီရိရာဇာကျော် ခေါ် (ထိပ်တင်တုတ်)တို့ဖြစ်ကြပါသည်။
ထိပ်တင်တုတ်မှာ အငယ်ဆုံးဖြစ်ပြီး ထိုအချိန်က ပဋိသန္ဓေနှင့်ဖြစ်သည်။
ညီတော် ပုခန်းမင်းမှာလည်း ဤနည်းနှင်နှင် ကြင်ရာတော်နှင့်၊ သားတော် သမီးတော်တွေနှင့် (အိမ်ထောင် သည်) တစ်ဦးအရွယ်ပင် ဖြစ်ပါသည်။
ယခုလို ညောင်ဦးမြို့ ဆိပ်ကမ်းရှိ ရွှေစည်းခုံဘုရားသို့ သိုက်သိုက်ဝန်းဝန်း ဘုရားဖူးထွက်ကြသည်ကို မြင်ရ သောအခါ ပြည်မင်းသားသည် အကျယ်ချုပ်ခံရသည်ကို အထူး ရင်နင့်ရတော့မည်က မလွဲပါ။ ကြင်ရာတော် ခဲပေါင်မြို့စားအဖို့လည်း သည်းအူပြတ်မျှ အခံရခတ်ရှာပေလိမ့်မည်။
သို့သော် ဘုရင် ဧကရာဇ်အား မည်သူက ဤသို့ ဤနှယ် ပြုဖွယ်မသင့်ပါဟု ပြောဝံ့ပါမည်နည်း။ အမျက်တော် ရှိသမျှ ကျရာက ခံတမ်းသာပင်တည်း။ သို့သော် မန်းစက်တော်ဘုရားဖူး မပြောမဆို သွားမိ သည့် အပြစ်ကလေးမျှသာရှိပါသည်။ တိုင်းပြည်ပုန်ကန်ခြားနားသော အပြစ်မျိုးမဟုတ်သဖြင့် “စိတ်ဆိုးတုန်း ခဏသာပါ၊ သားတော်ကြီးကို အင်မတန်မှချစ်ပါတယ်၊ နေပြည်တော်ရောက်ရင် စိတ်ပြေတော် မူသွားမှာပါ” ဟူသော မျှော်မှန်းချက်ဖြင့် ကိုးစား စိတ်ချနေကြသူများ ဖြစ်ပါသည်။
သို့နှင့် ရေတပ်မတော်ကြီးသည် ဆက်လက် ချီတက်ခဲ့ပြန်ပါသည်။ ညောင်ဦးမြို့ စီရင်စု ညဉ့်ရွာ ပလင်း တံ နန်းတော်၊ ထိုမှ မြင်သာစခန်း၊ ၎င်းမှ ကျော်၍ တလုပ်မြို့ စီရင်စု ဆိတ်ညံရွာ အနောက်သောင် တဲနန်းတော်၊ ၎င်းကတစ်ဆင့် ငါးပင်စင် တစ်ဖက် ငမြာငယ် စခန်း၊ ၎င်းကိုကျော်၍ မြင်းခြံတစ်ဘက် တဲနန်းတော် တွင် စခန်းချရပ်တော်မူပါသည်။ ထိုစခန်းတိုင် ရောက်လျှင် နတ်စု လက်ယာသေနတ်ဗိုလ် ပုခန်းမြို့ဝန် မဟာမင်းလှ သူရိန်က ယာယီနန်းတော်အနီး တန်ဆောင်းတစ်ဆောင် ဆောက်လုပ်စေ ပြီးလျှင် အသင့် ပေးဆောင်ထားနှင့်သော သရကခန်ငါးပိုင်းအဝင် ဘုရားများ ဖြစ်ကြသော ကွန်းရွာ ရွှေတံတစ် ဘုရားဆင်း တုတော်၊ ရှင်တောင်ဘုရား ဆင်းတုတော်၊ ပခန်းစည်သူရှင် ဘုရားဆင်းတုတော်များကို ဘုရင်မင်းနှင့်တကွ မိဖုရား၊ သားတော်၊ သမီးတော်၊ ဗိုလ်မှူးတပ်မှူး အပေါင်း တို့ ဖူးမြော်ပူဇော်ကြရလေသည်။
ထိုဘုရားများ သီတင်းသုံးတည်ရှိရာသို့ တပ်တော်ကြီး ချီတက်သွားရောက် ဖူးဖြော်ကြရန်မှာ မလွယ်ပါ။ သို့ ကြောင့် ထိုနယ်၏ အကြီးအကဲဖြစ်သော နတ်စုလက်ယာ သေနတ်ဗိုလ် ပခန်းမြို့ဝန် မဟာမင်းလှ သူရိန် သည် ဘုရားများကို တဲနန်းတော်အနီး ယာယီ တန်ဆောင်း ဆောက်လုပ်၍ ဘုရင်မင်းမြတ် ဖူးမြော်နိုင်ရန် အသင့်ကြိုတင် ပင့်ယူထားရှိခြင်းကြောင့် အလွယ်တကူ ဖူးမြော်ကြရခြင်းဖြစ်ပါသည်။ ထိုဘုရားများသည် အလောင်းစည်သူမင်း က သရက္ခန်ငါးပိုင်းကို ဘုရားငါးဆူ ထုလုပ်ကိုးကွယ်ထားသော ပုဂံခေတ်မှာ တန်ခိုးကြီး ထင်ရှားကျော်ကြားသော ဘုရားငါးဆူ အဝင်အပါ ဖြစ်ပါသည်။
ပခန်းစည်သူရှင်ဘုရားဆိုလျှင် အလောင်းစည်သူမင်းမြတ်သည် သရက္ခန်ဘုရားငါးဆူနှင့်အတူ သီဟိုဠ် ကျွန်း မှ သင်္ကန်းနက် ဖောင်တော်ဖြင့် ပင်လယ်ခရီးကို ဖြတ်သန်းပြန်လာစဉ် ပင်လယ်တွင်းမှ မုန်တိုင်းမိ၍ ဘုရား တစ်ဆူ ရေထဲ လွင့်စဉ်ကျသွားသည်။ မိုးလေထန်ခိုက် ဖြစ်၍ မမြင်ရမရှာနိုင်ဖြစ်နေစဉ် မိုးဆဲသော ခဏဝယ် ပင်လယ်တွင်းမှ (အလောင်းစည်သူ၊ ငါ့ကိုယူလော့) ဟူသော အသံကို ကြားရသဖြင့် ဖောင်တော် ကို အသံလာရာအရပ်သို့ လှော်ခတ်သွားသောအခါ တစ်မိုက်ခန့်ရှိ သရက္ခန် ဆင်းတုတော်သည် ဟင်္သာနှစ် ကောင်၏ အတောင်ပံ ယှက်ထားရာတွင် သီတင်းသုံးတော်မူနေသည်ကို တွေ့ရသည်နှင့် မဏိစည်သူမင်း က ဝမ်းမြောက်ဝမ်းသာ ပြန်လည် ပင့်ယူရရှိခဲ့ခြင်းဖြစ်ပါသည်။ဤသို့ (အလောင်းစည်သူ၊ ငါ့ကို ယူလော့)ဟူ၍ အော်သော အသံကို အကြောင်းပြုလျက် ” အလောင်းစည်သူ” ဟူသော ဘုရားပေးသည့် ဘွဲ့တော် ကို ထိုဘုရင်မင်းက ခံယူရရှိခဲ့ပါသည်။ ဤမျှ တန်ခိုးကြီးသော ဘုရားများဖြစ်ပါ သည်။
ရွှေဘိုမင်းတရားကြီးနှင့် မိဖုရား၊ သားတော်၊ သမီးတော်၊ မှူးမတ်ဗိုလ်ပါတို့သည် ၎င်းတန်ခိုးကြီးဘုရားကို ကြည်နူးစွာ ဖူးမြော်လျက် ရွှေသင်္ကန်းများ ကပ်လှူကြပြီးနောက် ထိုတဲစခန်းမှ ဆက်လက် ထွက်ခွာ ချီတက် ခဲ့ ကြပြန်ပါသည်။
တပေါင်းလပြည့်ကျော် ၁၄ ရက်နေ့၌ မြေတော်ရွာ စခန်းကို ကျော်ခဲ့သည်။ ထို့နောက် တလုပ်မြို့ စီရင်စု၊ ငါးကင်ခဲရွာ အနောက်ဘက် တဲနန်းတော်၊ ၎င်းမှ တလုပ်မြို့ စီရင်စု ဆီမီးခုံရွာစခန်း၊ ထိုနောက် ရွှေပေါက် ပင်ရွာ တဲနန်းတော်၊ ၎င်းမှ ကျီးမနားရွာစခန်း၊ ပေါက်တောရွာစခန်း၊ ၎င်းမျ ရတနာပူရ အဝမြို့အရောက် ချီ တက် ဆန်တော်မူသည်။
ရတနာပူရ အင်းဝမြို့ဆိပ်သို့ ရောက်ကြသောအခါ ရွှေဘိုမင်းတရားကြီးနှင့် မိဖုရားဗိုလ်ပါအပေါင်းသည် လောကသရဖူ ဘုရားကို ဖူးမြော်တော်မူပြီးလျှင် မင်္ဂလာ အိမ်တော်ရာဝင်းသို့ ဝင်၍ ကြည့်ရှုတော် မူပြီးနောက် ရွှေကြက်ယက် ဥယျာဉ်အရောက် ချီတော်မူ၍ စခန်းချရပ်စံနေတော်မူသည်။
ရွှေကြက်ယက် ဥယျာဉ်တော်မှ နောက်တစ်နေ့ တန်ခူးလဆန်း ၄ ရက်နေ့တွင် ရွှေဘိုမင်းတရားကြီးနှင့် တောင်နန်းမတော် အဂ္ဂမဟသီ မိဖုရားခေါင်ကြီးသည် ဆင်တော်ပေါ်တွင် စီးနင်းလျက် ရှေ့ခြောက်တပ်၊ နောက်ခြောက်တပ် အခင်းအကျင်းဖြင့် ခမ်းနားကြီးကျယ်စွာနှင့် မဟာရာဇဌာနီ မင်းနေပြည်တော်ကြီး ဖြစ်သော အမရပူရ ရွှေမြို့တော်သို့ ဝင်တော်မူကြပါသည်။
၁၂၀၃ ခု၊ တော်သလင်းလပြည့်ကျော် ၇ ရက်နေ့မှစ၍ ဥက္ကလာပသို့ စုန်တော်မူခဲ့ရာမှ ယခု ၁၂၀၃ ခု၊ နှောင်းတန်ခူးလဆန်း ၄ ရက်နေ့တွင် နေပြည်တော် အမရပူရနန်းသို့ ပြန်လည် ရောက်ရှိခဲ့ရာ လအားဖြင့် (၇)လ တိတိ ကြာညောင်းခဲ့ပါသည်။
ရွှေဘိုမင်းတရား ရွှေနန်းတော်သို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်၍ မိဖုရား၊ ညီတော်၊ သားတော်၊ ညီမတော်၊ သမီးတော်၊ ဆွေတော်မျိုးတော်တို့သည်လည်း မိမိတို့ဆိုင်ရာ နန်းတော်၊ အဆောင်တော်၊ အိမ်တော်အသီး သီးသို့ ပြန်လည်ရောက်ရှိကြလေပြီ။ ဝန်ကြီး၊ အတွင်းဝန်၊ စစ်ဗိုလ်စစ်ကဲ၊ စော်ဘွား၊ မြို့စား၊ မှုထမ်း ရာထမ်း များလည်း အသီးသီး အသက အသက မိမိတို့ အိုးအိမ် သားမယားနှင့် ပျော်ရွှင်စွာ ပြန်လည် တွေ့ ၌ လူအား လုံးပင် စကားလက်ဆုံ ပြော၍မကုန်ကြသော အချိန်ကာလဖြစ်ပါသည်။
သို့သော် အပြစ်ဒဏ် နှင့် ခေါ်ဆောင်လာခြင်း ခံရသူများမှာတော့ မကြည်မလင်၊ စိတ်နှလုံး မပျော်ရွှင်နိုင် အောင် ရှိရကြပါမည်။ ထိုသူတို့ကား ပြည်မင်းသား အမှူးပြု၍ သူ၏တပည့်လက်သား ဝန်အမှုထမ်းစသည် များ ဖြစ်ကြပါသည်။ သူတို့တစ်တွေမှာ နေပြည်တော် ပြန်လည် ရောက်ရှိလျှင် ဘယ်သို့သော ရာဇဝတ် တော်များ ကျခံရဦးမည် နည်းဟု အသည်းတထိတ်ထိတ် ရှိခဲ့ကြပါသည်။
သို့သော် ကံအားလျော်စွာ မည်သူမျှ အသက်အိုးအိမ်စည်းစိမ် မပြုတ်သေးဘဲ နေမြဲအဆင့်တွင် အလိုက် သင့် ပြန်လည် ရောက်ရှိကြပါသည်။ ပြည်မင်းသားကြီးမှာ ရွှေဘိုမင်းတရားကြီးက အလွန်ချစ်သော သား တော်ကြီး ဖြစ်၍လည်း နေပြည်တော်သို့ ရောက်သောအခါ ကရုဏာတော် သက်မြဲသက်ပြန်၍ ခမည်းတော် က ပြစ်ဒဏ် တိုးမပေးဘဲ နေမြဲအိမ်တော်၌ အခြေမပျက် ပြန်လည် စံမြန်းရပါသည်။ ၎င်း နည်းတူ သူ၏ ဝန်အမှုထမ်းများမှာလည်း သခင့်နည်းတူ အပြစ်မပေးတော့ဘဲ အကျဉ်းမှ လွှတ်ပေးခြင်း ခံကြ ရပါ သည်။
ယင်းသို့လျှင် စည်းစိမ်လျှင် စည်းစိမ်မပျက်၊ အသက်မသေ၊ စားကြေးမြို့ရွာနှင့်တကွ အဆောင်အယောင် များ မရုပ်သိမ်းစေကာမူ လွှတ်တက် မင်းသားကြီး အခွင့်အရေးကိုတော့ ပြန်လည် မရရှိခဲ့ပါ။ သူ့ဘာသာ အိမ်တော် မှာ အေးအေးဆေးဆေးပဲ နေခဲ့ရပါသည်။ ဒါဆိုလျှင် မင်းသားကြီးများအဖို့ တန်ခိုးအရှိန်တော့ အတန် အသင့် ညှိုးမှိန်သွားသည်ဟု ဆိုဖွယ်ရာ ရှိပါသည်။
၁၂၀၃ ခုနှစ် ကုန်ဆုံး၍ ၁၂၀၄ ခုနှစ်သို့ ရောက်ရှိချိန်တွင် တစ်နှစ်လုံးအဖို့လည်း သားတော်ကြီး ပြည်မင်းမှာ အခွင့်အရေးပို၍ မလာရှာတော့ပါ။ သို့သော် မကြာခင်မှာပင် မိဖုရားခေါင်ကြီးမှ ဖွားမြင်သော သားတော် ရွှေတောင်မင်း (သီရိသုဓမ္မ မဟာဓမ္မရာဇာ) အရိမဒ္ဒနာ မည်သော ပုဂံမြို့ကြီးကို မြို့စား ပေးတော်မူပါသည်။ ၎င်းပုဂံမင်းသားသည် အိမ်ရှေ့မင်း အလောင်းအလျာ ဖြစ်လာသည်။ သို့သော် ပြည်မင်းသား ပခန်းမင်းသား ကြီးကဲ့သို့ တိုင်းရေးပြည်ရေး၊ တရားရေးတို့၌ ဆွေးနွေးလေ့လာ ဂရုပြုရာ သော ကိစ္စများဝယ် အလေ့အလာ မပြုလှဘဲ အရွယ်ကလည်းငယ်၊ မိဖုရားခေါင်ကြီး၏ သားတော်လည်း ဖြစ်နေသော ကြောင့် အခွင့်အရေး များများရသူ ဖြစ်သည့်အားလျော်စွာ မပျော်အပါး ကစားခုန်စား ပြုရာ ၌ အလွန်ပင် ဝါသနာထုံနေသူတစ်ဦး ဖြစ်ပါသည်။
အထူးသဖြင့် တိရစ္ဆာန်မွေးမြူရေးမှာ အလွန် ဝါသနာကြီးလှသည်။ သူ့အိမ်တော်တွင် ချိုး၊ ခါ၊ ကြက်ငှက် များကို အိမ်ငယ်ကလေး အသီးသီးနှင့် မနည်းလှအောင် မွေးမြူထားတတ်သည်။ ချိုးတည်ခြင်း၊ ခါတည်းခြင်း၊ တောကြက်တည်ခြင်းများကိုလည်း အထုံဝါသနာပါလှသဖြင့် မကြာခဏ တောတန်းသို့ ထွက် ၍ ချိုးဖမ်း၊ ကြက်ဖမ်း၊ ခါဖမ်းခြင်းအမှုကို ပြုတတ်သည်။ တည်ချိုး၊ တည်ကြက်၊ တည်ခါများကို သင်ကြား မွေးမြူ ထားပြီး အသုံးပြု၍ ချိုးရိုင်း၊ ခါရိုင်း၊ တောကြက်ရိုင်းများကို ဖမ်းဆီးခြင်းပြုတတ်ပါသည်။
ပုဂံမင်းသား၏ ဝန်အမှုထမ်းများမှလည်း ချိုးတည်ရာ၌ အလွန်ကျွမ်းကျင်သူများ ဖြစ်နေပါသည်။ တည်ရာမှ ဖမ်းမိ လာသော ကြက်၊ ငှက်၊ ချိုး၊ ခါများကို မကြာမကြာ တိုက်ကစားလေ့ရှိသည်။ ကြက်တိုက ်ကောင်းသော သူများသည်လည်း ပုဂံမင်းသား၏ လူပျိုတော်များ၊ လက်စွဲတော်များ ဖြစ်လာကြသည်။ အထူး အဆန်း တိရစ္ဆာန် တိုက်ပွဲများကိုလည်း အတော်နွဲှ၍ ပျော်ပွဲပြုလုပ်တတ်ပါသည်။ ကြက်ချင်းတိုက်၏။ ချိုးချင်း၊ ခါချင်းလည်း တိုက်၏။
လိပ်ချင်းလည်း တိုက်သည်။ ပုတ်သင်ညိုချင်းလည်းတိုက်သည်။ ပုစွန်လုံးချင်းလည်း တိုက်သည်။ တိုက်ပွဲ အတွင်းမှာ ထန်းရည်ခါးများလည်း ရောင်းကောင်းလှသည်။ ပုဂံမင်းသား ဝါသနာကို လာရောက် အားပေးသူများကား တိုးမပေါက်အောင် ရှိတတ်သည်။ ဒါတွေကို ခမည်းတော် မင်းတရားကြီး နားသို့ ပေါက်ကြားအောင် မည်သူမျှ မလျှောက်တင်ဝံ့ကြပါ။ ပုဂံမင်း ကိုယ်တိုင်ကလည်း ဒါမျိုးတွေ ထင်ထင် ရှားရှား ဗြောင်ကျကျ ပြုလုပ်ဝံ့သည်တော့ မဟုတ်ပါ။ အခါကာလ အားလျော်စွာ သိုသိုသိပ်သိပ် ကျိတ်၍ လုပ်လာခဲ့ခြင်းဖြစ်ပါသည်။ သူ့အတွေး သူ့ရည်ရွယ်ချက်မှာက ” တစ်နေ့ ငါသာ ရှင်ဘုရင် ဖြစ်ခဲ့လျှင် ဒါမျိုး တွေတဝတည်း လုပ်ပစ်လိုက်မည်။ တိုင်းပြည်အုပ်ချုပ်ရေးမှာ လွှတ်တော်ဝန်ကြီးတွေနှင့် လွဲှထားရင် ပြီးတာပဲ” ဟူသော စိတ်ကူးကို ကြိုတင်ရွယ်စူးပြီးသားပင် ဖြစ်ပါသည်။
ပုဂံမြို့စား သနားတော်ခံရပြီးသောအခါ၌ ပုဂံမင်းသည် မိမိဝါသနာကို ရွက်အုပ်သီး ပြုထားပြီး မင်းသားကြီး ကို ဂုဏ်အင်္ဂါနှင့် ဟန်ဆောင်ကာ အနေကောင်းခဲ့ပေသည်။
ခမည်းတော် ရွှေဘိုမင်းတရားကြီးသည် နှစ်စဉ်ကျင်းပမြဲ အခမ်းအနားများ၊ အလှူတော်များသို့ ထွက်တော် မူရာ၌ ပါမြဲ ထုံးစံအတိုင်း လိုက်ပါကြရသော မင်းမိဖရား၊ သားတော်၊ သမီးတော်၊ မြို့စား၊ ရွာစား၊ မှူးကြီး မတ်ရာ သေနာပတိများတွင် သားတော်ကြီး ပြည်မင်းသားသည် သားတော်တစ်ပါးအဖြစ် ပါဝင်ဆင်နွဲှရမြဲ အတိုင်း ပါဝင်ခဲ့ရပါသည်။
နှစ်စဉ်တရုတ်ပြည်မှ သံတမန်များ၊ လက်ဆောင်များအပြန်အလှန် ပြုကြရာ၌ပင် သားတော် ပြည်မင်း၊ ပခန်းမင်း နှင့် ပုဂံမင်းတို့ အိမ်တော်များသို့ ထုံးစံအတိုင်း တရုတ်သံတမန်များ ဝင်ရောက် လက်ဆောင် ဆက်ခွင့် ပြုမြဲဖြစ်ပါသည်။ ဤအခွင့်အရေးမျိုးတွေကိုလည်း ပြည်မင်းသားကြီးအပေါ်တွင် ပေးမြဲ ပေးထား လျက်ရှိ သည်။
အနောက်နန်း မိဖုရားမမြကလေးအဖို့မူကား နေပြည်တော် ပြန်လည်ရောက်ရှိသည့် နောက်ပိုင်းတွင် သဘောတော် မတင်မကျ ရှိနေသည်နှင့် ခပ်စိမ်းစိမ်းပင် စံတော်မူခဲ့လေသည်။ သို့တစ်စုံတစ်ရာ အပြစ် တော်လည်း မတင်၊ မချစ်တော်လည်း မဝင်နှင့် အမှတ်မထင်ဖြစ်နေသောအခါ မြကလေးအဖို့ ပူဗျာ ပါပိုကဲပြီး ရွှေသည်းကျွမ်း၍ လာရတော့သည်။ ဤတွင် စာပေဂီတတို့သာ အဖော်သဟဲ ထားသူဖြစ်သည့်အတိုင်း ပုရ ပိုက်တစ်ဆူနှင့် စံတော်မူရာ အဆောင်အတွင်း၌ အမျှော်စိုက်သီချင်းများ ရေးသား ရင်ဖွင့်ရင်းသာ အချိန်ကုန် ရရှာလေတော့သည်။
နောက်ထပ် ၍ နေပြည်တော်တွင် ဘုရင်မင်းမြတ် ကောင်းမှုတော်များ၌ မိဖုရားခေါင်ကြီးနှင့်အတူ နန်းရ မိဖုရားများ ကုသိုလ်တော်ပါဝင်ခွင့်ပြုထားရာတို့၌လည်း အနောက်နန်းတော်မိဖုရားမြကလေးက အတူ တကွ ပါဝင်ခွင့်ရမြဲ ရရှိခဲ့ပါသေးသည်။
၁၂၀၅ ခုနှစ်၌ ယခင်နှစ်ကစ၍ မင်းကြီး မဟာမင်းလှကျော်သူ ပန်းပဲအတွင်းဝန် ဇလွန်မြို့စားကြီးကို ကြီးကြပ် တည်ထားစေသော ရွှေဘိုမင်းတရားကြီး၏ ကောင်းမှု ကုသိုလ်တော်ဖြစ်သည့် ဇောင်းကလော ကန်ဦး (လောကမဏိစူဠာ) စေတီတော်ကြီးတွင် အရံတော်လေးဆူအဖြစ်နှင့် မိဖုရားကြီးများကို ပါဝင် ကုသိုလ်တော် ပြုစေသည်။
လောကမဏိစူဠာ စေတီတော်ကြီး၏ အရှေ့တောင်ဘက်တွင် အဂ္ဂမဟေသီ တောင်နန်းမတော် မိဖုရား ခေါင်ကြီး ၏ စေတီတော် တစ်ဆူအား (မဟာတိလောက) စေတီတော်ဟူ၍ သမုတ်တော်မူသည်။
အရှေ့မြောက်အရပ်မှ သမီးတော်ကြီး စုဖုရားကြီး၏ စေတီတော်အား (လောကပရမေ)ဟူ၍ ဘွဲ့တော် သမုတ်တော် မူသည်။
အနောက်မြောက်အရ် တွင် အနောက်နန်းမိဖုရား မြကလေး၏ စေတီတော်အား (ရတနာလောက)ဟူ၍ ဘွဲ့ တော်တင်သည်။
အနောက်တောင် အရပ်ရှိ ဗန်းမော်မြို့စား မိဖုရား၏ စေတီတော်ကို (သုံးလူ့ထိပ်ပန်း)ဟူ၍ ဘွဲ့တော် သမုတ် ပါသည်။
အလယ် တွင်မူ အလှူတော်ဖြစ်သော ကုဿိန္နရုံ ပြာသာဒ်နှင့် သတ္တဌာန စေတီတော်တစ်ဆူရှိပါသည်။ ၎င်း ကောင်းမှုတော်များ ပြီးစီးသဖြင့် ရေစက်ချပွဲ အခမ်းအနားကိုလည်း ခမ်းနားစွာ ခြိမ့်ခြိမ့်သဲမျှ ကျင်းပလျက် မင်းခင်းစုံနှင့် ကျင်းပတော်မူသောအခါ အနောက်နန်းမိဖုရားမှာ အခြားမိဖုရား များနှင့် အတူ တကွ ပါရှိခဲ့ရပါသည်။
၎င်းနှစ် တန်ဆောင်မုန်းလတွင် ရွှေဘိုမင်းတရားကြီးအား စိတ်ထိခိုက်စေသော ပရိဒေ၀ သောကတစ်ခု သည် ရုတ်တရက် ကပ်ရောက်ခဲ့ရပြန်ပါသည်။ ဖြစ်ရသည့် အကြောင်းကတော့ သားတော်ကြီး ပြည်မင်းသား ကဲ့သို့ ပင် အလွန်လျှင် ချစ်ခင်အားထားခဲ့သော သားတော် မိုးနဲဗိုလ်မှူး ပုခန်းမင်း သီရိ သီဟသူရ မဟာဓမ္မရာဇာဘွဲ့ခံ မင်းသားသည် ညဉ့်တွင်းချင်း ရှောင်တခင် လေရောဂါနှိပ်စက်ပြီး ခမည်းတော် လက်ပေါ် တွင် နောက်တစ်နေ့မနက်၌ ကံတော်ကုန်သွားပါသည်။
ဤကိစ္စ နှင့် ပတ်သက်၍ ရွှေဘိုမင်းတရားကြီးသည် အလွန်စိတ်တော်ထိခိုက်သွားရပါသည်။
ပို၍ဆိုးသည်မှာ သားတော်၏ အလောင်းကိုလည်း ရှောင်တခင်ရောဂါနှင့် ကွယ်လွန်ရသောကြောင့် ရွှေ နန်းထုံးစံ အတိုင်း အခမ်းအနားမလုပ်ဆောင်ရတော့ဘဲ ရွှေချခေါင်းတွင်ထည့်၍ ရွှေသံလျင်းနှင့် ထမ်းယူပြီး၊ မင်းသားဝင်းတော်အတွင်း၌ သင်္ဂြိုလ်ရခြင်းဖြစ်၍ မင်းတရားကြီးမှာ သားတော်အလောင်းကို ချဆောင် သင်္ဂြိုလ်မြြှေုပ်နှံရာ အရပ်သို့ အိမ်တော်ပေါ်မှ မျှော်ကြည့် ရှုစားတော်မူလျက် ရာဇဣန္ဒြေမပျက်မီ ရွှေနန်းတော် သို့ ပြန်လည်ဝင်တော်မူခဲ့ရပါသည်။
ရွှေဘိုမင်းတရားကြီးသည် စိတ်၌ဖြစ်သော ရောဂါဝေဒနာတော်များမှာ ပြန်စဉ်ကပဲ အမှတ်မထင် စတင် ဝင်ရောက် မှန်း မသိတော်မူဘဲ စွဲကပ်စပြုနေရာ၊ အမျက်တော်ရှိရန်ကြုံလျှင်လည်း သိမ်းသိမ်းဆည်းဆည်း မပြုနိုင်၊ အလွန်အကျွံဖြစ်သွားတတ်သည်။ ဝမ်းနည်းစရာရှိလျှင်လည်း ထိန်းထိန်းသိမ်းသိမ်း ပြု၍မရသော စိတ္တဇနာမျိုးဖြစ်လေရာ၊ မင်းတို့ မည်သည်မှာလည်း တစ်တိုင်း တစ်နိုင်ငံလုံး၏ အရေးအချင်းများနှင့် သော် လည်းကောင်း၊ မင်းဆွေမင်းမျိုး မိဖုရားသားတော် သမီးတော်များနှင့်တကွ မှူးမတ်ဗိုလ်ပါ အပေါင်းတို့အတွက်ပါ မျက်နှာရင်ဆိုင် ဖွဲ့ကိုင်အုပ်ချုပ်ရသောကြောင့် ခပ်သိမ်းကုန်သော အနိဌာရုံ၊ ဣဌာရုံ တို့ကို မတုန်မလှုပ် ခံနိုင်စွမ်းရှိရမည်ဖြစ်ရာ စိတ်ဝေဒနာ အစပြုလာသူ တစ်ဦးအဖို့ မည်သို့မျှ ကြံ့ကြံ့ ခံနိုင်ရည် ရှိတော့မည်မဟုတ်။ ထိုကိစ္စတို့က စိတ္တဇနာ၏ တိုးရာတိုးကြောင်းတို့သာလျှင် အထောက် အကူ ပြု၍ နေပြန် ပါတော့သည်။
သက်တော် ၅၀ ရွယ်အထိ အတိတ်က ဖြစ်ပျက်ခဲ့သမျှ၊ ခံစားတွေ့ကြုံခဲ့ရသမျှတို့မှာလည်း အကြီးအကျယ် ဆုံးသော အတိုက်အခံ များနှင့်သာ ယဉ်ပါးခဲ့ရသူဖြစ်ပါသည်။ အတိုက်အခံ ဘဝများ၌ အခေါင်အဖျားသို့ ရောက်ခဲ့ရသည်မှာ မလွဲမရှောင်သာသည့်အဆုံး သူပုန်မင်းသားဘဝ၌ပင် ကျင်လည်ခဲ့ရသေးသည်။ ကံအား လျော်စွာ နှစ်အချိန်တိုတိုနှင့် အောင်ပွဲကို ဆင်နွဲှနိုင်ခဲ့သောကြောင့် ဘုရင်ဘဝကို ရရှိပြီး တိုင်းပြည်ကြီး တစ် ပြည်လုံးကို သိမ်းကျုံးအုပ်စိုးနိုင်ခဲ့ရသည်။ ဤတွင်ပင် ကိစ္စအမျှင်က မပြတ်သေး၊ ကျေးဇူးရှင် နောင်တော်ကြီးအား နန်းကျဘုရင်ဘဝနှင့် တရိုတသေ၊ တယုတယ ထားခဲ့ပါလျက်နှင့်ပင် မရီးတော် ရှင်မင်းနု နှင့် ဦးအိုတို့က တစ်ချီတစ်မောင်း ထကြွခဲ့မှုနှင့် ကြုံရ၍ နှိမ်နင်းခဲ့ရပြန်သည်။ တူတော် စကြာမင်း လေးအား သားတော်များနှင့် ထပ်တူ မြှောက်စား သူကောင်းပြုထားပါလျက်က သူပုန်ထ၍ အကြံကြီး ကြံခဲ့ ကြပြန်သောကြောင့် သုတ်သင် နှိမ်နင်းခဲ့ရပြန်သည်။
ရွှေနန်းစည်းစိမ်တွင် အေးငြိမ်းစွာ စံနေရတော့မည်ဆိုကာမှ ကြမ်းတမ်းခက်တရော်ခဲ့ရသော အတိတ်တွေ့ အကြုံများကြောင့် လုံး၀ စိတ်တော် မချမ်းအေးခဲ့သေးမီ အပူအအေး မညီမဆှုမှုကြောင့် ခန္ဓာကိုယ် မအီမသာ ဖြစ်ရသည့်ပမာ အတွေ့အကြုံအပူအအေး မမျှရာ၌ ဒေါမနဿ စိတ်ဝေဒနာသည် တစ်နေရာ တွင် စွဲဝင် မှီတင်းစ ပြုနေတော့သည်။ သာမည လူသားများအတွက် ပူပင်သောက ဗျာပါဒ တရားသည် လည်းကောင်း၊ ဒုက္ခဒေါမနဿ တရားသည် လည်းကောင်း လူ၏ စိတ်ဓာတ်ကို ရိုက်ခတ် နိုးကြွ စေပါသည်။ စိတ္တဇ ဝေဒနာမျိုးသည် နုစဉ်အခါ၌ မည်သူမျှ အကဲခတ်၍ မရနိုင်သလို၊ မိမိကိုယ်ကို မိမိ ကလည်း မည်သည့် နည်းနှင့်မျှ သတိတရ၊ အမှတ်ထင်ထင် သိမြင်နိုင်စွမ်းမရှိသောဓမ္မတာအတိုင်း အချိန်အခါ ကြာညောင်းရင့်အိုလာပြီး အရှိန်အဟုန် ကြီးမားလာမှသာလျှင် အပြင်အပ လူများက စိတ္တဇ မှန်း ဘွင်းဘွင်း ရှင်းရှင်း သိကြရပါသည်။
လူတို့၏ ဦးညွှတ်ရာ တစ်တိုင်းပြည်လုံး၏ ဘုရင်ဧကရာဇ် တစ်ပါးဖြစ်ခဲ့သောကြောင့် သာမန်လူသား တို့ထက် အသိအမြင် ခက်လှပါသည်။ ယဉ်ယဉ်ကလေးနှင့် တဖြည်းဖြည်းအရောင်ဟပ်၍စဲကပ်လာသော ရောဂါ အစ၊ ဗီဇအနုသန္ဓေကို မည်သူတွေက အကဲခတ်ဝံ့ပါမည်နည်း။
အကယ်တမ်း အဖြစ်ကြမ်း၍ သွက်သွက်ခါ ရမ်းမလာသေးသမျှလည်း မည်သူမျှ စိတ္တဇဝေဒနာ၏ အခြေခံ ပါပဲဟု အကဲမဖြတ်နိုင်ရှိကြပါသည်။ စိတ်သဏ္ဍာန်တွင် တုန်လှုပ်ချောက်ချားဖွယ်ရာ ကိစ္စတွေက မကြာ ခဏ ကြုံကြိုက်ရမှသာ ရောဂါတိုး၍ အခြေအနေဆိုးဝါးလာရမည်။ သည်တော့မှသာ ထိပ်ချမှ ဓားပြမှန်း သိရှာကြ ရပါမည်။
ရွှေဘိုမင်းတရားကြီး ခမျာမှာလည်း ဤအတိုင်း ဖြစ်ပါလိမ့်မည်။ သားတော်ကြီး ပြည်မင်းသားနှင့် အနောက် နန်းမိဖုရားမြကလေးတို့အပေါ်တွင် စိတ်တော် မတင်မကျ ဖြစ်နေစဉ်၌ သားတော်လတ် ပခန်းမင်းသား က ရုတ်တရက် ကံတော်ကုန်သွားရှာပြန်သောအခါ ပရိဒေဝဗျာပါဒ မီးတောက်သည် မင်းဧကရာဇ်တို့ ဖြစ်ရိုးဖြစ် စဉ်ထက် ပိုကဲ၍ လှိုက်လှဲ ကြေကွဲခဲ့ရပြန်သည်မှာလည်း မီးလောင်ရာ လေပင့် ပေးသကဲ့ သို့ ရှိသဖြင့် စွဲကပ်စ ဝေဒနာကို မသိမသာ ကြီးထွားလာစေပြန်သည်။
မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိ ဆိုသလို ငိုချင်လျက် လက်တို့မိသကဲ့သို့ ရွှေဘိုမင်းတရားကြီး ၏ ဝေဒနာသည် ဆင်အိပ်ရာ ဆိတ်နှိုးသလို တစ်မျိုးပြီးတစ်မျိုး ပေါ်ပေါက်လာလာသောဖြစ်ရပ်တို့ကြောင့် စိတ်တော် နုံး သလို ကိုယ်တော်ပါ ညိူးချုံးလာခဲ့ရလေသည်။
ဤတွင် အဂ္ဂမဟေသီအခေါင် တောင်နန်းမတော် မိဖုရားကြီးနှင့်တကွ ပညာရှိများ၊ မှူးတော်မတ်တော်များ တိုင်ပင် ညှိနှိုင်းပြီးလျှင် ဗေဒင်ယတြာများပြုခြင်း၊ သမားတော်များနှင့် ဆေးဝါးဆက်သခြင်းစသော ကိစ္စ များ ကို ပြုကြရလေသည်။
စိတ္တဇနာအစ ဟူ၍ကား တတ်အပ်သေချာ မသိရှာကြသေး။ ကိုယ်တော် ညှိုးချုံးခြင်းကိုသာ အခြေပြုလျက် ကျန်းခန့်တော် မမူဟု အရိပ်အကဲခတ်ကြရခြင်းဖြင့် သမားတော်များက ဆေးဝါးဆက်သရခြင်းဖြစ်သည်။
ဗေဒင်ကိန်းခန်း အရလည်း ပညာရှိတို့နှင့် မှူးတော် မတ်တော်ကြီးများ ညှိနှိုင်းတိုင်ပင်ကာ ၁၂၀၆ ခုနှစ်တိုင် ရောက်လျှင် နေပြည်တော်မှ မြောက်အရပ်သို့ ယာယီပြောင်းရွှေ့စံနေတော်မူသင့်ကြောင်း လျှောက်ထား ကြ လေသည်။
သို့ကြောင့် ရွှေမြို့တော်မှ မြောက်အရပ်သင့်ရာ နေရာဖြစ်သော မတဲဒေးဝန်းတိုက်အရပ်သို့ ပြောင်းရွှေ့ တော် မူရန် ရွေးချယ်သတ်မှတ်ပြီးလျှင် မတဲဒေးဝန်းရပ်တွင် ယာယီစံနန်းတော် ဆောက်လုပ်စေခဲ့ပါသည်။ ရွှေ ဘို မင်းတရားကြီး၏ ကုသိုလ်တော်ဖြစ်သော ဇောင်းကလော ကန်ဦးရှိ လောကမဏိစူဠာ စေတီတော် ရေစက် သွန်းချ ထီးတော်တင်သည့်နေ့ကပင် အခါတော်ရသည့်အတိုင်း ဒေးဝန်းယာယီစံနန်းတော်ကို မြေရာပန္နက် ချမှတ်၍ ဆောက်လုပ်ရပါသည်။ ယာယီစံနန်းတော်နှင့် အတူ မင်းညီမင်းသား၊ စော်ဘွားမြို့စား၊ မှူးတော် မတ်တော်တို့ကိုလည်း ဝင်းခြံ အိမ်ရာနေရာ၊ မင်းမှုထမ်းတို့အတွက် တန်းအိမ်၊ လက်အိမ် အသီးသီး အထိုက် အလိုက် ဆောက်လုပ်စေပါသည်။ ရွှေဘိုမင်းတရားလက်ထက် ယာယီ များလှ၍ ယာယီစံနန်း ဆောက် လုပ်ရသော ဌာနဆိုင်ရာ မင်းမှုထမ်းတို့မှာ ဆောလျင်ကျင်လည်စွာ ဆောက်လုပ် နိုင်ကြမြဲဖြစ်ပါသည်။
ထို့ကြောင့် မတဲဒေးဝန်းတိုက်ယာယီစံနန်းတော် ဆောက်လုပ်မှုသည် ကန့်သတ်ရက်အတိုင်း ပြီးပြေခဲ့သည်။ ၁၂၀၆ ခု၊ နယုန်လဆန်း ၇ ရက်နေ့ နေ့နှစ်ချက်တီးကျော် အချိန်တွင် အခါတော်ပေးလျက် ကိန်းခန်းထွက် အတိုင်း မတဲဒေးဝန်း ယာယီစံနန်းတော်သို့ ထွက်ချီတော်မူခဲ့ပါသည်။
ဒေးဝန်းယာယီစံနန်းသို့ ထွက်ချီရာ၌ပင် ဗေဒင်ကိန်းခန်းအရ ရွှေဘိုမင်းတရားကြီးက လှည်းယဉ်တော်နှင့် ထွက်တော် မူပြီး မိဖုရားခေါင်ကြီးနှင့် သမီးတော် စုဖုရားကြီးတို့က ဆင်တော်နှင့် ထွက်တော်မူပါသည်။ မင်း ညီမင်းသား မှူးတော်မတ်တော်များကလည်း အဆောင်အယောင်ကိုယ်စီနှင့် အစီအစဉ်အတိုင်း နေပြည်တော် အမရပူရမှ မတဲဒေးဝန်း ယာယီစံနန်းတော်သို့ လိုက်ပါကြရပါသည်။
မတဲဒေးဝန်းအရပ် ဆိုသည်မှာ ဟိုယခင် နှစ် ၁၀၀ ကျော်ဆီက အလွန်သာယာ အေးချမ်းသာနေရာ ရပ်ကွက် ဒေသကြီးတစ်ခုဖြစ်ပါသည်။ သစ်ပင်ပန်းမန် ဥယျာဉ်ခြံမြေများ ဝန်းရံထားသဖြင့် နန္ဒဝန် ဥယျာဉ် သဖွယ် တင့်တယ်သာယာသော ဧည့်ရိပ်သာ ဖြစ်ပါသည်။ သင်္ဃဇာ ချောင်းကြီးကလည်း ရေကြည်ရေအေး တသွင်သွင် စီးဆင်းပေးနေသော ချောင်းကြီးဖြစ်ပါသည်။ ချောင်းရေသည် ဧရာဝတီ အမရပူရမြို့ “တက်သေးအင်း” ဘက်သို့ ထွက်ပေါက်ပြုထားသည်။ တက်သေးအင်းဘက်ဆီက ရေများကလည်း တပြောင်း တပြန် မိုးတွင်းခါ၌ ဧရာဝတီနဒီဘက်သို့ ဆက်သွယ်စီးဝင်ပြန်သည်။ သင်္ဃဇာ ချောင်းကမ်းနဖူး ကုန်းမြင့် တစ်ဘက်တစ်ချက်မှ ဘုရားနှစ်ဆူမှာ ” ချမ်းသာကြီး ” ဘုရားနှင့် ” ချမ်းသာရ ” ဘုရားများ ဖြစ်ကြ ပါသည်။
သို့ကြောင့် ဒေးဝန်း စံနန်းတော်ပတ်လည်ရှိ ရှုမျှော်ခင်းတို့မှာ လွန်စွာ သာယာတင့်မောဖွယ် ရှိခဲ့ပါသည်။
ယနေ့ မျက်မြင်အာရုံတွင်ကား မတဲ၊ အီကင်း၊ ဒေးဝန်း၊ ပိုက်ကျုံးဆိုသော ရပ်ကွက်များသည် လူနေ အိမ်ခြေ ပြွတ်သိပ်လျက် ရှုပ်ယှက်ခတ်၍ နေလေပြီ။ ရေတသွင်သွင် စီးဆင်းနေသော သင်္ဃဇာ ချောင်းကြီး မှာလည်း တစ်ဘက်တစ်ချက်၌ သစ်စက်၊ လွှစက်များနှင့် ပြည့်ပြီး သစ်စက်တို့က လွှစာမှုန့်တို့ ချောင်း အတွင်း ထိုးသွင်း မှုကြောင့် တစ်ကြောင်း၊ သစ်ဆိပ်က သစ်တုံးများ သစ်လုံးများကို သင်္ဃဇာချောင်းတွင် ရေစိမ်ထား မှုတို့ကြောင့် တစ်ကြောင်း၊ ထောင်သောင်း သိန်းသန်းမကသော ဗေဒါပင်အုပ်များ ကျရောက်မှုကြောင့်တစ် ကြောင်း၊ အလွန်သာယာခဲ့သော သင်္ဃဇာချောင်းကြီးမှာ ရေစီးများ မံရှိတော့ဘဲ ဒိုက်သရော တို့ ပိတ်ဆို့ထား မှုကြောင့် ချောင်းကော ချောင်းတိမ်ကြီး ဖြစ်ပြီး ရေသေအိုင်ကြီး တစ်ခု အဖြစ် နှင့် အလွန် အကျည်းတန် အရုပ်ဆိုးလျက် ရှိနေရပါပြီ။
ထိုအချိန်က မင်းတုန်းမင်းသည်ပင် မန္တလေးရတနာပုံမြို့ကြီး မတည်ရသေးပေ။ ဧရာဝတီမြစ်နဖူးမှစ၍ မတဲ၊ အီကင်း၊ ရွှေပြည်၊ ဒေးဝန်း၊ ပိုက်ကျုံးဆိုသော ဥယျာဉ်ခြံမြေ ရပ်ကွက်တို့သည် နဂိုပကတိ အားဖြင့် သာယာ စွာတည်ရှိခဲ့လေရာ ရတနာပုံမြို့ကြီး တည်ပြီးသောအခါ၌မူ လူနေထူပြောရာ ရပ်ကွက်တွေ ဖြစ်လာ ခဲ့ရပြီး၊ အင်္ဂလိပ်တို့ လက်အောက် ရောက်လာသောအခါမှာတော့ သာယာသော ဥယျာဉ်ခြံမြေများ၊ သစ်သီး သစ်နှံ ပင်များလည်း လူနေအိမ်ခြေတို့ကြားတွင် အစပျောက် ပျက်ပြုန်း ဆုံးပါး ကုန်ကြရပါသည်။ ” ရွှေပြည်ရပ် “ဆို သော ရပ်ကွက်ကလေးတစ်ခုသာလျှင် ယခုအခါ သစ်သီး၊ သစ်နှံ၊ ပန်းမန် များ စိုက်ပျိုးရောင်းချစားသော ခြံ သမား အနည်းငယ်သာ ရှိကြပါတော့သည်။
မန္တလေးမြို့ ဆိုင်းတန်းရပ်ရှိ “အိမ်တော်ရာဘုရား” နေရာသည် ထိုစဉ်က ရွှေဘိုမင်းတရားကြီး၏ သားတော် ပုဂံမင်းသား စံနေရသော အိမ်တော်နေရာဖြစ်ပါသည်။ နောင် ပုဂံမင်း ဘုရင်ဖြစ်လာ သောအခါမှာမှ အိမ်တော် ရာဘုရား စေတီတော်ကို တည်ထားကုသိုလ်ပြုပါသည်။ သို့ကြောင့် မတဲဒေးဝန်း စံနန်းတော် ရပ် ကွက်သည် ဧရာဝတီမြစ်ကမ်းနဖူးမှ အစပြုပြီး၊ အိမ်တော်ရာ စေတီ အထိ နယ်ကျယ်ခဲ့သည်ဟု မှန်းဆသိရှိ နိုင်ကြရပါသည်။
ရွှေဘိုမင်းတရားသည် မတဲဒေးဝန်းစံနန်းတော်သို့ ပြောင်းရွှေ့စံနေပြီးသောအခါ တိုင်းရေးပြည်ရာများကို ဝန်ကြီးမှူးကြီး များနှင့် လွဲှထားသည်က များလေသည်။ သို့သော်လည်း ဝါသနာတော်အလျောက် သင်္ဘော များ တည်ဆောက်မှုတွင် လည်းကောင်း၊ နိုင်ငံခြားမှ ဝယ်ယူရနိုင်သမျှကို လည်းကောင်း စိတ်ဝင်စား တော်မူ ဆဲဖြစ်ပါသည်။ သို့ကြောင့် ဒေးဝန်းစံနန်းတော် ရောက်ပြီးနောက် အိန္ဒိယပြည် ဘင်္ဂလားမြို့က ကုန်သည်ကြီး တစ်ဦးထံမှ မီးသင်္ဘောကြီးတစ်စင်း လာရောက်ရောင်းချသည်ကိုပင် ဝယ်ယူလိုက်သေး၏။ ထို မီးသင်္ဘော ကြီးမှာ အလျား သံ ခုနစ်ဆယ့်နှစ် (၇၂)တောင်၊ ဝမ်း၀ ဆယ်တောင် (၁၀)ကျော်၊ စောက် ခြောက်(၆)တောင် ကျော်ရှိ၍ ရေနွေးအိုး စက်ကိရိယာစုံပါရှိသည်။ ထိုသင်္ဘောတော်အား “ရေနန်းယာဉ်သာ” ကမ္ပည်းတပ်လေ သည်။
ထိုမှတစ်ပါး မတဲသင်္ဃဇာချောင်း၏ အရှေ့ဘက် ကမ်းထိပ်၌ တည်ရှိသော ချမ်းသာရဘုရား ပျက်စီး ယိုယွင်း လျက်ရှိသည်ကို ပန်းပဲအတွင်းဝန်မင်းကြီး မဟာမင်းလှကျော်သူကို ကြီးကြပ်စေပြီးလျှင် မဟာရံ တံတိုင်း နှင့် တကွ ကောင်းမွန်အောင် လုပ်ဆောင်ပြုပြင်၍ ကုသိုလ်တော်ယူပြန်ပါသည်။
ယခင် ဥက္ကလာပသို့ စုန်တော်မူစဉ်အခါ ရွှေတိဂုံဆံတော်ရှင် စေတီတော်တွင် လှူဒါန်းတော်မူရန် အချိန် ကြေးစင်ပိဿာ နှစ်သောင်း ငါးထောင်ကျော်ရှိသော ခေါင်းလောင်းတော်ကြီးအား ကြီးကြပ် လုပ်ဆောင်စေခဲ့ သော ဝန်ထောက် အသည်ဝန် မင်းကြီး မဟာစည်သူ၊ ပန်းတဉ်းဝန်း လက်နက်တိုက် ဝန်မင်းကြီး မဟာမင်း ကျော်သင်္ခယာတို့သည် ခေါင်းလောင်းကြီး လုပ်ဆောင်ပြီးစီးကြောင်း အမိန့်တော် ခံရာတွင် ခေါင်းလောင်း တော်ကြီးအား (မဟာတိသဒ္ဓဃဏ္ဍရာဇာ)ဟူ၍ ကမ္ပည်းတပ်စေပြီးနောက် ဟံသာဝတီ မြို့ဝန် အရာရှိတို့က လှူဒါန်းရန် များနှင့် ပွဲသဘင်စုံခံ၍ ခေါင်းလောင်းတော်ကြီးအား ဆွဲလှူရာ ၌ လည်း မင်းတရားကြီး စိတ်တော် ကြည်နူးလျက် နေပြည်တော်မှ ကုသိုလ်တော်ကို ရေစက်ချ ပူဇော်ခြင်း ပြုပါသည်။ သမီးလှကျွန်း လိပ်ကျွန်း တွင် လောကဥသျှောင် စေတီတော် တည်ရာလည်း ပြီးစီး၍ ရေစက်ချ တော်မူသည်။