တောသားကြီး

““အောင်သွယ်တော် … ဖိုးရွှေလမင်းရယ် တိမ်ထဲကို ဝင်ကာမပြေးနဲ့ တောင်းပန်တယ် … ချစ်သူ့ အဖြေစကား ပြုံးရိပ်လေးများ လမင်းမှာရှိတယ် …””

မိုက်ခွက်က ဆိုရင်းဆိုရင်း ပိုနိမ့်လာတယ်။ ဒူးထောက်ထိုင်လို့မရတော့တာနဲ့ တင်ပါးချထိုင်ကာ ဒူးတစ်ချောင်းပေါ် လက်တင်ထားလိုက်ရတယ်။ ပရိသတ်ကတော့ ဦးရေပြားကြီး သီချင်းဆိုရင်း အိုက်တင် လုပ်နေတယ်မှတ်ပြီး ဝမ်းသာအားရကို အားပေးနေကြတယ်။

““တွေးရင်းအဖြေရှာ … မောလှပါပြီ အချစ်ရယ် …””

သူဆိုနေတုန်းမှာပဲ မိုက်ခွက်က ကြမ်းပြင်နဲ့ ထိဖို့ တစ်ထွာအကွာလောက်ထိကို နိမ့်ဆင်းလာတယ်။ ဦးရေပြား ဘယ်လိုမှ ဆက်ဆိုလို့မရတော့တာမို့ ဘေးတစောင်းလှဲချပြီး အိပ်ရင်းဆက်ဆိုတယ်။

““ဒီတစ်ခါ လမင်းတွေ့ရင် ပြုံးဖြစ်အောင် ပြုံးပြလိုက်ပါကွယ် …””

ဘေးတစောင်းလှဲပြီး ပိုင်ပိုင်နိုင်နိုင်ဆိုချသွားတဲ့ ဦးရေပြားကိုကြည့်ပြီး ပရိသတ်တွေ အကြီးအကျယ် သဘောတွေ ကျနေကြတယ်။

““ဒါမှ ရေပြားကွ …””ဆိုတဲ့ အသံတွေလည်း ဆူညံနေတယ်။ သူတို့စိတ်ထဲမှာ ဦးရေပြားကြီး တမင် ပညာပြနေတယ် ထင်နေကြတာကို …။ ထင်လည်းထင်စရာ။ ဦးရေပြားရုပ်က ပြုံးပြုံးကြီးဟာ …။

““ချစ်တဲ့စိတ်ကို … ဟာ …””

သူတစ်လုံးပဲ ဆိုရသေးတယ် အီးတီက ဆတ်ကနဲ နိုးလာပြီး မိုက်ကြိုးကို ဆွဲလိုက်တဲ့အတွက် မိုက်ခွက်က ဆတ်ကနဲ ပြန်မြင့်တက်သွားတယ်။ ဒါကို ဦးရေပြားကလည်း လျင်တယ်။ ချက်ချင်းကုန်းထပြီး ရအောင် ဆိုတယ်။

““မျိုသိပ်ကာထားသော်လည်း … ရွှေအားက ငယ်ငယ် …””

မိုက်ခွက်က သူ့ပါးစပ်ပေါက်ကနေ မြင့်တက်ပြီး ခေါင်းပေါ်ရောက်သွားတယ်။ ဒါကို ဦးရေပြား ကလည်း ရအောင် ခြေဖျားထောက်ပြီး လိုက်ဆိုတယ်။

““ဖော်ရွေအပြုံးနဲ့ … ချစ်စရာကောင်းတဲ့ ချစ်သူရယ် …””

မိုက်က ပိုမြင့်သွားပြီ။ ဦးရေပြား ခြေဖျားကို အတတ်နိုင်ဆုံး လိုက်မြှင့်ထောက်ကြည့်တယ်။ နှစ်ဖက်မရတော့ တစ်ဖက်တည်း မြှင့်ထောက်ပြီး နောက်တစ်ဖက်နဲ့ ယှက်ကြည့်တယ်။ မရဘူး …။ အီးတီက မိုက်ကြီးကို မလွတ်တမ်းဆွဲပြီး ငိုက်နေတော့ သူငိုက်လေ မိုက်ကမြင့်လေ ဖြစ်နေတယ်။ ဦးရေပြားလည်း မိုက်ခွက်ကို အရပ်ထောက်ပြီးဆိုလို့ ဘယ်လိုမှ မမီတော့တာနဲ့ ဘေးနားက မယ်ဒိုလင်တီးနေတဲ့ ဇော်ဝိတ်ကို ဂလွမ်ကနဲ ကန်ချပြီး ဇော်ဝိတ်ထိုင်တဲ့ခုံကို ခြေမနဲ့ ညှပ်ယူပြီး ခုံပေါ်တက်လိုက်တယ်။ ကွက်တိဗျာ။ သူ ခုံပေါ်တက်ရပ်လိုက်တာနဲ့ မိုက်ခွက်က သူ့ပါးစပ်ပေါက်နဲ့ ကွက်တိ။ ဦးရေပြားက ဘာမှမဖြစ်ဟန်နဲ့ ပြုံးပြီး သီချင်းကို ဆက်တယ်။

““လမင်းက တစ်ဆင့် … ချစ်တဲ့အကြောင်းကို ပြောချင်တယ် …””

ဖလွတ်ကနဲ မိုက်ခွက်က နိမ့်ကျသွားတယ်။ ဦးရေပြားခုံရဲ့ ကျောမှီကို ဖတ်ကနဲ ထိုင်ချလိုက်တယ်။ သူ့ပါးစပ်ပေါက်နဲ့ မိုက်ခွက်က ကပ်ပါနေတယ်။

““ချစ်ခြင်းရည်တူ … ကြည်ဖြူနိုင်မယ်ဆိုရင်ဖြင့်ကွယ် … ဖိုးရွှေလမင်းကို ပြုံးရုံလေး ပြုံးပြလိုက် ပါကွယ် …””

မိုက်ကြိုးက အီးတီလက်ထဲကနေ ဖလွတ်ကနဲ လွတ်ကျပြီး ကြမ်းပြင်နဲ့ တစ်ထွာအကွာမှာ သွားရပ်တယ်။ ဦးရေပြားလည်း ခုံပေါ် ခြေနှစ်ဖက်တင်ပြီး ကြမ်းပြင်ပေါ် လက်နှစ်ဖက်ထောက် ဝမ်းလျားမှောက် လိုက်တယ်။ ဒီကြားထဲ မိုက်ခွက်က မြင့်လာလိုက် နိမ့်သွားလိုက်ဖြစ်နေတာနဲ့ သူ့ခမျာ ဒိုက်ထိုးပြီးတော့ကို ရအောင်ဆိုနေရတယ်။

““အောင်သွယ်တော် ဖိုးရွှေလမင်းရယ် … တိမ်ထဲကို ဝင်ကာမပြေးနဲ့ တောင်းပန်တယ် …””

ပရိသတ်ကတော့ ဦးရေပြား ဒီသီချင်းမျိုးကို ဒီလို ဒိုက်ထိုးပြီးတော့ကို ဆိုလို့ရတယ် ထင်လို့လား မသိဘူး … အကြီးအကျယ် အားပေးကြတယ်။ ဒိုက်က ဆယ်ချက်လောက်ထိုးပြီးနေတော့ ဆက်မထိုးနိုင် တော့ဘူး။ အဲဒီအချိန်မှာပဲ မိုက်ခွက်က လှစ်ကနဲ ပြန်တက်သွားပြီး တောင်ဘက်ယိမ်းလိုက်၊ မြောက်ဘက်ယိမ်းလိုက်ဖြစ်နေတယ်။ ဦးရေပြားကလည်း နပ်တယ်။ မိုက်ခွက်ယိမ်းရာ မေးလေးတထိုးထိုးနဲ့ ဆိုကြည့်တယ်။

မိုက်ခွက်က ပိုယမ်းလာတယ်။ မသင်္ကာလို့ကြည့်လိုက်တော့ ဦးဆယ်ပြား။ အီးတီဆီက မိုက်ကြိုးကြီးယူပြီး လွှဲနေတာ။ ဦးရေပြားလည်း အလျော့မပေးချင်စိတ်နဲ့ ကိန်္နရာအကနဲ့ ပြေးလိုက်ရင်း …

““အောင်သွယ်တော် … ဖိုးရွှေလမင်းရယ်””

မိုက်ခွက်က မြောက်ဘက်ပြန်ပြေးသွားတယ်။ ဦးရေပြားက ခြေဖျားတစ်ဖက်ထောက် ခုန်လိုက်ရင်း …

““တိမ်ထဲကို ဝင်ကာမပြေးနဲ့ … တောင်းပန်တယ်””

မိုက်ခွက်က တောင်ဘက်ပြန်ပြေးသွားတယ်။ ဦးရေပြား ရအောင်ပြေးလိုက်တယ်။ သီချင်းတစ်ပုဒ် ဆိုပါတယ်။ လူက ထိုင်ထလုပ်ရ၊ ဒိုက်ထိုးရ၊ ကိန်္နရာလို့ရနဲ့ ဇောချွေးတွေ ရွှဲနစ်နေပြီ။ ဒါပေမယ့် မလျှော့သေးဘူး …။

““ချစ်သူအဖြေစကား အပြုံးပွင့်လေးများ လမင်းမှာရှိတယ် …””

မိုက်ခွက် မြောက်ဘက်ပြေးသွားရင်း မြင့်တက်သွားတယ်။ ဦးရေပြား မိုက်ခွက်နောက် ပြေးလိုက်ရင်း ခုံပေါ်တက်ဆိုတယ်။ ကြည့်ရတာကိုက ဟပ်နေတာပဲ …။ ကိန်္နရာ မြေပြင်ကနေ ကောင်းကင်ပျံတက်သွား သလိုမျိုး ..။

““တွေးရင်း အဖြေရှာ … မောလှပါပြီ …””

မိုက်ခွက် တောင်ဘက်ပြန်ပြေးသွားတယ်။ ဦးရေပြား ပြေးလိုက်ပါသေးတယ်။ ဒါပေမယ့် …

““မော … မောလှပြီကွာ … တကယ် မောလှပြီ … ဟောဟဲ … ဆယ်ပြား တွေ့ကြသေးတာပေါ့ …””

ဆိုပြီး သီချင်းဆက်မဆိုဘဲ လိုက်ကာနောက်က ဦးဆယ်ပြားဆီ ပြေးဝင်သွားတယ်။ ဦးဆယ်ပြားကလည်း လျင်တယ်။ မိုက်ကြိုးကို လွှတ်ချပြီး ပြေးတော့တာပေါ့ …။ နောက်ဆုံး စင်ပေါ်မှာ ဘယ်သူမှမရှိတော့ဘူး။ မယ်ဒိုလင်တစ်လုံးနဲ့ ကိုဇော်ဝိတ်ကြီးတစ်ယောက်ပဲ ကျန်တော့တယ်။ ဆက်ဆိုမယ့်လူတွေလည်း မရှိတော့ဘူး။ ဆိုတတ်တဲ့သူမရှိတော့သလို ဆိုရဲတဲ့သူလည်း မရှိ တော့ဘူး။ တစ်ယောက်မှ သီချင်း ဆုံးအောင် မဆိုရသေးတော့ စတိတ်ရှိုးက အောင်မြင်တယ်လို့လည်း ပြောလို့ မရဘူးလေ …။ သီချင်းတစ်ပုဒ်မှ ကောင်းကောင်းနားမထောင်ရသေးတော့ ပရိသတ်က လှုပ်လှုပ်ရွရွ ဖြစ်နေကြပြီ။ ပြန်တဲ့သူတွေတောင် ထပြန်ကုန်ပြီ။

““ကဲ … ကျွန်တော်ပဲ ဆိုတော့မယ်ဗျာ …””ဆိုပြီး မယ်ဒိုလင်ကို ပိုက်ကာ အနောင်စာလုပ်နေတဲ့ ဒေါ်မြတင်ကြီးဆီ ကမန်းကတမ်းသွားပြီး …

““ကျွန်တော့်သီချင်းထဲမှာ စကားတစ်ပိုဒ် ဝင်ပြောပေးစမ်းပါ …””ဆိုတော့ ဒေါ်မြတင်က မိုက်ခွက်ကြီး ကိုင်ပြီး ယောင်တောင်တောင်နဲ့ ခေါင်းညိတ်ကာ …

““အင်းအင်း … ဘယ်အချိန်မှာ ပြောရမှာလဲ …””

““ဟိုလေ ကျွန်တော် မျက်စပစ်လိုက်ရင်ပြောတော့ …””ဆိုတော့ ဒေါ်မြတင်လည်း ခေါင်းညိတ်တယ်။ ဇော်ဝိတ်ကြီးက မယ်ဒိုလင်ပိုက်ပြီး စင်ရှေ့ ပြန်ထွက်လာကာ …

““ကျွန်တော် အခု သီဆိုမယ့်သီချင်းကတော့ ဟင်္သာတထွန်းရင်ရဲ့ စကားပြောသော အသည်းနှလုံး ဖြစ်ပါတယ် … ရှုစားနားဆင်ပေးကြပါ …””

စိတ်မပျက်ကြပါဘူး။ အားလုံး လက်ခုပ်တီး အားပေးကြသေးတယ်။

ဘာလို့လဲဆိုတော့ ဇော်ဝိတ်ရဲ့ဘဝက အဲဒီသီချင်းစာသားနဲ့ အလွန်ကိုက်ညီခဲ့တာကိုး …။

အဖြစ်က ဒီလို …။

ဇော်ဝိတ်ငယ်စဉ်က ချောတုန်းလှတုန်းအချိန်။ ခေတ်အမြင်ရှိပြီး ယောကျာ်းမှန်ရင်အလေးမရမယ်ဆိုတာ သူတစ်ယောက်တည်း သိပြီး ဂဝံကျောက်တုံးနှစ်တုံးကို အုန်းဆံကြိုးနဲ့ ချည်ထားတဲ့ ခြင်းတောင်းကြီး ထဲထည့်ပြီး ဝိတ်မနေတုန်း အချိန်မှာပေါ့ …။

တစ်ရွာလုံးက ပျိုပျိုအိုအို ကာလသမီးများ ကြိုက်ကြပါလေရဲ့။ နို့ပေမယ့် ဇော်ဝိတ်က ရွာနားကမြက် ရွာနွားမစားဘူးဆိုတဲ့စကားအတိုင်း တစ်ဖက်ရွာက မြက်နုဖြစ်တဲ့ ““ဝပု””ဆိုတဲ့ ကလေးမ ခိုးချလာပါရော့လား။ ဝပုဆိုတဲ့ ကလေးမကလည်း ချောလှတော့ ဇော်ဝိတ်ခမျာ သဘောကျခဲ့ပုံရတယ်။ ဒါကြောင့် အိမ်မှာ ချိတ်ဆွဲ ထားတဲ့ နတ်အုန်းအလား ကိုးကွယ်ထားပြီး ပွတ်သီးပွတ်သပ်နဲ့ အရာပေး ချစ်ရှာခဲ့တယ်။ နာမည်ကိုတောင် ဝပုလို့ ပြတ်ပြတ်ကြီးခေါ်ရင် အချစ်လျော့တယ်ထင်မှာစိုးလို့ ““ဝပုရာဘရာလာတီပု””ဆိုပြီး သံစဉ်ကလေးနဲ့ ခေါ်တယ် …။ လူက “အလေး”မတဲ့အပြင် အနုပညာကလည်း အနုပညာသမားကိုးဗျ …။