ကျွန်းဦးတည့်သံလျှက်ခုံ

ရေကြေးမုံ

စာရေးသူအဖို့ ရွှေစည်းခုံဘုရားရောက်တိုင်း အထူး ထင်မြင်မိသော အကြောင်းတစ်ခုမှာ ငှက်မြတ်နားနှင့် တည့်တည့် အရိပ်ထင်သော ဘုရားရင်ပြင်တော်က ကျောက်ရေခွက်ငယ်ကလေးပင် ဖြစ်ပါသည်။ လက်ဖက် ရည် ပန်းကန်လုံး သာသာမျှရှိသော ကျောက်ခွက်ငယ်ကလေးအတွင်းရှိ ရေထဲတွင် ငုံ့ကြည့်လိုက်ပါက ရွှေ စည်းခုံဘုရား ထီးတော်ဖျားနှင့် ငှက်မြတ်နားသည် ရေထဲတွင် မှန်ကြေးမုံကဲ့သို့ ကြည်ကြည်လင်လင် အရိပ် ထင်နေသည်။

ဤနေရာသည် လွန်လေရှေးခါ အနှစ်ကိုးရာ တစ်ထောင်နီးပါးခန့်က ဘုရားတကာ ကျန်စစ်မင်းကြီး ထိုင်၍ ဘုရားဖူးခဲ့သော နေရာပါတကား။ ဘုရင်မင်းမှာ မင်းမြောက်တန်ဆာ ဝတ်ဆင်လျက် မကိုဋ် သရဖူကို ဆောင်းဆင်ထားရသောကြောင့် ဘုရားငှက်မြတ်နားကို မော်၍ ဖူးလိုက်ပါက မကိုဋ်သရဖူ ပြုတ်ကျမည်ဖြစ် သည်။ မပြုတ်အောင် လက်နှင့် ကိုင်ထားရမည်ကလည်း ရာဇဣန္ဒြေပျက်မည်။ သည်တော့ အခြေမပျက်၊ အာရုံမပျက် မျက်လွှာချရင်းက ကျောက်ရေခွက်တွင် ထင်လာသော ထီးတော်ကို သဒ္ဓါကြည်နူးစွာ အာရုံပြု နိုင်ရန် ဖန်တီးထားခြင်းကို ချီးကျူးမိသည်။ ထိုမျှမက အာနန္ဒာဘုရားအတွင်းမှ ကျန်စစ်မင်းကြီး၏ ရုပ်ထု ပုံသဏ္ဍာန်တွင် ဆောင်းဆင်ထားသော သရဖူမကိုဋ်နှင့်တကွ ကျောက်ရေခွက်အနီးတွင် ဘုရား ထိုင်ထူးနေဟန်ပုံသဏ္ဍာန်သည်ပင် စိတ်အာရုံတွင် ထင်လာ မြင်လာစေပါသည်။

မှန် မပေါ်မီခေတ်၊ ကြေးဖြင့်ပြီးသော ကြေးမုံ (သို့မဟုတ်) ရေမှန်ကိုသာ အားထားရသော ရှေးခေတ်က ရှေး လူကြီးတို့၏ စိတ်ကူး အကြံဉာဏ်ကြောင့် ရွှေစည်းခုံဘုရား ကျောက်သားရင်ပြင်မှ ကျောက်ခွက်ငယ် တွင် ရေထည့်၍ ကြည့်ခြင်းဖြင့် ဘုရင်မင်း မကိုဋ်သရဖူနှင့်တကွ ဣန္ဒြေမပျက် ထီးတော်ကို ဖူးရသည်။ ရေ၌ ထီး တော်ပုံ ဇောက်ထိုးမပေါ်သည်မှာလည်း အံ့သြစရာတစ်ပါးပင်။

စာရေးသူတို့သည် ရွှေစည်းခုံ ဘုရားမှ အာနန္ဒာဘုရားသို့ ရောက်လာကြပြန်သည်။

အာနန္ဒာဘုရားမှာ ကျန် စစ်မင်းကြီး နန္ဒမူလိုဏ်ဂူပုံသဏ္ဍာန် ရည်ရွယ်၍ တည်ထားသော ဘုရားကြီးဖြစ်၍ အလါန်ပုံပန်းလှ၍ အချိုး အစားကျန လက်ရာမြောက်လှသော လေးဘက်မုခ် လိုဏ်ဂူခံ အာရုံခံသုံးထပ်နှင့် ဘုရားကြီး ဖြစ်သည်။ စေတီရံ တစ်သောင်း၊ မုခ်ပေါင်း တစ်ထောင်ရှိသည်။ သံတန်း၊ သစ်သားတန်၊ ရက်မ လုံး၀ မပါသော အုတ် ပေါင်းကူးများဖြင့် ဖန်တီးထားနိုင်ခြင်း၊ လေးဘက်မုခ်ကြီးများမှတစ်ဆင့် အပေါ်ပစ္စယံသို့ ကွေ့ကောက်လိမ် တက်သွားသော လျှို့ဝှက်ကြောင်လိမ် အုတ်လှေကားများကလည်း ပေါင်းကူးများ အကြားတွင် ပညာသား ပါပါ ရှိနေသေးရာ ကမ္ဘာ့အံ့ချီးဖွယ်ရာ တစ်ပါးကဲ့သို့ ဖြစ်နေသဖြင့်လည်း ယနေ့ထိ နိုင်ငံခြားသားတို့ လက်ဖျား ခါမိကြသော မြန်မာ့ရှေးခေတ် ယဉ်ကျေးမှု အနုပညာ လက်ရာများ ဖြစ်ခဲ့ပါသည်။

အနှစ်ကိုးရာ တစ်ထောင်ခန့်က အင်ဂျင်နီယာအတတ် စသော သိပ္ပံပညာများ မထွန်းကားသေမီ ဤမျှ ဝိသေသ ထူးခြားသော အဆောက်အဦ စေတီဘုရားများစွာကို ပုဂံသားတို့ ဖန်တီး တီထွင် ထားခဲ့နိုင်သည်ကို ခန့်မှန်းလျှင် မြန်မာတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအနုပညာ၊ ကာယဉာဏ စွမ်းအားများကို ယနေ့ခေတ် လူတို့ အားကျဖွယ် ဂုဏ်ယူဖွယ် ကောင်းလှပေတော့သည်။

ယင်းခေတ်က မြန်မာ့ယဉ်ကျေးမှု အခြေအနေနှင့် ယနေ့ယဉ်ကျေးမှု အခြေအနေများမှာ ဆီနှင့်ရေကဲ့သို့ ကွာခြား နေရုံမက တစ်စတစ်စ ဆုတ်ယုတ်လာကာ အောက်ခြေ လှေကားထစ်မျာ ပုံလျက်သား ကျနေပါပြီ ဟု ဆိုရမလောက် ဝမ်းနည်းဖွယ်ရာပင် တွေ့မြင်နေကြရပေသည်။

(၁၀)ရာစုနှစ်ဆီက မတိုးတက် သေးသော တိုင်းနိုင်ငံများမှာ ယခုအခါ ကမ္ဘာက မော့ကြည့်လောက်အောင် တိုးတက်ထွန်းကားနေပါလျက်၊ ၎င်း(၁၀)ရာစုနှစ်တုန်းက စပြီး ယဉ်ကျေးတိုးတက်နေတဲ့ မြန်မာတွေဟာ ယခုအခါ သူများတကာ နိုင်ငံ ထက်သာပြီး ထိပ်စီးက နေရာရနေဖွယ်သာ ဖြစ်ပါလျက် မတိုးတက်ဘဲ တစ်စထက်တစ်စ တဖြည်းဖြည်း ကျ ဆင်းလာသည်မှာ နယ်ချဲ့ လက်အောက်သို့ ပြားပြားမှောက် ရောက်လာခဲ့ရသည်ထိ အညွန့်ကို တိလိုက်တဲ့ အတိုင်းခံကြရပုံများ ..

ပုဂံဘုရားများ ရောက်လေတိုင်း ဤအတွေးများမှာ ပေါ်လာရမြဲ ဖြစ်ပါသည်။ သို့ပေမဲ့ သင်္ခါရ သဘောတရား ကိုလည်း ထည့်မတွက်၍ မဖြစ်ပါ။ (၁၀)ရာစုထက်မက ရှေးပဝေဏီကျလှသော ခေါမ၊ ရောမတို့ ခေတ်က သူတို့သည် လျှမ်းလဆမ်းတောက် တိုးတက်ခဲ့ပါလျက် နိမ့်ကျပျက်စီးကိန်း ကြုံရသောအခါ ဘာမျှ မတတ် နိုင်ခဲ့ပါတလား။ ယနေ့ လူများသည် ခေါမ၊ ရောမတို့ ထားခဲ့သော အကြွင်း အကန် လက်ရာများကို ကြည့်ပြီး ငေးမော့ အံ့သြနေကြဆဲသာ။ ထို့အတူ မြန်မာ့လက်ရာ အကြွင်းအကျန် ကိုလည်း ပုဂံမှာ လာရောက်ငေး မောအံ့သြနေရပေတော့သည်။

ယနေ့ လကမ္ဘာရောက်အောင် တိုးတက်နေကြသော လူတို့သည်လည်း နောင်အခါ ဖြစ်ပျက် သင်္ခါရလမ်း ကြောင်း ကို လွန်သာကြမည်မဟုတ်။ တစ်ချိန်မှာ သူတို့၏ လက်ရာ အကျန်အကြွင်းကလေးများကို ကြည့်ရှု ငေးမောရသူများ ပေါ်လေဦးမှာပါတကား … ရယ်လို့ စဉ်းစားတွက်ဆရဦးမည် ဖြစ်ပါသည်။

စာရေးသူ တို့ အာနန္ဒာဘုရားမှ သဗ္ဗညုဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ဘူးဘုရားများသို့ ဖူးကြပြီး လမ်းစဉ် တစ်လျှောက် ရှိ ဘုရားများကိုတော့ အချိန်လု၍ ကားပေါ်ကသာ လှမ်းမျှော်လက်အုပ်ချီကြရသည်။ မြင်းကပါ မှ မြစေတီဘုရား၊ ဂူပြောက်ကြီးဘုရားတို့ကို ဖူးပြီး မနုဟာဘုရား၊ အပယ်ရတနာ ဘုရားများမှ တစ်ဆင့် သီရိ ပစ္စယာအရပ်ရှိ လောကနန္ဒာဘုရားဆိပ်သို့ ရောက်ကြပါသည်။

လောကနန္ဒာ ဘုရား နေရာသည် ပုဂံခေတ်ကောင်းချိန်က အလွန်သာယာ စည်ကားလှသော သင်္ဘောဆိပ်၊ လှေကူးတို့ ဆိပ်ကြီး တစ်ခုဖြစ်ခဲ့ပါသည်။ သီဟိုဠ်ကျွန်းနှင့် အိန္ဒိယပြည်တို့က မကြာခဏ လာကြသော ရွက် လှေကြီးများ၊ ကတ္တူလွန်းကြင် ရွက်သင်္ဘောကြီးများကို လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်ကျော်က ပုံသဏ္ဍာန်၊ ဟန်အချိုးအစားအတိုင်း ပြန်လည်တွေးဆ ကြည့်ကြရမည်ဆိုလျှင် များစွာ စိတ်ဝင်စား နိုင်မည်ဖြစ်ပါသည်။

စာရေးသူတို့ လောကနန္ဒာဘုရား ခြေရင်းရှိမြစ်ဘက် မျက်နှာပြုထားသော သွပ်မိုးဇရပ်ကလေးတွင် လာ တိုင်း နားခိုနေကျ၊ ပါလာသော စားစရာများ စားနေကျ။ အများအားဖြင့် ညောင်ဦးဈေးထဲက မုန့်တီသုပ်၀ ယ်လာပြီး စားနေကျနေရာဖြစ်ပါသည်။

နှစ်ပေါင်း လေး၊ ငါးဆယ်ကြာလျှင် မြစ်ကြောင်းပြောင်း၍ ကမ်းပြိုသွားခြင်း၊ သို့မဟုတ် သဲသောင်တင်၍ ကုန်းမြေပြင် ဖြစ်သွားခြင်းစသော သဘာဝပြောင်းလဲမှုများ ရှိတတ်သော်လည်း လောကနန္ဒာ ဘုရား ဆိပ်ကမ်း မှာ နှစ်တစ်ထောင်လောက်ကအတိုင်း ယနေ့ တည်နေသည်ဟု ဆိုနိုင်ပါသည်။ ၎င်းနည်းတူ ပုဂံမြို့ က ဘူးဘုရား ဆိပ်ကမ်းမှာလည်း ရာဇဝင် အစကအတိုင်းပင် တည်ရှိနေဆဲဖြစ်ပေလိမ့် မည်။ ” လှည်းဝင်ရိုး သံ တညံညံ ပုဂံဘုရားပေါင်း” ဆိုသော အမှတ်အသားအတိုင်း တွက်ကြည့်လျှင် ပုဂံ ဘုရားပေါင်း ၄ သန်းခွဲခန့် ရှိခဲ့သည်။ ဆန်ရေစပါး ပေါများ၍ မည်မျှ စီးပွားရေး ချောင်လည်သည် မပြော တတ်၊ မုဆိုးမကလည်း ဘုရားတည်နိုင်တယ်လို့ ဆိုကြသည်။ အဂ္ဂိရတ်သမား တချို့ကလည်း အဇ္ဇဂေါဏ ရသေ့ကြီး ထွက်ရပ်ပေါက်ပြီး ရွှေဖြစ်၊ ငွေဖြစ် အစွမ်းထက်ခဲ့လို့ ပုဂံပြည်သူ ပြည်သားတွေကို သံရည် ကျိုစေပြီး သူ၏ ပြဒါးပြာ ကွမ်းရိုးတစ်တို့ တို့ပေးလိုက်တဲ့အခါ ရွှေဖြစ်ပြီး ချမ်းသာသွားကြလို့ လှူနိုင် တန်းနိုင် ဘုရားတွေ လူတိုင်းလိုလို တည်နိုင်ခဲ့ကြတာလို့လည်း ပြောရိုးအစဉ်အလာ ရှိခဲ့ဖူးသေးသည်။

သိပ္ပံသဘောနဲ့ ပုဂံပြည် ရွှေမိုးငွေမိုးရွာ (မိုးလေဝသ)မှန်လို့ ဆန်ရေစပါး ပေါများတဲ့အတွက် ချမ်းသာကြ၊ စီးပွားရေး ချောင်လည်ကြလို့ လူတိုင်း ဘုရားတည် ကျောင်းဆောက်နိုင်ကြတယ်လို့လည်း ပြောကြ ယူဆကြသည်။ ဘယ်နည်းက မှန်လည်းမသိ။ ဘယ်လိုဘယ်နည်းကပဲ မှန်မှန်၊ ပုဂံတစ်ပြည်လုံး ချမ်းသာ ကြီးပွား ခဲ့ကြတာကတော့ အမှန်ပဲ။ ဒါကြောင့်သာ ဘုရားကြီးငယ်ပေါင်း ၄ သန်းခွဲလောက် တည်ဆောက် လှူဒါန်းသွားနိုင်ကြတာပဲ။ အဲဒါကို ယနေ့ မျက်မြင်ဘုရားငုတ်တိုတွေက သက်သေခံနေသေး သည်။

” ရွှေလသာ ဝါဝါ၀င်း ပုဂံဘုရား ရေချိုးဆင်း” လို့လည်း မှတ်သားကြပြန်သည်။ ဂဏန်းအရဆိုလျှင် ဘုရား ပေါင်း လေးသိန်းလေးသောင်းကျော် ငါးသိန်းနီးပါး ဧရာဝတီမြစ်ရေ တိုက်စားတဲ့အထဲ ပါသွားသေးတဲ့ အမှတ် အသားဖြစ်ပါတယ်။

ခုလည်း မြစ်ကမ်းပါးတစ်လျှောက်မှာ ပုံပျက်နေတဲ့ ဘုရားတစ်ခြမ်းတစ်ပိုင်းတွေမှာ မနည်းပါဘူး။ ရေထဲ ပါသွား တာများလည်း သောင်ခုံမှာ အုတ်ခဲပုံတွေအဖြစ် တွေ့မြင်နေရပါသေးတယ်။ အဲဒီအထဲမှာ မြစ်ကမ်းပါးတဲတဲလေးမှာ တည်ထားခဲ့တဲ့ ဘူးဘုရားနဲ့ လောကနန္ဒာဘုရားနှစ်ဆူကတော့ ယနေ့အထိ မြစ် ကမ်းပြို ရေစားရာ မပါဘဲ ခိုင်ခိုင်မြဲမြဲကြီး တည်တံ့လျက် ရှိနေကြပါတယ်။ ဘုရားတန်ခိုးလို့ ဆိုချင်ဆို၊ သိပ္ပံ နည်းအရ ဘုရားအောက်ခြေ၏ ကမ်းပါးမြေက အမာခံ ကျောက်သား ကျောက်တုံးကြီးများကြောင့် ကြာရှည် ခိုင်ခံ့ခြင်းလို့လည်း ပြောနိုင်ပါသည်။

ပုဂံမြို့ ဘူးဘုရားဆိပ်ကမ်းရှိ ဘူးဘုရားသည်လည်းကောင်း၊ လောကနန္ဒာဘုရားသည် လည်းကောင်း၊ ကမ်း ပါးယံ ကျောက်တုံး၊ ကျောက်သားများပေါ်၌ တည်ထားခြင်းကြောင့် မြစ်ထဲကနေကြည့်ကြည့်၊ ကုန်းပေါ်က နေကြည့်ကြည့် အလွန် ကြည်ညိုစဖွယ် သပ္ပာယ်လှပနေကြပါသည်။ မြစ်ရေကြီးတဲ့အခါ သာ၍ လှပါသေးသည်။