ကျွန်းဦးတည့်သံလျှက်ခုံ

ပြည်မင်းသားထွက်ပေါက်ရှာရာသို့အဖမ်းအဆီး

၂၀၇ ခုနှစ် ဝါခေါင်လပြည့်ကျော် ၆ ရက်နေ့သည် ရွှေဘိုမင်းတရားကြီး၏ စိတ်ဝေဒနာတော်မျာ အထွတ် အထိပ် သို့ တိုင် ရောက်အောင် ရောဂါတော် တက်ခဲ့ရပါသည်။

အကြောင်း ကတော့ ယခင် ပြဆိုခဲ့ပြီးသောအတိုင်း သားတော် ပြည်မင်းကိစ္စနှင့် ပတ်သက်သော အပေါင်း အပါ တို့ကို စစ်တမ်းစစ်ချက်များ ဆက်လက်ယူခဲ့ရာတွင် ထိုနေ့သည် ရေနံချောင်းမြို့စား ယင်းတော ဝန်ကြီး မင်းအား ရွှေဘိုမင်းတရားကြီးက ခေါ်ယူစစ်မေးတော်မူသောနေ့ဖြစ်ပါသည်။

ရွှေဘိုမင်းတရားကြီးသည် ယင်းတောဝန်ကြီးအား အထူးသဒ္ဓါတော်မူခဲ့သည်။ ဘုရင်နှင့် ဝန်ကြီးပင် ဖြစ် စေကာမူ လူရှင်းသော အချိန်များတွင် အရောတဝင်မိန့်ဆို ရယ်သွမ်းသွေးလေ့ရှိသည်။ အထူးသဖြင့် ယင်း တောဝန်ကြီး ၏အိမ်ထောင်ရေးကို ရယ်သွမ်းသွေးကျီစယ်တော်မူလေ့ရှိသည်။ ယင်းတောဝန်ကြီးကလည်း မင်းတရားကြီး အား အိမ်တော်ပါ ကျေးရင်း ကျွန်ရင်း သဖါယ် ထိထိရောက်ရောက် မကြောက်မရွံ့ လျှောက်တင်ဝံ့သူ ဖြစ်ခဲ့လေသည်။ မင်းတရားကြီးက ငယ်ကျွန်ရင်းသဖွယ် ချစ်ခင်တွယ်တာ မြတ်နိုး ခဲ့သူ ဖြစ်ပါသည်။ ရှင်းရှင်းဆိုရလျှင် ပြောရဲ ဆိုရဲ ဆတ်ဆတ်ကြဲဝံ့သူ သခင့်အချစ်ကို ယုံကြည် စိတ်ချ ခဲ့သူပါတည်။

စပ်မိသည့်အတိုင်း ဆက်၍ ဖော်ကောင်လုပ်ရဦးမည်ဆိုလျှင် ရွှေဘိုမင်းတရားကြီးသည် ယင်းတောဝန်ကြီး ၏ ဇနီးသက်ထား ဝန်ကတော်ကြီး၏ အိမ်ထောင်ဆက်များကို တစ်ခါတစ်ရံ ကျီစယ်တော်မူတတ်သည်။

ယင်းတောဝန်ကြီး၏ ဝန်ကတော် ရှင်ကြင်ဥသည် ယခင်က အိမ်ထောင်သုံးဆက် ကျခဲ့ဖူးသူဖြစ်သည်။ ယင်း တောဝန်ကြီးမျာတော့ ရှင်ကြင်ဥ၏ စတုတ္ထမြောက် ခင်ပွန်းသည် ဖြစ်ပါသည်။

ဝန်ကတော် ရှင်ကြင်ဥ၏ ပထမဆုံး ခင်ပွန်းသည် ယင်းတောဝန်ကြီး၏ ငယ်ဆရာ အရှင်သခင် ဖြစ်ပါသည်။ ဝန်ကြီး ကတော် ရှင်ကြင်ဥ က အသက်ငယ်ရွယ်သူဖြစ်ပါသည်။

မုဆိုးမ ရှင်ကြင်ဥ၏ ဒုတိယ ခင်ပွန်းသည် ဖြစ်သူမှာ ယင်းတောဝန်ကြီး၏ အမေ့မောင်ငယ်ဖြစ်၍ အရီးတော် စပ်ဖူးပါသည်။

နောက်ရှင်ကြင်ဥ၏ တတိယ ခင်ပွန်းမှာ ယင်းတောဝန်ကြီး၏ အဖေ့ညီ ဘဒွေးတော်နှင့် သင့်မြတ်ပြန်ပါ သည်။ သို့အတွက် ယင်းတောဝန်ကြီး၏ ဒွေးလေး (မိဒွေး)တော်စပ်ခဲ့ဖူးပြန်ပါသည်။ ၎င်းင်းခင်ပွန်းသေဆုံး သွားသော အခါ နောက်ဆုံး ရှင်ကြင်ဥသည် ယင်းတောဝန်ကြီးနှင့် အကြောင်းပါပါသည်။ ဒါကို ရွှေဘိုမင်း တရားကြီး က ယင်းတောဝန်ကြီးအား ခဏခဏ ဆွေမျိုးစပ်မေးကာ ရယ်သွမ်းသွေးလေ့ရှိပါသည်။

သည်မျှနှင့်ပင် အားမရသေးဘဲ တစ်ခါသော် အနောက်နန်းမိဖုရားမြကလေး၏ ကျေးကျွန်လည်းဖြစ်သူ မင်း တိုင်ပင် အမတ် ဦးဖျော်အား ရွှေဘိုမင်းတရားကြီးက အမိန့်တော်ရှိသည်။ ” ဟေ့ … မောင်ဖျော်ရဲ့၊ ယင်းတော ဝန်ကြီးရဲ့မယား ဝန်ကတော် ရှင်ကြင်ဥရဲ့ အိမ်ထောင်ဆက် အကြောင်းကို လျှို့ဝှက်ပုစ္ဆာ တေး ထပ်တစ်ပုဒ်ရေးစပ်ရမည်။ သည်တေးထပ်ပုစ္ဆာကို မင်းလက်ဝဲသုဒ္ဒရ၏သားဖြစ်သူ တရားသူကြီး ဦးအေးကို ဖော်စာ တေးထပ် ပြန်၍ ရေးသား ဆက်သခိုင်းတော်မူမည်” ဟု အမိန့်တော်မှတ်သည်။ ဒါကြောင့် မင်းတိုင် ပင်အမတ် ဦးဖျော်က အောက်ပါအတိုင်း တေးထပ်တစ်ပုဒ်ကို ရေးစပ် ဆက်သရပါသည်တဲ့။

မင်းတိုင်ပင်အမတ် ဦးဖျော်ရေးပုစ္ဆာတေးထပ်။ ဘဝငယ် မကူးသည်၊ မည်ထူးငယ် လေးကြိမ်၊ စံခန်းငယ် ရွှေအိမ်မှာ၊ ဆန်းတိမ်ပုံလေဝေ့၊ သင်္ခါရသူထွေသည်၊ နန်းရွှေ မြေပွင့်တဲ့ဓလေ့။ ဗုဒ္ဒဟူးနံပေါ်သည်၊ နာမံ တော်တွင်၍၊ တနင်္လာလက်တွေ့လို့ ရှေ့နောက်ကယ်စဉ်ကာ၊ ဂဠုန်နံ ထည့်ရောလို့၊ သဘောနျင့်တွေးချင့် စရာ။ သူပန်တဲ့ မလ္လာငယ်၊ နွမ်းခဝါ ရေကျမို့၊ လွန်းမရကွက်မမြင် ပုဆိုးနှယ်ပင်။ ဉာဏ်တွေးနှင့်ဆင်ခြင်၊ သိအောင်ပင် ဖော်စမ်းပလေး။

ဟူ၍ ဖြစ်ပါသည်။ ၎င်းင်းတေးထပ်ပုစ္ဆာကို မင်းတရားကြီးဘုရား အမိန့်တော်နှင့် မင်းလက်ဝဲသုန္ဒရ၏ သား ဖြစ်သူ တရားသူကြီး ဦးအေးက အောက်ပါအတိုင်း ဖော်စာ တေးထပ်ကို ပြန်လည်ရေးသားဆက်သရပါ သည်။

တရားသူကြီး ဦးအေးရေး ဖော်စာတေးထပ်။ စာတော်၏ အရကို၊ တွေးဆလို့ ဆင်ခြင်၊ ပထမသခင်၊ သည့် နြောက်လျှင် အရီး၊ မိထွေးဖြစ်တစ်ခါ၊ ကိုယ်နှင့်သာ ရောစပ်ကြပြီး။ သဘောနှင့် ထောက်ချိန် လျှင်၊ မှုပွေ လိမ်ရှုပ်ကြီး၊ ဖအေ့ညီတစ်သီးနှင့်၊ ဇနီးငယ် ဖြစ်ပြန်၊ အမေ့မောင် နှောင်းမွေးနှင့်၊ ချစ်ရေးငယ် ဆုံကြသည့် ကံ။ ခုနောက်မှ တစ်ဖန်၊ ကိုယ့်သက်နှံပြုပါလို့။ ယခုမှ သူတစ္ဆေ ဖြစ်ခဲ့ပြီလေ၊ ခဝါကျ လျှော်ရေလို၊ ရာကြီးနေ မှူးပေထင့်လေး။

ထိုအဖြေ တေးထပ်၌ ဗုဒ္ဓဟူးနံအရမှာ (၄) (ရှင်) ဖြစ်ပါသည်။ နောက် တနင်္လာနံက (၂) (ကြင်) ဖြစ်ပါသည်။ နောက်တနင်္ဂနွေနံ ဂဠုန်က (၁) (ဥ)ဖြစ်ပါသည်။ သုံးခုပေါင်းသော ရှင်ကြင်ဥ ဖြစ်လာပါသည်။ ၎င်းရှင် ဥသည် …

ရှေးဦးစွာ မူကား သခင်ဖြစ်ခဲ့သည်။ နောက် အမိ၏ မောင်ငယ်နှင့် အိမ်ထောင်သင့်၍ အရီးတော်သည်။ နောက် အဖ၏ ညီ ဘထွေးနှင့် သင့်၍ မိထွေးတော်သည်။ နောက် ကိုယ်တိုင် သင့်မြတ်ရာတွင် မယား ဖြစ်လာသည်။ နောက်သော် သေဆုံးရှာသည်။ ထို့ကြောင့် (ယခုမှာ သူတစ္ဆေဖြစ်ခဲ့လေပြီ) ဟု စပ်ဆိုခြင်း ဖြစ်ပါသည်။

ရွှေဘိုမင်းတရားကြီးသည် ယင်းတောဝန်ကြီးအား ဤရွှေ့ဤမျှပင် အရေးတယူ ကျီစယ်တော်မူတတ်ပါ သည်။ သို့မျှ အချစ်ကြီးစွာသဒ္ဓါ ယုံမှတ်သော မှူးမတ်ကြီးတစ်ပါးက သူ့အား သစ္စာဖောက် လိမ့်မည် ဟုလည်း မည်သည့်နည်းနှင့်မျှ မမျှော်လင့်၊ သံသယကင်း၍ အကြွင်းမဲ့ယုံကြည်တော်မူခဲ့သူ ဖြစ်ပါသည်။

ယင်းအကြောင်းနှင့် ဖော်ပြပါ ပုစ္ဆာတေးထပ် နှစ်ပုဒ်မှာ ဝန်ထောက်တော် ဝက်မစွတ်မြို့စား မင်းကြီး မင်းထင် မဟာစည်သူ၏ အထွေထွေကဗျာများ၊ မှတ်စုစာအုပ် အမှတ်(စ)၌ ရေးသားပါရှိသည့်အတိုင်း ထည့်သွင်း ဖော်ပြရခြင်းဖြစ်ပါသည်။

အချစ်ကြီးလျှင် အမျက်ကြီးတတ်သော သဘာဝအတိုင်း ထိုနေ့က ယင်းတောဝန်ကြီးအား ရွှေဘို မင်းတရားကြီး က ရှေ့တော်သို့ ခေါ်ယူမေးမြန်းစစ်ဆေးတော်မူပါသည်။ (ဘူးကွယ်)ခဲ့သော် အပြစ်ပေး ရန် မရည်ရွယ်ဘဲ နှုတ်ပြစ်တင်ရုံမျှနှင့် ပြီးသည့်ကိစ္စဖြစ်သည်။

သို့သော် ယင်းတောဝန်ကြီး သည် မုသားစကား ပြောရမည်ကို စက်ဆုပ်ရွံ့ရှာပုံ ရလေသည်။ မင်းတရားကြီး ကျန်းမာတော်မမူသည်က စ၍ နန်းတွင်းရေး အခြေအနေများကို ဘဝင်မကျနိုင်သူလည်း ဖြစ်သည်။ ထို့ကြောင့် ဒိုးဒိုးဒေါက်ဒေါက် ဟုတ်သလောက် မှန်သလောက်တွေကို ဖောက်ဖွင့်ထုတ်အန် ဝေဖန် တင်လျှောက်၍ ရဲရဲတောက် လင်းကျင်းပစ်လိုက်မည်ဟု ရည်စူးထားသူ ဖြစ်ပုံရလေသည်။

သို့ကြောင့် စံနန်းတော်ဦး မြောက်လှေကားအဆင်းတွင်ပင် ယင်းတောဝန်ကြီးအား ရွှေဘို မင်းတရားကြီး က…

” မောင်မင်းဟာ ပြည်မင်းသားထံ သွားရောက်၍ မြှောက်ထိုးပင့်ကော် နှင့် ခမည်းတော်ကို ပုန်ကုန်ရန် အားပေး နေသူတို့ အထဲတွင် ပါဝင်နေသည်လား” ဟူသော အမေးတော်ကို မိန့်ကြားလေသည်။

ဤသည်တွင် ရဲရဲတောက် စိတ်ထားနှင့် ယင်းတောဝန်ကြီးက ဖြေကြားတင်လျှောက်လိုက်သည်။

” မှန်လှပါ။ အရှင့် ရိပ်ရာတော်လွဲှလျှင် ပြည်ကိုယ်တော်ပဲ တိုင်းပြည်နိုင်ငံကြီးကို ထိန်းသိမ်းအုပ်စိုးနိုင်မည့် အရည်အချင်း ရှိသဖြင့် အားပေးသင့်၍ အားပေးမိပါကြောင်းဘုရား “

ဤလျှောက်တင်ချက်ကြောင့် မင်းတရားကြီး ဆတ်ဆတ်ခါမျှ အမျက်တော်ရှလေပြီ။

” ငါ ငုတ်တုတ်ရှိနေပါလျက်သားနဲ့ နွားရှေ့ထွန်ကျူးသဘောမသင့်သောအကြံကို နင် ကြံလေသပ။ ငါ့လှံ ကို နင် မကြောက်လို့အား ဟဲ့ … ယင်းတော” ဟု အပါးတော်မှ လက်စွဲတော် လှံကို ကိုင်စွဲလျက် မျက်နှာထား ကြီးကြီးနှင့် ယင်းတောဝန်ကြီးအား ကြည့်၍ မိန့်ကြားတော်မူလိုက်သောအခါ ယင်းတောဝန်ကြီး က ငုံ့၍ ခစား နေရာမှ ကိုယ်ကို မတ်ထားပြီး …

” အရှင့်လှံတော်ထက် တိုင်းပြည်ပျက်မှာကို ပိုလို့ ကြောက်မိပါဘုရား “ဟု လျှောက်ထားလိုက်သည်နှင့် တစ် ပြိုင်နက် … ” သယ် … စော်ကားလှတဲ့ ငမိုက်သား သွားရော့ဟဲ့ “

ယင်းတောဝန်ကြီး ၏ ပြတ်သားသော အဖြေအတွက် လျှပ်တစ်ပြက်အတွင်း ဒေါသအမျက် ပြင်းစွာ ထွက်လာ သော ရွှေဘိုမင်း၏ လက်သုံးတော် လှံတော်သည် ယင်းတောဝန်ကြီး၏ ရင်ဝတည့်တည့်၌ စိုက်မိပြီး ဖြစ်သွား သတည်း။

မင်းခစား မှူးမတ်အများလည်း ပြားပြားဝပ် ဖိန့်ဖိန့်တုန်မျှ ရှိနေကြလေသည်။

ယင်းတောဝန်ကြီး၏ အနေအထားမှာလည်း ခစားရင်းမှ ရင်ဝလှံစိုက်လျက် ပက်လက် နောက်ပြန်လဲ၍ သွေး ရဲရဲ ပန်းထွက် နေရှာတော့သည်။

အမိန့်တော် နှင့် မင်းမှုထမ်းများအား ယင်းတောဝန်ကြီးကို စံနန်းတော်အပြင်သို့ သယ်ယူသွားစေရာ လက်ဝဲ ဝင်းတံခါး အပြင်သို့ ရောက်လျှင် ယင်းတောဝန်ကြီးခမျာ အနိစ္စရောက်ရှာလေတော့သည်။

ရွှေဘိုမင်းတရားကြီး သည် မိမိလက်ချက်ဖြင့် သွေးပွက်ပွက်ယိုကာ ဇီဝိန်ချုပ်ရရှာသော ယင်းတောဝန်ကြီး ကိစ္စနှင့် စိတ္တဇ ဝေဒနာတော်သည် ပို၍ လှုပ်ရှားပြီး အထွတ်အဖျားတိုင် ရောက်ခဲ့ရသည်။

သမားတော် များနှင့် မိဖုရားခေါင်ကြီးတို့က အခြေအနေ မလှသဖြင့် ဝင်ရောက်တွဲမ၍ အဆောင်တော် အတွင်း သို့ သွင်းလာခဲ့ရလေသည်။

ဝေဒနာက ပြင်းပြသော်လည်း မင်းရေး မင်းခွင့်ကလည်း မနည်းလှပါပေ။ သည်အတိုင်းနေ၍လည်း မဖြစ်၊ ကိစ္စ ရှိသမျှကို တိတိကျကျ ပြုကြရမည်သာ။ သို့ကြောင့် သားတော်ကြီး ပြည်မင်းသားအားလည်း ခေါ်ယူ စစ်ဆေးတော် မူရချိမ့်ဦးမည်။

ထို့ကြောင့် ရွှေဘိုမင်းတရားကြီးလည်း ထိုနေ့မှာပင် သားတော် ပြည်မင်းသားအား ရှေ့တော်ခစားဝင်ရန် အမိန့်တော် ချမှတ်ရပြန်သည်။

သားတော် ပြည်မင်းသား အိမ်တော်သို့ အခေါ်လွှတ်ရသော တပ်များကိုလည်း ကြည့်ပါဦး။

သားတော် ပြည်မင်းသားကြီး၏ စံအိမ်တော်ဝင်း အနောက်ပေါက်ဖြစ်သော ဧရာဝတီမြစ်ဆိပ်တွင် လှေတော် ဆင်းရေ တစ်ဆယ်၊ အမှုထမ်း ၄၀၀ နှင့် ရွှေတောင်မြို့ဝန် ကြီးကြပ်အုပ်ချုပ်၍ တစ်တပ်။

စံအိမ်တော်ဝင်း အရှေ့မျက်နှာနှင့် တောင်မျက်နှာများတွင် အမှုထမ်း ၅၀၀ နှင့် မြောက်ထားဝယ်ဗိုလ်၊ တောင်တွင်းကြီး မြို့ဝန် မင်းကြီး မဟာမင်းလှ မင်းခေါင်တင်၊ တောင်မာရဘင် သေနတ်ဗိုလ် မင်းကြီး မဟာ မင်းခေါင် နော်ရထာတို့ကို အစောင့်အနေထား၍ ခေါ်တော်မူခြင်းဖြစ်လေသည်။

သဘောမှာ ပြည်မင်းသားကြီးအား လက်နက်စုံညီညာနှင့် ရှစ်မျက်နှာဝိုင်းပြီး ခေါ်ယူရန် တပ်ထောင် တာခင်း ၍ လွှတ်ခြင်းပင်ဖြစ်ပါသည်။

ပြည်မင်းသားသည် ဤအသိုင်းအဝိုင်း၊ လက်နက်လူသူတွေ ရံဝိုင်း၍ ခေါ်ယူခြင်းခံရသည်မှာ ရာဇဝတ်ဘေး သည် မည်မျှ အလေးအနက်ရှိကြောင်း သိရှိနိုင်ပါသည်။

ယင်းတောဝန်ကြီး ခမျာ ခံလိုက်ရရှာပြီကိုလည်း တောမီးတမျှ တစ်မုဟုတ်ချင်း ပျံ့နှံ့ကြားသိရပြီးဖြစ်၍ မိမိနှင့် အတူ အိမ်တော်သူ အိမ်တော်သားအားလုံး ကြိမ်မီးအုံးတမျှ ပူဆာချောက်ချား ကြရလေပြီ ဖြစ်ပါသည်။

သည်တော့ မိမိအလှည့် ကြုံလာသည်မှာလည်း သက်သာရာရဖွယ်မမြင်ဟု ပြည်မင်းသားကြီး တွေးဆ ဆင် ခြင်သိမြင်ပြီးပင်ဖြစ်ပါလိမ့်မည်။

ခမည်းတော် ခေါ်တော်မူရာ လိုက်ပါသွား၍ အပြစ်ပေးခံရခြင်းထက် မိမိ၌ ရှိသမျှ အင်အားနှင့် ရုန်းကန် ထွက်ပေါက် ရှာသွားခြင်းသာလျှင် လွတ်မြောက်ရာ လမ်းစကို ရရှိတော့မည်ဟု နားလည်သည်။

သည်တော့ မူလ ကြိုတင် စီစဉ်ထားပြီးသော အစီအစဉ်အတိုင်း အရေးဆိုလျှင် အဆင်သင့် ဖြစ်စေရန် ပြင်ဆင် ထားသည့်အတိုင်း ထွက်ပေါက်ရှာ၍ ရုန်းထွက်ရန် တာစူရလေတော့သည်။

ယခင် ကြိုတင်စီစဉ် စုဆောင်းထားသော တပည့်ငယ်သား မင်းမှုထမ်းများသည် ပြည်မင်းသားကြီး၏ ဝင်း တော်အတွင်း မှာ စုပြီးသား၊ ရပ်တည်ပြီးသား အသင့်ရှိသလို အိမ်တော်သူ၊ အိမ်တော်သား၊ ခြွေရံ ကျေးကျွန် သင်းပင်းများနှင့် ကြင်ရာတော် ခဲပေါင်မြို့စား၊ သားတော် သမီးတော်အများ၊ ကိုယ်ရံတော်၊ လက်စွဲတော်၊ အိမ်တော်သားတို့ အဖို့လည်း အထုပ်အပိုး ပစ္စည်းအစုံနှင့် အသင့်အနေအထားတွင် ရှိနေ ပေသည်။

စံအိမ်တော်ဝင်းအတွင်း၌ အမှုထမ်းကျေးကျွန် စစ်သားများအပြင် ဆင်၊ မြင်း၊ လှည်း၊ နွားတို့လည်း တစ်တပ် တစ်အား စုဆောင်းပြီးသားဖြစ်နေသည်။

စံအိမ်တော်ကို ဝိုင်းရံထားသော ခမည်းတော် ရွှေဘိုမင်းတရားကြီး၏ တပ်များကလည်း အနောက်ဘက်၊ အရှေ့ဘက်၊ တောင်ဘက်တို့တွင် အင်အားက အတော်ကြီးမားနေသည်။

မြောက်ဘက် မျက်နှာကမူ ရှိသင့်သမျှ အစောင့်အနေချထားသည် မှန်သော်လည်း အခြား သုံးမျက်နှာ လောက် အင်အား မများလှကြောင်း သိရှိရသဖြင့် ထိုမြောက်မျက်နှာဝင်းဘက်ကို ဖောက်ထွက်ရန် ရည်ရွယ် သတ်မှတ်ထားကြလေသည်။

အခေါ်တော်များအား ခမည်းတော်ဘုရား အမျက်တော်ပွားမည်ဖြစ်၍ ရှေ့တော်သို့ ရုတ်တရက် အခစား မဝင်ဝံ့ သေးကြောင်း ကောင်းအောင် အဖြေရှာပေးထားရသော်လည်း ပြေးပေါက်ကို မျက်ခြည်ပြတ်မခံ၊ အကြံ ယူထားကြပြီးဖြစ်လေသည်။

ကြာရှည် အချိန်ဆွဲ၍ကား မဖြစ်နိုင်ပေ။ နောက်တစ်နေ့ဆိုလျှင် အခစား မဝင်ကောင်းလားဟု ရာဇဝတ်သား ေါ်သလို အတုပ်အနှောင်နှင့် ခေါ်ယူချင်လည်း ခေါ်ယူလာဦးမည်။ စစ်သည် တပ်မှူးများလည်း သည်ထက် အများများ ချထားပေလိမ့်ဦးမည်။ သည်တော့ကာ မကြာမီ ရက်မကူးမီ ဝိုင်းရံ ထားသော စစ်တပ်များကို ထိုး ဖောက်ရုန်းထွက်ကြရပေတော့မည်။

ပြည်မင်းသား၏ အိမ်တော်သူ အိမ်တော်သား အသိုင်းအဝိုင်း များကလည်း နည်းနည်းပါးပါး မဟုတ်၍ ထွက် ပေါက်ရစေရန် ခံစစ်နှင့်တစ်မျိုး၊ ထိုးစစ်နှင့်တစ်ဖုံ နည်းစုံအောင် ဘုရင့်တပ်တော်များကို တိုက်ခိုက် ရမှသာ ဖြစ်ပါမည်။

ထို့ကြောင့် ၁၂၀၇ ခု၊ ဝါခေါင်လပြည့်ကျော် ၆ ရက်နေ့ ညဉ့်တစ်ချက်တီးအချိန်တွင် ပြည်မင်းသားကြီး၊ ကြင် ရာတော်၊ သားတော်၊ သမီးတော်၊ အိမ်တော်ဝန်၊ အမှုထမ်း၊ အရာထမ်း၊ အရာရှိ ကိုယ်ရံတော်၊ ကျေးကျွန် အပေါင်းအသင်းတို့နှင့်အတူ အိမ်တော်၏ အရှေ့မြောက်ဝင်းထရံကို ဆင်တော်နှင့် တိုက်ဖောက် ပြီးလျှင် ထွက်ကြသည်။

အိမ်တော်အတွင်းဝန် အမြင့် အလ္လာကပ္ပ နှစ်မြို့ဝန်၊ လက်စွဲခေါင်းမင်းလှမင်းတင် နော်ရထာကို နောက် တပ်ခံပြု ၍ ဝိုင်းဝန်းထားသော ခမည်းတော်၏ တပ်တော် ရဲမက်ဗိုလ်ပါများကို ခုခံတိုက်ခိုက်လျက် ထွက်ပေါက် ရခဲ့လေသည်။ သို့ကြောင့် ပြည်မင်းသားတို့ အုပ်စုသည် မတ္တရာလမ်းမှနေ၍ ရှမ်းပြည် မိုင်းလုံ နယ် အရောက် ထွက်ခွာလာခဲ့ကြပေတော့သည်။

ရွှေဘိုမင်းတရားကြီးသည် သားတော် ပြည်မင်းသားနှင့် အိမ်တော်သူ အိမ်တော်သားတို့ ခြွေရံကျေးကျွန် များနှင့် တကွ အိမ်တော်ဝင်းထရံကို ဆင်တော်နှင့် ထိုးဖောက်၍ နောက်ပါတပ်များ ဝိုင်းဝန်းထားသော ဘုရင့် တပ်မတော်တို့ကို တိုက်ခိုက် ထွက်ခွာသွားကြောင်း ကြားသိရတော်မူသောအခါ ယခင် အမှုစစ်ဆေး စုံစမ်းဆဲ ဖြစ်သော အဝမြို့ဝန်၊ ညောင်ပင်ကြီးဗိုလ်၊ စစ်ကိုင်းဗိုလ်၊ ဗိုလ်နက်ကျော်နှင့် ဆင်ဝန်တို့အား ဘုရင့် ကျေးဇူးသစ္စာတော်ကို မစောင့်ထိန်း၊ မဖြောင့်မမှန်ကြံသူများဖြစ်ကြသည်။ ရှေ့အဖို့ရာလည်း အဖြောင့် အမှန် စေသုံး၍ ရတော့မည် သူများ မဟုတ်သည့်အတိုင်း ကွပ်မျက်သုတ်သင်စေဟု အမိန့်တော် မှတ်လိုက်သည်။

ပြည်မင်းသားအတွက် အသက်သတ်ရပေါင်းကား အတော်များခဲ့လေပြီ၊ နောင်အခါလည်း မည်သူများ ဓားစာခံ ဖြစ်ကြလေဦးမည်နည်း၊ ဇာတ်လမ်းကလည်း မပြီးဆုံးသေးပေ။

ရွှေဘို မင်းတရားကြီးသည် သားတော် ပြည်မင်းသား ထွက်သွားရာ နောက်သို့ လိုက်လံ ဖမ်းဆီးစေရန် တပ်တော် များကို ဆင့်ဆိုစေလွှတ်တော်မူပြန်ပါသည်။ ထို့ကြောင့် အမိန့်တော်အတိုင်း သွားရသော တပ်တော်များမှာ …

၁။ စီးတော်မြင်းဝန်၊ တောင်မာရဘင် သေနတ်ဗိုလ် လေးဗိုလ်ကို အမှုထမ်းလူ ၃၀၀ ပေးအပ်၍ လိုက်လံ ဖမ်းဆီးစေသည်။

၂။ မြောက်ထားဝယ်ဗိုလ် တောင်တွင်းကြီးမြို့ဝန်သို့ အမှုထမ်း ၃၀၀ ပေးအပ်၍ နောက်ထပ် တပ်ဖြည့်တင်း ချီတက်လိုက်သွားရသည်။

၃။ ရှေ့ဝင်းတော်မှူး မင်းကြီး မဟာမင်းခေါင်ရာဇာအား အမှုထမ်းလူ ၃၀၀ ကျော်နှင့် တပ်ဖြည့် ချီတက်စေ သည်။

၄။ သားတော် ပုဂံမင်းကို အလုံးအရင်း အမှုထမ်းများ ပေးအပ်၍ အချုပ်ခန့်ထားပြီးလျှင် မတ္တရာကြောင်း တပ်ဖြည့်ချီတက်စေ၍ မတ္တရာမြို့က ရပ်နေစေသည်။

၅။ သားတော် ပန်းတိန်းမင်းသား၊ သားတော် မင်းတပ်မင်းသားတို့ကိုလည်း သားတော် ပုဂံမင်း တပ်တော် တွင် ၎င်းတို့၏ အမှုထမ်း ကျေးကျွန်များနှင့် လိုက်လံ တာဝန်ထမ်းဆောင်ကြရလေသည်။

အမှတ် ၁-၂-၃ တပ်တော် သုံးတပ်သည် မိုင်းလုံမြို့အရောက် စစ်ကြောင်း သုံးကြောင်းခွဲ၍ ချီတက်ကြလေ သည်။

ရှေ့က ချီတက်သွားပြီး ဖြစ်သော ပြည်မင်းသားနှင့်အတူ ကြင်ရာတော် သားတော်ငယ်များ အခြွေအရံ တပ်များလည်း နောက်လိုက် ဖမ်းဆီးသူ တပ်သားများထက် အလျင်စောစွာ ထွက်ခွာလာကြရသူများဖြစ်၍ မတ္တရာကြောင်း ချီတက်ရာမှ မိုင်းလုံနယ် အရောက်တောက်လျှောက် ချီတက်နေပြီ ဖြစ်ကြလေသည်။ တော တောင်ကန္တာရလည်း ကြမ်းတမ်းသည်။ မိန်းမသားများနှင့် သားငယ် သမီးငယ် နုနယ်သူ တွေ ကလည်း အများအပြား ပါသောကြောင့် တစ်တောဝင် တစ်တောင်တက်နှင့် ခရီးသွက်မှု နှောင့်နှေးလျက် ရှိကြလေ သည်။

သို့သော် ထွက်ခွာလာချိန်က ဦးမိနေသောကြောင့် ဖမ်းဆီးရန် လိုက်လာသော တပ်တော်များနှင့် အလှမ်းဝေး နေပေသေးသည်။

ပြည်မင်းသားနှင့် တပ်တော်သည် မိုင်းလုံမြို့သို့ ဝင်ရောက်မိနိုင်စေခြင်းငှာ တောလမ်းမှ တရကြမ်း ချီတက် ရန် ဖြစ်သော်လည်း သားငယ် သမီးငယ်များကို ငဲ့ညာလျက် ခရီးမသွက်နိုင် ရှိရာမှ နေပြည်တော်က ပထမ ရှေးဦးစွာ စေလွှတ်ခြင်းခံရသော စီးတော်မြင်းဝန် တောင်မာရဘင် သေနတ်ဗိုလ်၊ လေးဗိုလ်၏တပ်နှင့် တစ်စ တစ်စ နီးလာနေပြီဖြစ်သည်။

လေးဗိုလ်တပ် ကလည်း ခရီးကြမ်းနှင်ကာ တာဝန်ကို မခိုမကပ်မရပ်မနား ထမ်းဆောင်ကြသူများပီပီ၊ ပြည် မင်းတပ် ကို မီလုမီခင် လိုက်လာလေသည်။

ဒုတိယ စေလွှတ်ခြင်းခံရသော မြောက်ထားဝယ်ဗိုလ် တောင်တွင်းကြီးမြို့ဝန် ဦးစီးသော တပ်တော် ကတော့ လေးဗိုလ်တို့ တပ်လောက် ရှေ့လောမကြီးဘဲ ခပ်မှန်မှန်သာ ချီတက်ဆဲဖြစ်လေသည်။ တစ်ခုလည်းရှိပါသည်။ တောင်တွင်းကြီးမြို့ဝန်သည် ပြည်မင်းသားကြီး လွတ်မြောက်သွားခြင်းကို တစ်ဖက် တစ်လမ်းမှ လိုလားသယောင်ယောင်ရှိ၍ ဘုရင့်အမိန့်တော်ကို ဦးခေါင်းထိပ်မှာ ရွက်လာရသူ ဖြစ်သည့်တိုင် အောင် ပြည်မင်းသားကြီး တိမ်းရှောင်လွတ်မြောက်နိုင်ရန် အချိန်ရနိုင်သမျှ ရစေခြင်းငှာ မိမိတပ်ကို ခပ်အေး အေး လေးလေးဖင့်ဖင့် ချီတက်စေခဲ့သည်။ စစ်စခန်း ချခြင်းလည်း အနည်းငယ် စိပ်စေသည်။ အချို့ ခရီးမှာ တစ်နေကုန် မချီတက်စေဘဲ နေ့တစ်ဝက်ခန့် ချီတက်ပြီးနောက် ရောက်ရာအရပ်၌ ရုတ်တရက် အကြောင်း တစ်ခုခုပြ၍ စခန်းချ ရပ်နားလိုက်ပြန်သည်။ သို့ကြောင့် ပထမ ချီတက်သူ လေးဗိုလ်တပ် နှင့် တောင်တွင်းကြီး မြို့ဝန်၏ ဒုတိယတပ်သည် အပြတ်အသတ် အလှမ်းကွာနေသည်။

တောင်တွင်းကြီးမြို့ဝန်၏ ရည်ရွယ်ချက်မှာလည်း ခမည်းတော်နှင့် သားတော် ပြည်မင်းတို့ အရေးအခင်းတွင် သူ၏ စိတ်ထားမူမှန်ကို ဖော်ပြရမည်ဆိုလျှင် ဘုရင်မင်းက ဝေဒနာတော် ရနေပြီး သက်ရွယ်ကြီးရင့်သူ၊ သား တော် ပြည်မင်းက မင်းပျိုမင်းလွင် ရာဇပလ္လင်ကိုလည်း ဆက်ခံထိုက်သူ၊ အဖေ နှင့် သားတော်တို့ နှစ်ဦးတွင် နောင်ရေးတွေးလျှင် တိုင်းပြည်ဘက်က တည့်တည့် မတ်မတ် ရပ်ရလျှင် ပြည်မင်းသားကိုပင် ဆန္ဒပေးလိုရင်း စိတ်ရှိသည်။ သို့ကြောင့် ပြည်မင်း လွတ်မြောက်ရေးတွင် မိမိတပ်က ဖေးဖေးမမ ပြုသည့်ပမာ အချိန်ကို လေးကန်စွာဆွဲ၍ လိုက်လာခဲ့ခြင်းဖြစ်ပါသည်။

လေးဗိုလ် တို့ ပထမတပ်ကတော့ ခမည်းတော်နှင့်သားဟူ၍ မစဉ်းစားဘဲ ပွဲကြီးပွဲကောင်းမို့ နာမည်ရအောင် ဆောင်ရွက်ကြပုံလည်းရလေသည်။

တောင်တွင်းကြီးမြို့ဝန်သည် ပြည်မင်းသား အိမ်တော်ကို ဝိုင်းစဉ်အခါကလည်း သူ တစ်နည်းနည်းနှင့် အကူ အညီ အဖေးအမ ပြု၍ ပြည်မင်းတို့ လွတ်မြောက်သွားရခြင်းသာဖြစ်ပါမည်။ သို့မဟုတ်လျှင် ဝင်းထရံ ကို ဆင် နှင့် ဖောက်ထွက်စဉ်အခါကပင် ဝိုင်းမိပြီး ဖမ်းမိပြီးဖြစ်ရမည်။ ထို့အတူ အခြေအနေအရ ခမည်းတော် ဘုရင် မင်းထံမှာ အမှုတော်ထမ်းနေကြရသူ မှူးမတ် စစ်ဗိုလ် စစ်ကဲများ ထက်ဝက်လောက်က သားတော်ပြည်မင်း ကို လိုလားငဲ့ညှာပုံရပါသည်။

တောင်တွင်းကြီးမြို့ဝန်သည် ယခင် မင်းတုန်းမြို့ဝန် မောင်ရွှေတုတ်အမှုနှင့် ဗန့်ကျီတိုက်ဝန် တလုပ်မြို့ဝန် တို့ကိစ္စ ပေါ်ပေါက်စဉ်အခါက ဘုရင်မင်းတရားကြီး၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေစွာနှင့် အမှုတော်ကို ဦးဆွေးဆံမြေ့ ထမ်းရွက်ခဲ့သူ ဖြစ်ခဲ့သလောက်၊ ယခု ခမည်းတော်နှင့် သားတော်တို့ ကြားတွင်မူ သူ၏ အယူ အဆအတိုင်း သားတော်ဘက်ကို ငဲ့ကွက်ညှာတာရင်း ရှိခဲ့သူဖြစ်နေလေသည်။

ဒါတွေကို ရွှေနန်းတော်ကြီးကလည်း နေ့စဉ် အစီရင်ခံစာများအရ မည်သူ ဦးဆောင်သော မည်သည့် တပ်တော်က မည်မျှ လှုပ်ရှားမှုရှိသည် မရှိသည်များကို စာရင်းဇယားနှင့်တွက်၍ ပြထားကြမည်သာဖြစ်ပါ သည်။

ပြည်မင်းသားနှင့် အခြွေအရံ ကျေးကျွန်အပေါင်းပါတို့သည် မတဲဒေးဝန်းမှ ရွှေတစ်ချောင်းရိုးအတိုင်း မတ္တရာ အရောက် ချီတက်ခဲ့သည်။ မတ္တရာမှတစ်ဆင့် ဆည်တော်၊ ကုလားကွေ့ စသော အရပ်များမှ တစ်ဖန် မိုင်းလုံ အရောက် ချီတက်ကြမည်။ မိုင်းလုံသို့လျှင် မိုးကုတ်၊ မိုးမိတ်နှင့် တစ်ရောတစ်ယှက်တည်းဖြစ်သည်။ လက်နက်လူသူ အင်အားလည်း ဖြည့်တင်းနိုင်သည်။ သားမယားများ ကျေးကျွန်အခြွေအရံများလည်း နားနေ ရပ်တည်ရန် တောတောင် ကာရံထား၍ လုံခြုံမှုရှိသည်။ ဝေဒနာသည် ခမည်းတော် တစ်သက်တာ အခိုက်အတန့်ကလေးမှာ မိုင်းလုံအရပ်မှ ရှောင်ကွင်း နားနေတော့မည်ဟူသော ရည်ရွယ်မှုရှိပုံရသည်။ ခမည်း တော်က လျစ်လျူရှုလျှင် ပုန်ကန် ခြားနားမှု မပြုလိုသေးပေ။ ခမည်းတော် အရိုက်အရာကို လွဲသွားလျှင်ကား ပုဂံမင်းသားလောက်ကို အမှုထားရန်မရှိ။ မိမိ၏ ရာဇပလ္လင်သည် အမရပူရ ရွှေမြို့တော်က ဘယ်ကိုမျှ ပြေး ထွက်ရှောင်ပုန်းနိုင်မည် မဟုတ်ဟူ၍ နှလုံးပြုထားသည်။

သို့သော် မတ္တရာမှနေ၍ ချီတက်ခဲ့ရာတွင် မိုင်းလုံသို့ မရောက်သေးဘဲ တောကြီးမျက်မည်းအလယ် အသွယ် သွယ်သော တောင်တန်းတောင်စွယ်များကို ဖြတ်ကျော်ကူးသန်း၍ ပင်ပန်းဆင်းရဲစွာ ချီတက် နေရဆဲပင် ဖြစ် ပါသည်။

အတူပါသူ ကြင်ရာတော် ခဲပေါင် ထိပ်ထားနှင့် သားတော် ငါးပါးတို့မှာလည်း အစားအနေမမှန်၊ တောအထပ် ထပ်၊ တောင်အတန်တန်တို့ကို ကျော်ဖြတ် ချီတက်ရဖန်များခဲ့ပြီဖြစ်သောကြောင့် ပင်ပန်း နွမ်းလျ ခြေကုန် ကြလေပြီ။ ဆင်နျင့် သွားရမည့်နေရာကို ဆင်နှင့်၊ မြင်းနှင့်မှ ဖြစ်လျှင် မြင်းနှင့်၊ လှည်းနှင့် သွားခွင့်ကြုံလျှင်လည်း လှည်းနှင့် … အဆင့်ဆင့် ကူးခဲ့ကြရာ၌ ရှေ့ပိုင်းများတွင် တောင်ပေါ်သွား လမ်းဖြစ်၍ လှည်းလမ်း မရှိရုံမက ဆင်လမ်း မြင်းလမ်းမျှ မသာပါက မိန်းမသားနှင့် ကလေးအရွယ် လူမမယ်များကို အထမ်းအပိုးနှင့် ခေါ်ရလေသည်။ ဤသို့သောအခါမျိုးမှာ ခရီးတွင်ကျယ်စွာ မရောက်နိုင် တော့ပေ။

အသေအကျေ မနားမရပ် တရစပ် ချီတက်လိုက်လာသော လေးဗိုလ်တို့ တပ်သည် ပြည်မင်းတပ်များ ပြေး ရာနောက် သို့ ခြေရာပင် ကောက်နိုင်လောက်အောင် နီးစပ်နေချေပြီ။ တောင်တွင်းကြီးမြို့ဝန်တို့ တပ် မှာတော့ သူမူနှင့်သူ နှေးနှေးကွေးကွေး လေးလေးပင်ပင်သာချီတက်လိုက်ပါလာလျက် ရှိပါသည်။

မတ္တရာမြို့တွင် တပ်စွဲထားသော ပုဂံမင်း၏ တပ်တော်မှာ မတ္တရာအေးရိပ်သာ၌ တည်ငြိမ်စွာ ရပ်တည်လျက် ရှိသည်။ သူ့အလုပ်ကား စစ်သုံးကြောင်းခွဲ၍ မိုင်းလုံကြောင်းချီတက်သွားသော စစ်တပ် တို့၏ အစီရင်ခံစာ များကို ရွှေမြို့တော် အမရပူရမြို့အရောက် ပြန်လည် အစီရင်ခံရသော အလုပ်သာ ရှိလေသည်။ ကျန်သော အချိန်တို့မှာမူ ပုဂံမင်း ဝါသနာပါလှသော ချိုး၊ ခါ။ ကြက်ငှက်များ ဖမ်းဆီး စုဆောင်းခြင်း၊ ကြက်တိုက်ခြင်းသာ ဖြစ်၍ ပုဂံမင်း၏ နောက်တော်ပါ တပ်သားများသည် ပုဂံမင်း၏ ကြက်တိုက်ပွဲ ပရိသတ်များ အဖြစ်နှင့် ကျင် လည်ကြရပြန်လေသည်။

ပုဂံမင်း၏ လက်စွဲတော်ကြီးဖြစ်သူ မောင်ဘိုင်ဆပ် (နောင်အခါ မြို့ဝန်ဘိုင်ဆပ်ဖြစ်လာမည့်သူ) ကလည်း မတ္တရာရွာနှင့် တောတစ်ဝိုက်က တိုက်ကြက်ကောင်းများ စုဆောင်းပေးသည်။ ခါတည်ခြင်း၊ ချိုးထောင်ခြင်း များ ကိုလည်း တောင်ခြေ တောစပ်သို့သွား၍ တပျော်တပါး ပြုလုပ်ကြသည်။ ရွှေမြို့တော်မှဆိုလျှင် မင်းနား တစ်ထောင်မို့ အတော်ဟန်ဆောင်ပြီး နေခဲ့ကြရသည်။ ယခုလို လွတ်လွတ်လပ်လပ် ခရီးထွက် လာကြသော အခါ ဇောင်းအတွင်းက လွှတ်လိုက်သော မြင်းပမာ အထိန်းအကွပ်မရှိ ကြိုက်သလောက် စိတ်ရှိလက်ရှိ ပျော် ပစ်လိုက်ကြသည်။ ပြီးတော့ တောစကားတောမှာ ပျောက်လိုက်ကြရမည်။

မတ္တရာ ဆိုသည် သစ်သီးသစ်နှံ ပန်းမန်ဥယျာဉ်များ ပေါများသောဌာနဖြစ်သည်။ မှိုင်းညို့ရီမျောင် မြရောင်သန်းနေသော အုန်းခြံကြီးများနှင့် ငှက်ပျောခြံကြီးများ ရံဝိုင်းနေသောကြောင့် အုန်းငှက်ပျောတို့ ပေါချင်တိုင်းပေါသည်။ ကွမ်းနှင့် ကွမ်းသီး၊ ကွမ်းသီးဖက်တို့ အများအပြား ထွက်ရှိသော အရပ်ဖြစ်၍ ကွမ်းခြံကြီးများ၊ ကွမ်းသီးပင်ခြံကြီးများက ကြီးမား ကျယ်ပြန့်လှသည်။ ကံ့ကော်၊ သရဖီ၊စကားစိမ်း၊ စကားဝါ စသော ပင်ကြီးပန်းတို့ကလည်း ပေါများလှ၍ မွှေးရနံ့က ကြိုင်လှိုင်သင်းထုံသော မြို့ကြီးဖြစ်သည်။ မတ္တရာ ကျော်စဉ်တဝိုက်မှာ ထန်းရည်ကြိုက်သူတို့၏ အကောင်းဆုံးသော သာမောဖွယ် ရိပ်သာကြီး ဟုလည်း ဆိုနိုင်ပါသေးသည်။

သို့ကြောင့် ပုဂံမင်းသားနှင့်တကွ နောက်တော်က ပေါက်ကျော်တို့မှာ မတ္တရာမြေက ခွာလေရမည်ကိုပင် စိုးရွံ့ နေကြသည်။ ပြေးလေသူပြည်မင်းသားကြီးအား ရုတ်တရက် ဖမ်းဆီးရမိ သွားမည်ကိုပင် မလိုလားသေး နိုင်အောင်ရှိခဲ့ကြသည်။

စင်စစ် ပြည်မင်းသားအား မေတ္တာစိတ် ထားလေသောကြောင့်ကား မဟုတ်ပါ။ သည်ပျော်စရာ မတ္တရာ သည်မြေ မှာ ရက်ရှည်ရှည်နေချင်၊ စည်းစိမ်ခံချင်ကြသောကြောင့်သာ ဖြစ်ပါသည်။

မည်သူ မည်သို့ရှိစေကာမူ အချိန်ကာလက ဆုံးဖြတ်ရသည်သာ နောက်ဆုံးအဖြေရကြမြဲ ဖြစ်ပါသည်။

ပုဂံမင်းအုပ်စုက မတ္တရာက မခွာလို၍ ရက်ရှည်နေချင်သည်။ တောင်တွင်းကြီးမြို့ဝန်က ပြည်မင်းသား ပြေးခွင့် ထွက်ပေါက်ရလေအောင်အချိန်ဆွဲ၍ ချီတက်နေသည်။ တစ်ပွဲတစ်လမ်းမျက်နှာရအောင်၊ နာမည်ကောင်း ရအောင် ကြမ်းလိုက်မည်၊ ရမ်းလိုက်မည် ဟူသော စိတ် ထားနှင့် အားကြိုးမာန်နွဲှ ချီတက် နေသူ လေးဗိုလ်တပ်တို့က တပ်ဦးတပ်ဖျားများသည် ကုလားကွေ့ခေါ် သောအရပ်ကိုပင် တပ်ဦးနင်းနိုင်ခဲ့လေပြီ။ ကုလားကွေ့နှင့် မိုင်းလုံစပ်ကြားရှိ တောတောင်ဂနိုင်အတွင်းမှာ တော့ ကြင်ရာ သက်ထား သားမယား ကျေးကျွန်တို့နှင့် တလူးလူး တလွန့်လွန့် ကြိုးကြိုးပမ်းပမ်း ခြေလှမ်းကို သယ်ယူ နေကြရသူ ပြည်မင်း၏ အုပ်စုများ ရောက်ရှိနေကြပြီဖြစ်သည်။ ခရီးကြမ်း ခရီးဆိုးတွင် တစ်တောဝင် တစ်ချုံလျှိုး၍ လာကြသော နေ့ရက်ကလည်း မနည်းတော့ပြီမို့ ကသီကရီဖြစ်လာခဲ့သော မိန်းမသားများ ကလေးငယ် များကို ငဲ့ကွက်ပြီး တောင်စောင်းလျှိုကောင်းကောင်းတွေ့လျှင် ခရီးတစ်ထောက် နားကြ ရသည်။ တောတိရစ္ဆာန်သစ်၊ ကျား၊ ပြောင်၊ ဆင်တို့ အန္တရာယ်နှင့် မြွေဆိုး၊ ကင်းဆိုးတို့၏ ဘေးကို လည်း ပြေးရင်းလွှားရင်း ကြည့်ရှောင်ကြရသေးသည်။

အထိန်းအယကိုယ်စီနှင့် ပါခဲ့သော ကလေးငယ်များကလည်း ဘာမျှ သိတတ်ကြသူများ မဟုတ်ရှာ၍ နို့ဆာ ရေဆာလျှင် တအာအာ ငိုရန်သာ တာစူနေကြသည်။

တောအုံချုံကမ်းကြီးရာမှ ချီတက်လာကြရသော်လည်း အသည်းအသန် ဆူညံမှုမျိုးကို မပြုဝံ့ကြပေ။ အပြေး နှင့်အလိုက်တွင် အပြေးသမားက ခြေကျလာသလောက် အလိုက်သမား လေးဗိုလ်တပ်သားများက တစ်စ တစ်စ ခြေသာ၍ လာလေသည်။ တဖြည်းဖြည်းနှင့် တပ်ချင်းနီးသည်ထက် နီးလာလေသည်။

ပြေးနေသောတပ်က လိုက်လာသောတပ်၏အနံ့ကို ရလာလေသည်။ ပြေးသူသည် ပုန်းလျှိုးရသူဖြစ်၍ အသည်းအသန် မပြုဝံ့သူ ဖြစ်သည်။ လိုက်သူ ဖမ်းသူတော့ ဟေးလားဝါးလားနှင့် တောခြောက်သံပေးရဲ သည်။ သို့ကြောင့် သူတို့၏ အသံနှင့် အနံ့အသက်ကို ရှေးက ပြေးနေရသူများက ရရှိသွားနိုင်ခြင်းဖြစ်သည်။

ဤသည်တွင် ပြည်မင်း၏ တပ်စုများသည် ရှေ့ခရီးကို တွင်အောင် သွားရမည်ထက် တောချုံကောင်းရာ အောင်း ၍ အသက်ရှူသံမျှ မကြားရအောင် လုံခြုံစေရသည်က တာဝန်တစ်ခု အပိုရလာကြပြန်သည်။ ဆင်သံ မြင်းသံများကို ထိန်းထားရသည်ကိုလည်း တစ်ကိစ္စ ဖြစ်ရပြန်သည်။ တိုက်ပွဲဝင်နေကြဖြစ်သော ဆင်များ မြင်းများသည် အသံထိန်းထားသော လေ့ကျင့်ခန်းများ သင်ကြားထားပြီးဖြစ်၍ ကျစ်လျစ်စွာ ရှိကြ စေကာမူ မတော်တဆ မဖြစ်ရလေအောင် နှုတ်သီးစွပ်ခြင်းဖြင့် ထိန်းကွပ်ရလေသည်။ ကလေးငယ်တို့ မငို မကြွေး စေရန်ကိုလည်း လူကြီးများ အထိန်းများက ကြိုးစား၍ စောင့်ရှောက်ကြလေသည်။

ဤနည်းအားဖြင့် ပြည်မင်းသားတပ်စုမှာ ခရီးဆက်၍ ထွက်ပြေးရန်ထက် တစ်စတစ်နီးလာသော လေးဗိုလ်တပ်ကို မျက်ခြည်ပြတ်ရန် ဘေးကိုပန်း၍ ချောက်ကမ်းပါးတစ်လျှောက်တွင် ခိုဝင်ပုန်းလျှိုးနေကြရ တော့သည်။

တောအုံ ချုံကမ်းကြီးရာ အရပ်တွင် အဆင်သင့်သလို ပုန်းလျှိုးခြင်းပြုရသော ပြည်မင်းနှင့် တပ်စုသားတို့ သည် တစ်ခါတစ်ရံ မိမိတို့ ရှေ့သို့ ကျော်လွန်သွားသော လေးဗိုလ်တပ်သားများကို တွေ့ရသည်။ တစ်ခါ တစ်ရံ လည်း ဘေးသို့ဖဲ့၍ တစ်ဘက် လှည့်သွားတတ်သည်။ ဤအခါ မျိုးတွင် တစ်ဘက်ပုန်းလျှိုးရာမှ ထွက်၍ ခရီးဆက်ကြရပြန်သည်။ ရှေ့ကင်းထောက် နောက်ကင်းထောက်များကလည်း ရန်သူနီးလျှင် နီးသည့် အလျောက် သတင်းပို့လာကြ၍ ရှောင်စရာ တိမ်းစရာ အချိန်ရနိုင်ပြန်သည်။ တစ်ခါတစ်ရံလည်း ချောက်တွင်း က သွားနေသော ပြည်မင်းတပ်သားများနှင့် တောင်ပေါ်လမ်းမှ ချီတက်သွားနေသော လေးဗိုလ် တပ်သားတို့သည် “မှာထားအလားသင့်” ဆိုပုံမျိုးလို ဘေးချင်းယှဉ်လျက် ချီတက်နေမိသည့်အခါများလည်း ကြုံရသည်ဟုဆိုပါသည်။

မိုင်းလုံ မရောက်ခင် တောတောင်အတွင်း ဤသို့ အပြန်ပြန်အထပ်ထပ် အပြေးနှင့်အလိုက် မတိုက်မဆိုင် တမ်း လမ်းလွဲှခဲ့နိုင်သည်။ ဆည်တော်နှင့် ကုလားကွေ့ကြားမှာသာ ဆိုပါက ဤမျှလောက် လွယ်ကူစွာ တိမ်းသာ ရှောင်သာခြင်းရှိခဲ့မည်မဟုတ်ပါလေ။

သို့သော် တောင်ကမ်းများကစောက်၊ ချောက်ကမ်းပါးများက နက်ရှိုင်းသော တောမြေရိုင်းနှင့် ဝနာဗွေတစ် လေဆာက် မှာ တပ်သားများကလည်း နာဖျားမကျန်း ဖြစ်လာကြသည်။ အားအင်ကုန်ခန်း ခြေပန်း လက်ပန်း လည်း ကျလာကြလေပြီ။ မိန်းမသားနှင့် ကလေးများအဖို့ကား ဆိုဖွယ်ရာမရှိ ဖြစ်တော့သည်။ သည်ကဲ့သို့ ဖြစ်ရပ်များပေါ်တွင် ပွဲကြီးပွဲကောင်းဝင်လိုသော လေးဗိုလ်တပ်က ဖျတ်လတ် လျင်မြန်နေခြင်းတို့နှင့် လက်ငင်း ရင်ဆိုင်နေရခြင်းက ဒုက္ခပိုကြီးလှသဖြင့် ကြာကြာခံနိုင်ရည်ရှိကြမည် မဟုတ်ပါပေ။

မတ္တရာမြို့တွင် တပ်စခန်းချရပ် စောင့်စားနေသော ပုဂံမင်းသားမှာမူကား ဝါသနာပါတော်မူရာ လုပ်ရပ် များကို တပည့်ငယ်ကျွန်များနှင့် စိတ်ဝမ်းချချ ကြိုးပမ်းနေရသဖြင့် ရွှေမြို့တော်ကြီးတွင် စံနေရသည် ထက် ပို၍ နှစ်ခြိုက်လေသည်။ ပြည်မင်းသား နောင်တော်အား အလျင်အမြန်ဖမ်းဆီးရမိသွားသည်ကိုပင် စိုးရိမ်စိတ် ဝင်ခဲ့မိသည့်အတိုင်း တပ်တော်များက ခပ်ဆိုင်းဆိုင်း ရှာဖွေနေစေချင်သည်။ ဒါမှ မတ္တရာမြို့တွင် ပျော်ရွှင်စွာ ရက်ရှည်စ့နေရပေမည်။ သို့သော် တပ်တော်တို့၏ သတင်းကိုကား နေ့စဉ် ရွှေနန်းတော် သို့ စစ်ကဲ တပ်မှူးတို့က အစီအရင်ခံစာပို့၍ နေရလေသည်။

တစ်နေ့မှာတော့ ပုဂံမင်းထံသို့ မိုင်းလုံကြောင်း ချီတက်သွားသော ရှေ့တန်းဖြစ်သည့် လေးဗိုလ်တပ်မှ အစီ ရင်ခံချက ်သတင်း ရောက်လာပါသည်။ ထိုသတင်းမှာ ပုဂံမင်းအကြိုက် မဟုတ်ပါလေ။