တောသားကြီး

အဲဒါကြောင့် ကျွန်တော်တို့ အတော် အသက်ကြီးတဲ့အထိ ဘာ သွားရည်စာမှ မစားဖူးဘူး။ ဘယ်လောက်ထိလဲဆို တစ်ခါက အဖေ ကျွန်တော်တို့ကို မြို့ခေါ်သွားတယ်။ အဲဒီတုန်းက ကျွန်တော်က ခြောက်နှစ်သား …။ ကျွန်တော့်ညီက လေးနှစ် …။

မြို့ အဝင် လက်ဖက်ရည်ဆိုင်လေးမှာ ကားခဏရပ်တော့ ကျွန်တော်နဲ့ အဖေက အပေါ့ အရင် သွားတယ်။ ကျွန်တော့်ညီ မောင်မောင် (ဓီရာမိုရ်)က ဗိုက်ဆာနေပြီဆိုပြီး လက်ဖက်ရည်ဆိုင်မှာ ထိုင်ကျန်ခဲ့တယ်။

ဒါကို အဖေက…

““မောင်မောင်…၊ ဗိုက်ဆာနေရင် လာချတာ အကုန်သာ စားထားနှင့် …၊ ဖေတို့ ပြန်ထွက်လာမယ် …””

ဆိုပြီး မှာသွားတယ်။ ဟိုကောင်ကလည်း လာသမျှ အကုန်ဝါးမယ်ဆိုတဲ့ ရုပ်နဲ့ ထိုင်ကျန်ခဲ့တယ်။ သိပ်မကြာဘူး။ ကျွန်တော်တို့ အပေါ့အပါးသွားပြီး ပြန်ထွက်လာတော့ ငတိ တစ်ခုခုကို စဝါးနေပြီ။ စားပွဲပေါ်မှာလည်း ချထားတဲ့မုန့် ဘာမှမတွေ့ရဘူး။ ပါးစပ်ထဲကြည့်တော့ ဖြူဖြူ ဖြူဖြူနဲ့ ညက်အောင် အားတင်းဝါးနေရပုံရတယ်။ မျက်လုံးမှိတ်သည်အထိ အံကြီးကြိတ်လို့ …။ ဒါနဲ့ ကျွန်တော် မေးကြည့် တာပေါ့ …။

““မောင်မောင် … ဘာတွေဝါးနေတာလဲ …””ဆိုတော့ ကျွန်တော့်ညီ မောင်မောင်က …

““မသိဘူး … စားပွဲပေါ် လာချတာ ဝါးနေတာပဲ …””

““ဘာအရသာရှိလဲ …””

ကျွန်တော့်အမေး။ ငတိက မျက်မှောင်ကြုတ်ပြီး …

““မသိဘူး၊ ဘာအရသာမှတော့ မရှိဘူး။ ဒါပေမယ့် အေးတေးတေးနဲ့ မွှေးတေးတေးကြီး …””

သူစကားကို ဘေးနားရှိတဲ့ အဖေက …

““ပြကြည့်စမ်း …၊ ပါးစပ်ဟကြည့်စမ်း၊ ဘာလဲလို့ အဖေ ကြည့်မယ် …””ဆိုတော့ ငတိက ပါးစပ် ဟပြတယ်။ အဲဒီတော့မှ အဖေက …

““အေးတေးတေးနဲ့ မွှေးတေးတေးကြီးဖြစ်မှာပေါ့ …၊ မင်းက စနိုးတာဝါကြီး ကောက်ဝါးနေတာကိုး၊အဲဒါ မျက်နှာသုတ်ဖို့ ချပေးထားတာ …””

ဆိုမှ မောင်မောင်က သွားဖြဲကြီးနဲ့ ဖင်ကုတ်ခေါင်းကုတ်လုပ်ပြီး …

““မသိဘူးလေ၊ ချပေးတာ အရင်ဝါးထားဆိုတာနဲ့ ကောက်ဝါးနေတာ …””

ဆိုပြီး ပါးစပ်ထဲက စနိုးတာဝါ ထုတ်ပြီး မျက်နှာ အရှက်ပြေ ပြန်သုတ်နေသေးတယ်။ ဒီတော့မှ အဖေက ဆိုင်ဘက်လှည့်ပြီး …

““ဟေ့ … ဒီမှာ၊ ငါ့သားတွေ စားဖို့ မုန့်အစုံချ၊ ကော်ဖီပါချပေးစမ်း””ဆိုတော့မှ ဆိုင်ကလည်း မုန့်အစုံချတော့တာ။ မုန့်ဖက်ထုပ်လည်းပါတယ်။ ပေါက်စီလည်းပါတယ်။ ကော်ပြန့်လည်းပါတယ်။ ဘိန်းမုန့်လည်းပါတယ်။ ကိတ်မုန့်လည်းပါတယ်။ မုန့်ဆီကြော်လည်းပါတယ်။ လာချသမျှ မုန့်အားလုံးကို ခုန အေးတေးတေးနဲ့ မွှေးတေးတေးကြီး ဝါးနေတဲ့ ကျွန်တော့်ညီက မျက်လုံးပြူးကြီးနဲ့ လိုက်ကြည့်နေတယ်။ အတော်ကြာမှ အသံကျယ်ကျယ်နဲ့ မေးတယ် …။

““ဖေ့ … ဒီထဲမှာ ကော်ဖီဆိုတာ ဘယ်မုန့်လဲ …””

သူ့အသံလည်းကြားရော … တစ်ဆိုင်လုံး ဝါးကနဲ ဝိုင်းရယ်ကြတယ်။ အဲသည်လောက်ထိ တုံးတာ။ ကော်ဖီဆိုတာတောင် ဘယ်မုန့်လဲမေးရလောက်အောင်ကို မသိကြတာ။ အေးလေ … ကိုယ်မှ မစားဖူးမသောက်ဖူးဘဲကိုး …။

အဲ … ဒါပေမယ့် ထန်းရည်ကျတော့ သိသဗျ …။

င တွတ်ထန်းတယ်တယ်ဆိုတာ ကြားဖူးလား …။

အဓိပ်္ပါယ်မသိ ဖြစ်နေလိမ့်မယ် …။

အမှန်တော့ ဘာမှမဟုတ်ဘူးဗျ …။

ငထန်းတွတ်တာကို ပြောတာ။ ငထန်းတွတ်တယ်ဆိုတာလည်း ဘာမှမဟုတ်ဘူး၊ ထန်းရည် သောက်တာဗျ။ ဒါပေမယ့် ကျုပ်တို့ဘက်မှာတော့ ငတွတ်ထန်းတယ်ဆိုတာ ခေတ်အစားသားလား။ ငတွတ်ထန်းတယ်ဆို လူတိုင်း ထန်းရည်တွယ်မယ်ဆိုတာ သိတယ်။ ကျွန်တော်တို့လည်း သောက်ခဲ့ဖူးတယ်။ ကြိုက်လည်း ကြိုက်တယ်။ ကျွန်တော့်အစ်ကို ကိုဈာန်တစ်ယောက်ဆို ထန်းရည်ဘယ်လောက်ကြိုက်တယ်မှတ်လဲ။ မြန်မာ့ အသံမှာ လာတဲ့ မြန်မာ့အစာနဲ့ အာဟာရအခန်းမှာ ထန်းရည်အကြောင်း ဘယ်တော့မှမလာလို့ဆိုပြီး စိတ်များတောင် ကောက်သေး။ ဟုတ်တယ်လေ။ သူပြောမှသိရတာ။

ထန်းရည်ဆိုတာ ဝမ်းမီးကို အလွန်ငြိမ်းစေသဗျ။ ဆီးမှန်တယ်၊ ဝမ်းမှန်တယ်၊ ဆောင်းရာသီမှာ ထန်းရည်သာ မှန်မှန်သောက်၊ အသားတောင် မပတ်ဘူးဗျ။ အဲသည်လောက်ထိ သွေးလည်ပတ်မှုကို မှန်ကန် စေတယ်။ ဒါတင်ပဲလား၊ မဟုတ်သေးဘူးဗျ။ ကျောက်ကပ်ရောဂါကိုလည်း နိုင်တယ်။ မယုံလို့လား၊ သောက်ကြည့် တကယ်ပြောတာ။ ထန်းရည်က အခြားအရည်မျိုးနဲ့ မတူဘူး။ ဆီးအလွန်သွားတာ။ ကိုယ်သောက် သလောက် သူက အားလုံး ပြန်သွားပစ်တော့တာကိုး။ မယုံ သောက်ကြည့်၊ ထန်းရည်သမားရဲ့ ဆီးဟာ ထန်းရည်နံ့ ပြန်ထွက်တယ်။ ဒါကြောင့် သူ့အလိုလိုနေရင်း ကျောက်ကပ်ကို ဆေးပြီးသား ဖြစ်သွားရောတဲ့။ ကျွန်တော့်အစ်ကို ကိုဈာန်ပြောတာ။

ကျွန်တော်ကိုယ်တိုင် ကျောက်ကပ်တစ်လုံး ရပ်ဖူးတယ်။ ပါရဂူတွေက ဆေးရုံတက်ပြီး ခွဲခိုင်းတယ်။ ပိုက်ဆံကလည်း မရှိ။ ဆေးရုံကလည်း မတက်နိုင်တာနဲ့ စိတ်ဓာတ်ကျပြီး နယ်ပြန်သွားခဲ့ရတယ်။ အိမ်တောင် မရောက်ဘူး ပြန်ကောင်းသွားပြီ။ အိမ်ပြန်နေကျလမ်းမှာ ထန်းတဲကြီး ရှိတာကိုး။ ထန်းတဲရှိရင် ကိုဈာန် ရှိနေပြီပဲ …။ ကိုဈာန်ရှိနေရင် ကောင်းပေ့ဆိုတဲ့ ထန်းရည်က ရှိနေပြီဆိုတော့ကာ … ကိုဈာန်က …

““ဟကောင်ကြီးရ … ဝင်ဆွဲသွားပါဟ။ ကျောက်ကပ်လောက်ကတော့ ဆေးကုဖို့မလိုပါဘူး၊ ထန်းရည် နဲ့တင် ကောင်းပါတယ်။ လာ … ရှိန်းတယ်ကွ …””ဆိုတော့ ကျွန်တော်လည်း စိတ်ညစ်ညစ်နဲ့ ထန်းရည်နှစ်ခွက် ဝင်ချထည့်လိုက်တာ ရပ်နေတဲ့ ကျောက်ကပ် ချက်ချင်း ဗလောင်ဆူပြီး ပြန်ခတ်တော့တာ။ သွားလိုက်တဲ့ဆီး၊ တဒီးဒီးနဲ့ ရေကာတာ ကျိုးတယ်တောင် မှတ်ရတယ်။

တစ်လလောက်နေပြီး ရန်ကုန်ပြန်လာတော့ ပါရဂူတွေနဲ့ပြန်စစ်သေးတယ်။ ဘာရောဂါမှမရှိတော့ဘူး။ အသားလေး ဖြူဝင်းပြီး နုများတောင်နေသေး။ ထန်းရည်က ဝက်ခြံလည်း မထွက်ဘူးဗျ။ (ဟယ် … ပြောရင်းတောင် သောက်ချင်လာပြီ) ထန်းရည်အကြောင်းပြောရရင် ကုန်မှာမဟုတ်ဘူး။ ဒီတော့ တစ်ခွက် တစ်လေ သောက်ကြည့်ဖို့ အကြံပေးပါတယ်။ များရင်တော့ ဘယ်အရာမဆို မကောင်းဘူးပေါ့။ (တန်ဆေး …လွန်တော့လည်း … အင်း … တယ်ကောင်း၊ အဲ … လွန်ဘေးလေ၊ တောက် … အမှည့်ဟ)

ကျွန်တော်တို့ငယ်ငယ်တုန်းက ထန်းရည်သိပ်သောက်ချင်တာ။ အကျင့်မကောင်းပုံ ပြောပါတယ်။ ကိုယ့်လည်း ထန်းတက်တဲ့လူတွေက သိနေတော့ ထန်းရည်မရောင်းဘူးဗျ။ မသိရင်တော့ ရောင်းမှာပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ကလေးကတည်းက မျက်ခွက်တစ်ကွက်တင် ကွက်အိုနေတာ။ မွေးကတည်းက ကျွန်တော့်ကို မွေးပေးတဲ့ ဝမ်းဆွဲဆရာမကတောင် အဘိုးကြီးတစ်ယောက်က မွေးခန်းထဲ ဝင်နောက်နေတယ်ထင်ပြီး စိတ်ဆိုးဖူးသေးဆိုပဲဗျ။ မွေးကတည်းက အဲလိုကို အိုတာ။

ဒါနဲ့ပဲ သူငယ်ချင်းတွေဖြစ်တဲ့ ကိုဇော်တို့၊ မောင်အေးသိုက်၊ ကျော်ကျော်၊ မင်းမင်း အမြွာညီအစ်ကိုတွေနဲ့ တိုင်ပင်တယ်။ ဒီလောက် မရောင်းတဲ့ ထန်းရည် ခိုးသောက်ကြမယ်ဆိုပြီး …။

အားလုံးကလည်း စိတ်တူကိုယ်တူတွေဆိုတော့ အလုပ်က ဖြစ်ကြပါလေရောလား။

အဓိက ပစ်မှတ်ထားတာက မွန်အဘိုးကြီး ဦးထောပိုင် ထန်းတောကိုဗျ။

ဒီလူကြီးရဲ့ ထန်းရည်က သိပ်ကောင်းတယ်ဆိုပါရောလား။ သူ့ဆီမှာ ထန်းရည်မှာရင် တစ်နွေစာ မှာရတယ်။ အဲဒီလို မှာထားတဲ့လူတွေကိုပဲ ရောင်းတယ်။ မှာမထားတဲ့လူဆို မရောင်းဘူး။ တစ်နေ့ နှစ်ကျည်တောက်ဆို နှစ်ကျည်တောက်၊ တစ်နွေလုံးစာ မှာထားရတာ။ မှာမထားရင် ဘယ်လောက် သောက်ချင် သောက်ချင် နိုးပဲ …။ ဧည့်သည်အာဂန်္တုလည်း နိုးပဲ …။

ဒါတောင် သူကြိုက်တဲ့ ထန်းပင်ရှိသေးတယ်။ ထန်းတောအစွန်မှာ။ အဲဒီထန်းပင်က ထန်းရည်ဆို ဘယ်သူ့မှ မရောင်းဘူး။ သူပဲ သောက်တယ်။ သူ ထန်းတက်ပြီဆိုရင် အဲဒီထန်းပင် အရင်သွားတယ်။ အဲဒီ အပင်က ထန်းရည်ကို အောက်တောင် ယူမချဘူး။ အပင်ပေါ်မှာပဲ အပြီးသောက်လိုက်တယ်။ ပြီးမှ ကျန်တဲ့ ထန်းပင်တွေ လျှောက်တက်တော့တာ။ သူ့ထန်းပင်က ထန်းရည်ဆို တစ်ခါမှ ပိုတယ်မရှိဘူး။ သူသောက်ဖို့ ကွက်တိချည်းပဲ။

ကျွန်တော်တို့အဖွဲ့ကလည်း အဲဒီထန်းပင်က ထန်းရည်ကိုပဲ စိတ်ဝင်စားတာ။ ဒီလောက်ကောင်းတဲ့ ထန်းရည် သောက်ဖူးတယ်ရှိအောင် သောက်ဦးမှ ဆိုပြီး။

ဒီလိုနဲ့ ဆောင်းဦးတစ်နေ့ကတော့ ကျွန်တော်တို့အဖွဲ့ မနက်အစောကြီးထပြီး အားကစားလုပ်သလိုလို ဘာလိုလိုနဲ့ လူအလစ် စောင့်ကြည့်ပြီး လစ်လည်းလစ်ရော အပင်တက်အိတ်စပတ် ကိုဇော်က ဘုတ်ဘတ် ဘုတ်ဘတ်နဲ့ တက်သွားတယ်။ ပြီးကျတော့ မွန်အဘိုးကြီး ဦးထောပိုင် တစ်သက်လုံး ဘယ်သူ့ကိုမှ မရောင်းပါဘူးဆိုတဲ့ ထန်းရည်ကျည်တောက်ကြီးဆွဲလို့ ပြန်ဆင်းလာတယ်။ သူ့ထန်းရည်တွေ အကုန် သောက်ပစ်လိုက်တယ်။ တောက် … ချိုလိုက်တာ …။ ရှိန်းတာကလည်း စပရိုက်ထက်တောင် ရှိန်းသေး။ ရီတီရီတီနဲ့ပေါ့ဗျာ။ ဟယ် … သောက်တောင်သောက်ချင်လာပြီ။ ပြီးတော့ ကျည်တောက်ကို ပုံမပျက် ထန်းပင်ပေါ် ပြန်ချိတ်ထားတယ်။