သတ်စေ အမိန့်တော် ခွန်းမိန့်ချွေလေပြီ
ထိုအတောအတွင်း မင်းတရားကြီး၌ ကျန်းခန့်တော် မမူသော ဝေဒနာက တိုးတက်ခဲ့ရပြန်ပါသည်။ အမှန်စင်စစ် စိတ္တဇ လွန်ကဲ၍ အစားအိပ်အနေမမှန်ခြင်းများက ကိုယ်ကာယ ဝေဒနာကိုပါ တိုးတက်လာရန် အားအင် ဖြည့်တင်းပေးနေသကဲ့သို့ ရှိခြင်းကြောင့်ဖြစ်ပါသည်။
သို့ကြောင့် ရွှေဘိုမင်းတရားကြီးအား မိဖုရားခေါင်ကြီးနှင့် မင်းမိဖုရားများ၊ သားတော် ပုဂံမင်း၊ သားတော် မင်းတုန်းမင်း တို့နှင့် မင်းညီမင်းသား၊ မှူးတော် မတ်တော် ဆွေတော်မျိုးတော် တို့က ယခု ဒေးဝန်း တိုက်စံနန်း တော်တွင် ရာသီဥတု အရပ်ဒေသ စသည် မညီမညွတ် ဖြစ်သဖြင့် ထိုနေရာသည် အခိုက် အတန့် ယာယီ စံနန်းတော်ဖြစ်သည် တစ်ကြောင်း၊ ပြည်သူ လူအပေါင်းတို့သည် လုပ်စားကိုင်စားမှစ၍ စိတ်ဝမ်း မဖြောင့်၊ နှလုံးမချ၊ ပြင်လွင်ကျသည်တစ်ကြောင်းဖြစ်ပါ၍ နေပြည်တော် အမရပူရရွှေမြို့တော်သို့ ဝင်တော်မူ၍ သင့် လျော်သော ဆေးဝါးစသည်များကို ညှိနှိုင်းတိုင်ပင် ဆက်သရမှ ကိုယ်တော် ကျန်းခန့် သာယာတော်မူပါမည်။ ကိုယ်တော် ကျန်းခန့်သာယာတော်မူမှ တိုင်းနေပြည်သူ ရှင်လူသတ္တဝါအပေါင်းတို့ အကျိုးစီးပွားဖြစ်ထွန်းရန် ရှိကြောင်းတို့ကို တညီတညွတ်လျှောက်ထားကြသဖြင့် မင်းတရားကြီးက လက်ခံ သဘောကြိုက်ညီတော်မူလေသည်။
ထို့ကြောင့် သက္ကရာဇ် ၁၂၀၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၅ ရက်နေ့တွင် ရွှေဘိုမင်းတရားကြီးသည် မင်းမိဖုရား မင်းညီမင်းသား နှင့် မှူးတော်မတ်တော်အပေါင်း ခြံရံတော်မူပြီး မိဖုရားခေါင်ကြီးနှင့်အတူ ရွှေလှေတော် တွင် စီးနင်းတော်မူကာ မတဲဒေးဝန်းစံနန်းတော်မှ နေပြည်တော် အမရပူရ ရွှေနန်းတော်သို့ ဧရာဝတီ မြစ်ကြောင်း မှ ထွက်တော်မူခဲ့ကြပါသည်။
သားတော် ပြည်မင်းသား ကို ဖမ်းဆီးရမိသော ရက်မှာ တော်သလင်းလဆန်း ၈ ရက်ဖြစ်၍ ယခု ဒေးဝန်း စံနန်း တော်မှ နေပြည်တော် အမရပူရသို့ပြန်၍ ဝင်တော်မူသော နေ့သည် တော်သလင်းလဆန်း ၁၅ ရက်နေ့ဖြစ်ရာ ပြည်မင်းသား ရောက်၍ ရက်သတ္တတစ်ပတ်မျှ ဖြစ်ပါသည်။
ယခင် အမရပူရ ရွှေမြို့တော်မှ မတဲဒေးဝန်း ယာယီ စံနန်းတော်သို့ ထွက်တော်မူစဉ်အခါက ကုန်းလမ်းမှ ကြည်း ကြောင်း ချီတော်မူခဲ့သည်။ မင်းတရားကြီးက လှည်းယာဉ် စီးတော်မူ၍ မိဖုရားခေါင်ကြီးနှင့် သမီးတော် စုဖုရားကြီးတို့က ဆင်တော်နှင့် လိုက်တော်မူကြရသည်။
ယခု နေပြည်တော်သို့ ပြန်လည် ဝင်ရောက်တော်မူသောအခါ၌ ကုန်းလမ်းကြည်းကြောင်းမှ မဟုတ်မူ ရေကြောင်းမှ ရွှေလှေရွှေလောင်းများနှင့် ရေတပ်တော်ခြံရံ၍ ဝင်တော်မူပါသည်။
စင်စစ် အမရပူရရွှေမြို့တော်နှင့် မတဲဒေးဝန်ရပ်ဆိုသည်မှာ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းနှင့် တစ်ကြော တစ်စပ်တည်း ဖြစ်သည်။ ဂေါဝိန်ဆိပ်မှ နေ၍ အမရပူရမြို့သို့ ရေကြောင်းသွားလျှင် ရွှေကြက်ယက်ဆိပ်သို့ ကပ်ပြီး မှ အမရပူရမြို့တွင်းသို့ ဝင်လျှင် ရောက်သည်။ မြစ်ရေကြီးသောအခါများမှာမူ တက်သေးအင်းဆိပ်၊ ရွှေခဲရွာ ဆိပ်များမှာ လှေများကပ်နိုင်သောကြောင့် အမရပူရမြို့တွင်းဝင်ရန် ပို၍နီးပါသည်။
သို့သော် ယနေ့ ရေလမ်းမှ သွားသူများ မရှိသလောက်ဖြစ်ပါသည်။ မြစ်ရေကြီးသော ဝါဆို ဝါခေါင် ဆိုလျှင် ဖြင့် အိုးများ၊ ဖျာများ၊ ငှက်ပျောများ လာရောက်ရောင်းချသော ကုန်လှေများလောက်သာ ဆိုက်ကပ်လေ့ ရှိပါသည်။ ဒါတောင်မှ ရတနာ့ဂူ ဘုရားပွဲအခါများတွင်သာ များများတွေ့ရလေ့ရှိပါသည်။
ကုန်းလမ်း မှ ဆိုလျှင် မန္တလေးနှင့် အမရပူရမြို့မှာ ပို၍ တစ်ကြောတစ်စပ်တည်းနီးနေပါသည်။ မန္တလေး ဘုရားကြီး အောက်ကျင်းရပ်က ထွက်လျှင် ကြေးသွန်းရပ်၊ ဒေါနခြံရပ်မှ ဗားဂရာကွေ့၊ ၎င်းဗားဂရာကွေ့ ရောက် သည်နှင့် အမရပူရ မြေစပ်ကို နင်းမိတော့သည်။ ဖြောင့်ဖြူးသော ကတ္တရာစေး လမ်းမှ မော်တော်ကား၊ ဘတ်စ်ကား၊ မြင်းလှည်း၊ နွားလှည်း၊ စက်ဘီး၊ ဆိုက်ကားများက ရေစီးချောင်းသဖွယ် အလျဉ်မပြတ် ဥဒဟို သွားလာနေကြပါသည်။
အမရပူရမြို့ရိုးနှင့် နန်းတော်ရာများကို ယနေ့ လူငယ်ပိုင်းက ခန့်မှန်းနိုင်သူပင် မရှိသလောက် ဖြစ်ပါသည်။ အမရပူရမြို့ ၏ အုတ်မြို့ရိုးဆိုလျှင် လေးဘက်လေးတန်မှ တစ်ပေ တစ်လက်မမျှ မကျန်တော့ပါ။ လေးမျက်နှာ ကာရံထားသော ကျုံးဆိုလျှင်လည်း အရှေ့မျက်နှာ၌ ကျင်းချိုင့်ရာသာရှိပြီး မြောက်မျက်နှာ မှာ တစ်ချိုးတစ်ပိုင်းသာ ကျင်းချိုင့်အဖြစ်နှင့် ကျန်ရှိပါတော့သည်။
အကယ်၍ ရှေးခေတ် အမရပူရမြို့ကြီး၏ အကျ်အဝန်းကို ခန့်မှန်းလိုပါက ယနေ့ မပျက်မစီး တွေ့မြင်နေရ သေးသော မြို့ထောင့်စေတီကြီး ၄ ဆူကို ကြည့်၍ မြို့အကျယ်အဝန်းကို ခန့်မှန်းနိုင်ပါသေးသည်။
မြို့ထောင့် စေတီကြီး ၄ ဆူသည် ကံအားလျော်စွာ မပျက်မစီး ထီးထီးကြီး ကျန်နေသေးသဖြင့်သာ မြို့ရာ ကို ခန့်မှန်းစရာရှိတော့သည်။ ဘိုးတော်ဘုရားသည် ဤမြို့ထောင့် စေတီကြီး ၄ ဆူအား ထူးထူး ခြားခြား စိတ်ကူး တရ တည်ထားခဲ့ခြင်းကိုပင် ကျေးဇူးတင်စရာ ကောင်နေပေသေး၏။ မြို့တွင်းမှာဖြင့် တောချုံများ၊ ယာခင်း များသာ ယနေ့ ရှုခင်းအဖြစ် အလှပြနေကြပါတော့သည်။
၎င်းတောထဲ ချုံထဲ ယာခင်းထဲမှနေပြီး ထိုးထိုး ထောင်ထောင် ကျန်နေသေးသော အုတ်မျှော်စင်၊ ဘိုးတော် ဘုရား သချုႋင်းဂူ စသည်များသည် ဟောင်းနွမ်း ဆွေးမြေ့ညှိုးယ်၍ နေကြသည်ကို တွေ့နိုင်ပါသေးသည်။ မြို့ထောင့် စေတီမရှိသော ရတနာပုံ မန္တလေးမြို့၏ နန်းတော်ရာနှင့် မြို့ရိုးကျုံးမြောင်းတို့သည် မြန်မာ ရာဇဝင် သမိုင်း၏ နောက်ဆုံး လက်ကျန်အဖြစ် တည်ရှိနေ သေးလျှင် ရာဇဝင်၏ ဒုတိယ နောက်ဆုံးဖြစ်သော မြို့ထောင့်စေတီ ၄ ဆူ အတွင်းရှိ အမရပူရမြို့တော်ဟောင်း၏ လက်ကြွင်းလက်ကျန် ကလေးများကို သိမ်းလို့ ကောက်လို့ ရသမျှကလေးအား သည့်ထက်တိုး၍ မပျက်မစီးအောင် ထိန်းသိမ်း စောင့်ရှောက်ထားနိုင်ကြမည်ဆိုလျှင် နောင်လာ နောက်သား တို့အဖို့ ယုံတမ်းစကားဟု ထင်နေသော၊ အထင်သေး ခံနေရသော မြန်မာ့ရာဇဝင်သမိုင်း အပေါ်တွင် အတော်အတန် စိတ်ဝင်စားလေ့လာချင်စရာ ဖြစ်လာပါမည်။
ရန်ကုန် စာပို့မီးရထားကြီး မန္တလေးမြို့သို့ ဝင်ခါနီးလျှင် မြို့ဟောင်းဘူတာတစ်လျှောက်မှနေ၍ အနောက် ဘက်ကို ကြည့်လိုက်လျှင် တောင်သမန် အင်းကြီးနှင့်တကွ ကျောက်တော်ကြီး ပုထိုးတော်ကြီး စသော စေတီ ပုထိုးအများအပြား ခြံရံထားသော အမရပူရမြို့ မြို့နေရာဟောင်း မြို့ထောင့် စေတီ နှစ်ဆူနှင့် ကျုံး ဟောင်းကြီး များကို ပြတ်ပြတ်သားသား မြင်နေရပေသေးသည်။
ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှ စစ်ကိုင်းတောင်ရိုးတစ်ခွင်ရှိ ထုံးဖြူဖွေးဖွေး လှုပ်နေသော စေတီများ၊ အရှေ့ဘက် မှ ရှမ်းရိုးမ တောင်တန်းကြီးနှင့် ပေါင်းစပ်ကြည့်မည်ဆိုပါလျှင် အမရပူရမြို့ကြီး၏ အလှအပ များ သည် စိတ်ကူးယဉ် ပန်းချီကားတစ်ချပ်ကို ကြည့်နေရသည့်နှယ် ကြည်နူးဖွယ်ရာ ဖြစ်နေပါသည်။
ဒီအလှအပ သဘာဝများနှင့် ခြံရံထားသော တစ်ချိန်တုန်းက မြန်မာရာဇဝင်သမိုင်း ပြောင်ခဲ့သော မြို့ဟောင်း ကြီးအား ဆွီဒင်ပြည်မှ နာမည်ကျော် “အိုးပင်း အဲယား လေဟာပြင် ပြတိုက်ကြီး” တစ်ခု အလား အများပြည် သူတို့ အပန်းဖြေရာ သုတေသနပြုရာ လေဟာပြင် ပြတိုက်ဌာနကြီး တစ်ခုအဖြစ် မကြာ မတင် ရောက်ရှိလာ စေချင်သော ဆန္ဒသည် မြန်မာတိုင်းရင်းသားတိုင်း ပေါ်ပေါက်လာမည်သာ ဖြစ်ပါသည်။
အိုးပင်းအဲယားမြူဇီယံ ခေါ် လေဟာပြင် ပြတိုက်ဆိုသည်မှာ ရှိရင်း ရှေးဟောင်းလက်ရာ လက်ကြွင်း အကျန် အကြွင်းကလေးများကို သူ့အနေအထားအတိုင်း မပျက်မစီးအောင် စောင့်ရှောက် ပြသထားခြင်း၊ ပတ်ဝန်းကျင်၌ တောချုံပေါင်းမြတ် သစ်ပင်များ လွှမ်းမိုးဖျက်ဆီးခြင်း မရှိရန် ရှင်းလင်းစောင့်ရှောက် ထိန်း သိမ်းပေးထားခြင်း၊ မသမာသူများ၏ ရိုက်ချိုးတူးဆွ ဖျက်ဆီးခြင်းမှ လုံခြုံအောင် ကြီးကြပ် စောင့်ရှောက်ခြင်း များသာ စာရင်းဝင်ပါသည်။
အနည်းအကျဉ်း ကုန်သင့်သလောက် ကုန်ကျသည်မှတစ်ပါး အကြီးအကျယ် ကုန်ကျရန် မရှိပါ၍ ဖြစ်နိုင်စရာ လည်းရှိပါသည်။ ဤအနည်းအကျဉ်းကလေးမျှပင် ကုန်ကျစရိတ် ကာမိအောင် ပြုမည်ဆိုပါက နိုင်ငံခြားရှိ လေဟာပြင် ပြတိုက်များကို ဝင်ခပေးပြီး ကြည့်ရသော နည်းမျိုး (ယနေ့ တိရစ္ဆာန်ဥယျာဉ်ကို ဝင်ခပေးကြည့် ရသောနည်း)လို ပြုလုပ်နိုင်ပါသေးသည်။
ထိုနည်း အမရပူရမြို့တော်ဟောင်း လေဟာပြင် ပြတိုက်ကြီးဖြစ်လာမည်ဆိုပါလျှင် တောချုံများ ရှင်းလင်း၍ သာသာယာယာ ရှိအောင် ပြုထားခြင်း၊ ကမ္ပည်းဆိုင်းဘုတ်များ ထိုးထားခြင်း စသည့်ဖြင့် လိုအပ်သည် တို့ကို စီမံထားလျှင် သုတေသန လိုလားသော တိုင်းရင်းသားများ သာမက အပန်းဖြေ ထွက်လိုသူများနှင့် နိုင်ငံခြား ဧည့်သည်များလည်း စည်ကားစွာ ပေါ်ပေါက်ကြည့်ရှုကြရန် သေချာသော အကြောင်းတစ်ရပ်ဖြစ်ပါသည်။ လိုရင်း ပြန်ဆက်ကြစို့။ ဆိုအပ်ခဲ့ပြီးသောအတိုင်း သဘာ၀ အလှများနှင့် ခြံရံထားသော အမရပူရ ရွှေမြို့တော်ကြီးသို့ ရွှေဘိုမင်းတရားကြီးပြန်လည် ရောက်ရှိတော်မူသောအချန်၌ သားတော် ပုဂံမင်း ထံတွင် အပ်နှံထားသော သားတော်ကြီး ပြည်မင်းသားကိစ္စကို ပုဂံမင်းသားက ဦးစီး ကြီးကြပ်၍ အမှုသွားအမှုလာ အရပ်ရပ်တို့ကို စစ်ဆေးမေးမြန်းစေသဖြင့် ပုဂံမင်းသားသည် အမှုကို နေ့စဉ် နေ့တိုင်း အဆိုင်းခွဲ၍ စစ်ဆေးမေးမြန်းလျက်ရှိလေသည်။
အမှု စစ်ဆေးခန်းသည် ပြည်မင်းသားကြီး အိမ်တော်မှ ဝင်းထရံကို ဆင်နှင့် ဖောက်ထွက်စဉ်က စတင် ရလေ သည်။
စစ်ဆေးသော အဖွဲ့မှာ ပုဂံမင်းသားက ဦးစီးကြပ်မတ်ရသော်လည်း ပုဂံမင်းသား တစ်ဦးတည်းကား မဟုတ်ပေ။ လွှတ်တော်ဝန်ကြီးများအဖွဲ့နှင့် ပူးတွဲစစ်ဆေးရခြင်းဖြစ်ပါသည်။
စစ်ဆေးချက်များ၌ ပြည်မင်းသားကြီး မိုင်းလုံသို့ ထွက်ပြေးရန် အိမ်တော်ဝင်းကို ဆင်နှင့်ထိုးဖောက်ချိန်၌ ဆင်ဦးစီး သူ အစ ပါဝင်သမျှ ကျေးကျွန်လက်စွဲ ရဲမက် လက်နက်ကိုင်များနှင့် ရှေ့တပ် နောက်တပ် တိုက်ခိုက်ရာ ပါဝင်သူများ အားလုံး၏ အမည်စာရင်းကို တစ်ဦးမကျန် စိစစ်မေးမြန်းစစ်ဆေးနေခဲ့ရသည်။
နောက်ဆုံး လေးဗိုလ်တပ်မှ ဖမ်းဆီးမိချိန် ကျန်ရစ်သော နောက်လိုက် နောက်ပါ လက်နက်စွဲ လက်စွဲကျေး ကျွန်များ အထိ အင်အားအတက်အကျကို မိမိရရ စုံစမ်းသည်။
နောက်ဆုံး လက်ကျန် လက်ရင်းတိုက်ပွဲဝင် ကျေးကျွန်ရဲမက်များအား ကျပ်ကျပ်တည်းတည်းထား၍ စစ် ချက် တို့ ညှစ်ထုတ်သည်ဆိုမှ ရသမျှ စစ်ချက်တို့မှာတော့ ဒုတိယအကြိမ် ပြည်မင်းသားကို အားပေး အားမြှောက် ပြုနေသူများပင် ပါဝင်လာပြန်ပါသည်။
ပါဝင်သော အမည်များမှာ အနောက်နန်းမိဖုရား မြကလေးနှင့် မယ်တော် ပဲ့နင်းကတော် မယ်အိ အမှူး ထား သော ဟင်္သာတ-သာရဝေါ တစ်ဝိုက်က လူများ ဖြစ်နေပြန်သည်။
ပြည်မင်းသား မိုင်းလုံကြောင်းချီ၍ မိုင်းလုံ အရောက်တွင် အဆင်ပြေအောင် နေပြည်တော်မှနေ၍ တဖွဲဖွဲ အင်အာ းဖြင့် လိုက်ပါလာမည့် သူများသည် သာရဝေါနှင့် ဟင်္သာတက လူများဖြစ်သည်။ မိုင်းလုံက အင်အား တောင့်၍ ချီတက်လာလျှင် နေပြည်တော်တွင် ကျန်ရှိနေသော ပြည်-ဟင်္သာတ-သာရဝေါ အမှုထမ်း များက မြို့တွင်းမှ အတွင်းသူပုန် ထကြွရန် စီမံနေကြသည်။
နောက်ဆုံး အခြေအနေ မပေး၍ ပြည်မင်းသားအား သားသမီးအခြွေအရံနှင့်တကွ ဖမ်းဆီးရမိ လာသောအခါ လည်း ဇွဲမာန် မလျှော့ကြပါ။ ကြပ်မတ်ထိန်းသိမ်းထားသော ပုဂံမင်းသားလက်မှ ပြည်မင်းသားကြီး ကို လုယူ ပြီး နန်းတော်ကြီးကို စီးကြမည် ကြံစည်နေကြကြောင်း။
အကယ်၍ ဒေးဝန်း ယာယီနန်းတော်ကို မစီးနိုင်လျှင် အမရပူရ ရွှေနန်းတော်ကြီးကိုစီး၍ တစ်မင်းတစ်ဘုရင် ထူထောင် ရန် အကြံများ ယူနေကြောင်းများသည် အစစ်အဆေးခံ ရာဇဝတ်တရားခံတို့ထံမှ တစ်စတစ်စ ရ၍ ရ၍ လာကြသည်။
ယင်းသို့ စစ်ဆေးနေချိန်၌ ပြည်မင်းသားကြီးအားအထူးဂရုပြု၍ ကြပ်ကြပ်မတ်မတ် ပြုထားရသည်။ သား တော်ငယ် များနှင့် ကြင်ရာတော်တို့မှာပင် အကျယ်ချုပ် ဘဝမှ အကျဉ်းချုပ် ဘဝသို့ ရောက်နေကြ ရပြန်သည်။ အိမ်တော်ပတ်လည် ၌ ထူထပ်သော အစောင့်အကြပ်များ အဆင့်ဆင့်ချထား သည်။ ပွဲတော်ချက် များကိုပင် အဆောင်တော်နှင့် အိမ်တော်ပေါ်၌ မထားရဘဲ၊ ပွဲတော်အုပ်များကို အပြင်မှ လာရောက် ပို့ရသည်။ အခြွေအရံ အခိုင်းအယ တို့ကိုလည်း ကျပ်ကျပ်တည်းတည်း လျှောချထားသည်။ သား တော်ငယ်များအတွက် အထိန်းအချီ အနည်းငယ်သာ ထားရသည်။ ကြင်ရာတော် ခဲပေါင်ထိပ်ထား နှင့် သား တော်များသည် အဆောင်တံခါးများ အလုံပိတ်ထားသော အကျဉ်းထောင်သဖွယ် အခန်းငယ် တွင် နွမ်းနယ် စွာ စု၍ နေကြရရှာသည်။
ပြည်မင်းသားကြီး ကား တက်တခေါက်ခေါက်နှင့် စင်္ကြံလျှောက်၍သာ နေတော့သည်။
ပြည်မင်းသားကြီး၏ သားတော်များမှာ ခမည်းတော်နှင့် မယ်တော်တို့ မျက်နှာကို ညှိုးငယ်စွာကြည့်၍ နေ ရရှာသည်။ မိုင်းလုံကြောင်း ချီစဉ် အခါက ပင်ပန်းနွမ်းလျ လာခဲ့သမျှတို့သည် နေပြည်တော်သို့ ပြန်ရောက်ကြ ရာမှာလည်း မဖြေသာတော့ဘဲ အခန်းဆောင် ကျဉ်းကျဉ်းကလေးထဲ၌ စုပြုံကျပ်ခဲ၍ ရင်ထဲပူ လောင်လှစွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သက်ပြင်းရှည်ကြီးချ၍သာ အချိန်ကုန် ရရှာ တော့သည်။
သားတော် အကြီး နှစ်ယောက်သည် ဆယ့်သုံးလေးနှစ်သားဖြစ်၍ ရဲရဲတောက် သတ္တိခဲကလေး များ ဖြစ်သည်။ လောကအကြောင်း၊ ဒုက္ခသုခ အကြောင်းတို့ကို အတော်အတန် နားလည်ကြပြီး ဖြစ် သော်လည်း အငယ်များမှာ ဒုက္ခ ကို အကျွမ်းမဝင်ဘူး ရှာသူများပီပီ အနေအထိုင် အလိုမကျလျှင် တကျီကျီ ငိုကြွေး တတ် ကြရှာသည်။
ပထမ သားတော်အကြီးဆုံး သတိုးမင်းစောပင် အသက်အရွယ်က ၁၃ နှစ်သာ ရှိသေးသည်။ ဒုတိယသား တော် သတိုးမင်းဖျားက ၁၁ နှစ်၊ တတိယသားတော် သတိုးမင်းလှက ၈ နှစ်၊ စတုတ္ထသားတော် သတိုးမင်း တင်က ၆ နှစ်နှင့် ပဉ္စမ သားတော် အငယ်ဆုံးကလေးမင်းရဲသီရိရာဇာကျော်ခေါင် ထိပ်တင်တုတ်မှာ ၃ နှစ် ပင် မပြည့်သေး၍ နို့ထိန်းနှင့် နို့စို့နေဆဲဖြစ်ပါသည်။
ရှေးအခါကတော့ ယခုခေတ်ကဲ့သို့ နို့မှုန့်များ၊ နို့ဘူးများမပေါ်သေးသောကြောင့် နို့ထိန်းများကိုငှား၍ မိမိ ကလေးများကို နို့တိုက်ရပါသည်။ မိခင်ကိုယ်တိုင် နို့တိုက်ရန် မဖြစ်နိုင်သော အကြောင်းများကြောင့်လည်း နို့ထိန်း ငှား၍ နို့တိုက်ရပါသည်။
ဥပမာ၊ မိခင် မကျန်းမမာ၍သော်လည်းကောင်း၊ သားသမီးနီးကပ်သောကြောင့် ကလေးနို့မျက်မှာ စိုး၍သော် လည်းကောင်း၊ အလှအပ မပျက်လို၍ တစ်ကြောင်း၊ အစားမရှောင်စားလို၍ တစ်ကြောင်း၊ မိမိရင်သွေး ကို မိမိ နို့ချိုမတိုက်ကျွေးဘဲ နို့ထိန်းငှားတိုက်ကြသည်။ အများအားဖြင့် မင်းစိုးရာဇာများ၊ သူဌေးသူကြွယ် များက နို့ထိန်းငှားထားတတ်ကြသော်လည်း ဆင်းရဲသားပိုင်းကမူ မတတ်နိုင်၍ ကိုယ့်နို့ကိုပဲ ကိုယ် တိုက်ကြရပါသည်။
နို့ထိန်းအလုပ် လုပ်သူများသည်လည်း သားသည် မိခင်များသာဖြစ်ပါသည်။ သားသည် မိခင်များသာလျှင် နို့ထွက်သူ ဖြစ်၍ နို့ထိန်းအလုပ်ကို လုပ်ကြရပါသည်။ နို့ထိန်းငှားသူတို့ကလည်း အပြစ်အမျိုးမျိုးမှ ကင်းစင် သူများ ကိုသာ နို့ထိန်းငှားရမ်းမြဲဖြစ်ပါသည်။
မင်းညီမင်းသားများထံ နို့ထိန်းလုပ်ရသူများမှာသာ၍ပင် အရွေးအချယ်ခံရသူများဖြစ်ပါသည်။ တကယ့် အပြစ်ကင်းသူ တွေ ကျန်းမာသူလက်ရွေးစင်များသာ နို့ထိန်းအလုပ် ရွေးချယ် ခန့်ထားခြင်း ခံရမြဲ ဖြစ်ပါသည်။
မင်းသား သို့မဟုတ် မင်းသမီးတို့ကို နို့တိုက်ရသူ နို့ထိန်းသည် မိမိ ရင်သွေးအရင်းကိုလည်း နို့တိုက်ရသည်။ ကလေးနှစ်ယောက်ပြိုင် စို့နိုင်အောင် နို့ပေါသူဖြစ်ရသည်။ ” နို့လုံးရွှင်သည် လင်ပါစို့တော့ မကုန်တည်း” ဟူ သော ဦးပုည၏ စာဆိုနှင့်အညီ နို့အုံကောင်းကောင်းနှင့် နို့လုံးသန်သန်ထွက်သူဖြစ်ရသည်။ သူ့ကို နို့ထွက် အောင်လည်း နို့ရွှင်မည့် အစားအစာများကို ကျွေးရသည်။ ဥပမာ – နို့စားနွားမကြီးများကို နို့ကောင်းကောင်း ထွက်အောင် ဖွဲနု၊ နှမ်းဖတ် စသည့် အစာတွေ တဝကြီးကျွေးထား၏သို့ပါတည်း။
” ငါ ဘယ်မင်းသားနဲ့ နို့စို့ဖက်ကွ ” ဟု ကြီးလာသောအခါ ကြွားတတ်သော နို့ထိန်း၏ သားသမီးများ ရှိကြ သေးသည်။ သူတို့ကရှင်ဘုရင် သားမြေးများနှင့်လည်း ငယ်စဉ်က ကစားဖော် ကစားဖက် ဖြစ်ကြ၍ ကြီးလျှင် ရာထူးရာခံ ကောင်းကောင်းများ ရတတ်ကြသေးသည်။ ပုဂံခေတ်က ငရမန်ကန်းနှင့် စောလူးမင်း ကဲ့သို့ပင်။ နို့ထိန်းသည်ကလည်း နို့ငှားစို့သူ၏ ကလေးအား မိမိရင်သွေးသားသမီးများနှင့်မခြား ချစ်ခင် တွယ်တာပြီး သံ ယောဇဉ်ကြီးကြီး ထားတတ်ကြပါသည်။
ပြည်မင်းသား၏ သားထွေးကလေး ထိပ်တင်တုတ်ကို နို့တိုက်ရသူ နို့ထိန်းမယ်ပုသည် သူ့ကလေး မီးတွင်း က ဆုံးသွား၍ ထိပ်တင်တုတ် ကို လာရောက် နို့တိုက်ရသောအခါ ပို၍ လွတ်လပ်နေပါသည်။ ဒါကြောင့်လည်း သူ့မှာ ဝေငှချစ်စရာ သားသမီးအရင်း မရှိသောကြောင့် အချစ်သံယောဇဉ်သမျှကို သူ နို့ချို တိုက်ကျွေးရသော မင်းသားကလေး ထိပ်တင်တုတ် အပေါ်တွင် စုပုံပေးထားခဲ့သူဖြစ်ပါသည်။ မင်းသား ကလေးက နှစ်ခါလည်ကျော်ကျော် သုံးခါလည်နီးပါး မတ်တတ်ပြေးစဖြစ်သော်လည်း နို့ချိုကို မဖြတ် ရသေးဘဲ “နို့မေ – နို့မေ” ဟု ခေါ်ကာ ဇိမ်ဆွဲ၍ နို့စို့နေတတ်သေးသည်။ ထိပ်တင်တုတ်က မယ်တော် ရင်း ကိုလည်းသိသည်။ ချစ်သည်။ ” မယ်တော် ” ဟု ခေါ်တတ်သည်။ နို့ထိန်း ကို လည်း ချစ်သည်။ သူ့ကို နို့ တိုက်သူဖြစ်၍ “နို့မေ” ဟု ခေါ်လေ့ရှိသည်။
နို့မေက နို့ချည်းမတိုက်၊ ထိပ်တင်တုတ် ကို မတ်တတ်ပြေးမှ ထမင်းဆီဆမ်း ရွှေလင်ပန်းနှင့်လည်း ကျွေး တတ်သည်။ ထိပ်တင်တုတ်အသက် ၆ နှစ်သား ရှိသော် သတိုးမင်းတင်မှာလည်း သူ့အထိန်းတော်ကြီး က ထမင်းဆီဆမ်း ရွှေလင်ပန်းနှင့် ခွံ့နေကျဖြစ်သည်။
ထမင်းဆီဆမ်း ရွှေလင်ပန်းဆိုသည့်အတိုင်း မင်းသားကလေးမှာ ထမင်း ထည့်ကျွေးရသော ရွှေလင်ပန်းငယ် (ရွှေပန်းကန်ပြား) နှင့် ရွှေရည်သောက် ဖလားကလေးတွေ ကိုယ်စီနှင့် ဖြစ်ပါသည်။ သူတို့သာ မဟုတ် နန်း တော်ပတ်ဝန်းကျင် မင်းသား မင်းသမီးငယ်များသည် ရွှေပန်းကန်၊ ရွှေလင်ပန်း၊ ရွှေရေသောက် ဖလား ကလေးတွေ ကိုယ်စီနှင့် ထားလေ့ရှိပါသည်။ ရှေးအခါက ပန်းကန်ပြား မပေါ်သေး၍ မင်းစိုးရာဇာ တို့က ရွှေ ပန်းကန်၊ ရွှေဖလားသုံးသည်။ သူဌေးသူကြွယ်တို့က ငွေဇလုံ၊ ငွေဖလားများလုပ်၍ သုံးစွဲ ကြရသည်။ တစ်ဦး နှင့်တစ်ဦး လက်ဖွဲ့လျှင်လည်း ဒါမျိုးကလေးတွေနှင့် လက်ဖွဲ့ကြသည်။ သင်္ခါရ အတိုင်း ဆင်းရဲမွဲတေ အခြေ ပျက်လာတော့လည်း ဒါတွေကိုပဲ ထုခွဲရောင်းချစားသောက်ကြရပြန်ပါသည်။
ရွှေပန်းကန်၊ ရွှေဇွန်း၊ မိုးကြိုးပန်းကန်၊ မိုးကြိုးဇွန်းများသည် ယခုခေတ် ကြွေပန်းကန်၊ ကြွေဇွန်းများလို ကွဲရှ သွားခြင်း မရှိဘဲ တစ်သက်လုံး သုံးစွဲသွားနိုင်သော ပစ္စည်းများ ဖြစ်ကြသည်။ ဟိန္ဒူကုလားများ၏ ကြေးအိုး နှင့် ကြေးလင်ပန်း များကဲ့သို့ တစ်သက်လုံးသာမက သားစဉ်မြေးဆက် ဆက်လက် သုံးစွဲနိုင်သည်။
ရွှေသောက်ရေဖလား၊ ငွေသောက်ရေဖလားများနှင့် သုံးစွဲနိုင်သူတို့က သုံးစွဲ၍ ကြေးခွက်၊ ကြေးဖလား သုံး သူတွေကလည်း အများ။ နှီးရေခွက်များ၊ အုန်းမှုတ်ခွက်များလည်း အများပြည်သူတို့၏ ရေသောက်ခွက် များ ပါတည်း။ ယခုခေတ်ကဲ့သို့ ဖန်ထည်။ ဖန်ခွက်များ အလွယ်တကူ ဝယ်ယူသုံးစွဲရန် ဖန်ထည် များ မပေါ်သေး သောအချိန် ဖြစ်ပါသည်။ ပြည်မင်းသား၏ သားအငယ်ဆုံး ထိပ်တင်တုတ်နှင့် အထိန်း နို့မေတို့သည် ရွှေ လင်ပန်း၊ ရွှေဖလားတို့ကြောင့် ဒုက္ခများခဲ့ရပုံများကိုလည်း နောက်ပိုင်းတွင် ဆက်လက် ဖော်ပြသွားပါဦးမည်။
သို့နှင့် ပြည်မင်းသား အမှုကိုဆက်၍ စစ်ဆေးရန် အမိန့်တော်က ချမှတ်ပြီးသားဖြစ်၍ သက်ဆိုင်ရာ ပုဂံမင်း က အကြီးအကဲ အမှူးပြုပြီး တရားဌာန၏ ထုံးတမ်းစဉ်လာအတိုင်း ပါဝင်သူများကို တစ်ဆိုင်းပြီးတစ် ဆိုင်းစစ်ချက်များ ယူလျက်ရှိနေကြသည်။
ပုဂံမင်းကလည်း အလျင်စလို မဟုတ်လှဘဲ လူစေ့တက်စေ့ ထွက်ချက် ဟူသရွေ့ကို စုဆောင်းထားသည်။ သက်သေ အထောက်အထားထင်ရှားသော အပိုင်းကဏ္ဍများနှင့် မထင်မရှားသော အပိုင်းကဏ္ဍများကို သတ်သတ် မှတ်မှတ် မျဉ်းခတ်၍ ညွှန်ပြထားသည်။
ခမည်းတော်၏ အမိန့်အာဏာကြောင့် နောင်တော် ဟူ၍လည်း မနေသာနိုင်တော့ပေ။ အကယ်စင်စစ်အား ဖြင့်တော့ နောင်တော်ပြည်မင်းသားသည် သားတော်များတွင် အကြီးဆုံး ဖြစ်နေသော်လည်း ဘိသိက်ခံ ဖက် တောင်ညာစံ မိဖုရားခေါင်ကြီးက ဖွားမြင်သူ မဟုတ်ပေ။ နန်းရဆောင်ရ မိဖုရားကြီးတစ်ပါး၏ သားတော်ကြီး သာ ဖြစ်ပေသည်။ သို့ကြောင့် ရွှေနန်းစဉ်လာ ထုံးစံမှာက တောင်ညာစံ မိဖုရားခေါင်ကြီး၌ သား မရှိပါမှ အခြား တစ်ပါးမိဖုရားတို့က ဖွားသော သားတော်များက ထီးမွေ နန်းမွေ ဆက်ခံခွင့်ရပေမည်။
ယခုမှာ ပုဂံမင်း သည် တောင်ညာစံ မဟေသီ မိဖုရားခေါင်ကြီးမှ ဖွားမြင်သော သားတော် ဖြစ်သော ကြောင့် အသက်ပင် ငယ်၍ ညီငယ်ဖြစ်နေစေကာမူ သူသာလျှင် ထီးမွေ နန်းမွေ ခံခွင့်ရှိနေပေသည်။
ဤကဲ့သို့ ပုဂံမင်း က အလိုအလျောက် အခွင့်ရေးရပြီးနေသူဖြစ်သောကြောင့်လည်း နောင်တော် ပြည်မင်း မရှိမှ ငါ အိမ်ရှေ့မင်းဖြစ်ချိမ့်မည်ဟူသော အယူအစွဲမျိုးဖြင့် နောင်တော် ပြည်မင်းသားကို အပြစ်များများ ရရှိ စေခြင်းငှာ အဆင်းတွန်းရန် မလိုသောအခြေအနေတွင် ရှိနေပါသည်။
တစ်ကြောင်း မှာ ကလည်း ရွှေဘိုမင်းတရားကြီး၏ အမိန့်တော်နှင့် သားတော် ပုဂံမင်းကို အိမ်ရှေ့နှင်းရန် ရည် သန်ရွယ်စူးပြီး ဖြစ်သည့်အတိုင်း အိမ်ရှေ့မင်းတို့ စံနေရမည်ဖြစ်သော အိမ်ရှေ့ အိမ်တော်ကြီး တစ်ဆောင် ကို ဆောက်လုပ်ရန် စေခိုင်းတော်မူထားပြီးဖြစ်ပါသည်။
ယင်းအိမ်ရှေ့ဝင်းတော်ရာ၌ အိမ်ရှေ့ အိမ်တော်ကြီးကို ကြီးကြပ်ဆောက်လုပ်ရသူများမှာ ဝန်ထောက် သုံးဆယ်ကင်းစား မင်းကြီးမင်းလှ မဟာသီဟသူနှင့် သစ်တောဝန် နေမျိုးသူရ နော်ရထာတို့ဦးစီး၍ အသုံးစာရေးတော် တို့ဖြစ်ကြပါသည်။ ၎င်းအိမ်ရှေ့အိမ်တော်ကြီးမှာလည်း ယခုအခါ ပြီးစီးလုနီးသလောက် ရှိနေပါသည်။
သို့ကြောင့် နောင်တော် ပြည်မင်း၏ ပျက်စီးကြောင်း ရှေးရှု၍ ညီတော် ပုဂံမင်းသားက အတွန်းအတိုက် ပြုရန် မရှိ။ မနာလို ဝန်တို စိတ်ထားနှင့် မရိုးမသား ကြံစည်ခြင်းမပြု။ သူ့အမှုနှင့် သူ့အပြစ်သာ၊ အမှုသွား မှန်ရာ ပေါ် ပေါက်စေရန်တို့ကိုသာလျှင် တရားခွင်တင် စစ်ဆေးနေသူဖြစ်ပါသည်။
ထို့ကြောင့် နောက်ဆုံး စစ်ချက်များ ပြီးဆုံး၍ အခြေအနေအားလုံး ပြတ်သား ထင်ရှားလာသောအခါ ရွှေဘို မင်းတရားကြီး ထံတော် သို့ စစ်ဆေးထွက်ဆိုချက်များကို တစ်ခုမကျန် တင်သွင်း အစီရင်ခံရပေတော့ သတည်း။
ရွှေဘိုမင်းတရားကြီးကလည်း လွှတ်တော် တရားဌာနနှင့်တကွ ပုဂံမင်းသား ကြီးကြပ်စစ်ဆေး တင်လျှောက် ဆက်သသော အမှုသွားတို့ကို ရှုစားတော်မူရလေပြီ။ ဤတွင် ဖုံးဖုံးဖိဖိ၊ ဖာဖာထေးထေးပြု၍ မရသော အချက်အလက်များက တရားစစ်ချက် ထွက်ဆိုချက်များ၌ လက်ကွက်ကွင်းကွင်း မုန့်တီဟင်း ကဲ့သို့ ထင်း ထင်းလင်းလင်း ပေါ်လွင်လာခဲ့ပေတော့သည်။
ကံညှိုးကြမ္မာ ဂြိုဟ်ဆိုးဝင်နေရှာပြီးဖြစ်သော အနောက်နန်းမိဖုရား မမြကလေးနှင့် မယ်တော်ဒေါ်အိ ဦးဆောင်သော ဆွေသား မျိုးသားတစ်သိုက်မှာ မပြေးသော် ကန်ရာရှိလျက် ပြည်မင်းသားနှင့် ပတ်သက်ပြီး စစ်ဆေးထွက်ဆိုချက်ကြီး အခိုင်အမာ ရရှိလာရပြန်ပါသည်။
နောက်ဆုံးအခြေအနေအရမှာ ရွှေဘိုမင်းတရားကြီး၏ အဆုံးအဖြတ် အမိန့်တော်သာလျှင်ဖြစ်၏။ ၎င်းတို့၏ ရာဇဝတ် အပြစ်ဒဏ် မှ ကင်းလွတ်ရန်သော်လည်းကောင်း၊ မလွတ်မကင်း စီရင်ခံရခြင်း သော် လည်းကောင်း ဘုရင်အမိန့်တော်၌ မူတည်၍နေလေသည်။
သို့ကြောင့်လည်း ဤအချိန် ဤအခါတိုင်အောင် ရှည်ရှည်ဝေးဝေး ရက်ရှည်တွေးခဲ့ရခြင်းဖြစ်ပါမည်။
သို့သော် နောက်ဆုံး ဆုံးဖြတ်ရမည့်အချိန်၊ ပြတ်သားရတော့မည့်အခါလည်း ဖြစ်လာလေပြီ။ ဤချစ်သော သား နှင့် ချစ်သောမိဖုရားတို့မှာ ယနေ့အချိန်ကာလ၌ပင်လျှင် အလျဉ်မပြတ်၊ အဆက်အသွယ်မကင်း၊ မင်းပြစ် မင်းဒဏ်ပင် မကြောက်၊ တစ်ယောက်နှင့် တစ်ဦး ကူးလူးဆက်သွယ် ယှက်နွယ်ရစ်ပတ်၍နေလျက် တစ်စိတ် တစ်ဝမ်း တည်းပင် ရှိနေသေးသည်ဟု တပ်တပ်အပ်အပ် သိရှိတော်မူရသောကြောင့် ရှေးယခင် က သံသယသည် ပင် ပြင်းပြင်းထန်ထန် ပြန်လည်ဝင်ရောက်လာခဲ့ပြန်သည်။ အတိတ်က ဒေါမနဿ အဟုန်ကလည်း ကြီးစွာ သောပေါက်ကွဲမှုကို ဖန်တီးလေတော့သည်။
ယခင်က ညှာတာခဲ့သည်ပင် မှားလေစွ ထင်မိ၏။ သည်သားနှင့် သည်မယား ကြာရှည်ထား လျှင် ခက်ရ ချိမ့် မည်။
မီးကြွင်း ရန်ကြွင်းများကို ချန်ခြွင်းထားလျှင် မှားလေမည်။ ယခင်က ညှာတာမှုတို့ကြောင့် ယခုကဲ့သို့ မီးကြွင်း အမြစ် မှ တငွေ့ က ငွေ့ကျွမ်းလာခဲ့ခြင်းပင် ဖြစ်သည်။ ကြာလျှင် တစန်နန်းတော်လုံး လောင် တော့ မည်။ ထို့ကြောင့် အမိန့်တော်မှတ်သည်။
” သတ်စေ “
သတ်စေ ဟူသော အမိန့်တော်ခံရသူများကား ပြည်မင်းသားနှင့် ၎င်း၏ သားတော် ၄ ပါး။
အနောက်နန်း မိဖုရား မြကလေးနှင့် ၎င်း၏ မယ်တော်အပြင် အဆွေအမျိုးများဖြစ်ကြလေသည်။
အနောက်နန်း မိဖုရား မြကလေးသည် ပြည်မင်းသားနှင့် နှလုံးစိတ်ဝမ်း မကွဲမပြား တစ်ရော တစ်ယှက် တည်း ပါဝင်သူဖြစ်သည်။
သို့ကြောင့် အနောက်နန်း မိဖုရား မြကလေးနှင့် ၎င်း၏အဆွေအမျိုးတို့ကို ရွေးချယ်တော်မူပြီးလျှင် ပြည်စား ၎င်း၏ သားငယ်လေးယောက်တို့ကိုပါ ထုံးစံနှင့်အညီ စီရင်တော်မူသည်။ အပြစ်အလျောက် ရာဇဝတ်ပြစ်ဒဏ် ကို အသက်နှင့်ခံယူရသူများဟူ၍ သတ်မှတ်ရစေလေသည်။ သတ်စေ အမိန့်တော်ချပြီး နောက် ပြည်မင်းသား အိမ်တော်၌ လည်းကောင်း၊ အနောက်နန်းမိဖုရား မြကလေး အဆောင်တော်၌ လည်း ကောင်း ကမ္ဘာပျက်သည့်အလား တုန်လှုပ်ချောက်ချား၍ သွားရတော့သည်။
ရာဇဝတ်သား အာဏာ ပါးကွက်များကား ဓားတဝင့်ဝင့်၊ တုတ်တဝင့်ဝင့်ကြိုးနှင့် ကြိမ်နှင့် တွေကရာသင်္ချိုင်း ဓားမဆိုင်း ဟူသော စေသော ကျွန် ထွန်သော နွားများကဲ့သို့ ရှိကြသူများဖြစ်သည်။