ပြဒါးရှင်လုံးနှင့်အလောင်းစည်သူ
ပြီးတော့ တစ်ဆက်တည်း မစဉ်းစားလျှင် မဖြစ်စရာ အကြောင်းတစ်ခု ကျန်နေပါသေးတယ်။ အဲဒါကတော့ သင်္ဃနက်ဖောင်တော် ဆောက်လုပ်တဲ့ သင်္ဃနက်ပင်ခွကြားမှာ မြုပ်ဝင်နေတဲ့ တန်ခိုးဣဒ္ဓိပါဒ်ရှိ ပတ္တမြား ကြီး ရဲ့အကြောင်းဖြစ်ပါသည်။
အဲဒီ ပတ္တမြားမျက်ရှင် … ” ပြဒါးရှင်လုံး ” လို့လည်း ပြောကြတယ်။ ဖြစ်ခြင်းဖြစ်ရင် ပြဒါးရှင်လုံးက ပိုမှန်မယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီခေတ်တုန်းက ပြဒါးသေ၊ သံသေဆိုတဲ့ အဂ္ဂိရတ်ပညာ က အတော် ထွန်းကားခဲ့ဖူးတယ်။ ရှင်အဇ္ဇဂေါဏ မတဲ့ကိန်းမျိုးပေါ့။
အဲဒီ ပြဒါးရှင်လုံးဟာ ဘာပြုလို့ ဒီသင်္ဃနက်ပင်ခွကြား ကျသွားရပါသလဲဆိုတော့ သူ့ဇာတ်လမ်းကိုလည်း ဒဏ္ဍာရီလို့ ဆိုကြဦးမှာလား။ ဒါပေမဲ့ ထင်ရှားတဲ့ အကြောင်းအချက်၊ အထောက်အထား ကလေးများလည်း ရှိနေသေးတော့ အကုန်လုံး မဟုတ်ပေမဲ့ တစ်ဝက်တစ်ပျက်မှန်တဲ့ သတင်းပဲလို့ ယူဆရမည်ဖြစ်ပါသည်။
အကြောင်းကတော့ ကျန်စစ်သားမင်းကြီးမှာ ထီးမွေနန်းမွေ ဆက်ခံဖို့ အိမ်ရှေ့မင်းအဖြစ် အပ်နှင်းထိုက်တဲ့ သားတော်ကြီး ” ရာဇကုမာရမင်းသား” တစ်ပါး ရှိခဲ့ပါသည်။ သို့သော် ရာဇကုမာရမင်းသားနဲ့ မယ်တော် ရဟန်းတူမ သမ္ဘူလတို့ဟာ ကျန်စစ်ဘုရင်ကြီးရှိရာ လိုက်လာတော့ အချိန် နှောင်းနေပြီ။ မြေးတော် အလောင်းစည်သူကို အိမ်ရှေ့ အပ်နှင်းပြီး ဖြစ်လေတော့ ” သားကအရင်း၊ မြေးကအဖျား ” ဖြစ်ရိုးထုံးစံရှိခဲ့ သော်လည်း ယခုတော့ မောင်တို့ သားအမိ အလာနှောင်းတဲ့အတွက် မြေးကားအရင်း သားကား အဖျား ဖြစ်ခဲ့ ပြီဆိုပြီး သားတော်ကြီး ရာဇကုမာရအား ဓညဝတီ မြို့စား မင်းသားကြီးအဖြစ် မြှောက်စားပြီး သူကောင်းပြု တော်မူသည်။
ကျန်စစ်မင်းကြီး ပြေးရလွှားရနှင့် အတည်တကျ မရှိစဉ်အချိန်က ရဟန်းတူမ သမ္ဘူလနှင့် သင့်မြတ်ခဲ့ခြင်း ဖြစ်လို့ သွားလေရာ အတူခေါ်မသွားနိုင်တာနဲ့ ပတ္တမြားလက်စွပ် ပေးထားခဲ့ပြီး သားတော်ရလျှင် သတင်း နားထောင် လိုက်ခဲ့ဖို့ မှာခဲ့ရတဲ့ ငယ်ချစ်ဟောင်း မိဖုရားတစ်ပါးဖြစ်ပါသည်။ ကျန်စစ်မင်း စည်းစိမ်ခံ ရသောအခါ အပယ်ရတနာ မိဖုရားတစ်ပါး၊ ပဲခူးသူ မွန်မင်းသမီး ခင်ဦးတစ်ပါး၊ ခင်ထန် ဆိုသော ထီးလှိုင်သူကြီး သမီး တစ်ပါး ရှိကြရာက အပယ်ရတနာ မိဖုရားမှ ရွှေအိမ်သည်ဆိုသော သမီးတော် တစ်ပါး ရှိတော်မူပါသည်။
ပင်တိုင်နန်းနှင့် စံမြန်းရသော သမီးတော် ရွှေအိမ်သည်မှာ ကုလားပြည်က ကုန်စည်ကူးသန်းရန် ရောက် လာ သောပဋိက္ခယား မင်းသားနှင့် ရည်ငံချစ်ကြိုက်နေပါသည်။
ပုဂံခေတ်ကပင် ကုလားကုန်သည်များက မြန်မာပြည် လာရောက်ပြီး ပိုး ဖဲ ကတ္တီပါ စတဲ့ အဝတ်အထည် ကောင်း များ ရောင်းချတတ်တဲ့အလေ့ ရှိနေပြီကို ခန့်မှန်းလောက်ပေသည်။ ပင်တိုင်စံ မင်းသမီးကလည်း ထီး သုံးနန်းထိုက် ခန့်မှန်းလောက်ပေသည်။
ပင်တိုင်စံ မင်းသမီးကလည်း ထီးသုံးနန်းထိုက် အထည်ကမ္ဗလာများ ဖောက်သည်အဖြစ် ဝယ်ယူနေရာက ယဉ်ပါး ချစ်ကြိုက်သွားပုံရပါသည်။
ဒါကို ခမည်းတော် ကျန်စစ်ဘုရင် သိတော်မူလျှင် နောင်အစဉ်သဖြင့် မြန်မာပြည်ဟာ ကုလားပြည် ဖြစ်သွား တော့မည် စိုးရိမ်ပြီး သမီးတော် ရွှေအိမ်သည်ကို စောလူးမင်း၏ သား(မမာမကျန်းဖြစ်၍ လူစဉ်မမီ် ဆိုတဲ့) စောယွမ်းမင်းသားနှင့် လက်ထပ်လိုက်တဲ့အတွက် သမီးတော် ရွှေအိမ်သည်နှင့် စောယွမ်း မင်းသားတို့က သားတော် အလောင်းစည်သူကို ဖွားမြင်တော်မူတာ ဖြစ်ပါသည်။
ကျန်စစ်မင်းကြီးရဲ့ မယ်တော် ဝေသာလီမင်းသမီး ပဉ္စာလစန္ဒီမှာ ကသည်းလူမျိုးအနွယ် ဖြစ်ပြီး နော်ရထာ မင်းကြီး ၏ သွေးဖြစ်တဲ့ ရင်သွေးတော် ကျန်စစ်မင်းသား ပဋိသန္ဓေနဲ့ ရှိစဉ်မှာပဲ ရာဇတမန် အမတ်ကြီးနှင့် မယုံသင်္ကာ ဖြစ်၍ ပရိမ္မအရပ်မှာ စွန့်ပစ်ထားခြင်းခံခဲ့ရရာမျ ကျန်စစ်သားကို အန္တရာယ် အမျိုးမျိုးက ကျော်လွှား ဖွားမြင်ခဲ့ရတာဖြစ်တယ်။
ကျန်စစ်သားမင်းကြီးမှာ ကသည်း၊ မြန်မာ ကပြား ဖြစ်သော်လည်း မြန်မာလူမျိုး မပျက်စီးရန် လွန်စွာ စောင့် စည်းတော်မူပါသည်။ မြန်မာသွေးကို အဓိက အရေးပေး၍ အမျိုးအနွယ်ကို ထိန်းသော အနေဖြင့် သမီးတော် ရွှေအိမ်သည် နှင့် ကုလားမင်းသားလေးတို့ ချစ်ခြင်းကို အတင်းဖြိုခွင်းပြီး နော်ရထာမင်းကြီး၏ မြေးတော် စောယွမ်းမင်းသား ဆိုတဲ့ ဝေဒနာသည်နှင့် အဓမ္မလက်ထပ်ပေးလိုက်လို့ ပဋိက္ခယား ကုလားလေး မှာ အသက်သို့ တိုင်အောင် ဒုက္ခတွေ့သွားရပါသည်။
ရှေးခေတ်ကတော့ ကုလားဆိုရင် ပဋိက္ခယား လို့ခေါ်လေ့ခေါ်ထရှိပုံရပါသည်။ ကုလားပြည်ကို ပဋိက္ခယား ပြည်၊ ကုလားမင်းသားကို ပဋိက္ခယားမင်းသား၊ ကုလားမင်းသမီးဆိုလည်း ပဋိက္ခယား မင်းသမီးရယ်လို့ ရာဇဝင် ၌ ခေါ်ကြ ရေးကြတာ တွေ့ရပါသည်။
ထိုခေတ်က ” ရှင်အရဟံ ” ရဟန္တာသူမြတ်ကလည်း ဈာန်ဣဒ္ဓိပါဒ်နဲ့ ကောင်းကင်ခရီးဖြင့် ဂန္ဓမာဒန တောင်ကို ကြွမြန်း နေသန့်တော်မူလေ့ရှိရာ၊ ပဋိက္ခယား ကုလားပြည်ပေါ်က ဖြတ်သန်းပြီး နန္ဒမူလိုဏ်ဂူသို့ ကြွတော် မူရ မည်ဖြစ်ပါသည်။
သည်လိုနှင့် တစ်နေ့သ၌ ကောင်းကင်ခရီးမှ ကြွတော်မူလာခိုက် ပြဒါးရှင်လုံး ငုံကာ ကောင်းကင်မှ ပျံလာ တဲ့ ပဋိက္ခယားမင်းသားလေးနဲ့ ရှင်အရဟံတို့ ပုဂံပြည်ပေါ်က ကောင်းကင်လမ်းမှာ တွေ့ကြပါသည်တဲ့…။
ကုလားလေးသည် ရှင်အရဟံအား ဘယ်သို့ ကြွတော်မူမည်နည်းဟု မေးလျှောက်သောအခါ ” ဒကာ၊ ငါ သည်ပုဂံပြည် ကျန်စစ်မင်းကြီး သမီးတော် ရွှေအိမ်သည်နှင့် စောယွမ်းမင်းသားတို့ လက်ထပ်နန်းမှ ဆွမ်းစား ပြီး၍ နန္ဒမူလိုဏ်သို့ နေ့သန်ရန် ကြွမည်… ” ဟု အမိန့််တော်ရှိလိုက်သောအခါ ကုလားမင်းသားလေးသည် ဝမ်းနည်းလှိုက်လှဲစွာနှင့် (ဟာ…)ဟု အော်မြည်လိုက်သည်တွင် ခံတွင်းမှ ပြဒါးရှင် ထွက်ကျသွားသည်။
ကုလားလေးလည်း ဦးစောက်ကျွမ်းပြန် ကောင်းကင်ယံ က ထိုးကျသွားလိုက်တာ ဝါးပိုးရုံကြီးထဲ ညပ်ပြီး အသက် ခန္ဓာပြတ်ရရှာပါသည်တဲ့။ ပြဒါးရှင်လုံးကြီးမှာလည်း ငုံသူ မရှိတဲ့အတွက် အောက်ဆက်လက် ကျသွားရာ သင်္ဃနက်ပင်ကြီးနဲ့ ခွကြားမှာ တင်နေခြင်းဖြစ်ပါသည်ရယ်။ လွန်ခဲ့တဲ့ နှစ် ၇၀၀ ကျော်က ကိစ္စကို အင်းဝခေတ်ကျမှ ဦးကုလားက စိတ်ကူးယဉ်သက်သက် ချဲ့ထွင်ပြီး ဒဏ္ဍာရီဆန်ဆန် ရေးမည်ဟု စွပ်စွဲရန် မလုံလောက်သေးပါ။ ဦးကုလားသည် ပုဂံရာဇဝင်ကြီးတစ်စောင် ဖြစ်မြောက်လေအောင် များ စွာသော ရှေး အထောက်အထားများကို ကောက်ယူစုဆောင်း သိမ်းသွင်းလျက် ခိုင်လုံသော အချက်အလက် များ၊ ရှေးသူ ကြီးတို့၏ အစဉ်အလာ မှတ်သားချက်များကို ရယူပြီးမှ ရေးသား ရမည် သာတည်း။
ဒါနဲ့ မပြီးသေးပါ၊ ပဋိက္ခယား ကုလားမင်းသားကလေး ဝါးရုံကြားခေါင်းညပ်၍ သေရာမှ အစွဲအလမ်းကြီးစွာ နှင့် ရွှေအိမ်သည်၏ ဝမ်းတွင် ဝင်စားသည်လို့ ဆိုပြန်၏။
ဘ၀ ရှိသည်၊ သံသရာ ရှိသည်ဟု မယုံကြည် လက်မခံသူတို့အတွက်ကလည်း တစ်ခက်ပဲပေါ့။
နောက်ပြီး ဒီကုလားကလေးက ပြဒါးရှင်လုံး ငုံပြီး ကောင်းကင်က ပြန်လာနိုင်အောင် “ကုလားနဲ့ ပြဒါးရှင်နဲ့ ဘာဆိုင်လို့တုံး”ဆိုချင် ဆိုနိုင်ပြန်၏။ မှန်သည်၊ အစကတော့ ကုလားလေးဟာ ရွက်သင်္ဘောတို့၊ ကတ္တူတို့နဲ့ ကုန်ကူး ဖို့ ရောက်နေကျပဲ။ ရွှေအိမ်သည်နဲ့လည်း အချိတ်အဆက်ဖြစ်ရော၊ ဘုရင့်အမိန့်နဲ့ ပင်တိုင်ဆောင် ကို စစ်တပ်နဲ့ ဝိုင်းထားလေတော့ ပြဒါးရှင် တန်ခိုးနှင့် ရောက်နိုင်အောင် မှောင်ခိုနည်း တစ်မျိုးမျိုးနဲ့ ပြဒါးရှင် ကို ခိုးလို့ ဖြစ်စေ၊ ရှေးဟောင်းပစ္စည်းဈေးကြီးပေးစုဆောင်းဝယ်ယူတဲ့ နည်းပရိယာယ်နှင့် ဒီခေတ်က ထွက်ရပ် ပေါက်ထားတဲ့ အဂ္ဂိရတ် ပုဂ္ဂိုလ်ကြီး တစ်ဦးဦးရဲ့ ကျောင်းက ကိုရင်လေးတွေ၊ ကျောင်းသားလေး နှင့်တည့် အောင်ပေါင်း၍ ကောင်းကင်လမ်းမှ (ဂျောင်းနိုင် အောင်းနိုင်အောင်) ကြံဆောင်ဆင်ခြင်းဖြစ်ရမည်။ နိုင်ငံခြား သားများ၏ ပရိယာယ်ကား များပြားလှပါဘိ။ ယနေ့ကြည့် … ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ သူတို့က မြန်မာ တိုင်းရင်းသားထက် ပိုသိကြတယ်။ ဘယ်လို လူကို ကပ်ပေါင်းရင် ဘာရနိုင်တယ်ဆိုတဲ့ အချက် အလက်ထိ နှိုက်နှိုက်ချွတ်ခတ် သိနေကြသည် မဟုတ်ပါလား။
သို့မို့ကြောင့် ပြဒါးရှင်လုံးကို သူ တစ်နည်းနည်းနှင့် ရထားခြင်းဖြစ်ရမည်။ ဒါပေမဲ့ ကြာကြာ သုံးလိုက်ရပုံ မပေါ်ပါ။
ဦးကုလား ရာဇဝင်မှာ လူဝင်စားကိစ္စကို ထပ်၍ ရေးသားခဲ့ပြန်ပါသည်။ သမီးတော် ရွှေအိမ်သည်က ဖွားတော် မူတဲ့ သားတော် (ဝါ) ကျန်စစ်မင်းကြီးရဲ့ မြေးတော်ကလေးသည် အလွန်ငိုပါသည်တဲ့။ အထူး သဖြင့် တငိုတည်း ငိုနေလွန်းတဲ့အတွက် သူ့ဗိုက်ပေါ်က ချက်ကြိုးဟာ စူပြီး ရှည်ထွက်နေပါတဲ့။ ဒါကြောင့် ” ချက်တော်ရှည်မင်းသား” လို့ နာမည်တွင်ခဲ့သေးသတဲ့။ နောက်ပြီး လေသိပ်တိုက်တဲ့အခါများမှာ ဆိုရင်လည်း ပိုလို့ပဲ ငိုတတ်တယ်။ ကျန်စစ်မင်းကြီးဟာ မြေးတော် အလွန်အကြူး ငိုတတ်တဲ့အတွက် မကြံ တတ် မတွေးတတ်အောင် ဖြစ်လာရတော့ပုဏ္ဏားများကို ဗေဒင်မေးတယ်။
ဟူးရားကြီး သမားတော်ကြီးများ နှင့်လည်း ကြည့်ရှုစစ်ဆေးပါတယ်။ အဲဒီအခါမှာ ဆေးဆရာများအနေနှင့် သူငယ်နာ ရောဂါ တစ်မျိုးမျိုးမှ မရှိ မတွေ့ရတာ ဘာ့ကြောင့်များ ဒါလောက် ငိုရပါလိမ့်လို့ မပြောတတ်အောင် ရှိကြတယ်။ နောက် ရှင်အရဟံ ထံမှ အတိတ်ဘဝကို မပြောတတ်အောင် ရှိကြတယ်။ နောက် ရှင်အရဟံ ထံမှ အတိတ်ဘဝကို လေ့လာပြီး ဗေဒင်ဆရာကြီး ပညာရှိကြီးများက ဟိုဘဝမှ သူ၏ ရုပ်အလောင်းဟာ ဝါးရုံပင်ကြား ညှပ်သေခဲ့လို့ ဝါးရုံပင် လေတိုက်လှုပ်ရှားလေတိုင်း ဦးခေါင်းခွံကို ကြိတ်ညှပ်နေတဲ့အတွက် ခုဘဝမှာ ခေါင်းကိုက်ပြီး ငိုခြင်းဖြစ်မည် ဟု ဆိုကြသည်။ သည်တော့ ပဋိက္ခယား၏ ဦးခေါင်းခွံကို ဝါးရုံကြားမှယူပြီး သင်္ဂြိုလ်လိုက်တဲ့အခါ လေတိုက် လျှင် ငိုတဲ့အလေ့ ပျောက်သွားတယ် လို့ ရာဇဝင်မှာ အကျအန ရေးထားခဲ့ပါသည်။
ဒါပေမဲ့ အငို လုံး၀ ရပ်မသွားသေးဘဲ အူဝဲ … ဆူဆဲ ဖြစ်လေတော့ ပညာရှိကြီးများကို ထပ်မံ စုံစမ်းစေပြန် တယ်။ ” ဘုန်းကြီးသော မင်းသားဖြစ်၍ သူ၏ တိုင်းပြည်နိုင်ငံ အကျယ်အဝန်းကို သိလိုသောကြောင့် ငိုလေ သလား၊ သတြာချေကြည့်ပါ” ဆိုတော့ ဘိုးတော် ကျန်စစ်သားမင်းကြီး ပိုင်ဆိုင်တဲ့ တိုင်းနိုင်ငံ အကျယ်အဝန်း ဤမျှ ဤမျှ ရှိပါတယ်၊ ငါ့မြေးတော်အား ထီးနန်းမွေ လွဲှအပ်၍ အိမ်ရှေ့အရာ ပေးပါတယ်၊ ငါကား မြေးတော် အရွယ်မတိုင်မီ ထီးနန်းစောင့် အဖြစ်သာ နေပါမယ်လို့ အမိန့်တော် ရှိလိုက်တဲ့အခါ မင်း သားလေး ဟာ တစ်ခါတည်း အငိုတိတ်သွားပါတယ်လို့ တိတိလင်းလင်း ရာဇဝင်မှာ ရေးထားပါသည်။ သည် မင်းသားလေးကား နောင်အခါ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီးအဖြစ် ထင်ရှား ကျော်ကြား မည့် မင်းသားလေးဖြစ်ပါသည်။
ပုဂံပြည်တွင် သင်္ဃနက်ပင် ရှိကြောင်း အထောက်အထားရှာရင်းက ပဋိက္ခယားတို့ ရွှေအိမ်သည်တို့ အကြား က မပါမပြီး၍ ပါလာရသည်။ သင်္ဃနက်ပင်ကို ဖောင်တော်ပြုလုပ် စီးနင်းခဲ့သူ အလောင်းစည်သူမင်းသား ငယ်စဉ်က အဖြစ်အပျက်ကိုလည်း ထည့်သွင်းစဉ်းစားရဦးမည် ဖြစ်၏။
ယင်း အဖြစ်အပျက်များကို ထောက်ရှုခြင်းအားဖြင့် မြေးတော် အလောင်းစည်သူ မင်းသားသည် ဘိုးတော် ကျန်စစ်သားဘုရင်ကြီး လက်ထက်၌ပင် ထူးခြား ထင်ရှားခဲ့သော အထက်ပါ ရာဇဝင်ပါ အချက်အလက် များ ဖြင့် ပေါ်ခဲ့ရသူဖြစ်လေသည်။
သင်္ဃနက်ဖောင်တော်ကြီးသည် မြန်မာနိုင်ငံ ပုဂံပြည် သစ်တောမှ ထွက်ရှိသော သင်္ဃနက်ပင်ကြီးမှ ဖြစ်လာ ရ ကြောင်း ထင်ရှားနေပြေီ။ ဖောင်တော်ဦးပိုင်းမှာ ရှိသော ပြဒါးရှင်၏ တန်ခိုး အာနိသင် ကြောင့်လည်း သင်္ဃနက်ဖောင်တော် စကြာသည် သွားလိုရာ ခရီးတစ်လျှောက်တွင် အနှောင့် အယှက် ဘေးအန္တရာယ် မရှိ ပေါက်မြောက်ခဲ့သည်။ မြန်မာပြည်တွင်သာမက ပြည်ပ ပင်လယ်ရေကြောင်း ခရီး တစ်လျှောက် ကိုလည်း အလောင်းစည်သူ ဘုရင်မင်းကြီးအား တင်ဆောင်ယူဆောင်ခဲ့ကြောင်း ထင်ရှားခဲ့ ပါသည်။
သင်္ဃနက် ဖောင်တော်ကြီးမှာ မြန်မာပြည်ဖြစ် ဖြစ်ကြောင်း လုံလောက်ပါပြီတည်း။ ပုဂံ ရာဇဝင် အကြောင်း နှင့် ပုဂံဘုရားများအကြောင်းသာ ရေးနေဦးမည်ဆိုက ကုန်ခန်းနိုင်တော့မည် မဟုတ်ပါ။ ဒါလောက် နှင့်ပဲ ပုဂံမြို့မှ ပြန်ခဲ့ကြပြီး ကျောက်ပန်းတောင်းမြို့ တောင်ဘက်ရှိ ကြက်မောက်တောင် ဆည်ကြီး သို့ နောက်တစ် နေ့ခရီးဆက်ကြရပြန်သည်။