တောင်တောရယ်သာ
ပြလို့မှ ထွက်လာသောအခါ လမ်းတစ်လျှောက်တို့၌ သာယာသော ရှုခင်းများကိုသာ ပိုမို တွေ့လာ ရ ပါသည်။
တောင်ကမ်းပါးယံစွယ် တွင် ဖောက်လုပ်ထားတဲ့ ကားလမ်းမှာ ဧရာဝတီမြစ်ကြီး၏ ကမ်းဘေးတွင် ကွေ့ကာ ကောက်ကာ ရှိလေတော့ကြည့်ရတဲ့ ရေမြေတောတောင် စခန်းများမှာ ရိုးရိုးတောင်များ၊ တောများ ဖြတ်သန်း သွားလာရသည်ထက် ကြည်နူးနှစ်လိုဖွယ်ရှိပါသည်။
နိမ့်ချည်မြင့်ချည် လှိုင်းလုံးကြီးများ ကြွထနေသောနှယ် ခင်တန်း၊ ကုန်းရိုးတွေကို တစ်ခုပြီးတစ်ခု ဆက်ကာ ဆက်ကာ ဖြောင့်တန်းစွာ ဖောက်လုပ်ထားတဲ့ လမ်းဖြူးဖြူး ဖြောင့်ဖြောင့်ကြီးတွင် ကားမောင်းသွား ရခြင်းမှာ ကုန်းပေါ်သွားနေရသည်နှင့်ပင် မတူဘဲ ပင်လယ်ထဲ မော်တော်ဘုတ်ကလေးနှင့် မောင်းသွား နေသလို ထင်ရ ပါသည်။ ဒီလမ်းများဟာ နေ့စဉ်နှင့်အမျှ ကုန်ကားကြီးတွေ၊ လူစီး ဘတ်စ်ကားကြီးတွေ မောင်းနှင် နေသော် လည်း အပျက်အစီး အလွန်နည်းသည်။ ဘယ်တော့အခါပဲ လာလာ ကျောက်လမ်းမှာ ဖာရာ၊ ထေးရာ၊ ပြင် ထားရာတွေ မရှိ၊ ချောပြောင်လျက်သာ တွေ့ရမြဲ ဖြစ်လေတော့ လမ်းဖောက်လုပ်တဲ့ လူတွေပဲ တော်လို့လား၊ အောက်ခြေ အမာခံကပဲ ကောင်းလို့လား၊ တွေးစရာပါပဲ။ ရန်ကုန်၊ မန္တလေး ကားလမ်းများ နှင့်တော့ ကွာပါပေ့။
လမ်းဘေး တစ်ဖက်တစ်ချက် တွေ့မြင်နေရတဲ့ တောတန်း တစ်လျှောက်မှာ တောဆိုတဲ့အတိုင်း မြကြော ရှိန်းရှိန်း စိမ်းစိမ်းစိုစို မဟုတ်တော့ပါ။ အခါရာသီမှာ တပို့တွဲလဖြစ်၍ ရွက်ကြွေလုလု နွေရတုသို့ ယွန်းစပြု နေပြီ။ တစ်မျှော်တစ်ခေါ် လှမ်းမျှော်ကြည့်လိုက်လျှင် ရော်ရွက်ကျင့် ရှုခင်း ဖြစ်ပြီး၊ တောတန်းတစ်ဝိုက်ရှိ သစ်ရွက်များသည် စိမ်းရောင်ရင့်နှင့် တစ်ခြမ်းနီ၊ တစ်ခြမ်းဝါ နီလာရောင်လို တနှုန်း၊ တစ်ပင်လုံး ထိန်ထိန်ဝါ သည်က ဝါ၊ ပတ္တမြားရောင်ပမာ နီတျာတျာ အရွက်မှ မြေသို့သက်ရန် အခါ စောင့်နေ ရရှာသည်။ ဣန္ဒနီလို သိင်္ဂီ တစ်ဝက်၊ မြတစ်ဝက်နှင့် ဆေးစုံဖက်ခြယ် ပန်းချီနှယ်လျှင်ဆိုတဲ့ ရှေးစာပေ ပညာရှင်ကြီး များ ရေးသား ခဲ့တဲ့ အချက်အလက် အသုံးအနှုန်းတွေကို ဒီတော ဒီတောင် တစ်ဝိုက်က ရွတ်ဆိုပြသ နေသလို ထင်ရပါ တယ်။
တပို့တွဲ ပေါက်လဲရယ်တဲ့ ငုံညှာစီ၊ ဖူးတံကချီ ဆိုသော အပိုဒ်အတိုင်း ရောင်စုံချယ်ထားတဲ့ တော တောင်ဆွယ် မှာ ရဲရဲနီ ပင်လုံးကျွတ် တအားကုန် ပွင့်ဖူးနေတဲ့ ပေါက်ပင်နှင့် လဲမှို့ ထွက်တဲ့ လက်ပံပင် ကြီးများကလည်း ဟိုမှာ တချို့ဒီမှာ တချို့ ဆေးနီတွေ “တို့” ပေးထားသလို တွေ့မြင်ရတယ်။
စာပေ ကဗျာဂီတများ ရေးသားတဲ့ ရှေးပညာရှိကြီးများဟာ အိမ်ထဲမှာ ကုပ်ပြီး ရေးထုတ်ထားခဲ့ကြတာ မဟုတ်ဘဲ တောထဲ တောင်ထဲ လက်တွေ့မျက်မြင် လာရောက် လေ့လာပြီးမှ ရေးသားထားကြလို့သာ ခုလို သဘာဝကျ တဲ့ နွေရာသီ တောတောင်စခန်းရဲ့ သာယာမှုမျိုးများ တိတိကျကျ ထိထိမိမိ ရေးပြ နိုင်ကြတာပါ ကလားလို့ ကြည်ညိုလေးစားတဲ့ စိတ်များ ပိုပြီး ဖြစ်ပေါ်ခဲ့ရတယ်။
ပေါက်နဲ့ လဲ ကိုမှ ခွဲခြားမသိတဲ့ လူတွေကလည်း ရှိသေးတယ်။ တပို့တွဲ ပေါက်လဲ ငုံညှာစီ၊ ဖူးတံကချီ လို့ စာရှိလို့ ဆိုရပေတဲ့ တချို့အမှတ်တမဲ့ပါပဲ။ (ပေါက်နှင့်ကျေး) (ပေါက်ပွင့်ခွေးမျှော်) ဆိုတဲ့ စကားပုံထဲကလို ပေါက်ပင်က ပွင့်တဲ့အခိုက် ကျေးခေါ်တဲ့ ကြက်တူရွေးများ နားနေလျှင် နှုတ်သီးနီနီ အမွေးအတောင် စိမ်းစိမ်း ဆိုတော့ ပေါက်ပွင့်ကလည်း နီနီ၊ အညှာက စိမ်းစိမ်းမို့ ခွဲခြားလို့မရတဲ့ ပေါက်ပင်ပဲ။ ပြီးတော့ ပေါက်ပွင့် က နီနီရဲရဲ၊ အသားတုံးနှင့် တူလေတော့ အပင်အောက်က ခွေးကစားချင်လို့ မော့မျှော်ကြည့်တတ်သလို ရှိခဲ့ တာ ကိုဆိုတယ်။ လဲ ဆိုတာကတော့ ခေါင်းအုံးတို့ မွေ့ရာတို့ လုပ်ရတဲ့ လဲမှို့ ထွက်တဲ့ လက်ပံပင်က ပွင့်တဲ့ လက်ပံပွင့် နီနီရဲရဲကို ဆိုပါတယ်။ တပို့တွဲလရာသီ တစ်ချိန်တည်းမှာပဲ ပေါက်ပင်ရော၊ လဲ လက်ပံပင်ရော တအားကုန် ပွင့်ကြတဲ့ ကာလပေါ့။ ပြီးတော့ ကသစ်ပန်းနီနီလည်း ရှိသေးတယ်။ သူက မိုးဦးကျခါနီးမှ ပွင့် တဲ့ အသူရာရဲ့ပန်းပါ။ သို့နှင့် ပြည်မြို့မှ ၄၄ မိုင် ဝေးသော အောင်လံမြို့ ကို မနက် ၉ နာရီခန့်တွင် ရောက်လာပါသည်။
အောင်လံမြို့မှာ ဧရာဝတီမြစ်ကမ်းတွင်ရှိ၍ ဈေးကြီးမှာ ရေစပ်ကမ်းပါးပေါ်တွင် ဆောက်လုပ်ထားရာ မြစ်ရေ ကြီးသောအခါများတွင် ဈေးတစ်ခြမ်း ရေဝင်မြဲဖြစ်ပါသည်။ ပဲ၊ ပြောင်း၊ ငရုတ်၊ ခရမ်းချဉ်၊ ခရမ်းချို၊ ဖရဲ၊ သခွား စသော ကိုင်းထွက်ပစ္စည်းများသည် မြစ်စပ်ကမ်းနားတစ်ခွင်နှင့် သဲသောင်ကျွန်း တစ်လျှောက် မှ အမြောက်အမြား ထွက်သောဌာနဖြစ်၍ ဈေးတစ်ဝိုက်နှင့် ရေစပ် ကူးတို့ဆိပ်များတွင် စိမ်းနေသော ဖရဲသီး များ၊ ဝါဝင်းနေသော သခွားသီးမှည့်များ၊ နီနီရဲနေသော ခရမ်းချဉ်သီးများမှာ ရောင်စုံခြယ် ထားသလို တောင်ပုံ ရာပုံအားရဖွယ် တွေ့မြင်ရသည်။
သို့ရာတွင် ကိုင်းသမားများမှာ ပင်ပန်းခံပြီး စိုက်ပျိုးရသလောက် ဖောက်သည်ဈေးမှာ ကောင်းစွာ မရရှာ ကြဘဲ သူတို့ထံမှ ဖိဖိနှိပ်နှိပ် ဈေးချသိမ်းကျုံးဝယ်ပြီးမှ ပုတ်ကြီး ပုတ်ငယ်နှင့်ထည့်၍ ရန်ကုန်လို မြို့ကြီး တွေကို ရေကြောင်း ကုန်းကြောင်းက သယ်ယူရောင်းချတဲ့ တစ်ဆင့်ခံ အမြတ်ကြီးစားတွေကသာ အကျိုး များစွာ ရှိကြပါတယ်။
ရန်ကုန်လို မြို့ကြီးမှာ ခရမ်းချဉ်သီးပေါ်စ တစ်ပိဿာ နှစ်ကျပ်မှ သုံးကျပ်အထိ ရောင်းဈေးရှိပေတဲ့ ပင်ရင်း စိုက်ပျိုး ထုတ်လုပ်သူ ကိုင်းသမားများမှာတော့ ပင်ပန်းခကလေး၊ လုပ်အားခကလေး လောက် ရရှာကြတယ်။ အောင်လံမြို့၊ တောင်တွင်းကြီးမြို့ ဈေးကြီးပတ်ပတ်လည်မှာ လာရောင်းကြတဲ့ ပင်ရင်း အသည် တွေဟာ ခရမ်းချဉ်သီး တောင်းကြီးနဲ့ တစ်တောင်းစာမှ တစ်မတ်၊ ငါးမူးလောက် ရရှာကြတယ်။ ပုတ်ကြီး တွေနဲ့ ထည့် သယ်ရောင်းချသူတွေကတော့ တစ်တောင်းကို အနည်းဆုံး တစ်ဆယ်မက ရကြ ပါသတဲ့။
ခရမ်းချဉ်သီး တစ်တောင်းကို တစ်မတ်၊ ငါးမူး၊ ပြားငါးဆယ်နဲ့ ဝယ်ကြ၊ သိမ်းကြတဲ့လူ နည်းသွားတဲ့ အခါများ ကျန်တဲ့ အသီးမျိုးစုံတွေကို ဈေးနားတစ်ဝိုက် စုပုံ သွန်ပစ်ခဲ့ရလို့ အမှိုက်ပုံးမှာ နွားတွေ တရုန်းရုန်းလာစားနေ ကြတာ မြင်ရတော့ ကိုင်းသမား ခမျာများအတွက် ရင်နာစရာ ကောင်းလှတယ်။
ရာသီကုန်ဆိုတာ ပေါတဲ့အခါ အလွန်ပေါများပြီး မနိုင်မနင်းကြီး ဖြစ်တတ်လေတော့ … ဥပမာ … ခရမ်းချဉ် သီးများကို ကြာရှည်ခံအောင် ယိုထိုးထားတဲ့နည်း၊ ဟင်းခတ်အတွက် သုံးနိုင်အောင် နိုင်ငံခြားကလာတဲ့ (တို မတိုးဆော့) ခရမ်းချဉ်သီး အဖျော်တစ်မျိုး လုပ်ထားတတ်ကြမယ်ဆိုရင် ကိုင်းသမားများ လျှော့ဈေး တစ်မျိုး လုပ်ထားတတ်ကြမယ်ဆိုရင် ကိုင်းသမားများ လျှော့ဈေးမချရဘဲ အကျိုးခံစားကြရမှာပဲ။
ဂျပန်ပြည်မှာဆိုရင် ဖရဲသီးဖျော်ရည် ပုလင်း၊ သခွားသီးဖျော်ရည်ပုလင်းပြုလုပ်ထားပြီး ရောင်းကြတယ်။ ဟို ၂ နှစ် ၃ နှစ်လောက်ကပဲ သိမ်ကြီးဈေးအပေါ်ထပ်မှာ ပြည်သူ့ဆိုင်ကြီး ဖွင့်ရောင်းစဉ်က ဂျပန်ကလာတဲ့ အဖျော် ယမကာ ပုလင်းမျိုးစုံတွေထဲမှာ ဖရဲသီး သခွားသီးယမကာ ပုလင်းတွေ သူ့ထက်ငါ ဝယ်လိုက်၊ သောက်လိုက် ကြရတာ မှတ်မိသေးတော့တယ်။
ဤကဲ့သို့ အောင်လံမြို့ ဈေးနားတစ်ဝိုက် ရောက်လာတယ်ဆိုရင်ပဲ ကိုင်းလုပ်သားကြီးများအတွက် မပြေ လည်တဲ့ မြင်ကွင်းကို စဉ်းစားမိခဲ့ရတယ်။ အောင်လံမြို့ရဲ့ အထင်ရှားဆုံးကတော့ ကုဿိနာရုံ ဘုရားကုန်း ပါပဲ။ တပေါင်းလထဲမှာ ပွဲတော်လုပ်ဖို့ ခုကတည်းက ဝါးတွေ တောင်ပုံ ရာပုံ ချပြီး၊ ပွဲဈေးတန်းကြီး ထိုးစပြု နေပါပြီ။ ဘယ်လိုပဲ ငွေရေးကြေးရေး ကျပ်နေပေမဲ့ ဗုဒ္ဓဘာသာပီပီ ပွဲတော်အခါမှာဖြင့် ကြိတ်ကြိတ်တိုး စည် ကားမြဲ အတိုင်း စည်ကားမှာပါပဲ။
ကုဿိနာရုံ ဘုရားကုန်းမှာ ထူးခြားတာကတော့ မြတ်စွာဘုရား ဖွားတော်မူခန်းကစပြီး ပရိနိဗ္ဗာန် ဝင်စံတော် မူတဲ့အထိ ရုပ်လုံးကြီးတွေ ထခမ်းတနားပြုပြင် ဖန်တီးထားခြင်းဖြစ်ပါတယ်။ တောင်ကုန်း တစ်ခု မှ တစ်ခု စောင်းတန်းတွေ ကူးထားခြင်းဖြစ်ပါတယ်။ တောင်ကုန်းတစ်ခုမှ တစ်ခု စောင်းတန်းတွေ ကူးထားပြီး အာရုံခံ အဆောင်ပြာသာဒ်များနှင့် တစ်ခန်းစီ တစ်ခန်းစီ ပြုလုပ်မွမ်းမံထားလိုက်သည်မှာ ဗုဒ္ဓဝင်တစ်ခုလုံး ဆုံးသည့် အထိပါပဲ။
အဲ … ဒါက ကိစ္စမရှိပါဘူး၊ ကားအတွက် ဓာတ်ဆီဖြည့်စရာ အရေးက ရှိသေးတယ်။ ဘယ်မှာ ဓာတ်ဆီ ဝယ်ရမလဲ။ ဟော … ဒီမှာလည်း ဆိုင်ပိတ်ထားပြန်ပြီ။ ချောက်ပါပဲ။ အောင်လံမှာပဲ သောင်တင်နေရဦးမှာ လား။ ခရီးသွားများအတွက် ဓာတ်ဆီ အခက်အခဲ မတွေ့ရလေအောင် တနင်္ဂနွေ အလှည့်သမား သီးသန့် ထားပြီး ရောင်းတဲ့ ဓာတ်ဆီဆိုင်ကလေးများ ရှိရင် ကောင်းလေစွတကား။ ဓာတ်ဆီကို ပုံးနဲ့ တင်ဆောင် သယ်ယူခြင်း မပြုရတော့ ခရီးရှည်သွားသူများမှာ လမ်းတွင် ဓာတ်ဆီပြတ်တဲ့ အကျပ်အတည်းတွေ့ရမြဲပဲ ထင်ပါရဲ့ …
ကဲ … ဘယ်လို လုပ်ရမလဲဆိုတော့ အနီးအနားက ဝပ်ရှော့တစ်ခုမှာ ပြင်ဆင်ဖို့အပ်ထားတဲ့ ဘတ်စ်ကား တစ်စီးမှာ ဓာတ်ဆီတွေ ရှိနေပါတယ်။ ဒီထဲက ခွဲထုတ်ရောင်းချပါ၊ မနက်ဖြန်ကာ ဓာတ်ဆီဆိုင်ဖွင့်တော့ အစားဝယ်ထည့်ပါ ဆိုတဲ့အကြောင်း တောင်းတောင်းပန်ပန် ပြုလို့၊ သူ့ခမျာ စိတ်ကောင်း ရှိရှာလို့ မျှတ လိုက်ရှာပါတယ်။ ဒါနဲ့ တောင်တွင်းကြီးအရောက် ခရီးဆက်ခဲ့ရပြန်ပါတယ်။