တောသားကြီး

““အား … ကျွတ် … ကျွတ်၊ အခုတော့ အဖေဟာ အဖေ့ရဲ့ မိုက်ကြွေးမိုက်ပြစ်တွေရဲ့ ဒဏ်ကို ခံရတော့မယ် …။ အဖေ ကျေနပ်ပါတယ် သား …။ ဒါပေမယ့် အဖေ့ နောက်ဆုံး အသက်မထွက်ခင် အဖေ့ရဲ့ အလိုချင်ဆုံးဆန်္ဒလေးတစ်ခုကို လိုက်လျောပေးပါ … လားကွယ်””

ဇော်ဝိတ်က ဇာတ်လမ်းထဲကအတိုင်း မျက်နှာကို တစ်ဖက်လှည့်ရင်း တင်းခံနေတယ်။ ဒါကို ဒေါ်မြတင်က ဇော်ဝိတ်ရဲ့လက်ကို ဆွဲပြီး …

““နောက်ဆုံးအနေနဲ့ မင်းအဖေရဲ့ဆန်္ဒကို လိုက်လျောလိုက်ဖို့ မေမေတောင်းပန်ပါတယ် သားရယ် … လိုက်လျောလိုက်ပါကွယ် … အဟင့် … အဟင့် …””

မိခင်ဖြစ်သူကပါ မျက်ရည်တဝိုင်းဝိုင်းနဲ့ ပါဝင်တောင်းပန်နေတော့ သားကလည်း ဘယ်နေနိုင်တော့ မှာလဲ …။ ဇာတ်အရ အဖေရင်းဟာကိုး။

““ကျွန်တော် … ကျွန်တော် ဘာလိုက်လျောရမှာလဲဟင် …””ဆိုတော့ ဦးဆယ်ပြားက ရင်ဘတ်က တစ်ချက်ထိုး နှစ်မျိုးနာတဲ့ ဓားသေနတ် ဒဏ်ရာကို အုပ်ပြီး ငိုသံကြီးနဲ့ ဆက်ပြောတယ်။

““တခြားတော့ မဟုတ်ပါဘူးသားရယ် … အဖေ နောက်ဆုံးအကြိမ် အသက်မထွက်ခင် …””

အရင်ကလည်း အသက်ထွက်ဖူးတာကျနေတာပဲ။ နောက်ဆုံးအကြိမ် အသက်ထွက်မှာတဲ့။ ပရိသတ် ကတော့ အဖြေကို ရိပ်မိပြီး မျက်ရည်တွေ ဖြိုင်နေပြီ။ ဦးဆယ်ပြားကိုယ်တိုင်ကလည်း ပြိုမလို မျက်နှာကြီးနဲ့ကိုး …။

““အဖေ နောက်ဆုံးအကြိမ် အသက်မထွက်ခင်၊ အဖေ့ကို … အဖေ့ကို သားလို့ တစ်ခွန်းခေါ်လိုက် ပါလားကွယ် …””

အမှန်တော့ အဖေလို့ ခေါ်ခိုင်းရမှာ။ ဒါကို ဇော်ဝိတ်ကလည်း ဈာန်ဝင်ပြီး ဦးဆယ်ပြား ပြောခိုင်းတဲ့ အတိုင်း ရင်ခေါင်းသံကြီးနဲ့ အော်လိုက်တယ်။

““သား …””

““အဖေ …””

ဦးဆယ်ပြားက ပြန်ထူးတယ်။ အမှန်က ဇော်ဝိတ်က သား။ ဦးဆယ်ပြားက အဖေ။ ဒါကို သူတို့ဖာသာ သူတို့ ဖီး(လ်)တွေတက်ပြီး မှားနေတာ။

““သား””

““အ … ဖေ””

““သား””

ဇော်ဝိတ်က ဦးဆယ်ပြားကို ပြေးဖက်လိုက်တယ်။ ဦးဆယ်ပြားအသံက တိုးတိုးယဲ့ယဲ့လေး ထွက်လာတယ်။

““ဝမ်း သာ လိုက် တာ အ … ဖေ ရယ် …””ဆိုပြီး “ဂိ”ဆို ငြိမ်ကျသွားတယ် …။

ရွာ ပွဲကား … မအောင်မမြင်နှင့်ပင် နိဋ္ဌိတံလေပြီ …။ အဓိက ဇာတ်ကို ကခဲ့ကြသော ဦးဆယ်ပြား၊ ဦးရေပြား၊ ဇော်ဝိတ်ကြီးနှင့် ဒေါ်မြနှစ်တို့အဖွဲ့လည်း ပွဲပြီးကတည်းက အရှက်သည်းပြီး … နွေခေါင်ခေါင်ကြီး လယ်ထဲ ဆင်းသွားကြသည်။ နွေအထွက်တိုးစပါးစိုက်ဖို့တော့ မဟုတ်တန်ရာ … ရွာက လူတွေကတော့ အဲဒီပွဲ အကြောင်းကို ပြောပြောပြီး ရယ်လိုက်ကြရတာ ဖတ်ဖတ်ကို မောရောပဲ …။

အလှောင်အပြောင်ဆုံးလူကတော့ လူငယ်ဒါရိုက်တာ ဓာတ်ပုံ အီးတီ (တံခွန်တိုင်)ပဲ။ လူလေးများ စုစု စုစုရှိရင် ပြောပြောပြီးတော့ ဖင်ကွဲမတတ်ကို ဆောင့်ဆောင့်ပြီး ရယ်တာ။ မသိရင် သူမပါတဲ့အတိုင်းပဲ …။ ဒါပေမယ့်လည်း သိပ်ကြာကြာတော့ ရေပန်းမစားနေနိုင်ပါဘူး …။ တောသူတောင်သားတွေဆိုတော့ ကြာကြာလည်း ပုန်းအောင်းမနေနိုင်ကြပါဘူး …။ တဖြည်းဖြည်းနဲ့ ရှက်စိတ်လေးတွေပျောက်ပြီး ရွာထဲ ပြန်ရောက်လာကြတာပါပဲ။

ရွာက လူတွေကလည်း ပထမတော့ မျက်နှာချင်းဆိုင်ရင်ပဲ ပြုံးချင်သလိုလို … ရယ်ချင်သလိုလို …။ ဒါပေမယ့် ရွာသားအချင်းချင်းတွေဆိုတော့ ထိန်းကြပါတယ်။ ဟုတ်တယ်လေ … အများစုက မလုပ်ရဲလို့ ခေါင်းရှောင်ထားကြတာကိုး။

သူတို့က ဦးဆောင်ပြီးလုပ်ပေးခဲ့တာပဲ ရွာအတွက် ကျေးဇူးကြီးလှပြီ။ ပြီးတော့ ဝါရင့်သဘာရင့် ပညာရှင်ကြီးတွေလည်း တစ်ယောက်မှ မပါဘူးလေ။ ပါဝင်ကပြတဲ့လူအားလုံးက ဝါသနာလေးနည်းနည်းနဲ့ မဖြစ်လို့သာ ဝင်ကပေးကြတာမဟုတ်လား။ တကယ်ဝါသနာကြီးရင်တော့ မြို့တက်ပြီး မင်းသားဟေ့ မင်းသမီးဟေ့ ဆိုတာကြီးတွေ လုပ်စားနေတာ ကြာ … ကြာလှပေါ့ … ဟုတ်ဘူးလား …။

ဒါပေမယ့် စကားလေးများ စပ်မိလို့ကတော့ ပြောမိကြတုန်း … ပြုံးမိကြတုန်းပါပဲ။ ကျွန်တော်တို့ ကလေးလောကမှာလည်း ဦးရေပြားရဲ့ တစ်ခါထိုးရုံနဲ့ နှစ်မျိုးနာတတ်တဲ့ ဓားသေနတ်ကြီးက အလုပ် ဖြစ်နေဆဲပါ။

ပျော်ပွဲရွှင်ပွဲရှားတဲ့ ရွာကလေးအတွက်ကတော့ လသာတဲ့ညတွေမှာ အဲဒီနှစ် အရပ်ဇာတ်ပွဲလေးက လူကြီးသူမတွေရဲ့ ပါးစပ်ဖျားဇာတ်ခုံမှာ “က”နေကြတုန်းပါပဲ …။ ပြောနေကြတုန်းပေါ့ …။ တစ်ခါတစ်ရံမှ ရွာကလေးကို သတိရတတ်တဲ့ … ကျွန်တော်တောင် သတိတရနဲ့ ရေးနေမိပြီပဲလေ …။

လေး စား စွာ ကြိုး စား လျက် …

အကြည်တော်