ကျွန်းဦးတည့်သံလျှက်ခုံ

တန့်ကြည့်တောင်ဘုရား

လောကနန္ဒာဘုရားကုန်းပေါ်က မျှော်လိုက်ပါလျှင် သာယာလှပသော ဧရာဝတီမြစ် တစ်ဘက်ကမ်းမှ တန့် ကြည့်တောင်တန်းကြီးကို လည်းကောင်း၊ တောင်တန်းထိပ် တစ်နေရာတွင် ရွှေရောင်ဝင်းလက် ပြိုးပြိုးပြက်လျက်ရှိသော တန့်ကြည့်တောင်ဘုရားကိုလည်းကောင်း ဖူးတွေ့ရပါမည်။ ဘုရားစေတီ တော်ကြီး နှင့် ရင်ပြင်တော်မှာ အဝေးကြည့်လျှင် သေးငယ်ကျဉ်းကျပ်မည် ထင်ရသော်လည်း အပေါ်သို့ ရောက်မှ စေတီတော်ကကြီး၍ ရင်ပြင်တော်က ကျယ်ဝန်းပါသည်။

တောင်ထိပ်အတွင်းဘက်တွင် ဇရပ်၊ တန်ဆောင်း၊ ကျောင်းဆောင်အတော်များများ ရှိနေသောကြောင့် ရပ်ကွက် တစ်ခုစာလောက် ကျယ်ဝန်းပါသည်။ အဝေးက ကြည့်လျှင် သစ်ပင်မရှိ၊ ကျောက်တောင်ကြီး ဖြစ်၍ အလွန်ပူပြင်းမည် ထင်ရသော်လည်း တောင် ထိပ်ပေါ်ရောက်သောအခါ အလွန်အေးမြပါသည်။ ဘုရားစေတီ ပတ်လည်တွင် လူတစ်ရပ်စာမက အလွန် ကြီးမားလှသော ကျောက်သပိတ်ကြီးများကို ထွင်းထု လှူဒါန်းထားတဲ့ လူ၏လုပ်အား လက်ရာများမှာ တအံ့ တသြ တွေ့ရပါသည်။

တန့်ကြည့်တောင် စေတီတော်ပေါ်ကနေ၍ ကြည့်လျှင် မြစ်အရှေ့ဘက်ရှိ မြင်ရသော ပုဂံဘုရားပေါင်းစုံ၏ မြင်ကွင်းမှာတော့ အနောက်ဘက် ကျဆင်းပြီဖြစ်သော နေရောင်အောက်တွင် ဘယ်ပန်းချီမှ ဆေးမမီနိုင် အောင် လှပသော ရောင်စုံမြင်ကွင်းကျယ် ပန်းချီကားချပ်ကြီးတစ်ခုပမာ ကြည့်လို့ မရောင့်ရဲနိုင်အောင် တွေ့ နေ ရပါတော့သည်။

တန့်ကြည့်တောင် တက်ရသည်မှာ မသက်သာလှပါ။ ကျောက်အတိ ပြီးသော တောင်စောင်းသက်သက်ဖြစ် သည်။ အရိပ်အာဝါသခိုစရာ မရှိသည့် အပိုင်းကများပါသည်။

ဘုရားဒကာ အနော်ရထာမင်းကြီးသည် ဓာတ်တော် စွယ်တော်များ ဆင်ပေါ်တင်၍ အဓိဋ္ဌာန်နှင့် လွှတ်စဉ် အခါက ဆင်ကြီးသည် ဧရာဝတိမြစ်ကို ကူးဖြတ်၍ ဤတန့်ကြည့်တောင်ထိပ်သို့ ရောက်အောင် တက်လာ နိုင်သည်မှာ အတော်အံ့သြစရာ ကောင်းလှပါသည်။ စာရေးသူ ၁၉၆၆ ခုနှစ်၊ တပေါင်းလထဲက ဤတန့်ကြည့် တောင်ထိပ် အရောက်တက်နိုင်ခဲ့သေးသည်။ ၎င်းနှစ်ကပဲ ဖားအံမြို့ ဇွဲကပင် တောင်ထိပ် ကိုလည်း တက်နိုင် ခဲ့ပါသေး၏။ ယခုနှစ်အဖို့တော့ အိမ်လှေကား တက်ရသည်ပင် အတော်ကြိုးစား နေရလေပြီ၊ ဇရာသဘော ထင်၏။

လောကနန္ဒာဘုရား ကုန်းတော်၏ အောက်ခြေ စာရေးသူတို့ စတည်းချသော ဇရပ်ကလေး၏ တောင်ဘက် တွင် ပုဂံပြည်အကြောင်း ကောင်းကောင်းသိသော အသက်(၇၀၀)ကျော်ရှိပြီဖြစ်တဲ့ သင်္ဃနက် (သင်္ကန်းနက်) ပင်ကြီးတစ်ပင်ရှိပါသည်။ သင်္ကန်းနက်ပင်ဆိုသည်မှာ အလွန် အဖိုးတန်သော မြင့်မြတ် သော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။

အသား မှာ ကျစ်လျစ် မည်းမှောင်နေသည်။ ဗုဒ္ဓဂါယာနှင့် သီဟိုဠ်ကျွန်းရှိ ဗောဓိပင်၏ လက်ယာကိုင်းကို မြတ်စွာဘုရား ရုပ်ပွားတော်များ ထုလုပ်ကိုးကွယ်သကဲ့သို့ သင်္ဃနက်သားကို ဘုရားရုပ်ပွားတော် များ ထုလုပ် ကိုးကွယ်လေ့ရှိခဲ့ကြပါသည်။

သင်္ဃနက်ပင်များသည် သီဟိုဠ်ကျွန်းတွင်မှ အထူးတလည် ပေါက်ရောက်လေ့ရှိပါသည်။ ပုဂံဘုရားရင်များ လက်ထက် အခါက သီဟိုဠ်ကျွန်းနှင့် ကူးလူးဆက်ဆံခဲ့ကြသည်။ စာပေကျမ်းဂန်တတ် ရဟန်း ပုဂ္ဂိုလ်များလည်း မကြာခဏရောက်လာကြမြဲဖြစ်သည်။ ပုဂံပြည် နော်ရထာမင်းကြီးအား ဓာတ်တော် စွယ်တော် များ ကိုးကွယ်ရန် ပေးဆက်သကဲ့သို့ ဗောဓိကိုင်းများ သင်္ဃနက်ပင်ငယ်များကိုလည်း လက်ဆောင် အဖြစ်ယူဆောင်လာခဲ့ပေသည်။

ထို့ကြောင့် ဤသင်္ဃနက်ပင်ငယ် လက်ဆောင်ကို စိုက်ပျိုးထားခဲ့ရာမှ ရှင်သန်ကြီးထွားပြီး သက်တမ်း ၇၀၀ ကျော် ရှိ အပင်ကြီးတစ်ပင်အဖြစ် လောကနန္ဒာ ကုန်းတော်အနီး၌ ယခုတိုင် တည်ရှိနေခြင်းဖြစ်ပေသည်။

အပင်ကြီးမှာ အိုလေပြီ။ အခေါက်များကလည်း ပွပွရွရွ လှပါဘိသနှင့်။ အပွင့်က သေးသေး၊ ရှေးပုဂံခေတ် ၏ အဖြစ်အပျက်တွေကို မေးလျှင် စကားသာပြောတတ်ပါက ပြောလိုက်မည့်ဖြစ်ခြင်း။

အသက် ၇၀၀ ကျော် သင်္ဃနက်ပင်အိုကြီး၊ ဟောဒီ လောကနန္ဒာဘုရားအနီးတွင် ရှိနေမှန်းကို သာမည ဘုရားဖူးများ သိကြ ကြားဖူးကြမည် မထင်ပါ။ ဒါပေမဲ့ အနီးက ရွာသူရွာသားများက သိကြပါသည်။

တစ်နှစ်တစ်ခါ အပွင့်မှ အသီးမှည့်ကြွေ၍ မိုးရွာလျှင် မြေပေါ်အပင်ငယ်ကလေးများ မွမွကျဲအောင် ပေါက်လာ တတ်သည်။ ဒါကို စောင့်နုတ်ယူပြီး ဝါးဆစ်ငယ်ကလေးထဲ၌ ပျိုးပင်အဖြစ် ထည့်၍ ရောင်း ကြသည်။ ဝယ်လျှင် တစ်ကျပ် က ငါးကျပ်အထိ အပင်အနေကို လိုက်၍ ရောင်းပြီး စီးပွား ရှာတတ်ကြကုန်ပြီ။ အခုအခါ ပလတ်စတစ် အိတ်ငယ်များ လွယ်လွယ် ဝယ်၍ ရသောကြောင့် အပင်ငယ်များ ပိုပြီး အရောင်းရ တွင်ကျယ် နေပါသည်။

အခေါက်ခွာလား၊ အကိုင်းခုတ်လား လုပ်ကြမှာ စိုးလို့ထင့်၊ ဌာနဆိုင်ရာက သစ်သား ဝရန်တာကလေး ခတ်ထား ၍ သံဆူးကြိုးကလေးများ ကာပေးထားသည်။ ပင်စည်ပေါ်တွင် (သင်္ဃနက်ပင် အသက် ၇၀၀ ကျော်ရှိပြီ)ဟု ကမ္ပည်း ထိုးထားသော ဆိုင်းဘုတ်ရှိသည်။ အပင်မှာ မြင့်လှ၍ အပေါ်မှ သစ်ကိုင်းခြောက် ကလေးများ ကျိုးပဲ့ကျလာတတ်သည်။ အခြား သစ်ကိုင်းခြောက်များလို မဟုတ်၊ အရိုးမည်းမည်း အကိုင်း များ ဖွာ၍ ပင်လယ်ရေအောက်မှ ထွက်သော သန္တာနက်ပင် အခြောက်နှင့် ခပ်ဆင်ဆင် တူပါသည်။ ပန်းအိုး အလှပြင်ရာတွင် သုံးလိုသူများ အထူးကြိုက်နှစ်သက်မည် ထင်ပါသည်။ ဤသင်္ဃနက်ပင်နှင့် စပ်လျဉ်း၍ ပုဂံ ပြည်၏ ရာသီဥတုကို တွေးတောစရာ ဖြစ်လာပါသည်။

ယနေ့ မျက်မြင်အားဖြင့် ပုဂံ ညောင်ဦး တဝိုက်၌ မိုးခေါင်ရေရှား အပူပိုင်းစစ်စစ်၊ သစ်ပင်တောအုပ်များမရှိ၊ ပကတိ ခြောက်သွေ့ပူလောင်နေသော အရပ်ဖြစ်၍ သစ်ပင်ဝါးပင် မဖြစ်ထွန်းနိုင်ဟု သိရှိရသည်။

သည်လိုဆိုလျှင် ရာသီဥတုနှင့် တောအုံစိမ့်စမ်း ကောင်းရာမှာ ပေါက်လေ့ပေါက်ထရှိသော သီဟိုဠ်ကျွန်းက သင်္ဃနက်ပင်တွေ စိုက်လို့ ပျိုးလို့ ရခဲ့သားပဲ။ အခု တစ်ပင်တည်း ကျန်နေရစ်တဲ့ သင်္ဃနက်ပင်ကြီး တောင်မှပဲ အသက် ၇၀၀ ကျော်လာပြီ။ နောက် သူက တစ်နှစ်တစ်ခါ ပေါက်ဖွားပေးတဲ့ မျိုးဆက်ကောင် အပင်ငယ်လေးများလည်း အများကြီးမှ တကယ့် အများကြီးဖြစ်သည်။

နောက်တစ်ကြောင်းက ပုဂံပြည် ကျန်စစ်မင်းကြီး၏ မြေး အလောင်းစည်သူမင်းကြီး တိုင်းခန်း လှည့်လည်ရာ မှာ စီးနင်းတော်မူတဲ့ သင်္ဃနက်ဖောင်တော်ကြီးဟာလည်း ဤလို သင်္ဃနက်သားကို ထွင်း လုပ် ထားတဲ့ ဖောင် တော်ကြီးဖြစ်ပါသည်။ ဖောင်တော်ရဲ့ ဦးပိုင်းမှာ တန်ခိုးဣဒ္ဓိပါဒ်ရှိတဲ့ ပတ္တမြားမျက်ရှင်ကြီးရှိနေတဲ့အတွက် ဖောင်တော်ဟာ သွားလိုတဲ့ဌာနကို လွယ်ကူစွာ ရောက်ရမြဲ လို့ဆိုတယ်။ ဖောင်တော်ဦးမှာ ပတ္တမြားမျက်ရှင် ကြီးရှိနေတာကလည်း ရာဇဝင်နဲ့ပဲဖြစ်နေပြန်တယ်။ အလောင်းစည်သူမင်း စီးနင်းတော်မူရန် ဖောင်တော် လုပ်ဖို့ အင်မတန် ကြီးမားဖြောင့်စင်းတဲ့ သင်္ဃနက်ပင်ကြီး တစ်ပင်ကို ခုတ်လှဲပါသတဲ့။

အဲဒီမှာ တွေးဖို့ တစ်ခု ဝင်လာပုံက ပုဂံပြည်မှာ သင်္ဃနက်ပင်ကြီးတွေ အများကြီးရှိလို့သာ အပင်ကြီး အပင်ကောင်း ဖြောင့်ဖြောင့် စင်းစင်းဟာကို ရွေးနိုင်ခြင်းဖြစ်ရမည်။ အဲဒီ ရွေးချယ် ခုတ်လှဲတဲ့ သင်္ဃနက်ပင်ကြီး ရဲ့ ခွကြားထဲမှာ တန်ခိုး ဣဒ္ဓိရှိတဲ့ ပတ္တမြား မျက်ရှင်တစ်လုံး ကျလာဖူးသည်။ အပင်က တဖြည်းဖြည်း ကြီးလာတော့ အဲဒီပတ္တမြား သားထဲမြုပ်ဝင်သွားသည်။ အဲဒီပတ္တမြားမြုပ်ဝင်နေတဲ့ နေရာ ဟာ ဖောင်တော်ကြီးရဲ့ ဦးပိုင်းဖြစ်နေသည်။ ဖောင်လုပ်တဲ့လူက ပတ္တမြားက ထည့်မြုပ်ထားတာ မဟုတ်ဘူး လို့ သိရသည်။ ဒါကြောင့် အလောင်းစည်သူ မင်းကြီးဟာ သင်္ဃနက်ဖောင်တော်ကြီး စီးနင်းပြီး မြန်မာပြည် မြစ်ရိုးတစ်လျှောက်တင် မကဘူး၊ ပင်လယ်သမုဒ္ဒရာအတွင်းမှာလည်း ဒီဖောင်တော်ကြီးနဲ့ပဲ အမြဲတန်း ခရီး သွားလာတော်မူခဲ့သည်။ အိန္ဒိယ ကမ်းခြေလည်းရောက်၊ သီဟိုဠ်လည်းရောက်၊ မလေးကျွန်းဆွယ် တစ်လျှောက်မှာ ဆိုရင်လည်း ဖောင်တော် ကြီးဆိုက်ခဲ့သည်။ အင်မတန် နယ်လှည့်ခရီး ဝါသနာပါတဲ့ ဘုရင်မင်း ပါ၊ ရောက်လေရာ ဖောင်တော်ဆိုက် ရာမှာလည်း ” ဖောင်တော်ဦးဘုရား” တွေ နေရာ အနှံ့တည်တော်မူခဲ့သည်။

သင်္ဃနက်ဖောင်တော်နဲ့ တိုင်းခန်းလှည့်လည်တာကိုတော့ ဒဏ္ဍာရီဆန်ပါသည်လို့ ကေစိဆရာတို့ မငြင်းနိုင် အောင် ထင်ရှားနေခဲ့ပါသည်။ အဲဒီ ဖောင်တော်နဲ့ ပတ်သက်လို့ သင်္ဃနက်ပင်ကြီးဟာ မြန်မာပြည် ပုဂံမြို့မှာ မရှိလို့ သီဟိုဠ်ကျွန်းကနေပြီး သင်္ဃနက်ပင်ကြီး ခုတ်လှဲပို့ရတယ်လို့ ရာဇဝင်က မဆိုခဲ့ဘူး၊ သီဟိုဠ်ကျွန်း ရှင်ဘုရင်က အကူအညီတောင်းလို့ မြန်မာပြည် ပုဂံရှင်ဘုရင် နော်ရထာမင်းက စစ်ကူ ပို့ရဖူးတယ် လို့သာ အထင် အရှား ရေးထားတာကို တွေ့ရဖူးပါသည်။

ဒီတော့ သင်္ဃနက်ဖောင်တော်လုပ်တဲ့ သင်္ဃနက်ပင်ကြီးဟာ ဘာပဲပြောပြော ပုဂံပြည်ပေါက် သစ်ပင်ကြီး သာ မြစ်ရမယ်ဆိုတာ ယုံကြည်ထိုက်ပါသည်။

သည်တော့ သင်္ဃနက်ပင်ကြီးတွေ ပေါက်တဲ့ ပုဂံပြည်ရဲ့ ရာသီဥတုဟာ ယခုလို ပူလောင်ခြောက်သွေ့ခြင်း မရှိခဲ့ဘူး လို့ ဆိုရပါမည်။