တောသားကြီး

ငယ် ငယ်တုန်းကပေါ့ …။

နယ်တွေဆို ခဏခဏ ပြောင်းဖူးတယ်။ တစ်နေရာ ခြောက်လကနေ အလွန်ဆုံးနေခဲ့တဲ့ ဘီလူးကျွန်းမှာ ခြောက်နှစ်အထိပေါ့။နယ်ပြောင်းရတာ ပျော်စရာတော့ ကောင်းပါတယ်။ နယ်ပြောင်းပြီဆို ပါနေကျ မီးခိုးကြောင့် မဲတူး နေတဲ့ ဒန်အိုးစုတ်ကြီးနှစ်လုံးကို လုံချည်နဲ့ထုပ်၊ စစ်ခြင်ထောင်ဟောင်းကြီးတစ်ထည်ကို ဖျာလိပ်ထဲထည့်၊ အဝတ်အစား စုတ်တွေ စောင်နဲ့ချည်။ ဒီလိုပဲ ခေါင်းရွက်ပြီး ပြောင်းကြရတာ။ ဇိမ်ခံပစ်္စည်းဆိုလို့ ထိုင်ခုံမပြောနဲ့ သေတ်္တာတောင် မပါဘူး။ ယခုခေတ် ဝန်ထမ်းများလို တီဗီ၊ ရေခဲသေတ်္တာ ဝေးရော …။ ဝတ်ရတာကလည်း မြင်းခေါင်းစွပ်ကျယ်နဲ့ သင်တိုင်းတစ်ထည်စီပဲ ရှိတယ်။ ပြောရဦးမယ် … အဝတ်အစားအကြောင်း …။ ငယ်ငယ်တုန်းကဆို အင်္ကျီအသစ်ဆိုတာ တစ်ခါမှ မဝတ်ဖူးခဲ့ဘူး။ အဖေက သူ အချိန်တိကျခဲ့တဲ့ သူ့သားသမီးတွေထဲက အကြီးဆုံးတစ်ယောက်ကိုပဲ အသစ်ဝယ်ပေးတယ် …။ အဖေက အဲဒီမှာလည်း တိကျ ပြန်ရော။ ဇယားဆွဲပြီးတော့ကို ပလန်ချခဲ့လေသလားပဲ …။

အကြီးဆုံးတစ်ယောက်ကို အင်္ကျီအဝတ်အစား ဝယ်ပေးတယ်။ နှစ်နှစ်ကြာရင် နောက်တစ်ယောက် တက်လာရင် အဲဒီအဝတ်ကို သူယူဝတ်။ ကွက်တိပဲ။ သူပြီး နောက်တစ်ယောက်။ သူပြီး နောက် တစ်ယောက်။ အဲ … အဲဒီမှာ အကြီးဆုံးတွေက ပြဿနာမရှိပေမယ့် ကျွန်တော်တို့အငယ်တွေကျတော့ ပြဿနာ ရှိပြန် ရော …။ မချောက သူ့အလှည့်ကတော့ သူက မိန်းမကိုး …။ ရလာတဲ့ လုံချည်တွေကို အထက်ဆင်တွေတပ်၊ ဒေါက်တွေတပ်ပြီး ဝတ်တော့တာပေါ့ …။ ကျွန်တော် တို့က သူ့အငယ်တွေဆိုတော့ သူ့ဆီက ကျလာတာတွေကို အထက်ဆင်တွေဖြုတ်၊ ဒေါက်တွေဖြုတ်ပြီး ဒီအတိုင်း ပြန်ဝတ်ရတာ။

ဒါကြောင့် ကျောင်းနေတုန်းကဆို ဆရာမတွေရဲ့ အရိုက်ခံရရင် ကျွန်တော်တို့က ပိုအရိုက်ခံရတယ် …။ ဟုတ်တယ်လေ …။

““ရုပ်ကြည့်တော့ ကျောက်ရုပ်မျိုး၊ ဖင်မှာကြည့်တော့ ဒေါက်ချုပ်ရိုး”” ဆိုတော့ ဆရာမက သူ့ကိုနောက်ရပါ့မလားဆိုပြီး ကြိမ်နဲ့ကို ပိုဆွဲတာ …။

ဩော် …။

ငယ်ဘ၀ အကြောင်းကလေး ပြန်တွေးရင်း နေခဲ့ရတဲ့ နယ်လေးတွေ လွမ်းလိုက်တာ။ အဲဒီနေရာ ကလေးမှာ ကျွန်တော်တို့နေတုန်းက လမ်းပန်းဆက်သွယ်ရေးက အခုလို မဟုတ်သေးဘူး။ တစ်ပတ်နေမှ ကားတစ်စီး အဝင်အထွက် ရှိတာ …။

ဈေး မရှိဘူး။ သမဝါယမဆိုင် မရှိဘူး။ ရုပ်ရှင်ရုံ မရှိဘူး။ ရွာမှာနေတဲ့လူတွေက ကိုယ်စားချင်တဲ့အပင် ကိုယ်စိုက်။ ကိုယ်စားချင်တဲ့ကောင် ကိုယ်မွေးပဲ …။ များသောအားဖြင့် ကြက်တွေဝက်တွေ မွေးကြတာပေါ့ ..။

အောင်မာ … ဝက်မွေးတာတောင် ဘယ်လိုမွေးလဲသိလား …။

အစာကျွေးရင် ဝက်ကြီးကျောကို သပ်ပြီး …

““ဟေ့ကောင်ကြီး … စားထားနော့ … ဝအောင်စား၊ အေး … နင်စားတုန်း ငါစိတ်မဆိုးဘူး …။ အေး … ငါစားရင်လည်း နင်ပြန်စိတ်မဆိုးရဘူးနော့ …။ အေး … ငါကျွေးတုန်း … နင် … ဝအောင်သာစားထား””

အဲဒီလို …။

ဩော် … အခုများ။ ကျွန်တော်က စာရေးဆရာဖြစ်လာတော့ ဧည့်ခံပွဲတွေ၊ စာပေဟောပြောပွဲတွေ ဖိတ်ပါတယ်။ ထမင်းလည်း ကျွေးကြပါတယ်။ အဲဒါကို စိတ်မဆိုးဘူး။ ဒါပေမယ့် ကိုယ်စားနေတုန်း အလှူရှင်က ကျောလာသပ်ပြီး …

““အကြည်တော်ကြီး စားထားနော့ … ဝအောင်သာစား … အားမနာနဲ့ သိလား …””လို့ အာလာပ သလ်္လာပ လာပြောရင်တော့ ကိုယ့်မှာ ရွာက ဝက်ကြီးပဲ ပြေးပြေးမြင်ပြီး ထမင်းနင်တယ် …။

ကျွန် တော်တို့ အဲဒီရွာ စပြောင်းစကဆို အရမ်းအံ့ဩရတယ် …။

သွားရတာက ကားနဲ့။ ရွာရောက်တော့ လာကြိုကြတယ်။

လာကြိုတဲ့သူက အဖေ့ကိုလည်း မြင်ရော …

““ဟေ့ … ဆရာကြီးဦးထွန်းနိုင်ဆိုတာ မင်းလား …””

ဆိုပြီး အော်မေးတယ်။ လူကတော့ လူရည်သန့် လိုပဲ။ မလေးရှားအင်္ကျီလိုဟာကြီး ဝတ်ပြီး မျက်နှာချေတွေ ပွတ်ထားတယ်။

အဖေလည်း သူ့ကိုကြည့်ပြီး ကြောင်တောင်တောင်နဲ့ …

““ဟုတ်ပါတယ် … ကျွန်တော် ဦးထွန်းနိုင်ပါ ခင်ဗျာ …””

ဟိုလူကြီးက ရင်ကော့ပြီး …

““အေး … ငါ မင်းကို လာကြိုတာကွ …။ ငါလည်း မြို့ပေါ်က ဆရာကြီးတစ်ကောင် တို့ဆီ ပြောင်း လာမယ် ဆိုလို့ လာစောင့်နေတာ …။ ဩော် ဩော် … ဆရာကြီးဆိုတာလည်း လူပဲကိုး …။ တို့ရွာက လူတွေနဲ့ စကားပြောရင် ရိုင်းတယ်ဆိုပြီး စိတ်မဆိုးနဲ့နော်””ဆိုပြီး တစ်ဆက်တည်းမှာပဲ …

““အေး … မင်းမှတ်ထားရမှာက ဒီရွာမှာ ကျွန်တော်ကျွန်တော်နဲ့ ပြောတတ်တာ ငါတစ်ယောက်တည်း ရှိတယ် ဆိုတာပဲ””

““ဟင်””

သူ ဆိုလိုချင်တာက တစ်ရွာလုံးမှာ သူ အယဉ်ကျေးဆုံးပေါ့။ ပြီး အင်္ကျီချွတ်နဲ့ ငုတ်တုတ်ထိုင်နေတဲ့ လူကြီးတစ်ယောက်ရဲ့အောက် တင်ပါးကို ခြေမနဲ့ကလော်ပြီး …

““ဟေ့ကောင် … သူကြီး … ဆရာကြီးကို နှုတ်ဆက်လိုက်ဦးလေကွာ””

အဲဒီအထဲက အခြေအနေမကောင်းတော့ဘူးဆိုတာ သိသာတယ်။ တကယ့်တကယ်တော့ သူတို့ စိတ်ရင်းကို သိပြီး ပျော်သွားတော့တာပဲ။

တစ်ယောက်နဲ့တစ်ယောက် ဘာအပြိုင်အဆိုင်မှ မရှိဘူး … ဘာအငြှိုး ဘာအာဃာတမှ မရှိဘူး …။ ချမ်းသာဆင်းရဲလည်း မရှိဘူး …။ အားလုံးက … ရှိရင်စား … မရှိရင် မစားနဲ့ …။ အပူအပင် မရှိဘူး။ဒီလိုပဲ နေကြတာကိုး …။

တစ် လောက ရွာပြန်ရောက်ပါ့ …။

လမ်းပန်းဆက်သွယ်ရေးတွေကောင်း၊ အိမ်ကြီးယာကြီးတွေ ဖြစ်နေပြီ။ ဒါပေမယ့် ရွာက လူတွေရဲ့ စရိုက်က မပြောင်းဘူး။

ကျွန်တော်တို့ အဲဒီရွာကလေးက ထွက်သွားတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီလေ …။

ဒါပေမယ့် ကျွန်တော့်ကို တွေ့တာနဲ့ …

““ဟေ့ … စောကြည်ဖြူ ပြန်လာပြီလား …””

နှုတ်ဆက်သံကြားတော့ အံ့အားသင့်သွားတယ်။ ဆယ်နှစ်သားလောက်တည်းက ရွာက ထွက်သွားတဲ့ လူတစ်ယောက်ကို အသက်သုံးဆယ်အရွယ်မှာ ပြန်မှတ်မိသတဲ့လား …။ ကျွန်တော့်စိတ်ထဲမှာ နှစ်နှစ်ဆယ် ဆိုတဲ့ ကာလမှာ ကျွန်တော့်ကို ဘယ်လိုမှတ်မိနိုင်တော့မှာလဲနော့ …။ ကျွန်တော့်ကို နှုတ်ဆက်နေသူ ကိုတောင် ကျွန်တော် မသိဘူး။ ဒါနဲ့ပဲ သိချင်စိတ်နဲ့ …

““ကျွန်တော့်ကို မှတ်မိနေသေးတယ် ဟုတ်လား …””

ဆိုပြီး မေးကြည့်တော့ … အဲဒီလူက …

““မှတ်မိတာပေါ့ကွာ … ဒီရွာက ထွက်သွားတာ မင်းတို့မိသားစုနဲ့၊ သေသွားတဲ့ ဦးကာတင်၊ ဒေါ်လှမြိုင်၊ ဒေါ်ကြာစိန်နဲ့ သံလုံးတို့ ရှိသေးတာ …””

ရွာလေးက အဲဒီလောက်ထိ အဝင်အထွက်ကင်းတုန်းပဲ။

အဲ ဒီမှာတင် သူငယ်ချင်းတွေနဲ့ ဆုံပြီး ထန်းရည်သောက်ဖြစ်ကြတယ်။ ထန်းရည်ကျည်တောက် တစ်ဝက်ကျိုးလောက်မှာ သူငယ်ချင်းတစ်ယောက်က စပြောတယ် …။

““ဟိုဘက်ရွာမှာ အလှူရှိတယ်ကွ။ အိုက်စခင် တိုက်တာ မောင်””

သူငယ်ချင်းစကား ကျွန်တော် ရုတ်တရတ် နားမလည်ဘူး။ အိုက်စခင်၊ ဘာလဲ အိုက်စခင် …။ ကျွန်တော် မကြားဖူးဘူး ဖြစ်နေတယ်။ ဒါနဲ့ပဲ …

““ဘာလဲကွ … အိုက်စခင် ဆိုတာ၊ အဲဒီ အစားအသောက်မျိုး ငါ မကြားဖူးပါဘူး …””ဆိုတော့ ဘေးနားက သူငယ်ချင်းက …

““အာ … ဒီကောင် ဘိုလိုပြောချင်နေတာ၊ မပြောတတ်လို့ …။ အိုက်စခင်ဆိုတာ ဘာမှမဟုတ်ဘူး၊ ဖာလူဒါ ပြောတာ …””

သူ ပြောမှ ပိုရှုပ်သွားတယ်။ အိုက်စခင်နဲ့ ဖာလူဒါ ဘယ်လိုဆက်စပ်နေတယ်ဆိုတာ စဉ်းစားလို့ကို မရဘူး။ ဒါနဲ့ ဟိုဘက်ရွာ အလှူကို သိချင်စိတ်နဲ့ စုံစမ်းကြည့်တော့ ဟိုက တိုက်လွှတ်လိုက်တာ ဘာမှ မဟုတ်ဘူး …

““စပါကလင်ကြီး””

ငယ် စဉ်က အဲဒီလို ရွာကလေးတွေမှာ နေခဲ့ရတော့ မြို့စာတွေကို မသိဘူး။ ဘာတွေစားရမလဲ မသိဘူး။ ကျွန်တော်တို့ကလည်း အဖေနဲ့ လိုက်နေတော့ အဖေက အမဲသားချည်း ပြုတ်ကျွေးတာ။ မှတ်မှတ်ရရ အမဲသားချည်းပဲ ခြောက်နှစ်၊ တစ်ရက်မှ မပျက်မကွက် စားခဲ့ဖူးတယ်။

မုန့်ဖိုးလည်း တစ်ခါမှ မရဖူးဘူး။

အမဲသားကိုလည်း အဖေက မချက်တတ်တော့ နေ့တိုင်း ပြုတ်ကျွေးတယ်။ အဲဒါကြောင့် ထင်တယ်။ ကျွန်တော့်အဖေက လူကောင်တန်တန်။ အမေက လူကောင်သေးသေး။ မွေးထားတဲ့ သားသမီးအားလုံး ခြောက်ပေတန်းတွေချည်းပဲ။ အစ်မ မချောတောင် ငါးပေငါးလက်မ။ ကဲ … အကောင်မကြီးလား။

အမဲသားပြုတ် တန်ခိုးတွေလေ …။