ပေလေးပင် စခန်း
အောင်လံမှ တောင်တွင်းကြီးသို့ ကားလမ်းမှ အကွာအဝေးမှာ ၅၇ မိုင်ရှိပါသည်။ ဓာတ်ဆီ ၄ ဂါလန် ဖြည့်ခဲ့ရသောကြောင့် ရေနံချောင်းအထိ စိတ်အေးလက်အေး မောင်းသွားနိုင်ပြီ ဖြစ်ပါသည်။ တနင်္ဂနွေေ့ ပေပဲမို့ မကွေးမှာလည်း ဓာတ်ဆီဆိုင် မဖွင့်ဘဲရှိမည်မှာ သေချာပါသည်။ တောင်တွင်းကြီးမှာလည်း သည် အတိုင်းပဲ ဖြစ်ရမည်။ သို့သော် နည်းသိပြီဖြစ်၍ သူ့ဟာနဲ့သူ မုဆိုး စိုင်က သင်သွားပေမည်။ မပူရေးချ မပူ တော့ပြီ။
၅၇ မိုင်ကို တစ်နာရီခွဲလောက်ပဲ အေးအေးဆေးဆေး မောင်းလာခဲ့သည်ဖြစ်၍ ၁၁ နာရီခွဲလောက်မှာ တောင် တွင်းကြီးသို့ ရောက်ခဲ့ကြပါသည်။ ပါလာသူများကို နံနက်စာကျွေးရန် ရှိသောကြောင့် ဈေးအနီး စားသောက် ဆိုင် ဟိုတယ် တစ်ခုမှာ ကားထိုးဆိုက်ပြီး ချိုင့်ဆင့်နှင့် ထည့်လာသော အဆောင် ဟင်းလျာ၊ အကြော် အလှော်များ၊ သစ်သီးဝလံများပါ ယူလာပြီး ဆိုင်မှ ရရှိသော ထမင်းဟင်းလျာများပါ မှာယူ စားသောက် ကြရ ပါသည်။
ဆိုင်မှာ တရုတ်၊ ကုလားစာ၊ မြန်မာ ဟင်းလျာမှ အစ စုံစုံ လင်လင် ရနိုင်ပါသည်။ စားသူအဖော် တို့ကလည်း မြန်မာထမင်း ဟင်းလျာကိုသာ စုံရေမက်ရေ စားလို၍ မှာကြသည်။ ခရမ်းချဉ်သီးနိုင်နိုင် ထည့်ချက်သော အညာချဉ်ရည်ဟင်း နှင့် ငါးပိချက် တို့စရာများက စားသူရွှေဂုန်မယ်တို့အတွက် ခံတွင်းမြက်စေ ပါသည်။
ထမင်း စားသောက်ပြီးစီးသောအခါ ၁၂ နာရီခန့် နေအတော်ပူလာ၍ အိုက်စပ်စပ် ဖြစ်လာသောကြောင့် ရေချိုးလိုကြပြီဖြစ်ရာ ဈေးမြောက်ဘက်တွင် ကပ်လျက်ရှိသော ဦးသန်းညွန့်တို့ တိုက်သို့ ဝင်ပြီး ရေချိုးကြပါ သေးသည်။ ဦးသန်းညွန့်၏ ညီမ ဒေါ်မြင့်မြင့်မှာ ရန်ကုန်နှင့် တောင်တွင်းကြီးကို အိမ်ဦးနှင့် ကြမ်းပြင် ကဲ့သို့ တစ်လ ၂ ခေါက်၊ ၃ ခေါက် ကူးသန်းနေသူဖြစ်ပါသည်။
သို့ကြောင့်လည်း တစ်ရက်လောက် နေသေးရန် ပြောရာ အပြန်မှ ဝင်အိပ်ပါမည်၊ ယနေ့ ကျောက်ပန်းတောင်း ရောက်အောင် သွားပါရစေဟု အနူးအညွတ် တောင်းပန်၍ ၁ နာရီခွဲလောက်မှာ ခရီး ဆက်လက် ထွက်ခွာလာခဲ့ကြရပါသည်။
တောင်တွင်းကြီးမြို့နှင့် စပ်လျဉ်း၍ကတော့ ရေးဖွယ်ရာတွေ အများအပြားပင်ရှိပါသည်။ ဗိဿနိုး မြို့ဟောင်း ကြီး တူးဖော်စ ပြုနေသည့် အချိန်ကစ၍ တောင်တွင်းကြီးမြို့ကို မပြတ် ရောက်ရှိခဲ့ပါသည်။ ဗိဿနိုးမြို့ဟောင်း ၏ တစ်စိတ်တစ်စေသများ မြေအောက်မှ ပေါ်လာချိန်က စတင်ပြီး တောင်တွင်းကြီး မြို့၏ သတင်းက အသစ်တစ်ဖန် ပြန်လည်ဆန်းသစ်ခဲ့ရပြန်ပါသည်။
တစ်ချိန် က ဗိဿနိုးမိဖုရားကြီး၏ ဘုန်းမီးနေလ” ထင်ရှားခဲ့သမျှနှင့် ဒွတ္တပေါင်မင်းကြီးတို့ ချစ်ကိစ္စများက လည်း ကဏ္ဍတစ်ရပ်အနေနှင့် လူတွေ ပြန်လည် စိတ်ဝင်စားဖွယ်ရာ ဖြစ်ခဲ့ရပြန်သည်။ သရေခေတ္တရာ ရာဇဝင် နှင့် ဗိဿနိုးကိစ္စများကို ဒဏ္ဍာရီ ပုံဝတ္ထုလို ယုံကြည်ဖွယ်ရာ မရှိဟု ယူဆခဲ့ကြရာမှ မြေအောက်က ပေါ်ထွက် လာတဲ့ သက်သေသက္ကာယတို့ကြောင့် ဒဏ္ဍာရီမှ အပိုင်းကဏ္ဍများကို ပြန်မကောက်လျှင် မဖြစ် သလောက် ဖြစ်ခဲ့ကြရသည်။
ဒါနှင့်တောင် ဗိဿနိုးမြို့ဟောင်း တူးဖော်ရာ၌ ယခုအခါ အစချီသလောက် ပဏ္ဍမမျှလောက်သာ ပြီးစီး သေး သည်။ နောက်ထပ် တူးဖော်ရန် ကုန်းကမူတွေ အများကြီး ကျန်နေပါသေးသည်။ ဒါတွေကိုသာ အကုန်လုံး တူးဖော်မိလို့ တွေ့ရှိရတဲ့ အထောက်အထားများစွာကို လူထုသို့ တင်ပြနိုင်လျှင် ဘယ်မျှ ထင်ရှား ကျော်ကြား လာဦးမည် မခန့်မှန်းနိုင်။ တိမ်မြုပ်နေသော ရာဇဝင် အထောက်အထားတွေ၊ တန်ဖိုး မထားနိုင်၊ မခန့်မှန်းနိုင် အောင် အကျိုးထူးမည့် အချက်အလက်တွေ တိတိပြတ်ပြတ် ထပ်ခါ ထပ်ခါ ပေါ်ပေါက်လာဦးမည်သာတည်း။
သို့ရာတွင် ပေါ်လာလေဦးမည့် အဖိုးတန် အထောက်အထားပစ္စည်းများကို လုံခြုံအောင် စနစ်တကျ ထိန်း သိမ်း စောင့်ရှောက်မှု မပြုနိုင်ပါက တူးဖော်ရကျိုးနပ်မည် မဟုတ်ပါ။
ယခင် တူးဖော် ရရှိခဲ့တဲ့ အဖိုးတန် အရုပ်ကလေးများ ပျောက်ဆုံးသွားရဖူးသော ကိစ္စကို နမူနာယူပြီး နောက်ထပ် တွေ့ရဦးမည့် ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းစောင့်ရှောက်နိုင်ပါစေလို့ ဆုတောင်းရပေ တော့မည်။
တောင်တွင်းကြီးမြို့၌ အထူးချီးကျူးဖွယ် တစ်ခုလည်းရှိပါသေးသည်။ မြန်မာ့ပြည်မှာရှိတဲ့ မြို့ကြီးတွေထဲမှာ ရန်ကုန်၊ မန္တလေး၊ ပြည်မြို့၊ ပုဂံတို့မှ ဘယ်မှာမှ ပြတိုက်ရယ်လို့ မရှိဘဲ တောင်တွင်းကြီးတစ်မြို့ထဲမှာပဲ ပြ တိုက်တစ်ခု တွေ့ရှိရလို့ပါပဲ။ ရှေးခေတ်ဟောင်းက တည်ထောင်လာကြတဲ့ မြို့ကြီးတိုင်းမှာ သူ့အထွာနဲ့သူ၊ သူ့ရာဇဝင်နဲ့သူ ရှေးဟောင်းပစ္စည်းစုဆောင်းပြသထားတဲ့ ပြတိုက်တစ်ခုစီရှိထိုက်ပေမဲ့ မရှိခဲ့ မထားခဲ့ကြဘဲ ဤတောင်တွင်းကြီးမြို့ တစ်မြို့မှာမှ ရှေးဟောင်းပစ္စည်း ပြတိုက်တစ်ခု စေတနာ့ဝန်ထမ်းထားရှိ ပြသထား ခြင်းကို အထူး ချီးကျူးထိုက်ပါပေတယ်။
အဲ … စေတန့ဝန်ထမ်း ပြတိုက်ထဲမှာ ပြည်မြို့က ရွှေဘုန်းပွင့် စာကြည့်တိုက်နဲ့ ပြတိုက်ကို ထည့်၍ မချီးကျူး လို့မဖြစ်နိုင်ပါ။ မြန်မာပြည်မှာ အစိုးရအထောက်အပံ့ မပါသေးဘဲ စေတနာ့ဝန်ထမ်း ရှေးဟောင်း ပြတိုက် ဆို ရင် ပြည်မြို့နဲ့ တောင်တွင်းကြီး နှစ်မြို့တည်းသာ ရှိသေးလို့ အထူး ဂုဏ်ယူထိုက် ချီးကျူး ထိုက်ပါတယ်။ ကျန် မြို့တွေကလည်း ခုလို စေတနာ့ဝန်ထမ်း ရှေးဟောင်း ပြတိုက်ကလေးများ တက်အား သလောက် ပြုပြင် ပြသနိုင်ကြမယ်ဆိုရင် ရာဇဝင်ဘက်က အထောက်အကူ ပေးနိုင်လိမ့်မယ်။ မိမိတို့မြို့၏ ရာဇဝင် ဂုဏ်ထူးကလေးများကို တူးဖော်ပြသပေးရာလည်း ရောက်ပါလိမ့်မယ်။ စာရေးသူ နိုင်ငံခြားများ သွားရောက် လည်ပတ်စဉ်က သူတို့ နိုင်ငံများရှိ မြို့ငယ်ကလေးများမှာ သူတို့မြို့နယ်နဲ့ စပ်ဆိုင်ရာ ရှေးဟောင်းပစ္စည်း ကလေးများ ရှာဖွေ စုဆောင်း ခင်းကျင်းပြသထားတဲ့ ပြတိုက်ငယ်ကလေးများကို ရောက်လေရာ မြို့ငယ် ကလေးများတွင် တွေ့မြင်ကြည့်ရှုခဲ့ရလို့ပဲ ဖြစ်ပါတယ်။
ရှေးဖြစ်စဉ်ခြင်း ယှဉ်ကြည့်မယ်ဆိုရင် စာရေးသူတို့ အရှေ့နိုင်ငံများ စုပေါင်းတည်ရှိရာ အာရှတိုက်ကြီးက ပိုပြီး ရှေးခေတ်ကျတယ်၊ ယဉ်ကျေးမှု စောခဲ့တယ်လို့ တစ်ကမ္ဘာလုံးက ယူဆထားကြတဲ့အတိုင်း ရှေးဟောင်း ပစ္စည်းများကို ပစ်စလက်ခတ် မထားဘဲ ကိုယ့်နယ် ကိုယ်မြို့ဆိုင်ရာ ရာဇဝင် ပစ္စည်းကလေး များ စုဆောင်း ပြသထားကြသင့်တယ်လို့ ယူဆမိပါတယ်။ စေတနာ့ဝန်ထမ်း စံနမူနာပြ ပြည်မြို့၊ တောင်တွင်းကြီး မြို့များက ပြတိုက်များလို စတင် လုပ်ကြမယ်ဆိုရင် မိမိတို့ မြို့မှာရှိတဲ့ ဘုန်းတော်ကြီး ကျောင်းများမှာပဲ ယာယီပြတိုက် စတင်ဖွင့်ထားလဆင် ဘုန်းတော်ကြီးများကလည်း မကူညီဘဲ မနေဘူး ထင်ပါတယ်။ ဒီကိစ္စမျိုးမှာ ကိုယ့်ရပ် ကိုယ့်ရွာက ဆရာတော် ဘုန်းဘုရားများဟာ စိတ်ဝင်စားစွာ ကူညီ စောင့်ရှောက်မှာ အမှန်ပါပဲ။
ရာဇဝင် ထင်ပေါ်ခဲ့တဲ့မြို့ကြီးများမှာ တောင်တွင်းမြို့ဟာဖြင့် ထိပ်တန်းက ပါခဲ့တဲ့ မြို့ကြီးတစ်မြို့ပါပဲ။ အင်း၀ ခေတ်မှာ ပေလေးပင်၊ ရှင်လေးပါး ပေါ်ပေါက်ခဲ့ဖူးတဲ့အတွက်လည်း တောင်တွင်းကြီးမြို့ဟာ မဟာ ပညာကျော် ပညာရှိ ကဝိတံခွန် ပုဂ္ဂိုလ် အမွန်တွေ ပေါ်ထွက်ရာ ဂုဏ်ထူးဆောင် မြို့ကြီးအဖြစ် ကျော်စော ထင် ရှားခဲ့တယ်။
ပညာရှိ အမော် စာရေးဆရာ အကျော်တွေဟာ အဲဒီအခါတုန်းက တောင်တွင်းကြီးနဲ့ နတ်မောက်မြို့ ကချည်း ဒိုင်ခံထွက်လာခဲ့ကြတယ်။ ထူးချွန်တဲ့ ပညာရှိပုဂ္ဂိုလ် စာရေးဆရာ အကျော်အမော် ဖြစ်လာ လို့ရှိရင် တောင် တွင်းကြီးသား၊ နတ်မောက်သားဆိုတာ သေချာတယ်။ ဟိုခေတ်ဦးဆီက တောင်တွင်းကြီးမြို့ နဲ့ နတ်မောက် မြို့ဟာ ရေမြေလည်း တစ်ကြောတည်း ဆက်နေသလို နာမည်ချင်း လည်း တစ်ဆက်တည်း ပူးတွဲထင်ပေါ် ခေါ်ဝေါ် အသုံးပြုခဲ့ကြပါတယ်။
ကုန်းဘောင်ခေတ်မှာတော့ မြို့အနေနဲ့ တောင်တွင်းကြီးက နည်းနည်း မှိန်လာပြီး ပင်း၊ နတ်မောက်၊ ကျောက်ပန်းတောင်း ဆိုတဲ့ မြို့သုံးမြို့က နာမည်တစ်ဆက်တည်းနှင့် ထင်ရှားလာပြန်တယ်။ ပင်းမြို့၊ နတ်မောက်မြို့၊ ကျောက်ပန်းတောင်းမြို့ ဆိုတဲ့ သုံးမြို့ဟာ တစ်ဆက်တည်းခေါ်၊ တစ်ဆက်တည်း ထင်ပေါ်ခဲ့ကြခြင်းဟာ စာရေးဆရာ ပညာကျော်တွေ ပေါ်ခဲ့လို့ မဟုတ်၊ အုပ်ချုပ်ရေးအပိုင်းနဲ့ နိုင်ငံရေး အပိုင်းမှာ ထင်ရှားကျော်ကြားတဲ့ အရာရှိကြီးများ၊ မြို့စားကြီးများဟာ အဲဒီ အရပ်သားတွေ များတယ်။ စလေ၊ ရေနံချောင်းနဲ့ မကွေး ထည့်လိုက်ရင် ပင်း၊ နတ်မောက်၊ ကျောက်ပန်းတောင်း၊ ရေနံ ချောင်း၊ မကွေး နဲ့ မကွေးနားက ဝက်မစွတ်မြို့ … ဒါတွေဟာ ကုန်းဘောင်နန်းဆက်မှာ ဘုရင် သဒ္ဓါ တော်မူတဲ့ မှူးတော်၊ မတ်တော်ကြီးများကို မြို့စားဘွဲ့ သနားတော်မူလေ့ရှိခဲ့လို့ ဒီမြို့ကြီးတွေဟာ ထင်ရှား ကျော်ကြား ခဲ့ခြင်းတစ်မျိုးပါပဲ။
နောက်ပိုင်း ခေတ်မှာတော့ တောင်တွင်းကြီးမြို့ဟာ မီးရထားလမ်းများ ပေါက်လာတော့ အညာထွက်ကုန် မှန်သမျှ တောင်တွင်းကြီးမှာ လာစုပြီး အရောင်းကြီး အဝယ်ကြီးဖြစ်ကာ ကုန်သည် ပွဲစားတို့ အရောင်းအဝယ် အင်မတန်ကောင်းခဲ့တဲ့ မြို့ကြီးတစ်မြို့ ဖြစ်လာခဲ့တယ်။ တောင်တွင်းကြီးမြို့မှာ အင်မတန် ထင်ရှားကျော် ကြားတဲ့ ” ရွှေအင်းတောင်ဘုရား” ဆိုတာ ရှိသေးတယ်။ ဘုရားပွဲတော်အခါမှာ နာမည်ကျော် ဇာတ်၊ ရုပ်စုံ တွေ တစ်ပြည်လုံးက စုရုံးလာရောက်ကပြကြတယ်။ မြေလတ် တစ်နယ်လုံးက လူထု တစ်ရပ်လုံး အုံကြွဆင်း ချလာတဲ့ ပွဲတော် ဖြစ်လေတော့ ပွဲဈေးတန်းမှာလည်း ရောင်းမလောက်၊ ဇာတ်ပွဲ၊ ရုပ်စုံပွဲ၊ ရုပ်ရှင်ပွဲတွေမှာလည်း နေရာမလောက် ဆိုသလို ဖြစ်ကုန်တော့တာပဲ။
သူတို့ဆီမှာ တစ်နှစ်တစ်ခါ ပွဲတော်ဖြစ်မှ ပစ်ခတ် သုံးဖြုန်းရတာကိုး။ ယခု တော်လှန်ရေးခေတ်မှာလည်း တောင်တွင်းကြီးမြို့ဟာ ဘယ်မှာ ညံ့လိမ့်မလဲ။ ခေတ်ပြောင်းတော်လှန်ရေး ခေတ်နဲ့ အညီ တစ်ပြည်လုံး၊ တစ်နိုင်ငံ လုံး လှမ်းနေကြတဲ့ ခြေလှမ်းနဲ့ အမီလိုက်နိုင်တဲ့ မြို့ကြီးတစ်မြို့ပါ။ ဖျတ်ဖျတ်လတ်လတ်နှင့် မျက် ခြည ်မပြတ်အောင် လမ်းစဉ်ကို ခံယူလုပ်ကိုင်နေကြသော မြို့တစ်မြို့ပင်ဖြစ်ပါတယ်။
တောင်တွင်းကြီးမြို့မှ နှစ်နာရီခန့်တွင် စတင်ထွက်လာခဲ့သည်။ မကြာခင် ကားကလေးသည် ဗိဿနိုးမြို့ဟောင်းအနီးသို့ ရောက်ခဲ့ကြသည်။ ရောက်တုန်း ရောက်ခိုက် ဗိဿနိုးမြို့ဟောင်း တူးဖော်ရာများကို တစ်ချီတစ်ပွဲ ကြည့်ဦးမည် ကြံစည်သော်လည်း နေ့နှစ်နာရီတွင် နေအလွန်ပူလှသော ကြောင့် လမ်းအရိပ်အောက်မှ ခေတ္တရပ်ပြီး မျှော်ကြည့်ရုံ ကြည့်ခဲ့ရတော့သည်။ နောက်ထပ် တူးဆွထား၍ အသစ် ပေါ်ရင် ဝင်ဦးမည်သာ။ ယခုတော့ ယခင် လာရောက်စဉ်ကထက် ဘာမှ မထူးခြားသေး။ လှပသော ဧည့်ရိပ်သာ ကလေးမှတစ်ပါး အရိပ် အာဝါသလည်း မရှိ၊ ပကတိ သဲကန္တာရ သာသာမျှသာ အလွန် ပူလှစွာ၏။ ဒါကြောင့် ရှေ့ဆက် ထွက်ခဲ့ရပါသည်။
ဗိဿနိုး လမ်းခွဲမှ မကွေးဘက်သွားသော ကားလမ်းကြီးအတိုင်း ကားဆက်မောင်းခဲ့သည်။ ရှေးခေတ် ဟောင်းက စိုက်ပျိုးထားခဲ့သော ကုက္ကိုပင်ကြီးများသည် ကားလမ်း တာရိုး တစ်ဖက်တစ်ချက်မှ အခက် အလက်တွေ ဝေဆာစွာနှင့် ထီးမိုးထားသလို နေပြောက် မထိုးရလေအောင် အကာအကွယ်ကိုပေး၍ အေးမြ ရိပ်ငြိမ် ပြုနေရှာသည်။ ယင်း ကုက္ကိုပင်ကြီးများ၏ ပင်စည်မှာ လူ နှစ်ယောက်၊ သုံးယောက် လက်ချင်းယှက်မှ ဆက်မမည် ဖြစ်လောက်အောင် ကြီးမားတုတ်ခိုင်လျ၍ လွန်ခဲ့သော နှစ်ပေါင်း ၇၀၊ ၈၀ ခန့်က လမ်းဘက် ဌာနက စိုက်ပျိုးထားခဲ့ကြခြင်းဖြစ်သည်။ အရိပ်ရှားပါးသော အပူပိုင်းဒေသများတွင် ကုက္ကိုပင် နှင့် တမာပင်ရိပ် များသည် လူထုအတွက် အရိပ်ခိုစရာ အလွန် အသုံးဝင်ကြသည်။
ယခုတော့ အရိပ်နေနေ အခက်ချိုးချိုး ဆိုတဲ့ စကားအတိုင်း ရန်ကုန် မန္တလေး ကားလမ်းတစ်လျှောက်နှင့် ရန်ကုန် ပြည် ကားလမ်းတစ်လျှောက်တို့မှာ ကုက္ကိုပင်အိုများ စခန်းသိမ်းကုန်ရှာကြလေပြီ။ သင်္ခါရ တရားကြီး က ကုက္ကိုများကို မျိုဝါးနေခြင်းမှာ တရားရစရာ ပင်တည်း။
ပြောရင်းဆိုရင်းပဲ ရန်ပယ်ချောင်း တံတားထိပ်သို့ ရောက်လာကြပါပြီ။ ရန်ပယ်ချောင်းကြီးက ကျယ်ပါဘိ။ ရေမရှိ၊ သဲချောင်းကြီးသာ ဖြစ်သော်လည်း ရေကျလျှင် အန္တရာယ်ဖြစ်၍ ကြောက်စရာကောင်းလှပါ၏။ ဤ ချောင်းကြီးကို သံတံတားကြီးနှင့် ဖြတ်ကူးပေးထား၏။ တောင်တွေ့ လမ်းဖောက်၊ ချောင်းတွေ့ တံတား ဆောက် ဆိုသော တော်လှန်ရေးအစိုးရ စေတနာပေပဲပေါ့။
အဲဒီ ရန်ပယ်ချောင်းကြီးဟာ ဗိဿနိုးမြို့ကို ရံပက်စီးနေတဲ့အတွက် မြို့ကို ရန်သူများ မဝင်နိုင်အောင် ကျုံး သဏ္ဍာန် ကာရံထားသလို ရှိ၏ဟု စာဆိုရှိခဲ့သည်။ ချောင်းရေသဲသဲ ကျနေချိန်ဆိုရင် ဘယ်ရန်သူဖြတ်ကူးဝံ့ ပါမည်နည်း။ ရေထဲ မျောပါကုန်ကြပါမည်။ ရန်သူ စစ်ချီလာရင် စည်ကြီး တီးလိုက်ပါက ရန်ပယ်ချောင်းက အချိန်မရွေး ရေတွေ ဒလဟော စီးကျလာသည်ဟု ပြောရိုးရှိကြသည်။ မယုံလည်း ဒဏ္ဍာရီပေါ့။
ရန်ပယ်ချောင်း ဟာ ပုပ္ပားတောင်ပေါ်က ညို့မှိုင်းမှိုင်း မိုးရွာလာရင် ရေတွေ ဒလဟော စီးဆင်းလာလေ့ရှိ တယ်။ ပုပ္ပားတောင်ဟာလည်း တောင်ထိပ်မှာ အမြဲလိုလို မိုးသားတွေ ခမောက်ဆောင်းနေလေ့ရှိတယ်။ ဗိဿနိုး မင်းသမီးရဲ့ မိုးခေါ် စည်ကြီးကလည်း ထူးထူးခြားခြား စီမံဖန်တီးထားလေတော့ စည်ကြီးကို တီး လိုက်ရင် မိုးပြိုမခန်း ဟိန်းဟိန်းသွားတာနှင့် မိုးပြိုပြီး ရွာချလိုက်တဲ့ သဘောနှင့် တူပါရဲ့။ ကရင် အမျိုးသား များမှာတောင် ယခုခေတ်အထိ မိုးခေါ်တဲ့ ဖားစည်ဆိုတာမျိုးတွေရှိနေသေးတာ တွေ့နေရတယ်။
ဗိဿနိုးမြို့ကို ရန်သူတွေ လာဝိုင်းတော့မည်ဆိုတဲ့ သတင်းကြားရင် မိုးခေါ် စည်ကြီးတီးတော့ မိုးကရှာချ၊ ချောင်းရေ က ရန်ပယ်ချောင်းအပြည့် ဒလေဟော စီးလာတော့ ရန်သူများ ချောင်းကိုမကူးနိုင်လို့ လက်မှိုင်ချ ပြန်သွားရတယ်လို့ ဆိုတယ်။ ရှေးခေတ်က လေယာဉ်ခေတ်၊ မော်တော်ကားခေတ် မဟုတ်။ ခြေလျင်၊ မြင်း လျင်နဲ့ စစ်ချီတဲ့အခေတ် ဆိုတော့လည်း ဖြည်းဖြည်းလာနေတုန်း မိုးခေါ်စည်ကလည်း တအုံးအုံး ထုပါများ တော့ မိုးလန့်ရွာတာနဲ့ အံဝင်ခွင်ကျ ဖြစ်သွားပုံရပါတယ်။
ဒါကြောင့် ဒွတ္တပေါင် မင်းကြီးဟာ ဗိဿနိုးမြို့ကို တိုက်ရေးခိုက်ရေး နှောင့်နှေးနေလေတော့ သူလျှိုတစ်ဥိး အား ရဟန်းရှင်ယောင် ဆောင်စေပြီး ဗိဿနိုး မင်းသမီးထံလွှတ်ကာ မိုးခေါ် စည်ကြီးကို ဖျက်ဆီးခိုင်းရ တယ်။ စည်ကြီး ပျက်စီးမှ ဗိဿနိုးမြို့နှင့် မင်းသမီးကို အနိုင်သိမ်းပိုက်ရရှိတယ်လို့ ဆိုတယ်။ ဒါကြောင့် ဗိဿနိုး မိဖုရားကြီးက စိတ်နာပြီး ကျိန်စာဆိုထားခဲလို့ ရဟန်းနှင့် ပေပင်များ မထွန်းကားကြောင်း ဆိုပြန် တယ်။ ဒါပေတဲ့ နောက်ခေတ်မှာ အဲဒီကျိန်စာဟာ မထိတော့ဘူးလို့ ဆိုရမယ်။ ဘာပြုလို့တုံးဆိုတော့ အဝင် အပါ တောင်တွင်းကြီးမြို့က ပေါ်ထွက်လာတယ် မဟုတ်လား …။
ရန်ပယ်ချောင်း သံတံတားကို ကားကလေး ဖြတ်ကျော်လာပြီးနောက် မကွေးမြို့သို့ တောက်လျှောက် မရပ် မနား မောင်းနှင်လာခဲ့ပါတယ်။ တောင်တွင်းကြီးက မကွေးမြို့အရောက် ၅၁ မိုင် မောင်းရပါတယ်။ လမ်းမှာ ကတ္တရာလမ်း၊ သိပ်သိပ်သည်းသည်း အလွန်ကောင်းပြီး သစ်ပင်ကြီးကြီးမားမား ဆိုလျှင် ကုက္ကိုပင်နှင့် မန် ကျည်းပင်ကြီးများ ကြိုးကြားတွေ့ရသည်မှတစ်ပါး လွင်တီးခေါင် ကုန်းရိုးတန်းတစ်လျှောက် ဖြစ်လို့ ပူလောင် ခြောက်သွေ့နေပါတယ်။
ထန်းတော စိမ်းစိမ်းကလေးများ အဝေးတွင် ပြောက်ကြား တွေ့ရသော်လည်း ကုန်းကြော တစ်လျှောက်မှာ ရှားပင်၊ တယ်ပင်၊ ဖန်ခါးပင်၊ ဆူးခေါက်ပင်ငယ်များသာ ကျဲကျဲတွေ့ရတယ်။ ကုန်းကြောခေါင်ခေါင် ပူလောင်သော ဒေသ ပီပီပြင်ပြင် ဖြစ်သတည်း။ အလွန်ကျယ်သော သဲချောင်းကြီးနှစ် ခုကိုလည်း ဖြတ် ရတယ်။ ယင်းချောင်းနဲ့ ဒေါင်းနေချောင်းလို့ ခေါ်ပါတယ်။ ရန်ပယ်ချောင်းကဲ့သို့ သံတံတား လမ်းမရှိ၊ သစ်သား တံတားလည်းမရှိ၊ ချောင်းကျယ်ကြီးတွင် သဲအပြည့်တည်း။ ယင်းချောင်း ခေါ် ချောင်း ကျယ်ကြီး က ရေနည်းနည်းကို ဖြတ်ရပါတယ်။
သုံးနာရီကျော်လောက်မှာ မကွေးမြို့သို့ ရောက်ခဲ့ပါတယ်။ မကွေးမြို့ အကြောင်းတော့ စာဖွဲ့ရန် မလိုတော့ ပါ။ မကွေးမြသလွန် ဘုရားဟာ အလွန်ကြည်ညိုဖွယ်ရာ ထင်ရှားကျော်ကြားသောစေတီတော်ကြီးဖြစ်ပါ တယ်။ ဖန်ခါးသီး ဆိုလျှင် မကွေးကမှ ကောင်းပါတယ်။ သင်္ဘောဆိပ်မြို့ကြီး ဖြစ်ပြီး အညာကုန်များ စုပြုံ တင်ဆောင်ရာ သင်္ဘောဆိပ်မြို့ ဖြစ်သော်လည်း နွေအခါ သဲသောင်ကြီးက အလွန် ဒုက္ခပေးလျက် ရှိပေ တယ်။ စာရေးသူ ငယ်စဉ်က မကွေး အစိုးရကျောင်းတွင် သုံးတန်းမှ လေးတန်းအထိ နေခဲ့ဖူးပါတယ်။ ကျောင်းသူ သူငယ်ချင်းများလည်း စာရေးသူကဲ့သို့ပင် ယခုအခါ အဘွားကြီးတွေ ဖြစ်နေပေပြီ။ မသန်းကြီး၊ မသန်းနှစ်၊ မမကြီး၊ မြ၊ လှ၊ မဟုတ်ရင်။
ထုံးစံအတိုင်း ဈေးနားတစ်ဝိုက်မှာ ဓာတ်ဆီဖြည့်ရန် ရှာပါသေး၏။ မရ။ ရှိတဲ့ ဓာတ်ဆီနင့် ရေနံချောင်းကို တော့ ရောက်ပါလိမ့်မည်။ မကွေးမှ ရေနံချောင်းသို့ သိပ်မဝေးတော့ပါ။ ၃၂ မိုင်မျှသာရှိသတည်း။
မကွေးနှင့် တောင်တွင်းကြီးကြားမှာ အလွန်ကျယ်သော ” ယင်းချောင်း” ခေါ် ချောင်းကလေးတစ်ခုနှင့် မကွေးမှ ရေနံချောင်းမြို့ ဝင်ခါနီးပင်းချောင်းခေါ် ချောင်းကြီးက တစ်ခု၊ သည်ချောင်းကြီး နှစ်ခုမှာ ကားများ ဖြတ်ကူးရာတွင် အလွန် ဒုက္ခပေးသော ချောင်းကြီးများ ဖြစ်ကြပါသည်။ ချောင်းတွေ့ တံတားဆောက် သော အစိုးရဌာနများကလည်း ဘာကြောင့်များ တံတား မဆောက်သေးသည်ကို ထိုစဉ်က မတွေးတတ်ခဲ့ပေ။
ဒေါင်းနေချောင်းမျာ ရေမရှိဘဲ သဲတွေသာရှိ၍ ကားဖြတ်မောင်းလို့ အကြောင်းမဟုတ်သော်လည်း ယင်းနဲ့ ပင်မှာက ၁၂ ရာသီရေစီးမပြတ်ပါ။ ဘယ်လောက်ပူတဲ့ နွေခေါင်ခေါင်ပဲ ဖြစ်ဖြစ် ရေက နည်းနည်းဖြစ်တော့ စီးနေ သေးသည်။ မိုးတွင်းဆိုရင်တော့ ပြောစရာမရှိတော့ပြီ။ ကားများကို ဖောင်တင်၍ ကူးရသည်။ သိပ်ပြီး ရေကျများလာရင်တော့ ဖောင်လည်း မတင်နိုင်၊ ချောင်းရိုး ကမ်းပါးက ထိုင်ပြီး နှစ်ရက်၊ သုံးရက် မှိုင်ငေး စောင့်နေရသည်။ အရဲကိုးပြီး ကူးဝံ့သူမရှိ၊ သတ္တိရှိ ကူးကြည့်ပါ။ ဆယ်ဘီး ကားကြီးတောင် သူက မဖြုံ။ ရေစီးနဲ့ တရကြမ်း ဆွဲခေါ်သွားလိမ့်မည်။
စာရေးသူတို့လည်း ပင်းချောင်းကို ရောက်လာပါပြီ။ ချောင်းကြီးက အလွန်ကျယ်ပါ၏။ ရေစီးပြန့်ပြန့် စီးဆင်းလျက်ရှိသည်။ ရေနက်မှာ တစ်ပေနှင့် တစ်ပေသာသာရှိသည်။ သိပ်မနက်သော်လည်း ရေအောက် က သဲဆွဲတတ်သည်။ ရန်ကုန်က ကားမောင်းသူများ အညာသဲချောင်းကူးရာ၌ အဝါးမဝလျှင် သဲထဲ ကားကျွံနစ်ပြီး အမယ်ကူပါ၊ အဘကူပါ၊ လူတကာခေါ် တွန်းကြရသည်။ တစ်ရှိန်တည်း ဂီယာဆုံးထိုး ကူး ပါမှ။ ဒါတောင် အမောင်းမြန်ရင် ကာဗျူရိုက်တာထဲ ရေဝင်သွားတော့ ကုန်းအတက်စမှာ စက်ဖုံးမပြီး တောင်နှိုက် မြောက်နှိုက် လုပ်ကြရမြဲဖြစ်သည်။
လူစီးး ဘတ်စ်ကားကြီးတွေနဲ့ ကုန်ကားကြီးတွေ ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးဌာနက ဆလိမ်ကားကြီး တွေသာ ခဏခဏ မောင်းချနေသောကြောင့် ချောင်းရေထဲမျာ ကားဘီးရာတွေက နက်နက်ကြီး ချိုင့်ဝင် နေလေတော့ ကားငယ်ကလေးများမှာ ချောင်းကူးရာ၌ ပို၍ မသက်သာလှပါ။ သို့သော် ဘာပဲဖြစ်ဖြစ် တတ် သရွေ့ မျတ်သရွေ့ သဲချိုင့်တိမ်ရာက လမ်းကြောင်းပြောင်းပြီး မောင်းလာလိုက်တာ ကံကောင်းလို့ စက်ဖုံး မမ ရတော့ဘဲ ချောင်းတစ်ဘက် ရောက်လာခဲ့သည်။
ပင်းချောင်းက ယင်းချောင်းလောက် ရေစီးမကျယ်ပြန့်သော်လည်း ရေစီးအား အလွန်သန်သည်။ ဒါတောင် နွေဦးအစ ရေကျန် ရေကြွင်း ကလေးမျှ ဖြစ်ပါသည်။ ပင်းချောင်းရေ တိုက်စားမှုဒဏ်ကို နှစ်စဉ်ခံနေရသော ပင်းဘုရား မှာလည်း အောက်ခြေ တဲတဲကလေးသာ ကျန်တော့သည်။ သည်နှစ် စံချိန်များ ချိုးပစ် လေမလား ဟု ဘုရားကြီးအတွက် စိုးရိမ်ထိတ်လန့်မိတော့သည်။
အစ ကတော့ ဘုရား ကုန်းတော်မြေနေရာမှာ ပင်းချောင်းထဲမှာကျယ်ပြန့် ကြံ့ခိုင်ခဲ့ပါ၏။ သို့သော် ချောင်းရေ တရကြမ်းကျပြီဆိုလျှင် တည့်တည့်မတ်မတ် မစီးဘဲ ဟိုကွေ့သည်တိုက် လုပ်လာတဲ့ နှစ်တွေက များလာ လေတော့ နောက် တဖြည်းဖြည်းဘုရားတဲတဲလေးသာကျန်ပါတော့သည်။
ဒကာ ဒကာမတို့လည်း နေ့စဉ်နဲ့အမျှ ခရီးသွားကားကြီးကားငယ်မှန်သမျှကို ဆီးပြီး အလှူငွေခံကြ၊ ရသမျှ နစ်တိုင်းပဲ ဘုရားကုန်းကို ချောင်းရေ တိုက်စားမှုမှ ကာကွယ်ရန် အုတ်၊ ကျောက်တို့နှင့် ကာရံတားဆီးကြ ရှာပါသည်။ တားဆီးမှုက တစ်နှစ်ထက် တစ်နှစ် တိုးတက်မလာဘဲ ဒီတစ်နွေ လုပ်ထားသမျှ အုတ်၊ ကျောက် တို့ဟာ တစ်မိုးလာလို့ ပင်းချောင်းရေ တစ်မိုးအကျမှာ ဘုရားကုန်းကို ရိုက်ခတ် တိုက်စားပစ်လိုက် ပြန်ရင်းနဲ့ပဲ ဘုရားကုန်းမြေဟာ လုံးပါးပါးပြီး နည်းနည်းလေးသာ ကျန်နေပါတော့သည်။ ပင်းချောင်းရဲ့ ရေ အားကို တားဆီးတဲ့ အုတ်၊ ကျောက် အင်အားက မခံနိုင်လောက်အောင် ရေစောင်း ထက်လျသည်။ ပုပ္ပား တောင် မြောက်ဘက်စောင်းက ကျောက်လုံးကြီးတွေကို ကရိန်းနှင့် ဆွဲယူလာပြီး အုံထားရင်ဖြင့် ရေအားကို ခံနိုင်ရည် ရှိမလား မပြောတတ်ပါ။
ပင်းဘုရား ကိစ္စထက် ပင်းချောင်း ဖြတ်ကူးရတဲ့ စာရေးသူတို့ကားကလေးအတွက် ရင်မ ရပြန်၏။ ကူး နေဆဲ တစ်နေရာတွင် ကားကြီးတွေ ဘီးရာကြောင့် အတော်နက်နေသည်။ တစ်ဘက်က ရေစီးအား ကလည်း သန်လိုက်တဲ့ဖြစ်ခြင်း။ ကူးတို့ပို့တဲ့ဌာနက သူငယ်တစ်ဦးက လာရောက် ကူညီပြီး ပလတ်စတစ်စ တစ်ခု နှင့် ကားစက်အုံကြီး ရစ်ပတ်၍ ရေမဝင်အောင် ကာကွယ်ပေးသည်။ ရေတိမ်ရာ လမ်းကြောင်းလည်း ပြပေးသည်။ ဒါတောင်မှ ရေနက်ပိုင်းကို ကားဘီးတစ်ဘက် မလွတ်၍ ကားထဲ ရေတွေ ဝင်လာသည်။ ကား ကလေးများ သွား၍ဖြစ်ရန် ရေနက်နေသော အနိမ့်ပိုင်းကို ကျောက်ခဲကလေးတွေ စီချပေးထားနိုင်လျှင် အကောင်း သား။ ချောင်းထဲမှာ ကျောက်လုံး ကျောက်ခဲတွေလည်း ပေါပါဘိသနှင့်။ အကျိုးရှိမယ့် ကုသိုလ် ဖြစ် ပရဟိတလုပ်ငန်း ဝါသနာပါသူများ တံတားကြီးဆောက်၍ မလှူနိုင်စေကာမူ ဒီလို လူမှုဝန်ထမ်း ကုသိုလ် ရေးစိတ်ဓာတ်ရှိကြလျှင် ကောင်းပေမည်။
ပင်းချောင်းထဲ ဖြတ်ကူးသမျှ ကားတွေ ဆီးတားပြီး ပင်းဘုရားကြီးအတွက် မျောခွက်တွေနဲ့ ဝိုင်းအလှူခံ နေတဲ့ လူတစ်စုဟာ ဒါကလေး လုပ်ဖို့ သတိမရကြဘူးနဲ့တူတယ်။ စိတ်မော လူမော၊ ကားမောနဲ့ ကူးတက် လာရ တဲ့ ကားများကလည်း ဒီလိုလုပ်ထားတော့ ပိုပြီး စေတနာနဲ့ အလှူထည့်သွားကြမှာပါပဲ။
အဲဒီလိုနဲ့ပဲ ကားကလေး ချောင်းတစ်ဘက်ကို ရောက်ခဲ့တယ်။ အလှူခံတွေ ဝိုင်းလာသည်ကို တတ်အားသ လောက် မျောခွက်ထဲ ထည့်ခဲ့ပြီး ကုန်းအတက်ကို စက်ကုန်ဖွင့်၍ မောင်းရပြန်သည်။ ကုန်းက အတော်ကလေးမြင့်သည်။ လမ်းတစ်ဝက်မှာ ကားစက် ရပ်သွားပါလေရော။
စက်ဖုံးမ၍ ကူးတို့ဌာနက သူငယ်ကလေးပါ တောင်နှိုက် မြောက်နှိုက်စုံစမ်းကြသောအခါ စက်က ဘာမှ မဖြစ်ပါ။ ကုန်းအတက်မို့ ဓာတ်ဆီ မလိုက်လို့ စက်ရပ်ခြင်းဖြစ်သတဲ့။ ဓာတ်ဆီတိုင်ကီထဲမှာ ဆီက နည်းနေ ပြီလေ။ ကုန်းအတက်ဆိုတော့ ဦးမော့နေတဲ့အတွက် ဆီကောင်းကောင်း မလိုက်နိုင်ပဲကိုး။ ဓာတ်ဆီ ထွက်ရာ ဌာန အချက်အချာ ဖြစ်တဲ့ ဤရေနံချောင်း၊ ပင်းချောင်း အတက်မှာ ဓာတ်ဆီ ရှာပုံတော် ဖွင့်ရ ပြန်ပါသတည်း။
တနင်္ဂနွေ ဓာတ်ဆီဆိုင်တွေ ပိတ်ထားသောကြောင့် ဆိုင်ကိုတော့ အားမကိုးသာပါပြီ။ ဒီတော့ ကူးတို့မှ ကူညီတဲ့ သူငယ်ကလေးက အရေးမကြီးပါဘူး၊ သူ ရှာပေးပါမည်ဆိုပြီး သူတို့ အဆက်နဲ့သူတို့ လွယ်လိုက် တဲ့ ဖြစ်ခြင်း။ ၎င်းမိတ်ဆွေ အလုပ်ရပ်ထားတဲ့ ကုန်ကားထဲက ပိုက်နဲ့ကဲ့ပြီး ၄ ဂါလံပုံးကြီး တစ်ပုံး မလာသည်။
တစ်ဦးကို တစ်ဦး အပြန်အလှန် ကျေးဇူးပြုတဲ့နည်းနှင့် အောင်လံမြို့မှာတုန်းက ဓာတ်ဆီမျှလိုက်တဲ့ နည်း ဥပဒေအတိုင်း ရေနံချောင်းမှာလည်း ဓာတ်ဆီ ကူညီ ချေးငှားလိုက်သူအား လည်းကောင်း၊ ကူးတို့သူငယ် ကလေးအား လည်းကောင်း ကျေးဇူးတင် စကားများ ပြောကြားနှုတ်ဆက်ပြီးသည့်နောက် ကျောက်ပန်းတောင်း အရောက် မောင်းရမည်ဖြစ်သောကြောင့် ရေနံချောင်းမြို့ထဲမှာ ဝင်ရောက် ရပ်နားခြင်း မပြုကြတော့ပဲ တစ်ဆက်တည်း ခရီးထွက်ခဲ့ကြပါသည်။ ရေနံချောင်းမှ ကျောက်ပန်းတောင်း သို့ ခရီး ၃၄ မိုင် သာဝေးသောကြောင့် အေးအေးဆေးဆေး မောင်းသွားလျှင် ကျောက်ပန်းတောင်းသို့ ညနေ ၅ နာရီလောက် ရောက်ကြမည် ဖြစ်ပါသည်။