ကျွန်းဦးတည့်သံလျှက်ခုံ

မကြည်သာ မရွှင်ပျ စိတ်ဒုက္ခဝေဒနာရှင်

ဝအကျိုးပေးသန်၍ သာမန် မင်းမှုထမ်းတစ်ဦး၏ သမီးပင် ဖြစ်ငြားလည်း အနောက် မိဖုရားကြီးဘဝနှင့် ရွှေအိမ် ရွှေနန်း ရွှေကြငှန်းတွင် ပျော်ရွှင်ခံစားခဲ့ရသူ၊ စာပေဂီတအရာ၌ ကျော်ကြားသော အနုပညာရှင် တစ်ဦး လည်း ဖြစ်ခဲ့ရသူ မမြကလေး၏ ဘဝနိဂုံးချုပ်ရခြင်းကား ကြေကွဲဝမ်းနည်းဖွယ်ရာအတိ ရှိခဲ့ လေသည်။

ရာဇဝတ်အပြစ်အလျောက် ခံရသည်ပင်ထားဦး၊ သူတစ်ထူးထက်ပို၍ လေးနက်စွာသော အပြစ်ဒဏ်ကို ခံရ ရှာသည်။ လက်မရွံ့အာဏာသားများလက်တွင် အသက်ပေး၍ စတေးခံရချက်ကလည်း မသေမချင်း ဆင် နှင့် နင်းသတ်ခံရသည်အထိ မချိမဆန့် ဖြစ်ရရှာသည်။ အသားနှင့်အရိုး စိစိကြေ၍ သချိုင်းမြေကို သွေး အတိ ပြည့်စေသည်မှာ အလောင်းပင် ရှာမရအောင် ဖြစ်ခဲ့ရသည်။ သူသတ်လက်မရွံ့တို့သည် သူတို့ကိစ္စ တာဝန်ပြီး သွားသောအခါ ဖျာကိုလှန်၍ သွေးအလိမ်းလိမ်းရှိနေသော မြေကြီးများကို တူရွင်းပြားနှင့် မြေလှန် သွားသည်မှ တစ်ပါး ဘာမျှ ထူးထူးခြားခြား မပြုခဲ့။ သူတို့၌ ပြုရန်တာဝန်လည်းမရှိ ဖြစ်သည်။

သေသူ၏ ဆွေမျိုးသားချင်းများက အလောင်းကောက်၍ သင်္ဂြိုဟ်မှုကိုလည်း မပြုဝံ့ကြသည်မှာ ရာဇဝတ် အပြစ်ဒဏ် နှင့် သေဆုံးရသူတို့၏ ကြုံရမြဲဓမ္မတာပင်ဖြစ်သည်။

မိဖုရားမြကလေး အဖို့မှာ မိဘနှစ်ပါးနှင့် ဆွေမျိုးသားချင်း အသင်းအပင်း များစွာရှိစေကာမူ မည်သူမျှ လာ ရောက် အလောင်းမကောက်နိုင်ကြရှာပေ။ သူတို့သည်လည်း မမြကလေးနှင့်အတူ ရာဇဝတ်အပြစ်ဒဏ်နှင့် အသတ်ခံ ရကြရသူများဖြစ်ပါသည်။ ကျန်ရစ်သော ဆွေဖျားမျိုးစပ်တော်သူများလည်း ရာဇဝတ် အဖျား ခတ် လာမည့်ဘေးမှ သေပြေးရှင်ပြေး တိမ်းရှောင် ထွက်ပြေးကုန်ကြသည်။

ဤသို့သော အကြောင်းကြောင်းများကြောင့် မိဖုရား မမြကလေး၏ အသွေးအသား၊ အရိုးအရေတို့ စိစိကြေ နေသောအလောင်းမှာ သရက်တစ်ပင် သချိုင်းမြေပြင်၌ မြေကြီးသြဇာဖြစ်သွားရရှာသည်။ မြေပုံ အမှတ် လက္ခဏာကလေး ပင် မကျန်ရစ်နိုင်အောင် အကြောင်းဆိုးခဲ့ရရှာပါသည်။

သို့ရာတွင် သရက်အိုတစ်ပင်နှင့် ဥနှဲနှစ်ပင် ဖိုခနောက်ဆိုင် နေရာကလေး၏ အလယ်ရှိ မြေနေရာကလေး သည် မမြကလေး အား ဆင်နှင့် နင်းသတ်သွားရာ နေရာကလေးဟုတော့ ဟိုစဉ်က မျက်မြင်ကိုယ်တွေ့ လူ တစ်စု၏ မှတ်သားပြောပြချက်အရ နောင်လာနောက်သား နီးစပ်သူများက အသိအမှတ် ပြုခဲ့ကြ ရပါသည်။

ထိုသရက်တစ်ပင် သချိုင်းသည် အမရပူရမြို့ရိုး၏ အပြင်ဘက် အနောက်မြောက် ရာဟုထောင့်တွင် တည် ရှိသည်။

၎င်းသင်္ချိုင်းနေရာနှင့် တစ်ဆက်တည်းမှာ တက်သေးအင်း ရေစပ်နှင့် ဆက်စပ်လျက်ရှိပါသည်။ တက်သေး အင်း သည် ဧရာဝတိ မြစ်ရေကြီးသော အချိန်များတွင် ရေအလွန်ပြည့်လာပြီး သရက်တစ်ပင် သင်္ချိုင်း နေရာ နှင့်တကွ ရွှေကြက်ယက်၊ ရွှေခဲရွာ စသည့် ရွာတို့ပါ ရေမြုပ်လေ့ရှိပါသည်။ နောင်သောအခါ မင်းတုန်းမင်း က ရတနာပုံမြို့ နန်းအသစ် တည်ထောင်လိုက်ပြီး မြို့ပြောင်းရွှေ့သွားသောကြောင့် သင်္ချိုင်း ကို အသုံးမပြုကြ တော့ဘဲ တိမ်ကောပျက်စီးလာခဲ့ရာ ယနေ့အဖို့ ထိုနေရာတစ်ဝိုက်သည် လယ်ကွက်များ၊ ကိုင်းခင် းယာခင်း များအဖြစ်သာ တည်ရှိတွေ့မြင်နေရပါသည်။ သရက်ပင်အိုငုတ်တိုနှင့် ဥနှဲပင်ကတော့ အသက်ပြင်း လျက် ရှိ နေကြပါသေးသည်။

ရွှေဘိုမင်းသည် မိဖုရား မမြကလေးကို အပြစ်ပေးပြီးသည့်နောက် အချိန်များတွင် ဝေဒနာတိုးလာပြန်ပါ သည်။ ပြည်ရေးပြည်ရာများကို မျက်နှာလွဲှနေသည်ကများပါသည်။ ဇောင်းကလောကန်ဦးရှိ သူ၏ ကောင်းမှု တော်ဖြစ်သော လောကမဏိစေတီတော်ကို မကြာခဏ ဖူးမြော်သည်။ စေတီတော်ကို ဖူးမြော် ရသောအခါ တိုင်းလည်း အပြစ်ပေးခဲ့ပြီးသူ မမြကလေးအား များစွာ သတိရစေသည်။ သတိရ လိုက် တိုင်းလည်း စိတ်လက် မကြည်မသာရှိရရှာသည်။

ပစ်လိုက်ရသည် ကလည်း အဆီနှင့်ရွှဲရွှဲ၊ စားရမှာကလည်း သဲနှင့်ရှပ်ရှပ် ဆိုသော စကားကဲ့သို့ ဖြစ်ရတော့ သည်။ ချစ်ခင်ကြင်နာမြတ်နိုးဖွယ်ရာသော မြကလေး၏ ရုပ်လက္ခဏာနှင့် ကဗျာဂီတ၊ စာပေအနုပညာ ရသ တို့နှင့် ပြည့်စုံကြွယ်ဝသော ဂုဏ်ဝိသေသ ဉာဏစွမ်းအားကိုလည်း လေးစားချစ်ခင်ဖွယ်ရာ ထင်မြင် လာခဲ့ သည်။ သူ၏လက်ရာ တေးဂီတ စီကုံးခဲ့သမျှ အနှုန်းအဖွဲ့များကလည်း တရေးရေး ထင်မြင် လာ စေသည်။

ထိုမှတစ်ဖန် မျက်မာန်တော်ပွားစေရာသော သူ၏အပြုအမူများက သည်းခံခြင်းငှာ မစွမ်းသာအောင် ဖြစ်ခဲ့ရ သည်များကလည်း ဘုရင်မင်း၏ စိတ်တော်၌ သတိရတိုင်း မီးစတစ်ဘက်၊ ရေမှုတ်တစ်ဘက်ကဲ့သို့ ပူချည် အေးချည် မကြည်မသာ ဖြစ်လာစေပြန်သည်။

သို့သော် ဖြစ်ခဲ့သမျှ အကြောင်းတို့က ပြုပြင်၍ မရနိုင်အောင် ဆုံးခန်းသို့တိုင် ရောက်ခဲ့လေပြီ။

မကြည်မလင် စိတ်မရွှင်နိုင်သော အခါများတွင် ကုသိုလ်တော်လောကမဏိ စူဠာစေတီတော်သို့ ထွက် တော်မူလာသည်။ အမရပူရရွှေမြို့တော် အရှေ့ဘက် ဇောင်းကလောကန်ဦးရှိရာ လောကမဏိ ဟူဠာ စေတီတော်ကြီးသည် ဇောင်းကလောကန် ရေပြင်၌ အရိပ်ထင်လျက် သပ္ပာယ်ကြည်ညိုဖွယ်ရာ ဖူးတွေ့ ရသည်။ ကြာမျိုးငါးပါးနှင့် ပြည့်ကြွယ်တင့်တယ်သော ရေပြင်နှင့် အရှေ့ဘက် ရှမ်းကုန်းမြေမြင့် တောင်တန်းကြီးကို နောက်ခံပြုလျက် ကောင်းကင်သို့ ချွန်တက်နေသော ရွှေရောင်တဝင်းဝင်းနှင့် တည်ထား ပြီးခါစ စေတီတော် ကြီးမှာ ကြည်ညိုဖွယ်ရာ အာရုံညွှတ်ပြို၊ သဒ္ဓါပိုစေဖွယ်ရာ တွေ့မြင် ရှုစားရလျှင် ဖရဏာပီတီ ဂွမ်းဆီထိသို့ တအိအိ စေတနာတော် ပွားခဲ့ရသည်။

လောကမဏိ စေတီတော်ကြီးသည် မဟာရံ တံတိုင်းကြီး နှစ်ထပ်၏ အလယ်တွင် တင့်တယ်စွာ စံမ္ပာယ် လျက် ရှိလေသည်။ ပထမ မဟာရံအုတ်တံတိုင်းကြီး၏ အတွင်းရှိ အရပ်လေးမျက်နှာ ထောင့်လေး ထောင့်တွင် စေတီရံကြီး လေးဆူမှာလည်း ထီးထီးမားမားနှင့် အလှူရှင် ဒါယကာမများ၏ အမည်ကို ကြွေး ကြော်တင်ပြနေသကဲ့သို့ တွေ့မြင်ရပေမည်။

၎င်းစေတီရံ လေးဆူကို ဖူးတွေ့ရသောအခါတိုင်း စေတီတော်၏ ဒါယိကာမများကို တစ်ပါတည်း သတိရလာ သည်။ သတိရလာသည့်အခါတိုင်း အနောက်မြောက် ရာဟုထောင့်က စေတီတော်၏ ဒါယိကာမ မိဖုရား မြကလေး၏ မျက်နှာက ကွက်ခနဲ ပေါ်လာရမြဲဖြစ်သည်။ မြကလေးကို သတိတော် မရချင်၍ မနေရအောင် အကြောင်းဖန်လာသည်။

ကောင်းမှုတော် လောကမဏိ စူဠာစေတီတော်ကြီးမျာ ထီးချယားသီးကစ၍ ဖိနပ်တော်မြေအထိ လုံးတော် ပြည့် ရွှေသင်္ကန်းများ ချကပ်လှူဒါန်းထားပြီး၊ အလျှံညီးညီး ဖူးမြင်ရသည်နှင့်အမျှ မဟာရံတံတိုင်း ၄ ထောင့် မှ အရံစေတီတော်ကြီး ၄ ဆူ ကလည်း ကြည်ညို၍ မဆုံးနိုင်အောင် ကုသိုလ်ရေးကို အထောက် အကူ ပြုလျက် ရှိလေသည်။

အရှေ့တောင်ထောင့်ရှိ စေတီတော်ကြီး၏ ဘွဲ့တော်မှာ (မဟာတိလောက) စေတီဖြစ်၍ အလှူရှင်မှာ မိဖုရား ခေါင်ကြီးဖြစ်ပါသည်။

အရှေ့မြောက်ထောင့်ရှိ စေတီကြီး၏ ဘွဲ့တော်မှာ (လောကပရမေ) စေတီတော်ဖြစ်၍ အလှူရှင်မှာ မိဖုရား ခေါင်ကြီး ၏ သမီးတော် သီရိပဝရ တိလောက ရတနာ မင်္ဂလာဒေဝီ (နောင် မင်းတုန်းမင်းကြီး၏ စကြာဒေဝီ မိဖုရားကြီး) ဖြစ်ပါသည်။

အနောက်မြောက်ထောင့်ရှိ စေတီတော်ကြီး၏ ဘွဲ့တော်မှာ (ရတနာလောက) ဖြစ်၍ အလှူရှင် ဒါယိကာမ မှာ အနောက်နန်းမိဖုရားသီရိမဟာ သုတရတနာ ဒန္ဒာဒေဝီ (မြကလေး)ဖြစ်ပါသည်။

အနောက်တောင်ထောင့်ရှိ စေတီတော်ကြီး၏ ဘွဲ့တော်မှာ (သုံးလူ့ထိပ်ပန်း) ဟူ၍ တွင်လျက် အလှူရှင် ဒါယိကာမ မှာ ဗန်းမော်မြို့စားမိဖုရား သီရိအတုလ မဟာရတနာဒေဝီဖြစ်ပါသည်။

ထိုစေတီရံကြီး ၄ ဆူ၏ ဒါယိကာမများအနက်မှ အနောက်မြောက်ထောင့်ရှိ ရတနာလောက စေတီတော်ကြီး ၏ ဒါယိကာမ အနောက်နန်းမိဖုရား မြကလေးမှာ အသက်ထင်ရှား မရှိတော့ပြီဟု သတိရမိ ခြင်း၊ မြကလေး မရှိတော့သည်မှာ မိမိကိုယ်တော်တိုင် ရာဇဝတ်အပြစ်ဒဏ် ပေးသနားလိုက်ရခြင်း စသည် များက မြစ်ဖျားခံ၍ ပေါ်လာပြန်သည်။ မချစ်ပြင်ပြင် မကြင်စိမ်းကား၍ သနား မဖက် ရက်စက်လိုက်ရခြင်းတော့ မဟုတ်ပေ။ သွားလေသူ၏ အမှုအပြစ်ကလည်း သားတော် ပြည်မင်းသားကြီး၏ ဘက်မှ ရပ်တည် ပေါင်းစည်းခဲ့သော အပြစ်၊ ဘုရင့်ရန်သူကို အထောက်အကူ ပြုခဲ့လေသော အပြစ်ကြောင့် ရာဇဝတ်အပြစ်ဒဏ်ခတ်ရခြင်းသာဟု ဆိုဖွယ်ရာရှိသည်။ အကြောင်းမဲ့ သက်သက် ရက်စက်ရခြင်းမျိုးကား မဟုတ်ပါပေ။

ဒါတွေကို စဉ်းစားမိလျှင် ကရွတ်ကင်းလျှောက်အမြီးက ခေါင်းရောက်၊ ခေါင်းက အမြီးရောက် နှင့် ဒေါသ ဇော ဖောက်သည့်အခါ ဖောက်၍ ကရုဏာ သက်ရောက်သောအခါ သက်ရောက်၍ နောက်တစ် လှည့်၊ ကြည်တစ်ခါ ဖြစ်စေခြင်းသာ အရာထင်တော့သည်။

သက်ဦးဆံပိုင် ဘုရင်ဧကရာဇ်တို့ခေတ် ဤကိစ္စမျုးတွေမှာ ဆန်းကြယ်လှသည်တော့ မဟုတ်ပါ။ အသက် တစ်ရာ မနေရသော်လည်း အမှုပေါင်း တစ်သောင်းမက တွေ့ကြုံရမြဲဖြစ်သော လူ့ဓမ္မတာမျိုးတွင် ဘုရင်ဧကရာဇ် လူတန်းစားမျိုးမှာ သာ၍ တွေ့ကြုံရလေမြဲ၊ သာ၍ စိတ်ဓာတ်ကြံ့ခိုင်ရလေမြဲဖြစ်ပါသည်။

သို့ရာတွင် ရွှေဘိုမင်းတရားကြီးကဲ့သို့ စိတ္တဇဝေဒနာ ဖိစီးနေသူ ပုဂ္ဂိုလ်မျိုးမှာ စိတ်၏ဒဏ်ရာ အနာတရကို ကြံ့ကြံ့ခံနိုင်သော စွမ်းရည်အပြည့်အ၀ ရှိရှာမည် မဟုတ်ပေ။

ရွှေဘိုမင်းမှာ ဘုရင်ဧကရာဇ်တစ်ဦးအဖြစ်နှင့် တွေ့လေကြုံလေ ရင်ဆိုင်လေခဲ့ရသော သုခ ဒုက္ခ အ၀၀ တို့က စိတ်ဝေဒနာ၏ ရင့်သန်ရာ ရင့်သန်ကြောင်းကိုသာလျှင် မြေသြဇာ ပေါင်းထည့်ပေးနေဘိသကဲ့သို့ ရှိချေမည်။

ဤနည်းအတိုင်း မကြည်မသာ မရွှင်မပျနှင့် စိတ်က မကြာခဏ အရောင်အသွေး ပြောင်းလွဲှ နေတတ် ရာတွင် တစ်ခါတစ်ခါ အေးချမ်းတည်ငြိမ်ရာ ကောင်းသော ကောင်းမှုတော် လောကမဏိစူဠာစေတီတော် ရှိရာ စိတ် ရောက်၍ မျှော်မှန်းလျက် ငြိမ်ငြိမ်သက်သက် လက်ယှက်ပူးတင်၍ ဖူးမြင်ရှိခိုးရခိုက်၌ နှလုံး စိတ်ဝမ်း အေးချမ်း ကြည်လင်လာသည်။

ရွှေနန်းတော် မျှော်စဉ်မှ ရှုစားမိသောအခါများတွင် ရွှေမြို့တော်ကြီး၏ အရှေ့ဘက် မျက်နှာစာတစ်ဝှန်းကို စိမ်းပြာ ညိုမှောင်သော ရှမ်းမြေမြင့် တောင်တန်းကြီးများက တံတိုင်းသဖွယ်၊ အနားကပ်သဖွယ် နောက်ခံပြုပြီး၊ မှန်သားအသွင် ကြည်လင်သော ဇောင်းကလောအင်း ရေပြင်ကြီး၏ ကန်ပေါင်ရိုး အစွန်းမှာ လောကမဏိ စူဠာ စေတီတော်ကြီးကို အလယ်ထား၍ စေတီရံ ၄ ဆူ၊ တံတိုင်းမီးကား မဟာရံအုတ်ရိုးကြီး ၂ ထပ်နှင့် ပြာသာဒ်မုခ်ဦးတို့ဖြင့် အထူးထူးစီမံ ဖန်တီးထားသော ဗိသုကာ မြောက်လှသည့် သာသနာ့ အဆောက်အဦး များ၏ ရှုခင်းတွင် နစ်မြော၍ ပီတိဇော ငြိမ့်ငြိမ့်နှင့် တသိမ့်သိမ့် ကြည်နူးခဲ့သည်။

ယင်း ကြည်နူးစိတ်ကလေး မကုန်ဆုံးမီ အနောက်မြောက်ထောင့်က ရတနာလောက စေတီတော်က မြင်ကွင်း တို့၏ အတွင်းမှ သီးသန့် ပေါ်လာလေလျှင် အနောက်နန်းမိဖုရားမြကလေး၏ သနားဖွယ် မျက်နှာ က ဘွားခနဲ ကွင်းကွင်းကွက်ကွက် ပေါ်လာလေသည်။

” ရက်စက်လိုက်ပါဘိတော့တယ် ဘုရား ” ဟု ညှိုးငယ်စွာ သံတော်ဦးတင်သယောင်ယောင် …

ပထမအကြိမ် အမျက်တော်ရှိစဉ်က ကြေးတုက်တော်၌ ချထားစေခိုက်မှာ အသနားခံလွှာ တင်သွင်းခဲ့သော သီချင်း တစ်ပုဒ်ဖြစ်သည့် “ချစ်သမျှကို ပတ်ပျိုး” ထဲမှ အဓိပ္ပာယ် စာသားများကို ပြန်လည် စဉ်းစားမိသည်။ သူ့၌ အပြစ်မရှိကြောင်း တတွတ်တွတ် အယူခံ လျှောက်တင်နေသည်ဟုလည်း မှတ်ထင်နေမိသည်။ ထိုအခါ …

” မြကလေး … မြကလေး “

ဟု … ခပ်တိုးတိုးရေရွတ်ရင်း သက်ပြင်းချတော်မူလိုက်ပြန်သည်။

ဒဂုန်ခင်ခင်လေး