တောသားကြီး

သစ်ပင်စိုက်တဲ့နေရာမှာတော့ ဦးကျဲလောက်တော်သူကို တစ်ခါမှ မတွေ့ဖူးဘူး။ ငရုတ်ပင်ကိုတောင် လူကြီးတစ်ရပ်ကျော်တဲ့အထိ ကြီးနေတာ တွေ့ခဲ့ဖူးတယ်။ ကျန်တဲ့ ကြံ၊ သခွား၊ ဥသျှစ်၊ ကြက်မောက်၊ ဒူးရင်း၊ ပိန်္နဲ အစုံစိုက်၊ သူ့ခြံထဲမှာ အကုန်ပေါက်တယ်။ သူ့ခြံကြီးကလည်း ခြံစပ်ကနေ ဟိုးတောဆုံးထိကို ရှိတာ။ ဒါကြောင့် သူ့ခြံထဲမှာ မရှိတဲ့အပင်ကို မရှိဘူး။ တံငါမုဆိုးအလုပ်မှာလည်း သူ့လောက်ကျွမ်းကျင်တဲ့သူ တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ သူ့ခြံထဲသွားပြီဆို … ““ဦးဆရာကြီး … (ကျွန်တော့်အဖေကို ဦးဆရာကြီးလို့ ခေါ်ကြတယ်) ဒီနေ့ ဘာကောင်စားမလဲ””

ကျွန်တော့်အဖေက…

““ငါးဟင်းရရင် ဖြစ်ပါပြီ””

““ငါးကို ဘာငါး စားမလဲ””

““ငါးရံ့ပဲလုပ်ပါ”” ဆိုရင် ဦးကျဲက …

““အေး … ငါ သွားကြည့်လိုက်ဦးမယ်””ဆိုပြီး ဆင်းသွားတော့တာပဲ။ သိပ်မကြာဘူး။ သူနဲ့အတူ ငါးရံ့တွေ တစ်သီကြီး ပါလာတယ်။ သူ့ခြံထဲမှာ သူ့ကိုယ်ပိုင် အင်းကြီးရှိတယ်လေ။

တကယ်လို့ ကိုယ်က ဖားစားချင်တယ်ဆိုရင်လည်း နွေခေါင်ခေါင်ဖြစ်ပါစေ၊ မပူနဲ့ … ရတယ် …သူက ဖားစကားတတ်သလိုပဲ … သူ ကွိကွိကွကွနဲ့ အော်လိုက်ရင် နှစ်ချို့တွင်းအောင်းဖားကြီးတွေက မနေနိုင်ဘူး …။ သူ့ကို တစ်ခွန်းစ နှစ်ခွန်းစတော့ ပြန်ပြောတာပဲ။ ပြန်ပြောပြီဆို … အသံလာတဲ့ဆီ … တိတ်တိတ်လေး သွား … ကွိဆို မိတာပဲ …။ ငါးရှဉ့်စားချင်ရင်လည်း ရအောင်ရှာပေးတတ်တယ်။ တစ်ခါ ကလည်း ငှက်ကြီးဝန်ပိုကြီးတစ်ကောင် သူဖမ်းလာဖူးတယ်။ ငှက်ကြီးဝန်ပိုက သုံးနှစ်ကလေးအရွယ်လောက် ရှိတယ်။ သူဖမ်းတာက တစ်ကောင်တည်းပါ။ ဒါပေမယ့် နောက်တစ်ကောင်က သူ့ဘာသာသူ ဇောက်ထိုး ဆင်းရင်း သတ်သေသွားတယ်။

ဦးကျဲကို မေးကြည့်တော့ …

““ငါဖမ်းခဲ့တာ အထီးကြီးကွ။ အထီးသေရင် အမက သူ့ဘာသာသူ ရင်ကွဲနာကျ သေရင်သေ၊ မသေရင် သူ့ကိုယ်သူ သတ်သေတော့တာပဲ”” တဲ့ …။

ကျန်တဲ့ ကြက်၊ ဝက်၊ ငါး၊ ပုစွန်၊ ဂဏန်း၊ မျောက်၊ ချေ၊ ဒရယ်၊ သိုး၊ ဆိတ်ကတော့ ပြောမနေနဲ့ ကိုယ်စားချင်တဲ့ အကောင်သာ လက်ညှိုးထိုးလိုက်၊ ဦးကျဲဆီမှာ ရှိပြီးသား။ ဒါကြောင့် ရွာက လူတွေက ဦးကျဲတဲ ဟိုတယ်လို့ ခေါ်တာ။ နေတာက တဲ၊ ဒါပေမယ့် လိုချင်တာ၊ စားချင်တာအားလုံး ဟိုတယ်လိုမျိုးကို ရနေလို့ ဦးကျဲတဲဟိုတယ် … တဲ့။ ဦးကျဲ အဲလောက်အထိ ချမ်းသာတာနော်။ တစ်ခါမှလည်း အင်္ကျီဝတ်တာ မတွေ့ဖူးဘူး။ သူတင်လား ဆိုတော့ သူ့သားတွေ၊ ကလေးတွေလည်း အင်္ကျီမဝတ်ဘူး။ ဒါကို ကျွန်တော့်အမေက သနားပြီး ဦးကျဲကလေးတွေအတွက် အင်္ကျီတွေ သွားပေးသေးတယ်။ နောက်နေ့မှာပဲ ဦးကျဲက အဲဒီအင်္ကျီတွေ၊ ဘောင်းဘီတွေ လာပြန်ပေးသွားတယ်။ မေးကြည့်တော့…

““အဲဒါတွေ ဝတ်လိုက်ရင် ငါ့ကလေးတွေ ကျောပူ၊ ခေါင်းပူဖြစ်လို့ မယူပါရစေနဲ့”” တဲ့။

ဦးကျဲက သစ်ပင်တွေ တိရစ်္ဆာန်တွေတင် ချမ်းသာတာမဟုတ်ဘူး။ လူတွေလည်း အင်မတန် ချမ်းသာတယ်။ သူမွေးထားတဲ့ကလေး ဘယ်နှစ်ယောက် ရှိမှန်းတောင် သူကိုယ်တိုင် မသိဘူး။ သူ့ကို မေးဖူးတယ်။

““အေး ငါလည်း ဒီဆရာမနဲ့(သူ့မိန်းမက မူလတန်းပြဆရာမ) ဘယ်လိုဘယ်လို ညားမှန်းကို မသိ ပါဘူးဝေး … သူတို့လည်း ပြောင်းလာစ ငါ့ခြံကို လာလည်တာ။ ငါကလည်း သူငယ်ချင်းတွေနဲ့ အဲဒီညမှာ သောက်တာများပြီး ဘယ်ကဘယ်လိုဖြစ်မှန်း မသိပါဘူးကွယ်။ မနက် ငါအိပ်ရာက ထတော့ ဒီဆရာမက ထမင်းအိုးတည်နေတာတွေ့တယ် …။

ငါ့စိတ်ထဲမှာ … အေး … ဒီဆရာမ ဘာလို့မပြန်လဲမသိပေါ့နော်။ အဲဒါနဲ့ တစ်ရက်နှစ်ရက်နေလည်း ဒင်းမပြန်ဘူး။ ဒါနဲ့ … ငါလည်း စိတ်မရှည်တော့ဘဲ သူ့ကို မေးကြည့်တော့မှ … လားလား … နင်နဲ့ငါ ညားပြီးပြီဟာ။ ဘယ်ကိုပြန်ရမလဲတဲ့ …။ ပထမဆုံးကလေး မွေးချလိုက်တော့ … အား … ငါ့ဆံပင်မွေးတွေပါ ထောင်တက်သွားတယ်။ ဩော် … လူအကြီးကြီးဗိုက်ထဲမှာ လူအသေးလေး ရှိနေပါလားလို့ အဲဒီတော့မှ ငါသိတာ။ အဲဒါပြီးတော့ဟေ့ … လူအကြီးကြီးကနေ လူသေးသေး ဘယ်နှစ်ယောက် ဘယ်နှစ်ကောင်မှန်း မသိတော့ဘူး။ ဒင်း ကလေးမွေးတာများ ဆိတ်ချေးယိုနေသလားတောင် အောက်မေ့ ရတယ်။ တပြွတ်ပြွတ်နဲ့။ ငါမှတ်မိတာတော့ အကြီးကောင်တစ်ကောင်ပဲ””

သူပြောတဲ့ သားအကြီးကောင်က ကျွန်တော်တို့ထက် အများကြီးကြီးပါတယ်။ ကျွန်တော်တို့ တွေ့တုန်းက တောင် ဆင်ဦးစီး လုပ်နေပြီ။ ဒါနဲ့ ဆင်တွေ ဘာလို့မွေးတာလဲမေးမိတော့ …

““ငါ့ခြံထဲက ထွက်သမျှ အသီးအပင်တွေ များများစားနိုင်အောင် အကောင်ကြီးကြီး ဝယ်မွေးတာပဲ။ ဒါပေမယ့် ငါ့ဆီရောက်လာမှ ဒီကောင်တွေ မျိုးတအားပွားပြီး ကြီးလာကြတာ။ သူများတွေ လာဝယ်မှ ဆင်ဈေးကောင်းရမှန်းသိတယ်””

ကျွန်တော်စဉ်းစားမိတယ်။ လောဘနဲ့ ငွေကို နင်းကန်ရှာနေကြတဲ့သူတွေကျတော့ စီးပွားမဖြစ်ဘဲ လောဘ၊ ဒေါသကင်းကင်းနဲ့ သူ့ဘာသာသူ ကျွမ်းကျင်ရာလေးနဲ့ နေထိုင်သူကျတော့လည်း စီးပွားဖြစ်တာ ပြောမနေပါနဲ့တော့။

အခုပဲ ကြည့်လေ … ဦးကျဲရဲ့ တဲဟိုတယ်။

မြို့ကြီးပြကြီးတွေမှာတောင် တစ်စုတစ်ဝေးတည်း မရနိုင်တာတွေအားလုံး ဦးကျဲရဲ့ တဲဟိုတယ်မှာ ရတယ်။ စားချင်တဲ့အသီးကို ခူးစား။ ဦးကျဲရဲ့ တဲဟိုတယ်မှာရတယ်။ ကြံရည်သောက်ချင်လား။ ကြံရည်ကို လက်နဲ့ကြိတ်တာတောင် မဟုတ်ဘူး။ ဆုံထဲထည့်ပြီး နွားနဲ့ကို ကြိတ်ယူ ရတယ်။ သောက်ချင်သလောက်သောက် … ပိုတာတွေ ကြံသကာ တင်လဲချက် … မြို့တက်ရောင်း … ပိုက်ဆံတွေရပြန်တော့ အကောင်ကြီးပေ့ဆိုတာတွေမွေး … အဲဒါ လာဝယ်ရင် ပြန်ရောင်း …။

ဟူး … စီးပွားတက်ပုံများ ကရိန်းနဲ့ဆွဲတင်နေသလား မှတ်ရတယ် … လက်တောင်မလည်ဘူးဆို …။ အဲ … သူချစ်တဲ့သူတွေ လာပြီဆို ဦးကျဲမှာ ဝယ်စုထားတဲ့ သကြားလုံးထုပ်တွေရှိတယ်။ ရေနွေးကို ကျက်ကျက် ဆူအောင် တည်ထားတယ်။ ရေနွေးကျက်ကျက်ဆူပြီးမှ အဲဒီသကြားလုံးတွေ ရေနွေးထဲ ပစ်ထည့်ပြီး ကျိုတိုက်တယ်။ နိုင်ငံခြားက ဖျော်ရည်တွေ အရသာအတိုင်းရတယ်။

ဦးကျဲရဲ့ တဲဟိုတယ်မှာ … ကျွန်တော်တို့ငယ်စဉ်ကဆို ပျင်းရင် ဦးကျဲရဲ့ တဲဟိုတယ်ကိုသွား၊ စားချင်တာစား၊ သောက်ချင်တာသောက်ပြီး အိမ်အပြန်မှာ ခါးမှာ ပြောင်းဖူးတွဲ၊ လက်ထဲမှာ ကြံသကာ တစ်ထုပ်နဲ့၊ ကြံချောင်းကို တရွတ်ပါအောင်တိုက် ဆွဲကိုက်စားပြီး အိမ်ပြန်ရတဲ့အရသာကို အခုအချိန်ထိ မမေ့ နိုင်သေးပါဘူး။

ကျွန် တော်တို့ရွာမှာ ဘုရားပွဲရှိတယ်။ ရွာဘုရားပွဲဆိုတာကလည်း တစ်နှစ်မှတစ်ခါ လုပ်ရတာ မဟုတ်လား။ ခါတိုင်းနှစ်တွေလည်း လုပ်ပေရဲ့ …။ ဒါပေမယ့် တစ်နိုင်တစ်ပိုင်လောက်ပဲပေါ့ …။ မြို့ဇာတ် ငှားတော့လည်း ဇာတ်ပွဲဈေးက အရမ်းကြီး။ (အမှန်တော့ ဇာတ်ပွဲက ဈေးသိပ်ကြီးတာ မဟုတ်ပါဘူး။ ရွာက အိမ်ခြေက လည်းနည်း၊ လက်လုပ်လက်စားချည်းပဲဆိုတော့ မငှားနိုင်တာလည်း ပါတာပေါ့ … အင်း ဦးကျဲတို့၊ ဦးတင်အောင်တို့လို အဆင်ပြေကြတဲ့လူတွေကတော့ ကမကထလုပ်ပြီး ငွေအား လူအား စိုက်ပေးကြပါတယ် …ဒါပေမယ့် အားလုံးကြီးလည်း ဘယ်တတ်နိုင်ပါ့မလဲ။)

အဲ … ပြီးခဲ့တဲ့နှစ်ကတော့ ရွာက အီးတီဆိုတဲ့လူက ပွဲခသက်သာအောင်ဆိုပြီး မြို့တက် ဇာတ်ပွဲ ငှားပေး သဗျ။

ရွာအကြောင်းပြောရင်း နေခဲ့ဖူးတဲ့ရွာက လူတစ်ယောက်အကြောင်းပြောချင်သဗျာ …။ သူ့အကြောင်းကို ကျွန်တော် လူလည်ကြီးများရွာဆိုတဲ့ ဝတ်္ထုတစ်အုပ်ရေးဖူးတယ် …။

သူ့နာမည်က အီးတီတဲ့…။

ရုပ်က စတီဗင်စပီးဘတ်(ခ်) ရိုက်တဲ့ အီးတီဇာတ်ကားက အီးတီရုပ်၊ အလုပ်က ဆေးဆရာ၊ ကင်မရာ အစုတ်ကလေး ကိုင်ပြီး ပတ်(စ်)ပို့လောက်ရိုက်တဲ့ ဓာတ်ပုံဆရာ။