ကျွန်းဦးတည့်သံလျှက်ခုံ

ပြည်မင်းသားကြီး ဖမ်းမိလေပြီ

တင်းပို့ ရောက်လာသူသည် “မြေနုပဲ့နင်း ဇလကျော်ထင်” ဖြစ်ပါသည်။ ဇလကျော်ထင် မှာ စီးတော်မြင်းဝန်း လေးဗိုလ်တပ်မှ ရောက်လာသူ ဖြစ်ပါသည်။ သတင်း အစီရင်ခံလွှာကတော့ “စီးတော်မြင်း ဝန်းလေးဗိုလ်တပ် မှ ပြည်မင်းသားအား တပ်သုံးကြောင်းခွဲ၍ လိုက်လံရှာဖွေကြရာ၊ တောလမ်းခရီး၌ ပြည် မင်းသားအား လေးဗိုလ်တပ်က ဖမ်းဆီးရမိထားပြီးဖြစ်ကြောင်း” အစီရင်ခံလာခြင်းဖြစ်ပါသည်။

ဤတွင် ပုဂံမင်းသားမှာ မနေသာပြီ။ ခမည်းတော် ရွှေဘိုမင်းတရားကြီး ထံတော်သို့ မြေနုပဲ့နင်း ဇလကျော် ထင် နှင့် တကွ မိမိတပ်သားအချို့ကို ခမည်းတော်ဘုရားထံ စေလွှတ် လျှောက်ကြားစေရတော့သည်။

ကံဆိုးရှာသော ပြည်မင်းသားကြီးတို့၏ အသိုက်အဝန်းကား လေးဗိုလ်တပ်များ ဝိုင်းရံဖမ်းမိထားလေရာ၊ တောတောင် ကန္တာရ အလယ်တွင် ပင်ပန်းနွမ်းနယ်နေကြသူများပီပီ သည်တစ်ခါတော့ မပြေးမထွက်နိုင် လက်မှိုင်ချ ရတော့သော အခြေတွင် ရှိနေလေသည်။

သို့ကြောင့် မတ္တရာမြို့သို့ ရောက်အောင်ပင် ပင်ပန်းကြီးစွာ ခေါ်ယူလာခဲ့ကြရသည်။ လူတစ်သိုက် တစ်စု အား စစ်သည်တော်တပ်သား တစ်ပြုံလုံးက ဝိုင်းဝန်း ဖမ်းဆီးရမိထားခြင်းအတွက် ပြေးပေါက် ထွက် ပေါက်က ခက်ခဲ ကျပ်တည်းသွားလေပြီ။ မိန်းမသားနှင့် ကလေးငယ်များကိုလည်း ငဲ့ညှာနေကြ ရသေး သည်။

ပြည်မင်းသားတို့အား တောတွင်းမှ မတ္တရာမြို့အထိ ဖမ်းဆီးခေါ်ယူလာနေသောအချိန်တွင် နေပြည်တော် အမရပူရ သို့ ဇလကျော်ထင်နှင့်အတူ အတင်အလျှောက်လာသူတို့က ရွှေဘိုမင်းတရားကြီးထံတော် မှောက် သို့ ရောက်ကြလေပြီ၊ လျှောက်တင်ကြလေပြီ။ ရွှေဘိုမင်းတရားကြီးသည် နေ့စဉ်သတင်းပို့ချက် များ နှင့် တကွ ယခု လေးဗိုလ်တပ်မှ ပြည်မင်းသားကြီးအား ဖမ်းဆီးရမိထားပြီဆိုသော သတင်းစကား အစီရင်ခံချက် များကို ကြားတော်မူသောအခါ အမှုတာဝန်၊ အလုပ်တာဝန် ကျေကုန်သော စစ်တပ်နှင့် မကျေကုန် သော စစ်တပ် တို့ကို နှိုင်းဆ ချင့်တွက်တော်မူလေသည်။ လေးဗိုလ်တပ်သည် လျင်မြန် ဖျတ်လတ် ၍ လွှတ်အပ်သော မြား ကဲ့သို့ ဖြောင့်ဖြောင့်သွားလျက် လိုအပ်ချက်ပစ်ကွင်းကို ထိမှန်လေသည်။ စေသော ကျွန်၊ ထွန်သော နွားကဲ့သို့ အရှင့်အမှုတော်ထမ်းရွက်ရာ၌ လျင်မြန် ကျေကုန် လေသည်။

လယ်ပြင် ဆင်သွားသကဲ့သို့ ထင်ရှားသော ဖြစ်ရပ်တစ်ခုမှာ ရွှေဘိုမင်းတရားကြီး ရှေ့တော်ဝယ် ဘွားဘွား ပေါ်လာ ပြန်သည်။ ထိုဖြစ်ရပ်သည် တောင်တွင်းကြီးမြို့ဝန်၏ နှေးကွေးလေးလံနေသော ဖြစ်ရပ်ကြီး ပင်ဖြစ်နေ ပါသည်။

ပြည်စာမင်းသား ထွက်သွားရာသို့ လိုက်လံဖမ်းဆီးစေရမည်ဟု ခန့်ထားစေလွှတ်ထားသည့် စစ်ကြောင်းသုံး ကြောင်း မှ တပ်တော်များ အနက်က တောင်တွင်းကြီးမြို့ဝန် မင်းကြီး မဟာမင်းလှ မင်းခေါင်တင် ဦးစီးသော တပ်တော်သည် အရေးပျက်ပျက်ရှိသည်။ ချီတက်ရာ၌ ဖင့်နှေးလေးလံနေသည်။ ပြည်စားကို အမီ လိုက်လံ ဖမ်းဆီးမည်ဟု မကြံစည်ဘဲ တပ်စခန်းဖင့်နွဲှ၍ အကြံအစည် ကွေ့လည်ဆန်းပြား ရှိနေကြောင်း ကို ရွှေဘိုမင်း တရားကြီး သိရှိတော်မူသွားသောအခါ အမျက်တော်ပြင်းထန်စွာ ထွက်တော်မူ ရပြန်သည်။

မင်းတရားကြီး အမျက်တော်ရှိသည်ဟု ဆိုသည်နှင့် တစ်ပြိုင်နက် စီရင်ချက်က တစ်ပါတည်းကပ်၍ လိုက်ပါ လာခဲ့ ရလေသည်။ ထို့ကြောင့် ရွှေဘိုမင်းတရားကြီးသည် ရွှေဖဝါးတော်အောက်မှ ပန်းတဉ်းဝန် ရွှေလှံဗိုလ် မင်းကြီး မဟာမင်းကျော်သင်္ခယာနှင့် လက်စွဲတော်ကြီး ကရင်အုပ် မောင်ပုတို့အား အမိန့်တော်နှင့် တောင်တွင်းကြီး မြို့ဝန်ထံကို သွားရောက်ရမည်။ ရောက်ရာအရပ် တွေ့ရာအရပ်မှာပဲ တောင်တွင်းကြီး မြို့ဝန်အား အဆုံးစီရင်ခဲ့ရမည်။

စီရင်ရမည့် “ဓား”သည် တောင်တွင်းကြီးမြို့ဝန်ကို ပေးအပ် သနားထားတော်မူခဲ့ရင်းဖြစ်သော ကျောက်စီဓားနှင့်ပင် အဆုံးစီရင်ခဲ့ရမည်ဖြစ်သည်။ သို့ကြောင့် ပန်းတဉ်း ဝန် ရွှေလှံဗိုလ်နှင့် လက်စွဲတော် ကြီး ကရင်အုပ်မောင်ပုတို့သည် တောင်တွင်းကြီးမြို့ဝန်အား တွေ့မိရာအရပ် တွင် သင်း၏ ကျောက်စီဓား ကို သိမ်းယူပြီး ထိုဓားနှင့်ပင် သင်းအား အဆုံးစီရင်၍ ပြန်ခဲ့ရမည်ဆိုသော တစ် ချက်လွှတ် အမိန့်တော်ကို ဦးထိပ်၌ ရွက်ခဲ့ရသောကြောင့် ပန်းတဉ်းဝန် ရွှေလှံဗိုလ် မင်းကြီး မဟာမင်းကျော် သင်္ခယာနှင့် လက်စွဲတော်ကြီး ကရင်အုပ် မောင်ပုတို့မှာ နောက်ပါရဲဘက် လက်နက်ကိုင် တို့နှင့်အတူ တောင်တွင်းကြီး မြို့ဝန် တပ် ရှိရာသို့ အလျင်အမြန် ချီတက်လိုက်သွားကြရလေသည်။

ရွှေဘိုမင်းတရားကြီး၏ ဒုတိယ အမိန့်တော်မှာ ” အထက်က ခန့်ထားချီတက်စေသော တပ်တော် များကိုလည်း ပြည်မင်းသားကို ဖမ်းမိပြီဖြစ်သောကြောင့် သားတော် ပုဂံမင်းက ယင်း တပ်တော်များကို သိမ်းရုံးပြီးပြန်လာခဲ့ရမည်” ဆိုသော အမိန့်တော်ဖြစ်သည်။ အမိန့်တော်ကိုလည်း ဆိုင်ရာ ပုဂံမင်းသားရှိရာ မတ္တရာသို့ ပို့စေရမည်။ ပုဂံမင်းသားသည် ခမည်းတော်ဘုရား၏ အမိန့်တော်အတိုင်း တပ် တော်များကို သိမ်းရုံးလျက် ရောက်လာရမည့် လေးဗိုလ်တပ်သားများကို စောင့်ပြီး ဖမ်းဆီးရမိခဲ့သောနောင် တော် ပြည်မင်းသား ကိုပါ ယူဆောင်လျက် တော်သလင်းလဆန်း ၈ ရက်နေ့၌ နေပြည်တော် အမရပူရ မြို့တော်သို့ ပြန်လည် ရောက်ရှိခဲ့ရလေသည်။

ပြည်မင်းသားကို လိုလား၍ အာရုံထားမိရှာသော တောင်တွင်းကြီးမြို့ဝန်မှာကား ရာဇဝတ်သားတို့ သွားရာ လမ်း သို့ မြန်းရရှာလေတော့သည်။

ပြည်မင်းသားအတွက်နှင့် ပတ်သက်၍ ယင်းတောဝန်ကြီး အနိစ္စရောက်ရပြီးနောက် ဒုတိယမြောက် မှူးတော် မတ်တော်ကြီးတစ်ဦးဖြစ်သူ တောင်တွင်းကြီးမြို့ဝန်မင်း ရာဇဝတ် ရောက်ရပြန်ရှာသည်။

ပြည်မင်းသား ခမျာ မိသားစု ခြွေရံသင်းပင်းများပါ သုံ့ပန်းရာဇဝတ်သားပမာ နေပြည်တော်သို့ပြန်လည် ရောက်ရှိ ခဲ့ရရှာသည်။ ကံ မရှိလျှင် ဉာဏ်ရှိတိုင်း မအောင်မြင်နိုင်ပါကလားဟု သတိတရားရဖွယ်ရာလည်း ဖြစ်နေ ပါသည်။

ပြည်မင်းသားသည် ၁၂၀၇ ခု၊ ဝါခေါင်လပြည့်ကျော် ၆ ရက်နေ့ ထွက်သွားခဲ့ရာ ယခု ၁၂၀၇ ခု၊ တော်သလင်း လဆန်း ၈ ရက်နေ့တွင် ပြန်လည် ဖမ်းဆီးရမိခြင်းကြောင့် ပြေးရက် (၁၇)ရက်သာ ရှိသေး သော်လည်း ခရီး ကြမ်းတွင် ပင်ပန်းစွာ ပြေးရခြင်းများကြောင့် (၁၇)ရက်နေ့ ခြေကုန် လက်ကုန်ကျပြီး ခုခံ တွန်းလှန်ခြင်းအမှု၌ အင်အားချင်း မတူနိုင်၍ ခံလိုက်ရပုံရပါသည်။ ဖမ်းဆီးခံရ အဝိုင်းခံရသော အချိန်အခါ တွင် လာစဉ်ကလို လူ လည်းများလှပုံမရတော့ပါ။ နာဖျား သေကျေ၍ သော်လည်းကောင်း၊ မတတ်သာ သော အခါ မိမိတို့ ဘေးလွတ်ရာသို့ ဦးတည်ပြေးပုန်းကြရခြင်းများကြောင့်လည်း နောက်လိုက်နောက်ပါ များစွာ မကျန်ရစ်ဘဲ အိမ်တော်သား အနည်းငယ်နှင့် အမျိုးသမီး ရံရွှေအချို့သာ ကျန်နေပါတော့သည်။

ရွှေဘိုမင်းတရားကြီးသည် သားတော်ပြည်မင်းသားအတွက်နှင့် ဒေါသအမျက် ပြင်းစွာထွက်လေတိုင်း သေကျေ ရသော လူဦးရေသည်ကား အတော်များလှလေပြီ။ ယခုတစ်ဖန် သားတော်ကြီး ပြည်မင်းသားနှင့် သားမယား၊ ကျေးကျွန်ခြွေရံများကို ဖမ်းဆီးရမိလာသောအခါ အမျက်ဒေါသအလျောက် သူတို့ကိုလည်း တောက်လျှောက် သာ သတ်ဦးတော့မှာပေပဲဟူ၍ လူတွေက တွေးတောနေမိလေသည်။ ပြည်မင်းသားနှင့် သားမယား ခြွေရံတစ်စုအား သနားကြင်နာစွာ စုတ်သပ်နေကြလေသည်။ သို့သော် မင်းတရားကြီးသည် သားတော် ပြည်မင်းသားအား ရုတ်တရက်အားဖြင့် အပြစ်ပေးတော်မမူသေးပေ။ သားတော် ပုဂံမင်းအား ပြည်မင်းသား ကို အပ်တော်မူ၍ အစောင့်အနေ နှင့် ထိန်းသိမ်းသွားစေတော်မူပြန်ပါသည်။

ဤတွင် တွေးတောစရာတစ်ရပ်ဖြစ်စေသည်။ အခြား မှူးတော်မတ်တော်များ၊ အရာရှိများကိုမူ သားတော် ပြည်မင်း နှင့် ပတ်သက်လျှင် အမျက်တော်ရှိသမျှ သတ်ဖြတ်ခြင်း ခံကြရသလောက် ကာယကံရှင် သားတော် ပြည်မင်းသားအပေါ်တွင် ခမည်းတော်၏ ဒေါသစိတ် ခက်ထန်သလောက် အပြစ်မပြုရက်ဘဲ အချိန်ဆွဲ နေခြင်းက ကွင်းကွင်းကွက်ကွက်ပေါ်ထင်လျက် ရှိလေသည်။ စပ်ကြားက ဓားစာခံတွေ ဖျတ်ခနဲ ဖျတ်ခနဲ သေခဲ့ကြရသလောက် ပြည်မင်း အလှည့်သို့ ရောက်လာသောအခါ ကိုင်တွယ်မှု နှေးကွေးလာခြင်း ကား သားတော်ကြီး ကို ချစ်လွန်း၍ အပြစ်က လွတ်နိုင်သမျှ လွတ်ရလေအောင် ကြံဆောင်လို၍သာဟု အကဲခတ် မိလာကြပါသည်။

အထက် ဥက္ကလာပ စုန်တော်မူစဉ်က အပြန်၌ မန်းရွှေစက်တော်သွား၍ ဘုရားဖူးမိသော အပြစ် ကလေး ကြောင့် လွှတ်တက်မင်းသားကြီး အဆောင်အရွက်နှင့် တန်ခိုးအာဏာကို ဖြုတ်ချရုံမှတစ်ပါး ထူးခြားသော အပြစ်မပေး သည်ကိုပင် အပြစ်ပေးပုံ ကြီးလေးသည်ဟု ထင်ခဲ့ကြသည်။

ပြည်မင်းသားတွင် ထိုစဉ်က လွှတ်တက်မင်းသားကြီး တန်ခိုးအာဏာနှင့် အခြွေအရံ ဝန် အမှုထမ်း များ သာမက အတွင်းဝန် ဘဏ္ဍာစိုးနှင့် သံတော်ဆင့်များပင် ရှိခဲ့ရသည်။ လွှတ်တက်မင်းသားကြီး အဖြစ်က ရုပ်သိမ်း လိုက်သောအခါ ပြည်မင်းသား၌ သံတော်ဆင့် အတွင်းဝန်ဘဏ္ဍာစိုးတို့ မရှိတော့ပြီ။ ယခု နောက်ဆုံး အခြေအနေကား ပြည်မင်းသားကြီးနှင့် သားမယား အခြွေအရံ လက်ပါးစေအနည်းငယ်မျှသာ သုံ့ပန်း ရာဇဝတ် သားဘဝ၌ တည်ရှိနေရလေပြီ။

ပြည်မင်းသား၌ ခမည်းတော်၏ ရာဇဝတ်ဘေးကို ကြောက်ရွံ့၍ ထွက်ပြေးမိသည်က လွဲ၍ ခမည်းတော် အား ပုန်ကန်ခြားနားခြင်းဟူ၍ တစ်စွန်းတစ်စမျှ မပြုခဲ့သေးရိုးလည်း အမှန်ပင်ဖြစ်ပါသည်။

စိတ္တဇ ဝေဒနာရှင် ဖြစ်နေသော ခမည်းတော် ရွှေဘိုမင်းတရားကလည်း သားတော်ကြီးကို ချစ်ခဲ့သော အစွဲက ဦးနှောက်ထဲတွင် စွဲဝင်အမြစ်တွယ်၍ နေခဲ့သည်။ သို့ကြောင့် သားတော်ကြီး အပေါ်တွင် အပြစ် အလျောက် အမျက်တော် ရှိရသော်လည်း ရက်ရက်စက်စက် ပြုတော်မူရန် စိတ်တော်က လက်ခံနိုင်ပုံ မရခဲ့ပါပေ။ သို့ကြောင့် ကြားလူတွေသာ သေကြရသော်လည်း ပြည်မင်းသားကြီးမှာ ခမည်းတော်က ပြတ်သား သော ဆုံးဖြတ်ချက်ချရန် ဧကန်ဝန်လေးနေသောဟန်ပြလျက် ရှိပါသည်။

ယခုလည်း သားတော် ပုဂံမင်းထံ၌ ပြည်မင်းသားကြီးကို အပ်နှံထားပြန်သည်။ ယခင်ကလည်း သားတော် လတ် ပခန်းမင်းထံ ပြည်မင်းသားကို အပ်နှံခဲ့ဖူးလေသည်။

ယခု နောက်ဆုံး အမှုကိစ္စ၌ ပြည်မင်းသားကို သားတော် ပုဂံမင်းထံ၌ အပ်နှံ၍ အစောင့်အရှောက်နှင့် ထိန်းသိမ်း ထားခြင်းသည် သားတော်ကို အပြစ်မပေးလို၍ သွေးအေးအေးနှင့် တဖြည်းဖြည်း အမျက် ပြေရန် ကြိုးရှည်ရှည် နှင့် လှန်ထားခြင်းဖြစ်ကောင်းလည်း ဖြစ်နိုင်ပါသေးသည်။