တောသားကြီး

ဒါပေမယ့် ရုပ်ကလေးသာလှပြီး စိတ်ထားမလှတဲ့ ဝပုမဟာ ဇော်ဝိတ် မရှိချိန် ဇော်ဝိတ်အမေ ဒေါ်ဝင်းတင်ကြီးကို အိမ်မှာ အိုလှဆိုပြီး မောင်းချလိုက်ပါလေရောလား …။ ရက်စက်တဲ့လုပ်ရပ်ပေါ့။ ဒါကိုတောင် ဇော်ဝိတ်ခမျာ ဝပုမကို အပြစ်မမြင် ချစ်ခင်ရှာတုန်း။ ဝပုရာဘရာလာတီပုနေတုန်း။ နောက်ဆုံးတော့ မိခင် ဒေါ်ဝင်းတင်ကြီးခမျာ သားစိတ်နဲ့ ဆုံးသွားရှာတယ်။ ဇော်ဝိတ် အမြင်မှန် ရချိန်မတော့ သူ့ရဲ့ ရှုမငြီးတဲ့ အသည်းကျော် ဝပုမက သူ့အိမ်ရှိတာ အကုန်ရောင်းချပြီး ငယ်ချစ်မောင် ကျော်ကိုကိုဆိုတဲ့ ကုလားလင်းတလေးနဲ့ နောက်တစ်ကြိမ် လင်နောက်လိုက်သွားရှာပြီ။ လင်နောက်မလိုက်လို့လည်း မရတော့ဘူးလေ …။ ဇော်ဝိတ်ကြီးက လက်ပူးလက်ကြပ် လက်ဆုပ်လက်ကိုင်မိသွားတာကိုး။ ကုလားလင်းတ မောင်ကျော်ကိုကိုက ဒဂူးကူကူးဆော့နေတာပါဆိုပြီး ညာတယ်။

ဒါပေမယ့် ဒီအဆင်နဲ့ ဒီအဆင် ဒဂူးကူကူးဆင်မှ မဟုတ်ဘဲ။ အဲဒီတော့ အရှက်မကွဲခင် ပြေးရပြီပေါ့ …။

ဒီလိုနဲ့ ဇော်ဝိတ်ခမျာ လောကကိုစိတ်နာပြီး ရှိသမျှအကုန်ဖြတ်မဟဲ့ ကြုံးဝါးရင်း ဖြတ်ခဲ့တာ ခေါင်းပေါင်း တစ်ရာကျော်ရှာပေါ့။ (ဆံပင် ပြောတာနော်)။ အဲဒီထဲက ဆံသဆရာအဖြစ် အရိုးထုတ်ရင်း ရှိရှိသမျှ

ဖြတ်ခဲ့တာ ယခုအချိန်ထိပဲ ဆိုပါတော့ …။

အဲ … အခုတော့ တိုင်ကီလေးလုံးစင်ပေါ်မှာ ခန့်ခန့်ညားညားနဲ့ ဆုံးသွားတဲ့ အမေကို အောက်မေ့ သတိရစွာနဲ့ ““စကားပြောသော အသည်းနှလုံး””သီချင်းကို ဟစ်ကြွေးမဟဲ့ဆိုတော့ ပရိသတ်က ရွှေဘောတော် ကျသထက်ကျတော့တာပေါ့။ နွေရာသီကိုး …။ ဟယ် … ဘာဆိုင်လို့လဲ …။

ဟော … လာပြီဗျာ။ မယ်ဒိုလင်သံ ကြားရပြီ …။ ကြည့်စမ်း မယ်ဒိုလင်ကို လွှမ်းသွားအောင် ထွက်လာတဲ့ ကိုဇော်ဝိတ်အသံ …။

““ရွှေရုပ်နဲ့နှိုင်းလို့ … ရွှေရုပ်ပင်ရိုင်းလေမလားကွယ် … ငွေလနဲ့နှိုင်းရင် ငွေလပင် ရိုင်းမှာလားကွယ် … ချစ်တဲ့သူအလှရယ် သာလိမ့်မယ် ထင်တယ်””

ပရိသတ်အားလုံး ကိုဇော်ဝိတ်ရဲ့ သဒ်္ဒပေါ်မှာ ငြိမ်ကျသွားတယ်။ အသံကြီးက ကြီးကြီး ဩဩ တုန်တုန်နဲ့ လေးလေးပင်ပင် ရှိလှပါရော့လား။

““သံယောဇဉ်သမားတစ်ဦးမှာကွယ် … မင်းအတွက်ဆိုရင် တကယ် ဖြစ်လိုရာဖြစ်ပါစေကွယ် …””

ကိုဇော်ဝိတ် သီချင်းဆိုရင်းနဲ့ အမေ့ကို သတိရတာလား။ ချစ်ခဲ့ရသူ ဝပုမကို သတိရတာလားမသိ၊ မျက်နှာက ပြိုတော့မယ့်မိုးလို မှိုင်းညို့သွားတယ်။

““ကြင်နာမြတ်နိုးလွန်းလို့ … အရိပ်တကြည့်ကြည့် နေသူမယ် … မျက်နှာငယ်မှာစိုးတယ် … နှစ်ယောက်သား မနီးကြမှာ ပူပန်တွေးတောရင်းသာရယ် … ချစ်သူဝေးသောအခါများ မဖြစ်လိုပြီ တကယ် …””

ကိုဇော်ဝိတ်ရဲ့ အသံဩဇာအောက်မှာ ပရိသတ်က ဖီလင်အပြည့်နဲ့ မျောကုန်ပြီ။ ကိုဇော်ဝိတ်အသံက တကယ့်လွမ်းလွမ်းဆွေးဆွေးကြီး …။

““တစ်နေ့သောအခါမယ် … ချစ်တဲ့သူ လှနွဲ့နှောင်းက … မောင်တကယ် ချစ်ရဲ့လားတဲ့ကွယ် …””

ဆိုရင်းဆိုရင်းနဲ့ ဇော်ဝိတ်ကြီး ငိုသံစွက်လာတယ်။ မျက်ရည်တွေ ရစ်ဝိုင်းလာတယ်။ မောင် တကယ် ချစ်ရဲ့လား ဆိုတဲ့အပိုဒ်မှာ အလိုမကျဟန် ရှိုက်သံလေး ထည့်လိုက်တော့ ပရိသတ် ပိုထိသွားတာပေါ့။

““ချစ်စကားများ သက်သေထားကာ … အခက်ကြီးကြုံ ရမ်္မက်မီးပုံပွားနေတာက …””

ပရိသတ်တွေ သူ့အသံမှာ မျောပါရင်း အတိတ်က မောင်ဇော်ဝိတ်လေးနဲ့ မဝပုမလေးတို့ရဲ့ ဖျတ်ဖျတ်လူး အချစ်ဇာတ်လမ်းလေးကို သတိရသွားသလို မျက်ရည်ဝိုင်းသွားကြတယ်။ ဇော်ဝိတ်ကြီး မျက်ဝန်းကလည်း မျက်ရည်ပေါက်ကနဲ ကျလာတယ်။

““အခုမှ ခက်လှပါပြီကွယ် … မာတာမိခင်ကြီးရဲ့ အသည်းနှလုံးကိုမှ သူက လိုချင်တယ် …””

အဲဒီအပိုဒ်မှာ အထိဗျာ။ မာတာမိခင်ကြီးရဲ့ အသည်းနှလုံးကိုမှ သူက လိုချင်တယ် အပိုဒ်မှာ ရင်ခေါင်းသံကြီးကို ငိုသံစွက်ပြီး ဆိုချလိုက်တာ အောက်က စိတ်မနိုင်သူ ပရိတ်သတ်တွေဆီက မျက်ရည် ဖြိုက်ကနဲ ကျကုန်တယ်။

ပွဲခင်းတစ်ခုလုံး ရုတ်ချည်းအခြေအနေပြောင်းသွားတော့တယ်။ ဆိုတဲ့သူကလည်းငို၊ ပရိသတ်ကလည်း လိုက်ငိုနဲ့ အတော့်ကို လွမ်းစရာပေကောင်းတာကလား။ ဆိုတဲ့သူကလည်း ကွယ်လွန်သူမိခင်ကြီးကို လွမ်းလို့ငို၊ ပရိသတ်ကလည်း သီဆိုသူအကြောင်းကို သိလို့ငို။ ပွဲခင်းတစ်ခုလုံး ရင်ကွဲနာကျနေသလား အောက်မေ့ရတယ်။

အဲဒီအချိန်မှာမှ ဖြစ်ချင်တော့ …

““အောင်မလေး … ကိုဇော်ဝိတ်ကြီးရဲ့ … ဒါတွေဟာ ကျွန်မရဲကအပြစ်ပါ … ဟောဒီ … ဝပုမရဲ့ အပြစ်ပါ … ဟီး …””ဆိုတဲ့ ငိုသံကြားလို့ လှည့်ကြည့်လိုက်တော့ ဇော်ဝိတ်ရဲ့ မယားဟောင်း ဝပုမ။ သူ့ခမျာ မနေနိုင်လို့သာ တစ်ဖက်ရွာက ပွဲလာကြည့်တာ။ လူသိမှာစိုးလို့ ခေါင်းမူးကြီးခြုံထားသေး။ အခုတော့ ဇော်ဝိတ်ရဲ့ အနုပညာဈာန်ကို မခံနိုင်လို့ထင်တယ်။ ဗြဲကနဲ ထငိုတော့တာကိုးဗျ။ ဝပုမကို မြင်တော့ ဇော်ဝိတ်ရဲ့ သီချင်းအကြောင်းအရာမှာ မျောပါနေတဲ့ ရွာသားအားလုံး တင်းသွားပြီး …

““ဟင် … ဒီကောင်မ … တို့အဆိုတော်ကို နှိပ်စက်သွားတဲ့ကောင်မ … ပါးကိုချပစ်မယ် …””

““ဟုတ်တယ် … ဇော်ဝိတ်အမေရဲ့ အသည်းနှလုံးကို လိုချင်တဲ့ကောင်မကိုချပစ် …””ဆိုပြီး အသည်း နာနာ အကဲပါပါနဲ့ ဝပုမနား ဝိုင်းနေကြတယ်။ ဒါကို ဝပုမကလည်း ဖြိုင်ဖြိုင်ကျနေတဲ့ မျက်ရည်ကြားကနေ …

““ရိုက်ကြပါ … ရိုက်ကြပါ … ကိုဇော်ဝိတ်ကြီး ဒီလောက် ခံစားရအောင် ရက်စက်မိတဲ့ ဝပုမကို ခွင့်မလွှတ်ကြပါနဲ့ … ရိုက်နှက်ပြီး ဆုံးမကြပါ …””

ဇာတ်ရှိန်က အတော်မြင့်နေပြီ။ ဒီအနေအတိုင်းဆို လူသတ်မှု မလွဲမသွေဖြစ်တော့မှာ။ လူတိုင်းရဲ့ မျက်ဝန်းတွေက ဝပုမပေါ် မီးဝင်းဝင်းတောက်နေပြီ။ အဲဒီအချိန်မှာပဲ …

““တမှိုင်မှိုင် တတွေတွေ …””

မိုက်ခွက်ကတစ်ဆင့် ထွက်လာတဲ့ ကိုဇော်ဝိတ်ရဲ့ ကြည်မြပီသတဲ့ အသံကြားတော့ ပရိသတ် အားလုံးရဲ့ အာရုံက စင်ပေါ်ပြန်ရောက်သွားကြတယ်။

““နေ့စဉ်ရက်ဆက်လွမ်း … မျိုသိပ်ကာထားပေမယ့် … သားချစ်တဲ့ မေမေ မေးလာသည့်ခဏမယ် …””

အားလုံး ဇော်ဝိတ်ကို ပြန်ကြည့်ကြတယ်။ ဇော်ဝိတ်ကလည်း ရင်ကွဲအိုနာကျနေတဲ့ အသံကြီးနဲ့ ဆက်ဆို တယ်။

““ခုမဆိုင်းပါ … တုမနှိုင်းသာ မေတ်္တာများနဲ့ ဓားထက်ထက် ရင်ကိုခွဲ … သားချစ်သူကို ပေးစေကြောင်း အသည်းနှလုံးကို ထုတ်ကာ … ခန်္ဓာစဲလို့ မြေသို့ လဲရှာတယ် …””

မိခင်ကြီး ခန်္ဓာကိုယ်ကိုခွဲ အသည်းကို ထုတ်ပေးပြီး မြေပြင်သို့ လဲကျသွားတယ်ဆိုတာ ကြားတာနဲ့ ခုနက ငြိမ်နေတဲ့ ပရိသတ်ကြီးအကုန်လုံး ဝမ်းနည်းပြီး ထငိုကြပြန်ရော။ သီချင်းစာသားအဓိပ်္ပါယ်ကလည်းရင်ကွဲနာကျချင်စရာကြီးကိုး …။

သားရဲ့ချစ်သူက လိုချင်တယ်ဆိုလို့ ကိုယ့်ရဲ့ခန်္ဓာကိုယ်မှ မငဲ့ညှာ အသည်းနှလုံးကို ထုတ်ပြီးပေးရဲတဲ့ မိခင်ရဲ့မေတ်္တာကို အပြည့်အ၀ ဖော်ကျူးထားတော့ မငိုရမနေနိုင်တွေ ဖြစ်နေတယ်။ ဘယ်သူ့ ကြည့်လိုက် ကြည့်လိုက် ပွဲခင်းတစ်ခုလုံး တရှုပ်ရှုပ်တွေဖြစ်နေတယ်။ ဇော်ဝိတ်မိန်းမဟောင်း ဝပုမဆို ငိုရင်းနဲ့ တက်နေ သလားတောင် အောက်မေ့ရတယ်။ မြေပြင်ပေါ် အတောင့်လိုက်ကြီး လူးလှိမ့်လို့ …။

လာပြီဗျာ …။ သီချင်းရဲ့ အထွတ်အထိပ်အပိုဒ်၊ ဒီအပိုဒ်မှာ မိခင်ရဲ့ အသည်းနှလုံးစကားသံကို ကြိုခံစားပြီး ယူကြုံးမရဖြစ်နေကြသူတွေ အများကြီး …။ သီချင်းဆိုနေတဲ့ ဇော်ဝိတ်ကြီးခမျာတောင် လွမ်းလွန်းလို့ ငိုသံကို အနိုင်နိုင်ထိန်းပြီး သီချင်းကို ဖတ်သီဖတ်သီနဲ့ ဆက်ဆိုနေရတယ်။ လမိုင်းကလည်း မထင်မှတ်အောင် လွှတ်ကပ်နေတာကိုး။ စင်ပေါ်စင်အောက် တစ်သားတည်းကိုကျလို့။

““မွေးမေပေးသော အသည်းကိုယူကာ … ကလျာနွဲ့နှောင်းဆီ အပြေးလာခိုက်မယ် … ခရီးလမ်းများ မဘွေအလယ် ခလုတ်ကန်သင်းတိုက်ကာလဲ … အမေ့အသည်းနှလုံး လွင့်ကာကျတယ် …””

ကိုယ်ကိုယ်တိုင် ခလုတ်များတိုက်မိသလား ထင်ရတယ်။ ကိုဇော်ဝိတ်အသံက အဲဒီအသံက အဲဒီ နေရာမှာ ငိုသံကြီးနဲ့ ဆောင့်ပြီးထွက်လာတာ။ အသည်းနှလုံးကလည်း တကယ်လွင့်ကျပြီး လိမ့်သွားတဲ့ အတိုင်းပဲ။