ကျွန်းဦးတည့်သံလျှက်ခုံ

ဆင်နှင့်နင်းသတ်ရာမှကြေကွဲစရာဖြစ်အင်

ဘူးတစ်ရာ အပေါက်ကို ပိတ်လို့ရလျှင် ရလိမ့်မည်။ ပါးစပ်တစ်ပေါက်ကို ပိတ်၍ မရနိုင်ဆိုသော အစဉ် အလာ စကားရှိငြားသော်လည်း စုဖုရားကြီး (စကြာဒေဝီ)၏ အဆောင်တော်အတွင်းရှိ တစ်ရာမျှမကသော ခြွေရံ မောင်းမ တို့၏ ပါးစပ်များက တညီတညွတ်တည်း ပိတ်ထားလို့ရသည်။

စုဖုရားကြီး က “အဖြစ်မှန်ကို ပူပူနွေးနွေးချက်ချင်း မပြောလိုက်ကြနှင့်ဦး၊ နောင်မှ တဖြည်းဖြည်း သိရှိ ပါစေ” ဟု ပိတ်ဆို့ထားမှုကြောင့် တစ်ကြောင်း၊ တစ်ဆောင်လုံး လှိုင်ထိပ်ထားကို သနားကရုဏာ သက် နေကြမှု ကြောင့် တစ်ကြောင်း၊ လှိုင်ထိပ်ထားမှာ သူ့မယ်တော်အကြောင်းကို ဘာမျှ နောက်ထပ် ကြားသိတော် မမူရရှာဘဲ ရှိခဲ့လေသည်။

သို့သော် အနောက်နန်းမတော်မိဖုရား မြကလေး၏ အဖြစ်ကား တိုင်းကျော် ပြည်ကြား အလွန် ထင်ရှား သော ဖြစ်ရပ်နှင့် မလွဲသာမရှောင်သာ တွေ့ကြုံရရှာပါတော့သည်။

အနောက်နန်းတော် မိဖုရား မြကလေး၏ ဂုဏ်သတင်းသည် အမရပူရမင်းနေပြည် ရွှေမြို့တော်ကြီးတစ်ခွင် လုံး သာမက နိုင်ငံတော်လေးရပ်၌ မပြတ်ကျော်ကြားခဲ့သူ ဖြစ်ခဲ့လေသည်။

ဟင်္သာတသူ၊ အောက်မြို့သူကလေး ဘဝက လှလွန်း ချောလွန်း၍ သာယာဝတီ ရွှေဘိုမင်းက ကောက်ယူ သိမ်းပိုက်တော် မူခဲ့ချိန်ကပင် ပြည်သူပြည်သားများက စိတ်ဝင်စားခဲ့ကြသည်။

ရွှေဘိုမင်းဘုရင်အဖြစ်သို့ ရောက်ပြီး အောက်မြို့သူ မြကလေးအား အနောက်နန်း၊ နန်းရမိဖုရား တစ်ပါးအဖြစ် မြှောက်စားခံရသောခါ၄ လည်း မြကလေးအတွက် နှစ်သက် ဝမ်းမြောက်ခဲ့ကြသည်။ မြကလေး ၏ အနုပညာကဗျာ ဂီတ အရေးအသား များကြောင့်လည်း တစ်နည်းတစ်ဖုံ ကျော်စော ထင်ရှား ခဲ့သည်။ မြကလေး၏ လက်ရာ သီချင်း ဂီတများကို အဆိုအတီးသမားများ ထံမှတစ်ဆင့် ကြားရသူတိုင်း နှစ်သက် စွဲလမ်းခဲ့ကြသည်။

ဘုရင်နှင့် မိဖုရား ထွက်တော်မူရာတွင် ပြည်သူပြည်သားများ ကြည့်ရှုအလေးပြုရာ၌လည်း ပြည်သူလူထု မျက်လုံးများက လှပယဉ်ကျေးသော မိဖုရား မြကလေးကိုသာ ရွေးချယ်ရှာဖွေ၍ ကြည့်ရှုလေ့ ရှိကြသည်။ အဆင်းအင်္ဂါ ရုပ်လက္ခဏာနှင့် လှပယသ်ကျေးသကဲ့သို့ အနုပညာ၊ ဂီတ ကဗျာ စာပေရှင် ဘဝနှင့် ကျော် ကြားသော အနောက်နန်းမိဖုရား မြကလေးအား ပြည်သူလူထုသည် ချစ်ခင်မြတ်နိုးခဲ့ကြသော စိတ်ဓာတ် အခံက ရှိနေကြလေသည်။

ပြည်သူလူထုထံမှ မိဖုရား မြကလေး ရာဇဝတ်သင့်တော့မည်ဆိုသော သတင်းက တစ်မုဟုတ်ချင်း ပျံ့နှံ့ သွား သည်။ အကြောင်းခြင်းရာကို တိုးတိုးတိတ်တိတ် လက်သိပ်ထိုး စုံစမ်းကြသည်။ မိမိတို့နှင့် နီးစပ်ရာ မင်းမှု ထမ်းများထံမှ ကြားရသော သတင်းမှာ ပြည်မင်းသားကြီးနှင့် မိဖုရား မြကလေးတို့ အလိုတူ အလိုပါ တိုင်း ပြည်နိုင်ငံကို အပိုင်ကြံကြသောကြောင့် ဘုရင်မင်းက စီရင်ခြင်းဖြစ်သည်ဟု သိကြရသောအခါ စုတ်တသပ် သပ်နှင့် စိတ်မကောင်းဖြစ်ကြရှာသည်။

ပြည်မင်းသားကြီး မိုင်းလုံသို့ ထွက်သွားတာတော့ အထင်အရှားဖြစ်လို့ သူတို့ သိကြ ကြားကြပြီးဖြစ်သည်။ သို့ပေမင့် သူတို့ အချစ်တော် မြကလေးက ဒီအရေးအခင်းထဲသို့ ဘယ်နည်းနှင့်မျှ ပါလိမ့်မည်ဟု မယုံကြည် ကြ။ မြကလေးသည် မိန်းမသားဖြစ်၍ သူ့ဘာသာ နန်းတော်ထဲမှာ ကဗျာဂီတ လေ့လာလိုက်စား ရေးသား နေရှာသူ၊ အပြစ်ကင်းမဲ့သူသာဖြစ်သည်။ မနာလိုသူအချင်းချင်းက အဆင်းတွန်းချခြင်းဖြစ်ရမည်ဟု ယူဆ ကြသူက များလေသည်။

နန်းတွင်းအရေးနှင့် အပြင်အပက အရပ် အတွေးတို့မှာ တစ်ခါ တစ်ရံ မှန်ချင်လျှင်မှန်၍၊ တစ်ခါတစ်ရံ မှား ချင်လျှင် တက်တက်စင်စင်ကွာခြားသွားတတ်လေသည်။

ပြည်မင်းသားနှင့် သားတော် လူမမည်ကလေး လေးယောက်အား မင်းညီ မင်းသားတို့ သွားရသော နည်းလမ်း ထုံးစံအတိုင်း လည်မျိုကို တုတ်နှင့် ရိုက်သတ်ပြီး ကတ္တီပါအိတ်ထဲထည့်၍ မြစ်ရေပြင်မှာ သွားချ ရ သည်။

ယခု မိဖုရား မြကလေးအတွက် စီရင်ချက်ကတော့ ရက်စက်လွန်းလှပါသည်။ မြကလေး၏ ဆွေမျိုး သားချင်း အသိုင်းအဝိုင်း တို့အား ဓားတန်လျှင် ဓား၊ လှံတန်လျှင် လှံ၊ တုတ်တန်လျှင် တုတ် စသည်တို့ဖြင့် သုတ်သင် စီရင်စေသော်လည်း မြကလေး တစ်ဦးတည်းကိုတော့ “ဆင်နှင့် နင်းသတ်စေ” တဲ့။ ရွှေဘို မင်းတရားကြီး အမိန့်တော်က ပြင်းထန်လှလေ၏။ ဘယ်အငြိုးနှင့် ဤမျှ စိတ်ဆိုးတော်မူလေသည်မသိ။

ဤသတင်း ကို နန်းတွင်းမှ ပြည်သူလူထုနားသို့ ပေါက်ကြားလာသည်။

အမရပူရ နေပြည်တော်သူ၊ နေပြည်တော်သားများ နားမချမ်းသာဖြစ်ကြရှာသည်။

ထိုနေ့သည်ကား အနောက်နန်းမိဖုရား မြကလေးအား သရက်တစ်ပင် သင်္ချိုင်းသို့ထုတ်၍ ဆင်နှင့် နင်းသတ် လိမ့်မည် ဖြစ်သည့်အတွက် အုတ်အုတ်ကျက်ကျက်ဖြစ်ကာ ထုတ်ယူလာမည့်အချိန်ကို စောင့်စား လျက် လူသွားလမ်းဝဲယာ တစ်ဖက်တစ်ချက်၌ ပရိသတ်တို့ ပြည့်နှက်နေလေသည်။

သရက်တစ်ပင် သင်္ချိုင်းသည် အမရပူရ ရွှေမြို့တော်ကြီး၏ အနောက်တောင် မြောက်ထောင့်အရပ်တွက် တည် ရှိသည်။ နန်းတော်မြို့ရိုး၏ မြို့ပြင် လူနေရပ်ကွက်များ၌ ကုန်သည်ပွဲစား လက်လုပ် လက်စားများ၊ လယ်ယာ ကိုင်းကျွန်း လုပ်ကိုင်စားသောက်ကြသူ တောင်သူ လယ်သမားများ၊ မင်းမှုထမ်းတို့၏ အိုးအိမ် တိုက်တာ နေအိမ်များ၊ လမ်းမဈေးဆိုင်များသည် လူသွားလမ်းမကြီးတစ်လျှောက်၌ စီတန်းဆောက်လုပ်နေ ထိုင်ကြသည်။ သတင်းကို လက်လှမ်းမီလိုက်သော မြို့သူမြို့သားများသည် ကလေးသူငယ်များမကျန် မြို့ရိုး အနောက်တံခါးမှ အာဏာသားများ ထွက်လာမည့် လမ်းမကြီးတစ်လျှောက်၌ ကြိတ်ကြိတ် တိုးမျှ လာရောက် စုရုံးနေကြလေသည်။

သူတို့ ချစ်ခင် လေးစားအပ်သော မိဖုရားမြကလေးကို အဆုံးစွန် ကြင်နာစွာ စောင့်မျှော် ကြည့်ရှု လိုက်ကြရန် ဖြစ်ပါသည်။

အခါတိုင်းဆိုလျှင် ဝေါနှင့် ယာဉ်နှင့်သာ ထွက်တော်မူလေ့ရှိသော မိဖုရားတစ်ပါးအား ဘယ်လိုများ ဆောင် ယူလာကြလေမည်နည်းဟုလည်း သိချင်မြင်ချင်သည်။ ထီးမူနန်းရာ လွန်စွာ လှပကြော့ရှင်းသော မိဖုရား မြကလေး ၏ ကျက်သရေရှိသော မျက်နှာကလေးမှာ ယခုအခါ ဘယ်သို့ ရှိရာလိမ့်မည်ဟုလည်း ကြည့်လို့ မြင်လို သည်။ သေလမ်းသို့ သွားရမည့် ရာဇဝတ်သား ဘဝသို့ ကျရောက်နေရှာပြီ ဖြစ်သော မြကလေး အတွက် သနားလက်စ မဆုံးနိုင်အောင် ဖြစ်နေကြသည်။

ပြည်သူတို့သည် လွန်ခဲ့သော (၈)နှစ်ခန့်က ပြည်သူလူထုတို့၏ အချစ်တော် ညောင်ရမ်းမင်းခေါ် စကြာမင်း ကလေးရေချခံစဉ်က မြစ်ကမ်းညွတ်မျှ လိုက်လံကြည့်ရှုကြဖူးသူများ ဖြစ်ကြသည်။ စည်းစိမ်မကွာသူတို့၏ မင်းချမ်းသာ သည် သမုဒ္ဒရာရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ တစ်သက်လျာ ကလေး ပင်တည်း။ ယင်း တစ်သက်လျာပင်လျှင် အသက်ရှည်ကြာ မနေရပါဘဲ အသက်အရွယ် နုနုငယ်ငယ် နှင့်လည်း ကိစ္စပြီးငြိမ်း သွားကြရပါသေးတကားဟူ၍ သံဝေဂ ပွားများခဲ့ရပေ သေး၏။

” မင်းခယောက်ျား ကမ်းနားသစ်ပင် ” ဆိုသော်လည်း မင်းဆိုသူပင်လည်း မတည်မငြိမ်၊ စည်းစိမ်မကွာ အသက် ထက်ဆုံး မနေရ၊ ထီးနန်းကျရ၊ စစ်ရှုံးရနှင့် ဒုက္ခများလှပါဘိတောင်းဟုလည်း ဘကြီးတော် နန်းကျ ဘုရင် ကိုပါ တင်စား၍ ပိဝဿနာပွားရင်းနှင့် ဆင်ခြင်မိ၊ တရားရှုကြည့်မိကြပေလိမ့်မည်။

ယင်းသို့လျှင် အမရပူရမြို့တော် မြို့ရိုးအပြင်မှ အရပ်သူ အရပ်သားများက လမ်းဘေးဝဲယာတို့၌ စောင့်မျှော် နေကြသလို သရက်တစ်ပင် သင်္ချိုင်းတစ်ဝိုက်တွင်လည်း နီးစပ်ရ ရပ်ကွက်အသီးသီးမှ ကြည့်ရှုမည့် သူများက စောင့်ကြိုနေကြသည်။ လူကြီးများက ကရုဏာ စိတ်မကင်း၍ စိတ်မကောင်းစွာနှင့် စောင့်စား မျှော်ငံ့နေကြ စဉ် လူကြီးများနှင့်အတူ ပါလာသူ ကလေးငယ်များမူကား ဘာမှန်းမသိရှာဘဲ လူစုစု ရှိရာတွင် ပျော်ရွှင်စွာ ကစားခုန်ပေါက်၍ပင် နေလိုက်ကြလေသေးသည်။ သရက်တစ်ပင် သင်္ချိုင်း မှာတော့ ကလေးများ စိတ်ဝင်စား သော မြင်ကွင်းတစ်ခုကလည်း ရှိနေပေသေးသည်။ ထိုမြင်ကွင်းကား ရာဇဝတ်သား ရောက်လာလျှင် တာဝန်ထမ်းဆောင်ရန် အရန်သင့် စောင့်ဆိုင်းနေကြသော အာဏာပါးကွက် တို့နှင့် သူတို့အလယ်မှ သရက် ပင်နှင့် ထူးခတ်ထားသော ဆင်မည်းကြီးတစ်ကောင် ဖြစ် လေသည်။

ဆင်ကိုမြင်လျှင် ကလေးများ ဝိုင်းအုံကြည့်မြဲ ဖြစ်သော်လည်း ထိုဆင်ကြီးအနီးသို့ကားမည်သည့်ကလေးမှ အနီး မကပ်ဝံ့ကြပေ။ ကပ်လာသည့်တိုင်အောင် အာဏာသားများက ကလေးတွေ ဝေးဝေးသွားနေရန် အော် ငေါက်နှင်ထုတ်ပစ်ကြလေသည်။

ဆင်မည်းကြီး မှာ ရာဇဝတ်သင့်သူ မြကလေးကို နင်းသတ်ရန် ဖြစ်လေသည်။ ဆင်ဦးစီးနှင့် ဆင်ကြီးသည် အရက် ကိုးမောင်း တိုက်ထား၍ မျက်လုံးများ နီကျင်ကျင် ဖြစ်နေလေသည်။ အာဏာပါးကွက်တို့အဖို့ သည် လုပ်ငန်းသည် အဆန်းမဟုတ်ကြပေ။ ၎င်းတို့၏ လုပ်ရိုးလုပ်စဉ် တာဝန်တစ်ရပ်သာလျှင် ဖြစ်လေ သည်။

အချို့ကလေးများနှင့် လူငယ်များသည် ထုတ်ယူလာမည့် ရာဇဝတ်သားအား စောင့်မျှော်ငံ့လင့်ရင်း သရက် တစ်ပင် သင်္ချိုင်းနှင့် မြို့တံခါးသို့ သွားချည်ပြန်ချည် ကူးချည် သန်းချည် ပြုနေကြသည်။ သရက်တစ်ပင် သင်္ချိုင်း က လူများကိုလည်း ရာဇဝတ်သားကို မကြာမီ ထုတ်လာတော့မည့်အကြောင်း ကလေးပီပီ သတင်း ပို့ကြသည်။

တချို့ကလေးများမှာ အငြိမ်မနေ၊ ယောက်ယက်ခတ်အားကြီးသဖြင့် စိတ်မချမ်းသာသော လူကြီးများက ငေါက်ငမ်းပစ်ရသည်အထိ လှုပ်ရှားလျက်ရှိကြသည်။

ဤကလေးပရိသတ်ထဲမှာ အမရပူရမြို့ အနောက်ပြင်ရပ်နေ အကြီးတော် ဦးမှုံ၏ ညီမငယ် “မယ်ခိုင်” တစ် ယောက် လည်း အပါအဝင် ဖြစ်လေသည်။ မယ်ခိုင်သည် သူ၏ အစ်မက ထိုနေ့ ထိုရက်များတွင် ကလေး မျက်နှာမြင်နေ၍ အိမ်သားအားလုံးမှာ မီးနေခန်းတွင်ရှိသဖြင့် သူ့အား မည်သူမျှ သတိမထား မကြည့်ရှုနိုင် သောကြောင့် မယ်ခိုင်လွတ်လပ်ခွင့် အထူးရနေသည်။ ထို့ကြောင့် သရက်တစ်ပင် သင်္ချိုင်းနှင့် မြို့တံခါး ပေါက် သို့ ခေါက်တုံ့ခေါက်ပြန် ကူးသန်းနေကြသော ကလေးအုပ်စု၌လည်း မယ်ခိုင်ပါသည်။

ဆင်ကြီးနား မကပ်ရန် အာဏာသားတို့ ငေါက်ထုတ်ခံရသော ကလေးအုပ်စုတွင်လည်း မယ်ခိုင်ပါသည်။ မယ်ခိုင်၏ အသက်သည် ၁၂ နှစ်မျှသာ ရှိသေးသည်။ ထိုခေတ်က အသက် ၁၂ နှစ်နှင့် ၁၃၊ ၁၄ နှစ်အရွယ် ကလေး များမှာ ကစား၍ ကောင်းတုန်း လုံချည်ပင် မမြဲချင်သေးသော အရွယ်တွေ ဖြစ်လေသည်။

ထို့ကြောင့် ယင်း ၁၂-၁၃ နှစ်အရွယ် မယ်ခိုင်သည် အနောက်နန်းမိဖုရားမြကလေး ရာဇဝတ် သင့်သောနေ့ရက်က အဖြစ်အပျက်၊ သူ့မျက်မြင်ကိုယ်တွေ့ ရှုခင်းများကို သူ၏သားသမီး မြေးမြစ် များကို ပြန်လည် ပြောကြားနိုင်ခဲ့လေသည်။

အကြီးတော် ဦးမှုံ၏ဇနီး ဒေါ်ဗိုင်း၏ ညီမငယ်သည် မယ်ခိုင်ဖြစ်ပါသည်။ အကြီးတော် ဦးမှုံနှင့် ဒေါ်ဗိုင်းတို့ သည် ရတနာပုံ မင်းတုန်းမင်းနှင့် သီပေါမင်း နှစ်ဆက် သူကောင်းပြုခံရသူ ဝက်မစွတ် မြို့စား ဝန်ထောက်မင်း၏ မိဘများဖြစ်၍ ထိုစဉ်က အမရပူရမြို့ အနောက်ပြင် ရပ်ကွက်တွင် နေ ထိုင်ကြပါသည်။

မယ်ခိုင်က ဝက်မစွတ်မြို့စား ဝန်ထောက်မင်း၏ အဒေါ်ရင်း တော်စပ်၏။ ဝန်မင်းက ဒွေးခိုင်ဟုခေါ်ပါသည်။ အင်္ဂလိပ် အုပ်စိုးပြီး ၁၅ နှစ်ခန့်ရှိမှ သေဆုံးပါသည်။

သို့ကြောင့် မြကလေး ရာဇဝတ်သင့်၍ သရက်တစ်ပင်သို့ ထုတ်သောနေ့က ဖြစ်ရပ်များမှာ ဒွေးခိုင်၏ မျက်မြင် ကိုယ်တွေ့ ပြောကြားချက်များအရ ရေးသားဖော်ပြရခြင်းဖြစ်ပါသည်။

အမရပူရ မြို့ပြင်ရပ်ကွက် လမ်းမတစ်လျှောက်တွင် နေမွန်းတိမ်းပြီး တစ်ချက်တီးကစ၍ စောင့်ကြည့်နေသူ ပြည်သူပရိသတ် များသည် သုံးချက်တီးအချိန်လောက်တွင်မှ အနောက်တံခါးမှ ထွက်လာကြသော လူအုပ် တစ်စုကို လှမ်း၍ မြင်ကြရပါသည်။

ဤတွင်မှ “လာပြီ လာပြီ” ဟု အချင်းချင်း လက်တို့ပြောပြကာ ပရိသတ်များ ရုတ်ရုတ် ရက်ရက်ဖြစ်လာကြပါ သည်။ ပြီး သူတို့သည် လည်တဆန့်ဆန့်နှင့် ခြေဖျားထောက်၍ လှမ်းမျှော် ကြည့်ရှုကြပါသည်။ ကလေးအုပ်စု ကတော့ အပြေးအလွှား သွားကြိုကြည့်လိုက်ကြလေသည်။ သို့ကြောင့် သူတို့သည် လူကြီးများထက် အလျင်ဦးအောင် မြင်ကြတွေ့ကြရသူများဖြစ်သည်။

လူကြီးများ အဖို့တော့ ကြည့်လည်း ကြည့်ချင်၊ မြင်ချင်သည်။ ဣန္ဒြေလည်းဆောင်ရသေးသည်။ အပြေးအလွှား မပြုဝံ့ကြပေ။ နီးနီးကပ်ကပ် သွားရပ်မိ၍ ရာဇဝတ်သားနှင့် အဆက်အသွယ်များရှိသူဟု အထင်ရောက် သွားပါကလည်း အထင်အမြင် လွဲမှားမှုကြောင့် ဖမ်းလာဆီးလားပြုလျှင် ဒုက္ခ ရောက်ရဦးမည်။ သည်တော့ အခြေမပျက် ကြည့်မြဲ ကြည့်မျှော်လျက်သာ နေကြရရှာသည်။

မြို့ရိုး အနောက်တံခါးမှ ထွက်လာသော လူတစ်အုပ်သည် တလှုပ်လှုပ်နှင့် တဖြည်းဖြည်း နီးလာသည်။ ခါး တောင်းမြှောင်အောင် ကျိုက်ထားသော အာဏာပါးကွက်များ ဝန်းရံလျက် ခြေလျင်ထုတ်ယူလာသော မြကလေးကို ခပ်ရေးရေး လှမ်းမြင်ရသည်။ ဒယိမ်းဒယိုင် မလှမ်းနိုင် လှမ်းနိုင် ဖြစ်နေ၍ ခရီးမတွင်။ ဘေး တစ်ဖက် တစ်ချက်နှင့် နောက်ပါးမှ ဝိုင်းအုံလိုက်ပါလာသော ပရိသတ်များမှာလည်း မျက်နှာမကောင်းကြ။

လူစုအလယ်မှ မြကလေး၏ မျက်နှာကို တစ်ချက် တစ်ချက်သာ မြင်လိုက်နိုင်ကြသည်။ အဝါနုရောင် ထဘီ ကလေး ကလည်း မြေပြင်နှင့် ဒရွတ်တိုက်ခဲ့ရသောကြောင့် အနားများ မည်းညစ်နေလေပြီ။ မြင်ရသူ အမျိုးသမီး များမှာ မျက်ရည်မဆည်နိုင်အောင် ရှိကြသည်။ အချို့ အမျိုးသားကြီးများမှာပင် မျက်နှာ မကောင်း။ နီမောင်းလာသော မျက်လုံးကို မျက်တောင်တဖျပ်ဖျပ် ဖြစ်နေကြရလေသည်။

အာဏာပါးကွက်များဖြင့် အလယ်မှ လှုပ်လဲ့ လှုပ်လီ၊ ကသီကရီနှင့် လိုက်ပါလာရသူမှာ အနောက်နန်း မိဖုရား မမြကလေးဖြစ်ပါသည်။

အမရပူရ ရွှေမြို့တော် အနောက်တံခါးမှ ထုတ်ယူလာသည့် မြို့တော်၏ အပြင်ဘက် အနောက်မြောက်ထောင့်ရှိ သရက်တစ်ပင် သင်္ချိုင်းမှာ အတော်အတန် အလှမ်းကွာသည်။ နန်းတော်သူ မိန်းမသား ခြေနှင့် တယိုင်နဲ့နဲ့ လှမ်းခဲ့ရခြင်းမှာလည်း သက်သာလှမည် မဟုတ်ချေ။ မြို့တံခါးဝမှ ဆီးကြိုနေ ကြသော ကြည့်ရှုသူပရိသတ်များသည်ရာဇဝတ်သား မြကလေး၏ နောက်ပါးဆီမှ ဝိုင်းရံ လိုက်ပါရင်း မသက်သာသော မျက်နှာများနှင့် သနားကြင်နာစွာ ကြည့်ရှုလျက် တသက်သက် စုတ်သတ်ကာ မကြည့်ရ် မမြင်သာနှင့် တရွေ့ရွေ့ လိုက်ပါလာကြသည်။

ပရိသတ်၏ အမြင်ရှုခင်း၌ ပါးကွက်အာဏာသားများ ဝိုင်းရံခေါ်ထုတ်လာသူ ရာဇဝတ်သား မြကလေး၏ မျက်နှာသည် ညှိုးငယ်နွမ်းလျ မျက်ရည်စတွေနှင့် တွေ့ရမည်ဟု ထင်မှတ်ကြသော်လည်း မြကလေးမှာ ပူလောင်ရှိုက်ဖို ငိုကြွေးခြင်းလည်းမရှိ၊ စိတ်အားခက်ထန် မာန်စောင်းတင်း၍ထားသော အမူအရာလည်း မဟုတ်၊ သင်္ချိုင်းသို့ ထုတ်လျှင် သုတ်သင်သတ်ဖြတ်မှု ခံရတော့မည်ဟု သိထားပြီးဖြစ်သူ ပီပီ တည်ငြိမ ်သော မျက်နှာနှင့် မရဏာနုဿတိ ကမ္မဌာန်းကို စီးဖြန်းရင်း စက္ခဣန္ဒြေအောက်ချလျက်ရှိ၏။

လက်မောင်း နှစ်ဖက်၌ ချည်ထားသော လက်ပြန်ကြိုးက တင်းလျက် ရှိသော်လည်း ညာဘက်လက်ဝယ် လက်ချောင်း ကလေးများနှင့် ဆုပ်ကိုင်ထားသော ပယင်းစိပ်ပုတီးကလေးမှာ တစ်လုံးစီ ရွှေ့လျားလျက် ရှိနေ သည်ကို တွေ့မြင်နေကြရပါသည်။

ယင်းသို့လျှင် မြို့ပြင်ထုတ်လာရာ လမ်းမတစ်လျှောက်၌မြကလေး၏ တည်ငြိမ်သောမျက်နှာ၊ ဝင်းဝါသော အသားအရောင်နှင့် နက်ပြောင်တောက်ပ ပိတုန်းရောင် ထနေသော ဆံပင်များသည် အလှပြစံထားရန် ပုံစံ တစ်ရပ် ပမာ ဖြစ်နေရှာသည်။

ဝတ်ဆင်ထားသော ဝတ်လဲတော် စစ်ကိုင်းချိတ်ထမီ အဝါနုရောင်ကလေးမှာ ဖုန်မှုန့်တို့ အလူးလူးအလဲလဲ ရှိခဲ့၍ ပေရေညှိုးနွမ်းနေသော်လည်း မြကလေး၏ အလှကျက်သရေကို ဖျက်ချေ၍ မရနိုင်သကဲ့သို့ ရှိလေ သည်။ မြေပြင်ကို ခြေတင်၍ လှမ်းခဲ့ရသော လှုပ်ရှားမှုတို့ကြောင့် ဖိုးရိုးဖားရား မသိမ်းဆည်းနိုင်ဘဲ ထားခဲ့ရ သော မပြေ့တပြေ ဆံထုံးဆံမြိတ်စကလည်း တစ်စတစ်စ လျှောပြေ၍ ကျလာသည်။

ဤတွင် ခရီးစခန်း၌ ခြေလှမ်းရဖန် များလာပြန်ရာ ဆံမြိတ်သာမက ဆံထုံးအုံကြီးပါ လျော့ကာပြေကျလာ တော့သည်။ ပြေလျော့လာသော ဆံကေသာတို့သည် တစ်လှမ်းချင်း လှမ်းနေသူ မြကလေး၏ သူအလုံး အရပ်နှင့်အတူ ဆံကေသာက ရှည်လျားလှ၍ ညီမျှနေတော့သည်။ ဤဆံပင်ဖျားလျားကို လက်များ နှင့်ပင့်၍ မ၍ ထုံးနှောင်ရန်ကလည်း နှောင်ကြိုးတည်းလျက်ရှိသော လက်နှစ်ဖက်ကို အားပါးတရ အသုံးမချ နိုင်ဘဲ ရှိလေရာ လမ်းသွားရသည်မှာလည်း ဆံပင်တွေက ရှုပ်ယှက်ခတ်ဖြစ်ပြီး ခရီးမတွင် ဖြစ်ရ ပြန်ရှာသည်။

ထိပ်ဆံနှစ်ဖက်ချနှင့် “လလယ်ယုန်၊ မြစမ္ပာယ်ကုံ ” စသော ဆံထုံးများသာ ခေတ်စားနေသော ထိုအခါဝယ် ရာဇဝတ်သား အလှပဂေး မြကလေးက ဖြစ်ကတတ်ဆန်း ဆံပင်များကို ဘီးနှင့်ခံလျက် ရစ်ပတ် လိုက်သော အခါ သာလို့ပင် လှရှာသောကြောင့် အမျိုးသမီးတို့မှာ ကြည့်၍မငြီးနိုင် ရှိသွားသည်။ ရာဇဝတ်သား ကို သုသာန်ထုတ်၍ သတ်ရန်ခေါ်လာသည်ကိုမေ့ပြီး ဘီးခံဆံပင်နှင့် အလှကြီးလှနေသော မြကလေး အား အငေး သား တစိမ့်စိမ့် စူးစိုက်ကြည့်နေမိကြသည်။

ဆံပင်ကို ကပိုကရို ဘီးနှင့်ပတ်ထားသော အလှပုံသဏ္ဍာန်ဟန် အနေအထားကလေးအား အမျိုးသမီးများ စွဲလမ်း ခုံမင်စွာ အတုယူထားလိုက်ကြသည်။ ဤအချိန်ကစပြီး နေ ပြည်တော်တစ်ဝိုက်၌ ဘီးစိုက်ခြင်း အလေ့ မှသည် ဘီးကိုခံ၍ ဆံပင်နှင့် ပတ်နှောင်ထုံးဖွဲ့သော “ဘီးဆံပတ် ခေတ်” သို့ ကူးပြောင်း ခဲ့လေသည်။ မြကလေးဆံထုံး ဟူ၍လည်းကောင်း။ မြကလေး ဘီးဆံပတ် ဟူ၍ လည်းကောင်း၊ ကပိုကရို ဘီးဆံပတ် များသည် နေပြည်တော်က ခေတ်စား ထုံးဖွဲ့လိုက်ကြသောအခါ တော နယ်လေးတို့အထိ ပျံ့နှံ့ သွားလေ တော့သည်။

မိန်းမများသည်လျသည်ထင်၍ အလှပြင်ရာ၌ အမျိုးမျိုးသော အတုကိုယူ၍ ပြုပြင်လေ့ရှိကြသည်မှာ ဓမ္မတာ ကြီးတစ်ရပ်ကဲ့သို့ ဖြစ်ခဲ့ပါသည်။ လှသည်ထင်ပါက သေမည့် ဆဲဆဲသူထံမှ အတုအပကိုပင် မြတ်နိုး ခုံမင်စွာ အတုယူလိုက်တတ်ကြပါသည်။

မည်သည့်ခေတ်မှာမဆို အလှအပကို ကိုးကွယ်သူ ဣတ္ထိယတို့မှာ လှမည်သာဆိုလျှင်ဘာကိုမျှ ချန်မထား။ တီထွင်ကြံဆ၍ ဆင်ယင်ထုံးဖွဲ့မှု ပြုခဲ့ကြသဖြင့် ယခုခေတ် အမျိုးသမီးများ ပြင်ဆင်ထုံးဖွဲ့မှုတို့ကိုလည်း အပြစ်ကြီး တစ်ခုဟု ဆိုနိုင်စရာမရှိကောင်းပါလေ။

အမရပူရခေတ်မှ ရတနာပုံခေတ်အထိ မြက်ကလေး၏ ပူပုံပန်း ဘီးဆံပတ် ဆံထုံးမျိုးကို အရပ်သူများ အနှစ် သက်ဆုံးထား၍ ထုံးဖွဲ့ခဲ့ကြပါသည်။ နှစ်ပတ်ရစ် ထိပ်ဆံချဆံထုံးနှင့် တစ်ပတ်ရစ် ဆံမြိတ် ရှည်ချ ဆံထုံးများ ကိုမူ နန်းတော်သူများသာ အထုံးအဖွဲ့ ပြုကြပါသည်။ ယင်းနန်းတော်သူများပင် သွားစရာ လာစရာ မရှိ၍ ပကတိအိမ်တွင် နားနေသောအခါမျိုးမှာ အလွယ်တကူ ထုံး၍ရသော ဘီးဆံပတ်ထုံး နှင့်သာ နေတတ်ကြ ပါသည်။

ထိုဘီးဆံပတ်ဆံထုံးသည် ရတနာပုံခေတ်မှသည် စစ်ကြိုခေတ်အထိ တစ်မျိုးတစ်မည် အညွန့်တက် အတွန့် တင်၍ အမြင့်ထုံး၊ အနိမ့်ထုံး၊ ဆံမြိတ်ရှည်ထုံး၊ ဆံမြိတ်တိုထုံး၊ ဆံမြိတ်ကွင်းထုံး၊ ဆံမြိတ်ဖွားထုံး၊ သိပ္ပံဆံမြိတ် ထုံး၊ ဘီးကျော်ပတ်ထုံး၊ လေယာဉ်ပျံဘီးပတ် စသည့်ဖြင့် အစဉ်အဆက် ဆင်းသက် ခိုင်မြဲ လာခဲ့ခြင်းဖြစ်ပါ သည်။

ဤသည်တို့ကား ” ဘီးခံဆံထုံးအစ မြကလေးက ” ဟု အစဉ်အလာပြောခဲ့ကြသည့် အနောက်နန်း မိဖုရား မြကလေး စခဲ့သော ဘီးခံပတ် ဆံထုံး၏ သမိုင်းကဏ္ဍဖြစ်ပါသည်။

အမျိုးသမီးပရိသတ်၊ အမျိုးသားပရိသတ်နှင့် ကလေးသူငယ် လူမမည် ပရိသတ်များသည် အမရပူရမြို့ အနောက်တံခါးပေါက်မှ သရက်တစ်ပင် သင်္ချိုင်းမြေအရောက် မြကလေးနောက်မှ လိုက်ပါလာကြသည်။ အချို့မှာလည်း ဆက်လက် မကြည့်ရက်သဖြင့် နောက်ချန် နေရစ်ကြရှာသည်။ အချို့မှာလည်း ရက်ရက် စက်စက် လူသတ်ခြင်းမျိုးကို မကြည့်ရဲ၍ မလိုက်ဘဲ နေရစ်ကြသည်။

အချို့ကလည်း လူအုပ်ကြီး ကြီးမားလာ၍ အာဏာသားတို့က ရာဇဝတ်သား၏ အနားမကပ်စေရန် အော်ဟစ် ငေါက်ငမ်းမှုကို မခံလို၍ နေရစ်ကြသည်။ သို့ကြောင့်သင်္ချိုင်းရောက်ခါနီးလေ လိုက်လာသော ပရိသတ်နည်းပါးလေ ရှိလာသည်။ သို့သော် သရက်တစ်ပင် သင်္ချိုင်းမှာ ကြိုတင်ရောက်နေကြသော လူစု ကလည်း မသေးငယ်လှပေ။

အရက်များတိုက်ထား၍ မျက်လုံးနီနေပြီဖြစ်သော ဆင်မည်းကြီးမှာလည်း ကလေးများ ပတ်လည်ဝိုင်းနေ သည်။ ဆင်ဦးစီးက ကလေးများ အနားမကပ်စေရန် မကြာခဏ လူစု “ရှဲ” ပေးနေရသည်။ အုံနေသော ပရိ သတ်က ရာဇဝတ်သားနှင့် အာဏာသားတို့ ရောက်လာသောအခါ ဝင်စရာ လမ်းဖယ်ပေးကြသည်။

မြကလေးသည် အာဏာသားတို့ အလယ်မှ တည်ငြိမ်စွာပင် လိုက်လာခဲ့သည်။ မျက်လုံးကို အခြားတစ်ပါး မကြည့်ဘဲ စက္ခုဣန္ဒြေကို ချထားသည်။

သရက်တစ်ပင် သင်္ချိုင်း၏မြောက်ဘက်ပိုင်း အုန်းနှဲပင် နှစ်ပင်နှင့် သရက်အိုပင်ကြီးတစ်ပင် ဖိုခနောက်ဆိုင်ရှိ သော နေရာတစ်ခု၌ မြေပုံနှင့် အုတ်ဂူများ ပါးလျား၍ မြေကွက်လပ်တစ်ခုရှိသည်။ ဤနေရာ အထိ မြကလေး အား အာဏာသားများက ဆွဲခေါ်လာခဲ့သည်။ ရောက်လျှင် မြေပေါ်တွင် ထိုင် စေရန် ပခုံးကိုတွန့်၍ အမှတ် သညာပြလေသည်။ မြကလေးသည် ဒူးပဆစ်တုပ် ထိုင်လိုက်သည်။ မျက်လုံး မဖွင့်ဘဲ လက်အုပ်ချီ၍ ဘုရား အာရုံပြုနေရှာသည်။ အာဏာသားများက ပတ်ဝန်းကျင် ကွင်းရှင်းနေသည်။ လက်မရွံ့ တစ်ဦးက မြကလေး ၏ လက်ပြန် ကြိုးများကိုဖြည်၍ လျှော့ချပေးနေသည်။ မြကလေးသည် သူ့အားဓားဖြင့် သုတ်သင်မည် ထင် သောကြောင့်လား မသိ၊ ဘုရားအာရုံပြုရင်း မျက်လုံးမှိတ်ကာ လည်တိုင် ကို မော့ပေးထားလေသည်။

သို့သော် လည်တိုင်ကြော့ကြော့နားသို့ ဓားမဝဲဘဲ အချိန်အနည်းငယ် ကြာနေသည်။ သို့ပေမင့် မြကလေး မျက်လုံးဖွင့်မကြည့်တော့ဘဲ မော့မြဲ မော့ပေးထားလေသည်။ ထိုအခိုက်ဝယ် ဆင်ခလောက်သံက တတောက်တောက်မြည်လာသည်။

လူစုကလည်း ရုတ်ရုတ်သဲသဲ ဖြစ်လာပြီး ဆင်ကြီးနောက်မှ ပါလာကြသည်။ သို့သော် နီးနီးမကပ်ဝံ့၍ လှမ်း လှမ်း ကသာ နေကြရပါသည်။ ဆင်ကြီးသည် လက်မရွံ့နှင့် ဆင်ဦးစီး ခိုင်းချက်အရ ခြေလှမ်းကြွ၍ မြကလေး ရှိရာသို့ ဦးတည်လာနေလေသည်။

မြကလေး သည် ပတ်ဝန်းကျင်၌ ဘာဖြစ်နေသည်ကို မကြည့်တော့၊ မသိတော့ဘဲ ဘုရားအာရုံပြုဆဲသာ ရှိ သည်။ သူ့အနားသို့ ဘာကောင်ကြီး လာနေစေ၊ အာရုံမပျက်တော့ဘဲ သမထ ဝင်နေဆဲရှိသည်။ ဤနည်း သည် မြကလေးအတွက် အကောင်းဆုံးသော လက်နက်ပင်ဖြစ်တော့၏။ ကြောက်ရွံ့ထိတ်လန့်စွာနှင့် သေရ ခြင်းထက် သမထဝိပဿနာဈာန်စိတ်ဝင်ရင်း သေရခြင်းသည် သေရပုံချင်းတူစေကာမူ ကောင်းကင် နှင့် မြေ ကြီးပမာ ကွာခြားလှလေသည်။

ဆင်မည်းကြီးသည် မြကလေးထိုင်နေရာရှေ့အနီး၌ ရပ်မိလေပြီ။ မြကလေးသည် မကြည့်မသိ။ လက်မရွံ့ တို့က မြကလေးကို ပက်လက်လန်သွားအောင် တွန်းလှဲလိုက်သည်။ မြကလေး ပက်လက်လဲရင်း လက်နှစ်ဖက် ကိုယှက်၍ ဘုရားအာရုံပြုနေပြန်သည်။ မျက်လုံးကိုကား မဖွင့်ပေ။ လက်မရွံ့သည် ဆင်ဦးစီး ကို အချက်ပြလိုက်သည်။ ဆင်ဦးစီးက ဆင်ကို ရှေ့လှမ်းနင်းရန် နားရွက်နောက် ခြေနှင့်တို့၍ ခိုင်းသည်။ ဆင် မည်းကြီးသည် သူ့မျက်လုံးကျဉ်းကျဉ်းကလေးနှင့် ရင်ဆိုင်တွင် ပက်လက်လဲနေသူမြကလေးကို ကြည့်ပြီး ခြေလှမ်းမကြွဘဲနေသည်။

ဆင်ဦးစီးက နောက်ထပ် ဒုတိယအကြိမ် ခြေနှင့်တို့၍ လှမ်းသွားခိုင်းသည်။ ဆင်မည်းကြီးက မလှမ်းဘဲ ပေကပ် နေပြန်လေသည်။ လက်မရွံ့တို့က အားမလိုအားမရ ဖြစ်နေသည်။ ဆင်ကြီးကို အရက်မူးအောင် မတိုက် ကောင်းလား ဟု ဆူသည်။ ဆင်ဦးစီးက သူရော ဆင်ရော မူးနေအောင် သောက်ထားကြောင်း အကြောက် အကန် ငြင်းနေသည်။

တစ်ယောက်က ဝါးပိုး ကျည်တောက်ကြီးနှင့် အပြည့် အရက်များယူလာပြီး ဆင်ကြီးကို ထပ် တိုက်ပြန်သည်။ လက်မရွံ့အာဏာသားတစ်ဦးက သချိုင်းမြေပုံသစ် တစ်ခုပေါ်တွင် အုပ်ထားသော ဖျာစုတ် တစ်ချပ် ကို သွား ဆွဲယူလာပြီး မြကလေးကိုယ်ပေါ်ကို ဖုံးအုပ်ထားလိုက်သည်။ ဤတွင်မှ ဆင်ကြီး သည် မြကလေးကို မမြင် ရတော့ဘဲရှိမည်။

မြကလေး ကတော့ ထိုအချိန်အထိ ဘာမှမသိတော့ဘဲ သမထအာရုံထဲမှာပင်နစ်၍ နေရှာလေသည်။ နောက် ထပ် အရက်တစ်မောင်းချလိုက်ရပြီးဖြစ်သော ဆင်ကြီးသည် မိမိရှေ့တွင် ဘာမှမမြင်ရသောအခါ ဦးစီးဆရာ ၏ စေခိုင်းခြင်းကို မငြင်းမပယ်တော့ပေ။

နားရွက်နောက်ကို ခြေတို့ရုံနှင့် ရှေ့သို့ လှမ်းလိုက်သည်။ နှစ်လှမ်းလှမ်းမိလျှင် ဖျာစုတ်ပေါ်ကို ခြေချ မိသည်။ ဖောင်းနေသော ဖျာစုတ်သည် ပြားချပ်သွားသည်။ ဖျာကြားမှ သွေးရည်များ စိမ့်တက်လာသည်။ လက်မရွံ့ သည် ဆင်ဦးစီးအား ဖျာစုတ်ကလေး သွေးအိုင်ထဲနစ်သွားသည်အထိ စိစိညက်ညက် ကြေ နေအောင် အပြန် အပြန်နင်းချစေသည်။ သွေးများလည်း ချောင်းစီး၏သို့ သချိုင်းမြေတွင် တသွင်သွင် ယိုစီးလျက် ဖျာစုတ်၏ အပြင်ဘက်သို့ စိမ့်ထွက်နေလျက်ရှိခဲ့လေပြီ။

သနားစိတ် ကို ထိပ်မှာတင်လျက် မကြည့်ရက်ရက်၊ ကြည့်ရက်ရက်နှင့် ကြည့်နေကြသူများသည် သူတို့မျက်နှာ ကို လက်ဝါးနှင့် အုပ်ကာ ချာခနဲ ချာခနဲ လှည့်၍ ပြန်သွားကြလေပြီ။

ဤသည်တွင် ဂီတကဗျာ အလင်္ကာနှင့် ပညာရှင် ပါရမီရှင် အနောက်နန်း မိဖုရား မြကလေး၏ ဘဝနိဂုံး ပြီးဆုံး ချုပ်ငြိမ်းရရှာလေပြီ။

သရက်တစ်ပင် သချိုင်းဟောင်း နေရာကလေးသည်လည်းကောင်း၊ ပင်အိုသုံးပင်၏ အငုတ်အတက်ဖြစ် သော သရက်တစ်ပင် ဥနှဲနှစ်ပင် ဖိုခနောက်ဆိုင် နေရာကလေးသည် လည်းကောင်း ယခုအခါ၌ ရှေးဖြစ် ဟောင်း ကို ပြန်ပြောင်းပြောပြနေသကဲ့သို့ တွေ့မြင်နိုင်လေသေး၏။

ဤစာရေးသူသည် ထိုစဉ်က မျက်မြင် ကိုယ်တွေ့ တစ်ဦးလေသေး၏။ ဤစာရေးသူသည် ထိုစဉ်က မျက်မြင် ကိုယ်တွေ့ တစ်ဦးဖြစ်သူ မယ်ခိုင်နှင့် သားမြေးများ အမှတ်တရ ပြသထားခြင်းကြောင့် သူတို့မှတစ်ဆင့် မြကလေး ဆင်နင်းသတ်ရာ နေရာဟောင်းကလေးအား ၁၉၃၉ ခုနှစ်က မှတ်မှတ်ရရ ဓာတ်ပုံဖြင့် မှတ်တမ်းပြု ရိုက်ကူးထားခဲ့ဖူးပါသည်။ မယ်ခိုင် ဆိုသူမှာလည်း အခြားသူတော့ မဟုတ်ပါ။ အမရပူရမြို့ အနောက်ပြင်ရပ်နေ ဦးမှုံ (အကြီးတော်)နှင့် ဒေါ်ဗိုင်းတို့၏ ညီမဖြစ်၍ ရတနာပုံ မင်းနှစ်ဆက် သူကောင်းပြုခံ ဝက်မစွတ်မြို့စား ညီမဖြစ်၍ ရတနာပုံ မင်းနျစ်ဆက် သူကောင်းပြုခံ ဝက်မစွတ်မြို့စား ဝန်ထောက်မင်းကြီး မင်းတင်မဟာစည်သူ ၏ ဒွေးလေးတော် စပ်သောကြောင့် ဝက်မစွတ်မြို့စားမင်းက “ဒွေးခိုင်” ဟု ခေါ်သူဖြစ်ပါသည်။