တောသားကြီး

ဇာတ် သိမ်းခန်းက သိပ်ကောင်းတယ်။

လူဆိုးခေါင်းဆောင် ဦးသာဂိက သူ့ကို နှိမ်နင်းဖို့လာတဲ့ ရဲသားကြီး သီလကို တစ်ဖက်လှည့်နဲ့ ဖမ်းထားချိန်။ သီလရဲ့ဖခင် ဦးဒေါနက လိုက်လာပြီး သာဂိကို ပြန်လည် တိုက်ခိုက်ပြီး သာဂိ ရှုံးနိမ့်ပြီး လက်မြှောက် ထားချိန်။ အဲဒီအချိန်ကျမှ ဦးဒေါနအဖြစ် သရုပ်ဆောင်တဲ့ ဦးရေပြား ရေချန်လွန်ပြီး ပြောရမယ့်စကားတွေ မေ့နေတယ်။

““ဟားဟား … သာဂိ … သာဂိ …၊ မင်း အခုတော့ ဘာတတ်နိုင်သေးလဲကွ …၊ သီလဟာ ငါ့သား။ ငါ့သားဟာ သီလ …။ သီဂိကို သာလိ ဖမ်းထားတော့ အဲ … သီဂိက သီလ … သီလိဟာ ငါ့သား … အဲဒီတော့ကာ … ငါ့သားဟာ သာဂိ … သာဂိဟာ ငါ့သား … အဲလေ ဟုတ်ပေါင် … ဟားဟား … ငါက ဟာသပြောတာပါကွ …။ ငါက ငယ်ငယ်ထဲက ကာတွန်းဖတ်တတ်တယ်လေ …။ အဲဒါ ဟာသ ပြောတတ်တာ ပေါ့ကွ …။ အဲ ဘယ်ရောက်သွားပါလိမ့် … သာဂိဟာ လူဆိုး … လူဆိုးဟာ သာဂိ၊ သီလဟာ ငါ့သား၊ ငါ့သားဟာ သီလ။ ဒီတော့ကာ သာဂိကို သီလက ဖမ်းဖို့အလာမှာ သီဂိက သာဂိကို ပြန်ဖမ်းထားပြီး ငါ့သာလိကာကို ပြန်လိုချင်ရင် သာလိနဲ့ ပြန်လဲပါဆိုတော့ တွေ့ကြပြီပေါ့ သာလိကာရယ် …။ အမှန်တော့ သာဂိဟာ ငါ့သား … ငါ့သားဟာ သာဂိ … ဟင် ဟုတ်သေးပါဘူး … သာဂိက လူဆိုး၊ သီလိက ငါ့သား … ဒါဆို ငါ့သားက သာဂိ … အို …””

သူ့ဟာသူ နာမည်နှစ်လုံးနဲ့ လည်ထွက်နေတယ်။ ဒါကို ရိပ်မိတဲ့ ဦးဆယ်ပြားကပဲ ကြားဖြတ်လို့ …

““ဟေ့ကောင် … ဒေါန၊ မင်း ဘာစကားမှ ဆက်မရှည်နဲ့ … သာဂိတဲ့ကွနော် … သာရင်သာ မသာရင် ဂိပစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နာမည်ကိုတောင် သာဂိလို့ ပေးပစ်တာကွ …။ မင်းသတ်ချင် သတ်လိုက် ငါလည်း အိပ်ငိုက်နေပြီ … သေမှာ မကြောက်လို့ ငွေနှစ်ရာလောက်အတွက်နဲ့ ပေတစ်ရာလျှောက်နေတာကွ …ဟားဟားဟား …””

သူ့စကားကြားတော့ ဦးဒေါန လက်ထဲက သေနတ်ကို ဟန်ပါပါလှည့်ရင်း …

““ဟားဟား … သာလိကာ … သာလိကာ … အဲလေ … သာဂိရာ … ကျားသတ်္တဝါ အဏ်္ဏဝါသမုဒ်မှာ ဟန်လုပ်ကူးတာကို အတုယူပြီး ငါးငခူ ကုန်းပေါ်တက်ကျက်စားရင် သေသွားမှာပေါ့ကွ … သာဂိရ …။ မင်းသေမှ ဇာတ်ဆုံး၊ ဇာတ်ဆုံးမှ အိပ်ရမှာမို့ အချိန်မဆိုင်းတော့ဘူး … ကိုင်း … သေပေရော့ …””ဆိုပြီး သေနတ်ကို ချိန်ပြီး ပစ်ထည့်လိုက်တယ်။ သာဂိအဖြစ် သရုပ်ဆောင်ရတဲ့ ဦးဆယ်ပြားကလည်း အားကနဲ သေနတ်မှန်ဟန်နဲ့ ရင်ဘတ်ဖိပြီး လဲကျဖို့ပြင်တယ်။ ဒါပေမယ့် ယမ်းသံက ထွက်မလာဘူး။ ကြည့်လိုက်တော့ ယမ်းဖောက်တဲ့ အီးတီ မူးပြီးမှောက်နေပြီ။ ဦးရေပြားက ဟန်မပျက်စေဘဲ …

““ဟားဟား … မပစ်ရသေးပါဘူးကွ။ မင်း လန့်အောင် ငါခြောက်လိုက်တာပါကွ … ဟားဟားဟား … ငါ့လက်ညှိုး မကွေးဘဲ … ဟာသလုပ်လိုက်တာပါကွာ … သိတယ်မဟုတ်လား … ငါက ငယ်ငယ်ထဲက ကာတွန်းဖတ်တယ်လေ … ဒီမှာ သာဂိရ၊ ကိုယ့်အလှည့်ကျတော့ သေရမှာ သိပ်ကြောက်နေပြီ မဟုတ်လား …””

ဆိုပြီး မသိမသာ နောက်ဆုတ်လိုက်ကာ နောက်မှ ပါးစပ်ဟပြီး ငြိမ်နေတဲ့ အီးတီပါးစပ်ထဲ အရက်တစ်ခွက် ပက်ထည့်လိုက်တယ်။ အဲဒီတော့မှ အီးတီ ယောင်တောင်ပေါင်တောင်နဲ့ ထလာကာ ဖောက်ဖို့ ယမ်းစပ်တယ်။

““ဟား … ဟား … ဟား … မင်းအခုတော့ တကယ်ကို သေရတော့မှာပါကွ။ တကယ်ကို သေရ တော့မယ်။ ဒီတော့ ဘုရားတရားကို အာရုံပြု ကိုင်း … လာပြီ … ဟိတ်””ဆိုပြီး သေနတ်နဲ့ ဆွဲချိန်လိုက်တယ်။ အီးတီက ယမ်းကိုဖောက်တယ်။ တကယ့်အရေးကျမှ ယမ်းက မပေါက်ဘူးဖြစ်နေတယ်။ သေတဲ့လူကလည်း ရင်ဘတ်လေးဖိကာဖိကာနဲ့ သေချင်လှပြီ။ ဒါပေမယ့် ယမ်းက မပေါက်တော့ သေလို့မရသေးဘူး။

““ဟားဟားဟား … မပစ်ရသေးပါဘူးကွ … ကိုယ်သေမယ့်အလှည့်ရောက်မှ သွေးပျက်နေပြီလားကွ … သာဂိရ … ငါက ဟာသလုပ်နေတာပါ ဆိုနေမှ ဟားဟားဟား …””

““မင်း ဟာသက နောက်မှလုပ်ပါကွာ။ ငါလို သေရမှာ မကြောက်တဲ့ကောင်က ဟာသလည်းမဖတ်ဘူး၊ ရယ်လည်းမရယ်တတ်ဘူးကွ … သေရင်ပြီးပြီကွ … သေရင်ပြီးပြီ””

““ဩော် … မင်းက ဒီလိုလား … ဒီလောက်သေချင်တဲ့ကောင် … ဟိတ်””ဆိုပြီး သေနတ်နဲ့ ချိန်တယ်။ အီးတီကလည်း ယမ်းကို ကြိုးစားထုရှာပါတယ်။ အရက်ပုလင်းမှောက်ပြီး ရေစိုနေတော့ ယမ်းက မပေါက်ဘူး ဖြစ်နေတယ်။ အဲဒီတော့မှ ဦးရေပြားလည်း တင်းပြီး ခါးကြားက သစ်သားဓားမြှောင်ကို ထုတ်ပြီး …

““အာ … မင်းလို လူယုတ်မာမျိုး သေနတ်နဲ့ မတန်ဘူး … ကျည်ဆံကုန်တယ်။ ဒီတော့ ဓားနဲ့ပဲ စီရင်တော့မယ် … ဟိတ် …””ဆိုပြီး ဓားနဲ့ပြေးထိုးမှ အီးတီထုနေတဲ့ ယမ်းက ဒိုင်းကနဲ အသံမြည်သွားတယ်။ သေနတ်နဲ့ပစ်တုန်းက ကျည်ဆံမထွက်ဘဲ ဓားနဲ့ထိုးမှ ကျည်ဆန်ထွက်သွားတော့ ကသူတွေရော ကြည့်သူတွေပါ ကြောင်ကုန်တယ်။ ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေတယ်။ အတော်ကြာမှ အတွေ့အကြုံရှိတဲ့ ဦးရေပြားက ဆတ်ကနဲ ဓားကို ပြန်ရုပ်လိုက်ပြီး …

““ဟား … ဟား … ဟား … အဲဒါ မင်းတို့လို လူယုတ်မာတွေကို သုတ်သင်ဖို့ ငါကိုယ်တိုင် တီထွင် ထားတဲ့ ဓားသေနတ်ကွ … ဓားသေနတ် … ဟား ဟား ဟား … ဓားသေနတ်အစွမ်းနဲ့ တစ်ခါထိုး နှစ်မျိုးနာတဲ့ အရသာကို အခုတော့ မင်းသိသွားပြီ မဟုတ်လား သာဂိရ … ဟား … ဟား … ဟား …””ဆိုလိုက်မှ ပရိသတ်လည်း ဦးရေပြားရဲ့ ဓားသေနတ်ကို ကျေနပ်သွားကြတယ်။ ဓားသေနတ်မှန်တဲ့ ဦးဆယ်ပြားလည်း အခုမှ ထိုးသွင်းဒဏ်ရာ ဗလပွနဲ့ ပြုံးပြုံးကြီးလဲကျနိုင်တော့တယ်။ တော်သေးတာပေါ့ ဓားသေနတ် ကယ်ပေလို့။

အဲဒီအချိန်ကျမှ ဇာတ်တိုက်ထားတဲ့အတိုင်း ဒေါ်မြတင်ကြီး ပြေးထွက်လာပြီး …

““ဟင် … မီမလားဆိုပြီး လိုက်လာတာ … ဘုရား … ဘုရား … မှားကုန်ကြပြီ … မှားကုန်ကြပြီ …။ ကိုသာဂိ …””

““ဟင် … မြ … မြနှစ် …””

““ဟုတ်ပါတယ် … ဟုတ်ပါတယ် … ရှင် အရင်က ကြိုက်လှပါချည် မြတ်နိုးလှပါချည် ချစ်လှပါ ချည်ရဲကဆိုတဲ့ မြနှစ်ပါ …””

““မြ … မြနှစ် … ကိုသာဂိဆီ လိုက်လာတယ်နော် …””

““လိုက်လာရတာပေါ့ရှင် လိုက်လာရတာပေါ့ …။ အဟင့် အဟင့် မဖြစ်သင့်တာတွေ မဖြစ်ရအောင် ဆိုပြီး ဟောဒီ မြနှစ် လိုက်လာရတာပေါ့ … အခုတော့ အခုတော့ …””

““ဘာများဖြစ်လို့လဲ မြနှစ်ရာ … မြန်မြန်ပြောစမ်းပါ … ငါ့မှာ အိပ်ချင်လှပါပြီ … ဝါး …””

ဦးဆယ်ပြားက ဟန်မဆောင်နိုင်တော့ဘဲ ပါးစပ်ထဲ လေအပြည့်ငုံထားတဲ့ အသံမျိုးကြီးနဲ့ပြောတယ်။ ဒါကို ဒေါ်မြတင်ကလည်း မလျှော့ဘဲ …

““ရှင်သိချင်ရင် ပြောရတာပေါ့ ..။. ရှင် အခုလို ဖမ်းချုပ်ပြီး နှိပ်စက်နေတဲ့ ရဲသားကြီး သီလဟာ ရှင့်ရဲ့သား … ရှင်နဲ့ ကျွန်မနဲ့ သားရှင့် …””

““ဘာ””

ဒီနေရာမှာတော့ ပရိသတ်ရင်ထဲပါ ဆို့နစ်သွားတယ်။ ဟုတ်တယ်လေ … အဖေမှန်းသားမှန်း မသိဘဲ ရန်သူသဖွယ် ဆက်ဆံခဲ့သူတွေဟာ သားအဖအရင်းကြီးတွေဆိုတာ မထင်မှတ်ဘဲ သိလိုက်ရတော့ ပရိသတ် ရင်ထဲ တစ်ခါတည်း ဆို့နင့်သွားတော့တာပေါ့ …။

““ဟုတ်ရဲ့လား … အမေရာ … ဒီလူဆိုးလူမိုက်လူယုတ်မာ မုဒိန်းကောင်ကြီး ဦးသာဂိဟာ ကျွန်တော့် အဖေအရင်း ဟုတ်ရဲ့လား …။ ပြောစမ်းပါဦး မေမေရ …””

ကိုဇော်ဝိတ်ကလည်း ဒီနေရာမှာ အတိအကျဝင်လာတယ်။ ဒါကို ဒေါ်မြတင်ကလည်း မျက်ရည် ကြားက မျက်နှာကိုချီပြီး …

““သိပ်ဟုတ်တာပေါ့ သားရယ် … အမေ့မှာ သူနဲ့ပတ်သက်ပြီး ရခဲ့တဲ့ ဒဏ်ရာတွေဟာ ဗလပွရှိခဲ့တယ် သား …””

““ဘယ်မှာလဲ မေမေ””

““ဟိုသင်းမှာပါ … အဲလေ … အသည်းနှလုံးမှာပါ ဟိုသင်းလေးရယ် …””

ဟိုသင်းအသံကြားတော့ ဇော်ဝိတ် မျက်နှာပျက်သွားသေးတယ်။ ဒါကို လဲနေတဲ့ ဦးဆယ်ပြား ကလည်း …

““မြ … မြနှစ် … ရဲသားကြီး သီလဟာ ငါ့သားဆိုတာ သေချာတယ်နော် …””

““သိပ်သေချာတာပေါ့ ကိုသာဂိရယ် …””

““သား … သား … အဖေ့ကို ကြည့်စမ်းပါဦး သားရယ်””

ဦးဆယ်ပြားက ဒီနေရာမှာ အပိုင်ငိုသံကြီးနဲ့ပြောတယ်။ ဇော်ဝိတ်က မကြည့်ချင်ကြည့်ချင် ပုံစံမျိုးနဲ့ ကြည့်တယ်။

““သားရယ် … အဖေတို့အဖြစ်က အဖေကို အဖေမှန်းမသိ၊ သားကို သားမှန်းမသိတဲ့ အင်္ဂုလိမာလလို အဖြစ်မျိုးပါလား …””

““ဘာမှလည်းမဆိုင်ပါလား … ကိုသာဂိရယ်””

““သားအဖချင်း ရန်သူသဖွယ် ရန်စွယ်ငေါငေါနဲ့ အဝိဇ်္ဇာမောဟတောမှာ ပျော်ပိုက်ပြီး တိုက်ခိုက်နေရတဲ့ အဖြစ်က တူနေတယ် …။ အား … ကျွတ် … ကျွတ် … မောနေတယ် ကဏ္ဍကောစမတိုက်ပါနဲ့””

ဦးဆယ်ပြား မျက်စိပြန်ကျယ်သွားလို့ဖြစ်မယ်။ အပီအပြင် သရုပ်ဆောင်နေတယ်။ ပရိသတ်ကလည်း ဦးဆယ်ပြားရဲ့ အနုပညာစီးမျောမှုမှာ လိုက်ပါရင်း မျက်ရည်ဝိုင်းလာတယ်။