ကျွန်းဦးတည့်သံလျှက်ခုံ

ကံကောင်းသူလေးတစ်ဦးနှင့်လေးချိုးကြီးများ

ပြည်မင်းသားနှင့်သားတော် ၄ ပါးကို အာဏာသားတို့ ဝိုင်းဝန်းဆွဲခေါ် ———— အမေအို၏ ညစ်ပတ်စုတ်ပြတ် နွမ်းနယ်လှသော ထမီအပြဲများကိုလည်းကောင်း၊ မိမနတွင် ဝတ်ဆင်ထားသော ပိုးထမီ ခါသာအင်္ကျီနှင့်ချွတ်၍ လဲလှယ်ဝတ်ဆင် ရုပ်ပြောင်းပစ်လိုက်ရရှာသည်။ သူ့တွင်ပါသော ရွှေမောင်းကွင်း လက်စွပ်ကလေးကိုလည်း ဈေးသည် အမေအိုကို ကျေးဇူးတုံ့ပြန်ပေးပြီး ရာဇဝတ်ဘေးနှင့်ဝေးရာ မိမိဆွေ မျိုးများရှိတောကျေးရွာသို့ ထွက်ပြေးခဲ့ပါသည်။ မင်းသား မင်းသွေး အဝတ်အစား အသွေးအရောင် တောက် ပြောင်လျက် ရှိသေးသော လူမမယ်ထိပ်တင်တုတ်ကလေးကိုလည်း အင်္ကျီအဝတ်များချွတ်၍ လွှင့်ပစ် ခဲ့ရပြီး ရွှံ့များ၊ ဖုန်မှုန့်များ လူးကျံကာ ချည်ထည်တဘက်ဟောင်းနှင့် ရစ်ပတ် ထားလိုက်ခြင်း အားဖြင့် ရုတ်တရက် တောသူတောင်သား ဆင်းရဲသားမိဘမှ မွေးသော ကလေးတစ်ယောက်ကဲ့သို့ ရုပ်ပြောင်း ရုပ်လွဲှ လုပ်လိုက် သဖြင့်လည်း လမ်းခရီး၌ မည်သူမျှ မရိပ်မိနိုင်အောင် ရှိလေတော့သည်။

ယင်းသို့လျှင် ထိပ်တင်တုတ်က ရုတ်တရက် ကံကောင်းသွားရသော်လည်း သူ့ထက်အကြီးအနောင်တော် ၄ ယောက် မှာ ကံဆိုးကြုံကြရရှာသည်။ ခမည်းတော် ပြည်မင်းသားကြီးနှင့်အတူ လည်မျို တုတ်တိုနှင့် ရိုက်သတ်ကာ ကတ္တီပါအိတ်စွပ်ပြီး ရေထဲသို့ ပစ်အချခ့ရခြင်းဖြင့် ဘဝဇာတ်သိမ်းလိုက်ကြရပါ သည်။

ဖခင် နှင့် အတူ ဘဝဇာတ်သိမ်းခံရှာကြရသော သားငယ် ၄ ပါးမှာ အသက်အရွယ် ငယ်လှပါသေးသည်။ အထက်က ဖော်ပြခဲ့ဖူးသည့်အတိုင်း အကြီးဆုံးသားတော် သတိုးမင်းစော၏ အသက် ၁၃ နှစ်၊ သတိုးမင်းဖျား ၁၁ နှစ်၊ သတိုးမင်းလှ ၈ နှစ်နှင့် သတိုးမင်းတင် ၆ နှစ်သာရှိသေး၍ အငယ်နှစ်ယောက်မှာ ဘာမှ နားမလည် ရှာဘဲ ကျူပင်ခုတ် ကျူငုတ်မကျန်ရ ဆိုသောကိန်းနှင့် သိမ်းကျုံး အသတ်ခံ လိုက်ရခြင်း သာ ဖြစ်ပါသည်။

အကြီးနှစ်ယောက်ဖြစ်သူ သတိုးမင်းစော နှင့် သတိုးမင်းဖျားတို့မှာ သေရမှာကိုသိသည်။ သို့သော် ရာဇသွေး ပါသူ ရဲရဲတောက် ကလေးတွေဖြစ်၍ “သတ်စမ်းပါစေ” ဟူသော သတ္တိသွေးနှင့် မျက်ရည် တစ်စက် မထွက် ကြ။ သတိုးမင်းဖျား ၁၁ နှစ်သားက သာလို့ သတ္တိရှိသေးသည်။ ” ကိုကိုရေ … မကြောက်နဲ့၊ ဒင်းတို့သတ် တာ ရင်ကော့သာခံလိုက်စမ်းပါ။ ညီညီတော့ မကြောက်ပါဘူး ဟု ပြောလျက် ပါးကွက် အာဏာသား ဘက်သို့ လည်ပင်းကို မော့ပေးလိုက်သေးသည်ဟုဆိုကြပါသည်။ ယင်းသို့လျှင် ရာဇဝင် ပြောင်ပြောင် သားအဖ တစ်စု တို့ ဘဝစခန်းသိမ်းရှာကြရတော့သည်။

မင်းရဲသီရိရာဇာ ခေါ် အငယ်ဆုံးသားတော်ကလေး ထိပ်တင်တုတ် တစ်ယောက်သာလျှင် နို့ထိန်းအမေ ဆောင်ကြဉ်း ပြေးလေသဖြင့် အသက်ရှည်ရှည် နေရစ်ရပါလေတော့သည်။

ဒါနှင့်တောင် သူ့နို့အမေ အထိန်းတော်သည် တောကျေးလက်များသို့ ရောက်သွားသော်လည်း စိတ်ဝမ်းချချ မနေဝံ့ ရှာပေ။ ကလေးအား မင်းသွေးမင်းရည်ကို ဖျက်ဆီးထား၍ သူ့သားဟူ၍သာ ရွာလူများကို အသိပေး ထားခဲ့ ပါသည်။

ရွှေခြေကျင်းကလေးများ၊ ရွှေဘယက်ကလေးများကို ပြေးလွှားလာစဉ်ကပင် ဖြုတ်၍ ဝှက်ထားလိုက်ပြီး ငွေ ဒေါင်းခွက် ကလေး ကို မဲကြိုး နှင့် လည်ပင်းမှာ ဆွဲထားပေးသည်။ ဦးစွန်းဖုတ်ကလေးရိတ်ပြီး ခေါင်းတုံး တုံး ပေးထား ခဲ့သည်။ နှပ်တွဲလဲနှင့် ပေပေရေရေ ထားသည်။ ထမင်းခွံ့သောအခါလည်း စဉ့်အင်တုံခွက်ငယ်နှင့် ထည့်ကာ ခွံ့ခဲ့ရသည်။ ဒါကိုပင် စားတတ်ခါစကလေးဖြစ်သော ထိပ်တင်တုတ်သည် ကလေးဘာ၀ ဘာမျှ မသိတတ်သူ ပီပီ ” နို့မေရယ် … နို့မေရယ်၊ မောင်မောင် ချွေလင်ဗန်းလေးနဲ့ ထမင်းထည့်ပေးပါလား နို့မေ ရယ်၊ မောင်မောင် ချွေလင်ဗန်းလေးနဲ့ ထမင်းထည့်ပေးပါလား နို့မေရယ်။

ဒီရေခွက်ကြီးနဲ့ ရေလည်း သောက်ချင်ဘူး၊ မောင်ချွေဖယားနဲ့မှ သောက်မယ်နော် နို့မေ” ဟု လွှတ်ခနဲ ပြောသည့် အခါ ပြောတတ်သည်။ တစ်ခါ တစ်ရံ ” နို့မေရေ … မယ်တော်ရော၊ မယ်တော့ဆီတွားမယ် ” ဟု ပြောတတ်ပြန် သည်။ ဤအပြောမျိုး နှစ်ယောက်ချင်းပြောလျှင် တော်သေးသည်။ ရွာကလူများရှေ့၌ ယင်း သို့ မင်းသုံးမင်း ဆောင်စကားပြောလိုက်မိလျှင် နို့မေမှာ ဤရွာတွင် မနေဝံ့တော့ဘဲ တစ်ရွာသို့ ပြောင်းရွှေ့ ခဲ့ရရှာပြန်သည်။

ထိပ်တင်တုတ် ၏ ဖြစ်စဉ် ကို တစ်ဆက်တည်းပြောရလျှင် ဤနည်းနှင်နှင် ရာဇဝတ်ဘေးကို ပြေးရင်း ပုန်းရင်း နှင့် နေခဲ့ရရှာသည်။ သူ့နို့မေသည် တောရွာရှိသမျှမှ ဆွေမျိုးသိသမျှထံ မျက်နှာအောက်ကျ ခံခိုဝင် မှီတွယ် နေ ခဲ့ရသည်။ ယင်းသို့ ကလေးတစ်ယောက်နှင့် ကြံဖန်ရှာဖွေစားသောက်နေခဲ့ကြရင်းပင် မင်းသား ထိပ်တင် တုတ် အသက် ၁၀ နှစ်ကျော်အရွယ် ရောက်ခဲ့ရသည်။

အချိန် သည် ရွှေဘိုမင်းတရားကြီး မရှိနောက် သားတော် ပုဂံမင်းဘုရင်ဖြစ်ရာမှ နန်းကျခဲ့ပြီး ၁၂၁၅ ခုနှစ်၊ ထီးနန်း ကို ညီတော် မင်းတုန်းမင်းက အုပ်ချုပ် စိုးစံတော်မူရသော အချိန်ကာလသို့ ရောက်လာခဲ့ပါသည်။ မင်းပြောင်း မင်းလွဲ အချိန်သာမက နောက်နန်းတက်သော မင်းတုန်းဘုရင် ၏ ဘုန်းတော်ကလည်း ကြီးကျယ် လာခဲ့လေသည်။

ဘုရင်တို့ ဘုန်း မိုးသို့ချုပ်း၊ လူပုန်းတောမှာမနေသာဆိုသော စကားအတိုင်း မင်းတုန်းမင်း တရားကြီး ညီလာခံ စဲစ တစ်နေ့သော အချိန်တွင် အဝေး၀န်တစ်ဦးနှင့် မြို့ဝန်တို့ အခစားဝင်လာကြသည်။ အကျိုး အကြောင်း မေးမြန်းတော်မူသောအခါ …

” မှန်လှပါ၊ အရှင့် ရန်သူတော်တစ်ဦး ဖမ်းဆီးမိခဲ့ကြောင်းပါဘုရား “

ဟူ၍ သံတော်ဦးတင်သောကြောင့် မင်းတရားကြီးက ” ငါ၏ ရန်သူတော် ဆိုသည်မှာ ဘယ်သူတုံး မောင်မင်း၊ ရှေ့တော်သွင်းခဲ့စေ” ဟု မိန့်တော်မူသောအခါ အာဏာသားနှစ်ယောက်အလယ် မှ လက်ပြန် ကြိုးတည်း ခေါ် လာသော ဆယ်နှစ်သားအရွယ် ထိပ်တင်တုတ်ကို ရှေ့တော်မှောက် ရောက်လာစေသည်။

” ဟဲ့ … သည်ကလေးငယ် က ဘယ်ကဲ့သို့ ငါ့ရန်သူတော် ဖြစ်ရသည်လဲ “

ဟု အမေးတော် ရှိသည်။ ဆိုင်ရာ အဝေး၀န်နှင့် မြို့ဝန်တို့က …

” သည်ကလေး ဟာ ပြည်မင်းသား၏ သားအငယ်ဆုံး ဖြစ်ကြောင်းပါ၊ တောရွာတစ်ရွာ ၌ သူ၏ နို့ထိန်း နှင့် အတူ ကာလကြာရှည်စွာ ရာဇဝတ်တော်ကို ပုန်းရှောင်နေခဲ့သူဖြစ်ကြောင်း စုံစမ်းသိရှိရကြောင်းပါ ဘုရား ” ဟု လျှောက်ထားလိုက်တော့မှ မင်းတုန်းမင်းကြီးက … ” အလို ဖြစ်ရလေ မောင်မင်းများ၊ ဒီကလေးဟာ ငါ၏ ရာဇဝတ်သား မဟုတ်ရှာပေဘူး။ ခမည်းတော် လက်ထက်တော် က ကိစ္စ ဖြစ်သည်။ သို့ကြောင့် ငါ့တူတော်ကလေးအား ချမ်းသာပေးတော်မူသည်။ နို့ပြီး သည် ကလေး ကို ငါပင် မွေးမြူ စောင့်ရှောက် တော် မူရပေလိမ့်မည်”

ဟု အမိန့်တော်ရှိပြီး ထိပ်တင်တုတ်အား မင်းသား အဆင့်အတန်းအတိုင်း ထားတော်မူလျက် ပညာများ သင်ကြား စေသည်။ အရွယ်တော်ရောက်လျှင် မြင်းမှူး မင်းသားရာထူး ကို ခန့်ထား သူကောင်းပြု တော် မူသည်။

ယင်းမြင်းမှူးမင်းသား ထိပ်တင်တုတ်သည် ကြင်ရာတော် ထိပ်တင်ညွန့်နှင့် စုံဖက်ရာမှ သားသမီး လေးယောက် ထွန်းကားသည်။ ၁ -ထိပ်တင်ကြီး၊ ၂-ထိပ်တင်ဆင့်။ ၃-ထိပ်တင်မြင့်၊ ၄-ထိပ်တင်မြ တို့ ဖြစ်ကြ ၍ သမီးတော် ထိပ်တင်ဆင့်မှာ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးကို ရိုက်နှိတ် ထုတ်ဝေသူ မင်းသား ဦးမောင်မောင်တင ်(အင်္ဂလိပ်လက်ထက် နယ်ပိုင်ဝန်ထောက်) ဖြစ်သူနှင့် စုံဖက်၍ သားသမီး (၈) ယောက် ထွန်းကား ခဲ့ပါသည်။

သို့ကြောင့် ကုန်းဘောင်ဆက် မဟာရာဇဝင် ထုတ်ဝေသူ ဦးမောင်မောင်တင် ၏ ဇနီး ကြင်ရာဖြစ်သူ ထိပ်တင် ဆင့်သည် မြင်းမှူးမင်းသား ထိပ်တင်တုတ်၏သမီးဖြစ်ခြင်းကြောင့် ပြည်မင်းသားကြီး၏ မြေးတော် ရွှေဘို မင်းတရားကြီး ၏ မြစ်တော် ဖြစ်ပါသည်။

ယင်း ကုန်းဘောင်ရာဇဝင် ဦးမောင်မောင်တင်နှင့် ထိပ်တင်ဆင့်တို့၏ သားသမီး (၈)ဦးမှာ (၁) မမတင်၊ (၂) မလေး၊ (၃) တင်တင်ကလေး၊ (၄) တင်တင်မေ၊ (၅) တင်တင်ရွှေ၊ (၆) တင်တင်နု၊ (၇) တင်တင်စု၊ (၈) တင်မောင်မောင်ကလေးတို့ဖြစ်ကြ၍ ၎င်းတို့ အနက်မှ ဒေါ်တင်တင်မေ (ဦးချမ်းသာ၊ အိုင်စီအက်) ဒေါ်တင်တင်နု (ဦးခင်မောင်ဦး၊ တိုင်းမင်းကြီး ကွယ်လွန်) နှင့် ဦးတင်မောင်မောင်ကလေးတို့မှာ ယနေ့တိုင် ရန်ကုန်မြို့ ၌ နေထိုင်လျက် ရှိနေကြပါသည်။

ရွှေဘိုမင်းတရားကြီးသည် အကြိမ်ကြိမ် ချစ်၍ ရှိနေကြပါသည်။ သားတော်ကြီး ပြည်မင်းသားကို လည်းကောင်း၊ မြေးတော်ငယ် မင်းသားလေးပါးကို လည်းကောင်း နောက်ဆုံး၌ ရာဇဝတ်သားတို့ သွားမြဲ လမ်း သို့ ဆုံးခန်းတိုင် ပို့လိုက်ရစေကာမူ စိတ်တွင်းမှာတော့ ထိခိုက်ရဦးမည်သာဖြစ်ပါသည်။ ဘုရင်မင်းတို့ မည်သည် အပြစ်ရှိလာလျှင် ကျောသားရင်သား ခွဲခြား၍ မရစကောင်းသော သာဓကဟောင်းများက ရှိနေ ပါ သည်။

သက်ဦးဆံပိုင် ဘုရင်ဧကရာဇ်တို့ခေတ်လည်းဖြစ်သည်။ ထို့ကြောင့် ကတ္တီပါအိတ်ကြီး စွပ်ကာ ရေဇလာ အတွင်းသို့ စွန့်ပစ်ခြင်းခံရသူအဖို့မှာလည်း နာကြည်းစွာနှင့်ပင် အသက်ပျောက်ခဲ့ရ၍ ရောက်လေရာ ဘ၀ သစ်အထိ အတိတ်ကို သိနေကြမည်သာဆိုလျှင် အခဲကြေနိုင်စရာပင် ရှိတော့မည်မဟုတ်ပါပေ။ ပြုသူ အသစ်၊ ဖြစ်သူအဟောင်းဟု တရားလမ်းကြောင်းနှင့် ဖြေမည်ဆိုကလည်း တစ်စတစ်စ ပြေပျောက်ကြ ရတော့ မည်သာဖြစ်ပါသည်။

ဤအဖြေမျိုးဖြင့် ခဲပေါင်ထိပ်ထားမှာ ဖြေရရှာမည်။ သူတို့ သားအဖကြားတွင် ဘာများ အယူခံ နိုင်ပါတော့မည် နည်း။ မိန်းမသားဖြစ်၍ မိမိကိုပါ သတ်ပစ်ရာ ရာဇဝတ်သင့်ရာ၌ မသွတ်သွင်းခြင်းပင် ကြင်နာ သည်ဟု ဆိုရပါမည်။ သို့သော် လင်နှင့် သားများနှင့်အတူ မိမိကို တစ်ပါတည်း အသတ်ခံလိုက်ရခြင်း က တော်လေဦးမည်။ ယခုကဲ့သို့ အရှင်လတ်လတ် အရုပ်ကြိုးပြတ် ငရဲခံရသည့် အလား၊ ပရိဒေဝမီးပွားများ ရခြင်းက သာ၍ ဆိုးပေရှာမည်။ မိမိက တူမတော်ရုံ၊ ချွေးမတော်ရုံသာရှိသည်။ ခံရသူမှာ သားအရင်းခေါက် ခေါက် ဖြစ်၍ ကြားဝင်ပြီး တင်လျှောက်ပန်ကြား အသနားခံ၍ ရနိုင်မည် မဟုတ်။

ယုတ်စွအဆုံး သာမန်လူတန်းစားများပင် သားသမီးတို့ကို မိဘက စိတ်ဆိုး စိတ်နာ၍ အမွေဖြတ်ခြင်း၊ သေခန်းဖြတ်ခြင်း စသဖြင့် ပြုကြသေးသည်။ ယခုကိစ္စမှာ တိုင်းပြည်အရေးလည်းဖြစ်သည်။ သက်ဦးဆံပိုင် ဘုရင်မျိုး တို့ကိစ္စလည်းဖြစ်သည်။ သို့ကြောင့် သည်ခေတ်၊ သည်စနစ်နှင့် သည်အမျိုးသည်အဆွေတို့၌ မသွေတမ်း တွေ့ကြုံခံစားမြဲဖြစ်ကြရသည်မှာ ဟိုအခါကတော့ ဆန်းလှသည် မဟုတ်တော့ပါ။

မကျေနပ်၍ အယူခံတက်သည့် သဘောနှင့် တစ်စုံတစ်ခု ပြောဆိုပြုမူလျှင်လည်း ပြုသူသာလျှင် အဆစ် ပါ၍ ရာဇဝတ်ရောက်ကြရသည်သာဖြစ်ပါမည်။

ခဲပေါင်ထိပ်ထားခမျာ ဤအခြေအနေအရပ်ရပ်၌ ပတ်ဝန်းကျင်၌ လူဖြစ်နေရရှာသူဖြစ်ပါသည်။ လင်နှင့် သား များအတွက် ပြာပုံထက်၌ ကျရသော ငါးကဲ့သို့ ဖျပ်ဖျပ်လူး ပရိဒေဝခံစားရခြင်းမှ တမျှဉ်းမျှဉ်းငြိမ်၍ ဇီဝိန် ချုပ် ရသည့်နှယ်ပင်။ မျက်နှာငယ် ဒုက္ခသည် အပူသည် ဘဝနှင့် ကျကျနနတာဝန်ယူ ခံစား နေရရှာဆဲဖြစ်တော့ သည်။ ရေသောက်မြစ်ကို အဖြတ်ခံလိုက်ရသော သစ်တစ်ပင်ကဲ့သို့ တစ်စတစ်စ ညှိုးချုံး နွမ်းခြောက် ခဲ့ရ သည်။

ဖွဲမီးကဲ့သို့ အသည်းနှလုံးကို တငွေ့ငွေ့လောင်လာသော စိတ်ဝေဒနာနှင့်လည်း လူ့ရပ်လူရွာ လူ့ခန်း ဝါ၌ တာရှည် နေချိန် ရရှာတော့မည် မဟုတ်ပေ။

လင်သေ၍ သားတွေဆုံးပြီး၊ လူလုံးမလှ အပူလုံးကြွ၍ ခံစားချက်မရှုမလှဖြစ်နေရာဝယ် … ရာဇ အနွယ်တော် မင်းသမီးတစ်ပါး အနေနှင့် ရသင့်သမျှ အခွင့်အရေးကလေးပေါ်တွင် တင်ကျန်ရစ်သည်။ ထို့ပြင် နို့ထိန်း နှင့် သားတော် အငယ်ဆုံးကလေးကလည်း ဘယ်ပြေး၍ ဘယ်ရောက်သည် မသိရ၊ သိရအောင် ကလည်း မမေးဝံ့၊ ရှာဖွေစုံစမ်းမှုလည်း မပြုရဲသဖြင့် သေကွဲ ရှင်ကွဲတွေကြောင့် ရင်ကွဲနာ ကျရင်း ပင် မကြာခင် ဘဝဇာတ်သိမ်း၍ ငြိမ်းချမ်းရေး ရသွားရှာပါတော့သည်။

တစ်ဆက်တည်း အလှည့်သင့်၍ ရေးရဦးမည်ဆိုလျှင် ရတနာပုံ မန္တလေးမြို့တည် နန်းတည် ပဉ္စမသင်္ဂါ ယနာတင် မင်းတုန်းမင်း တရားကြီး လက်ထက်မှာ တိုင်းပြည်နိုင်ငံ အေးချမ်းသာယာပြီး၊ သူပုန် သူကန်တို့ အန္တရာယ် များလည်း အလွန်နည်းပါးခဲ့သည်။ မင်းတုန်းမင်းတရားကြီးသည် ” သနားသည်းခံ ” သောဝါဒ ကို လက်ကိုင်ပြုခြင်းကြောင့်လည်း ပြည်တွင်းပြည်ပ အန္တရာယ်များ နည်းပါးခဲ့ခြင်းဖြစ်ပါလိမ့်မည်။

ချီးမြှင့်မစသင့်သူများကိုလည်း ပစ်ပယ်တော်မူထားခြင်း မရှိခဲ့ပါ။ ပြည်မင်း၏ သားတော်ကလေး ထိပ်တင်တုတ် ကို ပြုစုစောင့်ရှောက်သူကောင်းပြုတော်မူခဲ့သလို ပြည်မင်းသားကြီး၏ အနုပညာ ကဗျာ လေးချိုးကြီး များက ရတနာပုံခေတ်တွင် တက်သစ်စ နေရောင်ကဲ့သို့ ထွန်းပြောင် ထိန်းလင်းခဲ့ဖူးပါသည်။ ထို ကဗျာလေးချိုးကြီးများသည် ယခုအခါ တိမ်မြှုပ်ပျောက်ကွယ်သလောက် ဖြစ်နေသောကြောင့် စာပေ သုတေသီများအတွက် အကြောင်းအားလျော်စွာ ထည့်သွင်းရေးသားဖော်ပြသွားရဦးမည်ဖြစ်ပါသည်။

ပြည်မင်း သံတော်ဆင့်ဟောင်းအဖြစ်နှင့် နေထိုင်ခဲ့သော ဦးမောင်ကြီးသည် ရတနာပုံမြို့တည် နန်းတည် ပဿ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး လက်ထက်သို့ရောက်သော အချိန်ကာလ၌ မင်းတရားကြီး ရှေ့တော် သို့ ဆုတော်ခံဝင်ရလေသည်။ မင်းတရားကြီးသည် ဦးမောင်ကြီး၏ အရည်အချင်းကို ငယ်စဉ် ကပင် သိမြင်တော်မူခဲ့သည့်အတိုင်း စေခိုင်းတော်မူ၍၊ ပထမ ရှေးဦးစွာ စကျင်တောင်ထွက် ပတ္တမြား ကျောက်တော် ဘွဲ့ လေးချိုးကြီးတစ်ပုဒ်ကို ရေးသားဆက်သွင်းခဲ့ပေသည်။

၎င်းလေးချိုးကို ရေးသားဆက်သွင်းလိုက်လျှင်ပင် ဘုရင်မင်းတရားကြီးက ဦးမောင်ကြီးအား သံတော်ဆင့် ရာထူး ကို ပြန်လည်ချီးမြှင့်သူကောင်းပြုတော်မူလေသည်။ ဘွဲ့မည်ရည်မှာ (သံတော်ဆင့် နေမျိုး ဇေယ သင်္ခယာ) ဟူ၍ဖြစ်ပါသည်။

သံတော်ဆင့် နေမျိုးဇေယသင်္ခယဆိုသောဘွဲ့နှင့် သံတော်ဆင့်ရာထူးကို ဆွတ်ခူးနိုင်သော စကျင် တောင်ထွတ် ပတ္တမြားကျောက်တော်ဘွဲ့ လေးချိုးကြီးမှာ …

လွတ်တုသာကြူးတော့တယ်၊ ထွတ်ဖူးငယ်ဂုဏ်အင်ကို၊ ဘယ်ပုံပြင်ဗွေနှုံးသာအံ့၊ ရွှေဘုန်းနေရုဏ်သို့၊ ဟေဇဂုဏ်စံ မောက်လို့၊ လျှံတောက်ချိန်။ ။

တစ်ဝန်းငယ်တိုက်ဘောင်၊ မကိုဋ်ကယ် ဆောင်သည် အောင်ရိန္ဒမ၊ စက္ကိန္ဒလို၊ တိမ်ဝငယ်ပျော်စံ၊ ဥပေါ်ပျံ နှင့်၊ ကုမ္ဘဏ်မှူးလတ်၊ မဏိရတ်ကို၊ အမြတ်ကယ်ကျင်းစေ၊ နှင်းသော့ယွေသို့၊ မြုတေသမ္ဘာ၊ ထပ်တူ သာလာ တော့တယ်၊ ရူစာဂိပြောင်မုန်လဲ၊ ရွှေစက်စုံ ခိုလှုံဖူးတဲ့ပြင်၊ လျှံမြူးဝေပုလဲ မျိုးငယ်က၊ တိုးဆင့် တောက်ထိန်။

အစောင်စောင်ငယ်၊ တစ်ဘောင်သိုက်ရ၊ အမြိုက်ကယ်ခတဲ့၊ မြသီလာခံ၊ သာမြေကြန်မှာ၊ ဝေယံမှူးလတ်၊ ဥကင်နတ်လဲ၊ ဥက္ကဌ်ကယ်တိနေ၊ မှန်မသွေသည်၊ ဉာဏ်ရွှေဖြာစိတ်၊ ကောင်းကြန်ဟိတ်နှင့်၊ အဓိဌာန် တော်၊ ပန်းနှိုးဆော်က၊ မြေပေါ်ဝသုန်၊ ခန့်တိုင်းသာကုံရတယ်၊ စက်ခုံငယ်ကြိမ်သည်၊ မျှို့သိန်နေဝန်းသို့ တက်ချိန် သင့်။

ပလ္လင်ငယ်သီဟ၊ ဝဇီယမှာ၊ ဗြဟ္မမုခီ၊ မန္ဓာဂီနှင့်၊ သျှန္တီဇေယုဂ်၊ တင်ဘွေထုတ်တဲ့၊ မုဒ္ဓါဘိရှင်၊ အာနိသင်မို့၊ စကျင်ကြူရောင်၊ ဝေဘူတောင်မှ၊ အခေါင်ငယ်ထွတ်ဖျား၊ တမွတ်ကယ်ထားတဲ့၊ အလျားငယ် ရှစ်ထွာ၊ ရတနာလည်း၊ စကြာဦးတင်၊ ခဖူးဝင်ပို့၊ သနင်္ကူမာ၊ တြင်းစာနှင့်၊ ဣန္ဒာလက်မွန်၊ သက်ဆင်းခါ ညွှန်ရတယ်၊ မျက်ပြွန် တိပုံယင်မူ၊ ထက်ဝန်းကျင်ရံတဲ့ကျေက်ကယ်က ထွင်းဖောက်ပေါ်နှင့်။

ဟူ၍ ဖြစ်ပါသည်။ လေးနက် ခန့်ညား၍ တိကျလှသည်။ ရသဂုဏ်အင်တို့နှင့် ပြည့်၍ ရတနာအတိ ခြယ်စီ ထားသော ပန်းတောင်းပမာ မင်းတရားကြီးနှင့်တကွ ပညာရှိတို့ နှစ်လိုချီးကျူးခြင်းကိုလည်း ခံခဲ့ရသည်ဟု သိရှိ မှတ်သား ရပါသည်။

ထို့နောက်မှာကား နေမျိုးဇေယသင်္ခယာ သံတော်ဆင့် ဦးမောင်ကြီး၏ ပြောင်မြောက်လှသော လေးချိုးကြီး များ သည် အောက်ပါအတိုင်း ဆက်ခါဆက်ခါ ပွင့်လန်း၍လာခဲ့ပါသည်။

သံတော်ဆင့် ဦးမောင်ကြီး ရေးသားသွင်းသော မင်းတုန်းမင်းတရားကြီးလှူသည့် ရွှေတိဂုံဘုရား ထီးတော် ဘွဲ့။ ဘဝဂ်သာ လွှမ်းတော့တယ်၊ထက်ဝန်းဘုံသူကို၊ ဂုဏ်ဆူဆူကြည်နူးစေဖို့၊ ရည်စူးဉာဏ်ချိန်လို့၊ အသမ္ဘိန် မွေစစ်တဲ့ ကေရှစ်ပင်။

ဘဏ္ဏဝနယ် အပြင်ကျယ်သည်။ ပင်လယ်သမုဒ် မော်ကမ်းဝိုက်က။ သိင်္ဂုတ်ကယ်နေရုံ၊ ဇေယခုံမှာ၊ စုံ ယမကာ၊ ရေမီးငယ်ပြလို့၊ နိလငယ်ရင်းတည်၊ ညိုရောင်ခြည်နှင့်၊ မှောင်နည်လျှံပတ်၊ ဆံတော်ဓာတ်၏။ စံရပ်ကတ်ကိန်း၊ စေတီလျော်ကို၊ ရွှေလှော်နိတုံ၊ သစ်လွှမ်းခြုံလို့၊ ဥဏ္ဏဂူဝါ၊ နေဆယ်ဆူဖြာသည့်နှယ်၊ ဘူနာ ထပါမီကို၊ မြေဌာယီဝသုန်ချုပ်းပေးရ၊ ဘုန်းဟိတ်ထင်ထင်။

နှစ်ထောင်ငယ်သာသည်၊ နောင်လာအနှစ်၊ ရှည်မည့်ခေတ်ဝယ်၊ ဓမ္မစစ်ရှိန်၊ တထိန်ထိန်ငယ်၊ သိင်္ဂီရည်ရင့်၊ တင်ထီးငယ် ဆင့်တဲ့၊ ချီးမြှင့်ငယ်နုဘော်၊ တုမမျှော်ကို၊ မြေပေါ်လူ့ရွာ၊ နတ်တကာနှင့်၊ ဗြဟ္မမိုးနှံ့၊ တန်ခိုးငယ် ပျံ့လို့၊ လွတ်စံ့စတေ၊ တောင်သပြေမှာ၊ ထောင်နေဆယ်ကျိပ်၊ မင်းမင်းထိပ်ထက်၊ ဂီရိပ်ကယ်မန်းမည်၊ နန်း သစ်တည်တဲ့၊ ပြည်တောင်ဧကန်၊ အောင်သူမှန်တော့တယ်၊ စံမမြင်သည်၊ နိသင် ခေါက်ကဲတဲ့၊ သမ္ဘာရ။

သုဒ္ဓါငယ်ဘုံထိပ်၊ အကနိဠ်နှင့်၊ သုံးကျိပ်သုံးစံ၊ နတ်နိုင်ငံနှင့်၊ မြေမြန်ဇမ္ဗူ သည်သုံးဆူဟု၊ ထူပဝင်ဦး၊ ဥဒါန်း ငယ်ကျူးတဲ့၊ ဂုဏ်ထူးငယ်အခေါင်၊ ကေသာငယ်နှောင်သည်၊ ဖြာရောင်မြင့်သွန်း၊ နေ့ညဉ့်ကယ်ထွန်းလို့၊ ဘက်ကျွန်း ငယ်မင်းသာ၊ စီမံရာကို၊ ကမ္ဘာ့ကိန်းရေ၊ သင်္ချေချေလဲ၊ တင်တွေမကုန်၊ အံ့ပွဲသာခြုံတော့တယ်၊ မြတ်ပုညအင်ခွင်ကို၊ နာဂဝင်အကျယ်ဖွင့်ရင်ဖြင့်။ ကောင်းကင်ဆယ်ဆ။

သီဟိုကျွန်းကရောက်သော စွယ်တော်မြတ်ကို လွှတ်တော်ရှေ့လက်ဝဲဘက်တွင် အာလိန်ငါးဆင့်ခံ မှန်စီပြာ သာဒ်နှင့် တင်ထားကိုးကွယ်တော်မူသည်။ ၎င်းကို ဖွဲ့ဆိုရေးသားသော လေးချိုးကြီးမှာ …

မကိုဋ်သာ ကဲတော့တယ်၊ မြိုက်ပွဲငယ်စည်ရာမှာ၊ ရှည်သာနာတည်ထွန်းပေအံ့၊ ရည်ညွှန်းရွှေဗျာနှင့်၊ ဒေစာရီ ဈာန်ကြွလို့၊ ဘန်သရာ။

မင်းမင်းဥသျှောင်၊ ဇမ္ဗူငယ်အောင်သည်၊ ကြူတောင်ဖွေးပွင့်၊ ကိုယ်သွေးငယ်တင့်တဲ့၊ ဆင်မင်းသခင် စကြာ ရှင်လည်း၊ ဥကင်သိုက်ဖြည်၊ ထောင်စိုက်တည်က၊ ရောင်ခြည်ချယ်လျှပ်၊ အံ့ဖွယ်မြတ်တဲ့၊ စွယ်ဓာတ် ကယ်လျှံ ထိန်၊ အသမ္ဘိန်လည်း။ ဆန်ချိန်ကွန်လို့၊ ကျွန်းသီဟိုဠ်မှ၊ ရွှေကိုယ်ပွားတော်၊ မြန်းချက်ကယ် ပျော်လှတယ်၊ မန်း မော်မြေထက်ယံမှာ၊ ဘဝဂ်လျှံထိန်ထိန်တင့်ပါဘိ၊ ကိုးဆင့်ဂုဏ်ဝါ။

ဟိန္ဒဂူငယ်၊ နတ်လူရှိအုပ်၊ ဒွိပဒုတ်ဟု၊ ဝိသုဒ္ဓိမှန်၊ သီဝံစတဲ့၊ နောင်ဘန်ကာလ၊ မန်းဌာနဝယ်၊ သတ္တငယ်ရဇ္ဇင် ခုနစ်အင်နှင့်၊ ရွှေခြင်္သေ့မည်၊ မင်းစောတည်က၊ စည်ရှည်ငါးထောင်၊ စိုးပြည်ဘောင်ကို၊ ရည်ဆောင် နှစ်သိမ့်၊ ဗျာဒိတ်မွန်မိန့်ရင်းမို့၊ ထိန့်ထိန့်ငယ်ကြည်းရေ၊ ဗိုလ်သင်္ချေလဲ၊ရိုသေသဦး၊ ခညွတ် ကယ်ဖူး လို့၊ ဆုထူးငယ်မြွက် ဆို၊ စက်ရင်းသာခိုရတယ်၊ လိုရာရာကို ပန်ထွာဆင်တိုင်း ခွင့်ပြီးစေဘိ။

လေးမည်ငယ် သမ္ပတ်၊ သည်စက်မြတ်ဝယ်၊ တိသတ္တဝါ၊ ဝေနေရာကို၊ ခေမာကမ်းရောက်၊ မဂ်လမ်းငယ် ဖောက်စေဖို့၊ ရောင်ကောက်ကယ်လဟန်၊ ပြာသာဒ်ပျံနှင့်၊ စံဝိမာန၊ နန်းရှေ့ကပင်၊ လောကသုံးခွင်၊ ဘက် မမြင်တဲ့၊ စက္ကဂီတ၊ ပြိုးပြက်ကယ်ပလို့၊ နေ လငယ်သောင်းထောင်၊ ဂုဏ်ပေါင်းသာ ဆောင်တော့တယ်၊ ခြောက်ရောင်ခြည်အခြေမှာ၊ မီးစုံရေ ထွေထွေကွန့်ပါဘိ၊ ဧဝံ့စိန္တိ။

သက္ကရာဇ် ၁၂၃၄ ခုနှစ် အမရပူရမြို့ မဟာဝိဇယရံသီ ပုထိုးတော်ကြီးဘုရားကို ပြင်ဆင်၍ ထီးတော်ကို ဒါယကာတော်ရင်း ရတနာပူရ စတုတ္ထမြို့နန်းတည် မင်းတရားကြီး (ဘကြီးတော်ဘုရား)၏ သမီး တော်ဖြစ်သူ မင်းတုန်းမင်းတရားကြီး၏ အလယ်နန်းတော် မိဖုရား (ဆင်ဖြူမရှင်) က ၁၂၃၅ ခုနှစ်တွင် ထွက်တော်မူ၍ တင်လှူတော်မူရာ ထီးတော်တင်ဘွဲ့ လေးချိုးကြီးကို သံတော်ဆင့် ဦးမောင်ကြီး ရေးသား ဆက်သွင်းသည်။ ၁၂၃၉ ခုနှစ်တွင်မှ ဆင်ဖြူမရှင် ဘွဲ့ခံရသော်လည်း အမှတ်ရလွယ်စေရန် ရေး ပါသည်။

ဘဝဂိသာ လွှမ်း တော့တယ်၊ ထက်ဝန်းတေဇမှာ၊ နေဆယ်ရာထောင်သောင်း သော်မှ၊ ရောင်ပေါင်းခြုံပ နိုင် တဲ့ ဂုဏ်များရှင်။

ပူရငယ်ရတနာ၊ တောင်ရေငယ်ကာသည်၊ မြေချာဆုံရှက်၊ ခုံသန်လျက်မှာ၊ ဘုံချက်ကယ်စိုက်တည်၊ နန်းပွဲ စည်တဲ့၊ ပြည်ထောင်ဥက္ကဌ၊ လောကနတ်၏၊ ဓာတ်မွေသရီ၊ ရွှေစေတီလဲ၊ စုံညီမီးရေ၊ ဖိတ်စည်းသာေ၀ တော့တယ်၊ ကုဋေသိန်းအာဏာလဲ၊ နတ်ဗြဟ္မာအောင်ဆုချီးဝေရ၊ ထီးဆင့်သဘင် ။

ညာအခေါင်ဝယ်၊ တောင်ဝိမာန၊ နန်းလှလှမှာ၊ ခရွှေညီလာ၊ ဖြူရိပ်ကာလို့၊ ရာနားရေးဆင့်၊ နောကြာလင့် ထက်၊ ရွှေချင်းတင်ခံ၊ ဖွာခဲ့စံတဲ့၊ သမ္ဘိန်နေမြစ်၊ ဘဧရာဇ်၏၊ ရွှေရင်နှစ်ကယ်၊ ချစ်ဆုံးမယ်လဲ၊ အံ့ဖွယ်မကုန်၊ မြတ်စည်းခုံကို၊ ကြည်းစုံရေဘက်၊ ဖြန့်ချီထွက်လို့၊ ပြန့်စက္ကဝါ၊ ဆယ်ဒီသာကို၊ ဂီဝါချက်ပြွန်၊ ရေစက်တော် ညွှန် ခဲ့တယ်၊ ကျော်ဝှန်ငယ်ရွှင်သည်၊ ပဲ့တင်ကြည်နူးဘွဲ့မိုးမြေက။

ဥက္ကာငယ်နွယ်ရိုက်၊ ဇမ္ဗူတိုက်ကို၊ သိမ်းပိုက်ကယ်စိုးဆောင် ဗျာဒိတ်တောင်က၊ ခြောက်ရောင်ခြည်သန့်၊ ဉာဏ်တော်ခန့်ထက်၊ မန်းဇေယခုံ။ မြေရန်လုံမှာ၊ ရွှေဘုံသာဒိ၊ ထောင်ဦးငယ်ချီလို့၊ သာကီဝင်၊ နောင်ညီမြေ ဝယ်၊ မောင်ကြင်နှမ၊ တစ်နန်းရလဲ၊ဘဝပရမေ၊ ဂုဏ်မြုတေမှာ၊ မုံရွှေသစ္စာ၊ ပွင့်သောခါဝယ်၊ မကွာ ဦးကြို၊ ဖူး မြင်သာလိုတော့တယ်၊ မြဲသို့တဲ့ရည်သန်မူ၊ ကြည်ဓိဌာန်မှန်၊ ဖျားစွန်းငယ်နှင့် ညွှန်း ဆုပန်ရ။

ရှင်ပြုမင်္ဂလာ လေးချိုးကြီး

ပဉ္စမ သင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးက သားတော် (၆)ပါးကို ရှင်ပြုတော်မူသည့် အခမ်းအနား တွင် ရေးသားဆက်သွင်းသော သံတော်ဆင့် ဦးမောင်ကြီး၏လေးချိုး။

အံ့လို့သာထွန်းတော့တယ် မြန့်ကျွန်းငယ် ဒီပါကို၊ တညီလာ ခြုံမှူးလို့၊ ဘုံဦးကင်စံထိုက်တဲ့ မှန်သိုက်ဝင်။ သုံးဘုံပရမေ၊ ဘာဏုဆွေလဲ၊ မြုတေဖိတ်ယို၊ မြေဗဟိုမှာ၊ ရွှေကိုယ်တော်စစ်၊ ရှိမည့်ခေတ်က၊ ကြာဖြစ် ကယ်ဦးစွာ၊ ကပ်ဖူးလာတဲ့၊ ဗြဟ္မာရည်ဆောင်၊ သည်အယောင်လို၊ နောင်နာဂတံ၊ ဆိတ်မညံဘဲ၊ ဓိဌာန် သမျှ၊ ပန်တိုင်းငယ် ရစေဟု၊ သကျယ်ဝယ်မဉ္စူ၊ ပြန်တမ်းတော်ကြူခဲ့တယ်၊ မန်းဖူးမိန့် လက်ယာမှာ၊ စက်ကမ္ဘာ ထိန်ထိန်ထွန်းပါဘိ၊ ညွှန်းတုမမြင်။

ဧကရာငယ်၊ ဓမ္မာစောစစ်၊ သောကရာဇ်လဲ၊ ရှစ်သောင်းလေးထောင်၊ လှူပြီးနောင်မှ၊ မောင်ဟိန္ဒ၊ ဈာန်တိမ် ကြွနှင့်၊ နှမငယ် ထေရီ၊ ဂုဏ် နှစ်လီကို၊ စုံညီအမွေ၊ ခံသောထွေသို့၊ ရေမြေငယ် စိုးဆိုက်၊ နွယ်ရိုးငယ်လိုက်တဲ့၊ အကိုက်ကယ်ခြောက်ဖြာ၊ ရတနာကိုး ဖန်ဝါောင်ဝှန်၊ အောင်တံခွန်နှင့်၊ တိမ်ကွန်ရဟတ်၊ စက္ကရာတ်သော်မှ၊ အမြတ်ကယ်နူးကြည်၊ ရှိဦးသာ တည်ထိုက်တဲ့၊ ဂုဏ်အင်ကို၊ ဘုရင်ရာ ထီးပိုင့်သခင်ဖွဲ့။

မုနိန္ဒာထွတ်၊ ပြည်သာဝတ်ဝယ်၊ ဖြာလွှတ်ကင်မီးရေ၊ ဆယ့်နှစ်ထွေနှင့်၊ ရွှေမြေမှန်ပု၊ ဖန်ရတုဝယ်၊ ပဏ္ဍုငယ် ကမ္ပိုလ်၊ ဝါမြတ်ကယ်ဆိုရတဲ့၊ နကိုးပလင်း၊ လသနင်းဝယ်၊ မင့်မင့်သျှောင်ပန်၊ အောင်နက်သန် က၊ အနန္တရုံ၊ အံ့မကုန်အောင်၊ မြန်ဘုံသပြေ၊ များဗိုလ်ခြေကို၊ ပွားဟေဒါန၊ ပေးဝေငယ်ငှလို့၊ မြေငယ်သက်ဝှန်၊ ရေစက် တော် ညွှန်ဘိတယ်၊ မိုးစွန်ပြည့် ခန်းဝါကို၊ ချမ်းသာစေ ရွှေဉာဏ်ဖွင့်လို့၊ ကျူးရင့် လေငဲ့။

ပိဋကတ်သုံးပုံ ကျောက်အက္ခရာတင်ဘွဲ့ လေးချိုးကြီး။

မကိုဋ်သာ ထွန်းတော့တယ်၊ သိုက်ညွှန်းသာကိန်မို့၊ ရာဇိန္ဒာနွယ်ထက်က၊ ဆယ်မျက်နှာ ပျံပတ်တဲ့၊ မန္ဓာတ်ကယ်နေနူံးပေရ၊ ရွှေဘုန်းဂုဏ်။

အာဒိငယ် သိုက်တောင်၊ သမိုက်ကယ် ပြောင်သည်၊ အောင်ထာဝရ၊ ရာထီးငယ်ခလို့၊ ဆင်များထွတ်စွန်၊ ငွေတံခွန်လဲ၊ ဟေဝန်မဟာ၊ ပြိုင်မြတ်စွာက၊ စကြာဖူးရန်၊ မျို့ဦးသာ မှန်တော့တယ်၊ အနန္ဒနိသင်ကို၊ ဒီပဝင် အကျယ်ပွားလို့၊ ထွတ်ဖျားတိုင်စေပွင့်သော်လဲ၊ ချီးခွင့်မကုန်။

စံပမာမူ၊ အပ္ပရာဇိတ်၊ ဘူဗျာဓိပ်ထက်၊ ဟိတ်ပါရမီ၊ မျှသုံးလီကို၊ မဟီပဝေ၊ မြေသက်သေဟု၊ လက်ရွှေ လှစ်ပြန့်၊ ခေတ်လုံနှံ့လို့၊ မတန်ငယ်ရပ်တည်၊ မာရ်နတ်သည်လဲ၊ မကြည်နစ်မှိုင်၊ စစ်ကြီးယိုင်သည့်နှယ်၊ ဖြီးခိုင် သမ္ဘာ၊ ပထဗျာတွင်၊ နုရာဓိဖျား၊ မင်းတရားမို့၊ ငါးပါးရန်နည်၊ စံကိန်းရှည်လိမ့်၊ တည်တည်သမိုင်း၊ ရာဘုရင် ရှိုင်းရတဲ့၊ တိုင်းရန်လုံကို၊ ဆန်မငန်ပြည်လှေးတို့ အစိန္တိ။

ဆယ်ဖြာငယ်မူလ၊ မြတ်ဓူဝဖြင့်၊ မိစ္ဆာ့အယူ၊ စင်စေငယ်ဖြူသည်။ ရှင်လူချမ်းအေး၊ မန္တလေးမှာ၊ ဖွေးဖွေးငယ် ထွန်းပေါ်၊ သာသနာတော်နှင့်၊ ရာကျော်စည်းစိမ်၊ အသမ္ဘိန်တွင်၊ သီရိန္ဒရ၊ အသောကဟု၊ ပြောပသည်ထက်၊ စာတမ်းထွက်တဲ့၊ နန်းဆက်တကာ၊ မကြံရာကို၊ ဉာဏ်ပါရဂုံ၊ ကြုံလို့သာ ခြုံတော့တယ်၊သုံးပုံဘွဲ့ ကမ္ဘီကို၊ ဝရဇိန် ရောင်လင်းငှာ။ ထွင်းလို့တင်ရှိ။

ဤမျှ နမူနာ ထုတ်ပြလိုက်ခြင်းအားဖြင့် နေမျိုးဇေယသင်္ခယာ ဘွဲ့ခံ သံတော်ဆင့် ဦးမောင်ကြီး၏ ခန့်ညား သော အရေးအသားဖြင့် ပြီးသည့် ရတနာပုံခေတ်မှ လူကြိုက်များခဲ့ဖူးသော လေးချိုးကြီးများကို အကဲဖြတ် နိုင်ကြပေလိမ့်မည်။