ကျွန်းဦးတည့်သံလျှက်ခုံ

ကျောက်ပန်းတောင်းသို့

ရေနံချောင်းနှင့် ကျောက်ပန်းတောင်းလမ်း ၂၈ မိုင် အရောက်တွင် ဂွေးချိုမြို့ ရှိပါသေးသည်။ ဂွေးချိုတောင် တန်းကြီးက ကန့်လန့်ဖြတ် တည်ရှိသည်။ ယင်းတောင်တန်းကြီးမှာ သစ်ပင်များ မပေါက်နိုင် အောင် မာကျော သော ကျောက်တောင်တန်းကြီးသာ ဖြစ်ပါသည်။ ၎င်းတောင်မှ ထွက်လေသမျှသော ကျောက်တုံး ကျောက် ပြားများမှာ မြန်မာတစ်ပြည်ထောင်လုံး သုံးစွဲနေကြသော ကျောက်ပြင်များ၊ ကျောက်ငရုတ်ဆုံ များ၊ ကြိတ်ဆုံ စသော လူသုံး အိမ်သုံးပစ္စည်းများဖြစ်ကြကုန်သည်။ ဂွေးချို ကျောက်ပြင် သည် အမျိုးသမီးများအတွက် အလွန် နှစ်သက်သော ပစ္စည်းတစ်ရပ်အဖြစ် ကျော်ကြားခဲ့ပါသည်။

ဂွေးချိုမြို့သည် ဂွေးချို ကျောက်တောင်တန်းကြီးက လူတို့အဖို့ အတိတ် ပစ္စုပ္ပန် အနာဂတ် ကာလတစ်လျှောက်လုံး စားမကုန်၊ ရောင်းမကုန်နိုင်အောင် အကျိုးပြုနေပေသည်။ အခြားသော အဓိကထွက်ကုန်များက ထန်းလျက်၊ ပြောင်း၊ ပဲ၊ နှမ်း၊ ဝါ၊ မန်ကျည်း၊ ဆီး စသည်များ ဖြစ်ကြပါသည်။ ဂွေးချို မြို့တွင် ချောက်မြို့သို့သွားသော ကားလမ်းခွဲလည်းရှိသည်။ ယခုအခါ ကျောက်ပန်းတောင်း မှ မီးရထားလမ်း ကိုချောက်မြို့အရောက် ဖောက်လုပ်နေရာ ဂွေးချို တောင်တန်းကြီးသို့ ဖြတ်ကျော်မိ နေပြီဖြစ်၍ မကြာခင် ချောက်ရေနံမြေသို့ မီးရထားလမ်းဒုတ်ဒုတ်ထိ ရောက်ရပေတော့မည်။

ဂွေးချို နှင့် ကျောက်ပန်းတောင်းမှာတော့ ခုနစ်မိုင် (၇ မိုင်) သာ ဝေး၍ ကားလမ်းဘေးတစ်လျှောက်၌ မျှော် မဆုံးနိုင်သော ထန်းတောများချည်း ဖြစ်လျက်၊ ထန်းပင်များ အောက်ခြေတွင် ပဲ၊ နှမ်း၊ ပြောင်း၊ ပါ စသော ယာခင်းတွေ အတိသာရှိသည်။ ယာခင်းတို့၏ စည်းရိုးတစ်လျှောက်မှာတော့ မန်ကျည်းပင်နှင့် အလေ့ကျ ပေါက်ရောက်နေသော ဆီးပင်များသာတည်း။ ” ဆီးဝင်းပေါက်ပြဲ တပို့တွဲ” ဆိုသည့်တိုင်း ဆီးပင် တွေမူ ပြွတ် သိပ်ကျပ်ခဲ ရဲရဲနီနေသော ဆီးသီးများကို တွေ့ရသည်။

ကလေး လူကြီး အမျိုးသမီးတစ်စုတို့သည် ဆီးသီးကောက်၍ တောင်းဘကီး တောင်းငယ်နှင့် သယ်ယူကာ၊ ဆီးဝယ်ဒိုင်သို့ လာရောက်ရောင်းချသော ရာသီလည်း ဖြစ်လေသည်။ သို့ကြောင့် ကျောက်ပန်းတောင်းနား နီးလာလေ ရဲရဲနီနေသော ဆီးသီးပုံကြီးများကို တောင်ပူစာငယ်များတမျှ တွေ့ရ၍ အချို့က အောက်ပြည် အောက်ရွာများသို့ တင်ပို့ရန် ပုတ်ကြီး ပုတ်ငယ် အသွယ်သွယ်တွင် ထည့်သွင်း လုပ်အားပေးနေကြသည်။ ပခုက္ကူ၊ မုံရွာ၊ ရေဘို၊ မကွေး။ မြင်းခြံ၊ ကျောက်ပန်းတောင်းစသော အထက်အညာတစ်ခွင် အရပ်ရပ်မှ ဤမျှ အမြောက်အမြားထွက်သော ဆီးသီးခြောက်များသည် အများအားဖြင့် ရန်ကုန် စသော အောက်ရပ် လူထုကြီး က ဝါး၍ စား၍ ပစ်လိုက်ကြသည်မှာ နှစ်စဉ် နှစ်စဉ် တန်ချိန်ပေါင်း မည်မျှ မည်မျှ ရှိနေမည်ကို အံ့သြလောက် အောင်တွေ့ရမည်သာဖြစ်ပါသည်။

ဆီးယို၊ ဆီးပေါင်း စသဖြင့် နေ့စဉ်နှင့်အမျှ ဆီးသီးကို ကောင်းကောင်း စားဝါးပေးနေသော ပွဲဈေးတန်းများ၊ ရုပ်ရှင်ရုံများ၊ စာသင်ကျောင်းများ၊ လမ်းတကာ အရပ်တကာ၊ လက်တွန်းလှည်းများနှင့် လှည့်လည် ရောင်းချ နေကြသော ဆီးသီး စီးပွားရေးကြီးကား နျယ်နှယ်ရရ မဟုတ်ပါချေတကား ဟူ၍ စဉ်းစားစရာပင် ဖြစ်ပါ၏။

ညနေ ၅ နာရီ နေမဝင်မီ ကျောက်ပန်းတောင်းမြို့ထဲသို့ ရောက်လာပါသည်။ အသက်ခြောက်ဆယ်ကျော်၍ ခုနစ်ဆယ် ပတ်ဝန်းကျင်ရှိကြပြီဖြစ်သော စာရေးသူနှင့် ငယ်သူငယ်ချင်း တွေမျိုးနှစ်ထပ် တော်စပ်သော ရှေ့ နေကြီး ဦးစောမောင်၊ ဒေါ်မမလေးတို့ ဇနီးမောင်နှံတို့ အိမ်မှာ စတည်းချကြပါသည်။ သူတို့ အိမ်နားတစ်ဝိုက် အရှေ့ ခုနစ်အိမ်၊ အနောက်ခုနှစ်အိမ် တစ်တန်းလုံးမှာလည်း အားလုံး ငယ်သူငယ်ချင်း အဘွားကြီး တွေ ချည်းနှင်နှင် ဖြစ်ပါသည်။ သူတို့တစ်တွေကမှ တကယ့် သူငယ်ချင်းအစစ်တွေဖြစ်ပါ၏။

စာသင်ကျောင်းမှာ ကင်တာဂါဒင် ခေါ် သူငယ်တန်း၊ ဝလုံးတန်းကစပြီး သုံးတန်းအထိ အတူ နေခဲ့ကြရသူ များဖြစ်ပါသည်။ သူတို့ ခုနစ်အိမ်တန်း၏ အလယ်ကောင် အိမ်နေရာသည် ရှေးယခင်က စာရေးသူတို့၏ စာသင်ကျောင်းကြီး နေရာ ဟောင်းဖြစ်ပါသည်။ ယခုတော့ စာသင်ကျောင်း နေရာဝိုင်းအတွင်း စပျစ်ပင်များ စိုက်ထားသည်။ အလယ် အိမ်တစ်ဆောင်မှာ ကျောင်းဆရာကြီး၏သမီး၊ ယခု အဘွားကြီး ဒေါ်ဒေါ်ဆွေ နေထိုင်သည်။

အဘွားကြီး သူငယ်ချင်းတွေ ပြန်တွေ့ကြသောအခါ ဝမ်းသာအားရနှင့် သူငယ်ပြန်ကြကုန်တော့၏။ ကိုယ့် ကိုယ် ကိုယ် ကျောက်သင်ပန်းကလေး ချိုင်းညှပ်လာသော သူငယ်တန်း ကျောင်းသူကလေးများ ဘဝသို့ ကိုယ်စီ ကိုယ်င ပြန်ရောက်သွားကြပါသည်။

ကျောက်ပန်းတောင်းမြို့ကား စာရေးသူ၏ ဖခင်ဘက်မှ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်တို့ ရပ်တည် ပေါက်ဖွား နေထိုင်ရာအရပ်ဖြစ်ပါသည်။ သူတို့ ရပ်တည်ဖြစ်ထွန်းလာသည့် အဆက်အနွယ်ကလည်း ရှည် လျား လျသည်။ ပုဂံခေတ် အနော်ရထာဘုရင် မင်းသားဘဝက ဤကျောက်ပန်းတောင်းမြို့ တည်သည်။ အဲဒီ နေ့က မြို့သူကြီး ဖြစ်သူ၏ အဆက်အနွယ်မှ ဆင်းသက်လာခဲ့သည်မှာ သား၊ မြေး၊ မြစ်၊ တီ အသက် ၄၀ ကျော်ကနေပြီး ယနေ့ မြို့သူကြီး ဒေါ်ခင်လှကြီး အထိ ကြားဖောက်မရှိ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ မြို့ သူကြီး ဒေါ်ခင်လှကြီးမှာ ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေးအစိုးရခေတ်တွင်လည်း ဥက္ကဋ္ဌ၊ ကျေးရွာ လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီအဖြစ် ဆောင်ရွက်လျက်ရှိနေသည်။ သူက စာရေးသူ၏ တူမပင် တော် စပ်ပါသည်။

သည်လောက် ရှည်လျားထွေပြား မနေမနား ပေါက်ဖွားလာခဲ့သော ဆွေမျိုးတစ်သိုက် သံသရာလည်ခဲ့၊ ထွန်းကား ခဲ့သောကြောင့်လည်း ကျောက်ပန်းတောင်းမြို့ ပြင်ဘက်မှာရှိတဲ့ ကျောက်တောင် ကျောက်ကလပ် များပေါ်တွင် ဘုရားတွေ မှိုပေါက်အောင် တည်ခဲ့ကြသည်။ မြတ်ရွှေကူဘုရား၊ ရွှေတောင်ဦး ဘုရားများ ပွဲတော်အခါ အထူးစည်ကား ကြီးကျယ်လှသည်။ စာရေးသူပင် ယောင်ယောင် ပေါင်ပေါင် နှင့် အဘိုးဖြစ်သူ ကျောက်ပန်းတောင်း မြို့အုပ်ကြီး ဦးဘိုးရွှေ၏ ရွှေတောင်ဦးဘုရားကို စောင်းတန်း များ ပြုပြင်ဆောက်လုပ် လှူဒါန်းခဲ့ဖူးသေးသည်။ ကွယ်လွန်သူ အဘိုးနှင့် ဖခင်တို့အား လေးစား သဖြင့် ရည်စူးလှူဒါန်းခြင်းဖြစ်ပါသည်။

ဖခင်မှာ အစိုးရအလုပ်နှင့် အရပ်တကာ နယ်တကာ ရွှေပြောင်းအမှုထမ်းရသော်လည်း ဤနယ်က လိုလား သောကြောင့် ၁၉၀၇ ခုနှစ်က ၁၉၁၄ ခုနှစ်အထိ ကျောက်ပန်းတောင်းတွင် အလုပ်တာဝန် (၇)နှစ် ကျော်မျှ ကြာအောင် ထမ်းဆောင်ခဲ့ရပါသည်။ ဒါကြောင့် အဲဒီမှာပဲ စာရေးသူလည်း ဝလုံးတန်းပညာကို စသင် ခဲ့ရပါသည်။ သို့ကြောင့် မိမိ၏ မွေးရပ်ဇာတိ မဟုတ်သော်လည်း ပဝတ္တိအနေများခဲ့ခြင်းကြောင့် ကျောက်ပန်းတောင်း၊ ပုပ္ပား၊ ပုဂံ၊ ညောင်ဦးမြို့များကို တစ်နှစ်လျှင် အနည်းဆုံး တစ်ခေါက် နှစ်ခေါက် တော့ ရောက်လေ့ရှိပါသည်။ ဘယ်နှခါပဲ ရောက်ရောက် ပုပ္ပားနှင့် ပုဂံဘုရားများကိုလည်း မဝင်ဘဲ မနေနိုင်ပါ။ တစ်ခေါက်လာလျှင် သုံးလေးရက်မှ အနည်းဆုံး တစ်ညအိပ်လောက်ဖြစ်စေ နေလိုက်ရမှ ကျေနပ် လေ့ရှိပါ သည်။

ပုပ္ပားမြို့သူကြီး၊ တောင်ဆင်းမြို့သူကြီး၊ ငသရောက်၊ တူရွင်းတိုင်၊ တံငါကံ၊ ချောင်းချား၊ မဲထီး၊ မကျည်းကုန်း၊ ပွေးကျစ် စသည်စသည်တို့မှ မြို့သူကြီးများသည် ကျောက်ပန်းတောင်းမြို့သူကြီးကို ဗဟို ပြုလျက် ရှေးသရောအခါ ဗရာဏသီပြည် တည်စအချိန်မှစပြီး သမီးပေး၊ သားယူ ပြုလုပ်ဆက်နွယ်ခဲ့ကြသော သာကီ ဝင်ထုံးတမ်းအရ ယခုအခါမှာ ကားဆိုလျှင် အားလုံး ဆွေမျိုး စာရင်း ဝင်ချည်းနှင်နှင် ဘယ်လိုတော်မှန်းပင် မသိနိုင်အောင် နှစ်ထပ်ကွမ်း သုံးထပ်ကွမ်း ဆွေမျိုးတွေ ဖြစ်နေလေရာ၊ ဘယ်နေရာသွားသွား၊ ဤနယ်တစ် ခွင်မှာဖြင့် စာရေးသူက ရှောင်မရအောင်တိုးမိရသည်။ ဒီနယ် တစ်ဝိုက် တွင် သာမက မြန်မာပြည် မြို့ရွာ အနှံ့ အပြားမှာလည်း သည်အနွယ်ထဲက လူတွေဟာ ရေကြည်ရာ မြက်နုရာ ကူးသန်းရောင်းဝယ်ရေးဘက်မှာ လည်းကောင်း၊ အစိုးရ အမှုထမ်း၊ အရာထမ်းများ အဖြစ် လည်းကောင်း၊ စစ်မှုရေးရာနှင့် ပညာရေးဌာနများ တွင် လည်းကောင်း၊ ဆိုင်ရာဆိုင်ရာ တာဝန် ထမ်းဆောင်နေကြသူများကလည်း ခွေးလေးပျား တောအနှံ့ ဆိုတဲ့ စကားပုံအတိုင်း ” နေရာတကာ ရောက်ပါတယ် ” ဖြစ်ကြပါသည်။

နောက်တစ်နေ့ ပုဂံဘုရားများ သွားဖူးဦးမည်။ သူငယ်ချင်း အမေအိုတစ်စု သူ လိုက်မည် ငါ လိုက်မည် ဆိုရာ ကားတစ်စီးအပြည့် ၅ ယောက်တိတိ လိုက်လာကြသည်။ သူတို့အိမ်သားများ ငဲ့ညှာ၍ ညမအိပ်ဘဲ နေ့ချင်း ပြန်လာခဲ့ရသည်။

ပုဂံနှင့် ကျောက်ပန်းတောင်းမှာ ၃၂ မိုင်သာဝေး၍ တစ်နာရီလောက် ကားမောင်းလာက ရောက်ပါသည်။ အမှန်တော့ ကျောက်ပန်းတောင်းက ညောင်ဦးသို့ ၂၈ မိုင် ဖြစ်၍ ညောင်ဦးမှ ပုဂံမြို့ဟောင်းသို့ ၄ မိုင်၊ စုစု ပေါင်း ၃၂ မိုင် ဖြစ်ပါသည်။

ခါတိုင်းလာလျှင် ပုဂံ သံတဲခေါ် ဧည့်ရိပ်သာ၌ ၃-၄ ရက်နေမြဲဖြစ်ပါသည်။ တစ်နှစ်လျှင် ၂ ကြိမ်လောက် အနည်းဆုံး ရောက်လာလေ့ရှိသောကြောင့် သံတဲခေါ် ဧည့်ရိပ်သာစောင့် အကြီးအမှူး ဦးသိန်းကလည်း ခင်မင်လေးစားစွာနှင့် သူ၏သားများနှင့်တကွ တာဝန်ဝတ္တရားထက်ပင် ပို၍ ဂရုစိုက်လေ့ရှိပါသည်။

ယနေ့အခေါက်တွင်မူ နေ့ချင်းပြန်လာခဲ့ခြင်းကြောင့် ဧည့်ရိပ်သာကို ခေတ္တသာဝင်၍ နားခဲ့ရပါသည်။

စာရေးသူနှင့်တကွ သူငယ်ချင်း အဘွားကြီးတစ်စုတို့သည် ပုဂံဘုရားများကို ငယ်စဉ်ကစ၍ အထပ်ထပ်အခါခါ ဖူးမြော်ခဲ့ရသော ရပ်ဘုရား၊ ရွာဘုရား၊ ဆွေဘုရား၊ မျိုးဘုရားကဲ့သို့ပင် ယဉ်ပါး လာခဲ့ကြသူ များဖြစ်ပေမင့်၊ ဘယ်နှခါပဲ ဖူးရဖူးရ ကြည်ရနူးရ ကြည်ညှိုရတဲ့ ဇောစေတနာကတော့ တစ်ခါမှ မရောက်ဘူးသေးတဲ့ ဘုရားဖူး အသစ်များပမာ ဇောစေတနာထက်သန်စွာ ပေါ်ပေါက်လာမြဲ ဖြစ်ပါသည်။ ပထမဦးစွာ ရွှေစည်းခုံဘုရားကို ဝင်ရောက် ဖူးမြော်ကြသည်တွင် ဘုရားတကာ နော်ရထာမင်းကြီးနှင့် ကျန် စစ်မင်းကြီးတို့ အတ္ထုပ္ပတ္တိက ထင်မြင်မြဲထင်မြင် ပေါ်ပေါက်လာရပြန်သည်။

ဤဘုရားရင်ပြင်တော်တွင် ငယ်စဉ်က ရောက်သည့်အခါတိုင်း အမြဲလှည့်ပတ် ကြည့်ရှုခဲ့သည့် ဆွမ်းဦး သပိတ်၊ အင်္ဂါထောင့် ခြင်္သေ့၊ အဖေ့ထက် သားတစ်လကြီး နတ်ရုပ်ကြီးများသည် လည်းကောင်း၊ သစ်သား မင်းတုပ်တံခါးအတွင်း ရွှေငါးကြင်းရုပ်ကလေးသည်လည်းကောင်း၊ ဘုရားထီးတော် ငှက်မြတ်နားကို မော်မဖူးရဘဲ ငုံ့နေရင်း ဖူးမြင်ရသော ကျောက်ရေခွက်ကလေးသည် လည်းကောင်း၊ ငယ်စဉ်က တွေ့မြင်ရတဲ့ အတိုင်းပင် ခြေရာလက်ရာမပျက် တွေ့မြင်ရသေးသည်။ အချိန်ကာလကား ကြာခဲ့လေပြီ။ ဘုရားတကာ ကျန်စစ်သားမင်းကြီးလက်ထက်က ပြန်တွက်လျှင်ကား အနှစ်ကိုးရာကျော်လောက်ပင် ရှိ၍ သာ၍ ကြာညောင်းခဲ့လေပြီ။ အတိတ်ဖြစ်စဉ်တို့သည် သမိုင်းဝင် ခိုင်မာသော အမှတ်လက္ခဏာများပါပေ တကား။