ကျွန်းဦးတည့်သံလျှက်ခုံ

ကြက်မောက်တောင်ဆည်ကြီးသို့

ကျောက်ပန်းတောင်းမြို့၏ တောင်ဘက် ၆ မိုင်ကွာ အရပ်၌ နာမည်ကျော် ကြက်မောက်တောင်ဆည်ကြီး တည်ရှိပါသည်။ ငွေပေါင်း သိန်း ၃၅၀ အကုန်ခံ၍ နိုင်ငံခြား ပါရဂူများ အစီအမံနှင့် နှစ်ပေါင်းအတော်ကြာ လုပ်ဆောင် ခဲ့ရသော ဤကြက်မောက်တောင်ဆည်ကြီး၏ သတင်းကား သတင်းစာများ၌ အခါမပြတ် ဖတ်ရှုခဲ့ ကြရသောကြောင့် လူတိုင်းသိကြပြီး ဖြစ်ကြသော နာမည်ကျော် ဆည်ကြီးဖြစ်ပါသည်။

စာရေးသူသည် ကျောက်ပန်းတောင်းဘက်သို့ ရောက်လာလေတိုင်း ဤကြက်မောက်တောင်ဆည်ကြီးကို ဝင်၍ ဝင်၍ ကြည့်လေ့ရှိပါသည်။ ပြီးခဲ့သည့်နှစ်က တစ်ကြိမ် ရောက်ရှိစဉ်၌ ရေများဆည်ထဲသို့ ဝင်နေပြီ။ ယခင်နှစ် က ရေတွေ ထုတ်ပစ်ခဲ့ရပြီးမှ ရေသစ်မလာ မိုးမရွာ၍ ရေနည်းခဲ့ရခြင်းဖြစ်သည်။ နောက် မိုးပြန်ရွာ တော့လည်း ရေက ထင်သလောက် ပြည့်မလာ၊ တစ်ဝက်တစ်ပျက်လောက်သာ ရှိသေးသည်။ ဆည် ထဲက ရရှိသော ငါးကလေးကြော်များတောင် စားခဲ့ရ မြည်းခဲ့ရဖူးသေးသည်။

သို့သော် ဒီနှစ်မှာတော့ ရေများ ဆည်ထဲတွင် အတော်ပဲ ပြည့်နေပြီဖြစ်၍ ကြည့်ကွင်းရှုကွက်များလည်း အရင် ထက် လှပနေပါပြီဟု ပြောကြသဖြင့် သည်တစ်ခေါက်လည်း ရောက်အောင်ပဲ သွားခဲ့ပါသည်။ ကျောက်ပန်း တောင်းမြို့ပေါ်မှ ကျောင်းနေဘက် သူငယ်ချင်းမကြီးများ၊ အခြား အသိမိတ်ဆွေများလည်း တပျော်တပါး လိုက်ကြသည်ဖြစ်ရာ ကျောက်ပန်းတောင်းမြို့အုပ်မင်း ဦးသန်းမောင်တို့ ဇနီးမောင်နှံက ထရပ်ကားကြီး တစ်စင်းနှင့် ဂျစ်ကားတစ်စီး၊ ကား ၂ စီး ဦးဆောင် လိုက်ပို့၍ ထွက်လာခဲ့ကြပါသည်။

ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင် နယ်နိမိတ်အတွင်း ဝင်မိလျှင်ပင် အလုပ်သမား တန်းလျား ဟောင်း အိမ်ဟောင်း များကို တွေ့ရသည်။ ဆည်ကြီး တည်ဆောက်ပြီးစီးပြီဖြစ်၍ အလုပ်သမား များများ စားစား မရှိ တော့ဘဲ ဆည်ကြီးကို ကြည့်ရှုစောင့်ရှောက်သော ဌာနဆိုင်ရာ လက်ရှိ လုပ်သားများ လောက်သာ ရှိတော့ သည်။

နိုင်ငံခြား ရုရှားလူမျိုး ပါရဂူများ လာရောက်နေထိုင်ကြစဉ်က သူတို့အတွက် ဆောက်လုပ်ထားရသော အိမ် ကြီးများ ရှိရာ ဝိုင်းကြီးမှာလည်း လက်ရာခြေရာမပျက် လူမနေသည့်တိုင် သည်အတိုင်း အလှပြထား ဘိ သကဲ့ သို့ တွေ့မြင်ရသည်။ မှန်ပြတင်းများ၊ လေဝင်ပေါက်များ၊ စားပွဲခန်း၊ အိပ်ခန်း၊ ဧည့်ခန်း၊ ရေချိုးခန်း၊ မီးဖိုခန်း၊ အိပ်ခန်း စသည်ဖြင့် … အဆင့်အတန်းမြင့်မြင့် အနောက်နိုင်ငံ အိမ်ပုံစံများ ဆောက်လုပ် ပေးထားရသည်။ ယခု သည်အိမ်များ၌ လူမနေကြသဖြင့် ကြာရှည်ပစ်ထားရမည်ဆိုက ပျက်စီး ဆွေးမြေ့ ကုန်မည်ကို နှမြော မိသည်။ အိမ်ရာဆောက်လုပ်သူတို့ ပစ္စည်းရှားခိုက် တန်ရာ တန်ဖိုး ထား ရောင်းချ၍ဖြစ်စေ၊ ကြက်မောက် တောင်ဆည်သို့ အလယ်ရောက်သူတို့ တည်းခိုနေထိုင်ရန် ဟိုတယ်စခန်း တစ်ခုအဖြစ်နှင့် ဖွင့်လှစ်ထားလျှင် ဖြစ်စေ အလဟဿ ထားသည်ထက် ကောင်းလိမ့်မည် ဟု ထင်မိသည်။

တစ်နေရာတွင် ပုပ္ပားတောင်ကြီးနှင့်တကွ တောင်ကြီးပေါ်မှ စီးကျသော ချောင်းကြီး ချောင်းငယ်များ၊ တောင်စွယ် တောင်နှာမောင်းများ၊ ပတ်ဝန်းကျင် ရွာများနှင့်တကွ ကြက်မောက်တောင်ဆည် တည်ဆောက် ရာ နေရာပါ အသေးစိတ် ပုံတူတည်ခင်း ပြသထားသော ပုံစံရှိရာ တဲကြီးတစ်ခုလည်း အကျ အန ရှိနေပေသေး သည်။

ထိုမှ ဆည်ကြီး၏ တာတမံထိပ်သို့ ရောက်လျှင် မျှော်မဆုံးသော တမံကြီး အားရဖွယ် တွေ့မြင်နေရသည်။ ယခင် က မဝင်ရသော်လည်း ယခု ထိုတမံ အုတ်ရိုးကြီးပေါ်မှ ကားများသွားရန် ခွင့်ပြုထားလေပြီ။ မိတ္ထီလာ သွား ကားလမ်းကို ဤဆည်ကြောင့် ခရီးသွားများသည် ပုပ္ပားတောင်ကြီး နောက်ခံပြုထားသော ကြက်မောက်တောင် ဆည်ကြီး၏ လှပသော ရှုခင်းကို ကောင်းစွာ တွေ့မြင်လေ့လာနိုင်ကြပြီဖြစ်ပါသည်။

ရဖွေးဖွေးတွင် လှေကလေးများပင် လှော်လျက်၊ ဟိုဘက်သည်ဘက်ကမ်းရှိ ရွာများသို့ ကူးသန်း သွားလာ နေ ကြလေသည်။ အလွန်ရေရှား ငါးရှားသော ကျောက်ပန်းတောင်းနယ် ကုန်းခေါင်ခေါင်ကြီးမှာ ကြက်မောက် တောင်ဆည်ကြီး ပေါ်လာသည့်အတွက် လှေလည်း လှော်နိုင်ပြီ၊ ငါးလည်း စားရပြီ၊ သယံဇာတ ကမ္ဘာ့သဘာ၀ မဟုတ်သော်လည်း ငွေသိန်းပေါင်း ၃၅၀ တည်းဟူသော ကံကျွေးလက်ခနှင့် လူထု လုပ်အား ကြောင့် ကြီးမားသော ရေပြင်ကျယ်ကြီးကို အံ့သြဖွယ် တွေ့မြင်နေရလေပြီ။