တောသားကြီး

ကျွန် တော်တို့ရွာတွေမှာ ပဒိုင်းသီးစားတာ သိပ်အဆန်းတော့ မဟုတ်ပါဘူး။ သူငယ်ချင်း အချင်းချင်း နောက်ပြောင်ပြီး သူစားမယ့် အစားအစာတွေ ကွမ်းယာတွေထဲ ပဒိုင်းသီးထည့်ကျွေးပြီး သူရူး သွားရင် အားလုံး ဝိုင်းရယ်ကြတယ်။ တချို့လူကြီးတွေက တစ်နှစ်ကို တစ်ခါ ပဒိုင်းသီးစားကြတယ်။ ပဒိုင်းသီးဟာ သွေးလည်ပတ်မှုကို မှန်ကန်စေတယ်၊ တစ်ရက်ရူးပြီးရင် ခေါင်းရှင်းပြီး ကြည်လင်သွားတယ်လို့ ဆိုကြပါတယ်။

ရွာထဲမှာ ဦးတင်အောင်ဆိုတဲ့လူရှိတယ်။ သူဆိုရင် တစ်သက်လုံး ဆေးမစားခဲ့ဖူးဘူး။ တစ်နှစ်တစ်ခါ ပဒိုင်းသီးတော့ မှန်မှန်စားတယ် …။ စားတဲ့နေ့ဆို အိမ်တိုင်မှာ ကြိုးနဲ့ချည်ပြီး ချုပ်ထားလိုက်။ နောက်နေ့ကျရင်လွှတ်လိုက်။ Good ပဲ ဆိုပဲ …။ သန်တာကလည်း နွားတစ်ကောင် ငယ်ငယ်ကတည်းက မမ,လာတယ်ဆိုတဲ့ လူမျိုး။ အဲ … ဒါပေမယ့် မိန်းမကတော့ ကြောက်သဗျ။ ဘယ်လောက်ထိ ကြောက်ရသလဲဆို မိန်းမက လေတက်ပြီး ““အေ့””ကနဲဖြစ်တာတောင် သူ့ခေါ်တယ်ထင်ပြီး အိမ်ပေါ်ပြေးပြေးတက်ရတာ အမော။ နောက်ပြီး သူတို့နှစ်ယောက်က ဝန်ထမ်းဟောင်းတွေ၊ ဝန်ထမ်းသဘာ၀ ပင်စင်စားပြီး အနားယူလာကြတာ။ အသက်တော့ ကြီးရှာပြီပေါ့။ သူ့မိန်းမက ဦးတင်အောင်ထက် ရာထူးကြီးတယ်ဆိုပဲ။ ဒါကြောင့် ဦးတင်အောင်ကြီးက သူ့မိန်းမကို မဟားဒယားကျွတ်နေတာပေါ့။

နှစ်ယောက်လုံးက တပ်မတော်ထွက် ဝန်ထမ်းဟောင်းတွေဆိုတော့ စစ်သားစိတ် မပျောက်ချင်ကြဘူး။ သူတို့အိမ်မှာ အမြဲတမ်း စစ်မိန့်သံတွေ ကြားနေရတယ် …။

““ခြင်ထောင်ထဲ ဝင်ခွင့်ပြုပါ …””

““အမြန် … ဝင်””

““နားခွင့်ပြုပါ …””

““ဆက် … လုပ် ….. ဆက် … လုပ် …””

““ဆက်လုပ်ခွင့်ပြုပါ””

““တန်း ….. ရပ် …””

စသည်ဖြင့်ပေါ့ဗျာ …။ နော့ …။ အမိန့်သံနဲ့ အော်ကြတာ …။

ညနေစောင်းပြီဆိုရင်လည်း ဦးတင်အောင်ကြီးရဲ့ သီချင်းသံကြားရပြီ။ သီချင်းကမပြောင်းဘူး … တစ်ပုဒ်တည်းပဲ … ဘာတဲ့ …။

““ချစ်သည်းလေးမှာ ရှိတယ် … ကိုကြီးက သိတယ် … ချစ်သည်းလေး ဝှက်ထားတယ် … အစ်ကိုကြီး တွေ့လိုက်တယ် … ချစ်သည်းလေးမှာ ရှိမယ် …””

တစ်မျိုးမထင်နဲ့ဦး …။ လာမယ် … ဘာမှမဟုတ်ဘူး။ ““စုဘူးလေး စုထားတယ်””ဆိုတဲ့ မေဆွိရဲ့ သီချင်းကို သူ့ဘာသာသူ ပြန်စပ်ထားတာ …၊ ဆက်ဦးမယ်။

ဘာထင်နေလို့လဲ။ ဘာမှမဟုတ်ဘူး။ ဦးတင်အောင်ကြီး အရက်ဖိုးတောင်းနေတာ။ ဟိုက အရက်ဖိုး မပေးချင်လို့ ခါးကြားထဲ ပိုက်ဆံလိပ်ထားတာ။ အဲဒါကို တောင်းနေတာ။ မသိရင်တော့ တစ်မျိုးကြီးပေါ့။ သိတော့လည်း အဲ … တစ်မျိုးကြီးပါပဲလေ …။ အဲ … လိုက်ဆိုကြည့်ပါလား။

““ချစ်သည်းလေးမှာ ရှိတယ် … အစ်ကိုကြီးက သိတယ် … ချစ်သည်းလေး ဝှက်ထားတယ် …အစ်ကိုကြီး တွေ့လိုက်တယ် … ချစ်သည်းလေးမှာ ရှိတယ် … မင်းဝှက်ထားတာ ရှိမယ် … ကိုကိုလေ … သိတယ် … လျှို့ဝှက်ချက်တွေ ရှိမယ် … အရက်ဖိုးတော့ ပေးဦးကွယ် …””

ဟမ် … ဆိုရတာကို စီးနေတာပဲ …။ ခွေထုတ်စားရင် ကိုကိုကာလသား အရက်သမားတွေ အတော် ကြိုက်မယ်။ တောက် … ခွင်က ငြိပြန်ပြီ …။

အဲ … ကိုယ့်လူက အဲဒီလိုဗျ။

နောက်တစ်ယောက် ရှိသေးတယ်။ သူ့လိုပဲ။ နာမည်က ဦးရေပြား … တဲ့။

ဦးရေပြားက ရွာမှာ နာမည်ကြီးလူမိုက်ဗျ။ ကျွန်တော်တို့ရွာကို စရောက်တဲ့နေ့မှာပဲ … ထန်းတောထဲက ဦးရေပြားရဲ့ ဆဲသံကို ကြားရတယ် …။

““ဟေ့ … ဦးရေပြားတဲ့ကွ …၊ သတိ်္တရှိတဲ့ကောင် ထွက်ခဲ့ … မင်းတို့ထက် မိုက်လို့ မင်းတို့ခေါင်း အထက်က ဦးရေပြားဆိုပြီး မှည့်ထားတာ …။ ဦးရေပြားတဲ့ကွ … ခေါင်းပေါ်မှာ ဘာမှ အတင်ခံတာ မဟုတ်ဘူး။

ဘယ်ကောင် ဦးရေပြားပေါ် တင်ချင်လဲ … ထွက်ခဲ့စမ်းပါ … နောက်ပေါက်တဲ့ ဆံပင်မွှေးက ဦးရေပြားထက် အရပ်ရှည်ချင်လို့ကတော့ အားလုံးကို ရိတ်ပစ်လိုက်မယ်ကွ …။ ရေပြားကို ကြောလို့မရဘူး …””စသည်ဖြင့် ဓားတယမ်းယမ်းနဲ့ စိမ်ခေါ်နေတာ။ အားလုံးကလည်း ဦးရေပြားကို ငြိမ်ပြီးကြည့်နေရတယ်။

““ဟင် … ဘယ်ကောင်မှ သတိ်္တမရှိတော့ဘူးလား …။ ဦးရေပြားကွ ဘယ်ကောင်မှ အတင်ခံတာ မဟုတ်ဘူး … လာခဲ့ကြလေကွာ … ထွက်ခဲ့ပါတော့လား … ဦးရေပြားတဲ့နော် …””ဆိုပြီး အော်နေတယ်။

အဲဒီအချိန်မှာပဲ …

““ဟိတ်””ဆိုတဲ့ အသံကြားရတယ်။ ကြည့်လိုက်တော့ မိန်းမကြီးတစ်ယောက် …။ အဲဒီမိန်းမကြီးကို မြင်တော့ ဦးရေပြား ကျုံ့ဝင်သွားတယ် …။ မိန်းမကြီးက တစ်ချက်ပဲ ပြူးကြည့်ရင်း …

““လာခဲ့စမ်း …””ဆိုပြီး ထွက်သွားတယ်။ အဲဒီတော့မှ တစ်ယောက်က …

““ဗျို့ ဦးရေပြား၊ ခင်ဗျား ခုနက ပြောတော့ သူများခေါင်းအထက်မှာ နေချင်လို့ ဦးရေပြားလို့ မှည့်ထား တာဆို … အခု ဘယ်လိုဖြစ်တာလဲ””ဆိုတော့ ဦးရေပြားက မျက်လုံးလေး ကလယ်ကလယ်နဲ့ … ““မလုပ်နဲ့ကွ … သူ့ကိုတော့ ကြောက်ရတယ်၊ သူက ငါ့အထက်မှာ ရှိတာကွ …””တဲ့။

ပထမတော့ မရှင်းဘူး၊ သူ့အထက်မှာ ဘာရှိသေးလဲပေါ့ …။ အသေအချာ မေးကြည့်တော့မှ …““ငါက ဦးရေပြားဆိုပေမယ့် … ငါ့မိန်းမက ဒေါ်ဘောက်တဲ့ …။ အဲဒါကြောင့် ဒေါ်ဘောက်ကို ဦးရေပြားက ကြောက်နေရတာပေါ့ …””တဲ့။ ကောင်းရော။

သူနဲ့ တွဲဖော်ဆိုးဖက်က ဦးဆယ်ပြား။ သူတို့နှစ်ယောက်က သေသေချာချာလည်း တည့်တာ မဟုတ်ဘူး။ ပြောရရင် မတည့်အတူနေတွေပေါ့။

အဲဒီ ဦးရေပြား၊ ဦးဆယ်ပြားဆိုတာ အဆိုကောင်းတွေဗျ …။ သူတို့နှစ်ယောက်က နယ်လှည့် ဆက်ဆံရေးက ဇာတ်အဖွဲ့မှာ နှစ်ရှည်လများ ကခဲ့တယ်ဆိုလား။ ဒါကြောင့် အဆိုကောင်းတာ။ သူတို့ကဆို၊ ““ဝိတ်”” ဆံသက ကိုဇော်ဝင်းက မယ်ဒိုလင်နဲ့ တီးလို့ကတော့ ထထောင်မထချင်ဘူး။

ကြုံ လို့ပြောရဦးမယ်။

““ဝိတ်””ဆံသက ကိုဇော်ဝင်းအကြောင်း။

အမှန်တော့ သူ့ဆံသဆိုင်နာမည်က ““ဝင်း””ဆံသဗျ။ ဒါပေမယ့် ကိုဇော်ဝင်းက ဝိတ်သမား။ ဗလကြီး ကလည်း အယ်ထွက်နေတာ။ နောက်ပြီး သူဆံပင်ညှပ်ရင် ညှပ်တဲ့လူရဲ့ ခေါင်းကို မကြည့်ဘူးဗျ။ သူ့လက်မောင်းကိုပဲ မှန်ထဲ ညှစ်ညှစ်ပြီး ကြည့်နေတာ။ ဒါကြောင့် ဆံပင်အညှပ်ခံတဲ့လူက ကိုယ်ညှပ်စေ ချင်တဲ့နေရာကို သူ့ကပ်ကြေးရှိရာ ထိုးထိုးပေးရတယ်။ နားထင်ဆို နားထင်။ လည်ကုပ်ဆို လည်ကုပ်ပေါ့။ ကိုယ့်ခေါင်းအထိုးမှားရင် နာပြီသာမှတ်။ သူက ခေါင်းကို လုံးဝစိတ်ဝင်စားတာ မဟုတ်ဘူး။ မှန်ထဲက သူ့လက်မောင်းကြီးကိုပဲ သူ စိတ်ဝင်တစား ကြည့်နေတာ။ သူ့လက်မောင်းပဲ သူ စိမ်ပြေနပြေ ညှစ်နေတာ။ ဒါကြောင့် သူ့ဆိုင်မှာ ညှပ်ရင် ဘိုကေလို့ခေါ်တဲ့ ရှေ့တစ်လက်မ နောက်ပြောင် တစ်မျိုးပဲ ရတယ်။ ဒါမို့လဲ ကျုပ်တို့ရွာက လူတွေဆို မြို့တက်ရင် မလုပ်မဖြစ်လုပ်ကြတာ သုံးမျိုးရှိတယ်။ ဆံပင် ညှပ်မယ်၊ ရုပ်ရှင်ကြည့်မယ်၊ ခေါက်ဆွဲကြော်စားမယ်။ ဒီသုံးမျိုး မလုပ်မဖြစ်လုပ်ကို လုပ်ကြတယ်။ ရွာမှာ အဲဒါတွေမှ မရှိတာ။

ရုပ်ရှင်ရုံ မရှိဘူး၊ ခေါက်ဆွဲကြော်ဆိုင် မရှိဘူး၊ ဆံပင်ညှပ်ဆိုင်ဆိုလို့ ကိုဇော်ဝင်းရဲ့ ““ဝင်း””ဆံသခေါ် ““ဝိတ်””ဆံသ တစ်ဆိုင်ပဲ ရှိတယ်။ ဒါကြောင့် မြို့တက်သူအားလုံး အဲဒီသုံးမျိုး မလုပ်မဖြစ် လုပ်ကြတယ်။ ကိုဇော်ဝင်းကလည်း တကယ့်ကိုဇော်ဝင်းပဲ။ သူဆံပင်ညှပ်လို့ နားဒေါက်တိရင် သိပ်အသည်းယားဖို့ ကောင်းတာဗျ။ သူ့ကတ်ကြေးကြီးက မျက်လုံးတည့်တည့်ကနေ တုန်တုန် တုန်တုန်နဲ့ ဝင်လာတာ၊ အဲဒါကို ကိုယ်က ရှောင်လိုက်ရင် စိတ်ဆိုးသေးတယ်။ သူ့ဗလကြီးနဲ့ ခေါင်းဖမ်းပြီး အတင်းတည့်တယ်။ ပြီးရင် အဲဒီလိုပဲ တုန်တုန် တုန်တုန်နဲ့ ပြန်ဝင်လာတယ်။ ကပ်ကြေးကလည်း ဂပ် ဂပ် ဂပ်နဲ့ဗျ။ မျက်လုံးနားရောက်မှ ကွေ့ပြီး နားထင်ဘက် လှည့်သွားတာ။ အဲဒီတော့မှ သက်ပြင်းချနိုင်တယ် …။

ဘာလိ့ုတုန်နေတယ်ထင်လဲ …။ သူ့ကြွက်သားကို အပီညှစ်နေလို့ဗျ …။

ကျွန် တော်တို့ရွာကလေးမှာ လူတိုင်းမသိမရှိတဲ့ နေရာတစ်ခုရှိတယ်။

ဦးကျဲတဲ ဟိုတယ် …။

ဦးကျဲတဲ ဟိုတယ်ဆို လူတိုင်းသိတယ်။ သူက ရွာနဲ့ ခပ်လှမ်းလှမ်း တောစပ်မှာရှိတယ်။ ခြံပိုင်ရှင်က ဦးကျဲ။ နာမည်နဲ့လိုက်အောင် ဆံပင်လည်းကျဲ၊ သွားလည်းကျဲတယ်။ လူပုံက ဖြူဖြူသေးသေး။ သူ့တဲကလေး ကလည်း ယိုင်နဲ့နဲ့ သေးသေးလေး။ ချမ်းသာတာကတော့ အံ့ဩကိုယူရတယ်။ ဆင်ချည်း မွေးထားတာ ခြောက်ကောင်။ နောက် နွား၊ ဆိတ်၊ ဝက်၊ ကြက်ကတော့ ပြောမနေနဲ့တော့။ သူ့ခြံထဲ ဘေးမဲ့တောလို လွှတ်ထားတာ။ အမှန်တော့ ဦးကျဲက ယာသမား။ အဲ … မုဆိုးလည်း လုပ်တယ်။ ယာလုပ်ငန်းနဲ့ မုဆိုးပညာမှာတော့ သူမတူအောင် ကျွမ်းကျင်တယ်။