ကျွန်းဦးတည့်သံလျှက်ခုံ

မြကလေး၏ နေဝင်ချိန်နှင့် လွမ်းပူပုံပွား လှိုင်ထိပ်ထား

သီရိမဟာ သုတရတနာ စန္ဒာဒေဝီဟူသော ဘွဲ့မည်ရသူ အနောက်နန်းမိဖုရား မြကလေး၏ နေဝင်ချိန် သည် လည်း ဆုံးခန်းတိုင် ရောက်ခဲ့ရလေပြီ။

သာရဝေါ ပဲ့နင်းကြီးကတော် ဒေါ်အိသည်လည်း သမီးမြကလေးနှင့်အတူ ခေါင်းတည်၍ ဆွေမျိုးများပါ အပြစ်ဒဏ် ခံ ရတော့သည်။ စုံစမ်းစစ်ဆေး၍ တစ်စွန်းစီ တစ်စစီ ရရှိလာသော ထွက်ဆိုချက်အ၀၀တို့ကို စုပေါင်း လိုက်သောအခါ မပြေးသော် ကန်ရာရှိလာသည်။ ဟုတ်မဟုတ်၊ မှန်မမှန် အပြန်ပြန် အထပ်ထပ် သုံး သပ် ဆင်ခြင်ကြရာ၌ လည်း တိကျမှန်ကန်သော အထောက်အထားများရသည်။ မလိုသူတို့ တွန်း သော ကုန်း စကားဆိုသည်မှာလည်း တကယ်တမ်း ဟုတ်မှန်ရာကို သေချာစွာ ဆန်းစစ်ပါက တစ်ဝက်မှန် များ ဖြစ်နေ တတ်လေသည်။

မြကလေးတို့ မိသားစုနှင့် ပြည်မင်းသားကြီးတို့၏ ရိုးသားစွာ ခင်မင် ဆက်ဆံခဲ့ကြသော အချိန်ပိုင်းက ကြာ ညောင်း ခဲ့လှသည်ကို ထောက်၍ တစ်ယောက် အပေါ်တစ်ယောက် လျှမ်းလျှမ်းတောက် ကောင်းစားစေ ချင်သော သံယောဇဉ်တွေရှိနေခဲ့ရင်း ဖြစ်သည်မှာလည်း အထင်အရှားပင်။

ဟင်္သာတ-သာရဝေါနယ်ကြီး တစ်ခုလုံးမှာ နောက်ခံအင်အား တောင့်လှသော ပဲ့နင်းကတော် ဒေါ်အိသည် မိမိသမီး မြကလေး၏ နောင်ရေးကို မတွေးဘဲနေမည် မဟုတ်ပေ။ ရွှေဘိုမင်းတရားကြီး သည် မြကလေး အား စိမ်းကားခဲ့သည်မှာလည်း ကာလကြာခဲ့ပြီ။ ကြည်တစ်လှည့် နောက်တစ်ခါ စိတ်ေ၀ ဒနာကလည်း တစ်ဖက်၊ အသက်အရွယ်ကလည်း ကြီးရင့်နေပြီဖြစ်သည်။ အထူးသဖြင့် အနောက်နန်းမိဖုရား အဖြစ် ရှိ နေစေကာမူ ပြာတစ်လှည့် ညိုတစ်ခါနှင့် ကြည်သာတော်မူသည်ဟူ၍ မရှိခဲ့သောကြောင့် နောင်ရေး အတွက် ဘဝရပ်တည်မှု ခက်လှချေသည်။

သူတို့မှာ သမီးမြကလေးကို မှီ၍ အခွင့်အရေး သြဇာအာဏာများ လက်ကိုင်ရလာသူများဖြစ်ရာ နောက် တက် လာမည့် ဘုရင်မှာ ပြည်မင်းသားကြီး ဖြစ်မှသာလျှင် မိမိတို့၏ ဘဝရပ်တည်မှုက ဆက်လက် ခိုင်မြဲတည် ငြိမ်ကြရပေမည်။ သည်အတွေး သည်အရေးတို့ကြောင့်လည်း မြကလေးထက် ဒေါ်အိက နောင်ရေး ကို ကြို တင်လာဘ်မြင်ပြီး ပြည်မင်းသားကြီးကို အားပေး၍ အကျိုးဆောင်မှုတွေ ကျိတ်၍ ပြုခဲ့မိ လေသည်။

အမှုသွားကို စိစစ်မေးမြန်း၍ ရရှိလာသော ထွက်ချက်တို့က တစ်စတစ်စ ရာဇဝတ်ပြစ်မှုကြီး၏ အရိပ်သည် ထိုးထင်မှန်း မသိ ထိုးထင်လာခဲ့ပြီဖြစ်သည်။ အချို့ အတွင်းကျကျ ကြိုတင် ကြားသိရသောကြောင့် ကြိုတင် ပြေးရှောင်နိုင်သူများ ရှိသလို လယ်ပြင်၌ ဆင်ကြီး ရပ်နေသလို ထင်ရှားသူ မိဖုရားမြကလေးနှင့် မိခင် ဒေါ်အိ မှာ ရှောင်တိမ်း ပြေးထွက်နိုင်သူများလည်း မဟုတ်ရှာပါ။ လာမည့်ဘေး ပြေးတွေ့ရုံမှတစ်ပါး အခြား မရှိတော့ သည်သာ ဖြစ်ရရှာပါသည်။

မိဖုရားမြကလေး နှင့် မိခင်ဖြစ်သူတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး သက်ပြင်းကြီးချခဲ့ရ သည်။ တစ်နေ့ တွေ့ရတော့မည်ဖြစ်သော ရာဇဝတ်တော်ကြီးကို မျှော်လင့် ကြိုဆိုနေရလို နေရင်းကပင် ချစ်မ၀ ရှုမငြီးသော သမီးတော်ကလေး လှိုင်မြို့စား အတွက် ပင့်သက်ဖြာခဲ့ရသည်။ သမီးကလေးပါ ရာဇဝတ် ၏ သားကောင် စာရင်း ၌ ပါဝင်နေရှာဦးမည်လားဟု စဉ်းစား၍ သွေးလန့်မိကြသည်။ ပြည်မင်းသားကြီး လူမမယ် သားငယ် ၄ ဦးပါ ကွပ်မျက်ခံသွားရသော သာဓကက ရှေ့ပြေး ကြိုတင်မှန်းဆ နိုင်မှု ကြောင့် အသက်ရှူမဖြောင့်နိုင်ရှာပေ။ အမေနှင့်အဘွား တို့ ကိစ္စကို ဘာမှ မသိရှာသူ လူမမယ် လှိုင်ထိပ်ထား ကလေး အတွက် မိမိတို့ အသက်မသေမီကလေး၌ ရှူရှိုက်နေရသော အသက်ရှူချက်ပင် ဖြောင့်ဖြောင့် နှာ၀ သို့ မဝင်တော့သလို ရှိရှာကြရပါသည်။

သို့သော် လှိုင်မင်းသမီး လည်း သိတတ်သောအရွယ် ဖြစ်နေသောကြောင့် မိခင်နှင့် အဘွားတို့ မျက်စိပျက် မျက်နှာ ပျက် ဖြစ်နေစဉ်ကပင် ကြိုတင် သိရှိခဲ့သည်။ ရိပ်မိခဲ့သည်။ မိခင်ချစ်သော သမီး၊ မိခင်၏ ဝါသနာ စာပေ၊ ဂီတအနုပညာ ဗီဇကိုပါ အမွေခံယူနေခဲ့သူ သမီးချစ်ဖြစ်သည့် အားလျော်စွာ မပြေးသာ မရှောင်သာ ကျရောက်လာမည့် ရာဇဝတ်ဘေးသည် မိခင် မိဖုရားမြကလေးအား ပြေးလွှား ရှောင်ပုန်း၍ ရနိုင် မည် မဟုတ်သည်ကို လူမမည်အရွယ်ပင် ဖြစ်သော်လည်း တွေးတောသိရှိနိုင်ခဲ့ရသည်။

သည်တော့ မိခင်နှင့် ကွေကွင်းရမည့် ဒုက္ခကို ကြိုတင်မှန်းဆ၍ ပူပင်သောက ရောက်ရရှာလေသည်။ အမိမဲ့ သမီးအဖြစ် နှင့် ပူပင်သောက စိတ်ဒုက္ခပြင်ကျယ်၌ နေရစ်ခဲ့ရမည့်အစား၊ မယ်တော်နှင့်အတူ ရာဇဝတ် အပြစ် ဒဏ်ကို ဝေပုံကျခံယူ၍ မယ်တော်နှင့် အတူမကွဲ သေပွဲဝင်ရခြင်းက မိမိအဖို့ သက်သာရာ ရလေမည် ဟူသော အတွေးမျိုးကိုလည်း သမီးတော် လှိုင်ကလေးက လက်ကိုင်ပြုထားသူဖြစ်ပေသည်။ လောကီ လောကုတ္တရာ စာပေဗဟုသုတ ပြည့်ဝကုံလုံခဲ့သူများပီပီ မယ်တော်မြကလေး နှင့် သမီးတော်ကလေး လှိုင်ထိပ် ထားတို့သည် ပူပင်သောကသာ ပင်လယ်လှိုင်းတံပိုးမျှ ရင်ထဲတွင် ရိုက်ခတ် လျက် ရှိကြရသော် လည်း စိတ်ထားတည်ငြိမ် ရတနာသုံးပါး ဦးထိပ်ထား၍ ကံတရားကိုသာ အားကိုး နေရရှာ ကြသည်။

ထိုနေ့က အဆောင်တော်တွင် မယ်တော် ဒေါ်အိ၊ မိဖုရား မြကလေးနှင့် သမီးတော် လှိုင်ထိပ်ထားတို့သည် အဆောင် အတွင်း ရှိ ဘုရားစင်ရှေ့တွင် မြတ်စွာဘုရားကိုသာ အာရုံပြုလျက် ရှိကြသည်။ အဆောင်တော် တွင်း ရှိ ရံရွှေတော်များမှာလည်း အိမ်ရှေ့ပူက အိမ်နောက်က မချမ်းသာသလို မျက်နှာညိုညို နှင့် ညှိုးညှိုး ငယ်ငယ်သာ ဝေယျာဝစ္စများ လုပ်ကိုင်လှုပ်ရှားနေရရှာကြပါသည်။

အနောက်နန်းမိဖုရား မြကလေးသည် မြတ်စွာဘုရား ရုပ်ပွားတော်ရှေ့၌ မျက်စိကို စုံမှိတ်၍ ပယင်းပုတီးကို အာရုံခံ ကာ စိပ်လျက် ရှိနေသည်။ ဒေါ်အိကလည်း ဆင်စွယ်ပုတီးနှင့် တရားဘာဝနာပွား၍ အချိန်ကုန်လွန် ခဲ့ ရသည်။

လှိုပ်ထိပ်ထားခမျာလည်း မယ်တော်အနီး၌ ထိုင်၍ ညှိုးမှိုင်နွမ်းနယ်စွာ ရှိနေရှာစဉ် အဆောင်တော်ထဲသို့ မင်းမှုထမ်း များ ဝင်လာကြသည်။ ရှေ့ဆောင်ပြုလာသူသည် အနောက်ဝန်မင်းနှင့် မြို့ဝန်တို့ဖြစ်၍ ၎င်းတို့ နောက် မှ ပါးကွက်အာဏာသားများ လိုက်ပါလာကြသည်။

ရှေးဦးစွာ လှိုင်ထိပ်ထားသည် မျက်လုံးများ ပြာဝေသွားရှာသည်။ မယ်တော်နှင့် ဘွားတော်တို့ကို ကြည့် လိုက် သောအခါ မျက်လုံးမှိတ်မြဲ မှိတ်ပြီး၊ ဘုရားကို အာရုံပြုမြဲ ပြုနေကြသည်ကို တွေ့မြင်ရလေသည်။ သူတို့ သည် သေမင်းတမန်များကို မမြင်ရှာကြသေး …။ ရှေးဦးစွာ တွေ့မြင်ရသူ လှိုင်ထိပ်ထားမှာသာ မျက်လုံး ပြာေ၀ သွားရသည်အထိ ပူပင်မိရခြင်းဖြစ်ပါသည်။

လှိုင်ထိပ်ထားသည် ထိုကိစ္စဖြစ်ပွားစဉ်က သက်တော် ၁၂ နှစ်မျှ လောက်သာရှိပါသေးသည်။ ထိုစဉ်က သူ၏ ကိုယ်တွေ့ အဖြစ်အပျက်ကလေးများကို ရတနာပုံ၌ အိမ်ရှေ့မိဖုရားဖြစ်လာသောအခါ သူ၏ သားတော် ထန်းတပင် မင်းသား ကလေးအား ငယ်ရွယ်စဉ်အခါက ပုံပြင်တစ်ခုကို ပြန်ပြောသကဲ့သို့ တစ်ခါ တစ်ရံ ပြော နေတတ်ပါသည်။ ပုံနားထောင်သူ ထန်းတစ်ပင်မင်းသားမှာ ၇ နှစ် ၈ နှစ်အရွယ်ရှိသူဖြစ်၍ ပုံပြင် မှာ စိတ်ဝင် စားမှု ရှိချင်မှ ရှိမည် ဖြစ်သော်လည်း အနားတွင် ထိုင်နေရသူ အထိန်းတော် (ခင်ညှာ) ကတော့ နားထဲ၌ စွဲနေအောင် မှတ်သားထားမိသူဖြစ်သည်။

ခင်ညှာသည် ထန်းတစ်ပင်မင်းသားကလေး ငယ်စဉ်က ထိန်းခဲ့ရဖူးသူ အထိန်းတော်တစ်ဦးဖြစ်ပါသည်။ နန်းတွင်းသူ အပျိုတော်ငယ် တစ်ဦးလည်းဖြစ်ပါသည်။ သို့ကြောင့် ခင်ညှာမှတစ်ဆင့် လာခဲ့သော လှိုင်ထိပ်ထား ၏ ဖြစ်ရပ်ပုံပြင်ကလေး၏ ရှုထောင့် တစ်ကွက်ကို စိတ်ဝင်စားဖွယ် မှတ်သား ရခြင်း ဖြစ်ပါသည်။ ထိုနေ့က မယ်တော် မိဖုရားမြကလေး ဝတ်ဆင်သော အဝတ်အဆင်နှင့် အသွေးအရောင်ကိုပါ ပြောပြ ရှာသည်။

မယ်တော် မိဖုရား မြကလေးသည် ဥပုသ်ရက်ရှည် စောင့်နေသည်။ သနပ်ခါးပန်းမန် မကဘဲ ဝါဝင်းသော အသား အတိုင်း ပင် ရှိသည်။ ရှည်လျား နက်မှောင်သော ဆံပင်များကို မြကလေး ဆီများပင် မသတော့ သဖြင့် ပွယောင်းနေသည်။ ဆံထုံးကိုလည်း ဖြစ်ကတတ်ဆန်း နှစ်ပတ်ရစ် နောက်ပြန် ထုံး၍ ဆံထုံး ရှေ့တည့်တည့် ၌ သနပ်ခါးဘီးတစ်ချောင်းသာစိုက်ထားသည်။

ဝတ်လဲတော် ထဘီ မှာ အဝါနုရောင် စစ်ကိုင်းချိတ်ထဘီ တစ်ပတ်ရစ်ကို ဝတ်ထားပြီး ထိုင်မသိမ်းအင်္ကျီ အပေါ် မှ ဆင်စွယ်ရောင် ပိုးပဝါဖြူကို ဒေဝီခြုံလောက်ပဲတင်၍ ခြုံထားပါသည်။ သွယ်ပျောင်း နူးညံ့သော လက်ချောင်း ကလေးများကြားမှာမူ နီရဲရဲ အဆင်းရှိသော ပယင်းစိပ်ပုတီး (မီးဝင်း) ရောင်ကို ပုတီးစိပ် လျက် ရှိပါသည်။

မျက်စိကို စုံမှိတ်ပြီး ပုတီးနာနာ စိပ်လျက်ရှိသော မိဖုရား မြကလေးကို သမီးတော် လှိုင်ထိပ်ထားက မယ်တော် ၏ လက်ဖျားကလေး အသာဆုပ်ပြီး ” မယ်တော်ဘုရား-မယ်တော်ဘုရား” ဟူ၍ နှစ်ခွန်းဆင့် ကာ တိုးတိုးသက်သာ ခေါ်လိုက်သည်။ ” သမီးလေး” ဟု နူးညံ့ညှင်းပျောင်းသော အသံဖြင့်ထူးကာ မျက်လုံး ဖွင့် ကြည့်လိုက်သော မိဖုရားမြကလေးသည် သမီးတော်ကလေး၏ ထိတ်လန့်တကြား ဖြစ်နေရှာ ဟန်ကို ရှေးဦးစွာ မြင်ရသောခဏတွင် “သူတို့ဝင်လာကြပြီ မယ်မယ်ဘုရား ” ဟု မျက်လုံးနှင့် ညွှန်ပြရာသို့ လှည့် ကြည့် မိသောအခါတွင် မြို့ဝန် နှင့် အာဏာသား တို့ အပါးတော်သို့ ဝင်လာကြလေသည်။

အနောက်ဝန် နှင့် မြို့ဝန်တို့က ထုံးစံအတိုင်း အမိန့်တော်ပြန်လျက် အဆောင်တော်ပေါ်ရှိ မယ်တော် ဒေါ်အိ နှင့် အတူ မြကလေးအား လက်ပြန်ကြိုးများ ချည်ကြလေသည်။

လှိုင်ထိပ်ထားကလေး သည် မယ်တော်၏ အဖြစ်ကို မကြည့်ရက်သလို မျက်နှာကို လက်ဝါးနှစ်ဖက်နှင့် ပိတ် ပြီး ရှိုက်ကြီးတငင် ငိုမိတော့သည်။ ငိုရာမှ မယ်တော်ကို မလွှတ်တမ်း ဖက်၍ထားပြန်သည်။ သို့ကြောင့် လက်ပြန်ကြိုး ချည်ကြရာ၌ မယ်တော် ရော သမီးတော် ပါ အရောရော အယှက်ယှက်ဖြစ်နေပါသည်။

ဤတွင် တည်ငြိမ်သော မျက်နှာ နှင့် မိဖုရား မြကလေးက အနောက်ဝန်မင်းနှင့် မြို့ဝန်မင်းတို့ကို လှမ်းကြည့် ပြီး” သမီးတော်ကလေးမှာ ဘာမှ အပြစ် မရှိပါဘူး။ သူ့ကို မနှိပ်စက်ကြပါနှင့် ” ဟူ၍ မိန့် ဆိုရှာသည်။ ဒေါ်အိ ကို လက်ပြန်ကြိုး တည်းသူများကလည်း တစ်ပြိုင်တည်း ကိစ္စပြီးကြသည်။ ဒေါ်အိ တွင်လည်း ဝမ်းနည်း ကြောက်ရွံ့ဟန် မပေါ်လာ၊ ရဲရဲသာ ရင်ဆိုင်ရမည်ဆိုသော အဖြေကို မျက်နှာတွင် ပြလျက် ရှိသည်။

မြို့ဝန်သည် သမီးတော်ကလေးအား …

” ထိပ်ထားကလေး သတိထားတော်မူပါ။ ထိပ်ထားကလေးအတွက် ရာဇဝတ်တော် မပါပါဘူး” ဟူ၍ ဖျောင်းဖျပါသည်။ သို့ရာတွင်လှိုင်ထိပ်ထားမှာ ကလေးအရွယ်သာ ဖြစ်ရှာသောကြောင့် ရှိုက်ကြီးတငင် ပူပင် ငိုကြွေးလျက် မယ်တော် ၏ လက်ကို မလွှတ်ဘဲ ဇွတ်ဆွဲထားလေသည်။

အနောက်ဝန်မင်းသည်လည်း မနေသာပြီ ” ထိပ်ထားကလေး ချမ်းသာစွာ နေတော်မူရမှာပါ။ မယ်တော်ကို ဆွဲမထား ပါနှင့်။ သွားပါစေ … လွှတ်လိုက်ပါတော့ ” ဟု ချော့မော့ ပြောဆိုသော်လည်း …

” မယ်တော် မရှိရင်၊ တင်တင် ဘယ်သူနဲ့ နေရမှာလဲ။ တင်တင်လည်း မနေချင်ပါဘူး။ မယ်တော်နဲ့အတူ ကြေးတိုက် ထဲမှာ လိုက်နေပါရစေတော့ အနောက်ဝန်ကြီးရယ် “

ဟုသာ ခုခံပြောဆိုနေပါသည်။ သူ့စိတ်ထဲမှာ အရင်တစ်ခါလို ကြေးတိုက်တွင် ချဦးမည်များ ထင် လေသလား။ ယခုအချိန်ကား ကြေးတိုက်တွင် အချုပ်ချထားရန် မဟုတ်တော့ပါ။ လက်ပြန်ကြိုးတုပ်၍ သင်္ချိုင်းသို့ ထုတ်ပြီး တစ်ချိန်တည်း ဇီဝိန်ဖြုတ်ရန် ဖြစ်ပါသည်။

” သမီးတော်လေး စိတ်ချမ်းသာအောင် နေရစ်ပါကွယ်။ မယ်မယ်တို့အတွက်နဲ့ စိတ်ဒုက္ခ အင်မတန် မဖြစ် လေနှင့်။ တရားနှင့် ဖြေရစ်ပေတော့ “

ဟူသော မယ်တော် ၏ အမိန့်သံသည် လှိုင်ထိပ်ထားကလေးအား ရင်ဆို့ နစ်မြောသွားစေတော့သည်။

အနောက်ဝန်မင်း အမိန့်အရ အိမ်တော်သူ ရံရွေတော်များသည် မြောမေ့နေရှာသော သမီးတော်ကလေး လှိုင်ထိပ်ထား အား ဝိုင်းဝန်းပြုစုယုယလျက်၊ ယပ်ခတ်သူခတ်၊ နှာနှပ်သူနှပ်၊ ခြေဖဝါး လက်ဖဝါးတို့ကို အနှိပ် တော် များ ဆက်သသူက ဆက်နှင့် လက်မလည်နိုင်အောင် ပျားပန်းခပ် ဖြစ်နေကြလေတော့သည်။

ရံရွှေတော် များ၏ ပြုစုယုယမှုကြောင့် မကြာမီ သတိရ၍ မျက်လွှာကို မ ကြည့်လိုက်သောအခါ အဆောင် တော်ထဲ ၌ မယ်တော် မိဖုရားမြကလေးအား သမီးတော် လှိုင်ထိပ်ထား မတွေ့မြင်ရတော့ပေ။

ဤတွင် ပွေ့ဖက်ထားသော ရံရွှေတော်များ လက်မှ ရုန်းထွက်ထထိုင်ကာ ” မယ်တော်ဘုရားကို သူတို့ ခေါ် သွားကြပြီ၊ မယ်မယ်ဘုရား မရှိတော့ပါကလား “ဟု ဆိုကာ လှိုက်လှဲကြေကွဲစွာ ငိုပွဲဆင်ရရှာပြန်သည်။

” ထိပ်ခေါင်တင်ကလေး သတိထားတော်မူပါဘုရား ” ဟု ရံရွှေတော်များက လျှောက်ထား ဖေးမ နေကြ သော် လည်း ငိုရှိုက်၍ကတော့ မပြီးနိုင်တော့ပြီ။

တစ်ခါတစ်ရံ ငိုရင်းမှ သတိလစ်သွားရပြန်သည်။ စိတ်ဝေဒနာ ပြင်းပြခြင်းကြောင့်လည်း အိပ်ရာသလွန်ထဲ၌ အလူး အလဲ ဖြစ်ရှာလျက် ချုံးချငိုရှိုက်ရင်းသာ အချိန်လင့်လာခဲ့သည်။

မိခင်ပျောက ်နေသော ကြက်သားငယ်ကလေးပမာ တစာစာ တစီစီ မြည်တမ်းရင်း မိခင်ကို လိုက်ရှာ ရသည့် အလား လှိုင်ထိပ်ထား ခမျာမှာ မယ်တော် မိခင်ကို တမ်းတ၍သာနေလေသည်။ မယ်တော်အား ဘယ်ဆီ သို့ ခေါ်၍သွားကြလေသနည်း။ ကြေးတိုက်တော်သို့လား၊ သူသတ်ကုန်းသို့လားဟု ရံရွှေတော်တွေ အိမ်တော် သူတွေကို မေးသော်လည်း ဘယ်သူမျှ တိကျသော အဖြေကို မပေးနိုင်ကြပေ။ မျက်ရည်တွေနှင့် တွေေ၀ ၍သာ နေကြလေသည်။

ရံရွှေတော်များသည် မည်သူနှင့်မျှ အဆက်အသွယ်မရှိ။ အိမ်တော် အဆောင်တွင်း၌သာ အမှုတာဝန် ထမ်း ဆောင် ခစား ရသူများ ဖြစ်ခြင်းကြောင့် အပြင်က သတင်းသည် အတွင်းသို့ ရုတ်တရက် ရောက်မလာ၍ မယ်တော် ဘာဖြစ်ရှာသည်ဟု မသိရသေး။ ရာဇဝတ်ဘေး ဖြစ်၍ မေးမြန်းစုံစမ်းခြင်းလည်း မပြုဝံ့။ ကြောက်ရွံ့ စိုးရိမ်စွာနှင့်သာ ခစားနေကြရရှာသူများ ဖြစ်လေသည်။

လှိုင်ထိပ်ထားလေးသည် မယ်တော် ဘယ်ဆီသို့ ရောက်နေပြီဆိုသည်ကို ပြင်းပြစွာ သိလိုသည်။ မြေပြင် ကို ခြေတင်ပြီး အပြေးကလေးများ လိုက်၍ရလျှင် ပြေးလိုက်ချင်၊ ပြေး၍ ရှာဖွေချင်သည်။ သို့သော် အရံအတား ရံရွှေတော်များ အလယ်မှာ ရုန်းထွက်၍ မရ။ မင်းသမီးတို့ မည်သည်လည်း အမိန့်တော် မပါ လျှင် ဘယ်ဆီမှ ခြေတစ်လှမ်းချ၍ မဖြစ်ခဲ့ကြသော ရွှေနန်းတော် အနောက်ပိုင်း၏ ထုံးစံဓမ္မတာအရ ဖြစ်၍ မလွန်ဆန် သာ ခဲ့ပေ။

ပူဆွေတမ်းတရင်း ပြင်းပြသော စိတ်ဝေဒနာကြောင့် ကိုယ်စိတ်နှလုံး ညှိုးချုံးပူဆာ၍ အိပ်ရာသလွန်တွင် ပစ်လှဲ ၍ ငိုပွဲဆင်ပြန်လေတော့သည်။

ရံရွှေတော်များ ပြုစုမှုဖြင့် ရှိုက်သံတိတ်ရပြန်သည်တွင် …

” မယ်တော်ဘုရား ကို ဘယ်ခေါ်သွားကြလဲ မမတို့ရဲ့ … တင့်တင့်ကို ပြောကြစမ်းပါ။ မယ်တော်ဘုရား ဘယ်ပုံ ဘယ်နည်း နှင့် ပါသွားရှာသလဲ။ တင်တင် သိပါရစေလား မမတို့ရယ် “

ဆိုသော အမေးကိုတော့ ရံရွှေတော်များ၏ နောက်ဆုံး မျက်မြင်ဖြစ်စဉ်ကို လျှောက်တင် ပြောကြား နိုင်ကြပါ သည်။

” ထိပ်ထားလေး ပထမအကြိမ် နစ်မြောသွားစဉ် မယ်ဘုရားက ပွေ့လိုက်မည်အပြုမှာ မြို့ဝန်မင်းက တည်းထားသော ကတ္တီပါနှောင်ကြိုးကို တင်းတင်းဆွဲ၍ မတ်ရပ်ထလိုက်ရပါသည်။ သမီးတော်ကို ပွေ့ ပိုက်မှု မပြုရတော့ပါ။ တစ်ခါ သူတို့ ဆွဲခေါ်သွား၍ အဆောင်တော် အလယ်အထိ လိုက်ပါသွားရာမှ မယ်တော် ဘုရား စာတော်များ ရေးသားရာ ပုရပိုက်များရှိသော ညောင်စောင်းအနီးသို့ ရောက်ပါသည်။ သည် အခါ မယ်တော်ဖျားက ခေတ္တရပ်နားပြီး မြို့ဝန်ကြီးကို စာတစ်ကြောင်းလောက် ရေးတော်မူခဲ့လို၍ အခွင့်ပြုရန် မိန့်တော်မူပါသည်။ မြို့ဝန်၏ ခွင့်ပြုချက်အရ မယ်တော်ဖျားက ညောင်စောင်းပေါ်တွင် ထိုင်ပြီး ရေးတော်မူ လက်စ ပုရပိုက်တစ်ဆူကို ဖွင့်၍ ကန့်ကူဆံနှင့် စာအနည်းငယ် ရေးတော်မူခဲ့ပါသည်။

စာရေးမပြီး ခင်ပင် မြို့ဝန်နျင့် အာဏာသားတို့က သွားကြမည်ပြုသောကြောင့် တစ်ပိုင်းလက်စ ရေးထား ခဲ့သော ပုရပိုက် စာမျက်နှာပင် မပိတ်ရသေးဘဲ ကန့်ကူဆံကို ပုရပိုက်ပေါ်တွင် ချထား၍ လိုက်ပါတော် မူသွားရသည်ကို ဖုရာ့ ကျွန်မတို့ တွေ့မြင်ကြရပါကြောင်းဖုရား “

ဟု လျှောက်ထားပြီးသောအခါ လှိုင်ထိပ်ထားလေးက ယင်းပုရပိုက်ရှိရာ ညောင်စောင်းဆီသို့ အပြေး ကလေး သွား၍ ကြည့်ပါသည်။

ညောင်စောင်းပေါ်တွင် ပုရပိုက်မှာ ပွင့်လျက် ကန့်ကူဆံကလေးကိုပင် မသိမ်းဆည်းနိုင်၊ ပုရပိုက်ပေါ်ရှိ ရေး လက်စ စာလုံးဖြူဖြူကလေးများပေါ်၌ ကန့်ကူဆံ ကန့်လန့်တင်လျက်သား တွေ့မြင်ရသောအခါ မယ်တော် ၏ ဖြစ်စဉ်ကို ရင်ဆို့၍ လာမိရှာသည်။

ရေးသားထားသော စာလုံးများကို သဲကွဲစွာ မမြင်ရ၍ မျက်ရည်ပြည့်နေသော မျက်လုံးများကို ခါသာစနှင့် သုတ် သိမ်းပြီးမှ သမီးတော် လှိုင်ထိပ်ထားက ဖတ်ကြည့်လိုက်လျှင် …

      လောကဓံ ရှစ်ပါး၊ ဘုရားဟောရာ၊ ဖြစ်ပျက်မြဲ ဓမ္မတာ၊ သေချာစွာ မှတ်စွဲ။

သတ္တဝါ တို့ မည်သည်၊ မတည်ကြည် ဖောက်ပြန်တတ်မြဲ။

ငါမင်း လို့ ပြုပြန်ခံရသူအသစ်ပ၊ အဖြစ်ဖြစ် အပြန်ပြန် လွဲှသင့်ပေဟန်။ လမ်းမှန်ကို ရွှေဉာဏ်တော် ရှုအုံး ရှင့်လေး။

ဟူသော ရေး၍ မပြီးဆုံးခဲ့သေးသည့် တေးထပ် တစ်ပိုင်းတစ်စကို တွေ့မြင်ရသောအခါ လှိုင်ထိပ်ထားနှင့် တကွ အဆောင်တော်သူများ အုန်းအုန်းသဲသဲ ရှိုက်ငိုလျက် မျည်ရည်စ မသိမ်းနိုင်ရှိကြပါတော့သည်။

လှိုင်ထိပ်ထားသည် မယ်တော်၏ နောက်ဆုံးလက်ရာ စာလုံးကလေးများပါသော ပုရပိုက်ကို ရင်မှာ ပွေ့လျက် တရှိုက်မက်မက် ငိုမဆုံးအောင် ရှိတော့သည်။

” မယ်တော်ဘုရား၊ အဖြစ်ဆိုးတော်မူလှချေရဲ့ ဘုရား။ ခမည်းတော်ဘုရားရဲ့၊ ရက်စက်တော်မူလှချေရဲ့ ဘုရား” ဟု ထပ်တလဲလဲမြည်ကြွေးတမ်းတလျက် မယ်တော်၏ လက်ရေးပုရပိုက်ကလေးကို အကြိမ်ြိကမ် နမ်းရှိုက် ငိုကြွေးရပြန်လေသည်။

ရံရွှေတော်များလည်း မျက်ရည်မသိမ်းဆည်းနိုင်သည့် ကြားမှပင် မိဖုရား မြကလေး၏ အသုံး အဆောင် များကို သိမ်းဆည်းကြရာ၌ မြကလေးကိုယ်တိုင် ရေးစာတော်များ ပါရှိသော ပုရပိုက်များ၊ ပေထုပ်များကို အပြန့်အလွင့် မရှိစေရအောင် စနစ်တကျ စုဆောင်းလျက် ယွန်းသေတ္တာ၊ ကျွန်းသေတ္တာ များနှင့် ထည့်သွင်း သိမ်းဆည်း လျက် သမီးတော် လှိုင်ထိပ်ထားအတွက် ဆက်သရန် သိမ်းကောက် စုဆောင်း ထားကြ လေသည်။

လှိုင်ထိပ်ထား ခမျာ မိခင်၏ လက်ရာကို တမွှေးမွှေးနှင့် နမ်းရင်း တငေးငေးတမောမော ပူဆွေးသောက ဖိစီးရ ပြန်တော့သည်။ ရေကြည်တော်နှင့် ပွဲတော်စာ မသုံးသဖြင့် ဗုန်းဗုန်း လဲရတော့မည် ဖြစ်သော အခြေအနေ သို့ တိုင် ရောက်ခဲ့ရရှာသည်။

ဤအခြေတွင် ရံရွှေတော်များက အနောက်ပိုင်းဆိုင်ရာ အနောက်ဝန်မင်းထံသို့ မိန်းမစိုးများကို စေလွှတ်၍ လျှောက် တင် အကြောင်းကြားကြရလေသည်။

ထိုသတင်းကို အနောက်ဝန်မင်းမှတစ်ဆင့် ရွှေဘိုမင်းတရားကြီး၏ သမီးတော် စုဖုရားကြီး၏ ရွှေနားတော် သို့ ပေါက်ကြားသိရှိသွားလေတော့သည်။ နဂိုကပင် အနောက်နန်းမိဖုရား မြကလေးကို ရာဇဝတ်ပြစ်ဒဏ် ပေးလိုက်ပြီ ဆိုသော သတင်းကြောင့် စုဖုရားကြီး စိတ်မကောင်းဖြစ်နေစဉ် ညီမတော် လှိုင်ထိပ်ထား ကလေး တစ်ယောက် မိခင်အတွက် စိတ်သောက ရောက်နေရာမှ စိတ်ဝေဒနာကြောင့် သလွန်ပေါ်မှာ လဲနေရှာပြီ ဆိုသောသတင်းစကားကြောင့် ကရုဏာ ပိုကဲခဲ့ရပြန်သည်။

လှိုင်ထိပ်ထားမှာ ကလေးအရွယ် ငယ်ရွယ်သူကလေးမျှ ရှိရှာသေးသည်။ မိခင်၏ ရင်ငွေ့ကို လှုံကာ စိတ် အေးချမ်း ပျော်ရွှင်စွာ နေခွင့်မကြုံရတော့သော အဖြစ်ကို ကြင်နာဆပွား ကရုဏာ ထားတော်မူမိသည်။

သမီးတော် တစ်ပါးအဖြစ် လူလားမြောက်နေသော် အရွယ်ဆိုပါလျှင် မိခင်ပင် မရှိစေကာမူ သူ့အဆောင် နှင့် သူ၊ သူ့အခြွေအရံ အထိန်းတော် အယတော်တို့နှင့် အနေမပျက် ဆက်လက်နေနိုင်ပေဦးမည်။ ယခုကား ငယ်ရွယ် လှ ရှာသေးသည်။ အမိနို့စော်ပင် မပျောက်တစ်ပျောက် ၁၂ နှစ်မျှ အရွယ်ကလေးနှင့် ပူဆွေးဒုက္ခ ကြီးလေးစွာ ကျရောက်နေရရှာသည်ကို ကြင်နာသနား ကရုဏာပွားတော်မူသည်။

သည် အမေ သည်သမီး နှစ်ဦးတည်း ရျိကြရာမှာ ယခုအခါ မိခင်မျက်နှာလွဲှသွားခြင်းခံရ၍ မနေတတ် မထိုင် တတ် အိမ်မြှောင် အမြီးပြတ်မျှ ဖျပ်ဖျပ်လူး ဖြစ်ရှာရတော့မည်။ သူ့မိခင်၏ ရင်ငွေ့အစား အစ်မကြီး အမိအရာ ထား၍ သည်ကလေးကို ကောက်ယူ မွေးစားတော်မူမည်ဟု စိတ်တော်ပိုင်းဖြတ်လိုက်သည်။

သို့ကြောင့် အနောက်ဝန်မင်းက လှိုင်ထိပ်ထားအား သူ၏အခြွေအရံများနှင့်အတူ စုဖုရားအဆောင်တော်သို့ ပြောင်းရွှေ့ ခေါ်ယူလာရမည်ဟု အမိန့်တော် ရှိလိုက်သည်။ သည်ကလေး အနောက်နန်းဆောင်၌ထားလျှင် အမြဲမပြတ် သူ၏မိခင်ကို ထင်မြင် ပူဆွေးနေတော့မည်သာ ဖြစ်သည်။ သို့ကြောင့် မိမိအဆောင်တော်သို့ ပြောင်းရွှေ့ ခေါ်ယူ ထားခြင်းက စိတ်ထား ပျောက်ပျောက်ပျက်ပျက်လည်း ရှိမည်။ မိမိ မျက်စိအောက်၌ ရင် အုပ်မကွာ ကြည့်ရှုစောင့်ရှောက်မှုလည်း ပေးနိုင်၍ တစ်ချက်ခုတ် နှစ်ချက်ပြတ် သဘောပင် ဖြစ် လေသည်။

သမီးတော် စုဖုရားကြီးသည် ခမည်းတော် ရွှေဘိုမင်းတရားကြိးက ချစ်ခင်မြတ်နိုးလှသော သမီးတော်ကြီး တစ်ပါး ဖြစ်သည်။ တိုင်းရေးပြည်ရေးတို့၌လည်း အခါမပြတ် ဆွေးနွေး တိုင်ပင်တော်မူလေ့ရှိသည်။ ဗေဒင် ကိန်းခန်း ယတြာများကိုလည်း ပညာရှိ သမီးတော် စုဖုရားကြီးတွက်ချက် လျှောက်တင်ချက်အတိုင်း လက်ခံ ကျင့်သုံးတော်မူခဲ့သည်။ အဆုံးအစွန်အဖြစ် ရာဇဝတ်ပြစ်မှု ပေးပြီးသူများအား အမျက်အလျောက် ရုတ်တရက် အဆုံးမစီရင်မီ သမီးတော် စုဖုရားကြီးက ကယ်ဆယ်စောင်မလျှောက်တင် တောင်းပန်ခွင့် အထိ ရရှိတော်မူခဲ့သည်။ နန်းမတော်မယ်နု၊ ပြည်မင်းသား နှင့် မြကလေးတို့ ကိစ္စအား အလွန် ပြင်းထန် သော အမျက်ရာဇဒဏ်ကြောင့် စုဖုရားကြီး ကြားဖြတ်လျှောက်တင်ခွင့် မရနိုင်အောင် ရှိခဲ့ပါသည်။

သို့သော် ဤလူမမည် အပြစ်ကင်းမဲ့သူ ညီမငယ် လှိုင်ထိပ်ထားအတွက်မှာ မိမိအပြင် ကြည့်ရှု စောင့်ရှောက် မှု ပေးဝံ့သူ မရှိသည့်အားလျော်စွာ စေတနာကြီးစွာဖြင့် ခေါ်ယူ စောင့်ရှောက်ခြင်းပြုရန် ဖြစ်သည်။

ယခင်ကလည်း ဘကြီးတော်ဘုရားနှင့် နန်းမတော်မယ်နု တို့၏ သမီးတော်တစ်ပါး (နောင်အခါ ဆင်ဖြူမရှင်) အား မိဖုရားကြီးမယ်နု ရာဇဝတ်ခံရချိန်က ခေါ်ယူကယ်ဆယ် ထားခဲ့ဖူးသေးသည် ဖြစ်ရာ စုဖုရားကြီး၏ ကရုဏာ မေတ္တာသည် ဤဒုက္ခသည် ညီအစ်မနှစ်ဦးဖြစ်သူ လှိုင်ထိပ်ထားနှင့် ဆင်ဖြူမရှင် တို့၏ တစ်သက်တာ မှီခိုအားထားရာကြီးတစ်ခု ဖြစ်ခဲ့ရလေသည်။ စုဖုရားကြီးက ယခု လှိုင်ထိပ်ထားလေးကို ခေါ် ယူစောင့်ရှောက်ချိန်၌ဆိုလျှင် (ဆင်ဖြူမရှင်) စုဖုရားမှာ အပျိုအရွယ် ဖြစ် နေလေပြီ။ သူလည်း မယ်တော် (မိဖုရားမယ်နု) ရာဇဝတ်သင့်ချိန်က လှိုင်ထိပ်ထားကဲ့သို့ပင် မျက်ရည် နှင့် မျက်ခွက် ဖြစ်ခဲ့ရရှာပေမည်။

သို့နှင့် မျက်ရည်စက်လက် တရှိုက်မက်မက် ဖြစ်နေသော ညီမတော် လှိုင်ထိပ်ထားကလေးအား မ ဖုရားကြီး က ကျောလက်သပ်ကာ ဖျောင်းဖျ တရားပြရှာသည်။ ကလေးအရွယ်မို့ လွယ်လွယ်နှင့် အငို မတိတ် လျှင် ချော့တန်သည့်အခါ ချော့၍၊ ခမည်းတော် အမိန့်နှင့် ခြောက်တန်သည့် အလှည့်၌ ခြောက်လှန့် ခဲ့ရသည်။

အစ်မတော်လတ် (ဆင်ဖြူမရှင်) စုဖုရားကလည်း မိမိနှင့်အလားတူ အကျိုးပေး တူမျှနေသော ညီမတော် ကလေး “လှိုင်” အား ကိုယ်ချင်းစာတရားနှင့် သနားကြင်နာမိရှာသည်။ သို့ကြောင့် ညီမတော်လေး ပူဆွေး ခြင်း ဒုက္ခမှ စိတ်ပြေရာ ပြေကြောင်းကို ဖျောင်းဖျ ချော့မော့ခြင်းပြုသည်။ မိမိငယ်စဉ်က ဖြစ်စဉ်များ ကိုလည်း ပြန်လည် ပြောကြား၍ တရားချနေသည်။

လှိုင်ထိပ်ထားခမျာမှာတော့ အိမ်မြှောင် အမြီးပြတ်ချိန်မို့ ” ဘယ်လိုပင် တရားဟောဟော၊ ဟောရင်းသာ ပျံ တော် မူမည်။ ဆန်ဖြူဖြူ တစ်ခွက်မှ ထွက်ပုံတော့မရ … ” ဆိုသော စလေဆရာကြီး ဦးပုည၏ စာလို ငို၍ဖြင့် မဆုံးနိုင်ခဲ့ရှာပေ။

မယ်တော်၏ အခြေအနေ ဘယ်သို့ဟုသိလိုသည်။ မယ်တော် အသက်နှင့် ကိုယ်နှင့်ပင် ကွဲရှာလေရော့ သလား၊ ကြေးတိုက်တော်မှာပင် ရှိနေသေးသလားဟု များစွာမှ သိတော်မူချင်လှသည်။ လှိုင်ထိပ်ထား ကလေး က မေးမြန်းသော အခါလည်း အစ်မတော်ကြီး စုဖုရားကြီးသည် လည်းကောင်း၊ အစ်မတော်လတ် စုဖုရား သည် လည်းကောင်း၊ အဆောင်အတွင်းရှိ ရံရွှေတော်များသည်လည်းကောင်း မယ်တော်၏ အကြောင်း ကို မသိမကြားကြသေးသလို မတင်မကျ ဖြေကြသည်။

အခြားသူများပင် မဆိုထားဘိ၊ အစ်မတော်ကြီး စုဖုရားကပင်လျှင် လှိုင်ထိပ်တင်က မေးလေတိုင်း ” မသိချင် ပါနှင့်ဦး … ညီမတော်ရယ်။ အနောက်နန်းမတော်ရဲ့ ကုသိုလ်ကံအတိုင်း ရာဇဝတ်တော်က ချမ်းသာ လွတ်မြောက်ချင်လျှင်လည်း ခမည်းတော် က ချမ်းသာခွင့် ပေးတော်မူပါလိမ့်မယ် ” ဟု ဖြေသိမ့်တော် မူရှာသည်။ သူတို့ သိကြားသည့် သတင်းကို ပွင့်ပွင့်လင်းလင်း မပြောရက်ကြတော့ပေ။ အချိန်ကာလ ဝေးပြီး တဖြည်းဖြည်းမှ သိလိုက သိစေတော့ဟုသက်သာအောင် ချော့မော့ အဖြေပေးထား ကြလေသည်။