တောသားကြီး

ဆေးဆရာဆိုလို့ အထင်မသေးနဲ့ဗျ …။

သူက ဓာတ်ဗိနေ်္ဓာတို့ မြန်မာဆေးတို့ရောင်းတဲ့ ဆေးဆရာ မဟုတ်ဘူး။ ပီဘိအင်္ဂလိပ်ဆေးဆိုင်ရောင်းတဲ့ ဘိုဆေးဆရာ။ ဆရာဝန်လည်း ဟုတ်ဘူးနော်။ မြို့က ဆေးခန်း တစ်ခုမှာ ကွန်ပေါင်တာဆိုလား လုပ်ခဲ့ဖူး ဆိုပဲ။ ရိုးရိုးပြောရရင် ဆေးစပ်ပေးတဲ့သူပေါ့။ တစ်ရွာလုံးမှာလည်း အင်္ဂလိပ်ဆေး အကြောင်းသိသူဆိုလို့ သူ့တစ်ယောက်လောက်ရှိတာဆိုတော့ သူ့ကိုပဲအားကိုးနေရတော့တာကိုး။

နေမကောင်းလည်း အီးတီ၊ ခေါင်းကိုက်လည်း အီးတီ၊ ဗိုက်နာလည်း အီးတီ၊ ပတ်(စ်)ပို့ဓာတ်ပုံ ရိုက်မယ် ဆိုလည်း အီးတီ၊ အီးတီမှ အီးတီပဲ။ ရွာမှာ မရှိမဖြစ် အီးတီပေါ့။ ဒါတင်လား … ဟုတ်သေးဘူးဗျ …။

တစ်ခါသား ရွာမှာ ချောတိုင်တက်ပွဲရှိတော့ ရွာသားအားလုံး ချောတိုင်တက်ကြတာကိုးဗျ။ ချောတိုင်က မြင့်တော့ တစ်ယောက်ချင်းတက်လို့မရဘူး။ လေးယောက်တစ်တွဲ တက်ကြရတာ။ တစ်ယောက်အပေါ် တစ်ယောက်ဆင့်၊ အမြင့်ဆုံးလူက တိုင်ဆက်တက်တာပေါ့။ ချောတိုင်ဆိုတာက ဝါးပိုးတိုင်အမြင့်ကြီးကို ကွင်းလယ်မှာ စိုက်ထားပြီး … တိုင်ရဲ့ထိပ်မှာ ရေနံချေးအရည်တွေ ထည့်ထားတယ် …။ ချောတိုင်ကို လူတွေက တက်လေ ချောတိုင်က လှုပ်လေ … တိုင်ထိပ်မှာ ထည့်ထားတဲ့ ရေနံချေးက ကျလေ … တိုင်က ချောလေပဲ …တော်တော့ဇွဲနဲ့ အထက်မရောက်နိုင်ဘူး …။ အတင်း အားတင်းပြီး တက်ကြရတယ် …။ ဒါပေမယ့် နောက်ဆုံးမှာ အားလုံး လုံးထွေးပြီး ကျလာတာချည်းပဲ …။ တစ်ဖွဲ့မှ မအောင်မြင်ဘူး။ လူတွေ တက်လို့မရလေ ဆုကြေးက များလေပေါ့ …။ ညနေစောင်းတဲ့အထိ အဖွဲ့တွေက ကြိုးစားပမ်းစား တက်ကြတုန်းပဲ။ ဘယ်သူမှ ပန်းတိုင်ကို မဆွတ် ခူးနိုင် ကြသေးဘူး။ ဒါနဲ့ပဲ ချောတိုင်ပေါ်က ဆုငွေကို အားလုံးက လက်လျှော့ရတော့မလို ဖြစ်နေပြီ။ ရွာသား အားလုံးလည်း ခြေကုန်လက်ပန်းကျလို့ မထနိုင်ကြတော့ဘူး။ အဲဒီအချိန်ကျမှ ချောတိုင်ပေါ် ဖတ်ဖတ် ဖတ်ဖတ်နဲ့ ခြေကန်တက်လာသူတစ်ယောက်ကို တွေ့ရတယ်။ ကြည့်လိုက်တော့ ““အီးတီ””။

လွယ်လွယ်လေးပါဗျာ။ တိုင်ထိပ်ပေါ်က ပန်းတိုင် ဖျတ်ကနဲ လှမ်းယူပြီး ပြန်လျှောဆင်းလာတယ်။ အင်္ကျီတောင် ဆီချေးမပေဘူး။ အားလုံး အံ့အားသင့်ကုန်တယ်။ လေးယောက်ဆင့် တက်လို့မရတဲ့ဟာကို တစ်ယောက်တည်း တက်သွားတာကိုး …။

သူ့ကို မေးကြည့်တော့ …

““ဘာမှ မဟုတ်ပါဘူးကွာ၊ ငါက ဆီကုန်တဲ့အချိန်ကျမှ တက်တာပါ…”” တဲ့။ ဉာဏ်ကောင်းပုံများ ပြောပါတယ်၊ ရွာမှာ ပွဲဖြစ်တုန်းက ကြည့်ပါလား …။

ရွာဘုရားပွဲကို အဲဒီနှစ်မှာ စည်စည်ကားကား လုပ်ချင်လို့ မြို့ဇာတ်ငှားတာဗျ။ ခါတိုင်းနှစ်ဆိုရင်တော့ ဆိုင်းဝိုင်းလေးငှား၊ မိုးလင်းပေါက် ပိတ်ကားထောင်ပြ၊ ဒီလောက်ပါပဲ။ ဒီနှစ်ကျမှ ဆရာတော်ကိုယ်တိုင် သူ့မွေးနေ့နဲ့ တိုက်နေလို့ ကြီးကြီးကျယ်ကျယ်လုပ်တာ။ ဖြစ်ချင်တော့ ဘုရားပွဲရာသီက မြို့ဇာတ်တွေ ခေါင်းကွဲတဲ့ရာသီ၊ ပွဲက ဘယ်လိုမှ ငှားလို့မရဘူး။ ဒါနဲ့ပဲ နည်းနည်းလည်လည်ပတ်ပတ်ရှိတဲ့ အီးတီကို မြို့ဇာတ်ငှားဖို့ လွှတ်လိုက်တယ်။

ဘာကြာလို့လဲ။

သုံးရက်ပဲ။

အီးတီ ဇာတ်အဖွဲ့ကားကြီးနဲ့ ခန့်ခန့်ကြီး ပြန်ရောက်လာတယ်။ စုံစမ်းကြည့် လိုက်တော့ ဘယ်ဟုတ်မလဲ။ အီးတီက ဇာတ်ခေါင်းကွဲနေတဲ့ ဇာတ်သားတွေကို တွေ့ကရာ စုစပ်ပြီး ခေါ်လာတာကိုး။ ဘာပဲဖြစ်ဖြစ် ရွာက လူတွေက ဇာတ်အဖွဲ့ရောက်လာပြီဆိုတော့ ပျော်တာပေါ့နော့။ ပွဲမကြည့်ရတာ ကြာပြီကိုး။ ပွဲရက် တစ်ပတ် လောက်လိုသေးတော့ ဇာတ်အဖွဲ့က လူတွေ ဒီလိုပဲ ရွာထဲနေ၊ ရွာထဲ ချက်ကျွေးတာစားနဲ့ အဆင်ကို ပြေနေတာ။ ရွာက ခွက်ပုန်းဆိုင်မှာဆို မင်းသားကြီးကအစ လူကြမ်း၊ လူရွှင်တော်၊ ဆိုင်းသမားအားလုံး တစ်သီမှ တစ်သီ ကြီး။ မင်းသမီးတွေကလည်း ရွာသားတွေနဲ့ ညားမလို၊ ခိုးမလိုတွေ ဖြစ်နေပြီ။ ရွာသားတချို့လည်း ဘလတ်တွေနဲ့ ပေါင်းပြီး ဘလတ်အထာတွေ စွတ်စက်စိမ့်ဝင်နေပြီ။ ဒါနဲ့ ဆရာတော်ဘုရားကပဲ မဖြစ်ချေဘူး ဆိုပြီး သူ့အသက်ကို နှစ်ရက်တိတိ အကြီးခံပြီး မွေးနေ့ကို နှစ်ရက်စောပြီး ကျင်းပလိုက်ရတယ်။

အဲ ဒီတော့မှ ရောက်နေတဲ့ ဇာတ်အဖွဲ့က ဖုတ်ပူမီးတိုက် ဇာတ်တိုက်တော့တာကိုး။ ဇာတ်ဆရာ ကတော့ သိတယ် မဟုတ်လား။ လူငယ်ဒါရိုက်တာ ဓာတ်ပုံ အီးတီ (တံခွန်တိုင်)လေ …။ ဇာတ်တိုက်တယ်ဆိုတာကလည်း ဟိုက ရွာရိုးကိုးပေါက် စုံအောင်ကနေတဲ့ ဇာတ်သမားတွေလေ။မင်းက ဒါပြော၊ မင်းက ဒါပြောဆို ပြီးပြီ။ အမူအရာကို သင်စရာမလိုဘူး။ နောက် ဇာတ်လမ်းကို အပြည့်တိုက်တာ မဟုတ်ဘူး။ တစ်ဝက်ပဲ။

အီးတီကို မေးကြည့်တော့ …

““လာမယ်လေ … ဒါလျှို့ဝှက်ချက်။ အခု တိုက်ထားတာ မြင်သွားရင် ဇာတ်လမ်းပေါ့သွားမှာစိုးလို့ …”” တဲ့။ သူ့ဇာတ် ဘာဆက်ဖြစ်မယ်မှန်း ကရမယ့် ဇာတ်သူဇာတ်သားတွေတောင် မသိဘူး …။

ဒီလိုနဲ့ ဇာတ်ကရမယ့်နေ့ ရောက်လာတယ်ဆိုပါတော့။

ပထမပိုင်း သမားစဉ်အရ ဘုရားရှိခိုးတာ၊ အပျိုတော်တွေ ထွက်တာ၊ စတိတ်ရှိုးဆိုတာ စသည်ဖြင့် ရိုးရိုးလေးပါပဲ။

နောက် ညကျတော့ အိမ်က ပေးမသွားလို့ ကျုပ်တို့ ပွဲမသွားလိုက်ရဘူး။ ဒါနဲ့ ပွဲသွားကြည့်တဲ့ လူတွေကို အဲဒီည ပြဇာတ် ဘယ်လိုနေသလဲဆိုတော့ … ““မနေ့ညကထက်တောင် နှစ်ချက်ပိုပစ်သေးတယ် …”” တဲ့။

တောက် … မကြည့်ရတာ လွှတ်နာတယ်။

ထားပါဦး … ပြဇာတ်။

ပြီးတော့ နှစ်ပါး။ အများရွှင်တဲ့ နှစ်ပါးခွင်ပေါ့ဗျာ။ မင်းသားကတော့။ အင်း … မင်းသားကတော့ …။ မင်းသားဆိုတာ အဲ … နာမည်တော့ မပြောတော့ပါဘူး။ နှစ်ပါးခွင် စထွက်ကတည်းက ထိုးလိုက်တဲ့ ကျွမ်း၊ မျောက်ရှုံးတယ်ဗျာ၊ သေတ်္တာပေါ်ထိုးပြီး တိုင်ကီထဲထိုး၊ ကလပ်ပေါ်တက်ထိုးနဲ့ မျက်စိကို နောက်ရော။ဆိုတဲ့ သီချင်းကလည်း တစ်ပိုဒ်တည်း …။ နွေမိန်တပေါင်းလေ …။

သီချင်းစတာနဲ့ …

““နွေမိန်တပေါင်း ဟောင်းဟောင်း … နေရှိန်ပြောင်း ဟောင်းဟောင်း … ရွက်ဟောင်းကြွေကျ မြေခ ရပြီလေ …”” ဆိုပြီးတာနဲ့ ခါးတောင်းကျိုက်ပြီး ကျွမ်းထိုးတော့တာပဲ …။

တစ်ခါပြီးတာနဲ့ မင်းသားက …

““ဒါလေးက တစ်မျိုး … ကဲ … နောက်တစ်မျိုး ထပ်ကြည်မယ် ရွာစားရေ …””

““နွေမိန်တပေါင်း ဟောင်းဟောင်း …””

ဆိုတာနဲ့ မင်းသား နောက်တစ်မျိုး ကျွမ်းထိုးပြတော့တာပဲ။ ဘာပဲ က,က သူ့ပါးစပ်ပုပ်ကြီးက ““နွေမိန်တပေါင်း ဟောင်းဟောင်း …””ပဲ … မပိုဘူး …။ ကြာတော့ … ကြည့်တဲ့လူတွေတောင် မျက်စိတွေ နောက်ကုန်တယ်။ ပရိသတ်အားလုံး ပွစိပွစိ ဖြစ်ကုန်ကြတယ်။ ဟုတ်တယ်လေ၊ ပွဲကြည့်ပါတယ်ဆိုမှ မျောက်ပွဲကြည့်ရသလိုလို ဖြစ်နေတာ။ အောင်မာ … သကြားလုံးတွေ ပစ်တင်ရင် ပိုထိုးသေးသဗျ။ သူ့ ကိုယ်သူများ တကယ့်တရားဝင်မျောက် ထင်နေလား မသိဘူး။

ဒါနဲ့ပဲ ကြည့်နေတဲ့လူတွေက …

““ဘာတွေ လုပ်ပြနေလဲမသိဘူး …၊ မျက်စိကို နောက်နေတာ …””

““အေးလေ … အင်မတန်နန့်တဲ့ မျောက်တောင် ဒီလောက် မကမြင်းဘူးထင်တယ် … မျောက်မိန်းမရွှင် ကျနေတာပဲ … ကမြင်းချက်ကတော့ …”” စသည်ဖြင့် အသံတွေ ထွက်လာတယ်။ ဒါကို ရွာလယ်က ဒေါ်မြတင်ကြီးက …

““အိုအေ … နင်တို့က အဲဒီလို မပြောပါနဲ့ … ခြုံကြည့်ရင်ကောင်းပါတယ် …””ဆိုပြီး ထပြောတယ်။

သူ့ကို ကြည့်တော့ မုဒုံစောင်ကြီး ခြုံလို့ …။ ဘာမှလည်း မကြည့်ဘူး၊ ပွဲခင်းထဲ လာအိပ်နေတာ။ လူစည်လို့တဲ့လေ။ အားလုံး ဝါးကနဲ ပွဲကျသွား တော့တယ်။ ထားပါတော့၊ နောက်ပိုင်း ဇာတ်တော်ကြီးအကြောင်း ဆက်မပြောတော့ပါဘူး။ အော်ပရာနဲ့ ပြဇာတ် မှာတောင် ဒီလောက် ဆိုးနေရင် နောက်ပိုင်းအကြောင်း ဆက်ပြောရင် မျက်ရည်ပါကျသွားမယ်။ လူငယ် ဒါရိုက်တာ ဓါတ်ပုံအီးတီ (တံခွန်တိုင်) ဦးစီးတာကိုး …။ ထားပါတော့ … အဲလိုနဲ့ ခနော်နီခနော်နဲ့နဲ့ပဲ ပြီးသွားရောဆိုပါတော့ …။ လူငယ်ဒါရိုက်တာ ဓါတ်ပုံအီးတီ (တံခွန်တိုင်)လည်း ဘယ်လောက်တောင် နာမည်ကြီးသွားသလဲဆိုရင် အင်မတန်မှ ဒေါသကင်းတယ်ဆိုတဲ့ ရွာကျောင်းက ဆရာတော်တောင် သူ့ကို နှစ်ပတ်လောက် စကားမပြောတော့ဘူးလေ … ဘုန်းကြီးကို အချဉ်ဖမ်းလို့ဆိုပဲ …။

အီး တီဆေးအကြောင်းပဲ ဆက်ပြောရအောင် …။ အီးတီက ဆေးစီးတယ် ပြောကြသဗျ။ နောက် … သူက တိကျသဗျ။ နေမကောင်းလို့ သူ့ဆီ သွားရင် …

““ဘာဖြစ်လဲပြော …””

““နေမကောင်းတာပါ …””

““ခေါင်းရော ကိုက်သေးလား””

““အင်း … နည်းနည်းတော့ကိုက်သလိုပဲ …””

““ဗိုက်ရော အောင့်သေးလား””

မကြည့်ဘူးနော် …။ လူကို လုံးဝမကြည့်တာ။ လူမကြည့်လို့ ဆေးဘူးတွေ ကြည့်နေလား ဆိုတော့ မဟုတ်ပြန်ဘူး။ ဆေးဘူးတွေလည်း သူလက်လှမ်းမီရာ ပေးတာပဲ …။ ဆေးတစ်ဆယ်ဖိုးလောက်ဝယ်ရင် ဆယ့်ငါးလုံးလောက်ရတယ်။ အရောင်စုံ၊ အရသာစုံ၊ ကြယ်ပုံလည်း ပါသေးတယ်။ တြိဂံလည်းပါတယ်။ လေးထောင့်လည်းပါတယ်။ အဝိုင်းလည်းပါတယ်။ ပန်းရောင်၊ အပြာနုရောင်၊ ခရမ်းရောင်စသည်ဖြင့် အရောင်စုံပဲ …။