ကျွန်းဦးတည့်သံလျှက်ခုံ

နှောင်ကြိုးပြတ်စေသည့် ချစ်သမျှကို နှင့် လက်စွမ်းများ

ထိုသို့ အနောက်နန်းမိဖုရား မမြကလေးမှာ ကြေးတိုက်တော် အကျဉ်းထောင်စခန်း ၌ အလွမ်းနာနှင့် ဒုက္ခ ဝေဒနာ ခံစားနေရရှာခိုက်တွင် တစ်နေ့သောအခါ ပဒေါင့်ပဒေနှင့် ဖခင်ဖြစ်သူ ပဲ့နင်းကြီး ဦးနေဦး၊ မိခင်ဒေါ်အိ တို့သည် ထောင်အရာရှိများကို တိုးလျှိုးတောင်းပန်ကာ မြကလေးနှင့်လာ၍ တွေ့ကြ ရှာ ပါသည်။

ဖြစ်ပျက်ပုံ အလုံးစုံကို မိသားစုတွေ့ဆုံ၍ ပြောပြမှ မမြကလေးက သိရသည်။

(မိမြ … ငါ့ကို လင်ရယ်လို့ မထင်တော့ပါကလား) လို့ မင်းတရားကြီး ခဏခဏ မိန့်တော်မူလေသည်လို့ ကြားရကြောင်း ဦးနေဦး ဒေါ်အိအိ တို့မှတစ်ဆင့် သိရသောအခါ မမြကလေးခမျာ ရင်ကွဲရခမန်း ဝမ်းနည်း ရရှာ သည်။

မောင်တော်ဘုရင် သည် မိမိအပေါ်တွင် အထင်တော် လွဲနေပြီဟုလည်း တွေးတော ဆင်ခြင်မိသည်။ မိမိ အနေဖြင့် ငယ်ရွယ်စဉ်ကပင် ကြင်စဦး ချစ်သူဘဝဖြင့် ကြုံတွေ့ခဲ့ရသူဖြစ်ရကား၊ အသက်အရွယ်ချင်း မည်မျှ ပင်ကွာခြားစေကာမူ ချစ်ဦးသူ၊ ပန်းဦးပန် အဖြစ် သူမတူအောင် အားကိုး ချစ်ခင်၍ မေတ္တာရေစင် ကြည်လင် သန့်ပြန်ခဲ့သူဖြစ်သည်။ မင်းတရားကြီးမှာ များစွာသော မောင်းမ မိဿံခြွေရံသင်းပင်း များစွာ ရှိသည် ဖြစ်စေ ကာမူ မြကလေးအဖို့မှာတော့ ကြင်စဦးအဖြစ် အသည်းနစ်အောင် အရူးအမူး ချစ်ခဲ့မိသူ ဖြစ်သည်။ ချစ်ခင် ကြင်နာမှုတွေကိုလည်း သီချင်းကဗျာ သီကုံးကာဖြင့် မကြာခဏ ရင်ဖွင့်၍ ပြနေသူ လည်း ဖြစ်ပါသည်။

မောင်တော်ဘုရား အဆောင်တော် မကြွမြန်းသည့် အခိုက်အခါကလေးကိုပင် နေမထိ ထိုင်မသာ လွမ်းဗျာပါ ပိုလှသဖြင့် ရင်ဖွင့်ပြခဲ့မိသော “နေမှိန်မှိန်”၊ “ကြာခြည်ယံ”စသည့် အမျှော်စိုက်များက သက်သေပြ လျက် ရှိလေသည်။ ဤသက်သေများသည် အနှစ်တစ်ရာ၊ နှစ်ရာ ကြာသော်လည်း ပျက်ပြယ်၍ မသွား။ ကျောက်သားများ ထွင်းထုထားရစ်ခဲ့သလို လူတိုင်း၏ နှုတ်ဖျား လျှာဖျားတို့၌ ယနေ့ထိ စွဲထင် ကျန်ရစ်ခဲ့လေ သည်။ ဒါတွေကို ရွှေဘိုမင်းတရားကြီးသည်လည်းကောင်း၊ ကဗျာရေးခဲ့သူ ကာယကံရှင် မမြကလေး ကိုယ်တိုင်လည်းကောင်း သိမြင်ရှာကြတော့မည် မဟုတ်ပါလေ။

ထို့ကြောင့် မမြကလေးမှာ မင်းတရားကြီး အထင်လွဲခြင်း ခံရသောအခါ၌ မခံချည့်မခံသာ ဖြစ်ရခြင်း ဖြစ်သည်။ ယခုလို အမျက်တော်ရှိ၍ ထောင်သွင်းထားခြင်း ခံရသည်မှာလည်း အချစ်အတွက် အမျက်တော်ရှခြင်း မျိုးက တစ်စွန်းတစ်စ ပါဝင်ရမည်ဟု နှလုံးပိုက်မိသောကြောင့် မင်းတရားကြီး အထင်တော် လွဲမှား၍ အမျက်တော်ပွားခြင်းမှ သံသယပြေပျောက်တော်မူစေခြင်းငှာ၊ မိမိ၏ အချစ် ထုထည် ပမာဏသည် မည်မျှရှိကြောင်း တင်ပြလိုလာသည်။

စာဆိုပုဂ္ဂိုလ်တစ်ဦး ပီသစွာလည်း အကျဉ်းထောင်ထဲ ကျနေခိုက်ပင်ဖြစ်ပစေ ရွှေနားတော်ကြား သီချင်းရေး သားဆက်သရန် “ချစ်သမျှကို” ပတ်ပျိုးကို သီကုံးဖွဲ့ခဲ့လေသည်။

ချစ်သမျှကိုပတ်ပျိုး။ ။ ချစ်သမျှကို မြင်းမိုရ် ရွှေတောင်လုံးသို့လေး။ လေးဆူဒီပါ။ သီတာရေမြေ ဆုံးစေတော့လေး၊ အို … ဘယ်မမုန်းပါတော့နိုင်၊ ကပ်လုံးပ ဆုံးတိုင်တိုင်၊ ရုံးညာပိုင် အုံးပြိုင်သဉ္စာ ကြွေ့မှာလှလေ။ ကြိုးမည်နောင်တာ။ ရိုးပြာမြေဝယ်မြေ့စတော့လေး။ မှန်သရွေ့ကိုလ၊ ဘန်စေ့ငယ် ရေရေး။ ကိုးဂုဏ်ရှင့်-ဂူတော်မွှေ။ တူမသွေပါစေမယ်နှင့်သား၊ လှစ်ကြူးမြွက်ကြား။ ဝှက်မထား၊ မြတ်ရှင်ပင် တန်ခိုးအား။ မခြားသိစေကြောင်း။ ပန်ထွာတည့် ခဝပ်ညောင်း။ တူပြိုင်-ဂူလိုဏ်စကားသစ္စာခိုင်။ သံသာလေ ကမ်းတိုင်။ တူပြိုင်လေကူးမယ်၊ ဆုထူးငယ်ပန်ရွယ်ညွှန်း။ ချစ်လို့ရယ်မကုန်။ ဝသုန်ဤမြေ။ သိကြားစေ သက်သေညွှန်း။ ပျံ့မွှန်းမွှေးလှိုင် ကြူလေတည့်မှ။ သုံးလူထွတ်မှန်ကူ။ မတူလေပြိုင်နှုန်းကင်း။ ခြောက်ဖြာစုံ ရောင်ဖြိုးလင်း။ ။

(သဖန်) ။ ။ ချစ်ချင်းငယ်ပြိုင်။ မြစ်မင်းပိုင် အဏ္ဏဝါက။ ပြန်တစ်ရာကဲ။ ယွင်းစေဝသုန်။ ငွေဝန်း သော်တာယုန်သို့။ ကမ္ဘာကုန်ကျယ်သရွေ့ဝယ်မှာ။ ဘယ်မေ့လိမ့်လဲ ။ ။

ဤသစ္စာတိုင် ပတ်ပျိုးဖြစ်သော “ချစ်သမျှကို”သည် အနောက်နန်းမိဖုရား မမြကလေးက သူ၏ အချစ်ထု ထည်ပမာဏ ကို ရွှေဘိုမင်းတရားကြီးအား တင်ပြ ဆိုလျှောက်ထားလိုက်သော သီချင်းဖြစ်ပါသည်။

သူ၏ ချစ်မေတ္တာများကို လျှောက်တင်ရမည်ဆိုလျှင် အချစ်၏ ထုထည်ပမာဏသည် မြင်းမိုရ် ရွှေတောင်ကြီး ကဲ့သို့ ကြီးမားလှပါကြောင်း။ လေးဆူသော ကမ္ဘာ “သီတာရေမြေ ဆုံးစေသော်လည်း ဘယ်ခါမျှ မုန်းနိုင်မည် မဟုတ်ပါကြောင်း။ ကပ်ကမ္ဘာလုံး ကုန်ဆုံးသည်အထိ တည်ရှိပါမည်။ အုံးစက်ရာ သဉ္စာနန်း ၌ အသက်ဆုံး မှန်းရွယ်သူ၊ ရိုးမြေပြာကျစေသည်အထိ၊ သစ္စာရှိရှိ ချစ်မည့်သူ ဖြစ်ကြောင်း အမှန်အတိုင်း ဂုဏ်တော်ကိုးပါး နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်များ ကိန်းအောင်း စံပ္ပာယ်တော်မူရာ စေတီ ပုထိုးတော် ဂူတော်များတွင် တိုင်ကြားသစ္စာပြုပါသည်။

နောက်နောင်သံသရာ ဖြစ်ရာဘဝတွေမှာလည်း အတူမသွေ မယ်နှင့်သာ ရှိစေလိုကြောင်း မကွယ်မဝှက် မြွက်ဆို စကားနှင့် ဘုရားရှင်အား တောင်းဆိုပါ ကြောင်း။ အတူပြိုင်၍ လည်း ဂူလိုဏ်စေတီတော်ဝယ် စကားသစ္စာ တိုင်ပြီးလျှင် ကျင်လည်ရသမျှ ဘဝထိုထို၊ သံသရာတစ်ခိုမှာလည်း နိဗ္ဗာန်နန်းသို့ တက်လှမ်း နိုင်သည်အထိ မောင်နှင့်မယ် အတူယှဉ်ပြိုင်၍ သံသရာ တစ်ဘက်ကမ်းတိုင်အောင် ကူးခတ်ရပါလိုကြောင်း သစ္စာတော်ရေ သောက်၍ နှစ်ယောက်အတူ ဆုတောင်းဆုယူပြုပါမည်။

ယခုဘဝ၌လည်း ဤ၍ ဤမျှ ချစ်လို့ မကုန်နိုင်ရှိနေပါကြောင်းကို ဝသုန် ဤမြေကြီးအား သက်သေထား၍ သစ္စာစကား ဆိုဝံ့ပါကြောင်း စသော အဓိပ္ပာယ်များဖြင့် စပ်ဆို သီကုံးထားခြင်းဖြစ်လျက် လေးနက်သော ရသ နှင့် ပြည့်၀ ဂုဏ်မြောက်လှလေသည်။

ဤသီချင်းကို ရေးသား၍ ဦးနေဦး ဒေါ်အိတို့ လက်သို့ ပေးအပ်ကာ ရွှေဘိုဘုန်းပွင့်ဘုရား စိတ်ထား ကြည်သာတော် မူချိန်တွင် ရွှေနားတော်သွင်းနိုင်ရန် မှာကြားလိုက်ပါသည်။

မင်းရေးမင်းခွင့် လိမ္မာ၍ ပါးနပ် ဖျတ်လတ်လှသော ဦးနေဦး ဒေါ်အိတို့သည် ရက်များ မကြာမီ ရွှေဘိုမင်း တရားကြီး ရှေ့တော်သို့ ဆိုက်ရောက်ခစားမိလေသည်။

ကံအားလျော်စွာ မင်းတရားကြီး ရွှေစိတ်တော် ကြည်သာခိုက်နှင့် ကြုံကြိုက်လေသောကြောင့် ပုရပိုက်လွှာ ကို အမိန့်တော်ခံကာ ဆက်လေသည်တွင် …

” ဟင် … မရွှေမြက ငါ့ကို သီချင်းဆက်သတဲ့လား၊ ကဲ … သီဆိုဆက်သစေဗျား “

ဟု အမိန့်တော် ထားရှိချက်အရ၊ ဝဲအငြိမ့် အပျိုတော် ခင်မိက စောင်းတော် အတီးနှင့်တကွ သီဆို ဆက်သ ရ လေသည်။

ဤတွင် ရွှေဘိုမင်းတရားကြီးသည် ချစ်သမျှကို သစ္စာတိုင် ပတ်ပျိုးသီချင်းသွား အဓိပ္ပာယ်ကို နားဆင်တော် မူမိရာ မှ မြကလေးအပေါ် ကရုဏာသက်တော်မူပြန်သည်နှင့် …

” သည်နှယ်ဖြင့် သင်း ငါ့ကို ချစ်ခင်လျက်ပေပဲကိုး၊ ကဲ … ရွှေမြသူ့အဆောင်သူ ပြန်နေပါစေတော့” ဟု အမိန့်တော် မှတ်သဖြင့် အနောက်နန်းမိဖုရား မမြကလေးသည် မင်းဆွေမင်းမျိုးများ ထားသော ကြေးတိုက် တော်တွင် ချထားခံရသည့် အကျဉ်းစခန်းမှ လွတ်မြောက်ခဲ့ရရှာပါသည်။

ရွှေဘိုမင်းတရားကြီးမှာလည်း စိတ်ရောဂါ ဝေဒနာရှင်တို့၏ သဘာဝအတိုင်း စိတ်ပျော်ရွှင်ကြည်နူးသည့် အခိုက် အခါ ပြုံးကာရယ်ကာ နေတော်မူတတ်ပြီး၊ စိတ်တော် ခက်ထန် မာကျောလာလျှင် ဒေါသအမျက် ဗြုန်းခနဲ ဒိုင်းခနဲ ထွက်လွယ်လှသည်။ သဘာ၀ မိမွေးတိုင်း ဖမွေးတိုင်း အနေအထားနှင့် စိတ်ထားတော် တည်ငြိမ် သည့် အခိုက်အတန့်လည်း ရှိသေးသည်ဖြစ်ရာ စိတ်ဝေဒနာတော်၏ အရောင်အသွေးသည် သုံးပါး လေးထွေ မကြာခဏ ပြောင်းလဲနေတော်မူပေသည်။

စိတ်ကြည်သာ၍ ရယ်စရာရှိလျှင်လည်း တခိခိရယ်၍ နေတော်မူတတ်သည်။ ထိုအချိန်မျိုးတွင် မိန့်တော်မူ သော စကားရပ်များမှာ ရာဇဣန္ဒြေတော်ရှင်၊ ဘုရင်တို့ မိန့်ခွန်းတော်မျိုးအတိုင်း တည်ငြိမ်လေးနက် ခန့်ညား ခြင်းမရှိ၊ ရာဇဣန္ဒြေတော်ဖြင့် ထိန်းချုပ်ထားသော စကားမျိုးမှ သွေဖည်ဖဲ့ထွက် ဖောက်ပြန်ကာ သာမန် အရပ်သားတို့ သုံးစွဲပြောဆိုပုံဟန်မျိုး ပါ၍လာတော့သည်။

စိတ်ကြမ်း ဖောက်လာပြန်လျှင်လည်း အထက်နည်းအတိုင်း အပြင်းအထန် စိတ်မာန်ထ၍ ဒေါသအမျက် ခြောင်းခြောင်း ထွက်လေ့ရှိသည်။

အာဏာရှိ သက်ဦးဆံပိုင် ဧကရာဇ်တစ်ပါးဖြစ်၍လည်း အပေါ်စီးဖြင့် မည်သူကမှ ကြပ်မတ်ထိန်းချုပ်၍ ကုသပေးဝံ့သည်မဟုတ်သဖြင့် အသင့်အတင့် နှလုံးသွင်းကာ ခစားကြရသော အချိန်ဖြစ်ပြီး မိဖုရားကြီးနှင့် သမားတော်များက ဆေးဝါး ဆက်သရသည်မှာပင် မရွံ့မရဲနှင့် ဆက်သရသူများ ဖြစ်ပါသည်။ ဇမ္ဗူဒီပ နိမိတ္တ ဆိုသလို ထိုခေတ် ထိုအခါက သဘင်များသည် ဇာတ်ထုပ် ခင်းကျင်းပြသကြရာ၌ “ရှင်ဘုရင် ရူးရသော ဇာတ်လမ်းများ” ပေါ်ပေါက် ခေတ်စားလာဖူးသည်။

အမရပူရမြို့တော်တွင် အိုးစည်အက၌ အလွန်တော်သဖြင့် ကျော်စောထင်ရှား လူကြိုက်များခဲ့သူ “အိုးစည် မောင်ချိတ်” ဆိုသူသည် ဇာတ်လမ်းတွင် ရှင်ဘုရင်ရူးလုပ်၍ ထွက်ရသောအခါ အောက်ပါဝန်အခေါ်များကို ရွတ်ဆို အသုံးပြုပါသည်တဲ့။

” ဗောင်းငရုတ်ဆုံ၊ ဝတ်လုံလက်နှီး၊ ငါ့ထံမှီးကြသည့်၊ ဝန်ကြီး ၄ ပါး၊ ဗေထုံ့သားတို့ … ” ဟူ၍ လည်းကောင်း။

” ဗေတုံပေါ်ဆဲ၊ စလွယ်မရှိ၊ ဗောင်းနတ္ထိနှင့်၊ ငပိသည်မောင်၊ ဝန် ၄ ကောင်တို့ … “

ဟူ၍ လည်းကောင်း အိုးစည်ငချိတ် မင်းကြီးလုပ်၍ ထွက်သောအခါ ရွတ်ဆိုကြောင်းကို မက္ခရာ မင်းသားကြီး က ဝက်မစွတ်မြို့စား ဝန်ထောက်မင်းအား ပြောကြားကြောင်းနှင့် ဝက်မစွတ်မြို့စားမင်း၏ အထွေထွေ မှတ်စုတွင် ရေးသားထားသည်ကို တွေ့မြင်သိရှိခဲ့ရပါသည်။

ယင်းသို့လျှင် ရွှေဘိုမင်းတရားကြီး စိတ်ဝေဒနာတော် စွဲကပ်ခြင်းမဖြစ်မီက နိမိတ်ကြီးများ ဖြစ်ရသကဲ့သို့ တိုက်ဆိုင်မှု ရှိခဲ့သည်ကိုလည်း မှတ်သားစရာ တစ်ရပ်ဖြစ်ပါသည်။ ဤဖြစ်ရပ်များကို ဆင်ခြင် စဉ်းစားလျှင် ရွှေဘိုမင်း တရားကြီးအား ဒေါသခက်ထန် စောင်းမာန် အမျက်ကြီးသော မင်းတစ်ပါးဟု ရာဇဝင် ဆရာများက ယူဆထားခြင်းမှ ငဲ့ညှာထောက်ထား ခွင့်လွှတ်စရာတစ်ရပ်ဖြစ်နေပါသည်။ ပင်ကို သဘာ၀ စိတ်ဓာတ်မှာ မင်းဧကရာဇ် တစ်ပါးပီပီ တည်ကြည်ခန့်ညား၍ ရာဇဓမ္မကြောင်းလေးဝနှင့် သူရသတ္တိ ပြည့်စုံမျှ မက ဒါန၊ သီလ စသော ကုသိုလ်ရေး အဝင်အပါ လောကုတ္တရာလမ်းအထိ ဖြောင့်တန်းပြည့်စုံ ခဲ့သူ ဘုရင်တစ်ဦးပင်ဖြစ် ခဲ့ပါသည်။ သို့ရာတွင် ဝေဒနာတော်ရလာသည်၏ နောက်ပိုင်းတွင် လှုပ်ရှားမှုခြင်း တို့မှာ ပင်ကို သဘာ၀ စိတ်ထား မဟုတ်တော့သဖြင့် အကျိုးအပြစ် ခံစားရသူများ၌ ပြုသူအသစ် ဖြစ်သူအဟောင်း” ဆိုသော စကားအတိုင်း ကံတရားကိုသာ ယိုးမယ်ဖွဲ့ရန် ရှိပါတော့သည်။

အနောက်မိဖုရား မမြကလေးကလည်း မင်းတရားကြီးအား ကြည်ညိုလေးစား၍ ချစ်အားတော် သန်ခဲ့သူသာ ဖြစ်ပါသည်။ မြကလေးရေးသားသော တေးသွားကဗျာနှင့် ဂီတ စာပေတို့မှာ ဘယ်ကဗျာ ဘယ်စာကိုပင် ရေး သည်ဖြစ်စေ မောင်တော် မင်းတရားကြီးကိုသာ အများဆုံးမူတည်၍ ရေးသား ထားပါသည်။ မျှော်ရကြောင်း လွမ်းရကြောင်းများ တေးဂီတများကား မှတ်သားလို့ပင် ကုန်ခန်းနိုင်ဖွယ်ရာ မရှိပါပေ။ ရေးသားထားရစ်ခဲ့ သော ဂီတများကလည်း အနုပညာရသဂုဏ်မြောက်လှဖြင့် နောက်သား နောင်လာတို့ လေ့လာလိုက်စား၍ အားရ တင်းတိမ်ကြသည်ဟုမရှိ။ ယနေ့ခေတ် ယနေ့အခါထိ ထင်ရှား ကျော်ကြားလျက် မရိုးနိုင်အောင် ရှိခဲ့ပါ သည်။

အနောက်နန်းမိဖုရား မမြကလေး ရေးသားသမျှ ကဗျာ ဂီတများကို အားလုံးကုန်စင်အောင် မဖော်ပြ ပေးစေ ကာမူ အလွမ်း၊ အမျှော်၊အဆွေးနှင့် အချစ်တေးများကို တစ်စိတ်တစ်ဒေသလောက် ကောက်နုတ် ဖော်ပြရမည် ဆိုပါလျှင်၊ ချစ်သမျှကို သစ္စာတိုင် ပတ်ပျိုး မရေးသားမီ အချိန်အတန်ကြာဆီက ရေးခဲ့သော အထက် က ဖော်ပြခဲ့ပြီးဖြစ်သော ရှိစုံရွက်ကြာ ပတ်ပျိုး၊ နဝရတ်ကယ် ရောင်စုံပတ်ပျိုး၊ သိင်္ဂါရွှေ ရောင် ပတ်ပျိုးများ အပြင် ကြင်ယောင် ခင်ယောင် ချီမောင်ဘွဲ့ အလွမ်းပတ်ပျိုးကို ကရုဏာရသ ပိုအောင် ဖွဲ့နွဲ့ ရေးသား ထားချက် အား လေ့လာနိုင်ရန် ဖော်ပြရပေဦးမည်။

မောင်ဘွဲ့ အလွမ်းပတ်ပျိုး။ ။ ကြင်ယောင် ခင်ယောင်၊ ထင်အောင်ဆန်း။ အဆန်းတဲ့ သူငယ်ကိုလေ။ ဂုဏ် နေပုံဆောင်သေချာ။ ချစ်တယ်ဆိုရင်သာတည့်ကြာရိုး။ ထင်ကိုးကြံဆောင်ရည်ကာ။ မြင်နိုးမျှော်ယောင်ကာ သာ။ သည်ပိုးငယ်မူငယ်ရာဆန်း။ ရွှေသိုင်းရပန်း။ ရွှမ်းလို့လန်း၊ မြိုင်နှုန်းရငြမ်း။ ထူးတင့်ဆန်း ကိယ်ဟန်သွယ်နွဲ့။ နတ်ကယ်လိုလို။ မှတ်ဖွယ်ကိုပေသား။ ညိုစိမ်းရွှန်း။ ကျွမ်းလောင်တဲ့ သူငယ်ကိုလေ။ လွမ်းပေါင်ဖွဲ့ ပူတယ်ကိုလေ။ တန့်ဆည်ဖြေတာ။ ကပ်ပါလှတယ်။ မိုးနတ်ကယ်ဆိုး မှားယောင်။ ဖန်တိုင်းရည် ညွှန်းဆောင်းပါလို့မှ။ ကြင်ရေးငယ်ပို။ ကြံစည်ပြီးမှ နီးတဲ့ပါစေ။ ဆုမွန်တောင်း လို့။ သွန်းလောင်းငယ် ညောင် ရေ။ မောင်သာကုံးပါတဲ့ ဂမုန်းငယ်ဇင်ခိုင်ခွေ။ ရွှေပေါ်တွင် မြတင်ပြသောဟန်။ ရိုးတံဝယ်ရွက်ဆင့်။ ရွှေခွန်းကို သွေးယွန်းပါနှင့်ရှင့်။ နော်မယ်ပြာဖြူဒါရူ။ ပျောင်းအပျောင်း တဲ့ သူငယ်ကိုလေ၊ ကြုံထွေးပုံဆောင် သေချာ။ ချစ်တယ်ဆိုရင်သာ၊ သည်အားကို ကြိုးပါငဲ့ သက်ကုန်။ ။

တြိချိုးသဖြန်။ ။ သနားပိုစွဝန်။ ဥခွံမှာခိုသည့် ကြက်လိုပ။ သူ့သွင်ကို ထင်ရန်ခက်ပါဘိ၊ လင်းမက်လှုရုံ။ စွန်ရေးငယ်ကြုံ။ သိန်ဂုဏ်ရှိ သွေမယွန်း။ ငုတ်သဲထိတိုင်။ မြဲခိုင်ခိုင်သစ္စာဖွဲ့လို့။ တစ်လှည့်သေချာစမ်းချင်ငဲ့။ နန်းသူ့ပြန်ခွန်း။

ယင်းပတ်ပျိုးများမှာ ရှိစုံရွက်ကြာ၊ နဝရတ်ကယ်ရောင်စုံ စသော ပတ်ပျိုးများကဲ့သို့ ယနေ့ အဆိုအတီး မများ လှပါ။ ထိုနောက် ပတ်ပျိုးတစ်ပုဒ်မှာ ဂန္ဓမာတောင်၊ လိုဏ်နန်းချောင်ငယ်ကသာ ချီမယ်ချီ ပတ်ပျိုးဖြစ်ပါသည်။ ၎င်းပတ်ပျိုးမှာလည်း (ဂန္ဓမာ၊ ရိပ်သာဖလ်ဂူ နန်းငယ်ကလေ) ချီ ယနေ့ သီဆိုတီးမှုန် ကြသော ပတ်ပျိုးကဲ့သို့ အဆိုမများလှ၍ ထပ်ဆင့် ဖော်ပြရပါမည်။

မယ်ဘွဲ့တောင်လား ပတ်ပျိုးကလေး။ ။ ဂန္ဓာတောင်။ လိုဏ်နန်း ချောင်ငယ်ကသာ။ ပူအောင်စေသာ။ ပန်းဖြေပါငယ်နှင့်လေး။ မာလာရွှေခိုင် နွမ်းခွေယိုင်၊ ပူဝန်ပိုပွား၊ မြသားငယ်တည့်အငုံငုံ။ ဝတ်မှုန်ငယ်ကြွေ ညောင်း။ သင်းကြိုင်ပျံ့လှောင်း။ မဉ္စူရွှေရောင်၊ နန်းမေယု တောင်ငယ်မှာ။ ရီမှောင်မှောင် တောင်ဖျား၊ ပိန်းခြုံ လို့ထား။ အထူးထူး ထူးလို့ခြား။ မြသားငယ် အသွယ်သွယ်။ ညာဘယ်ဖြိုး မိုးလုံးမည်း။ ဆိုလဲ – တန်ဘဲ – တန်ဘဲ – ဆိုလဲ။ လွမ်းဟုန်က ကဲသကိုလေ။ နွဲှ – နွဲှ – နွဲှ – နွဲှ – ကြူးသီဖွဲ့။ မစဲနေ့လုံး၊ ဟေဝန်ပတ်ကုံး။ ရီမှောင်ပိတ်ဖုံး၊ နုံးလျလျ။ လှိုက်ခုံ-လှိုက်ခုံ တည့်ဆန်း ဆန်း။ နွမ်းတပျော့ပျော့။

ဒွေးချိုးသဖြန်။ ။ သဲကြွေလု ပြိုမလိုပင်၊ မိုးလုံးပြည့်ဆင်။ အို ထိပ်တင်ရှုပါဘုရား။ ။

တစ်ကိုယ်တန်းမို့၊ နန်းဘုံဗွေ၊ ချော့ချေပိုက်ချေ။ ကြာနေနွမ်းငယ်မှာ။ ပန်စေတော့လား။

၎င်းပတ်ပျိုးမှာ စာသားလည်း အလွန်ညက်၍ ဆိုတိးရာ၌လည်း အလွန်ကောင်းသော ပတ်ပျိုး တစ်ပုဒ် ဖြစ်ကြောင်း သိရှိနိုင်ပါသည်။

ဖော်ပြခဲ့ပြီးသော သီချင်းများအပြင် အနောက်နန်းမိဖုရား မမြကလေး ရေးခဲ့သော တောဘွဲ့ပတ်ပျိုးလတ် တစ်ပုဒ်ကိုလည်း သိးသီးခြားခြားတွေ့ရှိရပါသေးသည်။

ထိုပတ်ပျိုးသီချင်းသည် ဘိုးတော်ဘုရား လက်ထက် ပခန်းမင်းသားကြီး ရေးသားသီကုံးသွားသော အောင်မြေသာစံ ပတ်ပျိုးကြီး အလိုက်အတိုင်း မမြကလေးက လိုက်၍ ရေးသားခြင်းဖြစ်ပါသည်။ သို့ကြောင့် အောင်မြေသာစံကို သီဆိုတတ်သူများအဖို့ အနောက်နန်းတော် မမြကလေး ရေးသော ” ငွေခုံမြေဇာ ” ပတ်ပျိုးကို ကောင်းစွာ သီဆိုတီးမှုတ်နိုင်ကြပါလိမ့်မည်။

အနောက်နန်းမိဖုရား မမြကလေး ရေးသားသော ငွေခုံမြေဇာ အလွမ်းတောဘွဲ့ပတ်ပျိုးမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

ငွေခုံမြေဇာ မလ္လာကြဲပါလို့ ပုလဲမှုန်လို၊ ခင်းသာတယ်ကို။ ပျော်ဘွယ်ပို။ လေချိုသွင်းပါလို့၊ မြိုင်တွင်းစုံမှာ မွှေး ပါလို့။ ပျော်တဲ့ ပျော်ဘွယ်စုံ။ ။ ပန်းနံ့သင်းထုံ၊ ရဂုံသာထူးထွေ တိမ်ခြေရီပြာ နံ့သာငယ်ထုံ သွေးပင်ပုံရိပ် ကယ်ကမွှေး။ ။ လေပြေဆောင် တောင်လုံးအေး။ ။ ပူဆွေးတာရှည်၊ စုံလယ်မြိုင်ခင်း ပင်နန်းသာလှလှ လွမ်းစစ ငှက်တဲ့ ငှက်သံသာ။ ။ မစုံဖော်ကွာ ရဂုံဗွေမှာ။ ချစ်ပန်းငယ်စံရာ။ ကြွေးတသိမ့်သိမ့်။ ခေါ်ထူး လူလို၊ လွမ်းပိုဖွယ့်ရေး။ တစ်မှေးစက်သော် တစ်ရံပျော် ခေါ်သံကြား။ ဂနိုင်ခြား မြသားဖလ်ဂူ။ စေးချုံငူ လေယူရာ သွေးထုံလို့မွှေး။ မင်းသောငယ်ရှက်ခါ မိလ္လာညိုမောင်း ငြိမ့်ညောင်း ငယ်တာရှည်။ ရွှေစည်ဆော် သွင်းဝေယံတွင်းငယ်က နတ်ညှင်းငယ်သံသာထွေ။ မြနန်းငယ်မြေမှာ။ မပါငယ်ကျန်သေး။ ပူရန်သည် ဝဋ်ကယ်လေး။ လေပြေဆောင်။ တောင်လုံးမွှေး။ စခန်းငယ်ကွာ ညာဘယ်ကလန်း၊ စုံရိပ်ချမ်း။ သည်ကိုယ် ကုန်ပန်း။ ကြံ့တဲ့လမ်း။ မျှော်ခန်းဝေး။ ရေးဘုံရွှေမြင့် နတ်ကယ်စံရာ။ ဆွေးစေကြုံထင့်။ ထပ်ကယ်ဖန်လာ။ မလုံလေပါဘဲမော။ သေချင်ရွှေသည်းစော။

တြိချိုးသဖြန်။ ။ မြကြောကို လေလှုံ့လို့၊ နေကြို့တယ်လေး။ ။ သည်တိုင်းမှာ ညိုလှချည့်။ စိုပကြာသွေး။ တောင်တောင်မြင့်တောင် မြင့်စိန်လေလား။ ဖြာနှင်းငယ်လေး။ ဖျန်းမလုံ၊ စိုရင်းပအေး။

၎င်းအပြင် မိဖုရား မမြကလေးသည် အလွမ်းနာကို တရားဓမ္မနှင့် ဖြေသိမ့်ကာ၊ သံဝေဂ တေးထပ်များစွာကို လည်း စပ်ဆိုရေးသားခဲ့ပါသေးသည်။ ၎င်းင်းတေးထပ်များစွာအနက်မှ အချို့တစ်ဝက်ကို ထုတ်နုတ်ဖော်ပြ ရပါဦးမည်။

သံဝေဂတေးထပ်များ။ ။ (၁) ပါရမီဖြည့်စမို့၊ ကြည့်ဘုရားသခင်။ အလှည့်ကျမဆင်ပြီ။ အရင်လိုမနွဲ့။ အနီ နှင့် အပြာကိုပယ်မယ်။ အဝါထည်ကလေးနဲ့ တော်ရဲ့။ တစ်ခွန်းထက် နှစ်ခွန်းမပိုပြီ အလွမ်းကို မချဲ့။

ကျွန်းညိုညိုဟိုအလှဲ့။ ငိုမဲ့မဲ့တားရှာ။ ရွှေနောက်ဆံ မယ်မတင်းရအောင်။ ငယ်စာရင်း ဖျက်လျက်ပါဘုရား။ အပြစ်ကြောင့် မချစ်သာပြီ။ အသစ်ရှာ ပေါင်းရင်တော့ ထနောင်းနှင့် ခအောင်းပင်။ ဓားထစ်စို့ရှင်။

နိဗ္ဗိန္ဒ ကမ္မဋ္ဌာန်း ခင်မယ်။ စခန်းစဉ် နီးအောင်ပလေး။ ။

(၂) အပူတွေ ဆူလျှံကြွ။ ပူဟန်က တစ်ထောင်။ ဤလောကရပ်ဘောင်မှာ တံလျှပ်ရောင်မလင့်။ ။

ဆွေးသမျှ ရတက်ဖြာ၊ ဆတက်သာ ပွားလိမ့်မထင့်။ တစ်နေ့မျှ အဟုတ်ပူတယ် ရုက္ခမူအခွင့်။ ဆောင်သီတာ ဗွေမြင့်က တွေးမျှော်လင့်ဘကံရည်။ တော်မြိုင်ချောင် ရည၀ အစဉ်ပ မြန်းချင်တော့သည်။ ထုံးဆံကျစ်ရစ်လျက် တည်တယ်။ သစ်နက်ရေဆင်သလို ခင်ကျမ မဒ္ဒဝီသဏ္ဍာန်မြဲတော့ အမှန်။ ရည်ဓိဋ္ဌန် ဆုထူးပန်သည်။ ပြည်နိဗ္ဗာန်ရောက်ကြောင်းဖျာ့လေး။ ။

(၃) တောင်ပတ်လည် ပွေဝိုင်းဆို့ ရွှေကိုင်းမြို့ ဇေယျာ။ ဝေမှိုင်းညို့ ချောင်ရွှေဝါမှာ နောင်သေရာ ရည်စူး၊ သုံးတောင်ကြော့ ဖန်လျှော်တေကို စံလှော်ရွှေဝတ်မည် စိတ်ကူး။ စံရစ်တော့ လှသက်နှံရယ် မြမျက်မှန်ကြော့ မှူး။

ကာယကံ ရွယ်စူးလို့ မယ်ကူးဖို့ကြံတယ်။

တလည်လည် သံသရာဝဲ၊ သည်နှယ်ဖြင့် ဘာပြုရမယ်။

သနားလို့ ကယ်ဆယ်ရင်။ လှူဖွယ်သာ တင်လိုက်တော့ နန်းထိုက်တဲ့ ခင်ခင့်လူ၊ ဘုန်းမောင်ကြောင့်ပူ။ ဟို အမတ အောင်နိဗ္ဗူမှာ။ ဖောင်ရိပ်ဖြူ တူစီးဖို့လေး။ ။

(၄) သည်ခင်ခင် ပူသရွေ့ လူအတွေ့ ကြောက်တယ်။ ငူအကွေ့ ချောက်ဆွယ်မှာ။ တစ်ယောက်ကွယ် ရှောင်ပုန်း။

သည်ခေတ်တွင် မယ်ကြည်အောင်။ ဆယ်ပြည်ထောင် ချော့တော့မပြုံး။

မခိုင်ကြော့ ကော့ကေကို။ ရော့ပစေ မထုံး။

ကတော့ခွေပန်းသုံးနှင့်။ အမြတ်ဆုံးရည်ရွယ်။

လံတစ်ရာ ငွေခြည်တောက်။ သေမည်လောက် ကြောက်တဲ့ခါဝယ်။

ရွှေရည်သောက်လျှော်တယ်ကို။ ဖျော်ဖြေဖွယ်ဆင်မွေ့လို့။ ယဉ်လေလေ့ ဇောတပသီ။ စော၍ တည့်တည်။ တောအကွေ့ သေလာဂီမှာ။ မေဓာဝီလုပ်မယ်ဖျလေး။

ထိုမှတစ်ပါး မြကလေး၏ ခံစားချက်၊ ရင်ဖွင့်ချက်ဟု ဆိုအပ်သော ဒွေးချိုးတြိချိုး စသည်များကိုလည်း အများ အပြား ရေးသားထားခြင်းကို တွေ့ရှိနေကြရပါသေးသည်။ ယင်းဒွေးချိုး တြိချိုးတို့မှာ မြကလေး ရေးလေသမျှ သီချင်းကြီးများ၏ အချပိုဒ်များ၌ ပါရှိခဲ့မြဲဖြစ်ပါသည်။ ပြယုဂ်အဖြစ် အနည်းအကျဉ်း ထုတ်နုတ် ရေးသားရ လျှင်…

တြိချိုး (၁)။ သနားပိုစွဝန်၊ ဥခွံမှာ ခိုသည့်ကြက်လိုပ၊ သူ့သွင်ကို ထင်ရန်ခက်ပါဘိ၊ လင်းမက်လှုရုံ။

စွန့်ရေးငယ်ကြုံ၊ သိန်ဂုဏ်ရှိသွေမယွန်း။

ငုပ်သဲထိတိုင်၊ မြဲခိုင်ခိုင် သစ္စာဖွဲ့လို့၊ တစ်လှည့် သေချာစမ်းချင်ငဲ့၊ နန်းသူ့ပြန်ခွန်း။ ဟူ၍လည်းကောင်း။

ဒွေးချိုး (၂)။ သည်းကြွေလု ပြိုမလိုပင်၊ မိုးလုံးပြည့်ဆင်၊ အို ထိပ်တင်၊ ရှုပါဘုရား။ တစ်ကိုယ်တန်းမို့၊ ပန်းသုံဗွေ၊ ချော့ချ ပိုက်ချေ၊ ကြာနေနွမ်းငယ်မှာ ပန်းစေတော့လား ဟူ၍ တစ်ရပ်။

ဒွေးချိုး (၃)။ ရွှေဖူးစာကံ၊ ဖန်လာတယ် ဘယ်နတ်ကဲ့ ရေးတတ်လေသိ။ နေဆယ်ဆူ၊ မကပြန်ပြန်ပူလို့၊ နန်းသူကို သည်လိုများငယ်၊ ထားရက်ခုရှိ ဟုလည်းကောင်း။

ဒွေးချိုး (၄)။ သန်းရွှေထုလယ်၊ မျှော်တယ်ခုသား။ ခြားတဲ့အယူ၊ ဘယ်အမူလေသိ၊ နော်ခင်ဘုန်းငယ် မုန်းမာန်ဖွဲ့အား။

ဒွေးချိုး (၅)။ သနားငယ်ခံ၊ တင်ရန် ကုန်ခက်တဲ့၊ ရွှေမျက်မူထား။ ဖြူရှစ်စုံ၊ ဗိုလ်ပုံရွှေပွဲက၊ မယ်နဲ့မညီရှိမည် ကို၊ စိုးမိပြန်သား။

ဒွေးချိုး (၆)။ အိမ်ရိပ်ကယ်ခို၊ မာန်ပိုနဲ့ဦး။ သည်းဘဝင်ကဖို၊ ဘယ်ငြိုးတော်ပူအောင် သားငယ်ကို၊ ထားတက်ပေ့ဘုန်း။

ဒွေးချိုး (၇)။ သနားငယ် မညှာရက်ကယ်မို့၊ သူပတွက်ကယ် ဖန်ရာဆယ်ရေးနှောင့်မလွယ်။

ဘယ်အခါ နေ့ငယ်မှ၊ ကိုယ်တွေ သည်ပူနှယ်လိုဖြင့်၊ အေးလွယ်သိမှန်း။

စသော ဒွေးချိုးတို့တွင် မမြကလေးသည် ဘုရင်မင်းတရားကြီးအား ရည်ညွှန်းထားသော အချက်အလက်။ အခက်အရွက်၊ အသီးအပွင့်တို့နှင့်သာ ဝေဆာလျက် ရှိခဲ့ပါသည်။

ဤသည်တို့ကို ထောက်ထားသောအားဖြင့်လည်း ရွှေဘိုမင်းတရားကြီး အပေါ်တွင် ချစ်ခင်ကြည်ညို ရိုသေမြတ်နိုး မှုတွေ အစုလိုက်၊ အပုံလိုက် ရှိနေရှာသူတစ်ဦးဖြစ်ကြောင်း ကောင်းစွာရိပ်စား နားလည် နိုင်ဖွယ် ရာ ဖြစ်ပါတော့သည်။

ယင်းသို့လျှင် အနောက်နန်းတော်မိဖုရား မမြကလေး၏ ချစ်သမျှကို ပတ်ပျိုး ကြောင့် ရွှေဘိုမင်းတရားကြီး အမျက်တော်ပြေ ကာ စံရာ အနောက်ဆောင်တော်သို့ ပြန်လည်ရောက်ရှိ နေထိုင်ခွင့်ရသွားပြီး နောက် အမှု ရောက် ကျန်ရစ်နေကြသူ နောက်ပါများအားလည်း တရားဌာနမှ အတိအကျ စစ်ဆေးထွက်ဆိုခြင်း ကိစ္စ ကို အမှန်အပြီးသတ်ရလေတော့သည်။

အမှုတွင် အကျုံးဝင်သူများ အားလုံးတော့ အပြစ်မရကြသေးပေ။ သားတော် ပြည်မင်းအတွက် စိတ်နှလုံး မချတော်မူနိုင်ဖွယ်ရာ ဖြစ်စေသူ အပြစ်ကျူးလွန်သူ အဖြစ်နှင့် ဆောအတွင်းဝန်ဟောင်း ဦးရစ်၊ သံတော်ဆင့် လက်ဝဲတော်တို့ နှစ်ဦးအား သားမယားတစ်စုနှင့်တကွ ကွပ်မျက် စီရင်လိုက်ကြရလေသည်။ ဆော အတွင်း ဝန်ဟောင်း ဦးရစ်နှင့် သံတော်ဆင့် လက်ဝဲတို့ ကွပ်မျက်ခံရသော ရက်မှာ ၁၂၀၇ ခု၊ ဝါဆိုလ ဖြစ်ပါသည်။

ဦးရစ်တို့ အုပ်စုအား ရှေ့ပြေး သုတ်သင် ကွပ်မျက်လိုက်ပြီးနောက် အမှုအတွက် အချို့ ပုဂ္ဂိုလ်ကြီးများအား ညှာတာ ထောက်ထားသောအားဖြင့် နေ့ရက်အနည်းငယ် ဆိုင်းငံ့ထားပေသေးသည်။ သို့ရာတွင် ကာယကံ ရှင်တို့ အဖို့မှာ အပြစ်ခံရဖို့နှင့် အပြစ်မှခွင့်လွှတ်ခြင်းခံရဖို့ လမ်းနှစ်သွယ်မှတစ်ပါး အခြားမျှော်မှန်းစရာ မမြင်ကြ ဘဲ ရှိနေသည်။

ရွှေဘိုမင်းတရား ကြီးသည် ယင်းအမှုအခင်းကို ခပ်မျှဉ်းမျှဉ်း ကိုင်တွယ်တော်မူသည်မှာ “သင်းတို့ နောင်တ တရား ရကာ စိတ်ထားအမှန် ပြောင်းလဲလာလျှင်လည်း လာစေတော့ “ဆိုသော စေတနာပါကောင်းပါလေ မည် ဖြစ်ပါသည်။

သားတော် ပြည်မင်းသား အပေါ်၌လည်း အတော်အသင့် သံသယရှိတော်မူလာသည်။ သို့ရာတွင် ရုတ်တ ရက် ရှောင်တခင် အစစ်အဆေးအမေးအမြန်း ပြုတော်မမူသေးဘဲ၊ ပိုနေမြဲ ကျားနေမြဲ အခြေအနေမျိုးတွင် အမှတ် မထင် စံနေတော်မူခဲ့လေသည်။

လျေကားထစ်များကို တစ်ထစ်ပြီးတစ်ထစ် လှမ်းတက်ရသည်ကဲ့သို့ အမှုအခင်း၌ အကျွမ်းဝင်သူများအား ပုဂ္ဂိုလ် အဆင့်အတန်းအားဖြင့် တစ်ဆင့်ပြီးမှ တစ်ဆင့် တက်၍ ကိုယ်တော်တိုင် စစ်ဆေးချက် ယူတော်မူခဲ့ ရန် ရည်သန်ချက် ရှိပုံရပေသည်။

သို့ကြောင့် ပြည်မင်းသားကို မဆိုထားဘိ ဗိုလ်နက်ကျော်၊ စစ်ကိုင်းဗိုလ်၊ ညောင်ပင်ကြီးဗိုလ်၊ အင်းဝမြို့ဝန် ဆင်ဝန် နှင့် ယင်းတောဝန်ကြီးတို့ အလှည့်သို့ပင် စစ်ဆေးမေးမြန်းတော်မူရန် ခေါ်ယူခြင်းမပြုခဲ့သေးပေ။

ပြည်မင်းသား သီရိမဟာ သီဟသူရ ဓမ္မရာဇာသည် စံအိမ်တော်မှာ အခြေမပျက် စံနေတော်မူသော်လည်း ခမည်းတော်ဘုရား ကိုယ်တိုင် စစ်မေးတော်မူလိမ့်မည်ဟု ကြိုတင် သိရှိထားသဖြင့် သတိဝီရိယရှေ့ထား၍ နေရလေသည်။ အရေးဆိုလျှင် ဘာမဆို အလွယ်တကူ ရှိနေကြရန် ကြင်ရာတော် ခဲပေါင်ထိပ်ထား၊ သား တော်ကလေးများနှင့် အခြွေအရံ နောက်လိုက် နောက်ပါတို့အား သတိပေး၍ထားပြီးဖြစ်လေသည်။ ” ကြက် ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်သည်” ဆိုသော စကားအတိုင်း မင်းရေး မင်းခွင် ဆိုသည်မှာ များစွာ ကျယ်ဝန်းလှသည်။ လွယ်မယောင်နှင့်လည်း ခက်တတ်သည်။ တိမ်မယောင် နှင့်လည်း နက်တတ် သည်။ ပစ္စည်းဥစ္စာနှင့်တကွ အရေးရှိက အသင့်ရနိုင်အောင် အလွယ်တကူ သယ်ယူဆောင်ကျဉ်းနိုင်စေခြင်း ငှာ အိမ်တော်သူ အိမ်တော်သားများနှင့်တကွ ငယ်ကျွန်တော်များအား မှာကြား၍ နေ့နေ့ညည လိုတခဏနှင့် ပြည့်စုံစေရန် စီမံပြင်ဆင်ထားစေသည်။ အိမ်တော် ပတ်ဝန်းကျင် မှာလည်း ဒါတိုင်းထက် ဆထမ်းပိုးတိုး၍ ကင်းလှည့်အစောင့်အနေ ချထားစေသည်။

ပြည်မင်းသားကြီး၏ အစီအစဉ်မှာ ခမည်းတော်ဘုရား အမျက်တော်ပွား၍ ရာဇဝတ်ဘေးများ ကျရောက်ခဲ့ ပေသော် အလျင်အမြန် ရှောင်တိမ်းပြေးထွက်နိုင်ရန် ဖြစ်ပါသည်။ ယင်းသို့ မိမိက ဦးမိအောင် တိမ်းရှောင် ခြင်းသည် ရာဇဝတ်အပြစ်ကို လည်စင်း၍ ခံခြင်းထက် နောင်သောအခါ ကြံရေးဖန်ရေးတို့၌ အခွင့်အရေး သာ နိုင်သည်ဟုလည်း ယုံကြည်ထားပုံရလေသည်။

သွေးစည်းမှု ပေါက်ကြား၍ မင်းတရားကြီး၏ အစစ်အဆေးနှင့် အရေးယူခြင်း ခံနေကြရစေကာမူ ပြည်မင်း သားကြီး ၌ နောက်လိုက်ဗိုလ်ပါ လိုလားသူ အများအပြား ရှိသေးသဖြင့် တအားတက်နေမည်ဆိုကလည်း တက်စဖွယ်ပင် ဖြစ်ပါသည်။

အနန္တကျေးဇူးတော်ရှင် ခမည်းတော်ဘုရားအား ကျေးဇူးမဲ့သော ပုန်ကန်ခြားနားမှုမျိုးကို မပြုလိုသည့်တိုင် အောင် အခြေအနေ အရပ်ရပ်တို့ကြောင့် မဆုတ်သာ၍ ခပ်ခွာခွာနေရတော့မည့် ကိန်းမျိုးသို့ ရောက်ရ ပေ တော့မည်။

မှန်ပါသည်။ မင်းရေး မင်းခင့် အခြေအနေ ဆိုသည်မှာ ကြက်ဥ အရောင် တိမ်တောင်သဖွယ် မင်းရေး ကျယ်၏ ဆိုသကဲ့သို့ပင် ရှိလေသည်။ အနီးစပ်ဆုံး ဥပမာ ပေးရမည်ဆိုလျှင် ဘကြီးတော်ဘုရင် လက်ထက်၌ ထိုင်းနိုင်ငံတစ်ခွင်နှင့် နန်းတွင်း နန်းပြင်တို့တွင် ခြယ်လှယ်ချင်သလို ခြည်လယ်လွှမ်းမိုးနေကြ သော နန်းမတော်မယ်နု နှင့် ဦးအိုတို့ကြောင့် နောက်ဆုံးတွင် ညီတော် သာယာဝတီ ရွှေဘိုမင်းမှာ မတတ်သာ ၍ နောင်တော်အား နန်းချရသည်အထိ အခွင့်အလမ်း ပွင့်၍လာရသည်။

ယခုအခါမှာလည်း ခမည်းတော် ရွှေဘိုမင်းတရားကြီး၏ ရောဂါဝေဒနာတော် အခြေအနေအရ ပြည်မင်းသားကြီး က နောင်ရေးအတွက် အကြံအစည်ပြုရချက် ဖြစ်ရာ အချိန်အခါနှင့် ကာလဒေသ အလျောက် အခြေအနေ က ဖန်လာခြင်းသာလျှင် ဖြစ်ပေသည်ဟု တွေးဆဖွယ်ရာဖြစ်နေပါသည်။