တောသားကြီး

နောက် ဒါပြီးရင်လည်း ဒေါ်မြတင်ကြီးရဲ့ စကားပြောရမယ့်အပိုဒ်မို့ ဇော်ဝိတ်ကြီး ဒေါ်မြတင်ကို ကြိုပြီး မျက်ရိပ်ပြထားတယ်။ ဒေါ်မြတင်ကြီးကလည်း ခေါင်းတဆတ်ဆတ် ညိတ်ပြတယ်။ သူသိပါတယ်ပေါ့။ ဒါကြောင့် ဇော်ဝိတ်လည်း ရင်ကွဲအိုနာအကျဆုံးအသံနဲ့ သီချင်းဆက်ဆိုလိုက်တယ်။ အောင်အောင်လှိုင်လှိုင် ကွဲကွဲကြီး …

““အမေ့အသည်းနှလုံး လွင့်ကာကျတယ် … အသည်းနှလုံးက စကားပြောလာပြီကွယ် …””

ဇော်ဝိတ်ကြီး ဒေါ်မြတင်ကို မျက်ရိပ်ပြတယ်။

ဒီနေရာမှာ ဒေါ်မြတင်ကြီး စကားပြောရမယ့်အပိုဒ် …။ မိုက်ခွက်က ထွက်လာတဲ့အသံကြီးက …

““ကျုပ်က ဘာပြောရမှာလဲတော် …”” တဲ့ …။

““ဟင်””

မဆီမဆိုင် ထွက်လာတဲ့ ဒေါ်မြတင်စကားကြောင့် အငိုထူပြီး သီချင်းဆိုနေတဲ့ ဇော်ဝိတ်ကြီး ကြောင်ပြီး ရပ်သွာတယ်။ ခုန လွမ်းလွမ်းဆွေးဆွေးနဲ့ ငိုနေတဲ့ ပရိသတ်လည်း ပါးစပ်တွေ ဟကုန်တယ်။

အမှန်တော့ …

““အမေ့အသည်းနှလုံး လွင့်ကာကျတယ် … အသည်းနှလုံးက စကားပြောလာပြီကွယ် …””ဆိုရင် အမေ့ရဲ့ လွမ်းလွမ်းဆွေးဆွေးအသံကြီးနဲ့ …

““သား လူလေး ဘယ်နားနာသွားလဲ သားရယ်””ဆိုပြီး ရင်ကွဲနာအပြည့်ပေးရမှာ …။ အခုတော့ … လေကျကြီးနဲ့ …

““ကျုပ်က ဘာပြောရမှာလဲတော် …””ဆိုပြီး ဖြစ်သွားတော့ အားလုံးကြောင်သွားတော့တာပေါ့။ နောက်မှ ဇော်ဝိတ်ကြီး သတိရသွားပြီး …

““အာ … ဘာပြောရမှန်းမသိရင်လည်း … အစထဲက မေးထားပါလား … တောက် …””ဆိုပြီး မယ်ဒိုလင်ကို ဂလုံကနဲ ပစ်ချပြီး ရှူးရှူးရှားရှားနဲ့ စင်နောက်ပြေးဝင်သွားတယ်။ ဟုတ်တယ်လေ …။ အသည်းနှလုံးက စကားပြောမယ့် အမေတောင် ““ကျုပ်က ဘာပြောရမှာလဲတော်””ဆိုပြီး ဖြစ်ရ လောက်အောင် ပြောစရာမှမရှိတော့ သူလည်း ဘာဆက်ဆိုစရာရှိတော့မှာလဲ …။

အဲဒီတော့မှ ခုန ငိုနေတဲ့ ပရိသတ်ကြီးလည်း ဆက်ပြီးတော့ပဲ ငိုရမလား၊ ထပြီးတော့ပဲ အော်ရယ် ရမလား ဖြစ်နေတယ်။ ခုနက တက်မတတ်ချက်မတတ် ငိုနေတဲ့ ဝပုမလည်း အတက်ရပ်ပြီး ခေါင်းပေါ် ပုဝါလေး ပြန်ခြုံပြီး ဘယ်လစ်သွားမှန်းကို မသိဘူး။ ဘေးနားက လူကြီးတချို့က မှတ်ချက်ပေးရှာတယ် …။

““တောက် … ဒါကြောင့် သူ့မိန်းမ နောက်လင်ငယ်ယူတာ …””

““ငါဆိုလည်း နှစ်ပြန်တောင်ယူပစ်ဦးမယ် …”” တဲ့ …။

ဒီ လိုနဲ့ စတိတ်ရှိုး မအောင်မြင်တော့ အားလုံးက ပြဇာတ်ကို ဆက်မကတော့ဘူး လုပ်နေတယ်။ အားလုံးက ဘယ်သူ့ကို ဘယ်လိုအပြစ်တင်ရမှန်း မသိပေ့မယ့် ရှက်ပြီး ဇာတ်ကို ဆက်မကချင်ကြတော့ဘူး။ ပရိသတ်က စိတ်ပျက်ပြီး ထပြန်တဲ့သူ ပြန်ကုန်ပြီ။ မပြန်သေးဘဲ ဇွဲကောင်းကောင်းနဲ့ စောင့်နေသေးတဲ့ ပွဲငတ်သူ တချို့တော့ ရှိသေးပေါ့။ သူတို့ကလည်း ဘာပဲဖြစ်ဖြစ် တစ်နှစ်တစ်ခါမှ ဖြစ်တဲ့ပွဲမို့ မိုးအလင်း ကြည့်မယ် ဆိုပြီး အားခဲထားကြတာ။ ပွဲကတဲ့သူတွေကသာ ဆက်မကတော့ဘူး လုပ်နေတာ။

ဇော်ဝိတ်ကြီးကတော့ စိတ်နာလွန်းလို့ သူ့ဗလကြီးနဲ့ စင်ကို တွန်းဖြိုဖို့တောင် လုပ်နေပြီ။ ဒီလိုနဲ့ ရွာမှာ နည်းနည်းဩဇာရှိတဲ့ ကျွန်တော့်အဖေကပဲ …

““မင်းတို့ဇာတ်ကို ဆက်ကဖြစ်အောင်ကပါ …။ ပွဲလုပ်မယ်ဆိုတုန်းက မင်းတို့ပဲ ရွပိုးထိုးပြီး ဘယ်သူမှ မခိုင်းဘဲ လုပ်ခဲ့တယ်။ အခုမှ တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေလို့ မကတော့ဘူး ဆိုတာဖြင့် သဘာ၀ မကျဘူး။ ဒါကြောင့် ပွဲကိုတော့ ပြီးအောင် ဆက်ကကြပါ …””

သူတို့လည်း ဘာမှမတတ်နိုင်တော့ဘူး။ ဟုတ်လည်းဟုတ်တယ်လေ။ တစ်နှစ်မှ တစ်ခါဖြစ်တဲ့ပွဲ။ ဒီပွဲကိုမှ ပြီးအောင်မကနိုင်ကြဘူးဆို အစဉ်အလာပျက်ပြီပေါ့။ ဟုတ်ဘူးလား …။ ဒါကြောင့် ပွဲကို မပြီး ပြီးအောင်ကို ဆက်ကခိုင်းတာ …။

အဖေကိုယ်တိုင် ဆင်းပြောတော့ ဟိုလူတွေလည်း ဘာမှမတတ်နိုင်တော့ဘူး။ ပွဲကို မကမဖြစ် ဆက်က ရတာပေါ့။ သရုပ်ဆောင်ကလည်း လေးငါးယောက်ပဲဆိုတော့ ပြဿနာမရှိလောက်တော့ဘူး ထင်တာပေါ့ …။

သူ တို့လုပ်ထားတဲ့ ပြဇာတ်က ဒီလိုပါ …။

ဦးရေပြား (သူဌေးကြီး ဒေါန)နဲ့ ဦးဆယ်ပြား (လယ်သမား သာဂိ)တို့က တစ်ရွာထဲသားတွေ …။ ဦးဒေါနဆီမှာ ဦးသာဂိက အလုပ်လုပ်တယ်။ အလုပ်လုပ်နေရင်းနဲ့ ရွာကွမ်းတောင်ကိုင် မြနှစ် (ဒေါ်မြတင်)တို့ ငြိစွန်းပြီး ကိုယ်ဝန်ဆောင်ထားချိန်ကျမှ ရွာကို ဓားပြတိုက်ပြီး သာဂိက ဓားပြအဖွဲ့နဲ့ပါသွားတယ်။ ဒါကို ဦးဒေါနက ဒေါ်မြနှစ်ကို သိမ်းပိုက်ပြီး ဒူးမနာသားလေး မောင်သီလ (ဇော်ဝိတ်)ကို မွေးဖွားကြတော့တာပေါ့။ မောင်သီလလေး အရွယ်ရောက်လို့ တက်္ကသိုလ်ကျောင်းကို တက်ပြီး အိမ်ပြန်ချိန်မှာ ဇာတ်ကို စတော့တာပဲ …။

““ဘာလိုလိုနဲ့ တို့သားကြီး သီလလည်း တက်္ကသိုလ်တက်တာ နှစ်မနည်းတော့ပဲ ရှင်မရယ် …””

““ဟုတ်ပါ့တော် … ကျုပ်လည်း ကျုပ်သားလေးကို လွမ်းပါ့””

““အေးလေ … သားလေးလည်း ပညာစုံလို့ အိမ်ပြန်ရောက်ရမယ့်အချိန်ကို ရောက်ပြီပဲ။ အင်း … ကဲ ကဲ ရှင်မရေ … မင်းပဲ မင်းသားကို စောင့်နှင့်၊ ငါ အထဲဝင်ပြီး ခွက်ပုန်းကစ်လိုက်ဦးမယ် … အဲလေ ငါတော့ မျှော်ရတာ မောလို့ အိမ်ထဲကပဲ စောင့်တော့မယ်ကွယ် …””

““အင်းပါတော် … သက်တောင့်သက်သာ အိမ်ထဲနေစမ်းပါ၊ ကျုပ်ပဲ ဆက်စောင့်လိုက်ပါ့မယ် အများကြီးလည်း လုပ်မနေနဲ့နော်””

သူတို့ချင်းကလည်း အထာနဲ့ ပြောရသေးတယ် …။ ဟုတ်တယ်လေ … အများကြီး သွားလုပ်ထားလို့ မကနိုင်တော့မှ ဟုတ်ပေ့ဖြစ်နေဦးမယ် …။ ဦးဒေါနအဖြစ် သရုပ်ဆောင်တဲ့ ဦးရေပြား လိုက်ကာနောက် ဝင်သွားတယ်။ ဒေါ်မြနှစ်အဖြစ် သရုပ်ဆောင်တဲ့ ဒေါ်မြတင်ကြီးက မိုက်ခွက်နားကပ်ပြီး အဝေးကို မျှော်သလိုနဲ့ …

““သားကလဲ … ကြာလိုက်တာ လမ်းမှာ ဘာတွေများဖြစ်နေတယ် မသိပါဘူး …””ဆိုပြီး တစ်ယောက်တည်း သရုပ်ဆောင်နေတယ်။ သူ့ သရုပ်ဆောင်ချက် ကောင်းလွန်းလို့ ပရိသတ်ပါ ဒေါ်မြတင်ကြီး ကြည့်တဲ့ဘက်ကို မျှော်ကြည့်မိကြတယ်။ အဲဒီလို …။ အဲဒီအချိန်မှာပဲ …

““မေမေရေ … မေမေ …၊ ဖေဖေရေ … သားပြန်လာပြီဗျ””

လိုက်ကာနောက်က သီလ (ဇော်ဝိတ်)ရဲ့ အသံ။ အဲဒီအသံကြားတယ်ဆိုရင်ပဲ ဒေါ်မြတင်လည်း ဇာတ်ရုပ်အတိုင်း ဝမ်းသာအားရဟန်နဲ့ ပြောချလိုက်တာက …

““ဟယ် … ကိုဒေါနရေ၊ ကျွန်မတို့ ဟိုသင်းလာနေပြီ …။ ကျွန်မတို့ ဟိုသင်းလာနေပြီ … ဒီမယ် ကြည့်စမ်းပါဦး၊ ထွားလာလိုက်တာတော် … ဟယ် … ညိုညိုထွားထွားကြီးတော့် … အားရစရာကြီး””

အဲဒီအသံလည်းကြားရော လိုက်ကာကြားက ပြေးထွက်မလို့လုပ်နေတဲ့ ဇော်ဝိတ် သူ့ခေါင်းကို လက်ဖနောင့်နဲ့ ထုကာ …

““အင်းဟာ … အင်းဟာ … ဒီတစ်သက်လုံး မကတော့ဘူး””ဆိုပြီး အနောက်ဘက် ပြန်ဝင်သွားတယ်။ ဟုတ်တယ်လေ …။ ဒေါ်မြတင်ပြောရမှာက …

““တော့် သားကလေ ထွားလာလိုက်တာ …””

ဖြစ်ရမှာ။ “တော့်သားလေး”နေရာမှာ “တော့်ဟိုသင်း”ဆိုပြီး ထည့်သုံးလိုက်တော့ ဇာတ်ကပျက်ကရော့ပဲ။ ဒါကို ဦးဒေါနအဖြစ် သရုပ်ဆောင်တဲ့ ဦးရေပြားက ပြေးထွက်လာပြီး …

““ဟင် … ဘယ်မှာလဲ မြနှစ်၊ ဘယ်မှာလဲ …””

““ဟယ် … ခုန အပေါက်ဝမှာ တွေ့လိုက်သလိုပဲ …””

““ဟယ် … မြနှစ်နှယ် ထင်ယောင်ထင်မှားများ ဖြစ်သလား””

““မဖြစ်ပါဘူးတော် …””

ကိုဇော်ဝိတ် ထွက်မလာတော့ သူတို့လည်း ဇာတ်ကို မပျက်အောင် ကျဘမ်းတွေပြောပြီး ထိန်းနေ ရတာပေါ့။ ဇော်ဝိတ်ကလည်း ဟိုသင်းအသံကြားတာနဲ့ အသည်းနာပြီးသားဖြစ်နေတော့ မထွက်တော့ဘူး။ ဒါကို ဇော်ဝိတ်နားရှိတဲ့ အီးတီက နှစ်သိမ့်သလိုနဲ့ ဖက်ပြီး တွန်းလွှတ်လိုက်မှ စင်ရှေ့ ဆန့်ငင်ဆန့်ငင်နဲ့ ရောက်လာတယ်။

““ဟယ် … သား””

““ဖေဖေ””

ဇော်ဝိတ်က ဦးရေပြားကိုပဲ ပြေးဖက်လိုက်တယ်။ ဒေါ်မြတင်ကိုတော့ စတိတ်ရှိုးထဲက အသည်းနာ ထားတာ ဆိုတော့ ဘုကြည့်ကြည့်လိုက်တယ်။