တောသားကြီး

မွန်အဘိုးကြီး အချိန်ကျတော့ ထန်းပင် လာတက်တယ်။ ထန်းပင်ပေါ်လည်း ရောက်ရော ကျည်တောက်ကို အားရပါးရ မ,လိုက်တာ ကံကောင်းလို့ ထန်းပင်ပေါ်က ပက်လက်လန်ကျတော့မလို့။သူ့ထန်းပင်က ထန်းရည် မတွေ့တော့ ရုတ်တရက် သူ တော်တော်ကြောင်သွားတယ်။ နောက် … တော်တော် ကြာကြာ စဉ်းစားနေပြီးမှ တစိမ့်စိမ့်နဲ့ ဒေါမွှန်လာတယ်။ နောက် … ဆဲတာ မိုးမွှန်ရော။ သူဆဲလေ ကျွန်တော်တို့က ကျိတ်ရယ်လေပဲ။ ရီဝေဝေနဲ့။ လေများတောင် တက်နေသေး … အေ့ကနဲ။ အင်း … တယ်ကောင်း။ နောက်နေ့လည်း အဲလိုပဲ …။ အစောကြီးထ မွန်အဘိုးကြီးအလစ် ချောင်းပြီး၊ သူ့ထန်းရည်တွေ ခိုးသောက်ပစ်။ ထုံးစံအတိုင်း မွန်အဘိုးကြီး ထန်းပင်တက်တယ်။ ထန်းရည်မတွေ့တော့ အံ့အားသင့်တယ်။ ပြီးတော့ မိုးမွှန်နေအောင်ဆဲ။ နှစ်ရက် သုံးရက် လေးရက်ရဲ့ မနက်ခင်းမှာ မွန်အဘိုးကြီးရဲ့ ဆဲသံဟာ … စံတော်ချိန်ကျနေတာပဲ။အချိန်ကို မှန်လို့။ ကျွန်တော်တို့လုပ်တာကလည်း ပိရိတော့ သူ ဘယ်လိုမှ ဖမ်းမမိဘူး။ ဒါနဲ့ပဲ …

““ထန်းရည် ခိုးသောက်တဲ့ကောင်တွေ၊ ဒီတစ်ခါ သောက်ရဲသောက်ကြည့် …၊ ငါ့အကြောင်း သိမယ် …၊ ထောပိုင်တဲ့နော်၊ ကမာဝက်သားကွ၊ ဒီတစ်ခါ ခိုးသောက်ရဲတဲ့ကောင် သောက်ကြည့်။ ထန်းရည်ထိ ဓားကြည့်ပဲ””

စသဖြင့် ဓားတယမ်းယမ်းနဲ့ ကြိမ်းဝါးပါလေရော။ ကျွန်တော်တို့ကလည်း သိတဲ့အတိုင်း ခိုးရယ်တာပေါ့။

““နောက်နေ့ သောက်ရဲတဲ့ကောင် သောက်ကြည့် …၊ ငါ့အဆိုးမဆိုနဲ့ …””တဲ့။

ဒါမျိုး ဘယ်ရမလဲ။ လူလေးတွေကလည်း သိုးဖော်ဝင်စ ဆိုတော့ … ချို စမ်းချင်တဲ့အရွယ်မလား …။

လူကြီးတွေကို ထီမထင်တဲ့အရွယ် … ကပ်လာရင် ပခုံးချင်းယှဉ်ချင်တဲ့အရွယ်တွေကိုး …။ သူစိန်ခေါ်လေ ကိုယ် စမ်းချင်လေမို့ နောက်နေ့မနက် အစောကြီးထပြီး သူ့ထန်းရည်ကျည်တောက် ဖြုတ်ပြီးချလာတယ်။ ပြီးတော့ စိမ်ပြေနပြေ ထိုင်သောက်လိုက်တယ်။

““ဟား … တယ်ခါးပါလား …””

ဒါနဲ့ မသင်္ကာတာနဲ့ပဲ …

““ဟေ့ကောင် … ကိုဇော်၊ ထန်းရည်က ခါတိုင်းနဲ့ မတူဘူးနော်၊ ဒီနေ့ ပိုခါးနေသလိုပဲ …””

““ဒါမှ ထန်းရည်အစစ်ကွ၊ ထန်းရည်ဆိုတာ ဒီလိုခါးနေမှ ပိုကောင်းတာ။ အရသာကို တင်းနေတာပဲ …””

““မဟုတ်သေးဘူးနော် …””

““ဘာလို့မဟုတ်ရမှာလဲကွ …၊ ပေးစမ်း၊ မင်းတို့ မသောက်ရင် ငါသောက်မယ် …””ဆိုပြီး ထန်းရည် ကျည်တောက်ကို ဂွပ်ဂွပ်ဂွပ်ဆိုပြီး သောက်ချလိုက်တယ်။ သူ့မျက်နှာက ထန်းရည်အစွမ်းနဲ့ ချက်ချင်း ရဲတက်လာတယ်။ ထန်းရည်က မကုန်ဘူး။ ဒါနဲ့ သူ့ကျည်တောက်ယူပြီး …

““ကဲပါကွာ …၊ ငါတို့လည်း ဝိုင်းသောက်ပါ့မယ် …””

ဆိုပြီး ငါယောက်သား မျှသောက်လိုက်တယ်။ ဟုတ်တယ် … သိသာတယ်၊ ထန်းရည်က အောက်ခြေ ရောက်လေ ပိုပြီးပျစ်ခဲပြီး ခါးလာလေပဲ။ ဒါကို မရ ရအောင် မျိုချရတယ်။ အောင်မာ … ကိုဇော်က ထန်းရည်ကျည်တောက်မှာ ကပ်နေတဲ့ ချိုးပါ ခွာစားခဲ့သေး …ပြောသားပဲ သိုးစလေးတွေဆို …။

““ကောင်းကွာ…”” ဆိုသေးတယ်။

သိပ်မကြာဘူး အစွမ်းက ပြလာတယ် …။

လူက ရိပ်တိတ်ရိပ်တိတ်နဲ့ ဘာမှ သိပ်မမြင်ရတော့ဘူး။ သတိကလည်း လွတ်တစ်ချက် မလွတ် တစ်ချက်နဲ့ …။

ဒီလိုနဲ့ နေပူလို့ဆိုပြီး ဘုန်းကြီးကျောင်းဘေး ဝင်ခွေနေလိုက်တယ်။ ဆယ့်ငါးမိနစ်လောက်ပဲ …ကိုဇော် ရုတ်တရက် ထပြီးအော်ပါလေရော …။

““မင်းတို့ ဘယ်သူတွေလဲ …””

သူ့မျက်လုံးက ပြူးကြောင်ပြီး အရောင်လက်နေတယ်။ အဲဒီတော့မှ ကျွန်တော်တို့လည်း ပြန်စဉ်းစား မိတယ်။

““ငါတို့ ဘယ်သူတွေလဲ …””

ရုတ်တရက် စဉ်းစားလို့မရဘူး။ အဲဒီအချိန်မှာပဲ ဟိုအကျော်ကျော်နဲ့ မင်းမင်းက ဘာဖြစ်လို့လဲမသိဘူး။

““ဓားပြတွေဗျို့ … ဓားပြတွေ၊ ကျွန်တော်တို့ကို ဓားပြတိုက်နေတယ်၊ ကျွန်တော်တို့အဝတ်အစားတွေ ချွတ်ယူနေတယ် …””ဆိုပြီး အဝတ်အစားတွေချွတ်ပြီး ထပြေးပါလေရာ။

သူပြေးတော့ ကိုယ်လည်း ပြေးပေါ့။ မောင်အေးသိုက်လည်း တန်းလန်းတန်းလန်းနဲ့ ပြေးနေတယ်။ တန်းလန်းမှာပေါ့ … ပုဆိုးမှ မပါဘဲ။ အဲဒီတော့မှ ကမ်္ဘာပျက်သလို ဖြစ်သွားတော့တယ်။ ရွာထဲက လူတွေ ကလည်း ဘာဖြစ်လို့ဖြစ်မှန်းမသိဘူး။ ဗလွတ်ရွှတ်တတွေ အော်နေတယ်။ အဖေအမေတွေလည်း ဘာလုပ်ရမှန်း မသိကြတော့ဘူး။ ဒီအတိုင်း ဖမ်းချုပ်ထားရတယ်။

နောက်တော့မှ ကိုဇော့်အမေက …

““မနေ့ကအကောင်းကြီးကနေ … ဒီလောက် ပြင်းထန်တဲ့ရောဂါဖြစ်လာတာဆိုတော့ … ကြောက်စရာ ရောဂါဆိုးတွေလား မသိဘူး … ဒီကောင်တွေကို ဆေးခန်းပို့မှဖြစ်မယ် …””ဆိုပြီး ဆေးခန်းကို ဖမ်းချုပ်ပြီး ခေါ်သွားကြတယ်။ ဆေးခန်းရောက်တော့မှ လေးယောက်လုံး ကိုယ်တွေ ခြစ်ခြစ်တောက်ပူပြီး ကြောင်စီစီတွေ ဖြစ်နေတယ်။ စကားတွေလည်း ကယောင်ကတမ်းနဲ့ ဘာပြောလို့ပြောမှန်း မသိဘူး။ ကိုဇော်ဆို သူ့အမေနဲ့ ဆရာဝန်ကို ပေးစားနေတယ်။ ကျွန်တော်ကလည်း ဆရာဝန်ခေါင်းကို အုန်းသီး ဆိုပြီး ခွဲမယ်လုပ်နေတယ်ဆိုပဲ။ ကျော်ကျော်နဲ့ မင်းမင်းကတော့ ဆရာဝန်က သူတို့ကို ဆေးထိုးအပ်ကြီးနဲ့ ဓားပြတိုက်နေတယ်ဆိုပြီး အော်နေတုန်း။ ဆရာဝန်ကလည်း ငါးယောက်လုံး ကောက်ကာငင်ကာ ဖြစ်တော့ ဘာရောဂါမှန်း မသိဘူး။ ဒါနဲ့ပဲ …။

““ကောင်းလိုကောင်းငြား ဆေးတော့ ထိုးပေးလိုက်မယ် …၊ ဒါပေမယ့် ဒါမျိုးက ကျွန်တော့်ကိစ်္စ မဟုတ်ဘူး””ဆိုပြီး ဆေးတစ်ယောက်တစ်လုံးစီ ထိုးပေးလိုက်တယ်။ ဆရာဝန်ဆီက ပြန်လာတဲ့အထိ ကျွန်တော်တို့ငါးယောက်လုံး ကပေါက်တိကပေါက်ချာတွေ အော်နေတုန်းပဲ။ ဒီလိုပဲ ရမ်းတမ်းရမ်းတမ်း တန်းလန်းတန်းလန်းနဲ့။

ဒါကို ကိုဇော့်အမေကပဲ …

““ဆရာဝန်ကိစ်္စ မဟုတ်ရင် ပယောဂဆရာကိစ်္စပဲ ဖြစ်လိမ့်မယ်။ လာ … ပယောဂဆရာဆီ ပို့မယ် …””

ဆိုပြီး ပယောဂကုဆရာဆီ ခေါ်သွားတယ်။ ဟိုရောက်တော့ အဟုတ်ဗျ။ ပယောဂဆရာက စက်္ကူအဖြူ တစ်ရွက် ယူပြီး မြေမှုန့်ဖြူးချလိုက်တာ စာရွက်ပေါ်မှာ ဘီလူးရုပ်ကြီး ပေါ်လာပါလေရာ။ ဘီလူးရုပ်မြင်တော့ အားလုံး အံ့အားသင့်နေကြတယ်။

ပယောဂဆရာက မြိန့်မြိန့်ကြီး ခေါင်းညိတ်ပြီး …

““မြေဖုတ်ဘီလူး ဝင်စီးတာဗျ …။ မြေဖုတ်ဘီလူးဆိုတာ မြေမှုန့်ဖြူးတာနဲ့ တန်းပေါ်လာတာပဲ … ဒီကောင်တွေ တောထဲတောင်ထဲ မြေဖုတ်ဘီလူး မကြိုက်တာ ဘာသွားလုပ်တယ်မသိဘူး””ဆိုတော့ အားလုံး လန့်ကုန်တယ်။ ဒါနဲ့ ကတုန်ကယင်နဲ့ပဲ …

““ဒါ … ဒါဆို ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆရာ …””

ပယောဂဆရာက အေးဆေးပါ ဆိုတဲ့ စတိုင်နဲ့ မျက်လုံးတစ်ဖက်တည်း ကွက်မှေးပြီး ပြုံးပြတယ် …။ တည်ကြည်တဲ့ လေအေးလေးနဲ့ ပြောလိုက်ပုံက …

““ကြိမ်နဲ့ဆွဲရမှာပေါ့ …။ ပြောနေကြာတယ်၊ ဒီပုဆိုးကျွတ်ကောင်တွေကို ဖင်ကုန်းခိုင်းစမ်း …””

စိမ်ပြေနပြေလည်း ဖင်ကုန်းပြီးရော … ကြိမ်လုံးကြီးယူပြီး အပီဆွဲတာ၊ သူ့ကြိမ်လုံးကလည်း သုံးနှစ် ကလေး လက်ကောက်ဝတ်လောက်ရှိတာဗျ …။ တင်ပါးဆုံနဲ့ ကြိမ်လုံး ဖူးစာဆုံတဲ့ အသံကြီးက ““ဖြောင်း …ဖြောင်း””နဲ့ မြိန်စရာကြီး။ လူကလည်း လျှာတွေကို ထွက်လို့။ ပယောဂဆရာ လက်အံသေသွားတယ်။ မြေဖုတ်ဘီလူးက မထွက်ဘူး။ ပယောဂဆရာလည်း ဘာလုပ်လို့လုပ်ရမှန်း မသိဘူး ဖြစ်နေပြီ။ ပရိတ်ရေလည်း တိုက်ပြီးပြီ။ အထက်ဆရာလည်းပင့်ပြီး မောင်းထုတ် ခိုင်းပြီးပြီ။ အကြမ်းနည်းနဲ့လည်း ကြိမ်နဲ့ဆွဲပြီးပြီ။ ကျွန်တော်တို့ငါးယောက်လုံးက ဒုံရင်းက ဒုံရင်းပဲ။ အော်လို့ ဟစ်လို့ ကောင်းတုန်း။ ဒီတော့မှ ပယောဂဆရာက …

““ကျွန်တော် မနိုင်ဘူးဗျ … ဒီမြေဖုတ်ဘီလူးက ကျွန်တော့်ထက် စွမ်းနေပြီ၊ ဒီတော့ ဟိုဘက်ရွာမှာ ကျွန်တော့်ဆရာရှိတယ်၊ သူ့ဆီသာ အမြန်ခေါ်သွားပေတော့ …၊ အရောက်မမြန်ရင် ဒီကလေးတွေ အသက်မီမှာ မဟုတ်တော့ဘူး …””

ဆိုတော့ အားလုံး မျက်လုံးပြူးသွားကြပြီး မောင်အေးသိုက်တို့အမေက …

““အောင်မလေး … အဖြစ်ဆိုးလှချေလား … သားရဲ့””ဆိုပြီး ထငိုရော။ လူတိုင်း နွားလှည်းငှားတဲ့လူငှား၊ ပုခက်ဆင်တဲ့သူဆင်နဲ့ ယောက်ယက်ခတ်ကုန်ပြီ။ ဘယ်ကစလို့ ဘယ်လိုလုပ် ရမှန်းမသိတော့ဘူး။ နောက် လူငါးယောက်ရဲ့ အသက်ကိစ်္စလေ။ အကုန် ပြာတောက်ကုန်တာပေါ့။

အဲဒီတုန်းမှာ ကျွန်တော်တို့နား ဖြတ်သွားတဲ့ ကိုယ်တော်တစ်ပါးက …

““ဟေ့ … ဘာဖြစ်နေကြတာလဲ …””ဆိုပြီး ဝင်လာတယ်။ ဒါကို ကိုဇော့်အမေက ဒီကလေးငါးယောက် တောထဲသွားပြီး မဖွယ်မရာလုပ်လာလို့ မြေဖုတ်ဘီလူး ဖမ်းထားကြောင်း မျက်ရည်ရွှဲရွှဲနဲ့ ဖွဲ့ဖွဲ့နွဲ့နွဲ့ ရှင်းပြတယ်။

ကိုယ်တော်က …

““ဟယ် … မဟုတ်တာ””ဆိုပြီး ကျွန်တော်တို့အနား အသေအချာ ကပ်ကြည့်တယ်။ ပြီးမှ …

““အာ … ဘယ်နှယ့် မြေဖုတ်ဘီလူး ဖမ်းစားရမှာလဲ။ ဒီကောင်တွေ ပဒိုင်းသီး ထိလာပြီး ရူးလာကြတာ။ ဟိုကောင် ပယောဂဆရာ … မင်း ပေါက်တတ်ကရတွေ လျှောက်ပြော လျှောက်လုပ်မနေနဲ့ …””ဆိုတော့မှ အားလုံး ဟားကနဲ ဟင်ကနဲ ဖြစ်ကုန်တယ်။

““ဒါ … ဒါဆို သူတို့ကို ဘယ်လိုလုပ်ရမှာလဲဟင် …””

““ဘယ်လိုမှ လုပ်မနေနဲ့ …၊ ဒီအတိုင်းသာ အိပ်ပျော်အောင် သိပ်ထားလိုက်။ နောက်နေ့မနက်ဆို သူ့အလိုလို ကောင်းသွားလိမ့်မယ် …””

ဆရာတော်မိန့်မှ ကိစ်္စက ရှင်းတော့တယ်။ အဲဒီတော့မှ …

““ဟင် … မိဘတွေကို ဒုက်္ခပေးတဲ့ကောင်တွေ လာခဲ့ …””ဆိုပြီး ကျွန်တော်တို့ငါးယောက်လုံးကို အိမ်တိုင်မှာ ကြိုးချည်ပြီး တစ်ရက် ဖမ်းချုပ်ထားလိုက်ကြတယ်။

အဲဒီနေ့က ဘာဖြစ်လို့ဖြစ်တယ်ကို မသိတော့ပါဘူး။ နောက်တစ်နေ့ကျတော့မှ သတိက သူ့အလိုလို ပြန်လည်လာတယ်။ ဒါပေမယ့် မျက်လုံးတွေက ဘာမှကြည့်လို့မရဘူး။ အားလုံး အရုပ်တွေက နှစ်ထပ် ဖြစ်နေတယ်။ စာဆို လုံးဝမမြင်ရတော့ဘူး။ မနေ့က ဖြစ်ပျက်ခဲ့တာတွေကိုလည်း ဘာမှမမှတ်မိတော့ဘူး။ ဆရာဝန် ဆေးထိုးတာ၊ ပယောဂဆရာ ကြိမ်နဲ့ဆွဲတာ၊ ဘာတစ်ခုမှ သတိမရဘူး။ ခန်္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျင်ပြီး ခေါင်းတွေနောက်နေတယ်။ ဒုက်္ခကြီးပုံ ပြောပါတယ်။ တကယ်။

““မွန်အဘိုးကြီး ဦးထောပိုင်ကောင်းမှုနဲ့ ပဒိုင်းသီးစားပြီး တစ်ရက်တော့ ရူးဖူးရဲ့ …””