တိုင်းရေးပြည်ရာ ယိုယွင်းလစ်ဟင်းမှုများ
ယင်းသို့ အလှူရေစက်နှင့် စိတ်လက် အေးချမ်းသာယာစွာ စံတော်မူနေသောအခါ တိုင်းရေးပြည်ရာ၌ လစ် ဟင်း မှု အချို့ က ရှိလာပါသည်။
ဌာနဆိုင်ရာ တို့တွင် တာဝန်ရှိသော ဝန်ကြီး၊ မှူးကြီးအချို့မှာ မတော်မတရားသော လာဘ်စားမှုများ၊ ကြီး နိုင် ငယ်ညှဉ်း အရာရှိအချင်းချင်းပင် လိုလျှင် လိုသလို၊ မလိုလျှင် မလိုသလို စိတ်ထားနှင့် အကြံဆိုးဉာဏ် ဆိုးများ သုံးစွဲလာကြသည်။
မတရားပြုဖော်ပြုဖက်တို့သာ အဖွဲ့အစည်းပြု၍ အရာရောက်ပြီး စားပေါက်ရှာ လာကြလေသည်။ မင်း တရားကြီး ရွှေနားတော်ကြားအောင်လည်း မည်သူကမျှ မလျှောက်ထားဝံ့အောင် စိုးရွံ့နေကြသည်။ ရောဂါတော် ကြောင့် စိတ်အေးနားအေး စံတော်မူသည်ကို အနှောင့်အယှက်ပြုရာ ကျမည် ကြောင့်လည်း ဖြစ်ပေါ် နေသော ကိစ္စဝိစ္စများကို ရွှေနှလုံးတော်မသာအောင် အသိပေးလျှောက်တင်ရမှာကို မလိုလား ကြ သဖြင့် တစ်ဖက်မှ မသမာသူများအား သူတို့ လုပ်ချင်ရာ လုပ်ကြရန် တံခါးဖွင့်ပေးထားသကဲ့သို့ ဖြစ်နေ လေသည်။ ဤအထဲမှာ မတင်လျှောက်လျှင် မနေသာရသော ဆွေတော် မျိုးတော်တို့ ကွယ်လွန်အနိစ္စ ရောက်ကြ ရ သည့် မသာတော် ကိစ္စများကလည်း တစ်ဖက် ရှိခဲ့သေးသည်။
ဒေးဝန်းစံနန်းတော် ရောက်ခါမှ မရှောင်မလွဲှနိုင်ရသော ဆွေတော်မျိုးတော် မသာတော် ကိစ္စများကို မည်သို့ မည်ပုံသင်္ဂြိုလ်ရမည်ဖြစ်ကြောင်း အလိုတော်ကျ အမိန့်တော်ယူရမြဲ ဖြစ်သည်။ ကြုံကြိုက် လာရသော မသာတော်များမှာ စောစောပိုင်း၌ သုံးဦးမျှ ရှိခဲ့ရသည်။ ပထမတစ်ဦးမှာ နောင်တော် တောင်ငူမင်း ၏ သားတော် ထိပ်တင်ဘိုးရောင် ကွယ်လွန် သည် ကို အမိန့်တော်ခံ၍ ကောင်းမွန်စွာ သင်္ဂြိုလ် စေရသည်။
ဒုတိယတစ်ဦးမှာ ဘဒွေးတော် မက္ခရာ မင်းသားကြီး၏ သမီးတော် ကံကုန်သည်ကိုလည်း အမိန့်တော် ခံပြီးမှ ကောင်းမွန်စွာ သင်္ဂြိုလ်စေရသည်။ တတိယတစ်ဦးမှာ ရွှေဘိုမင်းတရားကြီး၏ ခမည်းတော် အိမ်ရှေ့ မင်းကြီး (မဟာမြတ်မုနိ ဘုရားပင့်လာသူ)၏ သမီးတော် မင်းခင်းမြို့စား မိဖုရား သီရိမဟာစန္ဒာ သု ရတနာဒေဝီ ကံတော်ကုန်သည်ကို တော့ မောင်နှမဝမ်းကွဲ တော်စပ်သူ မိဖုရားတစ်ပါးဖြစ်၍ ဝမ်းနည်း ကြေကွဲတော် မူရပြန်သည်။ သင်္ဂြိုလ်ရာ၌ည်း ယာယီစံနန်းတော်ဖြစ်သော မတဲဒေးဝန်းစံနန်းတော်မှနေ၍ မတဲရပ် ဧရာဝတီ မြစ်ပေါက် နှင့် ကျွန်းတစ်ဖက်တွင်ရှိသော သဲသောင်ခုံတွင် အခမ်းအနားနှင့် ဆောင် ယူပြီး သင်္ဂြိုလ်ခြင်းပြုလေသည်။
တိုင်းရေးပြည်ရေး၌ စိတ်အေးအေးနှင့် မျက်နှာလွဲှထားနိုင်သော်လည်း မိဖုရား၊ သားတော်၊ တူတော်စသော ဆွေတော် မျိုးတော်တို့ ကိစ္စမှာမူ မလွဲှသာ၍ မျက်နှာမူရပြန်လေသည်။ သို့နှင့်ပင် အခါကာလ ကုန်ဆုံးခဲ့ရ သည် နှင့် အမျှ မင်းတရားကြီးနား မပေါက်ကြားလေ မတရားမှုပြုသူ၊ လာဘ်ပေး လာဘ်ယူ တံစိုး လက်ဆောင် စားသူများအဖို့ ကိုယ်ကျိုးရှာ၍ ကောင်းလေလေ ဖြစ်တော့သည်။ သို့သော် မကောင်းမှုတို့ မည်သည် ကြာရှည်ဖုံးကွယ်၍ မထားနိုင်စကောင်းသော ဓမ္မတာတရားအတိုင်း အသိုင်းအဝိုင်းနှင့် ရှုပ်ချင်တိုင်း ရှုပ်ပွေပြီး တံစိုးလက်ဆောင်တွေ စားယူနေသူများ၏ အမှုသွားသည် တစ်နေ့သ၌ ဘွားဘွား ပေါ် လာခဲ့ရပေသည်။
ရွှေနားတော်ကြား အမှုသွားပေါ်လာရသူများကား ရွှေမြို့တော်ဝန်၊ ရွှေပြည်ရန်အောင် မြင်းဝန်၊ မင်းကြီး မဟာ သီရိသီဟသူနှင့် လက်အောက်ခံ တပည့် အမှုထမ်းများသည် ငွေကြေးလာဘ်သပ်ပကာ တံစိုးစားမှု များ ပေါ်ပေါက်ခဲ့သည်။ တိုင်းသူပြည်သား ရုံးပြင်ကနား လာရောက်ရသူတို့အပေါ်တွင် ငွေကြေးတံစိုး လာဘ် စားခြင်း၊ ဝန်စုမြင်းခေါင်း၊ မြင်းစီးတို့တွင် ငွေကြေးစားယူသောကိစ္စ၊ အမှုထမ်းတို့ကို နှိပ်စက် ညှဉ်းပန်း ပြုကျင့်သော ကိစ္စများ ပေါ်ပေါက်ခဲ့ရသည်။
သို့ကြောင့် ထိုအမှုများကို ရွှေဘိုမင်းတရားကြီးက အမိန့်တော်နှင့် လွှတ်တော်သို့အပ်၍ စီရင်စေသည်။ လွှတ်တော် ထိုင်၍ စီရင်ရသူများမှာ ဘဒွေးတော် မက္ခရာမင်း မဟာသီရိသုဓမ္မရာဇာနှင့် ကောင်းတုံ မြို့စား ဝန်ကြီး သတိုးမင်းရဲရာဇာ တို့ ဖြစ်ကြပါသည်။
ထိုပုဂ္ဂိုလ်ကြီးနှစ်ဦးသည် လွှတ်တော်သို့ ရောက်လာသော တံစိုးလက်ဆောင် လာဘ်စားမှုဖြစ်သူ ရွှေမြို့ တော်ဝန် နှင့် မြင်းစုဝန် အသိုင်းအဝိုင်းတို့အား တရားသဖြင့် အမှုအလျောက် စီရင်ရှိမည်ဖြစ်ပါသည်။ အမှု က လည်း ထင်ရှားလှသော အမှုကြီးတွေ ဖြစ်နေပါသည်။
တစ်ပြည်လုံး ပျံ့နှံ့ပြီး နားမဆံ့ မှ မင်းတရားကြီးနားသို့ ပေါက်ကြားလာရသော မှုခင်းကိစ္စကြီးများဖြစ်၍ ပြည်သူ ပြည်သားများကလည်း နားစွင့်နေကြပါသည်။
သို့သော် အချင်းချင်း ရိုင်းပင်း၍ နေလေသောကြောင့်လော၊ လာဘ်ပေါ် လာဘ်ထပ်သောကြောင့်လော မသိ၊ လွှတ်တော်ဝန်ကြီး နှစ်ဦး၏ အစီအရင် အဆုံးအဖြတ်သည် ဝန်မင်းဖုရား … မယားဘက်ခပ်ပါပါ ဆိုသလို ဖြစ်သွားပါသည်။ အမှုအပြစ်က ကြီးလေးသလောက် အပြစ်အလျောက် စီရင်ချက်က ပေါ့ပျက်လှ သည်၊ သက်ညှာလွန်းလှသည်။ အချို့များ အပြစ်မရှိ လွှတ်၍ပင် ပစ်လိုက်သေးသည်။
ဤကိစ္စကို ရွှေဘိုမင်းတရားကြီး သိရှိတော်မူသောအခါ အမျက်တော်ရှိသည်။ ရောဂါအခြေအနေရ အမျက်ရှိ တော်မူသော အခါ လေးလေးနက်နက်ပင် အမျက်ထွက်လေ့ရှိခဲ့သည်။
” ငါ၏ နေပြည်တော်၌ မတော်တရားခိုးသားဓားပြမရှိ၊ ငြိမ်ဝပ်ပိပြားစေသည်။ တရားမဏ္ဍိုင်ဖြစ်သော ရွှေ လွှတ်တော်ကြီး အား အဓိကထား၍ အုပ်ချုပ်စီရင်စေရန် တာဝန်လွဲှအပ်ထားသော မက္ခရာမင်းသားနှင့် ကောင်းတုံမြို့စား ဝန်ကြီးတို့မှာ အမှုကို သက်ညှာစွာ စီရင်ထိုက်သော အမှုမျိုးမဟုတ်၊ ရွှေမြို့တော်ဝန်၊ မြင်းစုဝန်ု တို့ကဲ့သို့ ရာထူးအဆင့်မြင့်သူများအပေါ်၌ မလျော်သော လာဘ်စားမှုပြုသည်မှာ ထင်ရှား ပါလျက် သက်ညှာစွာ စီရင်ခြင်း သည် တာဝန်ကျေပွန်မှုမရှိ၊ ငါ၏ ဂု်သိက္ခာနှင့် တရားလွှတ်တော်၏ ဂုဏ်သိက္ခာ ကို ထိ ခိုက်စေသည်” ဟု မိန့်တော်မူပြီးလျှင် မက္ခရာမင်းသား မဟာသီရိသုဓမ္မရာဇာနှင့် ကောင်းတုံမြို့စား ဝန်ကြီး သတိုးမင်းရဲရာဇာ တို့ကို ရာထူးစည်းစိမ်မှ အပြီးတိုင်း နုတ်ပယ်တော် မူလိုက်သည်။
ယင်းသို့ မက္ခရာမင်းသားနှင့် ကောင်းတုံမြို့စား ဝန်ကြီးတို့အား လွှတ်တော် တရားစီရင်ရေးဌာန၌ နုတ်ပယ် တော် မူ လိုက်ပြီးသည့် နောက်တွင် သားတော် ပုဂံမင်း၊ သီရိသုဓမ္မ မဟာဓမ္မရာဇာနှင့် သားတော် မင်းတုန်း မင်းသီရိသုမဟာဓမ္မရာဇာတို့ကို ပြည်သူသတ္တဝါ အပေါင်းတို့၏ အမှုအခင်းနှင့် တိုင်းရေးပြည်မှု အစုစု တို့ကို ငြိမ်ဝပ်သာယာအောင် တရားနှင့်အညီ ရွှေလွှတ်တော်သို့တက်၍ စီရင်ဆောင်ရွက်စေရန် အမိန့်တော် ပြန်တမ်း ထုတ်ကာ ခန့်အပ်တော်မူလိုက်ပါတော့သည်။
ဤတွင် ချိုးတည်၊ ခါတည်၊ ကြက်ငယ်ငှက်ငယ် တိရစ္ဆာန် အသွယ်သွယ်နှင့် ပျော်ရွှင်နေခဲ့သော သားတော် ပုဂံမင်းသား သည် လွှတ်တော်တက် မင်းသားကြီးတစ်ပါးဟူ၍ မားမားမတ်မတ် ဖြစ်လာခဲ့ပါသည်။
အလိုလိုက် အကြိုက်ဆောင်လာခဲ့ကြရသူများ ဖြစ်သော ပုဂံမင်းသား၏ လူပျိုတော်သား လက်စွဲတော် သား တို့မှာလည်း လူအင်အား ကောင်းသည်ထက် ကောင်း၍ လာခဲ့ကြပါသည်။
ပုဂံမင်းသား၏ တိရစ္ဆာန်မွေးမြူရာ တာဝန်ထမ်းဆောင်ရသော လူပျိုတော် လက်စွဲတော်သားများ အထဲ တွင် ကြက်၊ ငှက်၊ ချိုး၊ ခါ အကြောင်းကျွမ်းကျင်နားလည်လှသူ တစ်ဦးကား ထူးထူးခြားခြား မျက်နှာ ရသူဖြစ်ပါ သည်။ ထိုသူ၏ အမည်မှာ ဇေဒဗာရီ ကုလားကပြား တစ်ဦးဖြစ်သောကြောင့် (ဘိုင်ဆပ်)ဟု ခေါ်ကြပါသည်။
သူသည် ကုန်းဘောင်ခေတ်ဦးကပင် ကုလားသုံ့ပန်းများအား ရွာတည်ပေးထားသော အမှုထမ်း ကုလားပျို တို့နေထိုင်သော “ဗုံးအိုးရွာ” မိသားစုတို့မှ ပေါက်ဖွားခဲ့သူဖြစ်သည်။ ကုလားပျို အမြောက်အမှုထမ်းများမှ အပ ကျန်ရှိသော ၎င်းရွာသူရွာသားတို့သည် အများအားဖြင့် ချိုး၊ ခါ၊ ရေကြက်၊ ရေဝမ်းဘဲ၊ တင်ကျီး၊ မယ်ညို၊ ကြာဖက်နင်းငှက်နှင့် စာကလေးငှက်များကို ဖမ်းဆီးသတ်ဖြတ် ရောင်းစားသော အလုပ်ကို လုပ်ကိုင် အသက်မွေးကြသည်။ ဆောင်းဦးရာသီအလိုက် ပေါ်လေ့ရှိကြသော ပုရစ်များကိုလည်း ဖမ်းယူ ရောင်းစား ကြသည်။ နွားမွေး၊ နွားသတ်ခြင်း၊ ဆိတ်မွေး၊ ဆိတ်သတ်ခြင်း စသော အလုပ်များကိုလည်း လုပ်ကိုင် စားသောက် သူများဖြစ်သည်။
ဤအနွယ်ထဲမှ ဆင်းသက်လာသူ ကုလားဒိန် မောင်ဘိုင်ဆပ်သည် ပုဂံမင်းသား၏ လက်ပါးစေ လက်ရင်း တပည့် တစ်ဦးအဖြစ်နှင့် တွင်ကျယ်လာခဲ့သည်။ သူက သူများထက် ချိုးအကြောင်း၊ ခါအကြောင်းတို့ကို ကောင်းကောင်း နားလည်သူ ကျွမ်းကျင်သူ ဖြစ်ပြီး မင်းသား အကြိုက်ကိုလည်း အလွန်အလိုက်သိ အကင်း ပါး လှသောကြောင့် အခြား လူပျိုတော်သားများထက် မျက်နှာရခဲ့သူဖြစ်သည်။
သူက လူပါးလူလည်လည်းဖြစ်သည်။ သူ၏နာမည်ကိုပင်စီးစီးပိုးပိုး တင်စီးထားပြီးသားဖြစ်သည်။ သူ့နာမည် ရင်း မည်သို့ရှိကြောင်းပင် မည်သူမှ မသိခဲ့ကြ၊ အများကို အသိပေးထားသော နာမည်ကား (ဘိုင်ဆပ်) ပါတည်း။
ဘိုင်ဆပ် ဆိုသည်မှာ ကုလားစကားဖြစ်သည်။ “ဘိုင်” ဆိုသည်မှာ ဆရာ၊ ” ဆပ်” ဆိုသည်မှာ အရှင်သခင်၊ ဘိုင်နှင့်ဆပ် ပေါင်းသောအခါ ဆရာသခင် ဟု မြန်မာလို အဓိပ္ပာယ်ပေါ်နေပါသည်။ ဘယ်မျှ လူလည် ကျလိုက် ပါသလဲ။ တကယ်ဆိုလျှင်သူ့နာမည်ရင်းသည် အီစွပ်သော်လည်းကောင်း၊ မာမွတ် သော်လည်းကောင်း၊ ဒူလဇစ် ဟုလည်းကောင်း၊ ဒူလာမြား ဟုလည်းကောင်း များစွာသော ကုလားနာမည် များမှ တစ်ခုခုဖြစ်ရမည်သာ။ ယခု သူပေးထားသော ဘိုင်ဆပ် သည် ကုလားနာမည် မဟုတ်ပါ။ ကုလားလို ရိုသေ ကျိုးနွံစွာ ခေါ်ရသော ဂုဏ်ထူးဝိသေသနအခေါ် တစ်ခုသာ ဖြစ်ပါသည်။ မြန်မာလို (ဆရာအရှင်သခင်) ဟု တိုက်ရိုက်ပြန်သိရလျှင် သူ၏ နာမည် လုပ်ထားလိုက်ခြင်းဖြစ်ပါသည်။
သည့်ထက်ဆိုးပြီး မောင်အရဟံ၊ မောင်ဗုဒ¨ဟု မခေါ်ရသည်ပဲ ကျေးဇူးတင်ရတော့မလိုလို။
မဂဓဘာသာ ပါဠိတွင် အရှင်ကို ဟောသော “သာမိ” သဒ္ဒါကို (သ)အသံ မရှိသောကြောင့် (ဆာမိ) ဟု ခေါ်သံ ထွက်သည်။ ဆာမိ ဟူသော အမည်များ ဟိန္ဒူအမျိုး တမီလ်ကုလားမျိုးတို့မှာ များစွာ ရှိခဲ့သည်။ ဆာမိသည် ပင်(ဆပ်) ဟုဖြစ်လာပြန်သည်ဟု ရှေးလူကြီးတို့ မှတ်သားထားသည်များ တွေ့ရှိခဲ့ရလေသည်။
ယင်းသို့လျှင် မောင်ဘိုင်ဆပ် သည် ပုဂံမင်းသား၏ ယုံကြည်သဒ္ဓါရင်းနှီးစွာ ဆက်ဆံရသော လူပျိုတော် တစ်ဦး အဖြစ်ရောက်ရှိနေပြီး မင်းသား အလိုကျ တာဝန်ဝတ္တရား ဆောင်ရွက်ခစားနေရလေသည်။
ညီတော် မင်းတုန်းမင်းသား (နောင်အခါ ရတနာပုံမြို့တည်မင်းတုန်းဘုရင်ကြီးဖြစ်မည့်သူ) မှာ ပုဂံမင်းကဲ့သို့ တိရစ္ဆာန်မွေးမြူခြင်းဝါသနာပါသူ မဟုတ်ပါ။ မင်းသားတို့ တတ်အပ်သော ပညာရပ်များနှင့် ပြည့်ဝရုံ မက စာပေ ပရိယတ္တိလေ့လာလိုက်စား၍ ရာဇကြောင်း၊ ဓမ္မကြောင်း၊ လောကီ-လောကုတ္တရာ ကြောင်း လေးဖြာ တို့ကို ယဉ်ပါးပြည့်စုံသော ဂုဏ်အင်္ဂါနှင့် သမာဓိရှိရှိ နေထိုင်တော်မူခဲ့သော မင်းသားကြီး တစ်ပါးပီပီ လွှတ် တော်တက် မင်းသားကြီးအဖြစ်နှင့် တည်တံ့ခန့်ညားစွာ စံတော်မူသူဖြစ်လေသည်။
ထိုမျှမက နောင်တော် ပုဂံမင်း၏ ချို့ယွင်းချက်များကို မပေါ်မလွင်စေရန် ဖုံးဖိ ကာကွယ်ရလျက် လွှတ်တော် တက် မင်းသားကြီးတို့၏ အင်္ဂါနှင့် လိုက်လျောညီထွေ ကျင့်သုံးတော်မူနေသူဖြစ်ပါသည်။
သို့ကြောင့် ပုဂံမင်းသားကလည်း ညီတော် မင်းတုန်းမင်းသားကို အားကိုးတစ်ခုပြုကာ မိမိ ဝါသနာပါရာ ကြက်၊ ငှက်၊ ချိုး၊ ခါ တိရစ္ဆာန်မွေးမြူရေးတို့ကို လေ့လာလျက် ကြက်တိုက်၊ ချိုးတည်၊ ခါတည် လုပ်ငန်း များကို မောင်ဘိုင်ဆပ်အား လက်ရင်းထားပြီး ရှေးနည်းတူ ရွက်ပုန်းသီးသီး၍ နေနိုင်ခဲ့ခြင်းဖြစ်ပါသည်။
ရွှေဘိုမင်းတရားကြီးကလည်း ရောဂါဝေဒနာ တစ်ဖက်နှင့် တိုင်းရေးပြည်ဘက်တွင် မျက်နှာတော် ခပ်လွဲှလွဲှ စံနေရစဉ် ဘုရင်၏ ထီးဆက်နန်းလျာ ဖြစ်ရမည့်သူ သားတော် ပုဂံမင်း၏ စိတ်ထားနှင့် စရိုက် ဝါသနာ များကို ကြားသိရသော ဝန်ကြီး မှူးကြီးတို့မှာ နောင်ရေးအတွက် စိတ်မအေးဖွယ် ဖြစ်နေရှာကြပါသည်။
ယခင်က ပြည်မင်းသားနှင့် ပခန်းမင်းသားတို့ ညီနောင်နှစ်ပါးလွှတ်တက် မင်းသားကြီးများအဖြစ် ရှိ နေစဉ်က တိုင်းပြည်ရေးရာ အဖြာဖြာတို့ကို ဝန်ကြီး မှူးကြီးများနှင့်အတူ တိုင်းပြည်၏ပြဿနာအရပ်ရပ်ကို ပြေလည် အောင် ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။ ပြည်မင်းသားကို ခမည်းတော်က အမျက်တော်ရှိ၍ အမှတ် မထင် ထားစဉ်က ဆိုလျှင်လည်း ညီတော်ပခန်းမင်းသားကြီးအဖြစ် တည်ရှိ ဆောင်ရွက် ခဲ့ သောကြောင့် တော်သေး၏။ ယခုအခါ ပခန်းမင်းသားလည်း ကံကုန် အနိစ္စရောက်သွား၍ စီရင်ခင်း စီရင်ဖွယ် တို့၌ တအား ငယ်ခဲ့ကြရလေသည်။
ယနေ့ အဖို့ ပုဂံမင်း မင်းတုန်းမင်းသားတို့ လွှတ်တက်မင်းသားကြီးများ ဖြစ်လာကြသော်လည်း ညီနောင် နှစ်ပါး အနက် မင်းတုန်းမင်းသား တစ်ပါးသာလျှင် လွှတ်တော်တွင် တာဝန်ကျေ၍ ပုဂံမင်းမှာတော့ ပေါ့လျော့ စွာပင် စံနေတော်မူခဲ့လေသည်။
ဤတွင် သားတော် အကြီးဆုံး ပြည်မင်းသားအား ရွှေဘိုမင်းတရားကြီး က လွှတ်တက် မင်းသားကြီးတို့ နေရာ တွင် ထပ်မံ ဖြည့်တင်းရန် ရှိစေကာမူ ဥပက္ခာ ပြုထားတော်မူသောကြောင့် မှူးမတ်များဖို့ အားမလို အားမရ ဖြစ်ကြရပြန်ပါသည်။
ယင်းသို့ သားတော်ကြီး ပြည်မင်းသား အား မင်းသား တို့ အဆောင်အယောင်များအပြည့်အဝနှင့် စံတော် မူရ သည်တိုင်အောင် လွှတ်တက်မင်းသားကြီး ၏ အခွင့်အရေး တန်ခိုးအာဏာကို ပြန်လည်၍ မရခဲ့ခြင်း မှာလည်း ပြဿနာတစ်ခုဖြစ်နေပါသည်။
ပြည်မင်းသားကြီး ကိုယ်တိုင် ကလည်း တစ်မျိုးတစ်မည် တွေး၍ နောင်ရေးကို မျှော်ခေါ် ချင့်ချိန် မိမည်ဖြစ်ပါ သည်။ မိမိအဖို့ ဤသို့ လွှတ်တက် မင်းသားကြီးတို့၏ အခွင့်အာဏာ တန်ခိုးကို ပြန်၍ မရခြင်း၊ မိမိထက် ငယ်ရွယ်သူ ညီတော်များကို လွှတ်တက်မင်းသားကြီးအဖြစ် မိမိကိုကျော်၍ ခန့်ထားတော် မူခြင်းအတွက်လည်း သူ့အဖို့ သိက္ခာကျမှန်းမသိ ကျနေသည်ကို သိရလေသည်။ တကယ်ဆို လျှင် မိမိအား သားတော်ကြီး ဖြစ်ပါသဖြင့် ညီတော်များနှင့်အတူ ပြန်လည် ခန့်အပ်လိုက်လျှင်လည်း ကိစ္စပြီး နိုင်လျက် တမင် သက်သက် ခြွင်းချန်ခဲ့သည်ဖြစ်ကြောင်း တိတိကျကျ သိရတော့သည်။
သို့ကြောင့် ပြည်မင်းသားမှာ အခဲမကျေစရာ အနာကင်း အဖုအထစ်ကလေးစ၍ တည်လာသလို ပြည်မင်း သား ကို ချစ်ခင်လေးစားသူ အပေါင်းအသင်းနှင့် လက်ရင်းတပည့် ကျေးကျွန်များကလည်း မချိသော နှလုံး ဖြင့် အပြုံးမပျက် နေရစေကာမူ ခမည်းတော်၏ စေတနာကို သင်္ကာမကင်းဖြစ်လာကြသည်။ အချင်းချင်း တွေ့လျှင် တီးတိုးလက်ကုတ်ကြသည်။ ဤကိစ္စတွင် ပြည်မင်းသား၏ ကျေးကျွန်ရင်းများနှင့် ပြည်မြို့နယ်မှ အစု အမှုထမ်းတို့သည် သူတို့နှင့် နီးစပ်သူ သူတို့သခင်အား လိုလားသူ သာရဝေါတိုက်နယ်ဟင်္သာတတစ် ခွင်က အစုအမှုထမ်း များနှင့် စကားတီးတိုး တွတ်ထိုးမိကြလေသည်။
ဟင်္သာတ သာရဝေါတစ်ခွင်မှ အရှင်ဘုရင်တွေ ဖြစ်နေကြသော အနောက် နန်းမိဖုရားနှင့် မယ်တော် ဒေါ်အိ၊ ပဲ့နင်းကြီး တို့ ဆွေမျိုးသားတစ်သိုက်ကလည်း ကိုယ်မနိုင် ခဲမရ ဖြစ်ရှာကြရသည်။ သူတို့သည် ပြည်မင်းသား ကြီးအား လိုလားခင်မင် သံယောဇဉ်တွယ်ခဲ့ကြသူများဖြစ်ပါသည်။
ဤအတိုင်းပင် ဝန်ကြီးမှူးကြီး အတွင်းဝန်ကြီးများကလည်း သားတော်ကြီး ပြည်မင်းသားကို ဥပေက္ခာ ပြု ထားခြင်း အတွက် တိုင်းပြည်ရေးရာ လွှတ်တော်တစ်ခွင်၌ အားအင် ချို့ယွင်းနေခြင်းကြောင့် အားမလို အား မရဖြစ်ခဲ့ကြရလေသည်။ ဤသုံးဦး သုံးမယ်သော အုပ်စုသည် နောင်အခါ ပြည်မင်းသားအတွက် လက်ရုံ ကြီး နှစ်ဖက်ကဲ့သို့ ရှိလာခဲ့ပြန်သည်။
သို့သော် ခမည်းတော် ရွှေဘိုမင်းတရားကြီး၏ စိတ်ထားတော်ကို ဘယ်သို့ဟု ဆုံးဖြတ်ရန်ကလည်း အတန်ခဲ ယဉ်းလျက် ရှိပါသည်။ ဝေဒနာတော်ကြောင့် စိတ်တော်သာကြည်မှု မရှိသေးသဖြင့် သားတော်ကြီး အား မေ့၍ များထားလေသလား။ အလွန်လျှင် မြတ်နိုးချစ်ခင်တော်မူခဲ့သော သားတော်ကြီး ဖြစ်သည့် အလျောက် သူကောင်းပြုတော်မူမြဲ ပြုလိမ့်မည်ဟုလည်း မျှော်လင့်ချက်ကြီးတစ်ခုက လူတိုင်း တွင် ရှိနေခဲ့ကြပါသေးသည်။
မှန်လည်း မှန်ပါသည်။ သားတော်ကြီး ပြည်မင်းသားကို ခမည်းတော် ရွှေဘိုမင်းတရားကြီးက လုံးဝ ဥပေက္ခာ ပြုထားခဲ့သည် မဟုတ်ပါ။ ကျန်းမာတော် မမူနေသည့် အခိုက်အတန့် အတွင်းမှာပင် ပြည်မင်းသား နှင့် ခဲပေါင် မြို့စား မင်းသမီးတို့၏ ရင်နှစ်သည်းချာ သားရတနာ ၅ ဦးဖြစ်ကြသော မြေးတော်များ အနက် မှ မြေးတော်ကြီး နှစ်ပါး အား ဘိုးတော် ရွှေဘိုမင်းတရားကြီးက ကြီးကျယ် ခမ်းနား စွာ နားထွင်းသျှောင်ထုံး မင်္ဂလာပြုလျက် ရှင်သာမဏေများအဖြစ် သွတ်သွင်းချီးမြှင့်တော်မူပြန်ပါသည်။
သျှောင်ထုံး နားထွင်း ရှင်ပြုပွဲသဘင် ပြုတော်မူပေးသောနေ့မှာ ၁၂၀၆ ခုနှစ် တပေါင်းလပြည့်ကျော် (၇)ရက် နေ့ ဖြစ်ပါသည်။
ရှင်ပြုပွဲသဘင် ဆင်နွဲှခင်းကျင်းရာ ဌာနမှာ ပြည်မင်းသားကြီး ၏ စံအိမ်တော်ဝင်းကျယ်ကြီးအတွင်းမှာဖြစ်ပါ သည်။ မင်္ဂလာ မဏ္ဍပ်ကြီးနှင့် အခမ်းအနားစုံ ကျင်းပမည့် အလှူတော် ပဒေသာများကိုလည်း ညွှတ် နေအောင် သီဆွဲစေသည့် အလှူအခမ်းအနားတွင် နန်းတွင်းနန်းပြင် လူမျိုးလေးပါးမရွေး ပျော်ရွှင်စွာ ကျွေးမွေး ဧည့်ခံ စေသည်။ ဆိုင်း၊ ဇာတ်၊ အငြိမ့်၊ ရုပ်သေး၊ လက်ဝှေ့လက်ပန်း၊ ကျွမ်းဘား၊ မျက်လှည့် မှ အစ သဘင်မျိုးစုံဖြင့် ခြိမ့်ခြိမ့် မွမ်းစေသည်။
ပြည်မင်းသားကြီးနှင့် ကြင်ရာတော် ခဲပေါင်ထိပ်ထားတို့မှာ သားတော်များအတွက် သူတို့ဘိုးတော် ရွှေဘို မင်းတရားကြီး က အခမ်းအနားနှင့် သနားချီးမြှင့်တော်မူသောအခါ အလွန်လျှင် ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြ ရရှာသည်။ မြေးတော်များ ဖြစ်ကြသော (သတိုးမင်းလှ) (သတိုးမင်းတင်) တို့မှာ ၁၂ နှစ်သား နှင့် ၁၀ နှစ် သားများ အရွယ်သာ ရှိသေးသောကြောင့် ကျန်ညီတော်များမှာ သင်္ကန်းကို မနိုင်သေးသော ငယ်ရွယ်သူ များ ဖြစ်၍ ချန်လျပ် ထားခဲ့ရပါသေးသည်။
ဤသည်ပင် ခမည်းတော် ရွှေဘိုမင်းတရားကြီးက သားတော်ကြီး ပြည်မင်းသားကိုသာမက မြေးဦးတော် နှစ် ဦး ကိုပါ မမေ့မလျော့သေးသော သက်သေသာဓက ပြယုဂ်တစ်ခု ဖြစ်နေပါတော့သည်။
ယင်းကိစ္စ ကို အကြောင်းပြု၍ ယခင် စိတ်ဓာတ်ညှိူးငယ်နေသူများသည် တအားတက်၍ မျှော်လင့်ချက် ကောင်းလာပြန်သည်။ မင်းတရားကြီး စိတ်တော်ကို ရိပ်မိ၍ မည်သို့မည်ပုံ ပြုတော်မူပါဟူ၍ကား မည်သူမျှ ရွှေနားတော်ကြား လျှောက်ထားဝံ့သူမရှိပါ။ ဤသို့ စွန့်စားပြုမိပါလျှင် မတော်တဆ အယူမှတ်မှားပြီး အမျက်တော် ပွားလိုက်လျှင် အသက်ဆံဖျားသို့ ရောက်ကြရမှာ ဖြစ်သည်ကြောင့်လည်း သိပ်သိပ် သည်းသည်း နှင့် နှုတ်ဆိတ်၍ချည်း နေခဲ့ကြရမြဲဖြစ်ပါသည်။
အနောက်နန်းမိဖုရား မြကလေးမှာလည်း ပြည်မင်းသားနည်းတူ ရွှေဘိုမင်းတရားကြီးက အကြောင်း လုံလောက်စွာ မပြလေဘဲ ဥပေက္ခာ စာရင်းထဲ၄ ထည့်ထားသည်လား၊ စိတ်ဝေဒနာတော်ကြောင့် အမှတ် မထင် ရှိလေသည်လား မကွဲမပြား မခွဲမခြားနိုင်အောင် ရှိခဲ့ပါသည်။ မင်းတရားကြီးသည်လည်း စံ ဆောင်တော် အနောက်နန်းသို့ ကြွမြန်းတော်မမူခဲ့တော့သည်မှတစ်ဆင့် မတဲဒေးဝန်းယာယီ စံနန်းတော်သို့ ပြောင်းရွှေ့ စံတော်မူသောအခါတွင်ကား အခြေအနေက ဝေးသည်ထက် ဝေးကွာပြီး နီးလျက်နှင့် မခေါ်သာ သင့်လျော်ရာကသာ စံတော်မူနေရရှာသူဖြစ်ပါသည်။
သည်တော့လည်း ဂီတကဗျာ ဝါသနာထုံသူ၊ ကျွမ်းကျင်လေ့လာသူတစ်ဦးပီပီ မတင်မကျ ဖြစ်နေသော မိမိ ဘဝဖြစ်စဉ် ကို ရင်ဖွင့်၍ ဥဒါန်းကျူးသည့်နှယ် အသွယ်သွယ်သော ဂီတကဗျာတို့ကို စီသကာ မှတ်တမ်းတင် ရင်း အချိန်ကုန်ရရှာပြန်သည်။ ထိုမှတစ်ပါးသမီးတော် လှိုင်မြို့စား ထိပ်ထားကလေးနှင့် တစ် မိသားစု ပေါင်း ၍ ခေါင်းချင်းဆိုင်ပြီး နန်းတော်ကြီးအတွင်းမှ အရေးကိစ္စများ တိုင်ပင်ဆွေးနွေးသမှု ပြုသော အခါ လည်း စိတ် ထဲတွင် တအုံနွေးနွေးရှိလှသည်။
နန်းတွင်း နန်းပြင် အထွက်အဝင်များလှသူ မယ်တော် ဒေါ်အိကလည်း တိုင်းရေးပြည်ရာ အခြေအနေ မသာ ယာပုံများကို တစ်ဆင့်စကား ကြားရဖန် များသောအခါ ပိုမို၍သာ စိတ်မချမ်းမြေ့ဖြစ်ရရှာသည်။ နောင် သော အခါ မိမိတို့သည် ဘယ်ခရီးကို ဘယ်နည်းနှင့် သွားရမည်ဟုလည်း မတွေးမခေါ်နိုင်၊ သက်ဦး ဆံပိုင် အရှင် သခင် ဘုရင်မင်းတရားကို အားကိုးအားထားပြုလျက်၊ ထားရာနေ စေရာသွားပြီး ချီးမြှင့် ထားသလို နေထိုင် နိုင်စေကာမူ အားကိုးရာတစ်ဆူ ဖြစ်တော်မူသော မင်းတရားကြီးမှာ ဝေဒနာ စွဲကပ်နေသူဖြစ်သောကြောင့် မရေမရာ ဘ၀၄ပင် အနေကြာလာရသည်မှာ အတန်ကြာခဲ့လေပြီ။
လူတွေ က ရွှေဘုံရွှေနန်း မင်းခမ်းမင်းနားနှင့် အငြိမ့်သားနေရင်းမှ ပင်လယ်အဏ္ဏဝါအတွင်းမှာ ကမ်းမမြင် လမ်းမမြင် မျောပါနေရသူအလား၊ စိတ်ရော လူရော မော၍ နေကြရလေသည်။ ဘယ်သောင် ဘယ်ကမ်း မှာ တင်လေမည်နည်းဟု အသည်းတလှပ်လှပ် ရင်တဖျပ်ဖျပ်နှင့် သောက ကြွယ်လွန်းရသော အခိုက်အခါ ဟု လည်း ဆိုနိုင်ပါသေးသည်။
ထိုအချိန်မျိုးတွင် တိုင်းစွန်ပြည်နားတို့ကလည်း မငြိမ်မသက် လှုပ်ရှားကြသလို ဟိုကတစ်မျိုး၊ ဒီက တစ်သွယ် မနှစ်လိုဖွယ်သော ကိစ္စရပ်တို့ကလည်း မပြတ်မပြတ် ပေါ်လာရပြန်ပါသည်။
ရွှေဘို မင်းတရားကြီး ၏ မြေးတော်များ ရှင်ပြု နားထွင်း သျှောင်ထုံးအခမ်းအနားပြုပြီးသော အချိန်မှာပဲ ထီးရံ နန်းရံ လက်နက်နိုင်ငံတော်ဖြစ်သော ဂုံလူမျိုးတို့ နေထိုင်ရာ ကျိုင်းတုံမြို့ကြီးအား ဇင်းမယ်လူမျိုး တို့ က ထိပါး နှောင့်ယှက်သဖြင့် မငြိမ်မသက် ဖြစ်လာရပြန်ပါသည်။
ထိုအခါ လက်ဝဲကြောင်း သေနတ်ဗိုလ် မဟာမင်းလှတန်ဆောင်နှင့် လက်ယာကြောင်း သေနတ်ဗိုလ် မဟာ မင်းခေါင် သူရိန် တို့ကို အစုအမှုထမ်း သေနတ်ကိုင် နှစ်ထောင့်ငါးရာကျော်၊ မြင်းနှစ်ရာကျော် ပေးအပ်၍ အင်းဝမြို့ဝန် မင်းကြီး မဟာမင်းလှ မင်းခေါင်ကျော်အား ဗိုလ်ချုပ် ခန့်ထားလျက် မိုးနဲကြောင်း စစ်ချီ တက်စေ ရပါသည်။
ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံမြို့ကို ဇင်းမယ်က လာရောက်ထိပါး၍ အင်းဝမြို့ဝန်ကို လက်နက်ကိုင် လူနှစ် ထောင်ကျော် နှင့် သွားရောက် နှိမ်နင်းနေရစဉ်မှာပင် ရှမ်းပြည် မြောက်ပိုင်း၊ တောင်ပိုင်းကလည်း တစ်ချီ တစ်မောင်း ထကြွလာပြန်သည်။
အကြောင်းအရင်းမှာ တောင်ပိုင်းစော်ဘွား မငြိမ်မဝပ်ရှိခြင်းပင်။ မငြိမ်မဝပ်ဆိုသည်မှာ ဘုရင်ကို မကျိုးမနွံ၊ တော်လှန် ထောင်ထားခြင်းကို ဆိုပါသည်။
သို့ကြောင့် တောင်ကန်သေနတ်ဗိုလ် နေမျိုးမင်းလှရဲတင်ကို တောင်ကန် သေနတ် အမှုထမ်းတစ်ရာ၊ သူရဲ အမှုထမ်း သုံးရာ၊ ကင်းဇင်းအမှုထမ်း တစ်ရာ၊ လက်ကောင်း၊ သေနတ်အမှုထမ်း ငါးဆယ်နှင့် မိုးမိတ်၊ မိုင်းလုံ၊ သီပေါ၊ သုံးဆယ်၊ မိုးကုတ် ကျပ်ပြင်မြို့ ကျေးရွာများက ရှမ်းအမျိုးသား အမှုထမ်း လူ နှစ်ထောင့် သုံးရာ့ ငါးဆယ် စုစုပေါင်း အမှုထမ်း လူ နှစ်ထောင့်ကိုးရာကျော် ပေးအပ်၍ တောင်ပိုင်မြို့သို့သည် တပေါင်း လပြည့်ကျော် ဆယ်ရက်မှာ ချီတက် တိုက်ခိုက်စေရပြန်သည်။
သည်တွင် မပြီးေးပါ။ တန်ခူးလထဲတွင် ယောမြို့နယ်က ကိစ္စကလေးက တစ်မှောင့် ဝင်လာပြန ်ပါသေးသည်။ ယောနယ်သားများကို အသုံးပြုစရာ ကိစ္စရှိ၍ အမိန့်တော်နှင့် ဆိုင်ရာမှ ဆင့်ခေါ်မြဲ ဆင့်ခေါ်ရာတွင် ယော သားလူမျိုးများအပေါ်တွင် စီရင်အုပ်ချုပ်ရသူ မင်းတုန်းမြို့ဝန် မောင်ရွှေတုတ် ၏ တပည့်တို့သည် အသိမ်း အခေါ် စေလွှတ်သူ မင်းမှုထမ်းတို့ကို နှောင့်ယှက်ခြင်း၊ တားဆီး ချည်နှောင် ချုပ်ထား ပြီးလျှင် မင်းမှုထမ်းတို့ တွင် ပါရှိသော လက်နက်များ၊ ငွေကြေးများကို သိမ်းယူသည်။
ထို့ကြောင့် တာဝန်ရှိသူ မင်းတုန်းမြို့ဝန် မောင်ရွှေတုတ်အား လက်သည်တရားခံများကို တောင်းဆိုရလေ သည်။ မင်းတုန်းမြို့ဝန်က တရားခံများ ပေးအပ်ခြင်း မပြုနိုင်ပါ။ သို့ကြောင့် တာဝန်ရှိသူ မင်းတုန်းမြို့ဝန် မောင်ရွှေတုတ် ကို အပြစ်အလျောက် ရာဇဝတ်တရား စီရင်ရလေသည်။
ဤသို့ မင်းတုန်းမြို့ဝန် မောင်ရွှေတုတ်ကို ရာဇဝတ်အပြစ် စီရင်ခံရခြင်းနှင့် ပတ်သက်ပြီး မောင်ရွှေတုတ်၏ ဦးရီး ဖြစ်သူ ဗန့်ကျီတိုက်ဝန် မင်းကြီး မဟာသီဟသူရသည်လည်းကောင်း၊ သူ၏သားဖြစ်သူ တလုပ် မြို့ဝန် သေနတ်ဗိုလ် မင်းလှသီဟသူသည် လည်းကောင်း၊ ညီဖြစ်သူ မင်းလှဇေယသူတို့သည်လည်းကောင်း၊ မကျေ မနပ် ဖြစ်ကြပြီး တန်ခူးလဆန်း ကိုးရက်နေ့ညတွင် တိတ်တဆိတ် ရွှေမြို့တော်မှ ထွက်ခွာသွားကြပါ သည်။ (ယခုခေတ်အခေါ် တောခိုသွားသည်ပဲ ဆိုကြပါစို့)
သူတို့သားအဖတစ်တွေသည် ဗန့်ကျီတိုက်နယ် ဝန်ကြီအဖြစ် အုပ်ချုပ်စားစိုးရာ ဗန့်ကျီတိုက်နယ် စီရင်စု အတွင်းရှိ အမှုထမ်းအရာထမ်းလူတို့ကို အပြင်းအပြေ ကွပ်ညှက်သိမ်းရုံးစည်းကြပ်ပြီးလျှင် ရရှိသော အမှုထမ်း လူခုနစ်ထောင် (၇၀၀၀)ကျော်နှင့် ထိုနယ်တစ်ဝိုက်မှ ထောင်ထားတိုက်ခိုက် တော်လှန်ကြလေ သည်။
ဗန့်ကျီတိုက်ဝန် မင်းကြီး မဟာသီဟသူနှင့် သား တရုတ်မြို့ဝန် သေနတ်ဗိုလ်ညီ မင်းလှဇယသူတို့သည် ၎င်းတို့ စုရုံးရရှိသော လူ ၇၀၀၀ ကျော်နှင့် ဆားလင်းကြီးမြို့က ခံတပ်တည်လုပ်၍ ခုခံတိုက်ခိုက်ပြီးလျှင် ပုခန်းကြီးမြို့၊ အမြင့်မြို့ များကိုပါ တိုက်ခိုက်သိမ်းယူကြလေသည်။
ထိုအကြောင်းကို ရွှေဘိုမင်းတရားကြီး နားတော်ပေါက်ကြားသိရှိရကား လက်ဝဲ၀င်းတော်မှူး မင်းကြီးမဟာ ကျော်ခေါင် နှင့် ရွှေပြည်မှန်ကင်း သေနတ်ဗိုလ် မဟာမင်းခေါင်ရာဇာတို့ကို အလုံမြို့စီရင်စုနယ်အတွင်းရှိ အမှုထမ်း လက်နက်လူသူတို့ကို သိမ်းရုံးစည်းကြပ်၍ တိုက်ခိုက်ဖမ်းဆီးရမည်ဟု စေတော်မူသည်။
ပခန်းကြီးမြို့၊ တလုပ်မြို့၊ အမြင့်မြို့၊ အလ္လကပ္ပမြို့များသို့လည်း ပခန်းကြီး ဗိုလ်ရွှေတုံး၊ ပဲ့နင်း မင်းငယ် ရာဇသူ၊ အမြင့်မြို့ အလ္လကပ္ပမြို့ဝန်၊ ပြည်မင်းဝန်တို့ကို လက်နက်လူသူ သိမ်းရုံးစည်းကြပ် တိုက်ခိုက် ဖမ်းဆီး ရမည်ဟု ခန့်ထား၍ ချီတက်ကြရပါသည်။
ထိုမျှမက ဗန့်ကျီတိုက်ကြောင်း အုပ်ချုပ်ချီတက် တိုက်ခိုက်စေရန် ဗိုလ်ချုပ် ရှေ့ဝင်းတော်မှူးကြီး မဟာမင်း ခေါင်ရာဇာ တပ်တစ်တပ်ကိုလည်းကောင်း၊ တောင်တွင်းကြီး မြို့ဝန်မင်းကြီး မဟာမင်းလှမင်းခေါင်တင် တပ်တစ်တပ်၊ ရှေ့ဆက် နောက်ဆက် အခါတော်နှင့် ချီတက်ရလေသည်။
ပုန်ကန်ခြားနား သစ္စာဖောက်သူ ဗန့်ကျီတိုက် ဝန်ဟောင်း ငတောင်ပိုနှင့်သားအဖ သုံးယောက် တို့ရှိနေသော ဆားလင်းကြီးမြို့သို့ ဗိုလ်ချုပ်ရှေ့ဝင်းတော်မှူး မင်းကြီး မဟာမင်းခေါင်ရာဇာတပ်နှင့် တောင်တွင်းကြီး မြို့ဝန်နှင့် တောင်တွင်းကြီးတပ်၊ အမြင့် အလ္လကပ္ပ နှစ်မြို့ဝန်၊ ပြည်မင်းဝန် မင်းလှမင်းထင် နော်ရထာတပ် တို့က မြစ်ကိုကူး၍ အပြင်းအထန် တိုက်ခိုက်ကြလေသည်။
ယင်းသို့ အပြင်းအထန် တိုက်သည်ပင် မနည်းကြာအောင် တိုက်ရလေသည်။ သို့ရာတွင် နောက်ဆုံး၌ ဗန့်ကျီ တိုက်ဝန်ဟောင်း သူပုန်မောင်တောင်ပို သားအဖတွေ၏ တပ်က မခံရပ်နိုင်တော့၍ ဆုတ်ခွာ ထွက်ပြေး တပ်ပျက်ပြား သွားကြရလေသည်။
တပ်ပျက်၍ ဆုတ်ခွာထွက်ပြေးရာတွင် မောင်တောင်ပို သားအဖများမှာ ဆားလင်းကြီး အနောက်တောင် ကန္နီမြို့ စီရင်စု ကျေးရွာများ ဆီသို့ ဦးတည်ထွက်ပြေးသွားကြောင်း သိရလေသည်။
ထိုအကြောင်းကို ဗိုလ်ချုပ်ရှေ့ဝင်းတော်မှူးမင်းကြီး မဟာမင်းခေါင်ရာဇာက ရွှေဘိုတရားကြီးထံတော်သို့ လူလွှတ် သံတော်ဦးတင်လေသည်။ မင်းတရားကြီးသည် ဗန့်ကျီတိုက်ကြောင်းချီ ဗိုလ်ချုပ်ရှေ့ဝင်းတော်မှူး ထံမှ လျှောက်တင်ချက်ကို ကြားသိတော်မူသောအခါ ငတောင်ပိုငယ် သားအဖတို့ ထွက်ပြေးရာသို့ တပ် တော် အများအပြား နှင့် ချီတက်ဖမ်းဆီးလောက်တော့သည် မဟုတ်သောကြောင့် သင်းတို့ရှိနေသော ကန္နီမြို့ နယ်တွင်း ကျေးရွာများသို့ ကန္နီမြို့၊ ယောမြို့၊ ထီးလင်းမြို့များက အမှုထမ်း နှစ်ရာ သုံးရာ လောက်ကို သင့်ရာ အကြီးအုပ် ခန့်ထား ဖမ်းဆီးစေ၍ ဗိုလ်ချုပ်ရှေ့ဝင်းတော်မှူးတို့နှင့် ရဲမက်တော်တို့ကို နေပြည်တော် သို့ ပြန် လာစေရန် အမိန့်တော်ရှိလေသည်။
ဗိုလ်ချုပ်ရှေ့ဝင်းတော်မှူးနှင့် တောင်တွင်းကြီး မြို့ဝန်တို့အား အမှုတော်ကို ကျေကုန်အောင် ထမ်းရွက် သူများ အဖြစ် အဖိုးငွေ ခွက်တစ်ဆယ်တန် ကျောက်နီတွင် လက်စွပ်တစ်ကွင်းနှင့် အဖိုးငွေ ခုနှစ် ပိဿာ တန် ကြောင်တင် လက်စွပ်တစ်ကွင်းစီ ဆု ပေးသနားတော်မူလေသည်။
ဆိုအပ်ခဲ့သည့်အတိုင်း ဗန့်ကျီတိုက်ဝန်ဟောင်း သူပုန်ငတောင်ပိုငယ်နှင့် သားအဖတို့လည်း သူတို့၏ အပေါင်း အသင်း လူတစ်ဆယ်ကျော်နှင့် ဗန့်ကျီတိုက် စီရင်စု၊ ပြာပုံတောင်သို့ ဝင်ပုန်းနေသည်။
ထိုအတွင်း ကျေးဇူးရှင်ကို ပြစ်မှားသောကြောင့် ” ကျေးစူး” ရသည် ဆိုသော စကားကဲ့သို့ ငတောင်ပို၏ နောက်မှ ပါလာသော လူတစ်ဆယ်ကျော်တို့သည် သူတို့ဆရာ ဦးတောင်ပိုခေါ် ငတောင်ပိုကို ဓားပွားသတ် လိုက် ကြလေသည်။
” ဓားပွား” ဆိုသည်မှာ ရွှေဘိုမင်းတရားကြီးက မောင်တောင်ပိုအား သူကောင်းပြုပေး သနားတော် မူ ထားသော ကျောက်စီရွှေဓားဖြစ်သည်။ သူ၏တပည့်များက ယင်းကျောက်စီရွှေဓားနှင့်ပင် သူ့ အား ပိုင်း သတ် လိုက်ကြသည်။ ပြီးလျှင် ၎င်းကျောက်စီရွှေဓားနှင့်တကွ အဆောင်ဆေးများ၊ ရွှေထည်၊ ငွေ ထည် ပစ္စည်း များကို တောင်တွင်းကြီးမြို့ဝန်သို့ လာရောက် ပေးအပ်ကြလေသည်။
၎င်းပစ္စည်းများကို တောင်တွင်းကြီး မြို့ဝန်က လာရောက်လျှောက်ထားပြီး ရွှေဘိုမင်းတရားကြီးအား ဆက် သ ကြလေသည်။
နောက်ဆက်တွဲအဖြစ်နှင့် ထိုပုန်ကန်ခြားနားမှု၌ ပါဝင်သူများကိုလည်း ဆက်တိုက် ဖမ်းဆီးရမိလေရာ ယောက်ျား မိန်းမ စုစုပေါင်း လူ ၂၀၀ ကျော် ရရှိလေသည်။
၎င်းလူ ၂၀၀ ကျော်အနက်မှ ရှေ့ဝင်းတော်မှူးနှင့် တောင်တွင်းကြီးမြို့ဝန်တို့က ဆန်ခါတင် စစ်ဆေး၍ ရသော အပြစ်ရှိသူများမှာ ငတောင်ပိုငယ်၏သား တလုပ်မြို့ဝန် သေနတ်ဗိုလ် မင်းလှသီဟသူ ခေါ်တွင် ခဲ့သူ ” ငကသဲ”၊ ၎င်းညိမင်းလှဇေယျသူ ခေါ်တွင်ခဲ့သူ ” ငရွှေသား “၊ ၎င်း၏ ညီငယ်များဖြစ်ကြသော ” ငဆိုး၊ “ငထိုက်”၊ “အငယ်ဆုံး ” ငရွှေအို” တို့နှင့် ဗိုလ်တပ်မှူးအကြီး ပြုလုပ်၍ ပုန်ကန် ဆိုးသွမ်း တိုက်ခိုက် သူ လူ ၄၀ ကျော်တို့ကို ကွပ်မျက်လိုက်ရလေသည်။
ဤကိစ္စတွေ အပြီးတွင် သက္ကရာဇ် ၁၂၁၇ ခုနှစ်သို့ ဝင်ရောက်ခဲ့လေပြီ။ ရွှေဘိုမင်းတရားကြီးအား စိတ်အေး နားအေး စံနေတော်မူနိုင်စေရန် အားထုတ်ကြသော်လည်း တိုင်းပြည်ကြီး၏ ထီးဆောင်နန်းစံ ဘုရင်မင်း မြတ်တစ်ပါး ဖြစ်သည့်အားလျော်စွာ တာဝန်မှန်သမျှ၊ တိုင်းပြည်ရေးရာ ကိစ္စမှန်သမျှက လွဲှရှောင်၍မရဘဲ အမြဲ ရင်ဆိုင်တော်မူရလေသည်။
ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံမြို့ကို ယိုးဒယား ဇင်းမယ်သားတို့ လာရောက်ထိပါးသောကိစ္စ၊ ရှမ်းပြည် မြောက်ပိုင်း ရှိ တောင်ပိုင်းစော်ဘွား မငြိမ်မဝပ်ရှိသော ကိစ္စများနှိမ်နင်းရချိန်မှာပင် ကျေးဇူးသစ္စာ တော် ကို မထောက်မထားသော မြှောက်စားသူကောင်းပြုထားသူ ဗန့်ကျီတိုက်ဝန် သားအဖများနှင့် ၎င်းတို့ အပေါင်းပါ မြို့ဝန်များက သူတို့မြို့မှနေ၍ ပုန်ကန်ခြားနားခြင်းကိစ္စကို အောင်မြင်စွာ နှိမ်နင်းနေရချိန်၌ တစ်ဖက် တွင်လည်း အကြံအစည်ကြီးစွာ ပြုနေသူများက တိုးတိုးတိတ်တိတ်ကျိတ်၍နေကြပြန်သည်။
အခြေအနေအရမှာ မင်းတရားကြီးကလည်း ကျန်းခန့်တော်မမူ။ တိုင်းပြည်အုပ်ချုပ်ရေး၌ တာဝန်လွဲှအပ်ခံရ သူ အရာရှိကြီးများကလည်း လာဘ်လာဘယူပြီး အမှုကြီးငယ်၌ မမှန်မကန် ဖန်တီးနေကြသူများက တစ်ဖက်၊ လက်နက်လူသူအားကိုးနှင့် ကိုယ်ကျိုးကြည့်၍ နေရာလုမည့် သူများကလည်း စည်းဝါးကိုက်ကာ လက်သင့် ရာ စိတ်ဆန္ဒတူညီသူများ စုရုံးသိမ်းသွင်းနေကြလေသည်။
အဖရိုက်ရာ ဆက်ခံမည့် ပုဂံမင်းသားကလည်း တိုင်းရေးပြည်ရာ၌ အားမကိုးသာ။ ကြာလျှင် တိုင်းပြည် မှောက်စရာ သာ ရှိတော့သည် ဟု စိုးရိမ်မကင်းရှိသူများက အမြော်အမြင်ကြီးကြီးနှင့် စဉ်းစားစိတ်ပူလာကြ ပါသည်။
ယင်းသို့ တိုင်းပြည်၏ နောင်ရေးကို တွေးတောပူပင်မိသူ ဝန်ကြီးမှူးကြီး အချို့က မျက်နှာငယ်စွာ စံ နေရသော သားတော်ကြီး ပြည်မင်းသား သီရိမဟာသူရဓမ္မရာဇာနှင့် သွားရောက်တိုင်ပင် အဝင်အထွက်ပြု ကြ လေသည်။ စင်စစ်အားဖြင့် သူတို့မှာ တိုင်းပြည်မျက်နှာကိုသာ ကြည့်သူများ ဖြစ်ပါသည်။ တိုင်းပြည် ” ကမောက်ကမ” မဖြစ်ပါမှ တိုင်းသူပြည်သား ပြည်သူလူထု အေးချမ်းစွာနေရမည်။ လူထုအေးချမ်းမှ လယ်ယာ ကိုင်းကျွန်းလုပ်ငန်းခွင်တို့ အောင်မြင်ပြီး ဆန်ရေစပါး ပေါများမည်။ ဆန်ရေစပါး ပေါများမှ ဝတ်စား နေရေး ချောင်လည်လျက် သာသနာတော်ဘက်တွင် အလှူရေစက် လက်နှင့်မကွာ ရှိကြပြီး၊ ဗုဒ္ဓ ဘုရားရှင် ၏ သာသနာတော်ကြီး ပွင့်လင်းစည်ပင်ခိုင်ခံ့မည်စသော ရည်ရွယ်ချက်ကောင်းများကို ဦးထိပ် တင် လျက် ဦးတည်လျက်ရှိကြပါသည်။
ပြည်မင်းသားကြီး ကိုယ်တိုင်ကလည်း နိုင်ငံတော်အတွက် စိတ်လက်မအေး၊ နောင်ရေး စိုးရိမ်မိသည့်တိုင် အောင် မိမိတို့ အဖို့ ခမည်းတော် ဘုရင်မင်းတရားကြီးက ဘယ်သို့သော တာဝန်ကိုမှ နောက်ထပ် မပေး သဖြင့် တိုင်းရေးပြည်ရာတွင် ဘာမှ ပါဝင်စီမံခွင့် မရှိသဖြင့် အသာငြိမ်၍ အိမ်တော်တွင် အေးအေးသာသာ စံမြန်း နေခြင်းဖြစ်ပါသည်။
ထိုသို့ တိုင်းပြည်နောင်ရေး စိတ်မအေးကြသူများထဲတွင် ရေနံချောင်းမြို့စား ယင်းတောဝန်ကြီးမင်းမှာ ထိပ် ဆုံး မှ ပါဝင်ခဲ့ပါသည်။
သို့ကြောင့် ပြည်မင်းသား သီရိမဟာသီဟသူရဓမ္မရာဇာ၏အိမ်တော်သို့ ယင်းတောဝန်ကြီးမင်းက မကြာ ခဏ ဝင်ရောက် လျက် စိတ်လက်မအေးတိုင်း တိုင်းရေးပြည်ရာ ပြဿနာများကို ဆွေးနွေးမိသည်။
ယင်းတော ဝန်ကြီး ကဲ့သို့ပင် ဆင်ဝန်မင်းကလည်း ပြည်မင်းသားကြီး အိမ်တော်သို့ မကြာမကြာ လာရောက် ဆွေးနွေးပါသည်။
ဆင်ဝန်မင်းကဲ့သို့ပင် အင်းဝမြို့ဝင်မင်းကလည်း ပြည်မင်းသားထံ မကြာမကြာလာပြီး တီးတိုး ဆွေးနွေး မိသည်။
အင်းဝမြို့ဝန်မင်းကဲ့သို့ပင် ညောင်ပင်ကြီးဗိုလ်၊ စစ်ကိုင်းဗိုလ်၊ ဗိုလ်န်ကကျေ်ာ စသော အရေးပါ၍ အရာ ရောက်သော ဗိုလ်တွေကလည်း ပြည်မင်းသားကြီးထံသို့သာ မကြာခဏလာရောက်ပြီး မင်းတရားကြီး ကျန်းခန့်တော် မမူသောကိစ္စ၊ တိုင်းရေးပြည်ရာကိစ္စများမူမမှန်သည်ကို အတန်တန် ဆွေးနွေးမိကြသည်။
သူတို့ ကဲ့သို့ပင် သံတော်ဆင့်ကြီး လက်ဝဲတို့လူသိုက်က ရောက်လာတတ်ပြီး ဆောအတွင်းဝန်ဟောင်း ဦးရစ် ကလည်း ရာထူးလက်မဲ့အတွင်းဝန်ဟောင်းဖြစ်သည့် အားလျော်စွာ အမှီသစ်ကို ရှာကြံရန် မကြာ မကြာ ပြည်မင်းသားကြီး စံအိမ်သို့ ခစားရောက်လာတတ်လေသည်။
မကြာမကြာ ဆုံမိကြသည်။ ပြည်မင်းသားကြီးရှေ့တော်တွင်ရင်ဖွင့်ဆွေးနွေးကြရာ၌ သူတို့တစ်စိတ် တစ် သဘောတည်း တိုက်ဆိုင်သွားကြသည်။
ပြည်မင်းသားကြီး၏ ဝန်အမှုထမ်း အခြံအရံအပေါင်းကလည်း မိမိတို့အရှင် ပြည်မင်းသားကြီး မျက်နှာငယ် နေ ရှာသည်ကို မကြည့်နိုင်၊ ကြိတ်မနိုင်ခဲမရ ဖြစ်နေကြရသူများ ဖြစ်ပါသည်။ ပြည်မြို့နယ်ကြီးကလည်း ကြီးမား ကျယ်ပြန့်ပါသည်။ လူဦးရေများသလောက် ပြည်မင်းသားကို လိုလားချစ်ခင်ကြသူများသာ ဖြစ်ကြ ပါသည်။
ပြည်မြို့နယ်သားများကဲ့သို့ပင် ပြည်မင်းသားကြီးအပေါ်တွင် သံယောဇဉ်အမျှင်တန်းနောကသူများမှာ သာရဝေါတိုက်နယ်၊ ဟင်္သာတတိုက်နယ်၊ ရွှေလောင်းတိုက်နယ်ကြီး သုံးနယ်မှ နယ်သူ နယ်သားများ နှင့်တကွ သာရဝေါ၊ ဟင်္သာတ၊ ရွှေလောင်းတိုက်နယ်တို့၏ အကြီးအမှူး ဦးစီးနာယက မင်းမှုထမ်း ကြီးရွယ်ငယ် လတ် မရွေးတို့ကလည်းပြည်မင်းသားကြီးမှ ပြည်မင်းသားကြီးပါ ဆိုသကဲ့သို့ ချစ်ခင် လေးစားအရေးထားနေကြသူ များဖြစ်၍ ထစ်ခနဲဆို ဓားဆွဲထွက်မည့် သူတွေချည်း နှင်နှင်ပါပေ။ ဦးနေဦး၊ ဒေါ်အိ တို့ တစ်ဆွေ တစ်မျိုးလုံး ကလည်း ပြည်မင်းသားကြီးအပေါ်တွင် သံယောဇဉ်ကြိုးက အခိုင်အမာ ဆုံး တုပ်နှောင်ထားမိခဲ့ကြသူများဖြစ် လေသည်။
သည်အထဲမှ အနောက်နန်း မိဖုရား မမြကလေးကလည်း အနုပညာ၊ စာပေကဗျာ ဂီတဝါသနာ ထုံသူချင်း၊ ခင်မင်လေးစားရင်း ရှိသူချင်းလည်း ဖြစ်သောကြောင့် ပြည်မင်းသားကြီး ဘုန်းတန်ခိုး အရှိန်အဝါ ညှိုးငယ်နေ ရှာရသည်ထက် လျှမ်းလျှမ်းတောက်ကောင်းစားပြီး မင်းသားကြီး သိက္ခာဂုဏ်အင်နှင့် ပြည့်စုံ စေချင်သော ဆန္ဒက မြကလေး၌ အပြည့်အ၀ ရှိနေသူဖြစ်ပါသည်။ နောင်အရေးကို တွေးမည် ဆိုလျှင်လည်း ရွှေဘိုမင်းတရားကြီး၏ ရောဂါတော် အခြေအနေတိုးပြီး ဆိုးသထက် ဆိုးလာမည် ဆိုပါလျှင် တိုင်းပြည် ကို တကယ်တမ်း ထိန်းသိမ်းနိုင်မည်သူက ပြည်မင်းသားကြီးတစ်ပါးသာ ရှိလိမ့်မည်ဟု ထင်မြင် ယုံစားနေသူဖြစ်ပါသည်။
မင်းတရားကြီး၏ ရောဂါဝေဒနာတော်က ကံကောင်းထောက်မ၍ ပျောက် ကင်းချမ်းသာသွားပြီ ထားဦးတော့၊ သက်တော်က ငါးဆယ်ကျော်လာပြီ ဖြစ်သောကြောင့် နောင်အခါ ကြာရှည်ကြာများ နန်း စည်းစိမ် ခံစားနေနိုင်တော့်မည် မဟုတ်ပါ။ သင်္ခါရသဘောနှင့် တွေးတောမည်ဆိုလျှင်လည်း လူတစ်ဦး၏ အာယုသက်တမ်း ကို မည်သူမျှ ပိုင်းခြားမျှော်မှန်းနိုင်မည် မဟုတ်ပါ။ ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက် မကွေးမီ ဖြစ်ချည် ပျက်ချည် အသက်ဝိညာဉ် တည်ရ ခြင်းဓမ္မတာအတိုင်းပင်။ သည်တော့ သားတော်ကြီး ပြည်မင်းသားသာလျှင် ရွှေနန်းခွင်ကို ဝင်စံဆက်ခံထိုက် သူဖြစ်သည်ဟု မြကလေးက ယူဆ နေသူဖြစ်သည်။
မင်းတရားကြီး၏ ထီးနန်းမွေကို ဆက်ခံစေမည်ဟု အိမ်ရှေ့နန်းလောင်း ပုဂံမင်းသား ရှိပါငြားလည်း မင်းသားရည် ပြည့်သည်ဟူ၍ မြကလေးအဖို့ လက်ခံရန်က ခက်လှသည်။ တောင်ညာနန်းနေ မိဖုရားခေါင်ကြီး ၏ သားတော်တစ်ပါး ဖြစ်နေသောကြောင့် ရွှေနန်းစဉ်လာအရ လက်ခံရမည် ဆိုသည့် တိုင်အောင် သည်တိုင်းပြည်နှင့် သည်မင်းသား လားလားမှ မတော်ပေါင်၊ ပြည်မောင်မောင်သာလျှင် ဘုရင် ဖြစ်ထိုက်သူ ပါပေ ဟု ပုံသေကားကျ တွက်ဆထားမိလေသူလည်း ဖြစ်ပါသည်။
သို့ကြောင့် ယင်းတောဝန်ကြီးအစ ဆောအတွင်းဝန်ဟောင်း ဦးရစ် အဆုံး အားလုံးကုန်သော ပြည်မင်းသား ကြီးကို လိုလားသူ မှူးကြီးမတ်ကြီးများအထဲတွင် အနောက်နန်း မိဖုရားမမြကလေးကလည်း သဘော ကြိုက် ညီပါတီဝင်တစ်ဦးအဖြစ် ရပ်တည်မိမှန်းမသိ ရပ်တည်နေမိရှာလေသည်။
သို့သော် စိတ်တူသဘောတူ ဝါဒတူရှိရုံမှတစ်ပါး ပြည်မင်းသား အိမ်တော်သို့ကား အနောက်နန်း မိဖုရားတစ် ပါးအနေဖြင့် ဝင်ထွက်သွားလာခြင်း၊ တိုင်ပင်နှီးနှောခြင်း အလျှင်းမပြုရှာပါ။ ပြည်မင်းသားကြီး ထံသို့ မှာစရာ ထားစရာ စကားကမ်းစရာရှိလျှင် မြကလေး၏ မယ်တော်ဒေးွအိသာလျှင် ဆက်သွယ်ရေး ရှိခဲ့သည်။
ဒေါ်အိကတော့ မူလထဲက ချစ်ချစ်ခင်ခင်နှင့် ဝင်နေကြ ထွက်နေကြ၊ ပြည်မင်းသား စံအိမ်ကို အချိန်မရွေး ရောက်နေကျ ဖြစ်ပါသည်။
ထိုအခါက ပြည်မင်းသားကြီး၏ စံအိမ်ကလည်း အမရပူရမြို့တော်တွင် မဟုတ်ပါ။ ဘုရင်မင်း၏ ယာယီ စံနန်းတော် ရှိသော မတဲဒေးဝန်းရပ် အနောက်ဘက် ဧရာဝတီမြစ်ပေါက် ကမ်းနားမကျတကျ၌ ပြည်မင်းသားကြီး ၏ စံအိမ်တော်က တည်ရှိနေပါသည်။
ယင်းသို့လျှင် ဧရာဝတီမြစ်ကမ်းနှင့် မလှမ်းမကမ်းမတဲဒေးဝန်းစံနန်းတော်၏ အနောက်ဘက် အစွန်အဖျား ကျကျ နေရာဖြစ်သော ပြည်မင်းသားကြီး၏ စံအိမ်တော်သို့ မကြာခဏ အဝင်အထွက် ပြုနေကြသူများမှာ ယင်းတောဝန်ကြီးမင်း၊ ဆင်ဝန်မင်း၊ အင်းဝမြို့ဝန်မင်း၊ ညောင်ပင်ကြီး ဗိုလ်မင်း၊ စစ်ကိုင်းဗိုလ်မင်း၊ ဗိုလ်နက်ကျော်၊ သံတော်ဆင့်ကြီး လက်ဝဲ ဆောအတွင်းဝန်ဟောင်း ဦးရစ်တို့ဖြစ်ကြလေသည်။
ဟင်္သာတ၊ သာရဝေါက ပဲ့နင်းကြီး ဦးနေ၊ ပဲ့နင်းကြီးကတော် ဒေါ်အိနှင့် တစ်ဆွေတစ်မျိုးစု။ မိဖုရား မမြကလေး အဆောင် မှ လက်ပါးစေများ စသည်တို့ကလည်း ရှေးကထက် အဝင်အထွက် ပိုများလာလေ သည်။
ထိုသို့ အဝင်အထွက် ရှေးကထက် များပြားလာသောအခါ မြင်မိသူ၊ တွေ့မိသူတွေကလည်း မကြာခဏ ကြုံကြိုက် ရသောကြောင့် သတိပြုမိလာကြလေသည်။ သတိမမူလျှင် ဂူကိုပင် မမြင်နိုင်သော်လည်း သတိမူ မိလျှင်တော့ မြူမှုန်ကလေးကိုပင် ကွက်ကွက်ကွင်းကွင်း မြင်နိုင်သော သဘာဝအတိုင်း ” သူတို့ ပြည်မင်းသားကြီး အိမ်တော်သို့ အထွက်အဝင် များလှချည်လား၊ ဘာများ ကိစ္စထူးထွေရှိနေကြပါလိမ့်”ဟု တွေးတောမှု များပေါ်လာပေသည်။
ဤသည်တွင် အကောင်းထင်သူ ရှိသလို၊ အဆိုးမြင်သူလည်း ရှိပေလိမ့်မည်။ မင်းလိုလိုက် မင်းကြိုက် တင်ပြီး လျင်သလို စားနေကြသူများ ရှိသကဲ့သို့ သည်မင်းတစ်လက်ထက်၌ စားကျက်ကောင်း အခွင့်အရေး ကို ထိ ခိုက်လာမည့် ရန်ဆူးရန်ငြောင့်များကို လိုလားကြမည်မဟုတ်ပေ။ မင်းနားတစ်ထောင် မင်းမြှောင် တစ်သိန်း ဆိုသော စကားအတိုင်း ရော၍ ယိမ်းနေကြသူများကလည်း ကနေရသော မိမိတို့ ဇာတ်ခုံအား ဇာတ်ခေါင်း ကွဲသွားမည့်အရေး စိုးရိမ်စိတ်ကလေးများ လွှမ်းမိုးလာကြပါမည်။
လက်ရှိ အုပ်ချုပ်ရေးဆိုင်ရာ အပိုင်းကလည်း ထုံထုံထိုင်းထိုင်းနေမည့်သူများ မဟုတ်ပါ။ ထုံးတမ်းစဉ်လာ အရ ဘယ်နေရာ၌ ဘာဖြစ်သည်၊ ဘယ်သူ ဘာလုပ်သည်၊ ဘယ်သူက ဘာပြောသည်၊ ဘယ်သူနှင့် ဘယ်သူ ဟာ ဘာတိုင်ပင်သည်ဆိုသော အကြောင်းများ၊ စုံစမ်းထောက်လှမ်းရသော အထောက်တော် များ၏အစီရင်ခံချက်ကို နံနက်တိုင်း ညနေတိုင်း တစ်နေ့လျှင် ၂ ကြိမ်ကျ ထုံးစံအတိုင်း အထောက်တော် တို့၏ အစီရင်ခံစာကို ဖတ်ကြရမြဲဖြစ်ပါသည်။
အချိန်ကာလကြာလာလျှင် ယင်းကိစ္စမျိုးမှာ အထောက်တော်တို့ အစီရင်ခံစာ၌ ပါဝင်လာရတော့သည်။
ယင်းတောဝန်ကြီး က ပြည်မင်းသားအိမ်တော် မကြာခဏ သွားတယ်ဆိုပါလားဟု အစိုးရအဖွဲ့ဝင် လွှတ်တော် ကြီး တစ်ရပ်လုံးအံ့အားသင့်သွားကြတော့သည်။ အထောက်တော်များ၏ အစီရင်ခံချက်ကိုပင် ဟုတ် မှ ဟုတ်ပါလေစဟု သံသယဝင်မိကြလေသည်။
အချို့ မှူးကြီးမတ်ရာတို့ကလည်း ခင်မင်ရင်းနှီးသူများဖြစ်၍ချစ်ချစ်ခင်ခင် သွားလာဝင်ထွက်နေကြခြင်းသာ ဖြစ်ပါ လိမ့်မည်ဟု ရိုးရိုးသားသားပင် တွေးထင်ကြပါမည်။
အချို့ကလည်း တစ်စုံတစ်ရာ အကြံအစည်ရှိ၍သာဟု မသင်္ကာစိတ်မျိုးနှင့် တီးတိုးလက်တို့ကာ ဆုံစည်းရာ အသိ မိတ်ဆွေချင်း ပြောဆိုမိကြပေမည်။
လွှတ်တော်က ဝန်ကြီး။ ဝန်ထောက် စသော မှူးတော်မတ်တော်ကြီးများ၏ တာဝန်ဝတ္တရား ဆိုသည်များက လည်း အရာရှိအချင်းချင်းပင် ဖြစ်လင့်ကစား တရားသဖြင့် ဖြစ်အောင်သာ အမှုကိစ္စတာဝန်များအတွက် ရွက် ဆောင်စီမံကြရမည်ဖြစ်ပါသည်။
သို့ကြောင့် မယုံမရဲနှင့်ပဲ အထောက်တော်သို့ အစီရင်ခံချက်များအရ အရေးအခင်း မှန် မမှန်ကို တစေ့တ စောင်း မျှ ချောင်းမြောင်းစောင့်စား၍ အမှုသွားကို ရှာရမည်ဖြစ်ပါသည်။ ပထမ ရှေးဦးစွာ ယင်းတောဝန်ကြီး အစ အင်းဝမြို့ဝန်၊ ညောင်ပင်ကြီးဗိုလ်၊ စစ်ကိုင်းဗိုလ်၊ ဗိုလ်နက်ကျော်၊ သံတော်ဆင့် လက်ဝဲ နှင့် ဆောအတွင်း ဝန်ဟောင်း ဦးရစ်တို့အဆုံး စုရုံးဝင်ထွက်နေကြသည်မှာ မငြင်းသာသော အမှန်တရား မျက်မြင်ထင်ရှားကိစ္စ ရပ်ဖြစ်လာသည်။
ယင်းသို့လျှင် အဝင်အထွက်က မျက်မြင်ထင်ရှား ဖြစ်လာသောအခါ မည်သို့သော အကြောင်းများကြောင့် အဝင်အထွက် များရလေသနည်း။ ကုသိုလ်ရေးနှင့် တရားသဘော ဆွေးနွေးခြင်း ဟူသော လောကုတ္တရာ ရေး ပေလော ရွှေဖြစ်ငွေဖြစ်ကအစ ထွက်ရပ်ပေါက်ရသည်အထိ ထိုခေတ် ထိုအခါက ခေတ်စားလှသော အဂ္ဂိရတ်လုပ် ရပ်များစွာကို ဝါသနာပါသူ တစ်စုတို့ စုစုဝေးဝေးနှင့် ဆွေးနွေးတိုင်ပင်ကြသည်လော။
ဆေးဝါး က အစ ဓာတ်ဗိန္ဓောအစ ပယောဂအဆုံး ကုထုံးကျမ်းများကို ဝါသနာအရ စုပေါင်းလေ့လာ နေကြခြင်း ပေလော။
နိုင်ငံရေး ပြည်တွင်းဆူပူလှုပ်ရှား တော်လှန်ရေးများအတွက် အလေးအနက် စည်းဝေးခြင်း ပြုနေကြ သလော စသော လောပေါင်းများစွာကို ပြတ်ပြတ်သားသား ခွဲခြားသိရှိစေခြင်းငှာ စုံစမ်းရပြန်ပါသည်။
ထိုသို့ အတိအကျသိရအောင် စုံစမ်းရခြင်းမျိုးမှာ လွယ်ကူလှသည်တော့မဟုတ်ပေ။ အိမ်တွင်းရေး အစေအပါး၊ အိမ်မှုလုပ်ဆောင်ရသူများသာလျှင် သိမြင်နိုင်မည်ဖြစ်ပါသည်။ ပြည်မင်းသားကြီး၏ အိမ်တော် တွင် အိမ်တော်အမှုထမ်း ဆိုသည်များကလည်း အများအပြားပင် ရှိပါသည်။ လက်စွဲတော်သားများ၊ အဆောင်ကိုင် များ၊ ဘဏ္ဍာစိုး၊ ဘဏ္ဍာထိန်း၊ အသုံးစာရေး၊ ရှေ့တော်ပြေးများ၊ ဝေါတော်ထမ်းများ၊ ဆင်ထိန်း၊ မြင်းထိန်းများ၊ တံမြက်လှည်း၊ ဆီမီးထွန်း၊ ပန်းပင်ရေလောင်း၊ ပွဲတော်စားဖိုမှူးများ စသဖြင့် ရှိကြ သည်။
မိန်းမပိုင်ဆိုင်ရာ ကြင်ရာတော် ခဲပေါင်ထိပ်ထားထံပါး ခစားသူ အမျိုးသမီးများပင် အင်မတန်များပြားလှပါ သည်။ အပျိုတော်များ။ အိမ်တော်လက်ပါးစေ ရံရွှေတော်များ၊ သားတော်များကို ထိန်းသိမ်းချီပွေ့ရသူ အထိန်းတော်ကြီးများ၊ သားတော်ငယ်များကို နို့ချို တိုက်ကျွေးရသူ နို့ထိန်းများ၊ ဝတ်လဲတော်သိမ်းများ၊ ခြင်ရံတော်ပြင်ဆင်သူ၊ ဒေါင်းတောင် ယမပ်မွှေးခပ်ပေးရသူ၊ ဝတ်လဲတော်ဆက်သူ၊ ပန်းနံ့သာ ဆက်ရသူ၊ ချိုးရေတော်ဆက်ရသူတို့က တစ်သီး၊ ထီးတော်မိုး၊ ဖိနပ်တော်ထိုးစသော အမျိုးသမီးမျိုးစုံတို့ကလည်း အဖုံဖုံ ရှိကြသည်။
ထိုထိုသော အခြွေအရံတို့မှာ မင်းညီမင်းသားတို့ အိမ်တိုင်းမိဖုရားများနှင့် ညီမတော် သမီးတော်ကြီးတို့ အိမ် တော်တိုင်း ၌ အနည်းနှင့်အများ မရှိမဖြစ် ထားကြသော အခြွေအရံများ ဖြစ်ကြပါသည်။
ပြည်မင်းသားကြီး လို မင်းသားကြီးများ အိမ်တော်တွင်ကား ယင်းအခြွေအရံတို့က ပို၍များပါလိမ့်မည်။
သည်တော့ သူတို့ ဘာတိုင်ပင်နေကြသည် ဆိုတာကို အိမ်တွင်း သူလျှိုထား၍ စုံစမ်းခြင်းပြုလျှင် အမှုသွား အမှုလာ အတိအကျကို သိရှိရမည်ဖြစ်ပါသည်။
သို့ကြောင့် လက်ပါးစေ အမျိုးသမီးများအနက်မှ တံစိုးလက်ဆောင်ပေး၍ သွေးဆောင်စေခိုင်း ထားမှ သာလျှင် လိုရာကိစ္စ ပြီးစီးရမည်ဖြစ်ပါသည်။
အိမ်တွင်းစေ အခြွေအရံများ ဆိုသည်မှာလည်း အိမ်ရှင်သခင် အပေါ်တွင် ချစ်ခင်သစ္စာရှိသူများ ရှိသလို၊ သစ္စာ မစောင့်စည်းသူ၊ ကျေးဇူးမဲ့သူများ၊ တံစိုးလက်ဆောင်နှင့် ဖြားယောင်းကာ ယိမ်းယိုင် သွားတတ်ကြ သူ များလည်း ရှိကြမြဲဖြစ်ပါသည်။
ဤနည်းနှင့် စုံစမ်းထောက်လှမ်းခြင်း ပြုထားသောကြောင့် ယင်းတောဝန်ကြီးအစ၊ သာရဝေါ ဟင်္သာတ အုပ်စု အလယ်၊ ဆောမြို့စား ဟောင်းအဆုံး မကြာခဏ စုရုံးစုထိုင်၊ ခေါင်းချင်းဆိုင်၍ စကားတီးတိုးနှင့် တိုင် ပင်မှုများသည် ဘယ်ဆီကို ဦးတည်၍ သွားနေကြောင်းများ အရိပ်အယောင် ဖမ်းမိ လာကြ ပါတော့သည်။
တိုင်းပြည် နိုင်ငံကြီးကို သည်အတိုင်းပစ်ထား၍ မလျော်တော့ကြောင်း၊ ခမည်းတော်၏ ဝေဒနာတော် ကလည်း ရေရာတော့သည် မဟုတ်သောကြောင့် လုပ်စရာရှိသည်များ ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း၊ မည်သူ မည်ဝါ များက ပြည်မင်းသား၏ သစ္စာတော်များကို ခံယူကြမည့်သူများ ဖြစ်ကြောင်းတို့ကို စာရင်းဇယား ချ၍ တွက်ချက်ပြသနေကြသည်အထိ ခရီးဆိုက်နေပြီကို ကြိုတင်သိမြင်ကြရလေသည်။ လက်ရှိ ရာထူးရာခံ ရရှိ ထားကြသူ မင်းမှုထမ်းတို့မှာ လက်ရှိ ဘုရင်မင်းတရားကြီးကိုသာ သစ္စာစောင့်သိ ရိုသေ ရမည့် ဝတ္တရားရှိလေ သည်။
ဘုရင်မင်းမြတ်ကို ခြားနားမည့်သူဆိုလျှင် သူတို့၏ ရန်သူဟု မှတ်ယူရပါတော့သည်။ ရန်သူကို မျက်နှာမူ၍ တိုက်ခိုက် ရပေလိမ့်မည်။ သို့သော် ယခုတိုက်ခိုက်ရမည့် ရန်သူတော်ကား သားတော်ကြီး ပြည်မင်းသားပါ တကား။ အဖေနှင့်သား စပ်ကြား၌ သူတို့သည် ဘယ်သို့ သဘောထားရပါမည်နည်း။ သည်သားတော်ကြီး မှာလည်း မင်းတရားကြီး၏ အချစ်ဆုံး သားတော်ကြီးတစ်ပါး ဖြစ်နေပြန်ပါသည်။
အရှင့် သားတော်ကြီးဟာ အရှင့်ရန်သူတော် ဖြစ်နေပါပြီ ဘုရားဟု မည်သူက စွန့်စား၍ သံတော်ဦးတင်ဝံ့ပါ မည်နည်း။ ဆုတ်ဆိုင်းဆုတ်ဆိုင်း ဖြစ်ကြရပြန်ပါသည်။
သို့ကြောင့် အချိန်ကာလ နှောင့်နှေးလာခဲ့ကြရတော့သည်။ နေမြင့်လေ အပူရင့်လေ ဆိုသော စကား အတိုင်း၊ သစ္စာတော်ခံ မှူးကြီးမတ်ကြီးအချို့က သည်ကိစ္စကို မိဖုရားခေါင်ကြီးထံဝင်၍ ဆွေးနွေးတိုင်ပင် အမိန့်တော် ခံကြရလေသည်။ သံတော်ဦးတင်လျှင်လည်း အခက်၊ မတင်ဘဲ လျှိုဝှက်ထားရမည်လည်း အခက်၊ ဘယ်ဘက်ကမျှ မသက်သာကြပါပေ။ ကြာလေလေ ရောဂါတော် အခြေအနေက အားမရဖွယ် ဖြစ်နေစဉ် ဤသတင်းကို လျှောက်တင်မိပြန်လျှင် ဒေါမနဿနှင့် စိတ်တော်ထ၍ ရောဂါတော် တိုးရ ဦးမည်က တစ်ချက်၊ မိဖုရားခေါင်ကြီးမှာလည်း ပြည်မင်းသားကြီး မိထွေးတော်မို့ မိထွေးကျင့် ကျင့်ရမည် ကို မလိုလား၍ ဘယ်လိုမှ ဆုံးဖြတ်ချက် မချနိုင်အောင် ရှိခဲ့ရသည်။
သို့ရာတွင် တိုင်းပြည်နိုင်ငံအရေးဖြစ်၍ နောက်ဆုံးမှာတော့ မတတ်သာသည့်အဆုံး ဘုန်းတော်ကြီးလှသော မောင်တော် ဘုရင်ကို သူပင် ရွှေနားတော်ပေါက်အောင် စတင် လျှောက်ထား သံတော်ဦးတင်ပေးမည်။ အမေး အမြန်းရှိတော်မူသောအခါတွင်သာ မှူးတော်မတ်တော်ကြီးများက မှန်ရာအတိုင် အထောက်အထား နှင့် စာရင်းချ၍ လျှောက်ထားတင်ပြကြပါလေ … ဟူသော အဖြေကို အဆုံးအဖြတ် တစ်ခုအနေနှင့် ပေးရလေတော့သည်။
ထို့ကြောင့် နောက်ဆုံးတွင် ဘုရင်မင်းတရားကြီး ရွှေနားတော်ပေါက်ကြားသွားလေပြီ။
သည်သောအခါ ရွှေဘိုမင်းတရားကြီးခမျာ နှလုံးစိတ်ဝမ်းပင်ပန်းတော်မူရရှာလေသည်။ သားတော်ကြီး ပြည် မင်းသားကို ချစ်အားသန်တော်မူခဲ့သော အစွဲကြောင့် အပြစ်မမြင်ရက်အောင် ရှိတော်မူခဲ့ရင်း အေးစက်စက် ဆန္ဒက တစ်ဖက်၊ စိတ္တဇဝေဒနာ၏ လက္ခဏာကလည်း အမျက်ထွက်စရာရှိလျှင် ရှူးခနဲ ရှဲခနဲ မီးရဲရဲလောင် သည့်နှယ် ပူလွယ်လောင်လွယ်လျပေသည်။ အပူနှင့်အအေး ရောမွှေ ပေးလိုက်သော အခါ ကဲ့သို့ မပူလွန်း မအေးလွန်းသော အခြေအနေမျိုးတွင် ရုတ်တရက် သောင်တင် နေပြန်သည်။
သို့ကြောင့် အမှုမှန် မမှန်ကို အထပ်ထပ် အပြန်ပြန် စုံစမ်းစေပြီးမှ ” ငါ့သားတော်ကြီး ကို ခမည်းတော်နှင့် စိတ်ဝမ်းကွဲလေအောင် သွေးဆောင်ဖြားယောင်းသူများအား အားလုံးဖမ်း၍ စစ်တန်း တွင် စစ်ဆေးရမည်” ဟူ သော အမိန့်တော်က ဖြစ်ပေါ်လာရခြင်းဖြစ်ပေသည်။
သို့ကြောင့် ပြည်မင်းသားအိမ်တော်သို့ အဝင်အထွက် ပြုနေသူများကို စာရင်းအရ ဖမ်းထားကြပြီး၊ နည်း အမျိုး မျိုးနှင့် စစ်ဆေးရလေပြီ။ ဘူးခံသူခံကြသည်၊ သာမန်ချစ်ခင်မှုကြောင့် ရိုးရိုးသားသား အဝင်အထွက် ပြုမိခြင်းသာဖြစ်ပါသည်ဟု အစစ်ခံသူက ခံကြသည်။ နိုင်ငံတော် ပုန်ကန်ရန် အကြံအစည် မရှိပါကြောင်း နှင့် ခေါင်းခါသူက ခါကြသည်။
သို့ပေမင့် နောက်လိုက်ငယ်သား၊ စိတ်ဓာတ်ပျော့ညံ့သေးသူများမှာ ထိပ်တုံးခတ်ခြင်း၊ နေလှန်းခြင်း၊ ရိုက်နှက် ညှဉ်းပန်းခြင်း စသော အပြုအမူ ဒဏ်များ မခံနိုင်သည့် အဆုံးတွင် ခေါင်းက ဖုံးသော်လည်း ခြေက ပေးရတော့သည်။
ပေါ်သည် ဆိုလျှင် ခေါင်းဆောင်လုပ်သူများ၏ အမည်စာရင်းကို ရကြလေသည်။
ယင်းတောဝန်ကြီး၊ ဆင်ဝန်၊ အင်းဝမြို့ဝန်တို့၊ ဗိုလ်များနှင့် အနောက်နန်း မိသားစု၊ ဆောအတွင်းဝန်တို့ အမည် များက စာရင်း၌ ထိပ်ဆုံးက နေရာရနေကြပါသည်။
ဤတွင် ငါ့သားကို ဒင်းတို့တစ်တွေ ဝိုင်းဖျက်ဆီးနောကြပါကလားဟု အမျက်တော်ပွားရပြန်သည်။
” ငါ့သားတော်ကြီးသည် သင်းတို့ မြှောက်ပေးတိုင်း ကလေးကဲ့သို့ မိုက်ရမည်လား၊ မိဖုရားမြကလေး မှာလည်း သူ၏ဆွေသားမျိုးသားများက လမ်းမှားလိုက်သည်ကိုပင် သူ ဝင်၍ တားဆီးပိတ် ပင်မှု မပြုခြင်း သည် ငါရှင်ဘုရင်ကို သင်း လင်ရယ်လို့မှ မှတ်ပါလေသေးစ” စသော ဝမ်းနည်းနာကြည်းတော် မူစိတ် များကို ဖြစ်ပေါ်လာစေပါသည်။ သို့ကြောင့် စာရင်းပါ ဦးစီးဦးဆောင် ပြုသူများကို ထောင်၌ သွင်း၍ အကျဉ်းချ ထားပြီး အမှုသွားကို ထပ်မံ စစ်ဆေးစေပြန်ပါသည်။
ယင်းသို့ ထောင်သွင်း အကျဉ်းချထားခံရသူများ၏ စာရင်း၌ အနောက်နန်း မိဖုရား မမြကလေးမှာ ပါဝင်သွား ရရှာသည်။ ရွှေဘိုမင်းတရားကြီးက အမျက်တော်ပွား၍ အနောက်နန်း မိဖုရားမြကလေးကိုပါ ထောင်သွင်း ၍ အကျဉ်းထားရာ၌ စစ်စစ်သနားကရုဏာ ကင်း၍ကားမဟုတ်ပါ။ ဆွေမျိုးမကောင်း မြကလေးခေါင်း၊ တပည့်တပန်းမကောင်း မြကလေးခေါင်း သင်းဖျောင်းဖျ တားမြစ်သင့်ပါလျက် မျက်နှာလွဲှ မသိကျိုးကျံပြု ရက်လေချင်းဟု ကရုဏာမကင်းသော ဒေါသထွက်ခြင်းမျိုးက တစ်ရပ်၊ တစ်ပါးသူများကို ဖမ်းဆီးပြီး သူ့မိဖုရားနဲ့ အမျိုးအဆွေများတော့ မဖမ်းဘူး ဟူ၍ တစ်ဖက်သားများက အထင်မမှားစေခြင်းငှာ ဆံရှု်းကို နာနာဖွပ်ခြင်း တစ်ရပ်လည်း ဖြစ်ပါလိမ့်မည်။
သည်အထဲတွင် ကံအကောင်းဆုံး ဖြစ်နေသေးသူမှာ သားတော်ကြီး ပြည်မင်းသားပင် ဖြစ်နေပြန်ပါသည်။ အခြားသူများကို ဖမ်းဆီးစစ်ဆေးခြင်း၊ ထောင်သွင်း အကျဉ်းချထားစေခြင်းများ ပြုနေသော်လည်း ပြည်မင်း သားကြီးသည် သူ၏ အိမ်တော်၌ ချမ်းသာစွာ နေရဆဲပင် ဖြစ်နေပါသည်။
” သားတော်ဟာ ခမည်းတော်ကို မပြစ်မှားပါ၊ သင်းတို့က ဝိုင်းမြှောက်ပေးနေကြခြင်းသာ၊ ဤအမှုမှန်ရာကို စစ်ဆေး ၍ အပြစ်ပေးသင့်သော သူများအဖြစ် မြှောက်ပင့်ပေးသူ သားတော်ကို ဖျက်ဆီးသော သူများသာ ရွေးချယ်၍ သွားရာလမ်းအတိုင်း ရာဇဝတ်ပန်းကို ဆင်မြန်းစေရမည်” ဟူသော ရည်ရွယ်ချက်မျိုးလည်း ထား ပုံရပါသည်။
သားတော်ကြီးကို ချစ်သည့် ဇောကြောင့် ဤအမှုကို ရပ်တန်းက ရပ်ပြီး ပြီးပြီးပျောက်ပျောက် ပိုနေမြဲ ကျားနေမြဲ အတိုင်းပဲ ထားတော်မူချင်ပုံရပါသည်။ သို့သော် ဘုရင်မင်းအလိုကျ အခြေအနေက မပေးဘဲ ဖွပ် သည်ထက် ညစ်ရသော ကိန်းထဲသို့ ယိမ်းယိုင်ပြိုလဲသွားခဲ့ရပါသည်။
မိဖုရားမြကလေး အနေနှင့်လည်း မင်းတရားကြီး အမျက်တော်ရှိသည်ကို နေမထိ ထိုင်မထိ ခံစားချက်အပြည့်နှင့် ရှိရပါသည်။ မောင်တော်ဘုရင်သည် မိမိအပေါ်တွင် မကြင်မနာ စိမ်းကားရက်စွာ နေတော်မူ ခဲ့သည်မှာ ကာလ ကြာလေပြီ။ မည်သည့် ပြစ်ချက် ရှိသည်ဟူ၍ ပီပီပြင်ပြင် မညွှန်ပြလေဘဲ မျက်နှာလွဲှ၍ အမှတ်မထင် စံနေတော်မူခဲ့ခြင်းကြောင့်လည်း ရင်တွင်းမချိ၊ စိတ်နှလုံး နွမ်းယိခဲ့ရသည်တို့ ကြောင့် စိတ်၏ ဖြေရာကဗျာ ဂီတတို့ကို အဖော်ပြုလျက်သာ နေရသည်များလည်း ရွှေနန်းတော်ကြီးတစ်ခု လုံး ပြန့်နှံ့ဖိတ် အန်နေသည်အထိ လူသိ ရှင်သိ၊ တိုင်းသိပြည်သိ ဖြစ်ခဲ့ရပေသည်။
ယခု အခါမှာတော့ ခပ်ခွာခွာ စံတော်မူနေသည်၊ စိမ်းကားတော်မူနေသည်ထက် ရက်စက်တော် မူအားလေပြီ။ မိန်းမသား မိဖုရားတစ်ပါး အနေနှင့် မလျော်ကန် မအပ်စပ်လှသော အကျဉ်းထောင်သွင်း ချထားခြင်း ခံရ သည်အထိပင် အမျက်တော်ပန်းကို ပန်ဆင်နေရသောအခါ၌ သူ၏ ကြမ္မာဂြိုဟ်ဆိုး ကြုံရပုံ ကို နှလုံးတုန်၊ ရင်ခုန်၊ တွေ့ထိခံစားနေရတော့သည်။
မချိလှသောကြောင့်လည်း ဝမ်းနည်းပူဆွေးကယ်သူဝေးရသော မိမိအပြစ်မှာ မျက်ရည်ဖြာဖြာ ကျနေရုံမ တစ် ပါး အခြားကြံစရာ မရှိတော့ဟု စိတ်နှလုံး တုံးတုံးလျှော့ချ၍ နေရတော့သည်။
မိမိနှင့် အလားတူ ထောင်သွင်း အကျဉ်းချထားခံရသူတွေ၏ အမှုတွေကလည်း စစ်ဆေးနေဆဲ၊ ဆွေသား မျိုး ရင်း အချင်းချင်းကိုမှ မတွေ့ရမမြင်ရ၊ ဘယ်သူကကော ကယ်နိုင်ဦးမှာပါလိမ့်ဟု ကယ်သူဝေးတိုင်း အတွေး အခေါ် အမျှော်အမှန်းနှင့် ပူပန်သောက ပင်လယ်ကြောတွင် မျောပါလျက် နေ့ရက်ကုန်ခဲ့ရရှာလေ တော့သည်။
ယင်းသို့ စိတ်နှလုံး၌ ထိခိုက်လှုပ်ရှားမှုများ များပြားကြီးစိုးခံနေရသူ အနောက်နန်းမိဖုရား မမြကလေးသည် အနုပညာကဗျာဂီတတွင် ပါရမီထူးခြားသူ မိဖုရားတစ်ပါးဖြစ်သည့်အားလျော်စွာ နောက်နောက်က အလွမ်း ကဗျာ၊ အဆွေးဂီတ အမျှော်စိုက် သီချင်းတွေရေးသား စီရင်ခဲ့ဖူးသောနည်းတူ သည်အပူ သည်ဒုက္ခနှင့် အမျက်တော်ထားခံရ၍ ရာဇဝတ်အကျဉ်းသား ဘ၀၀ယ် သိမ်ငယ်ကြေကွဲစွာ နေရခိုက်ကို မှတ်တမ်းစိုက်ထူ သော အလား၊ သီချင်း ဂီတတစ်ပိုဒ်ကို ရေးထုတ်လိုက်ချင်သော စိတ်ဆန္ဒက ပေါက်လာရပြန်သည်။
မိဖုရားတစ်ပါးက ဘုရင်ကို ချစ်ခင် ကြင်နာသည်၊ ကြည်ညို ရိုသေလေးစားရှိသည်ဆိုရာတွင် ထိုချစ်ခင် ခြင်း၊ ကြည်ညိုလေးစားခြင်းများမှာ သမားရိုးကျ ထုံးတမ်းဓမ္မတာ သဘာဝသာလျှင်ဖြစ်ပါသည်။
မြကလေးက မောင်တော်ဘုရင် ရွှေဘိုမင်းတရားကြီးအား ချစ်ခင်ကြင်နာရသည်မှာက အရွယ်ချင်း မမျှ၍ မိဘလို တစ်မျိုး၊ ထွတ်စေတီဘုရားပုထိုးကဲ့သို့ အားကိုးရာ တစ်ဆူအဖြစ်နှင့်လည်း သူမတူအောင် ချစ်ခဲ့ရ ခြင်းဖြစ်ပါသည်။ ယခုတော့ ခိုကိုးတဲ့ ထွတ်စေတီက ဖွတ်ရွှေနီထွက်သလို၊ မျက်တော်မူပုံ ကြမ်းလွန်းသော ကြောင့် သက်ဦးဆံပိုင် ဧကရာဇ် ၏ အပြစ်ပေးသမျှကို ဦးလည်မသုန် ခံယူရုံမှတစ်ပါး အခြားလမ်းမမြင်၊ မိမိ ဘ၀ ဘယ်တွင် အဆုံးသတ်ရမည်မှန်းပင် မသိနိုင်အောင်ရှိ၍ ပရိဒေဝမီးက အသည်းခိုက်မျှ လောင်ကျွမ်း ရချိန်မို့လည်း ကဗျာ ဂီတဉာဏ်ရှိန် မတက်နိုင်သေး မှိုင်ငေးတွေဝေ၍သာ နေရှာလေသည်။