တောသားကြီး

သူ့နောက်မှ … လာပြီဗျာ …။

ဦးဆယ်ပြား။ သူက ဦးရေပြားနဲ့ မိုက်မကိုင်ကြေး အလောင်းအစားလုပ်ထားတာဆိုတော့ အပီအပြင် ဆိုမယ်ဆိုပြီး စင်ပေါ်ရွပြီး တက်လာတယ်။ စင်ပေါ်ရောက်တာနဲ့ ဝါရင့်အဆိုတော်ကြီးများလို ပရိသတ်ကို ပိုင်ပိုင်ကြီး ဝေ့ကြည့်တယ်။ ပရိသတ်ကလည်း သီချင်းတစ်ပုဒ်မှ ကောင်းကောင်းနားမထောင်ရသေးတော့ ပွဲက စမှန်းမသိ မစမှန်းမသိနဲ့ ရွစိစိတွေ ဖြစ်နေပြီ …။ ဦးဆယ်ပြားက ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ မျက်ချေးသုတ်လိုက် ခေါင်းကုပ်လိုက်လုပ်နေပြီး … ပြီးမှ ပြုံးပြုံးကြီးနဲ့ …

““ကျွန်တော် အခု သီဆိုမယ့်သီချင်းကတော့ ဂုဏ် … ဆိုတဲ့ သီချင်းဖြစ်ပါတယ်။ ငွေရှိမှ ဂုဏ်ရှိတယ် ထင်ကြတဲ့ လူတွေအတွက် ကျွန်တော် ဆယ်ပြားပဲတန်တဲ့ ဆယ်ပြားက ငွေအကြောင်း၊ ဂုဏ်အကြောင်းကို အဆိုအကနဲ့ ဟောဒီလို တင်ဆက်မှာပါ …””

အမှန်တော့ ဒီသီချင်းမျိုးက ဆိုင်းကြီးဝိုင်းကြီးနဲ့ဆိုမှ နားထောင်ကောင်းတဲ့သီချင်းမျိုးပါ။ ဒါပေမယ့် မယ်ဒိုလင် တစ်လုံးတည်းရှိတယ်ဆိုတော့ ဘယ်တတ်နိုင်မှာလဲ။ တစ်လုံးတည်းနဲ့ရအောင် ဆိုရတော့မှာပေါ့။ တစ်ဖက်ကလည်း မိုက်မကိုင်ရဘူးဆိုတော့ လူစိတ်ဝင်စားအောင် ကဆိုရမှာကိုးဗျ။ ဒီလောက်ကတော့ ဆယ်ပြားက ပိုင်ပါတယ်။ သီချင်းကလည်း သူ မူးတိုင်း ဆိုပြီး ဖွတ်ဖွတ်ညက်ညက်ကြေအောင် ရထားတဲ့သီချင်းမဟုတ်လား …။

လာပြီဗျာ …။ ဦးဆယ်ပြားရဲ့ ဆယ်ပြားတန်ဂုဏ် …။

““ဂုဏ် … ဂုဏ် … ဂုဏ် … ဂုဏ်ဆိုတာ ငွေကိုခေါ်တယ် … ငွေကိုသာ ရေလိုသုံးရင် တစ်ပြည်လုံးမှာ လုပ်သမျှတင့်တယ် … ဂုဏ် … ဂုဏ် … ဂုဏ်တဲ့ဗျာ””

သူ့သီချင်းသံကြားတော့ နည်းနည်းရွချင်တဲ့ ကာလသားများက လိုက်ဆိုပေးတယ်။ သီချင်းကလည်း အရက်သမားကြိုက်သီချင်းလေ။ မယ်ဒိုလင်တစ်လုံးတည်းနဲ့ ဆိုရပေမယ့် ဦးဆယ်ပြားရဲ့အသံက စီးပိုင်နေတော့ နားထောင်ရတာ အားရှိတာပေါ့ …။

““ယောက်္ခမကြီးက မျက်နှာချိုတယ် … ချစ်မယားက စေတနာပိုတယ် … ယောက်္ခမ ယောက်္ခကြီးက မျက်နှာချိုတယ် … ကျွန်တော့်မယားက စေတနာပိုမယ် … ငွေရအောင်ရှာမယ် … ငွေ ငွေ ရေလိုသုံးမယ် …သောက်မယ် စားမယ် ပျော်မယ် ပါးမယ် …””

ပရိသတ်နဲ့ ဦးဆယ်ပြား အစပ်အဟပ်ကို တည့်နေတာ။ ဦးဆယ်ပြားကလည်း အားရပြီး လက်သီး လက်မောင်းတန်းပြီး နောက်တစ်ကျော့ ပြန်စလိုက်တယ်။

““ဂလုံ … ဂလုံ … ဂလုံ””

““ဟင်””

သူဆိုတာက ဂုဏ်ပါပဲ။ ဘယ့်နှယ့် ဂလုံ ဂလုံ အသံထွက်သွားတယ်ဆိုတာ မသိဘဲဖြစ်နေတယ်။ နောက် … အသေအချာကြည့်မှ မိုက်စတန်းကြီးက သူ လက်သီးလက်မောင်းတန်း ခုန်ကနေတဲ့ ဒဏ်ကို မခံနိုင် တော့ဘဲ စင်ကြမ်းပြင်ပေါ် ပြုတ်ကျသွားတာ။ ဦးဆယ်ပြားလည်း အဲဒီတော့မှ အသိပြန်ဝင်ပြီး မိုက်ခွက်ကို ကုန်းကောက်ဖို့လုပ်တယ်။ အဲဒီအချိန်မှာပဲ ဦးရေပြားရဲ့ …

““ဟေ့ကောင် … ငါးပုလင်းနော် … ငါးပုလင်း …””ဆိုတဲ့ အသံကြားတော့ ဦးဆယ်ပြားလည်း မိုက်ခွက်ကို ကိုင်မယ့်လက် တွန့်သွားရတယ်။

ဟုတ်တယ်လေ …။ သူနဲ့ ဦးရေပြား မိုက်ခွက်မကိုင်ကြေး လောင်းထားတာကိုး …။ မိုက်ခွက်ကို ကောက်ပဲ ကိုင်ရမလား။ မကောက်ဘဲထားရမလား … မဝေခွဲနိုင်တာနဲ့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတယ်။

နောက်မှ … ဒေါသထွက်သွားပြီး …

““ဒီလောက် မြင့်စေချင်လို့ စတန်းနဲ့ထားတာကို မြင့်တယ်ထင်ပြီး ခုန်ချချင်တဲ့မိုက် … နင့်ဟာနင် ကြမ်းပြင်ပေါ်မှာပဲ နေရစ်သေရစ်ပေတော့ … အင်းဟာ … အင်းဟာ …””ဆိုပြီး ဖနောင့်နဲ့ပေါက်ကာ ရှူးရှူး ရှားရှားနဲ့ စင်နောက်ပြေးဝင်သွားတော့တယ်။

သူ့ကို ကြည့်ပြီး ဦးရေပြားကတော့ အောင်မြင်သူသဖွယ် တဟားဟားရယ်လို့ …။

““ဟား … ဟား … ဟား … ရေပြားတုလို့ ဆယ်ပြားခုန် ဖင်ခွပ်ခွပ်ကျိုးရုံသာ ရှိတော့မှာပေါ့ကွ …ဟား … ဟား … မိုက်ခွက်မကိုင်ဘဲ သီချင်းဆိုဖို့ဆိုတာ သဘာလိုတယ်ကွ ဆယ်ပြားရ … ဟဲဟဲ … မင်းဆရာ ရေပြား ဘယ်လိုဆိုသွားမယ်ဆိုတာ စောင့်ကြည့်လိုက် သူငယ် … မိုက်ခွက်ကို ရိုးရိုးမကိုင်ရုံ မကဘူး …

ပါဖောမင့်ဆိုတဲ့အတတ်နဲ့ ပရိသတ်အသည်းကို ဘယ်လိုလှည့်ချူမယ်ဆိုတာ ကြည့် … အောင်မာ ရှက်ရမ်း ရမ်းပြီး ဆင်းဖို့မကြိုးစားနဲ့ဦး … အဝတ်အစား လာချွတ်ပါဦး … မင့်ကိုကြီးလည်း ဝတ်ရဦးမယ်လေကွာ””

စင်ထောင့်မှာ အရက်ပုလင်းကြီးပိုက်ပြီး ငူငူကြီးထိုင်နေတဲ့ အီးတီဘက်ကိုလည်း လှည့်လို့ …။

““ဟေ့ကောင် … အီးတီ၊ ငါပြောထားတဲ့အတိုင်းနော့ …။ ငါနိုင်ရင် မင်းကို နှစ်လုံးထပ်ပေးမယ် … ပါဖောမင့်ကိုတော့ ပီပါစေ …””ဆိုပြီး အီးတီကို ညှိတယ်။ အီးတီက သူ့ဇက်ကျိုးကြီးပေါ် တင်ထားတဲ့ ခေါင်းစောင်းကြီးကို ညိတ်ပြကာ …

““ခင်ဗျားကြီးသာ ကတိတည်ပါစေ … ကျုပ်တာဝန်တော့ စိတ်ချ …””ဆိုပြီး ပြန်ဖြေတယ်။ ဦးရေပြားက အောင်နိုင်သူလို ပြုံးပြီး …

““စိတ်ချစမ်းပါကွာ … ဦးရေပြားတဲ့ … ကိုယ်အပေါ်မှာ ဘာမှထားတာမဟုတ်ဘူး …””ဆိုပြီး စင်ရှေ့ကို တစ်လှမ်းချင်း လှမ်းသွားတယ်။ အောင်မာ ပြုံးပြုံးကြီးနဲ့ လက်ကိုတောင် နောက်ပစ်သွားသေး။ မယ်ဒိုလင် တီးမယ့် ဇော်ဝိတ်ကလည်း ဦးရေပြား ဘာလုပ်မှန်းမသိလို့ ကြောင်ကြည့်နေတယ်။ ဦးရေပြားက ဇော်ဝိတ်ကို သီချင်းစတီးဖို့ မျက်ရိပ်ပြလိုက်တယ်။ ကိုဇော်ဝိတ်က မိုက်ခွက်ရောဆိုပြီး လက်ဟန်ခြေဟန်နဲ့ မေးတယ်။ ဒါကို ဦးရေပြားက ပိုင်ပါတယ်ဆိုတဲ့ အထာမျိုးနဲ့ သီချင်းကို စတီးခိုင်းတယ်။ သူတီးခိုင်းတော့ ဟိုလူကလည်း ကြောင်တောင်တောင်နဲ့ စတီးရတော့တာပေါ့ …။ နောက် မယုံသလိုနဲ့ ဦးရေပြားကို လှည့်ကြည့် လှည့်ကြည့် ဖြစ်နေတယ်။ ပရိသတ်ကလည်း မိုက်ခွက်မပါဘဲ စင်ပေါ်ရပ်နေတဲ့ ဦးရေပြားကို ကြောင်ပြီး ကြည့်နေကြတယ်။ သီချင်းအဝင်ပိုင်းကျတော့ ကွက်တိဗျား။ စင်ခေါင်မိုးကနေ မိုက်ခွက်ကြီး ကြိုးနဲ့ ကျလာပြီး ဦးရေပြား ပါးစပ်ရှေ့မှာ ငြိမ်သွားတယ်။

““ကျေး … စေခိုင်းရမှာဖြင့် ရိုးတယ် ထင်တယ် …””

ဦးရေပြားရဲ့အသံ အသင့်ကျလာတဲ့ မိုက်ခွက်ကနေ ပီပီသသ ကြည်ကြည့်မြမြကြီး ကြားလိုက်ရတော့ ပရိသတ်များ ဝေါကနဲ သဘောကျသွားတယ်။

““ဒါမှ … ဦးရေပြားကွ …””

““ရေပြားကွ … ရေပြား …””

““သားရေပြား … သားရေပြား … အဲလေ …””ဆိုတဲ့ အသံတွေလည်း စီညံသွားကြတယ်။ မယ်ဒိုလင် တီးနေတဲ့ ကိုဇော်ဝိတ်တောင် ဝမ်းသာသွားတယ်။ ဦးရေပြားကလည်း အေးဆေးပဲ။ ပြုံးပြုံးကြီး သီချင်းကို ဆက်ဆိုနေတယ်။

““ပေဖူးလွှာ … ပေဖူးလွှာ … အမှာပါးရမှာဖြင့် … ဖိုးလမင်းကို …””

မိုက်ခွက် နည်းနည်းနိမ့်သွားတယ်။ ဦးရေပြားက ခါးလေးကိုင်းပြီး ဆက်ဆိုတယ်။

““ဖိုးလမင်းကို …””

မိုက်က ပိုနိမ့်လာတယ်။ ကြည့်လိုက်တော့ အီးတီ အရက်မူးလွန်ပြီး အိပ်ငိုက်နေတယ်။ ဒါကို ဦရေးပြားက ခါးကို ထပ်ကိုင်းကာ …

““ဖိုးလမင်းကို အောင်သွယ်ခိုင်း … ရမယ် …””

မည်သို့ပင်ဆိုစေကာမူ ပရိသတ်က ဦးရေပြားရဲ့ ပါဖောမင့်ကို အကြီးအကျယ်သဘောကျနေကြတယ်။ လက်ခေါက်မှုတ်သံတွေလည်း စီညံနေတယ်။ ဦးရေးပြားက ဟန်မပျက် သီချင်းဆက်ဆိုတယ်။

““အောင်သွယ်တော် … ဖိုးရွှေလမင်းရယ် တိမ်ထဲကို ဝင်ကာမပြေးနဲ့ တောင်းပန်တယ် …””

မိုက်ခွက်က တဖြည်းဖြည်း နိမ့်ဆင်းပြီး သူ့ချက်လောက် ရောက်လာတယ်။ ကုန်းဆိုဖို့ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ အီးတီ ကြည့်တော့လည်း တစ်ဖက်က ကြိုးဆွဲ တစ်ဖက်က ပုလင်းပိုက်ပြီး အိပ်ပျော်နေတာ ဟောက်များတောင်ဟောက်လို့။ ဒါနဲ့ပဲ ဟန်မပျက် ဒူးထောက်ထိုင်ပြီး သီချင်း ဆက်ဆိုတယ်။