တောသားကြီး

သောက်ထည့်လိုက် ပျောက်ပြီ …။

ဘယ်လောက်ထိ ပျောက်သလဲဆိုရင် …

““ကိုကြီးတင်အောင်လေ၊ မနက်က အကောင်းကြီးဗျ …။ နေ့ခင်းကျတော့ ခေါင်းနည်းနည်းကိုက်လို့ အီးတီဆေးဆိုင်မှာ ဆေးတောင် ဝယ်သောက်သေး။ ညလည်းကျရော ကောက်ကာငင်ကာဆုံးရော …””

အဲလိုကို ပျောက်တာ။ ဘာနဲ့ဆုံးလို့ ဆုံးမှန်းကို မသာကိုယ်တိုင်မသိအောင် ပျောက်တာ။

““ဟယ် … မယ်မြတစ်ယောက်တော် … ထမင်းစားရင်း ဗိုက်ကလေးနည်းနည်း အောင့်လာလို့တဲ့ … အဲဒါ အီးတီဆီ သွားတာ …။ အီးတီက တစ်ခါတည်းပြီးအောင် ဆေးစပ်ပေးရှာသား … အီးတီ ကယ်တာတောင် မရဘူး။ ဆေးသောက်ပြီး ခဏနေတော့ … ဒီကောင်မ ဘာမပြော ညာမပြောနဲ့ ကောက်မျက်ဖြူလန်ပြီးဆုံးတာပဲ …””

အတော်များများကတော့ ရောဂါ တကယ်ကောင်းသွားကြသဗျ။ ဘာလို့လဲဆို ကျုပ်တို့ ကြည့်ပါလား။ အဲဒီတုန်းက တစ်ခါတစ်လေ မုန့်ဖိုးတစ်ဆယ်လောက်ရရင် မုန့်ဝယ်မစားဘူး …။ အီးတီဆေးဝယ်စားတာ …။ သူက ဆေးပေးတာ များလို့ …။ သူမေးရင် ကိုယ်ဖြေလိုက်ရုံပဲ …။

““ခေါင်းကိုက်လား””

““အင်း … ကိုက်သလိုလိုပဲ …””

““ဗိုက်ရော …””

““အင်း … အောင့်သလိုလိုပဲ … ဟို … ခြေဆစ်ပါ နာနေတယ် …””

ရောဂါသုံးမျိုးလောက် ပြောလိုက်၊ ဆေးရောင်စုံ ဆယ့်ငါးလုံးလောက်ရတယ်။ ဒါ … ညမနက် နှစ်ရက်စာနော်။ အလုံးသုံးဆယ် မလျော့ဘူး။ စားပေလေ့ တစ်နေကုန်။ ခါးတာလည်းပါတယ်။ ချဉ်တာလည်း ပါတယ်။ ချိုတာလည်းပါတယ်။ အရသာကို စုံရော။ တစ်ခါတလေ လျက်ဆားပါ ရောပေးသေးတာ။ ဒါကြောင့် ကျုပ်တို့ ခုချိန်ထိ ကျန်းမာနေတာကြည့်။ ကျုပ်တို့ သူ့ဆေးကို မစားဘူးဆိုရင်တောင် နှစ်ပြည်လောက် စားဖူးတယ်။ အီးတီဆရာ တန်ခိုးနဲ့ ရတနာဆေးမိုး ရွာသွန်းဖြိုးထားတာ။ နောက်ပြီး အီးတီက ကျူရှင်လည်းပြသဗျ။ သူက ကျန်တဲ့အချိန်တွေဆို ဆေးဆရာပဲ။ အဲ မှတ်ပုံတင် လုပ်ချိန်တို့ လိုင်စင်လျှောက်ချိန်တို့ဆိုရင် ဓါတ်ပုံဆရာ။ ဓါတ်ပုံကလည်း ထူးချွန်တယ် ပြောရမယ်။ ပတ်(စ်)ပို့ ရိုက်တာကို ခေါင်းမပါတာနဲ့ ဘာနဲ့။ စာမေးပွဲနီးရင် ဆေးဆရာ ဓါတ်ပုံဆရာတစ်ဖြစ်လဲ ကျူရှင်ဆရာ ဖြစ်သွားရော။ထား ဦးတော့ …။

ကျွန်တော်တို့ ရွာက ပြောင်းခါနီးမှ ရွာဘုရားပွဲနဲ့ တစ်ခါထပ်ပြီး ကြုံတော့တာကိုးဗျ။ ဒီနှစ်ကျမှ ထူးထူးခြားခြား မြို့ဇာတ် မငှားတော့ဘဲ ဦးရေပြား၊ ဦးဆယ်ပြား၊ အီးတီတို့ ဦးစီးပြီး ရွာဇာတ် ကကြမှာတဲ့ …။ အီးတီအပြောကတော့ ပြီးခဲ့တဲ့နှစ်က အတွေ့အကြုံအရ …. ပင်ပန်းတော့ ကိုယ် … နာမည်ကြီးတော့ သူတို့ … အဖြစ်မခံနိုင်ဘူးတဲ့။ ကိုယ့်ဘာသာကိုယ်ကပြီး ကိုယ့်ဘာသာကိုယ် နာမည်ယူတော့မယ် ဆိုကိုးဗျ …။ တစ်ရွာလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြတယ် …။ ကမှာကလည်း ကြည့်ဦး …။ စတိတ်ရှိုးနဲ့ ပြဇာတ် နှစ်ခုထဲကမှာ။ စတိတ်ရှိုးကလည်း ထူးဆန်းတယ်။ ဘာတီးဝိုင်းမှ မငှားဘဲ ဦးဇော်ဝင်း(““ဝိတ်””ဆံသ)က မယ်ဒိုလင် တီးပြီး ဆိုချင်သူတွေဆို … ပြီးပြီ။ ဘာဒရမ်၊ ဂစ်တာမှ မပါဘူး။ အေးရော …။

ပြဇာတ်ကလည်း သူတို့ဖာသာသူတို့ ရေးထားတဲ့ တော်လှန်ရေးဇာတ်။ စကားပြောမယ်။ သေနတ် ပစ်မယ်။ ဇာတ်ပို့တေးဂီတကို စပီကာနဲ့ ကက်ဆက်နဲ့ ဖွင့်ပေးမယ် …။ ဒါပဲ …။ ထူးခြားတာက ဒီပွဲမှာ ပါဝင်ကပြ အသုံးတော်ခံသူတွေကသာ ဇာတ်ပွဲအတွက် ကုန်ကျငွေစိုက်ရမယ် ဆိုတာပဲ။ ရွာကလည်း သဘောကျကြတယ်။ ဘယ်သူ့မှ ပိုက်ဆံမထည့်ရဘဲ ပွဲကြည့်ရမယ်ဆိုတာ ကောင်းကောင်း မကောင်းကောင်းလေ … ကြည့်ကြမှာပဲ …။ အဓိက ပွဲဖြစ်သွားဖို့ အဓိက မဟုတ်လား။ ဒီလိုနဲ့ ပြဇာတ်တွေ တိုက်ကြတာပေါ့။

သီချင်းကတော့ ထွေထွေထူးထူး ကျင့်နေစရာမလိုပါဘူး။ ညနေတိုင်း ဇော် ““ဝိတ်””ဆံသရှေ့ ဆိုနေကျမဟုတ်လား …။ ပြဇာတ်ကိုသာ အဓိကထား တိုက်ကြရတာ။ ပြဇာတ်က မကဖူးသူတွေလည်း ပါတာကိုး …။ ပြဇာတ်မှာ ပါဝင်သူတွေကတော့ ပိုးမသေးတဲ့ အဖိုးလေးတွေချည်းပဲ …။ ပြဇာတ်မင်းသားကတော့ င်္ဦးဇော်ဝိတ် …။ သူက ဗလရှိသူ မဟုတ်လား။ သူနဲ့ ပြိုင်ဖက်က ရွာလူမိုက် ဦးဆယ်ပြား …။ ပြဇာတ် မင်းသမီးက ဦးဆယ်ပြားကတော် ဒေါ်သန်းရီ …။ သူက ဇာတ်ကဖူးသူ မဟုတ်လား။ ကျန်တဲ့ ဦးရေပြားတို့ အီးတီတို့ကဝိုင်းမယ်။ အားလုံး အဆင်ပြေနေပြီ …။

ခက်နေတာက သူတို့အဖွဲ့ထဲမှာ ဒေါ်မြတင်ကြီး ပါနေတာပဲ။ သူက ငွေအများဆုံးစိုက်ထားတော့ သူ့ကို မသုံးလို့မရဘူး ဖြစ်နေတယ်။ ဒေါ်မြတင်ဆိုတာကလည်း ပွဲကဖို့ မပြောနဲ့၊ မြို့ဇာတ်တွေ ရွာလာကရင်တောင် ပွဲခင်းထဲ လူစည်လို့ လာအိပ်နေတယ်ဆိုတဲ့လူမျိုး …။ ဘာပွဲမှလည်း မကြည့်ဖူးတဲ့အပြင် အနုပညာနဲ့ ပတ်သက်ပြီး ဘာဗဟုသုတမှ မရှိဘူး။ အဆိုးဆုံးက စကားကိုတောင် ရေရေလည်လည် မပြောတတ်တာပဲ။ ဒီအတိုင်း စကားပြောနေရင်တောင် သူမသိတဲ့ စကားလုံးဆို ဟိုသင်း ဟိုသင်း ထည့်ထည့်ပြောနေတဲ့ဟာကို …။ အဲဒါနဲ့ အားလုံးညှိပြီး ဒေါ်မြတင်ကို ပြဇာတ်ထဲတစ်ခန်း ထည့်ပေးမယ်။ နောက်ပြီး ဇာတ်ပွဲ တစ်ပွဲလုံးရဲ့ အနောင်စာ(အစီအစဉ်ကြေညာသူ) ပေးလုပ်မယ်ပေါ့။ (ဒေါ်မြတင်က သီချင်းဆိုမယ်ချည်း လုပ်နေတာကိုး …။) ဒီလိုနဲ့ အားလုံး အဆင်ပြေသွားကြတယ်။ ဇာတ်ပွဲစမယ့်နေ့အထိပေါ့။ ပွဲ ဆိုမှ ပွဲပါဗျာ …။

စင်က တိုင်ကီလေးလုံးပေါ် သစ်သားတွေတင်ပြီး ဆောက်ထားတာ။ လိုက်ကာတွေ မရှိလို့ ရွာကျောင်း ဆရာတော်ကို လျှောက်ပြီး လိုက်ကာလုပ်ထားရတယ်။ ဘာစပေါ့လိုက်မှ မပါဘူး။ မီးချောင်းတွေ၊ မီးလုံးတွေ ဒီအတိုင်းတပ်ပြီး ပလပ်ခုံမှာ အဖွင့်အပိတ်လုပ်ကြမှာ …။ မှိန်ချင်ရင် ခလုပ်ပိတ်၊ လင်းချင်ရင် ခလုပ်ဖွင့် …။ ဒါပဲ…။ ဇာတ်က မပြည့်စုံတဲ့အပြင် ဇာတ်ထဲမှာပါတဲ့ ဦးရေပြားနဲ့ ဦးဆယ်ပြားတို့က ပြဿနာ တက်နေ သေးတယ် …။ပြဿနာအရင်းအမြစ်က ဘယ်သူပိုပြီး သီချင်းဆိုကောင်းသလဲဆိုတာက စပြီး မာနပြိုင်ကြတော့တာ ပါပဲ …။

““မင်းက … သီချင်းကို ဘယ်လောက်ဆိုတတ်လို့လဲ …””

““မင်းကရော …သီချင်းကို ဘယ်လောက်ဆိုနိုင်လို့လဲ …”” စသည့်ဖြင့် ငြင်းရာကနေ …

““သတိ်္တရှိရင် မိုက်ခွက်မကိုင်ကြေး အဆိုပြိုင်ကြမလား …””ဆိုပြီး ဖြစ်လာရော …။ ဟုတ်တယ်လေ၊ မိုက်ခွက်ကို လက်နဲ့မကိုင်ကြေး လောင်းကြတာပေါ့။

““စိန်လိုက်လေ …၊ မိုက်ခွက်မကိုင်ဘဲ မင်းဘယ်လောက် အသံနိုင်လဲ။ ငါဘယ်လောက် အသံနိုင်လဲ စမ်းကြတာပေါ့””ဆိုပြီး သဘောတူလိုက်ကြတယ်။ လောင်းကြေးက ချက်အရက်ငါးလုံးကြေး …။ ဒိုင်လူကြီးက ဦးကျဲ …။ အေးရော…။

ပွဲမစခင်ကတည်းက လော်စပီကာသံက ဆူညံနေတယ်။ ပွဲကွက်လပ်ရဲ့ နံဘေးမှာလည်း ထုံးစံအတိုင်း ပွဲဈေးတွေနဲ့ ဘာနဲ့ သူ့ဟာသူတော့ ဟုတ်နေတာပါပဲ …။ ရွာနီးချုပ်စပ်က ပွဲငတ်သူတွေကလည်း ပွဲဆို ဘာပွဲ ဖြစ်ဖြစ် ကြည့်မယ်ဆိုပြီး ရောက်နေကြပြီ …။ ဟုတ်တယ်လေ ဘာပွဲမှမရှိရင် ကြက်ပွဲတောင် အကောင်းလုပ် ကြည့်နေတဲ့ဟာကို …။

““ပွဲစပြီ…””

ပွဲစပြီဆိုတာနဲ့ အနောင်စာ ဒေါ်မြတင်ရဲ့အသံ စကြားရပါတော့တယ်။

““ကြွရောက်လာကြတဲ့ ဟိုသင်းလာပရိသတ်ကြီးရှင့် …””

ပရိသတ်ကြီးက ဘယ်သင်းလာတယ်တော့ မသိပါဘူး။ ဒေါ်မြတင်က သူမပြောတတ်တဲ့စကားလုံးဆို သူ့ဝသီအတိုင်း ဟိုသင်း ထည့်ပြောတော့တာကိုး …။ အခုလည်း ရွှေပွဲလာကို မပြောတတ်လို့ ဟိုသင်းလာ ဆိုပြီး ပြောချလိုက်တော့ နားထောင်ရတာ တစ်မျိုးကြီး …။

““ယခုဆက်လက်ပြီး… ကျေးရွာလူအပေါင်း စုဆောင်းပါဝင်ထားတဲ့ ဟိုသင်းပဒေသာကြီး ပြတော့မှာမို့ အားလုံး နေရာယူပေးကြပါရန် ပန်ကြားအပ်ပါတယ် …””

ကြားရသူအပေါင်း ခေါင်းတွေကို ထောင်ကရော့ပဲ။ အမှန်ကတော့ ကပွဲပဒေသာဖြစ်ရမှာ။ အခုတော့ သူပြောလိုက်မှ ဘာလိုလို …။ ဒါပေမယ့် အဆင်ပြေပါတယ်။ လူတွေက သဘောပေါက်စွာနဲ့ပဲ ပွဲခင်းထဲနေရာ ယူကြတယ်။ သိပ်မကြာပါဘူး ကိုဇော်ဝိတ်ကြီး သူ့မယ်ဒိုလင်ကို သူ့ဗလကြီးနဲ့ ညှစ်ပြီးတက်လာတယ်။ ပြီးတော့ ခွေးခြေခုံအပုတစ်လုံးမှာ ထိုင်တယ်။ ဒါကို ဒေါ်မြတင်က …

““တီးဝိုင်းအဖွဲ့က ရောက်နေပါပြီ … ဆိုမယ့်သူက …””

တီးဝိုင်းအဖွဲ့လို့သာ ပြောတာပါ။ အမှန်တော့ တစ်ယောက်တည်း။

““ယခု … စတင်ဖျော်ဖြေမယ့်သူက လူငယ်ဒါရိုက်တာ ဓာတ်ပုံ အီးတီ (တံခွန်တိုင်) ဖြစ်ပါတယ် …””

အဖွင့်ဆိုရမှာဆိုတော့ မကြောင်အောင် နည်းနည်းသဘာရှိသူကို ခေါ်လိုက်တာပါ။ အီးတီ စင်ပေါ် တက်လာတယ်။ အောင်မာ … အင်္ကျီအဖြူနဲ့ ဘန်ကောက်ပုဆိုးနဲ့ ကျော့လို့ သန့်လို့ဗျ။ အမှန်တော့ အင်္ကျီအဖြူနဲ့ ဘန်ကောက်ပုဆိုးက တစ်စုံတည်းရှိတာ။ ဒါကိုမှ သီချင်းဆိုသူက ဆိုပြီးရင် တိုင်ဖုံး နောက်ကွယ်မှာ ရပ်နေတဲ့ ဘောင်းဘီတို၊ အင်္ကျီချွတ်နဲ့ နောက်ဆိုမယ့်လူကို ချွတ်ပေး။ အဲဒီလူက အင်္ကျီ အဖြူ၊ ဘန်ကောက်ပုဆိုးကိုဝတ်။ သီချင်းဆို။ ပြီးရင် ပြန်ချွတ်ခဲ့ပေး။ အဲလို အလှည့်ကျလုပ်ရမှာ။ အီးတီသာ စင်ရှေ့ထွက်သွားတာ။ တိုင်ဖုံးနောက်မှာ ဘောင်းဘီတိုနဲ့ တုန်နေတဲ့သူတွေ အများကြီး။ အောင်မာ … တန်းစီတဲ့အထဲ သူကြီးဦးရွှေနောင်တောင်ပါသဗျ။ သူလည်း သီချင်းဆိုမှာကိုး …။ အီးတီလည်း ထွက်လာရော ဒေါ်မြတင်က ဆက်လက်ကြေညာပေးတယ် …။