တောသားကြီး

အမှန်တော့ ကျွန်တော်က တောသားလည်း မဟုတ်ရပေါင်ဗျာ …။

ဒါပေမယ့် ကျွန်တော့်အဖေ ဦးထွန်းနိုင်က တောသားဗျ …အဖေက မော်လမြိုင်ကနေ ရေလမ်းခရီးနဲ့ တစ်ညအိပ်သွားမှ ရောက်တဲ့ ကရင်ဒိုက်ရွာသား …။ သူ့အသက် ရှစ်နှစ်လောက်မှာ စစ်ကြီးဖြစ်လို့ မော်လမြိုင်မြို့ကို ထွက်ပြေးလာရာကနေ သူ့လိုပဲ စစ်ရှောင်ရင်း ကတိုးကော့နှပ်က ပြောင်းပြေးလာတဲ့ ကျွန်တော်တို့ “မာတာမော်ဒယ် ဒေါ်ညွန့်နွယ်”နဲ့ အကြောင်းပါ ကြတာကလား။ အဲဒီတုန်းက ကျွန်တော်တို့ မမွေးသေးဘူးပေါ့။ (ဟယ် … အခုမှ အဖေအမေ ညားတုန်း ရှိသေး။ “ပန်္နက်” ကလေးတောင် မရိုက်ရသေးဘဲ ကလေးက ဘယ့်နှယ်မွေးမှာတုံး …။)

နှစ်ယောက်လုံးကတော့ တောသူတောင်သားများပီပီ တောမှာ နေရတာကိုပဲ နှစ်သက်ကြပါတယ်။ အဖေက ဝန်ထမ်းဖြစ်တော့ ဝန်ထမ်းတို့ ဘာသာဘာ၀ ပြောင်းရွှေ့ရတာပေါ့ဗျာ … ဒါပေမယ့် တောသဘာဝကို ကြိုက်တဲ့ ကျွန်တော့်အဖေက သူ့ဗီဇအတိုင်း တောရွာတွေမှာပဲ လှည့်ပတ်တာဝန် ထမ်းဆောင်ခဲ့ ရှာတယ်။ သူများ မသွားချင်တဲ့ ခေါင်ပေ့နက်ပေ့ဆိုတဲ့ တော်ရွာများဆိုလို့တော့ ကျွန်တော့်အဖေတို့များ အသည်းယားနေပြီ … သွားမယ် လာထားပဲ။ ဒီတော့ ဒီတောကြိုက်မိဘနှစ်ပါးကောင်းမှု အကြောင်းပြုပြီး ကျွန်တော်တို့လည်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်အနှံ့ မရောက်ဖူးတဲ့နေရာ မရှိခဲ့ဘူး။ မြို့တော့မပါဘူးနော် … တောကို ပြောတာ …။ တော … တော …။

မြဝတီ၊ တောင်သုံးလုံး၊ ကော့ကရိတ်ကနေ (အဲဒီတုန်းက အင်မတန်ခေါင်တယ် ဆိုတဲ့) ခလည်တံခွန်တိုင်၊ မွန်တံခွန်တိုင်၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး၊ တောင်ကြာအင်းစသည်ဖြင့် နေခဲ့ရတဲ့ အပြင် မွန်ပြည်နယ် ဆယ်မြို့နယ်လုံး မနေခဲ့ဖူးတဲ့မြို့ မရှိခဲ့ဘူး။ (ဒါတောင် အိမ်က ထွက်ပြေးပြီး ရခိုင် ရောက်တဲ့အကြောင်း မပြောသေးဘူး။) ပြောရဦးမယ် …။ အဖေက ဝန်ထမ်းကောင်းဗျ။ အဖေ စပြီး ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင် ကတည်း ကနေ ပင်စင်ယူတဲ့အထိ ခွင့်တစ်ရက်မှ မယူခဲ့ဖူးဘူး။ တာဝန်နဲ့ပတ်သက်ပြီး လစ်ဟင်း ပျက်ကွက် ခဲ့တာ မရှိဘူး။ သူ့အလိုလိုနေရင်းနဲ့ကို စံပြဝန်ထမ်းကောင်း ဖြစ်နေတာလေ။

ဒီလောက် ဝန်ထမ်းကောင်းဖြစ်ချင်တဲ့ အဖေ့ကို သူ့အထက်အရာရှိများက တောပဲ ပို့ပါတယ်။ တောပို့ တော့လည်း အဖေက ပျော်ပျော်ပဲ …။ သူကိုယ်တိုင် တောမှာ နေချင်သူဆိုတော့ ကျွန်တော်တို့ကို လက်ဆွဲ တောထဲသွားတာပဲ။ အဲဒါကြောင့် ပြောတာပေါ့ …။ ခင်ရယ် …။

အမှန်တော့ ကျွန်တော်က တောသားလည်း ဟုတ်ရပေါင်ဗျာ…။

ပြော ရဦးမယ် …။ကျွန်တော့်အဖေက အဲသည်လို အပြစ်ကင်းအောင်နေတဲ့အပြင် အချိန်ကိုလည်း အရမ်းလေးစား ပါတယ်။ ရှစ်နာရီ ချိန်းထားတဲ့အလုပ်ကို ရှစ်နာရီ အတိအကျ သွားပါတယ်။ ပိုလည်းမပိုဘူး။ လိုလည်း မလိုဘူး။ ဆယ်နာရီဆိုလည်း ဒီလိုပဲ။ ဆယ်နာရီ အတိအကျပဲ လုံးဝအချိန်မမှားဘူး။ ကျွန်တော် အခုလိုပြောလို့ ကျွန်တော့်အဖေရဲ့ အချိန်တိကျပုံကို လေးလေးနက်နက် ခန့်မှန်းမိမှာ မဟုတ်ပါဘူး။ အသေအချာ ခန့်မှန်းလို့ ရအောင် ကျွန်တော်တို့ ညီအစ်ကိုခုနစ်ယောက်နဲ့ သာဓက ရှင်းပြပါမယ်။ အဖေ မွေးထားတာက ညီအစ်ကို ခုနစ်ယောက်။ အားလုံး နှစ်နှစ်ခြားစီပဲ။ အဖေ လုံးဝအချိန်မမှားဘူး။ နောက်နှစ်နှစ်ကြာရင် တစ်ယောက်၊

ကွက်တိပဲ။ အားလုံး ခုနစ်ယောက် …။ အဲဒီခုနှစ်ယောက် မွေးဖို့ အဖေ ဆယ့်လေးနှစ်တိတိ အချိန်ယူခဲ့တယ်။ အဖေ့အချိန် တိကျပုံ ပြောပါတယ် …။ ဒါတောင် အဖေနဲ့ အမေက မတည့်လို့။ မျက်နှာချင်းဆိုင်တာနဲ့ ရန်ဖြစ်တာပဲ …။ ရန်ဖြစ်ရင်လည်း အဖေက သိပ်မာနကြီးတာ..။ သူချည်း အထုပ်ဆွဲဆင်းတော့တာပဲ …။ ပြီးတော့ အဖေက တခြားလူတွေနဲ့ဆို ညင်သာပျော့ပျောင်းသလောက် အမေနဲ့ဆိုရင်တော့ ခပ်မာမာပဲ ဆက်ဆံတယ် …။

““ကိုထွန်းနိုင် ဒီအဝတ်တွေ လျှော်လိုက်ပါလား”” ဆို …

““အေး … လျှော်တယ် ဘာဖြစ်လဲ …””

တွေ့လား … ခပ်မာမာပဲ။

““ကိုထွန်းနိုင် ပိုက်ဆံမလောက်လို့ ပေးပါဦး””

““ရော့ ယူသွား … စကားမရှည်နဲ့””

““ကိုထွန်းနိုင် ထမင်းချက်လိုက်ဦး”” ဆို …

““ချက်တယ်ကွာ … ဘာလုပ်ချင်လဲ …””

အဖေက အဲလိုကို မာတာ။

ကျွန်တော် အမေ့ကို မေးဖူးတယ် …။

““အမေရယ် … အဖေနဲ့ အမေ ဒီလောက်မတည့်တာတောင် ဘာလို့ ကလေးခုနစ်ယောက် မွေးချခဲ့ တာလဲ …””

ဆိုတော့ အမေက …

““အိုကွယ် … နင့်အဖေက နှစ်နှစ်တစ်ခါ သူမှားကြောင်း လာတောင်းပန်တာကိုး …””

ဟော … ဒါလည်း တိကျပြန်ရော …။